Pages

Saturday, November 3, 2012

ထိုင်းနိုင်ငံရောက် ၈၈ ကျောင်းသားများ ပညာရေးကဏ္ဍပြုပြင်ရေး ဆွေးနွေး

Photo: ယနေ့ နိုဝင်ဘာလ ၃ ရက် ၊ မွန်းလွဲ ၃း ၁၅ နာရီမှ ညနေ ၅း၀၀နာရီအထိ ထိုင်းနိုင်ငံ၊ ချာအမ်း ( Cha Am) မြို့ ၊ Holiday Inn Regent Resort Beach ရှိ Sema  အစည်းအဝေးခန်းမတွင် ပြည်ပရောက် မြန်မာကျောင်းသားများနှင့် ၈၈မျိုးဆက်ကျောင်းသားများ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ ၈၈မျိုးဆက်ကျောင်းသားများဖြစ်ကြသော ပြုံးချို၊ မြအေး၊ အံ့ဘွယ်ကျော်၊ ထွန်းမြင့်အောင်၊ စိုးထွန်း၊ မမီမီလွင် နှင့် မစမ်းစမ်းမော်တို့က ပါဝင်ဆွေးနွေးခဲ့ကြပြီး ပြည်ပရောက် မြန်မာကျောင်းသားများ မေးမြန်းသော မေးခွန်းများကို ဖြေကြားပေးခဲ့ကြသည်။
ဓာတ်ပုံ- 88 Generation Students
ယနေ့ နိုဝင်ဘာလ ၃ ရက် ၊ မွန်းလွဲ ၃း ၁၅ နာရီမှ ညနေ ၅း၀၀နာရီအထိ ထိုင်းနိုင်ငံ၊ ချာအမ်း ( Cha Am) မြို့ ၊ Holiday Inn Regent Resort Beach ရှိ Sema အစည်းအဝေးခန်းမတွင် ပြည်ပရောက် မြန်မာကျောင်းသားများနှင့် ၈၈မျိုးဆက်ကျောင်းသားများ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ ၈၈မျိုးဆက်ကျောင်းသားများဖြစ်ကြသော ပြုံးချို၊ မြအေး၊ အံ့ဘွယ်ကျော်၊ ထွန်းမြင့်အောင်၊ စိုးထွန်း၊ မမီမီလွင် နှင့် မစမ်းစမ်းမော်တို့က ပါဝင်ဆွေးနွေးခဲ့ကြပြီး ပြည်ပရောက် မြန်မာကျောင်းသားများ မေးမြန်းသော မေးခွန်းများကို ဖြေကြားပေးခဲ့ကြသည်။

ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ထိုင်းနိုင်ငံတောင်ပိုင်း၊ ရပ်ခ်ျဘူရီခရိုင်၊ ချာအမ်မြို့၊ Holiday Inn ဟော်တယ်မှာ ပညာသင်ဆုထောက်ပံ့ရေး သပြေဖောင်ဒေးရှင်းက ကြီးမှူးကျင်းပတဲ့ ပညာသင်ကျောင်းသားများ ကွန်ယက်တည်ဆောက်ခြင်းနဲ့ အတွေ့အကြုံနှီးနှော ဖလှယ်ပွဲကို ဒီကနေ့ တက်ရောက်ခဲ့ကြပါတယ်။
ဒီအစည်းအဝေးမှာ တိုင်းရင်းသားအသီးသီးရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ (၈၈) မျိုးဆက်ရဲ့လုပ်ဆောင်ချက်ကို ကိုမြအေးကပြောကြားပြီး၊ ကိုပြုံးချိုက civil society နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပြီး၊ ကိုစိုးထွန်းကတော့ ပညာရေးနဲ့ပတ်သက်တာတွေကို ဆွေးနွေးတင်ပြခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ အစည်းအဝေးနဲ့ပတ်သက်လို့ ကိုမြအေးက အခုလိုပြောပါတယ်။

"ဒီလူငယ်တွေ ဒီကလေးတွေကို တွေ့ရတာ ကျနော်တော့ အားတက်တယ်ဗျ၊ ပွင့်ပွင့်လင်းလင်းပြောလို့ရှိရင် တိုင်းပြည်အတွက် အများကြီးပေါ့ဗျာ။ လုပ်နိုင်မယ့် ကိုင်နိုင်မယ့် လူငယ်တွေ ကျနော်တို့တွေ့တဲ့အခါကြတော့ ကျနော်တို့ အနေနဲ့ကတော့ အားရတယ်ဗျာ။ ဒီလို seminar မျိုးတွေ များများလုပ်သင့်တယ်လို့ ကျနော်ထင်တယ် ဒီလို meeting တွေကလေ၊ အဲဒီလူငယ်တွေက တိုင်းပြည်ကို ပြန်ပြီးတော့ အကျိုးရှိရှိပေါ့ဗျာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို လုပ်နိုင်ဖို့ ကိုင်နိုင်ဖို့အတွက် ကျနော်တို့က သူတို့ကို အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးရမှာပဲလို့ ကျနော်မြင်တယ်လေ။ အဲဒီတော့ ကျနော်ကတော့ ချုပ်ပြောရရင်တော့ တကယ်ကိုအားရ ကျေနပ်ဖွယ်ရာကောင်းတဲ့ တွေ့ဆုံဆွေးနွေးပွဲလေးတခုပါ”


