Pages

Sunday, December 29, 2013

ဆရာတော်အရှင်ဆန္ဒာဓိက ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ်ခရီးစဉ် လိုက်ပါမည်

 
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ် ခရီးစဉ်အတွင်း ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကလည်း လိုက်ပါလာမည် ဖြစ်ကြောင်း အဆိုပါ ပါတီ ကလေးမြို့နယ် အတွင်းရေးမှူး ဦးကိုလေးက ပြောကြားသည်။

၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ တွင် ပြုလုပ်မည့် တီးတိန်မြို့နယ် ဒေါ်လွန် အုပ်စု ဇိုနွမ်းဇန် (ဆန်သိုက်) ကျေးရွာ၊ အမက (မူလွန်) ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့် အလှူငွေ ပေးအပ်ပွဲ အခမ်းအနားသို့ ကြွရောက်ရန် လိုက်ပါလာခြင်း ဖြစ်ပြီး အဆိုပါပွဲသို့ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် အရှင်ဆန္ဒာဓိက၏ ချင်းပြည်နယ် ပညာရေး ရန်ပုံငွေအတွက် ထောက်ပံ့သော အလှူငွေကျပ် သိန်း ၅၂၀ ဖြင့် အဆိုပါ ကျောင်းဆောင်ကို ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ် ခရီးစဉ်အတွင်း တီးတိန်၊ ဖလမ်းနှင့် ဟားခါးမြို့တို့သို့ သွားရောက်မည် ဖြစ်ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကလေးမြို့ ဒေသခံများနှင့် ဟောပြော ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့က ခွဲစိတ်ကုသမှု ခံယူထားသော ဒေါ်အောင်ဆန်းစုကြည်၏ ခြေထောက် ချုပ်ရိုးများကို ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ပြန်ဖြေရာ ခွဲစိတ်မှု ရာနှုန်းပြည့် အောင်မြင်ပြီး ကျန်းမာရေး အခြေအနေ ကောင်းမွန်ပြီ ဖြစ်သဖြင့် အဖွဲချုပ် ဥက္ကဋ္ဌ၏ ချင်းပြည်နယ် ခရီးစဉ်ကို မူလ စီစဉ်ထားသည့်အတိုင်း သွားရောက်မည် ဖြစ်ပါကြောင်း ဒေါက်တာတင်မျိုးဝင်းက အတည်ပြု ပြောကြားပါသည်။

မြတ် (ကလေး)

၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသွားသူများ

 
 ၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ဒီဇင်ဘာ၂၉ရက်ညနေ
တွင်ကျင်းပရာ ဆုရရှိသူများမှာ.....
အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆု - အောင်ကိုလတ် (ကယန်းအလှ ရုပ်ရှင် ဇာတ်ကား)
အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု - ဇော်မင်း (ဟံသာမြေ) - (ဥ ဇာတ်ကား)
အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု - ဂီတမှူး ဝင်းကို (အမွေခံထိုက်သူ ဖြစ်ပါစေ ဇာတ်ကား)
အကောင်းဆုံး ရုပ်ရှင်အသံဆု - တိုနီလင်း (ကယန်းအလှ ရုပ်ရှင် ဇာတ်ကား)
အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု - ချောရတနာ (ဥ ဇာတ်ကား
အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု - ပြေတီဦး (လက်ပံ ဇာတ်ကား)
အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု - ဖွေးဖွေး (လက်ပံ ဇာတ်ကား)
အကောင်းဆုံး ဒါရိုက်တာဆု - ကိုဇော် (အာရုဏ်ဦး) (ဥ ဇာတ်ကား)
အထူးဆု (ကလေးသရုပ်ဆောင်ဆု) - ယွန်းယွန်း (တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ ဇာတ်ကား)





















သရက်ဇုန် အဖြစ်ဟုဆိုကာ ပြည်သူများထံမှ မြေသိမ်းပြီးနောက် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနှင့် ပြည်ထောင်စု ၀န်ကြီးများပိုင်မြေ ဖြစ်သွား

 
ရန်ကုန်၊ ဒီဇင်ဘာ ၂၆

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သစ်တောမြေအဖြစ်မှ  သရက်စိုက်ပျိုးဇုန် အဖြစ် လုပ်ကိုင်ခွင့် ပြုခဲ့သည် ဆိုကာ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ လယ်သာကြီးအုပ်စု အတွင်းရှိ မြေယာ ဧက ၅၀ခန့်ကို ဘိုးစဉ် ဘောင်ဆက် နေထိုင် တောင်ယာလုပ်ကိုင် ဆောင်ရွက်နေသူများထံမှ သိမ်းယူပြီးနောက် ထိုနေရာများကို ပိုင်ဆိုင်သွားသူ များထဲတွင် ပြည်ထောင်စု ၀န်ကြီးများနှင့် ယခင် အစိုးရအဖွဲ့ဝင်များ ပါဝင်နေကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

