Pages

Saturday, August 18, 2012

KNU ၏ (၄)ခုမြောက်ဆက်ဆံရေးရုံးခွဲ မြ၀တီတွင် ဖွင့်လှစ်

 
မဲဆောက်၊ သြဂုတ် ၁၈
ကရင်အမျိုးသား အစည်းအရုံး KNU လက်အောက်ခံ တပ်မဟာ ၆ -၇ တို့နှင့်မြန်မာအစိုးရတို့အကြား ပုံမှန်ဆက်သွယ်နိုင်ရန် အတွက်ဆက်ဆံရေးရုံး တခုကို ယနေ့နံနက် ၁၀ နာရီက မြ၀တီမြို့တွင် ဖွင်လှစ်ခဲ့သည်။ အဖွင့်မိန့်ခွန်း ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့် KNU စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးမူတူး ဆေးဖိုးတို့ ကပြောကြာခဲ့ပြီး ဆက်ဆံရေးရုံးကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ဖွင့်ပွဲသို့ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်း၊ဦးခင်ရီ၊ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်း၊မွန်ပြည်နယ်ဝန်ကြီးချုပ်
ဦးအုန်းမြင့်၊အရှေ့တောင်တိုင်းတိုင်းမှူးဗိုလ်ချုပ်တင် မောင်ဝင်းတို့တက်ရောက်ခဲ့ကြပြီး KNU ဘက်မှ စစ်ဦးစီး ချုပ်နှင့်တပ်မဟာ ၆ ခရိုင်ဥက္ကဌပဒိုရွှေမောင်း၊ တပ်မဟာ ၇ တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော် နီနှင့်ခရိုင်ဥက္ကဌပဒို အောင်မော်အေးနှင့် မြိတ်ထားဝယ် ခရိုင်ဥက္ကဌပဒိုကွယ်ထူးဝင်းတို့ တက်ရောက် ခဲ့ကြသည်။ ပရိတ်သတ် ၅၀၀ ခန့်တက်ရောက်ခဲ့သည့် KNU ဆက်ဆံရေးရုံးသည် မြ၀တီမြို့အမှတ် ၃ ရပ်ကွက်သိရီမင်္ဂလာလမ်း အမှတ် ၂၀၁ တွင်တည်ရှိပြီး ယနေ့မှစတင်ကာ နှစ်ဘက် ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များကို ဆက်ဆံရေးရုံးမှတဆင့်ညှိနှိုင်းဆောင်ရွက် သွားမည်ဟု နှစ်ဘက်ခါင်းဆောင် များက ယနေ့ပြုလုပ်သည့် ဖွင့်ပွဲတွင်ပြောကြားခဲ့ကြသည်။ နှစ်ဘက်အကြား အနီးကပ် ဆက်ဆံရန် ဖွင့်လှစ်ထားသည့် ဆက်ဆံရေးရုံးများကို နှစ်ဘက် သဘောတူညီချက်ဖြင့်မြိတ်၊ ထားဝယ်၊ ဘုရား သုံးဆူ ၊ကျောက်ကြီးမြို့နယ်တို့တွင် ဖွင့်လှစ်ထားပြီး ယနေ့မြ၀တီတွင်ဖွင့်လှစ်သည့်ရုံးသည် စတုထ္တမြောက် ရုံးဖြစ်သည်။
ရဲရင့်မောင်

KIA နှင့် အစိုးရတပ် တိုက်ပွဲများ နှစ်ဖက် အကျအဆုံးရှိ

ထိုးစစ်ဆင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသော ကချင်ပြည်နယ်တွင် အစိုးရတပ်နှင့် ကချင်လွတ်မြောက် ရေးတပ်ဖွဲ့ KIA ကြား ယမန်နေ့ သြဂုတ် ၁၅ ရက်တွင် အနည်းဆုံး ၃ နေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။
သြဂုတ် ၁၀ ရက်နေ့ ကျရောက်သော ကေအိုင်အို အာဇာနည်နေ့ကို ဖါးကန့်တွင် ကျင်းပနေပုံ။
သြဂုတ် ၁၀ ရက်နေ့ ကျရောက်သော ကေအိုင်အို အာဇာနည်နေ့ကို ဖါးကန့်တွင် ကျင်းပနေပုံ။

KIA တပ်မဟာ (၄) နယ်မြေ ရှမ်းပြည်မြောက်ပိုင်း မုန်းလုံ (Mung Lung) ဒေသရှိ နားခါး (Na Hka)နှင့် တောဂွတ် (Taw Guk) ကြားတွင် မြန်မာအစိုးရတပ် ခလရ (၉၅)နှင့် တပ်မ (၈၈) တပ်ပေါင်းစု စစ်အင်အား ၇၀ ကျော်နှင့် KIA တပ်ရင်း (၃၄) တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရသူများရှိသော်လည်း အတိအကျမသိရသေးကြောင်း ရှေ့တန်းသတင်းမှသိရသည်။