မြန်မာပြည်ပညာရေးနဲ့ နိုင်ငံတကာပညာရေးက အရမ်းကို ကွာခြားသွားပြီဖြစ်ကြောင်း နိုင်ငံတကာက ကျောင်းသားတွေ ကွန်ပျူတာနဲ့ စာသင်နေချိန်မှာ မြန်မာပြည်က ကျောင်းသားတွေက ကျောက်သင်ပုန်းကို လက်မလွှတ်နိုင်သေးတဲ့ အခြေအနေတွေ ရှိနေသေးတယ်လို့လည်း သူကပြောပါတယ်။

“ရုပ်ဝတ္တုပိုင်း၊ ပစ္စည်းပိုင်းဆိုင်ရာကအစ စိတ်ဓါတ်ရေးရာကအစ အရမ်းကွာခြားတယ်၊ သင်ကြားရေးစနစ်ဆိုတာက ပြောစရာကိုမလိုတော့ဘူးနော်။ အဲဒီတော့ နိုင်ငံတကာအတွေ့အကြုံရှိတဲ့ လူငယ်တွေရဲ့ အတွေ့အကြုံတွေနဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးတွေကို ဘယ်လိုလက်ဆင့်ကမ်း သယ်ယူရင်ကောင်းမလဲဆိုတဲ့ နည်းလမ်းတခုတော့ ကျနော်တို့ ရှာရတော့မှာပဲ”ဒါကြောင့် ပညာရေးစနစ်ကို ပညာရှင်တွေပါတဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ဖို့လိုနေပြီလို့လည်း သူကပြောပါတယ်၊ ဒီကနေ့စတင်ပြီး ၂ ရက်ကြာကျင်းပမယ့် ဒီနှီးနှောဖလှယ်ပွဲမှာ အာရှတိုက်နိုင်ငံတချို့က တက္ကသိုလ်တွေမှာ ပညာသင်ကြားနေသူများ၊ ပညာသင်ကြားခဲ့သူများ အပါအဝင် လူဦးရေ စုစုပေါင်း (၁၅၀) ကျော် တက်ရောက်တယ်လို့လည်း သပြေဖောင်ဒေးရှင်းက မ Jenny ကပြောပါတယ်။
 

ရန်ကုန်တက္ကသိုလ်တွင် နိုင်ငံခြားဧည့်ပါမောက္ခများ ပြန်လည်သင်ကြားမည်

Open Society Foundation ၏ ကူညီဆောင်ရွက်ပေးမှုဖြင့် နိုင်ငံတကာမှ ဧည့်ပညာရှင်/ပါမောက္ခ ၁၂ ဦးက လာမည့် ၂၀၁၃-၂၀၁၄ တက္ကသိုလ် ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်
ရှိ ရှေးဟောင်းသုတေသန ပညာဌာန အပါအဝင် ဘာသာရပ်ဌာန သုံးခုသို့ လာရောက်သင်ကြားမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းက ပြောကြားသည်။

...အဆိုပါ ဧည့်ပါမောက္ခများသည် ရှေးဟောင်း သုတေသန ပညာဌာန၊ ဥပဒေပညာဌာနနှင့် နိုင်ငံတကာဆက်ဆံရေး ပညာဌာနတို့တွင် သီတင်းပတ် နှစ်ပတ်စီ လာရောက် သင်ကြားမည်ဖြစ်ပြီး မဟာဘွဲ့ ၊ ပါရဂူဘွဲ့ကျမ်းများနှင့် ဌာနတွင်း သုတေသနများအပေါ် အကြံပြု ဆွေးနွေးခြင်းများ ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“အရင်တုန်းကတော့ နိုင်ငံတကာက ဧည့်ပါမောက္ခတွေ လာသင်ကြတာတွေ ရှိတယ်။ အခုတစ်ခါက နောက်ထပ် ပြန်စတာပါ” ဟု ပါမောက္ခချုပ်က
ပြောကြားသည်။ ယခုလက်ရှိတွင် ရန်ကုန်တက္ကသိုလ် ပထဝီဝင်ဌာနတွင် ဂျာမနီနိုင်ငံ Cologne University မှ ဒေါက်တာ Frauke Kraas သည် ဧည့်ပါမောက္ခအဖြစ် တစ်နှစ်ခွဲကြာ တာဝန်ထမ်းဆောင်မည်
ဖြစ်ကြောင်း ဒေါက်တာ တင်ထွန်းက ပြောဆိုသည်။

Cambridge University နှင့် University of Sidney တို့မှ ပါမောက္ခ
နှစ်ဦးတို့သည် ရှေးဟောင်းသုတေသန ပညာဌာနတွင် သင်ကြားရန် လာမည့် ဒီဇင်ဘာလနှင့် ဖေဖော်ဝါရီလတို့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်
ဖြစ်ကြောင်း၊ အလားတူ ဥပဒေပညာဌာနသို့ UNDP(Asia Pacific Regional Centre) နှင့် Australian National University မှ ပါမောက္ခနှစ်ဦးနှင့်
နိုင်ငံတကာဆက်ဆံရေး ပညာဌာနသို့ University of Vienna နှင့် Nagoya University မှ ဧည့်ပါမောက္ခနှစ်ဦးတို့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် လာရောက်မည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်
ဒေါက်တာဝင်းနိုင်က ပြောကြားသည်။