““သမ္မတကြီးကနေပြီး နေပြည်တော်မှာရှိတဲ့ သစ်တောကြိုးဝိုင်း တွေထဲက အဲဒီနေရာကို သရက်စိုက်ဇုန် လုပ်ဖို့ ခွင့်ပြုလိုက်တယ် ဆိုပြီး ပလပ်ပေးလိုက်တယ်။ အဲဒီညွှန်ကြားချက်အရ ဒီမြေတွေကိုလုပ်တာ”” ဟု ဦးနိုင်ငံလင်းက ပြောသည်။ သိမ်းဆည်းခံခဲ့ရသော မြေများကို ပိုင်ဆိုင်ခွင့် ရရှိသွားသူ များထဲတွင် လက်ရှိ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ယခင် အစိုးရ လက်ထက် ၀န်ကြီးဟောင်း ဖြစ်သည့် လက်ရှိ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌ ဦးစိုးသာ စသူများနှင့် အခြား ပြည်ထောင်စုဝန်ကြီးများ ပါဝင်နေကြောင်း ဦးနိုင်ငံလင်းက ပြောသည်။ …

ထိုသို့ မြေသိမ်း၍ မြေယာ ပိုင်ဆိုင်မှု ရှိခဲ့ကြသောသူများတွင် မြေသိမ်းယူခဲ့သည်မှာ ၂၀၁၀ ပြည့်နှစ် ကတည်းကပင် ဖြစ်သော်လည်း  ပြည်ထောင်စု ၀န်ကြီးများ ပိုင်ဆိုင်ထားသည့် အဆိုပါ မြေများအနက် အမှန်တကယ် သရက် စိုက်ပျိုးမှု ရှိသည်မှာ မြေအနည်းငယ်တွင်သာ တွေ့ရပြီး ကျန်မြေ အများအပြားမှာ ခြံဝင်း ခတ်ထားမှုသာ ရှိသည်။

မြေသိမ်းမှုကြောင့် ယင်းမြေများပေါ်တွင် ဘိုးစဉ်ဘောင်ဆက် တောင်ယာစိုက်ပျိုး လုပ်ကိုင်လာသည့် ဒေသခံ ပြည်သူ ရာဂဏန်းကျော် ဘ၀ရပ်တည်မှု အခက်အခဲများ ဖြစ်ပေါ်နေရကြောင်း၊  မြေသိမ်းမှု ပြုလုပ်ခဲ့သော်လည်း မူရင်း နေထိုင်သူများကို လျော်ကြေးပေးခဲ့ခြင်း မရှိကြောင်း ဦးနိုင်ငံလင်းက ပြောသည်။

““တောင်သူတွေကတော့ သစ်တော မရှိတော့ပေမယ့် အဲဒီနေရာမှာ နေတုန်းပဲ။ အဲဒီမှာ မနေလည်း သူတို့ နေစရာမရှိဘူး။  သူတို့ အဓမ္မသိမ်းပြီး ခြံစည်းရိုးတွေ ခတ်ထားတဲ့ နေရာတွေမှာတော့ နေလို့မရဘူးပေါ့။ ကျန်တဲ့ နေရာတွေမှာ နေနေကြတယ်””ဟု ဦးနိုင်ငံလင်းက ပြောသည်။

ထိုသူများအတွက် လျော်ကြေး (သို့မဟုတ်) နေရာအစားရရန် ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး စုံစမ်းရေးကော်မရှင်သို့ တင်ပြသွားရန် စီစဉ်လျက်ရှိကြောင်း ၎င်းက ပြောသည်။

ဦးနိုင်ငံလင်းက ထိုသို့စီစဉ် ဆောင်ရွက်လျက် ရှိသော်လည်း ၎င်းအနေဖြင့် ဖြစ်စဉ်မှာ လယ်ဝေး မြို့နယ် အတွင်း၌ ဖြစ်၍ မိမိမဲဆန္ဒနယ်ဖြစ်သော ဒက္ခိဏသီရိ မြို့နယ်နှင့် ဆက်စပ်နေသော နယ်မြေ အဖြစ် အစားဝင် ဆောင်ရွက်ရခြင်းသာ ဖြစ်ကြောင်းလည်း ပြောသည်။

အဆိုပါ မြေသိမ်းမှုနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ““နဂိုကတည်းက လုပ်နေတဲ့ သူတွေ တချို့ကလည်း သူတို့ကိုယ်တိုင်က သစ်တောနယ်မြေ မြေလွတ်မှာ ကျူးကျော်နေတဲ့ သူတွေ ရှိတယ်။ အဲဒါကို သစ်တောတို့ စိုက်ပျိုးရေး လုပ်ကြမယ့် သူတွေကို ချပေးထားတာတော့ ရှိတယ်။ တချို့က ၀င်နေလိုက်ပြီး လျော်ကြေးတောင်းတာလည်း ရှိတယ်။ များသောအားဖြင့် နဂိုကတည်းက လုပ်နေတယ်၊ အထောက် အထားလည်း ရှိတဲ့ လယ်မြေတွေ ဘာတွေဆိုရင် အဲဒီသိမ်းတဲ့အချိန်မှာ ရှိတဲ့ပေါက်ဈေးအတိုင်း လျော်ကြေးပေးတယ်။ နဂိုကတည်းက အစိုးရမြေ၊ သစ်တောမြေမှာ ကျူးကျော်နေတဲ့သူဆိုရင် လျော်ကြေး ပေးတာ မရှိဘူး””ဟုပြောကြားသည်။

မူရင်း နေထိုင်သူများကို မြေသိမ်းစဉ်က လျော်ကြေးပေးအပ်မှု မရှိခဲ့သော်လည်း ချုံနွယ်များ ရှင်းလင်းစေကာ တစ်အိမ်ထောင်လျှင် ကျပ် (၇)သောင်းကို လုပ်ခအဖြစ် ပေးအပ်မှု ရှိခဲ့သည်။