ယမန်နေ့ KIA တပ်မဟာ (၅) နယ်မြေတွင်လည်း  ဒွမ်ဘန်ဘွမ် (Dumbang Bum) မှ နမ်ဆန်ယန် (Namsan Yang) စရဖ ရုံးဘက်ရောက်ရှိလာသော မြန်မာအစိုးရတပ် ခမရ (၃၉၀) စစ်အင်အား (၁၀၀)ကျော်နှင့် ပေါ်ဆဲ (Pau Se) အနီးတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှု မသိရသေးကြောင်း လိုင်ဇာ ဗဟိုဌာနချုပ်မှ အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့ချိန်တွင်း ဒွမ်ဘန်ဘွမ် (Dumbang Bum)နှင့် လိုင်လွမ်အောင်ဂျာ (Lailum Awng Ja) အစိုးရစစ်တပ်မှ (၈၁ မမ) လက်နက်ကြီးများနှင့် နမ်ဆန်ယန် (Namsan Yang) ဖက်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဂန်ဒေါင်ယန် (Gangdau Yang) အစိုးရတပ်စခန်းမှလည်း (၁၀၅ မမ) လက်နက်ကြီးများနှင့် (၁၇) ကြိမ်ပစ်ခတ်ခဲ့သည်ဟု KIA သတင်းစဉ်အရသိရသည်။

အစိုးရနှင့်တိုက်ပွဲများသည် ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ပြီး သြဂုတ် ၁၃ ရက်နေ့ KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၈)နှင့် အစိုးရတပ်ပေါင်းစုများ မဂွေဘော်ဘွမ် (Magwibaw Bum) တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် KIA တပ်ကြပ်ကြီးတဦး ကျဆုံးပြီး တပ်သား တဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မဟာ (၄) အရာရှိပြောသည်။

ပြီးခဲ့သည့်အပတ် သြဂုတ် ၈ ရက်နေ့ နံနက်ပိုင်းတွင် KIA တပ်ရင်း (၈) ဒေသ မုန်းမောပါ-မန်ဟိုင်းဈေးတွင် မြန်မာအစိုးရတပ် ခမရ (၃၂၄) တပ်မှ တပ်သား ၇ ဦးသည် ဈေးဝယ်နေချိန် KIA တပ်သား ၆ ဦး အရပ်ဝတ်စုံဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့မှုဖြစ်ပွားခဲ့ပြီး KIA ၁ ဦး ကျဆုံး၍ အစိုးရ တပ်သား ၄ ဦးသေဆုံးကာ ၁ ဦးဒဏ်ရရှိကြောင်း အရာရှိတဦးပြောသည်။

ဤသို့ဖြစ်ပွားခဲ့ပြီးနောက် ၎င်း KIA တပ်မဟာ (၄)အောက် တပ်ရင်း (၈) နေရာတွင် မြန်မာအစိုးရ စစ်အင်အား ၃၀၀ ကျော် အင်အားထပ်မံတိုးချဲ့ထားကြောင်းသိရသည်။

ထို့ပြင် အစိုးရတပ် အင်အားတိုးချဲ့မှုများသည် တပ်မဟာ (၄) အောက် တပ်ရင်း (၃၄) မုန်မစ် (မိုးမိတ်) ဒေသတွင် မြန်မာအစိုးရတပ်ရင်း (၁၀)ခုမှ စစ်အင်အားအမြောက်အများ တိုးချဲ့ထားကြောင်းသိရသည်။ မုန်တုံ (Man Dung) ဒေသတွင်လည်း ခလရ (၉၅၊ ၁၁၆၊ ၁၃၀၊ ၁၁၄)၊ ခမရ (၅၀၁၊ ၅၀၂၊ ၅၀၃) နှင့် တပ်မ (၄၄၊ ၈၈) တပ်များ ထားရှိကြောင်းသိရသည်။

KIA တပ်မဟာ (၄) အောက် တပ်ရင်း (၂) ဒေသ ယိန်းမော (Ying Maw)၊ ဘာဖန် (Ba Hpang) လွယ်တောင်း (Loi Tawng)၊ လွယ်ဝေါန့် (Loi Wawng)၊ ရှိန်ဗွေ (Shing Bwi)၊ မန်ဂန် (Man Gang) တွင်လည်း  မြန်မာအစိုးရ စစ်အင်အား ခလရ (၂၄၁၊ ၂၄၂၊ ၂၉၀၊ ၁၂၈၊ ၁၂၉) တပ်များ အင်အား ၃၀၀ ကျော်တိုးချဲ့ ထားကြောင်း တပ်မဟာ (၄) အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

ယခု ချိန်မြန်မာအစိုးရတပ်သည် ကချင်လွတ်မြောက်ရးတပ်ဖွဲ့ KIA တပ်ချထားသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ဖက်တွင် အဓိက စစ်မျက်နှာ (၄) ဖက်ဖွင့်၍ အင်အားတိုးချဲ့ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ၄င်းတို့သည် ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ (၄)၊ ဗဟိုဌာနချုပ် လိုင်ဇာ၊ ဆဒုံးနှင့် ပန်ဝါ ဒေသများဖြစ်ကြောင်း KIA အရာရှိများပြောသည်။

မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂအမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်းခြင်းအားကန့်ကွက်