ထပ်မံ၍ မနုဿဗေဒ ဌာနအနေဖြင့် Korea International Cooperation Agency (KOICA) ၏ အကူအညီဖြင့် ကိုရီးယားနိုင်ငံ Hanyang University၊ Cultural Anthropology ဌာနနှင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ
ဆောင်ရွက်ရန်ရှိကြောင်း၊ ထို့အပြင် ဥပဒေပညာ ဌာနသည်လည်း ဂျပန်နိုင်ငံ Nagoya University Graduate School of Law နှင့် ပူးပေါင်း၍ သုတေသနများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်က ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

ရခိုင်ပဋိပက္ခ ဖြေရှင်းရေး ၁၉၈၂ နိုင်ငံသားဥပဒေအတိုင်း ဆောင်ရွက်မည်


ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ပြေလည်အောင်ဖြေရှင်းဖို့အတွက် ပထမဆုံးအဆင့်အနေနဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအတိုင်း စတင်အကောင်အထည်ဖော် ဆောင်ရွက် သွားတော့မှာဖြစ်တယ်လို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒီကနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ဗြိတိန်သံအမတ်ကြီး Andrew Heyn တို့အပြင်  မြို့မိမြို့ဖတွေ၊  မူဆလင်ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးစဉ် အခုလိုပြောကြားလိုက်တာပါ။
"တရားဥပဒေပြင်ပကဆောင်ရွက်ခွင့်နဲ့ ခုနက အကြမ်းဖက်ဆောင်ရွက်ခွင့်တွေကိုတော့ ကျွန်တော်တို့ခွင့်မပြုတော့ဘူး။ သို့သော် ရသင့်ရထိုက်တဲ့ အခွင့်အရေးဖြစ်တဲ့ ခုနကလို မှတ်ပုံတင်စစ်ဆေးမယ့်ဟာတွေကို ကျွန်တော်တို့စပါမယ်။ ဒါကအစပြုတာပါ။ သို့သော် ဘယ်အဖွဲ့အစည်းကိုမှ သာစေနာစေမရှိပါဘူး"
ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေကိုဖြေရှင်းတဲ့အခါ နှစ်ဘက် ခံစားချက်တွေကို နားလည်ပြီးမှ ဖြေရှင်းလို့ရမှာဖြစ်တဲ့အတွက် သူ့အနေနဲ့ နှစ်ဘက်စလုံးက တင်ပြချက်တွေ အားလုံးကို သုံးသပ်ခဲ့တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကဆိုပါတယ်။
ဒါ့အပြင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို စတင် အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် နိုင်ငံသားဖြစ်ခွင့်ရှိတဲ့သူတွေနဲ့ နိုင်ငံသားဖြစ်ခွင့် မရှိသူတွေကို ခွဲခြားသိနိုင်ဖို့ အစိုးရဘက်က သပ်သပ်မဟုတ်ဘဲ ရခိုင်နဲ့ မူဆလင်တွေဘက်ကပါ အုပ်စုတွေဖွဲ့ပြီး ဆောင်ရွက်သွားမယ် လို့လည်းဆိုပါတယ်။
ဒီအတောအတွင်း ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell ဗြိတိန် သံအမတ်ကြီး Andrew Heyn နဲ့ သြစတေးလျ သံအမတ်ကြီး Ms. Bronte Moules တို့ဟာ မနေ့က စစ်တွေမြို့မှာရှိတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတွေက တာဝန်ရှိသူတွေနဲ့  စစ်တွေဟိုတယ်မှာ တွေ့ဆုံပြီး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး တံခါးပိတ်ဆွေးနွေးခဲ့ပါတယ်။
ဒီသံအမတ်ကြီး ၃ ဦးအဖွဲ့ဟာ မကြာခင် ရက်ပိုင်းတွေအတွင်းက ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး လေ့လာ သုံးသပ်မှုတွေပြုလုပ်ဖို့အတွက် ပြီးခဲ့တဲ့ရက်တွေက ကျောက်ဖြူ၊ ရမ်းဗြဲ၊ ပေါက်တော၊ မြေပုံ၊ မင်းပြားစတဲ့မြို့နယ်တွေကိုသွားရောက်ပြီး ဒေသခံတွေနဲ့တွေ့ဆုံခဲ့ပါတယ်။
RFA

အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို ဒီလအတွင်း သွားမယ်

 
 အမေရိကန်သမ္မတ အိုဘာမားဟာ ဒီလအတွင်း မြန်မာနိုင်ငံကို သွားရောက်မယ်လို့ သိရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ နိုဝင်ဘာလ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိ ကျင်းပမယ့် ၂၁ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံညီလာခံ ကို တက်ရောက်မယ့် ခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။
သမ္မတ အိုဘားမားဟာ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ထိုင်းနိုင်ငံကို ဦးဆုံးဝင်ရောက်ပြီး၊ နိုဝင်ဘာ ၁၇ ရက် နဲ့ ၁၈ ရက် နှစ်ရက်တာ မြန်မာနိုင်ငံမှာ နေထိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ တဆင့် ကမ္ဘောဒီးယားမှာ ကျင်းပတဲ့ အာဆီယံညီလာခံကို တက်ရောက်မှာပါ။ သမ္မတ အိုဘားမားရဲ့ ခရီးစဉ်အသေးစိတ်ကို မသိရသေးပေမဲ့ မြန်မာနိုင်ငံမှာရှိနေစဉ်အတွင်း အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ရော၊ ဒီမိုကရေစီအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။
အခုလို သမ္မတ အိုဘားမား မြန်မာပြည်သွားရောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ အမေရိကန်သံရုံး ပြန်ကြားရေးဌာနမှ သံရုံးပြပွဲတာဝန်ခံအဖြစ် နှစ်ပေါင်း နှစ်ဆယ်လောက်ဆောင်ရွက်ခဲ့သူ ဦးဆန်နီငြိမ်းက မြန်မာပြည်တိုးတက်ရေးအတွက် ဒါဟာ အင်မတန်အရေးပါတဲ့ ခရီးစဉ်ဖြစ်ပါတယ်လို့ RFA ကို ပြောပါတယ်။
သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံ အလည်အပတ်ခရီးဟာ အမေရိကန်သမ္မတတစ်ဦး ပထမဦးဆုံးအကြိမ် မြန်မာပြည်ကို သွားရောက်တဲ့ခရီးဖြစ်ပါတယ်။ ၁၉၅၃ ခုနှစ်က အမေရိကန် သမ္မတ အိုက်ဆင်ဟောင်ဝါ လက်ထက်မှာ ဒုတိယသမ္မတ ဖြစ်တဲ့ မစ္စတာ ရစ်ချတ်နစ်ဆင်  မြန်မာပြည်ကို သွားရောက်ခဲ့ဖူးပါတယ်။ မနှစ်က ဒီဇင်ဘာလ ၁ ရက်နေ့ကတော့ နှစ် ၅၀ အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦးရဲ့ ပထမဆုံးအကြိမ် မြန်မာနိုင်ငံခရီးအဖြစ် ဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန် သွားရောက်ခဲ့ပါတယ်။
သမ္မတအိုဘားမားရဲ့ မြန်မာပြည် ခရီးစဉ်က ထွက်ပေါ်လာနိုင်တဲ့ အကျိုးရလဒ်တွေနဲ့ပတ်သက်ပြီး ရန်ကုန် အမေရိကန်သံရုံး ပြန်ကြားရေးဌာန ပြပွဲတာဝန်ခံဟောင်း ဦးဆန်နီငြိမ်းနဲ့ RFA ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကိုနားဆင်ပါ။
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။ 
 RFA

ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် အီးယူအဖွဲ့က ယူရိုငွေ (၇)သိန်း ကုမည်

မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ အနီးကပ် လက်တွဲဆောင်ရွက်ဖို့ အီးယူ ဥရောပသမဂ္ဂနဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ တာဝန်ရှိသူတွေဟာ ဒီကနေ့မှာ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ရန်ကုန်မြို့ ရွှေလီလမ်းမှာရှိတဲ့ ငြိမ်းချမ်းရေးစင်တာမှာ မနေ့ ညနေပိုင်းက ပြုလုပ်တဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲမှာ အီးယူဥရောပသမဂ္ဂရဲ့ ဥက္ကဌ မစ္စတာ ဟိုဆေး- ဘာရိုဆိုနဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ သဘောတူညီမှုလက်မှတ် ရေးထိုးခဲ့ကြပြီး သဘောတူညီချက်အရ အီးယူ အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွေမှာ အထောက်ကူဖြစ်စေဖို့ ကနဦး ကူညီငွေ ယူရိုငွေ (၇)သိန်းကို ၂၀၁၂ခုနှစ်မကုန်ခင် ပေးအပ်ကူညီသွားမယ်လို့ သိရပါတယ်။

... မစ္စတာဘာရိုဆိုက မြန်မာနိုင်ငံရဲ့ အခုလိုအပြောင်းလဲကာလမှာ ရခိုင်ကိစ္စလို ပဋိပက္ခတွေနဲ့ ကြုံတွေ့နေရပေမဲ့ မြန်မာနိုင်ငံအနေနဲ့ အဲဒီအခက်ခဲတွေကို ကျော်လွှားနိုင်လိမ့်မယ်လို့ မိမိအနေနဲ့ ယုံကြည်ကြောင်းကိုလည်း ပြောကြားသွားပါတယ်။ အီးယူအနေနဲ့၂၀၁၃ ခုနစ်မှာလည်း ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းစဉ် တွေအတွက် ယူရိုငွေ သန်း(၃၀) ထပ်မံ ကူညီပေးအပ်သွားမယ်လို့ သိရပါတယ်။

ဥရောပသမဂ္ဂ ဥက္ကဌဟာ ဒီကနေ့ မွန်းလွဲပိုင်းက နေပြည်တော် မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံတယ်လို့ NLD ပါတီက သတင်းထုတ်ပြန်ပါတယ်။

ဥရောပသမဂ္ဂဥက္ကဌ နဲ့ အတူ ရန်ကုန် အခြေစိုက် EU ရုံးတာဝန်ခံနဲ့ အဖွဲ့တို့ ပါဝင်တယ်လို့ NLD ပြန်ကြားရေးဌာနက မိုးဇော်သိန်းက ပြောပါတယ်။