နေပြည်တော်အတွင်း မြေယာ သိမ်းဆည်းမှုများနှင့် ပတ်သက်၍ နေပြည်တော် စတင်တည်ထောင်ခါစက လယ်မြေ တစ်ဧကလျှင် ကျပ်သုံးသိန်းခွဲ၊ ယာမြေတစ်ဧက နှစ်သိန်းခွဲ လျော်ကြေးပေးမှု ရှိသည့် အပြင် အိမ်ဝိုင်း အစားပေးခြင်းနှင့် သီးနှံလျော်ကြေး ပေးခြင်းလည်း ရှိခဲ့သည်။ သို့သော် ယခုကဲ့သို့  လျော်ကြေးမရဘဲ မြေသိမ်းဆည်းခံရသူများ မည်မျှ ရှိနေနိုင်သည်ကိုမူ အတိအကျ သိနိုင်ရန် စာရင်း ကောက်ယူမှုများ ပြုလုပ် နေကြောင်း ဦးနိုင်ငံလင်းက ပြောသည်။

လင်းယုန်

Myanmartandawsint Newspaper

မလေးရှားမှာ ပုန်းခိုနေသူ အလုပ်သမား တွေထံ မြန်မာသံရုံး ကိုယ်စား လှယ်အဖွဲ့ သွားပြီး အားပေး

ယနေ့ ၂၈.၁၂.၂၀၁၃ ညနေ ၅ နာရီခန့်တွင် မလေးရှားနိုင်ငံ အရှေ့ဒေသ ၊ ဘရုနိုင်းနယ်စပ် ၊ အာဆီယံတံတားဘေး သင်္ဘောကျင်း ရှိ အင်ဒိုနီးရှား အလုပ်သမားများ ၏ အုပ်စုဖွဲ့ ခြိမ်းခြောက်ခံခဲ့ရသော မြန်မာအလုပ်သမားများ ထံ သို့ မလေးရှားရောက် မြန်မာအလုပ်သမားရေးရာ တာဝန်ခံ ဦးစိုးဝင်း နှင့် မြန်မာသံရုံးမှ တာဝန်ရှိသူ ဦးလင်းမောင်မောင်ဝင်း ၂ ဦးတို့ ပထမဆုံး ချောမောစွာ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည် ။ ဓါတ်ပုံ - မလေးရှားရောက်မြန်မာများ

မလေးရှားနိုင်ငံ ဘရူးနိုင်းနယ်စပ်အနီး ဆာရာဝပ်ပြည်နယ်က မြန်မာအလုပ်သမား ၉၇ ယောက် ပိတ်မိနေတဲ့ စက်ရုံဆီကို မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးက မြန်မာအလုပ်သမားဆိုင်ရာ သံအရာရှိနဲ့ အလုပ်သမားကိုယ်စားလှယ်အဖွဲ့ ရောက်ရှိသွားပြီဖြစ်ပါတယ်။ တရားဝင်ရောက်ရှိ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ လုံခြုံရေးအပါအဝင် အလုပ်သမားတွေ မလေးရှားနိုင်ငံတွင်း ဆက်လက် အလုပ်လုပ်ကိုင်နိုင်ခွင့်နဲ့ နေရပ်ပြန်ခွင့်တွေကိုပါ ဆွေးနွေးနေကြပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာအလုပ်သမားတွေနဲ့ အင်ဒိုနီးရှား အလုပ်သမားတွေ အချင်းများရာကနေ အုပ်စုဖွဲ့တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့အတွက် မြန်မာအလုပ်သမားတွေ ပုန်းအောင်းနေရတာလည်း ဖြစ်ပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