ရန်ကုန် သြဂုတ်လ ၁၈

မြန်မာနိုင်ငံအမြုတေ စာနယ်ဇင်းကောင်စီဖွဲ့စည်းခြင်းအား မြန်မာနိုင်ငံစာရေးဆရာများ သမဂ္ဂမှကန့်ကွက်ကြောင်း အဆိုကို သြဂုတ်လ ၁၈ရက်နေ့ နေ့လည် ၁နာရီတွင်
Home Media ၌ ကျင်းပပြုလုပ်ခဲ့သည်။
ယင်းကဲ့သို့ ကန့်ကွက်ကြောင်း အဆိုကို အချက်၃ချက်ဖြင့် ရှင်းလင်းခဲ့ သည်။မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီသည် အစိုးရမှ ဖွဲ့ စည်းပေး ထားသဖြင့် လွတ်လပ်သော အဖွဲ့ အစည်း မဟုတ်ဘဲ စာနယ်ဇင်း လောကကို ကိုယ်စားပြုခြင်းမဟုတ်ကြောင်း အစိုးရနှင့် မပတ်သတ်ဘဲလွတ်လပ်သော အသင်းဖွဲ့များ ရှိခြင်းကြောင့် ထိုအမြုတေ စာနယ်ဇင်းကောင်စီ အားကန့် ကွက်ကြောင်းနှင့် ယင်းကောင်စီ သည်အစိုးရ ကို ကိုယ်စားပြုသောကြောင့် လွတ်လပ်သော စာပေလောကကို အကျိုးပြုသော အဖွဲ့စည်း မဟုတ်ကြောင်းဆွေးနွေးခဲ့ကြသည်။

၎င်းအဆို ၃ ရပ်အား ဆရာနေ၀င်းစံ ၊ ဆရာထွန်းဝင်းငြိမ်း နှင့် ဆရာငြိမ်းသစ်တို့က အဆိုပြု ကန့်ကွက်ခဲ့ပြီး ၊ ဆရာကြည်နိုင် ၊ဆရာညီငယ်လေး ဆရာလင်းထင်နှင့် ဆရာမသက်ဝေနှင်း တို့က ထောက်ခံဆွေးနွေးခဲ့ကြသည်။

ဧရာဝတီတိုင်းအတွင်းရှိ ဘုရားနီရွာလုံးကျွတ် ရေကြီးနစ်မြုပ်

 
ဧရာဝတီတိုင်း သာပေါင်းမြို့နယ်ရှိ ဘုရားနီကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ပရဝဏ်အတွင်း သြဂုတ်လ ၁၇ ရက်နေ့က ရေကြီးလျက်ရှိသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - မျိုးသန့် - မဇ္ဈိမ)
 ဧရာဝတီတိုင်း သာပေါင်းမြို့နယ် ဘုရားနီကျေးရွာတွင် ယခုလ ၈ ရက်နေ့တည်းက ရွာလုံးကျွတ် ရေကြီးနစ်မြုပ်လျက်ရှိပြီး ဒေသခံများမှာ ကုန်းမြင့်ဒေသများရှိ ဘုန်းတော်ကြီးကျောင်း၊ ကားလမ်းနဘေးနှင့် ရထားလမ်းတာဘောင်များသို့ ပြောင်းရွှေ့ကာ ယာယီစခန်းများထိုး၍ နေထိုင်နေကြရသည်။

အိမ်ခြေ ၃၂၆ လုံး၊ လူဦးရေ ၁၄၆၆ ယောက်တို့သည် ပုသိမ်- ကြံခင်း ရထားလမ်း၊ ကျေးရွာဆေးပေးခန်းနှင့် ကုန်းမြင့်နေရာဖြစ်သည့် ဒေသအခေါ် ဘက်ဖိုးတာဘောင် တို့တွင် ကိုယ်ထူကိုယ်ထ စခန်း လေးခုဆောက်လုပ်၍
နေထိုင်နေကြရသည်။

ယင်းအပြင် ကုန်းမြင့်ဒေသများရှိ နီးစပ်ရာ ကျေးရွာများဖြစ်သည့် သပြေကျွန်းရွာ၊ ဒါးကရွာ၊ မန္တလေးကုန်းရွာများရှိ
ဆွေမျိုးများထံသို့လည်း ရွှေ့ပြောင်းနေထိုင်နေကြရသည်။

"သူပြောင်းချင်တဲ့နေရာ ပြောင်း၊ ကိုယ်ပြောင်းချင်တဲ့နေရာကို ပြောင်းပေါ့။ ကားလမ်းဘေး ရေလွတ်ရာမှာလည်း တဲလေးတွေ ထိုးပြီးတော့ နေကြရပါတယ်။ သူတို့ကလည်း နေလို့ရသလောက် ကပ်နေကြတယ်။ အခု ပြောင်းတာ
က မလွဲသာလို့ ပြောင်းရတာ။ အဲဒီအခြေအနေကျမှ ပြောင်းကြတာ။" ဟု ဘုရားနီး ကျေးရွာ စာရေးဖြစ်သူ ဦးမြစိုးက မဇ္ဈိမကို ပြောသည်။

မြေပြင်မှ အိမ်ခေါင်မိုးအထိ ပေ ၂၀ အမြင့်ရှိသည့် အိမ်များမှာ အိမ်ခေါင်မိုးသာ မြင်ရတော့ပြီး ယခု ရေကြီးမှုသည် ရှစ်နှစ်အတွင်း အကြီးမားဆုံးရေကြီးမှုဖြစ်သည်ဟုလည်း ရွာလူကြီးတဦးဖြစ်သူ အသက် ၅၅ နှစ်အရွယ် ဦးမောင်မြင့်
က ပြောသည်။