တွေ့ဆုံဆွေးနွေးတဲ့ အကြောင်းအရာများနဲ့ပတ်သက်ပြီး အသေးစိတ်ကြေညာခြင်းမရှိပါဘူး

RFA Burmese

» ရခိုင်အရေးနဲ့ ပတ်သက်တဲ့ ဒေါ်စု သဘောထား

နှစ်ဘက်စလုံးကနေ အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ထောက်ပြ ပြောဆို
 မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး စိတ်ရှည် သီးခံကြဖို့ ဘီဘီစီနဲ့ မေးမြန်းခန်းမှာ တိုက်တွန်း ပြောကြားလိုက် ပါတယ်။ ဒါပေမယ့်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ဖြစ်စေချင်တဲ့ ပုံစံမျိုး ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ အခက်အခဲတွေ ဘက်ကနေ ရပ်တည် ပြောကြားဖို့ ကိုတော့ ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆို သွားပါတယ်။---
-

ဆမ်ဆောင်းဖုန်း ဈေးလျှော့ရောင်းမယ့် အစီအစဉ်ဖျက်သိမ်းလို့ လူကြီးမင်းဆိုင်တွေကို လူအုပ်ကြီးက တိုက်ခိုက် (ရုပ်/သံ)

 
 ဆမ်ဆောင်းဂလက်စီ mini ဟန်းဆက်ဖုန်း တစ်လုံးကို ကျပ် ၅ထောင်နဲ့ အလုံး ၁၀၀ကျော်ကို ရောင်းချမယ်လို့ ကြေညာခဲ့ပြီးမှ ဆိုင်ပိတ်ချလိုက်တဲ့ လူကြီးမင်းဖုန်းဆိုင်တွေကို ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ခဲနဲ့ပေါက် ဆိုင်းဘုတ်တွေကို ဖျက်စီးခဲ့ပါတယ်။

လူကြီးမင်း ဖုန်းဆိုင်တွေရှိတဲ့ လသာ၊ ကမာရွတ်၊ သာကေတ၊ အင်းစိန်၊ မြောက်ဥက္ကလာ၊ စတဲ့မြို့ နယ် တွေက ဆိုင်ခွဲတွေမှာ ဦးရာလူစနစ် နဲ့ မဲနှိုက်ပြီး အထူးလျှော့ဈေးနဲ့ နိုဝင်ဘာ ၃ရက်နေ့မနက်(၇)နာရီမှာ ကျပ်ငွေ ၅ထောင်နဲ့ရောင်းမယ်ဆိုပြီး တရားဝင် ကြေညာခဲ့ပါတယ်။

မိုးထိမိုးမိရွှေလုပ်သားများ ဒုတိယအကြိမ်ဆန္ဒထုတ်ဖော်

 
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ မိုးထိမိုးမိဒေသရှိ ရွှေလုပ်သား (၇၀)ဦးကျော်သည် ရန်ကုန်မြို့၊တက္ကသိုလ်ရိပ်သာလမ်းရှိ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီရှေ့၌ ဒီကနေ့ နိုဝင်ဘာလ ၃ရက်နေ့ နံနက် ၉း၀၀ နာရီ မှ နေ့လည် ၁၁း၀၀ အချိန်ထိ ဆန္ဒပြတောင်းဆိုခဲ့သည်။
မိုးထိမိုးမိရွှေလုပ်သားများသည် ဒုတိယအကြိမ် လာရောက်ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပြီး ရွှေလုပ်သားများ တောင်းဆိုသည့်အချက်အလက်များကို ရရှိမှုမရှိပါက ဆက်ပြီးဆန္ဒပြတောင်းဆိုသွားမည်ဟု သိရှိရသည်။
 
Burma VJ Media

မိုးထိ မိုးမိ ရွှေလုပ်သားများ ဆက်လက်ဆန္ဒပြ

 
 ရန်ကုန်၊ နိုဝင်ဘာ - ၃

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ ရုံးချုပ်ရှေ့တွင် ဒုတိယအကြိမ် ထပ်မံဆန္ဒဖော်ထုတ်မှုပြုလုပ်သော ရမည်းသင်းမြို့နယ်
မိုးထိ မိုးမိဒေသမှ ရွှေလုပ်သားများသည် ကုမ္ပဏီမှ ဖြေရှင်းပေးမှုမရှိပါက ၎င်းတို့အနေဖြင့် ရုံးဖွင့်ရက်များတွင် ရက်ဆက်ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရွှေလုပ်သားခေါင်းဆောင် ကိုနေအောင်ထက်က ပြောကြားသည်။

ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်မှုတွင် မိုးထိမိုးမိဒေသမှ ရွှေလုပ်သား ၁၀၀ ဦးခန့် ပါဝင်ကာ ခွင့်ပြုချက်တင်ပြီး ဆန္ဒပြတောင်းဆိုခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ထပ်မံဆန္ဒပြတောင်းဆိုခြင်းမှ ကုမ္ပဏီက မည်သို့မျှဖြေရှင်းပေးခြင်းမရှိသောကြောင့်ဖြစ်ကြောင်း၊ တောင်းဆိုမှုများ လိုက်လျောခြင်းမရှိပါက
ရက်ရှည်ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း ကိုနေအောင်ထက်က ဆက်လက်ပြောသည်။