မလေးရှား-ဘရူနိုင်းနယ်စပ် ဆာဘား ဆာရာဝပ်ကို ရောက်ရှိလာပြီဖြစ်တဲ့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးက အလုပ်သမားသံအရာရှိ ဦးစိုးဝင်းဦးဆောင်တဲ့ မြန်မာသံရုံးတာဝန်ရှိသူတွေနဲ့ မြန်မာအလုပ်သမား ၉၇ ယောက်တို့ဟာ ဒီဇင်ဘာလ ၂၈ ရက်နေ့ မလေးရှားစံတော်ချိန် ညနေလေးနာရီမှာ စက်ရုံဝင်းအတွင်းမှာ တွေ့ဆုံပြီး မြန်မာအလုပ်သမားတွေ အသက်အန္တရာယ်လုံခြုံဘေးကင်းမှု၊ အလုပ်လုပ်ကိုင်နိုင်ခွင့် ရေရှည်အာမခံချက် စတာတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားဖို့ စီစဉ်နေကြပြီဖြစ်ပါတယ်။ အလုပ်သမားတွေနဲ့တွေ့ဆုံတဲ့အချိန် အလုပ်သမားတွေရဲ့ လက်ရှိတွေ့ကြုံနေရတဲ့ အခက်အခဲတွေ၊ ဆန္ဒသဘောထားတွေကို မေးမြန်းဆွေးနွေးခဲ့တာမှာတော့ အလုပ်သမားအများစုက မြန်မာပြည် ပြန်လိုကြတဲ့ဆန္ဒရှိတယ်လို့ မြန်မာအလုပ်သမားဆိုင်ရာ သံအရာရှိဦးစိုးဝင်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“သူတို့လည်း ရောက်တော့ ဝမ်းသာကြပါတယ်။ အခက်အခဲရှိတာ ပြောဆိုတော့ သူတို့ ပြောကြတယ်။ ပြန်ချင်တယ်ပေါ့နော်။ သူတို့အားလုံးပြန်ချင်တယ်ဆိုတော့ ပြန်ချင်တယ်ဆိုတာက မလေးရှားမှာက သူ့မလေးရှားဥပဒေနဲ့သူ ရှိသေးတယ်။ ပြီးတော့ သူတို့ စာချုပ်ပြည့်လား၊ မပြည့်လား အလုပ်ရှင်နဲ့ပြန်ပြီးတော့ တိုင်ပင်ဖို့ရှိသေးတယ်။ အလုပ်သမားတွေကြည့်ရတာ အေးအေးဆေးဆေးပါပဲ၊ သူတို့လည်း ဘာမှအခက်အခဲတော့ မရှိဘူး။ အဲဒီ ဂိုဒေါင်ထဲမှာပဲ နေကြရတာ။ လုံလုံခြုံခြုံပါပဲ။ လုံခြုံရေးကတော့ အားလုံးပါ၊ အခု ဒီဆိုဒ်ထဲမှာ ခြံစည်းရိုးနဲ့ကာထားတယ်။ လုံခြုံရေးတွေ ဘာတွေလည်း အကုန်ရှိပြီးသား။ စက်ရုံဘက်ကတော့ ဒီဟာအတွက် ညှိနှိုင်းပေးဖို့ သူတို့အခက်အခဲတွေလည်း ရှိတယ်ပေါ့။ ဒါပေမယ့် ကျနော်တို့က ဒီက မေတ္တာရပ်ခံထားတော့ သူတို့ဘက်ကလည်း လိုက်လျောဖို့ အခြေအနေတော့ ရှိပါတယ်။”
အခုလက်ရှိအခြေအနေမှာတော့ မြန်မာအလုပ်သမား ၉၇ ယောက်ဟာ သူတို့ပုန်းအောင်းနေတဲ့ ဂိုဒေါင်ထဲမှာပဲ ဆက်လက်နေထိုင်လျှက်ရှိပြီး မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိနဲ့အဖွဲ့ကလည်း အလုပ်သမားတွေနေထိုင်ရာ နေရာနဲ့မလှမ်းမကမ်းမှာပဲ တည်းခိုနေပြီး နေရပ်ရင်းပြန်လိုတဲ့ အလုပ်သမားတွေအတွက် မလေးရှားနိုင်ငံဆိုင်ရာ အလုပ်သမားဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ မြန်မာသံရုံးအနေနဲ့ မြန်မာအလုပ်သမားအေဂျင်စီ၊ မလေးအလုပ်သမားအေဂျင်စီ၊ စက်ရုံတာဝန်ရှိသူတွေနဲ့ မလေးရှားအစိုးရဘက်က အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေတယ်လို့  လက်ရှိအခြေအနေကို အလုပ်သမားဆိုင်ရာ သံအရာရှိဦးစိုးဝင်းကပြောပြပါတယ်။

“လောလောဆယ်တော့ တနင်္လာနေ့မှာ ကျနော်တို့ ဆွေးနွေးဖို့ လုပ်ထားပါတယ်။ အခု အကူအညီပေးဖို့ လုပ်နေပါတယ်။ သူတို့နဲ့တွေ့ပြီး အေးအေးဆေးဆေး၊ သူတို့ရဲ့တောင်းဆိုမှုကလည်း ဘာမှ မရှိပါဘူး၊ ပြန်ဖို့လေးပဲ သူတို့ တောင်းဆိုတာပါ။ ပြန်ဖို့ဆိုတာ အလုပ်ရှင်နဲ့ အလုပ်သမားပေါ်မှာ မူတည်တယ်လေ။ အလုပ်ရှင်၊ အလုပ်သမား တွေ့ဆုံညှိနှိုင်းပြီးတော့ ဒီအဖြေကို ရှာမှ ရမယ်။ စားဝတ်နေရေးလည်း ကျနော်တို့ အလုပ်ရှင်ကို တခါတည်းပြောပြီးပါပြီ။ မနက်ဖြန်ကစပြီး သူတို့အတွက် သီးခြားစီစဉ်ပေးပါမယ်။ စက်ရုံဝန်းထဲမှာ၊ စက်ရုံဝန်းကြီးက အကျယ်ကြီးပဲ၊ ခလယ်ခေါင်လောက်မှာ ဂိုဒေါင်ကရှိတယ်။”

စက်ရုံမှာ မြန်မာအလုပ်သမားအချို့နဲ့ အင်ဒိုနီးရှား အလုပ်သမားအချို့ အချင်းများရာကနေ စခဲ့တဲ့ ပြဿနာကြောင့် အင်ဒို အလုပ်သမားတွေက မြန်မာအလုပ်သမားတွေနေထိုင်ရာ အလုပ်သမားတန်းလျားတွေကို ဖျက်ဆီးတိုက်ခိုက်ခဲ့ကြပါတယ်။ ဒီ့အတွက် ဒီဇင်ဘာလ ၂၃ ရက်နေ့ကစပြီး စက်ရုံဝင်းအတွင်းက ဂိုဒေါင်တစ်ခုမှာ မြန်မာအလုပ်သမား ၉၇ယောက် ပုန်းအောင်းနေထိုင်နေကြ ရတာဖြစ်ပါတယ်။ အခင်းဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး မလေးရှားမှာ အမှုဖွင့်ထားပြီး အလုပ်သမားတွေနဲ့ မြန်မာသံရုံးအလုပ်သမား  တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးနေကြဆဲအခြေအနေကို ဦးစိုးဝင်းကရှင်းပြပါတယ်။