"ဒီလိုမျိုးကြီးတဲ့ရေ ၂၀၀၄ ခုနှစ်ပဲ ကြုံဖူးပါတယ်။ အဲဒီတုန်းက ဒီထက် နည်းနည်းပိုတယ်  အဲဒီတုန်းကလည်း အခုလိုပဲ နေခဲ့ရပါတယ်။" ဟု ဘုန်းတော်ကြီးကျောင်း ယာယီတည်းခိုစခန်းတွင် ရောက်ရှိနေသူ ဦးမြစိုးက ပြော
သည်။

ဒေသခံများမှာ လုံလောက်သည့် အကူအညီမရဘဲဖြစ်နေပြီး စားစရာ ဆန် အခက်အခဲဖြစ်နေသည်။ ဘုန်းတော်ကြီး
လေးပါးကျောင်းထိုင်သည့် ထိုရွာတွင် ဘုန်းကြီးများအတွက် ဆွမ်းအခက်အခဲပင် ဖြစ်ခဲ့သည်ဟု ဦးမြစိုးက ပြော
သည်။

"အဲဒီလိုဖြစ်နေတော့ အင်္ဂလိပ်လို ၆ ရက်နေ့က ဘုန်းကြီးတွေ ဆန်ပြုတ်ပြုတ်သောက်ရတဲ့ အနေအထားမျိုး
ရောက်ခဲ့တယ်။" ဟု ဦးမြစိုးက မဇ္ဈိမကို ပြောသည်။

အကူအညီများကို ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ယခုလ ၉ ရက်နေ့နှင့် ၁၂ ရက်နေ့များတွင် ဘုန်းတော်ကြီး
ကျောင်းနှင့် ယာယီဆေးပေးခန်းရှိ အိမ်ထောင်စု ၁၅၈ စုအတွက် ဆန်တပြည်စီနှင့် ယမ်ယမ် ခေါက်ဆွဲခြောက်
နှစ်ထုပ်စီသာ ပံ့ပိုးပေးနိုင်ခဲ့သည်။ သာပေါင်းမြို့နယ်တရားသူကြီး ဒေါ်စမ်းစမ်းဝင်းမှလည်း ယခုလ ၁၆ ရက်နေ့တွင် အိမ်ထောင်စု ၈၆ စုအတွက် ဆန်တပြည်ကျစီ ပံ့ပိုးပေးခဲ့သည်။

ဒေသခံများအတွက် စားစရာ ဆန်အခက်အခဲအပြင် ချက်ပြုတ်ရာတွင် သုံးသည့် ထင်းမှာလည်း ရေကြီးနေခြင်း
ကြောင့် ရှားပါးနေသည့် ပြဿနာ ရှိနေသည်ဟု ရွာလူကြီးဖြစ်သူ ဦးမောင်မြင့်က ပြောသည်။

"အခုကတော့ အိမ်က ဝါးတွေချိုးပြီး မီးကင် ကြပ်တိုက်ပြီးတော့ အခြောက်ခံပြီး ချက်ရပါတယ်။ ညက ၁၁ နာရီလောက်မှ ချက်စားရတဲ့လူတွေလည်း ရှိပါတယ်။ အဲဒါ ဘာဖြစ်လို့လဲဆိုတော့ ထင်းမရှိလို့။" ဟု မဇ္ဈိမကိုပြော
သည်။

သာပေါင်းမြို့နယ်အတွင်းရှိ နွယ်နီချောင်း၊ အုတ်ရှစ်၊ လင်းတကျ၊ အလယ်ကျွန်း၊ လှေကြီးပျက်၊ ကြက်သွန်ကွင်း၊ သမင်ကုန်း၊ စစ်ပင်ကြီး၊ ကညင်ပင်၊ မကျည်းကုန်း၊ ရေလဲကြီး၊ သပြေကျွန်း၊ တကူပုံ စသည့်ရွာပေါင်း ၄၀ ကျော်
သည်လည်း ယခုလ ၈ ရက်နေ့ကတည်းက ရေကြီးနစ်မြုပ်လျက်ရှိသည်။

ဧရာဝတီတိုင်းအတွင်း ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ပန်းတနော်၊ ပုသိမ်မြို့နယ်များတွင်လည်း
ရေကြီးမှုများ ဖြစ်ပေါ်လျက်ရှိသည်။

မျိုးသန့်
သာပေါင်း (မဇ္ဈိမ)