ကုမ္ပဏီက ဆန္ဒပြခေါင်းဆောင်များကို တွေ့ဆုံညှိနှိုင်းခြင်း မပြုလုပ်သော်လည်း ကုမ္ပဏီ၏ မျက်နှာစာတွင် ဆန္ဒပြသူများ၏ တောင်းဆိုမှုများကို တန်ပြန်တုံ့ပြန်သည့် စာများ ရိုက်နှိက်ထားသော ဗီနိုင်းများ ချိတ်ဆွဲထားသည်။ ၎င်းတို့၏ ရုံးတွင်းဧရိယာအတွင်း အချောင်လိုချင်စိတ်သည် မိမိလူမျိုးနှင့်တိုင်းပြည်အကျိုးကို ထိခိုက်စေပါသည်။ ဒီမိုကရေစီနိုင်ငံဖြစ်ပါသည်။ လူအများ၏ဆန္ဒကို လေးစားပါ။ လူ့အလို နတ်မလိုက်နိုင်၊ တရားဥပဒေဖြင့်သာ မျှတမှုကိုရယူပါ အစရှိသည့် စာတန်းများကပို ချိတ်ဆွဲထားသည်ကို တွေ့ရခြင်းဖြစ်သည်။

`သူတို့ဗီနိုင်းထဲမှာ ကျွန်တော်တို့ကို လူတစ်စုလိုပြောတယ်။ ရမည်းသင်းမှများ ဆန္ဒထုတ်ဖော်ခွင့်ပြုကြည့် အခုပမာဏထက်များတယ်။ လူနည်းစုလောက်ပဲ ဒုက္ခရောက်ရင် ကျုပ်တို့တောင်ပေါ်က (ရွှေလုပ်ခွင့်ရုပ်သိမ်း)ဆင်းပေးမယ်။ လူများစုဖြစ်ရင် သူတို့ကုမ္ပဏီ ဆင်းပေးမှာလား´ဟု ရွှေလုပ်သားအဖွဲ့ တစ်ဦးက အသံချဲ့စက်ငယ်ဖြင့် အဖွဲ့သားများကအော်ပြောရာ အဖွဲ့သားများက သဘောတူကြောင်း တုံ့ပြန်ပြောကြားသည်။

ယခုတစ်ကြိမ် ဆန္ဒထုတ်ဖော်ရာတွင် ယခင်တောင်းဆိုမှုများဖြစ်သော ရမည်းသင်းမြို့ မိုးထိမိုးမိဒေသ ကာကွယ်စောင့်ရှောက်ရေး၊ အနိုင်ကျင့်ဗိုလ်ကျသော ကုမ္ပဏီဝန်ထမ်းများအား အရေးယူရေး၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှု အရေးယူရေး၊ ကုမ္ပဏီကြောင့် ဆက်လက်မလုပ်နိုင်သူများအား နစ်နာကြေး ပေးရေး၊ ရွှေလုပ်သားတို့ အရေးတော်ပုံအောင်ရမည်၊ ရွှေမြင်တင်စာချုပ်အား အပြည့်အ၀လိုက်နာရေးစသည့် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြသည်။

7Day News Journal

ရခိုင်ပဋိပက္ခ ဆွေးနွေးရန် စစ်တွေမှ ဘုန်းတော်ကြီး လေးပါး ရန်ကုန်သို့ ပင့်ဆောင်

  ရန်ကုန်၊ နိုဝင်ဘာ ၃

ရခိုင်ပြည်နယ် အတွင်း တကျော့ပြန် ဖြစ်ပွားနေသော ပဋိပက္ခများ ပြန်လည် တည်ငြိမ် မှု ရရှိရေး ဆွေးနွေးရန် စစ်တွေမြို့မှ ဆရာတော်ကြီး ၄ ပါးကို မြန်မာနိုင်ငံတော် သာသနာရေး ဝန်ကြီး ဌာနက အောက်တိုဘာ လ ၂ ရက်နေ့ နံနက် ၁ဝနာရီ ကျော်ခန့် က ရန်ကုန်မြို့ သို့ လေကြောင်း ခရီးစဉ်ဖြင့် ပင့်ဆောင် သွားကြောင်း စစ်တွေမြို့ စည်းကမ်း ထိန်းသိမ်းရေးနှင့် ကူညီစောင့် ရှောက်ရေး ရဟန်းတော်များ သမဂ္ဂထံမှ သိရှိရ သည်။

ပင့်ဆောင် သွားသော ဆရာတော် (၄) ပါးမှာ ဒက္ခိဏ ရာမ ကျောင်းတိုက် ဆရာတော်၊ မဏိရတနာ ကျောင်းတိုက် ဆရာ တော်၊ နန္ဒာရာမ ကျောင်းတိုက် ဆရာတော်နှင့် ဓမ္မသုခ ကျောင်းတိုက် ဆရာတော် တို့ဖြစ်ကြောင်း၊ ဆရာတော်ကြီး များအား ယင်းသို့ ပင့်ဆောင် သွားခြင်းကို ဒကာ၊ ဒကာမ များက စိုးရိမ်နေကြကြောင်း ယင်းသဂ္ဂ ထံမှသိ ရှိရသည်။

"ပဋိပက္ခတွေ နောက်ထပ် မဖြစ်ရအောင် ဆရာတော်ကြီး တွေက ထိန်းသိမ်း ပေးဖို့ လျှေက်ထား လိုတဲ့ အတွက် ပင့်သွားတာ လို့ သိရပါတယ်" ဟု စစ်တွေမြို့ စည်းကမ်း ထိန်းသိမ်းရေးနှင့် ကူညီ စောင့်ရှောက်ရေး ရဟန်းတော်များ သမဂ္ဂမှ ဦးနန္ဒောဘာသ က မိန့်ကြားသည်။