“အင်ဒိုနီးရှားတွေကတော့ အလုပ်သမား ၂ ယောက်လောက် ရဲက ခေါ်ပြီးတော့ ရဲနဲ့ အမှုတော့ ဖွင့်ထားတယ်။ လိုအပ်တာတွေ မေးတယ်။ လိုအပ်တာတွေ အကုန်ဖြည့်ဆည်းပေးတယ်။ စားဝတ်နေရေးအတွက်လည်း အဆင်ပြေအောင် အကုန်လုံးဖြည့်ဆည်းပေးတယ်။ ဆေးဝါးကစပြီးတော့ လိုအပ်တာပြော၊ ကျန်းမာရေးအခြေအနေတွေနဲ့ အကုန်လုံး အမြဲတမ်းဆက်သွယ်ဖို့- ကျနော်တို့လည်း သူတို့နဲ့ မလှမ်းမကမ်းမှာပဲ တည်းပါတယ်။ အေဂျင်စီတွေက လာနေတုန်းပဲ။ ကွာလာလမ်ပူကနေ ကွစ်ချင်းကိုတော့ လေယာဉ်စီးနေပါတယ်။ ၇ နာရီလောက် ကွစ်ချင်းရောက်မယ်။ အခု လေယာဉ်က အရမ်းကို အခက်အခဲဖြစ်နေပါတယ်။ လာတော့ လာနေတုန်းပဲ။”

အခုလောလောဆယ်အခြေအနေမှာတော့ ပုန်းအောင်းနေရတဲ့ မြန်မာအလုပ်သမားတွေ အရေးတကြီးလိုအပ်နေတဲ့ စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ လိုအပ်တဲ့ဆေးဝါးအသုံးအဆောင်ပစ္စည်းတွေအတွက် မြန်မာသံရုံးတာဝန်ရှိသူတွေက စီစဉ်ဆောင်ရွက်နေပါတယ်။ မလေးရှားရှိ မြန်မာသံရုံးက မလေးရှားတာဝန်ရှိသူတွေကို အခုဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မြန်မာအလုပ်သမားတွေ လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်မှုပေးဖို့ တောင်းဆိုထားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက အခု ဂိုဒေါင်တဝိုက်လုံခြုံရေးဆောင်ရွက်ပေးထားလို့ မြန်မာအလုပ်သမားတွေရဲ့ လက်ရှိအခြေအနေမှာ စိုးရိမ်စရာ အနေအထားမရှိတော့ဘဲ အခြေအနေဟာ လက်ရှိအချိန်မှာတော့ အေးဆေးတည်ငြိမ်နေပြီ ဖြစ်တယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိက ဗွီအိုအေကို ပြောပါတယ်။

မဆုမွန် (ဗွီအိုအေ)

ဦးခင်ညွှန့်ကို နိုင်ငံရေးမလုပ်ဖို့ အလိုတော်ပြည့်ဆရာတော်က သတိပေးဟုဆို


စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွှန့်ကို နိုင်ငံရေးမလုပ်ဖို့ အလိုတော်ပြည့်ဆရာတော် က ပြင်းပြင်းထန်ထန်သတိပေးစကား မိန့်ကြားခဲ့တယ်လို့ သံတော်ဆင့် သတင်းတပုဒ်က ဆိုပါတယ်။ 

အလိုတော်ပြည့်ဆရာတော်က ဦးခင်ညွှန့်ကို  ဘာသာရေး လုပ်မယ်ဆို ဘာသာရေးကိုပဲ လုပ်ဖို့ အခု 
နိုင်ငံရေး အခင်းအကျင်းမှာ ပါဝင်ပတ်သက်မယ်ဆိုရင် အားမပေးဘူးလို့ မိန့်ကြားခဲ့တယ်လို့ မြန်မာ သံတော်ဆင့်က ဖော်ပြထားပါတယ်။ 

ဧရာဝတီနဲ့ ဦးခင်ညွှန့် မေးမြန်းခန်းမှာလည်း နိုင်ငံရေးမလုပ်ဘူးဆိုတဲ့အကြောင်း ၃ ကြိမ်တောင် ပြောခဲ့ပါ တယ်။ ဒါပေမယ့် တိုင်းပြည် ငြိမ်းချမ်းသာယာရေးအတွက် ဦးခင်ညွှန့်အမျိုးသား နိုင်ငံရေးလုပ်မှာဖြစ်တယ် လို့ ပြောခဲ့ဖူးပါတယ်။

အလိုတော်ပြည့်ဆရာတော်ဟာ စစ်အစိုးရလက်ထက်တွေတုန်းက ဦးခင်ညွှန့်နဲ့ ဆရာတပည့်ရယ်လို့ လူတွေ က ပြောခဲ့ကြတာပါ။ ဒီအပြင် အခြား စစ်အစိုးရ ခေါင်းဆောင်တွေကလည်း ဆရာတော်ကို မကြာခဏ ဖူးမျှော်ပူဇော်တာတွေ ရှိခဲ့တာပါ။


ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း မကြာခဏဆိုသလို အလိုတော်ပြည့် ဆရာတော်ဆီ သွားရောက် ဖူးမျော်တာတွေလည်း ရှိခဲ့ပါတယ်။  

ဦးခင်ညွှန့်အနေနဲ့ နေအိမ်အကျယ်ချုပ်ကလွတ်လာပြီးနောက်ပိုင်း တကြော့ပြန် ရုပ်/သံ လူမြင်ကွင်းမှာတော့ သူရ ဦးရွှေမန်းနဲ့အတူ ပထမ ပြန်လည် ပေါ်ထွက်လာခဲ့ပြီးနောက်ပိုင်း မီဒီယာတွေနဲ့ ထိတွေ့မှုတွေကိုတော့ အတော်သတိထားခဲ့တာပါ။ 

လူပြောအများဆုံး ဖြစ်ခဲ့တာကတော့ ဦးမြတ်ခိုင် ရေးသားထုတ်ဝေတဲ့ ဦးခင်ညွန့်နဲ့ အင်တာဗျူး စာအုပ် မိတ်ဆက်ပွဲတုန်းကတော့ နိုင်ငံရေးအကျဉ်းသားတွေဟာ ဥပဒေချိုးဖောက်တဲ့ ရာဇဝတ်အကျဉ်းသားတွေ သာ ဖြစ်တယ်လို့ ပြောဆိုခဲ့မှုဟာ အတော်ပွဲဆူသွားစေခဲ့တာပါ။ 

အဲဒီလိုတွေ ပြောဆိုခဲ့ပြီးနောက်ပိုင်းမှ အခုလို အလိုတော်ပြည့်ဆရာတော်က ဦးခင်ညွှန့်ကို မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ မပါဖို့ သတိပေး ဟန့်တားတာ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ 

အခုလို အလိုတော်ပြည့်ဆရာတော်ရဲ့ သတိပေး ဟန့်တားမှုရဲ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းတွေ ရှိ နေတယ်ဆိုတာတော့ သိသူ အတော်နည်းမယ်လို့ ထင်ပါတယ်။ 

လင်းသန့် ~

ပဲခူးမြို့ရှိ ဗလီတစ်ခုအား မွတ်စလင်ဘာသာဝင်(၈)ဦး ၀င်ရောက်ဖျက်ဆီး


ပဲခူးမြို့၊ အမှတ်(၂)ရဲစခန်းအပိုင်၊ ဇိုင်ဂနိုင်း မြောက်ပိုင်း ရပ်ကွက်၊ (၅)လမ်းရှိ ဂျာမေဗလီအား(၂၈.၁၂.၂၀၁၃)နေ့ နေ့လည်(၁၂း၀၀)အချိန်ခန့်က မွတ်စလင်ဘာသာဝင်(၈)ဦး လာရောက်ဖျက်ဆီးမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း Myanmar News Now မှ သတင်းရရှိ ပါတယ်။

အဆိုပါ ဗလီအား ပဲခူးမြို့ မှာ နေထိုင်သူတွေ ဖြစ်တဲ့ အီစွတ်(ခ)အောင်ကိုလတ်၊ ရာဂျဟန်(ခ)ကျော်စိုးမိုး၊ ရှဖီး(ခ)မျိုးဇော်ဝင်း၊ ဘာဘူ(ခ)ကျော်နိုင်၊ စွပ်တန်(ခ)သိန်းတန်၊ လသစ်(ခ)ရဲနောင်၊ ကာစင်(ခ) မင်းအောင်ထွန်းနှင့် စလေမန်(ခ)ဇော်လွင် တို့ က ဖျက်ဆီး ခဲ့တာဖြစ်ပါတယ်။

ဗလီအ၀င် ဘာဂျာတံခါးသော့အား ဖျက်ဆီးခြင်း၊ အလူမီနီယံ မှန်ဘောင် သော့(၂)ချောင်းအား ဖျက်ဆီးခြင်း၊ ဗလီအတွင်းရှိ သုံးထပ်သား သင်ပုန်အား ဖြုတ်ချခြင်း၊ ဗလီရုံးခန်း တံခါးသော့များအား ဖျက်ဆီးခဲ့ခြင်းများ ရှိခဲ့တယ်လို့ ဖျက်ဆီးခံရစဉ်မှာ ကိုယ်တိုင်ရှိနေတဲ့ ဂျာမေဗလီဥက္ကဌ ဦးတင်လှ က ပြောပါတယ်။

ယခုအခါ ဗလီအား လာရောက် ဖျက်ဆီးသူများအား ဦးတင်လှ မှ တရားလိုပြုလုပ်၍ ပဲခူးအမှတ်(၂)စခန်းသို့ တိုင်ကြားခဲ့ရာ စခန်းမှ (ပ)၄၄၆/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၂၉၅ (ဘာသာ သာသနာ ပစ္စည်းများ ဖျက်ဆီးခြင်း)/၄၄၈ (အဆောက်အဦးအတွင်း ကျူးကျော်ဝင်ရောက်ခြင်း) /၄၂၇(အကျိုးဖျက်ဆီးခြင်း)များ အရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိတယ်။

ကိုသန့် ဇင်

BY THIT HTOO LWIN

Saturday, December 28, 2013

ပုဒ်မ(၁၈)ကို ပယ်ဖျက်ထားပြီးဖြစ်သော်လည်း.......