ပြည်ပမှတင်သွင်းသည့် စားအုန်းဆီများအတွင်း တိရစ္ဆာန်အသေကောင်များ တွေ့နေရ

ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် စားအုန်းဆီများတွင် မြေ၊ ကြွက်၊ ဖားကဲ့သိုသော တိရစ္ဆာန် အသေကောင်များကို တွေ့ရှိနေရကြောင်း ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“စားအုန်းဆီသိုလှောင်ကန်တွေမှာက မြွေ၊ ကြွက်၊ ဖားတွေကပေါတယ်လေ။ ဒီကောင်တွေက စားအုန်းဆီ သိုလှောင်ကန် တွေထဲမှာ သေနေတဲ့ အကောင်တွေ၊ ပြည်ပကတင်သွင်းလာတဲ့ စားအုန်းဆီတွေကို ပြည်တွင်းဈေးကွက်မှာ ပြန်ဖြန့်ဖြူးတော့ စားအုန်းဆီ ပီပါပုံးတွေကို ဆေးကြောသန့်စင်ခြင်း မရှိဘူး။ ဒီတော့ စားအုန်းဆီတွေမှာ တိရစ္ဆာန် အသေကောင်တွေ ရှိနေတာပေါ့။ ဒီစားအုန်းဆီတွေကို စားမိတဲ့ ပြည်သူတွေအတွက်ကတော့ ရင်လေးစရာ ပါပဲ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ထို့ကြောင့် နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် စားအုန်းဆီများနှင့် ပင်လယ်လမ်းမှ ဝင်ရောက်လာသည့် စားအုန်းဆီများ တင်သွင်း ဖြန့်ဖြူးရောင်းချခြင်းများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အထူးကြပ်မတ် စစ်ဆေး သွားတော့မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စားသုံးသူများ ကာကွယ်ပေးမှုဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း စီးပွား/ကူးသန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“နယ်စပ်တွေကနေ တရားမဝင် စားသုံးဆီတွေ ဝင်ရောက်လာတဲ့ကိစ္စကို စစ်ဆေးဖို့ ဆေးဝါးကွပ်ကဲမှုဌာနကို တာဝန်ပေးထားပါတယ်။ ဒါပေမယ့် လောလောလတ်လတ်မှာ သူတို့က စတင်နိုင်ခြင်းမရှိသေးတော့ ဒီကိစ္စကို စီးပွား/ကူးသန်းက ကိုင်တွယ်တော့မှာပါ။ ပြည်သူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်မည့် ဆီတွေပြည်တွင်းဈေးကွက်မှာ ဖြန့်ဖြူးရောင်းချနေတဲ့သူတွေကိုတွေ့ရင် ထိထိရောက်ရောက် အရေးယူသွားတော့မှာပါ”ပာု စီးပွား/ကူးသန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ ကျန်းမာရေးထိခိုက်စေနိုင်မည့် တရားမဝင်နှစ်ပြန်ကြော် စားသုံးဆီများကို တင်သွင်းလျက် ရှိသည့်အတွက် ဆေးဝါးကွပ်ကဲမှုဌာန(FDA)မှ ဦးဆောင်၍ မြန်မာနိုင်ငံ၏ နယ်စပ်မြို့များတွင် အစားအသောက်နှင့် ကုန်စည်များအား စစ်ဆေးရေး စခန်းများ မကြာမီကာလအတွင်း ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန(FDA)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Yangonchronicle

၈၄ လမ်းတွင် အဝေးပြေးခရီးသည်တင်ယာဉ်များ သြဂုတ် ၂၁ မှစ၍ ဖြတ်သန်းခွင့်မပြု

 
မန္တလေးမြို့တွင်း အဓိကကျသည့် လမ်းမကြီးတစ်ခုဖြစ်သော ၈၄ လမ်းတွင် ယာဉ်ကြောပိတ်ဆို့မှု များအဖြစ် များလာသည့်အတွက် သြဂုတ် ၂၁ ရက်မှစ၍ အဝေးပြေး ခရီးသည် တင်အဝေ
းပြေးယာဉ်များ ဖြတ် သန်းခွင့်မပြုတော့ကြောင်း သ တင်းရရှိသည်။
ယင်း ၈၄ လမ်းကို အသုံးပြု သည့် အဝေးပြေး ခရီးသည်တင် ယာဉ်များမှာ မန္တလေးမြို့ အောင်မြေသာစံမြို့ နယ် သီရိမန္တလာ ယာဉ်ရပ်နား စခန်းအတွင်းရှိကြသော ယာဉ်အသင်းများအနက် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းနှင့် ချင်းပြည် နယ်ဒေသများသို့ ထွက်ခွာကြ သော ယာဉ်များဖြစ်ပြီး သြဂုတ် ၂၁ ရက် နံနက် ၃ နာရီမှ စတင် ကာ ၈၄ လမ်းမအစား ၈၆ လမ်း ကို ပြောင်းလဲပြေးဆွဲရမည်ဖြစ်သည်။ အမရပူရမြို့အ၀င်တွင်မူ ပုံမှန်အတိုင်း ပြေးဆွဲရမည်ဖြစ် သည်ဟု မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီက မန္တ လေးထုတ် နေ့စဉ်သတင်းစာတွင် အသိပေးခဲ့သည်။
၈၄ လမ်းသည် မန္တလေးမြို့ မှ အမရပူရနှင့် စစ်ကိုင်းမြို့များ သို့ သွားရောက်ရာတွင်လည်း ကောင်း၊ မန္တလေးမြို့၏ အထင် ကရနေရာများဖြစ်သော မဟာမုနိ ဘုရားကြီး၊ ဈေးချိုအစရှိသည့် နေ ရာများကို သွားရောက်ရာတွင် လည်းကောင်း အဓိကအသုံးပြု သည့် လမ်းမကြီးဖြစ်သည်။ မန္တလေးမြို့တွင်းတွင် ပြေးဆွဲနေ သော ယာဉ်လိုင်းတစ်ခုမှ ယာဉ် မောင်းတစ်ဦးက ''ယာဉ်ကြောပိတ် ဆို့တာတွေက ကားတွေကြောင့်ချည်းပဲ ပြောလို့မရပါဘူး။ မြို့ပေါ် မှာ ဖွင့်ထားတဲ့ ဖုန်းဆိုင်တွေ အီလက်ထရွန်းနစ်အရောင်းဆိုင်တွေရှေ့မှာ ကားတွေဆိုင်ကယ်တွေ အချိန်အကြာကြီး ရပ်ထားလို့ အ မြဲလမ်းပိတ်တာလည်း ပါပါတယ်။ ဒါတွေကိုလည်း ကြပ်မတ်သင့်ပါ တယ်" ဟု သူ၏အမြင်ကိုပြော သည်။ အထက်ပါ အသိပေးချက်ကို လိုက်နာမှုမရှိပါက စည်ပင်သာယာဥပဒေများနှင့်အညီ ထိထိ ရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day News Journal