ဆရာတော်ကြီး များအား ရခိုင်ပြည်နယ် သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး က ရန်ကုန်သို့ ပင့်ယူ သွားခဲ့ပြီး အောက်တိုဘာ လ ၂ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ကမ္ဘာအေးရှိ နိုင်ငံတော် မဟာသံင်္ဃာ့ နာယက အဖွဲ့မှ ဆရာ တော်ကြီး များနှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်ဟု သိရှိရကြောင်း ဆရာတော်ကြီးက ထပ်မံ မိန့်ကြားသည်။

ဆရာတော် ကြီးများသည် ရခိုင် ပဋိပက္ခ ပြေလည်ရေး အတွက် အစိုးရ ဘက်ဆိုင်ရာ အရာရှိ ကြီးများနှင့် နိုဝင်ဘာလ ၃ ရက်နေ့ တွင်လည်း ဆွေးနွေး သွားမည့် အစီအစဉ် များ ရှိကြောင်း စစ်တွေမြို့ရှိ သင်္ဃာတော်များ ထံမှ သိရှိရသည်။

The Voice Weekly

ဒေါ်အောင်ဆန်းစုကြည် ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ

 http://www.burmavjmedia.net/wp-content/uploads/2012/11/IMG_3345.jpg
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဆွစ်ဇာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr Didier Burkhalterနှင့် အဖွဲ့ကို နိုဝင်ဘာလ ၂ရက်နေ့တွင် နေပြည်တော်တွင် အချိန် တစ်နာရီခွဲခန့် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။
 