်ါ
ငြိမ်းချမ်း စွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီ တန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပ ဒေကိုပြင်ဆင်ထားသည့် ဥပဒေ ကြမ်းတွင် ပုဒ်မ၁၈ကို ပယ်ဖျက် ထားပြီးဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးအင်အားစုများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများက ပြင်းထန်စွာ ကန့်ကွက် နေသည့် အဆိုပါပုဒ်မအပြင် မူလဥပဒေပါ ပြဋ္ဌာန်းချက်တချို့ ကိုလည်း ပြင်ဆင်ထားကြောင်း ဒီဇင်ဘာ ၁၃ရက်ထုတ် နိုင်ငံ တော်ပြန်တမ်း ၏ ဖော်ပြချက် အရ သိရသည်။

ယင်းပြန်တမ်းတွင် ပြင် ဆင်သည့် ဥပဒေကြမ်း၌ မူလ ဥပဒေပါ အခန်း(၇) ပြစ်မှုနှင့် ပြစ်ဒဏ်များ အခန်းမှ ပုဒ်မ၁၈ကို ဖြုတ်ထားပြီး ဥပဒေပါခွင့်ပြုမိန့် ဆိုသည့် စာသားများနေရာတွင် အကြောင်းကြားစာ၊ အကြောင်း ပြန်ကြားစာ စသည့် စကားလုံး များဖြင့် အစားထိုးထားတာကာ အခန်း(၄) ခွင့်ပြုမိန့်ထုတ်ပေး ခြင်းနှင့် ငြင်းပယ်ခြင်းစာသား နေရာတွင် အကြောင်းကြားစာ အား ကူညီဆောင်ရွက်ခြင်းဟူ ၍ ပြင်ဆင်ထားသည်ကို တွေ့ ရသည်။

အခန်း(၄)ပုဒ်၅ကို ပြင်ဆင် ထားချက်အရဆိုပါက သက် ဆိုင်ရာ  မြို့နယ်ရဲတပ်ဖွဲ့မှူးသည် သက် ဆိုင်ရာ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ၏အကူအညီဖြင့် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေး၊ ရပ်ရွာ အေးချမ်းသာယာ ရေး(သို့) ပြည်သူ့အကျိုးငှာပြ ဋ္ဌဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်စေရန် အကြောင်း ကြားစာပေးပို့သူနှင့် ညှိနှိုင်းဆွေး နွေး ပူးပေါင်းဆောင်ရွက်ပေး ရမည်ဟုပါရှိသဖြင့် ယင်းပုဒ်မ ပြင်ဆင်ချက်အရ ယခင်ကဲ့ သို့ ခွင့်ပြုမိန့် လျှောက်ထားခြင်းကို ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းပယ် ခြင်းပြုနိုင်သည်ဆိုသည့် စာသား ကို ပယ်ဖျက်ထားသည်ကိုတွေ့ ရပြီး ယခင်နိုင်ငံရေးအင်အားစု များနှင့် အရပ်ဖက်လူမှုအဖွဲ့ အစည်းများမှ တောင်းဆိုထား သည့် အချက် အများစု ကို ပြင် ဆင်ပေးထားသည်ကိုလည်း တွေ့ရသည်။

သို့ရာတွင် ထိုသို့နိုင်ငံ တော်ပြန်တမ်းပါ ငြိမ်းစုစီဥပဒေ ကိုပြင်ဆင်သည့် ဥပဒေကြမ်း တွင်ပြင်ဆင်ထားသည့် အချက် များနှင့်ပတ်သက်၍ ပုဒ်မ-၁၈ ကိုဖျက်သိမ်းပေးထားမှုမှာ အ ပြုသဘောဆောင်သော်လည်း တချို့ပြင်ဆင်ချက်များမှာ စကားလုံး အရ ပြင်ဆင်မှုများသာဖြစ် ကာ ဥပဒေ၏ အနှစ်သာရ ပြောင်းလဲမှုကိုမူ မတွေ့ရသေး ကြောင်း၊ လွှတ်တော်၏ဆုံးဖြတ် မှုအခြေအနေကို စောင့်ကြည့် ရန်လိုအပ်နေသေးကြောင်း ပုဒ်မ -၁၈ဖျက်သိမ်းရေး လှုပ်ရှားနေ သူများနှင့် အဖွဲ့ အစည်း အသီး သီးမှ ပြောကြားကြသည်။

လက်ကျန်နိုင်ငံရေးအ ကျဉ်းသားများ စိစစ်ရေးကော် မတီဝင် ဦးရဲအောင်က ''ဒါကို ကျွန်တော် သေချာတော့ မသိ ဘူး။ ဒါပေမဲ့ ဒီပြင်ထားတဲ့ဟာ မှာ ပြန်လှည့်ထားတာရှိတယ်။ ဘာလဲဆိုတော့ ခွင့်ပြုမိန့်ဆိုတဲ့ နေရာမှာ အကြောင်းကြားစာ ဆိုပြီး စကားလုံး နဲ့ပြန်လှည့်ထား တာဖြစ်တယ်။ ပြီးတော့ အ ကြောင်းကြားစာကို လက်ခံပြီး ရင် ပြန်ပြီးအကြောင်းကြားစာ ကို စောင့်ရဦးမယ်။ ကျွန်တော် တို့လိုချင်တာက နိုင်ငံတကာမှာ လဲ ရှိပြီးသားပါ။ အကြောင်း ကြားရမယ် ဆိုတာ ကို လက်ခံ တယ်။ ဒါပေမဲ့ ခွင့်ပြုမိန့်(အ ကြောင်းကြားစာ)ကို ပြန်စောင့် ရမယ်ဆိုတာကို လိုချင်တာမ ဟုတ်ဘူး။ ဒါဟာ စကားရပ်နဲ့ပဲ လှည့်ထားတာဖြစ်တယ်''ဟု သုံးသပ်ပြောသည်။