နိုင်ငံပိုင်သတင်းစာများ သတင်းတင်ဆက်မှု ပုံစံပြောင်းလဲတော့မည်

မြစ်မခ

နိုင်ငံပိုင်သတင်းစာများအား ပြည်သူ့ရေးရာဝန်ဆောင်မှုမီဒီယာဖြစ်စေရေးအတွက်လူပုဂ္ဂိုလ်ဗဟိုပြု
သတင်းမှ အကြောင်းအရာဗဟိုပြုသည့်စနစ်သစ်သို့ပြောင်းလဲကျင့် သုံးတော့မည် ဖြစ်သည်။ သြဂုတ်လ(၁၅)ရက်နေ့တွင်မြန်မာ့အလင်းပုံနှိပ်တိုက်အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည့်နိုင်ငံပိုင်
သတင်းစာများ အသွင်သဏ္ဍန်နှင့်အနှစ်သာရ ကောင်းမွန်ရေးနှင့်ပြည်သူ့ရေး ရာ ဝန်ဆောင်မှု မီဒီယာဖြစ်စေရေး မူဝါဒသဘောထားနှင့်လုပ်ငန်းစဉ်များအား ချပြ ဆွေးနွေးပွဲတွင်ယခုကဲ့သို့ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ ထုတ်ဝေလျက်ရှိသည့်နိုင်ငံပိုင် သတင်းစာများကို အသွင်သဏ္ဍာန်နှင့် အနှစ်သာရကောင်းမွန်ရေးနှင့်ပြည်သူ့ရေးရာဝန် ဆောင်မှုမီဒီယာ (Publish Servive Media) ဖြစ်စေရေးအတွက်လူပုဂ္ဂိုလ်ဗဟိုပြုသတင်းမှ ကြောင်းအရာဗဟိုပြုသည့် စနစ်သစ်ဖြင့်ပြောင်းလဲထုတ်ဝေမည်ဖြစ်ကြောင်း သိရသည်။ ''နိုင်ငံပိုင် သတင်းစာတွေဖြစ်တဲ့ မြန်မာ့အလင်းသတင်းစာ၊ကြေးမုံသတင်းစာနှင့် New Light of Myanmar စတာတွေကိုပြည်သူနှင့်နိုင်ငံတော်ကို အပြန်အလှန်အကျိုးပြုတဲ့ သတင်းတွေပြည်သူလူထုဘဝကို ထင်ဟပ်စေတဲ့ သတင်းတွေ ဖော်ပြနိုင်ဖို့ပါ '' ဟု အဆိုပါဆွေးနွေးပွဲတွင် ကြေးမုံသတင်း စာတည်းမှူးချုပ် ဦးခင်မောင်ကျော်ဒင်က ပြောသည်။ နိုင်ငံပိုင်သတင်းစာများတွင် ဋ္ဌာနဆိုင်ရာသတင်းများကိုလည်းပြည်သူ့အကျိုးပြု သတင်းများဖြစ်စေရန်နှင့် ယခင်အတိုင်းကြန့်ကြာမှုမရှိစေပဲ လျှင်လျှင်မြန်မြန်ထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။ လူပုဂ္ဂိုလ်ဗဟိုပြုကနေ အကြောင်းအရာဗဟိုပြုစသည့် အနှစ်သာရကို ထင်ထင် ရှားရှား ပြောင်းလဲသည့်အခါတွင် နိုင်ငံတော်အကြီးအကဲများနှင့်ပြည်ထောင်စုဝန်ကြီးများ ကလည်း လက်ခံကြသည်ဟု စာတည်းမှူးချုပ်ထံကသိရှိရသည်။ ထိုသို့ပြောင်းလဲထုတ်ဝေသည့်အခါတွင် ပြည်သူလူထုအတွက် အကျိုးပြုသည့်သတင်းများနှင့်၊ ပြည်သူလူထု စိတ်ဝင်စားသည့်သတင်းများကိုဦးစားပေးထည့်သွင်းဖော်ပြ ပေးမည်ဖြစ်ကြောင်း သိရသည်။ ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာများအနေဖြင့် ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့ မှစ၍ အယ်ဒီတာ့အာဘော်မှ စတင်ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်းပြောင်းလဲမှုအပေါ်တွင် နိုင်ငံတော်အကြီးအကဲနှင့် ပြည်သူများက
လက်ခံသည့်အတွက် အဆိုပါလမ်းစဉ်အတိုင်းဆက်လက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။ သတင်းကဏ္ဍဖွံ့ဖြိုးတိုးတတ်ရေးအတွက် ဆောင်ရွက်ရာတွင် သတင်းစာတိုက်များမှမြို့နယ်သတင်းထောက်များအား အစိုးရဝန်ထမ်းများက အကူအညီပေးစေလိုကြောင်းကိုလည်း သတင်းထောက်တစ်ဦးဖြစ်သည့် ကျော်မြင့်သန်း (လမ်းမတော်)က အကြံပြုပြောကြားခဲ့သည်။ ''အထူးသတင်းတွေနဲ့ပတ်သက်လို့ စည်ပင်နဲ့ ရဲဝန်ထမ်းတွေအနေနဲ့ အဆင်ပြေအောင်အကူအညီပေးစေလိုတယ်၊ ထူးခြားတဲ့ သတင်းတွေကိုလည်း ဘယ်ပုံစံနဲ့ပို့ရမယ်ဆိုတာအမြန်ဆုံးသတ်မှတ်ပေးစေလိုတယ်''ဟု ၄င်းက ပြောကြားခဲ့သည်။ နိုင်ငံပိုင်သတင်းစာများတွင် သတင်းဓာတ်ပုံဆု၊သတင်းအပုဒ်ရေအများဆုံးဆုနှင့် အကောင်းဆုံးသတင်းဆုများကိုလည်းပေးစေလိုကြောင်း သတင်းထောက်များက အကြံပြုသည်။ ထက်အောင်ခန့် (မြစ်မခ)