Burma VJ Media

ရွှေးကောက်ပွဲ ကော်မရှင်မှ ရခိုင်ပါတီနှစ်ခုကို ခေါ်ယူ တွေ့ဆုံ

ရခိုင် မှ ပါတီ ကြီး နှစ်ခု ဖြစ်သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီနှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်အား ရွှေးကောက်ပွဲကော်မရှင်မှ ရခိုင်ပဋိပက္ခနှင့် ပတ်သက်ပြီး ခေါ်ယူ တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် သမ္မတ ရုံး ထုတ်ပြန်ချက်ကို ဖတ်ပြပြီး ရခိုင်ပြည်နယ် တည်ငြိမ်ရေး အတွက် အစိုးရနှင့် လက်တွဲ လုပ်ဆောင်ရန် ပြောကြားခဲ့သည်ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက နိရဉ္စရာသို့ ပြောသည်။
“ ကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ ကော်မရှင် အဖွဲ့ဝင် ၄ ဦးက သမတရုံးက ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ကို ဖတ် ပြတယ်။ အခုဖြစ်ပွားနေတဲ့ အရေးအခင်းမှာ ရခိုင် ပါတီတွေအနေနဲ့ ၀င်မပါဖို့၊ ဒီအရေးအခင်းမှာ ကော်မရှင်မှာ လဲ တာဝန်ရှိတယ်၊ ရခိုင်ပါတီတွေမှာလည်း တာဝန်ရှိတယ်။ ဒါကြောင့် ရခိုင်ပါတီတွေအနေနဲ့ နိုင်ငံတော် အစိုးရ နဲ့ ပူးပေါင်းပြီး ပြဿနာ အေးငြိမ်းသွားအောင် လုပ်ဆောင်သွားဖို့ ပြောဆိုသွားပါတယ်။”
ခေါ်ယူပြောကြားရာတွင် ကိုယ်တိုင် ပါဝင်ခဲ့သူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီအတွင်းရေးမှူး ဦးမျိုးကျော်က ယခု ဖြစ်ပွားခဲ့တဲ့ ပြဿနာမှာ ပါဝင်ပတ်သက်သော ပါတီ၊ လူပုဂ္ဂိုလ်များကို အရေးယူသွားမည်ဟုလည်း ပြောဆို ကြောင်း နိရဉ္စရာသို့ ပြောသည်။
“ ကျွန်တော်တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ RNDP ပါတီက တာဝန်ရှိသူတွေကို ကော်မရှင်က ခေါ်ပြီး ပြောတာက တော့ အခု နောက်ဆက်တွဲ ဖြစ်ပေါ်ခဲ့တဲ့ အရေးအခင်းနဲ့ပတ်သက်ပြီးတော့ ပါတီတွေ အနေနဲ့ မပါဝင်ဖို့၊ တကယ် လို့ ပါဝင်ပတ်သက်လို့ ရှိရင် ကော်မရှင်ရဲ့ စည်းမျဉ်းအရ အရေးယူသွားမယ် ဆိုတာကို ပြောပါတယ်။”
ယခုကဲ့သို့ ခေါ်ယူရာတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒု ဥက္ကဌ ဦးကျော်မြင့်၊ အတွင်းရေးမှူး ဦးမျိုးကျော်၊ ဗဟို အလုက်အမှုဆောင် ဦးမျိုးဆွေနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပါတီဥက္ကဌ ဒေါက်တာ အေး မောင်၊ ဦးဘရှိန်နှင့် ဦးဖေသန်တို့ တက်ရောက်ခဲ့သည်ဟု သိရသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပြဿနာကို ဖြေရှင်းရာတွင် အချိန်တိုအတွင်း ဖြေရှင်း၍ ရနိုင်မည်မဟုတ် ကြောင်း ဦးဖေသန်းက သူ့အမြင်ကို ယခုကဲ့သို့ ပြောသည်။
“ ဒီပြဿနာဟာ ကျွန်တော်တို့ ရခိုင်ပြည်မှာ သမိုင်းနဲ့ ချီပြီး ဖြစ်ပေါ်လာတဲ့  ပြဿနာပါ။ နှစ်ပေါင်း ၅၀၀၀ ကျော် နေထိုင်လာကြတဲ့ ရခိုင်ပြည်နယ်မှာ တဖက်နိုင်ငံက စိမ့်ဝင်လာတဲ့ လူတွေက ငါ့တို့ ပြည်ဆိုပြီး ၀င်ရောက်လုယူ ဖို့ ကြိုးစားလာတာက စဖြစ်လာတဲ့ ပြဿနာဖြစ်တယ်။ အခုလို နယ်မြေလုယူဖို့ ကြိုးစားလာတာ များလာတဲ့အ  တွက် ဒီပြဿနာကို အချိန်တို ဖြေရှင်းလို့ ရနိုင်မှာ မဟုတ်ဘူး။”
ယခု ဖြစ်ပေါ်နေသော ပြဿနာကို ဖြေရှင်းရာတွင် ပြည်သူများ၏ သဘောဆန္ဒကို လိုက်လျောပြီး တည်ငြိမ်အေး ချမ်းအောင် လုပ်ဆောင်သင့်သည်ဟု ဦးဖေသန်းက ပြောသည်။
“ အခု ပြည်သူတွေရဲ့ ဆန္ဒက ဘင်္ဂလီတွေနဲ့ ရောနှော မနေချင်တဲ့ ဆန္ဒရှိပါတယ်။ ဘင်္ဂလီတွေကိုယ်တိုင်ကလဲ အတူတကွ နေချင်တဲ့ ဆန္ဒမရှိကြဘူး။ တဖက်နဲ့တဖက် လုံခြုံမှုမရှိလို့ ခံစားနေကြတယ်။ ဒီလိုအချိန်မှာ လူမျိုးစု နှစ်စုဟာ အတူမထားဘဲ သီးသီးခြားခြားထားတာ ပိုကောင်းပါလိမ့်မယ်။”
နိုင်ငံရေးအရ ဖြေရှင်းရာတွင် ဘင်္ဂလီတွေနေဖြင့် ရသင့် ရထိုက်တဲ့ အခွင့်အရေးများကို တောင်းဆို မှုများ လုပ် သင့်ကြောင်း၊ မသမာသော နည်းလမ်းဖြင့် ရခိုင်ပြည်ကို သူတို့နယ်မြေအဖြစ် အပိုင် သိမ်းယူရန်နှင့် လူမျိုးရေး အရ ၀ါးမျိုရန် မလုပ်သင့်ကြောင်း၊ ရခိုင်လူမျိုးများအနေဖြင့် အမျိုး ဘာသာ သာသနာ မပျောက်ပျက်ရအောင်၊ တိုင်းပြည်မပျောက်ရအောင် ထိန်းသိမ်း စောင့်ရှောက် သင့်ကြောင်း ဦးဖေသန်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် အောက်တိုဘာ (၂၁)ရက်နေ့ မင်းပြားမြို့ ကင်းဆိပ်ကျေးရွာမှာ စတင်ဖြစ်ပွားခဲ့သော ပြဿ နာကြောင့် မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရသေ့တောင်၊ မြေပုံ၊ ကျောက်ဖြူနှင့် ရမ်းဗြဲ မြို့နယ်များသို့ ကူးစက်သွားရာ အောက်တိုဘာလ(၂၁)ရက်နေ့ မှ(၃၀)ရက် နေ့အထိ စာရင်းများအရ သေဆုံးသူ(၈၉)ဦး၊ ဒဏ် ရာရသူ(၁၃၆)ဦး၊ မီးလောင်ပျက်ဆီးသည့် လူနေအိမ် (၅၃၅၁)လုံးနှင့် အိုးမဲ့အိမ်မဲ့ဖြစ်သူ(၃၂၂၃၁)ဦးရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများမှ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ဇွန်လအတွင်း ပထမအကြိမ် ဖြစ်ပွားခဲ့သော ပြဿနာတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် ရခိုင်ပါတီနှစ်ခုဖြစ်သည့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP နှင့် ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ် ALD ပါတီကို နိုင်ငံတော်သမ္မတ ကြီးက သြဂတ်စ်လ ၈ ရက်နေ့က  ခေါ်ယူတွေ့ဆုံခဲ့သည်။
ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများကြောင့် မောင်တော၊ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး မြို့နယ်များတွင် အိမ်ခြေ ပေါင်း(၅၃၃၈) အိမ်၊ အဆောက်အဦး (၁၃၄)လုံး၊ မီးလောင်ပျက်စီးခဲ့သည့်အတွက် အိမ်ထောင်စုပေါင်း (၁၂၂၄၂) စု၊ လူဦးရေ (၇၅၀၀၀)ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။
                 မောင်ရမ္မာ(နိရဉ္စရာ)