မြန်မာလေကြောင်းလိုင်းများ အမေရိကန်ထိပ်တန်းကုမ္ပဏီ GE Capital Aviation Services မှ လေယာဉ်သစ်များဝယ်ယူရေး ဆွေးနွေး

အမေရိကန် ထိပ်တန်း ကုမ္ပဏီ တစ်ခုဖြစ်သော GE Capital Aviation Services နှင့် မြန်မာ့ လေကြောင်းနှင့် MAI လေကြောင်းလိုင်းတို့သည် လေယာဉ်သစ်များ ၀ယ်ယူရေး ဆွေးနွေးခဲ့ကြောင်း အဆိုပါလေကြောင်းလိုင်းများမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယင်းသို့ဆွေးနွေးရာတွင် GE Capital Aviation Services မှ လေယာဉ်သစ်များ ၀ယ်ယူရန် အဓိက ဆွေးနွေးခဲ့သည်ဟု သိရသည်။
"အဓိကက လေယာဉ်သစ်တွေ ၀ယ်ယူဖို့ပါ။ ဒီကုမ္ပဏီက လေယာဉ် အင်ဂျင်တွေကို အဓိက တပ်ဆင်ပေးတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး  လေယာဉ်တွေကို ပြန်လည်ရောင်းချခြင်း၊ ငှားရမ်းခြင်းတွေ ပြုလုပ်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်လို့ လေယာဉ်သစ်တွေဝယ်ဖို့ ဆွေး နွေးခဲ့တာပါ" ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
GE Capital Aviation Services မှ Mr. Norman C.T.Liu, President &  CEO, Mr. Davis Settergren, Marketing Vice President, Mr. Antony Snelle man , Senior Vice President & Region Manager, Mr. Mike Jones, Executive Marketing Vice President, Mr. Kumar Menon, Project Vice President တို့နှင့်အတူ MAI လေကြောင်းလိုင်းမှ မန်နေဂျင်းဒါရိုက်တာ ဦးစည်သူ ဦးဆောင်သော စီမံအုပ်ချုပ်ရေးအဖွဲ့သည် သြဂုတ်လ ၁၄ရက်နေ့ က ရန်ကုန်မြို့၊ ဆာကူရာတာဝါတွင် တွေ့ဆုံကာ လေကြောင်းပျံသန်းရေးဆိုင်ရာ ၀န်ဆောင်မှုများအား အသေးစိတ်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
"အဓိကက MAI လေကြောင်းလိုင်းအနေနဲ့ နောက်ပိုင်းမှာ ခရီးစဉ်တွေ တိုးချဲ့ပျံသန်းဖို့ရှိတယ်။ လေယာဉ်သစ်တွေလည်း ၀ယ်ဖို့ အစီအစဉ်ရှိတဲ့အတွက် လေယာဉ်ဝယ်ယူဖို့၊ ငှားရမ်းဖို့ကို အဓိကထား ဆွေးနွေးခဲ့တာပါ" ဟု MAI လေကြောင်းလိုင်းမှ Marketing Manager မအေးမရသာက ပြော ကြားခဲ့သည်။
General Electric ကုမ္ပဏီကြီး၏ လက်အောက်ခံအဖွဲ့တစ်ခု ဖြစ်သော GE Capital ၏ ဌာနတစ်ခု ဖြစ်သည့် GE Capital Aviation Services သည် လေယာဉ်ထုတ်လုပ်သည့် Airbus နှင့် Boeing ကုမ္ပဏီများမှ လေယာဉ်များ ၀ယ်ယူကာ အဆိုပါ လေယာဉ်များကို လေကြောင်းလိုင်များသို့ အငှားချထား လေ့ရှိကြောင်း သိရသည်။
နိုင်ငံပိုင် မြန်မာ့လေကြောင်းတွင် လက်ရှိ F-28 ၃စီး၊ ATR  ၃စီး၊ MA 60 ၃စီး၊ Beech-1900D ၂စီးဖြင့် ခရီးစဉ်များကို ပျံသန်းပြေးဆွဲလျက်ရှိပြီး၊ F-28 လေယာဉ်များသည် သက်တမ်း နှစ်၃၀ကျော်ရှိနေသည့် လေ ယာဉ်များ ဖြစ်သည့်အတွက် ဘရာဇီးနိုင်ငံလုပ် EMBRAER190 လေယာဉ်များအား ထပ်မံဝယ်ယူကာ အစားထိုးပြေးဆွဲရန် စီစဉ်လျက်ရှိသည်။
ပုဂ္ဂလိကပိုင် MAI လေကြောင်းလိုင်းသည် လက်ရှိအချိန်တွင် Airbus A-320 လေယာဉ်၎စီးဖြင့် ခရီးစဉ်များ ပြေးဆွဲလျက်ရှိကာ၊ Airbus A-320 လေယာဉ်၂စီးအား ထပ်မံဝယ်ယူထားပြီး၊ ၂၀၁၂ အောက်တိုဘာတွင် အဆိုပါလေ ယာဉ်များ မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဟု သိရှိရပါသည်။
အမေရိကန် ထိပ်တန်း ကုမ္ပဏီ တစ်ခုဖြစ်သော GE Capital Aviation Services နှင့် မြန်မာ့ လေကြောင်းနှင့် MAI လေကြောင်းလိုင်းတို့သည် လေယာဉ်သစ်များ ၀ယ်ယူရေး ဆွေးနွေးခဲ့ကြောင်း အဆိုပါလေကြောင်းလိုင်းများမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယင်းသို့ဆွေးနွေးရာတွင် GE Capital Aviation Services မှ လေယာဉ်သစ်များ ၀ယ်ယူရန် အဓိက ဆွေးနွေးခဲ့သည်ဟု သိရသည်။

"အဓိကက လေယာဉ်သစ်တွေ ၀ယ်ယူဖို့ပါ။ ဒီကုမ္ပဏီက လေယာဉ် အင်ဂျင်တွေကို အဓိက တပ်ဆင်ပေးတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး  လေယာဉ်တွေကို ပြန်လည်ရောင်းချခြင်း၊ ငှားရမ်းခြင်းတွေ ပြုလုပ်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်လို့ လေယာဉ်သစ်တွေဝယ်ဖို့ ဆွေး နွေးခဲ့တာပါ" ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

GE Capital Aviation Services မှ Mr. Norman C.T.Liu, President &  CEO, Mr. Davis Settergren, Marketing Vice President, Mr. Antony Snelle man , Senior Vice President & Region Manager, Mr. Mike Jones, Executive Marketing Vice President, Mr. Kumar Menon, Project Vice President တို့နှင့်အတူ MAI လေကြောင်းလိုင်းမှ မန်နေဂျင်းဒါရိုက်တာ ဦးစည်သူ ဦးဆောင်သော စီမံအုပ်ချုပ်ရေးအဖွဲ့သည် သြဂုတ်လ ၁၄ရက်နေ့ က ရန်ကုန်မြို့၊ ဆာကူရာတာဝါတွင် တွေ့ဆုံကာ လေကြောင်းပျံသန်းရေးဆိုင်ရာ ၀န်ဆောင်မှုများအား အသေးစိတ်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

"အဓိကက MAI လေကြောင်းလိုင်းအနေနဲ့ နောက်ပိုင်းမှာ ခရီးစဉ်တွေ တိုးချဲ့ပျံသန်းဖို့ရှိတယ်။ လေယာဉ်သစ်တွေလည်း ၀ယ်ဖို့ အစီအစဉ်ရှိတဲ့အတွက် လေယာဉ်ဝယ်ယူဖို့၊ ငှားရမ်းဖို့ကို အဓိကထား ဆွေးနွေးခဲ့တာပါ" ဟု MAI လေကြောင်းလိုင်းမှ Marketing Manager မအေးမရသာက ပြော ကြားခဲ့သည်။

General Electric ကုမ္ပဏီကြီး၏ လက်အောက်ခံအဖွဲ့တစ်ခု ဖြစ်သော GE Capital ၏ ဌာနတစ်ခု ဖြစ်သည့် GE Capital Aviation Services သည် လေယာဉ်ထုတ်လုပ်သည့် Airbus နှင့် Boeing ကုမ္ပဏီများမှ လေယာဉ်များ ၀ယ်ယူကာ အဆိုပါ လေယာဉ်များကို လေကြောင်းလိုင်များသို့ အငှားချထား လေ့ရှိကြောင်း သိရသည်။

နိုင်ငံပိုင် မြန်မာ့လေကြောင်းတွင် လက်ရှိ F-28 ၃စီး၊ ATR  ၃စီး၊ MA 60 ၃စီး၊ Beech-1900D ၂စီးဖြင့် ခရီးစဉ်များကို ပျံသန်းပြေးဆွဲလျက်ရှိပြီး၊ F-28 လေယာဉ်များသည် သက်တမ်း နှစ်၃၀ကျော်ရှိနေသည့် လေ ယာဉ်များ ဖြစ်သည့်အတွက် ဘရာဇီးနိုင်ငံလုပ် EMBRAER190 လေယာဉ်များအား ထပ်မံဝယ်ယူကာ အစားထိုးပြေးဆွဲရန် စီစဉ်လျက်ရှိသည်။

ပုဂ္ဂလိကပိုင် MAI လေကြောင်းလိုင်းသည် လက်ရှိအချိန်တွင် Airbus A-320 လေယာဉ်၎စီးဖြင့် ခရီးစဉ်များ ပြေးဆွဲလျက်ရှိကာ၊ Airbus A-320 လေယာဉ်၂စီးအား ထပ်မံဝယ်ယူထားပြီး၊ ၂၀၁၂ အောက်တိုဘာတွင် အဆိုပါလေ ယာဉ်များ မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဟု သိရှိရပါသည်။