ပုဒ်မ-၁၈ကို ဖြုတ်ထားပြီး ၁၈နှင့် အရေးမယူသော်လည်း ခွင့်ပြုခြင်းမရှိဘဲ လုပ်မည်ဆို ပါက တခြားပြစ်ဒဏ်များဖြင့် အရေးယူမည်ဆိုသည့် သဘော ဖြစ်နေကြောင်း အမှန်တကယ် ဖြစ်သင့်သည်မှာ ဥပဒေတစ်ခု ပြဋ္ဌဌာန်းမည်ဆိုပါက အခြေခံ ဥပဒေ တွင် ပါသည့် အချက်များ နှင့် ကိုက်ညီမှုရှိမရှိ ကြည့်ရှုစစ် ဆေးရမည်ဖြစ်ကာ အခြေခံ ဥပဒေခုံရုံးသို့ ပေးပို့ဆန်းစစ် သင့်ကြောင်း၊ ယခုအခြေအနေ သည် ခုံရုံးကိုမေ့ထားသကဲ့သို့ ဖြစ်နေကြောင်း၊ ငြိမ်းစုစီဆိုသည် မှာ နိုင်ငံတကာတွင် ရှိပြီး သား ဖြစ်ကာ မြန်မာနိုင်ငံတွင်လည်း ရှိသင့်သည့် ဥပဒေတစ်ခုဖြစ် ကြောင်း၊ သို့ရာတွင် ဒီမိုကရေစီ စနစ်၌ လူတစ်ဦးစီ၏အခွင့်အ ရေးကို ကူညီစောင့်ရှောက်ပေး ကာ တခြားတစ်ဖက်တွင် ပြည် သူများ၏လွတ်လပ်ခွင့်ကို ကာ ကွယ် စောင့် ရှောက် ပေးသည့် ဥပဒေမျိုးဖြစ်သင့်သည်ဟု ယင်း က ဆက်လက်ပြောသည်။

ပုဒ်မ-၁၈ဖြင့် ဖမ်းဆီးခံခဲ့ ရပြီး ဒီဇင်ဘာ၁၁ရက်တွင် ပြန် လည်လွတ်မြောက်လာခဲ့သည့် ဦးဒီငြိမ်းလင်းက ''အခုလို ပုဒ်မ -၁၈ကိုဖြုတ်ထားတာ ပြင်ဆင် ချက်အချို့ကို ပြင်ဆင်ပေးထား တာက အပြုသဘောဆောင် ပေမယ့် ဘယ်လို ပုံစံနဲ့ပြင် ဆင် ထားတယ်ဆိုတာလဲ မသိသေး ဘူး။ လွှတ်တော်မှာ ဒါကိုဆွေး နွေးဖို့ရှိတယ်ဆိုတာလဲ သိထား ရတဲ့အတွက် စောင့်ကြည့်ရဦး မယ်။ စာသားအရ ပြောင်းလဲ ထားပေမယ့် အနှစ်သာရအ ပြောင်းအလဲက ဘယ်လိုရှိလာ မလဲ လွှတ်တော် မှာဆွေး နွေး တဲ့အခါ အပြင်မှာလဲ အားလုံး က ဒါကို ပြင်းပြင်းထန်ထန်ကန့် ကွက်နေကြတယ်ဆိုတာလဲ သိ ပြီးသားဖြစ်တဲ့အတွက် ပြည်သူ့ အသံ၊ ဆန္ဒ ဘယ်လောက်ထိ ဖော်ဆောင်နိုင်မလဲ ကြည့်ပြီး မှ လက်တွေ့လက်ခံ ရပါလိမ့် မယ်''ဟု ဆက်သွယ် မေးမြန်း မှုကို ဖြေကြားသည်။

ပြင်ဆင်သည့်ဥပဒေကြမ်း ပါ ပြင်ဆင်ထားသည့်အချက် များမှာ စကားအားဖြင့် ပျော့ ပျောင်းလာသော်လည်း ဥပဒေ အရ တင်းမာလျက်ရှိပြီး ခွင့်ပြု မိန့်တောင်းခံခြင်းကို လုပ်မြဲအ တိုင်း တောင်းခံရမည်ဖြစ်ခြင်း ပုဒ်မ-၁၉ကို ပြင်ဆင်ခြင်းမရှိ သည့် အတွက် ယင်းပုဒ်မပါပြစ် ဒဏ်များအတိုင်း ချမှတ်ခံရမည် ဖြစ်ခြင်းတို့ကြောင့် ပြင်ဆင်ချက် တချို့ရှိလာသော်လည်း ယင်း တို့မှာမလုံလောက်ဘဲ ဥပဒေ တစ်ခုလုံးကို ဖျက်သိမ်းသင့် ကြောင်း ရှေ့နေများကွန်ရက် အဖွဲ့ဝင် တရားလွှတ် တော်ရှေ့  နေ ဦးကြီးမြင့်က ပြောသည်။


ကောင်းမြတ်ကျော်၊ ရွှေရည်မဉ္ဇူ / Yangon Media Group

ဖွဲ့စည်းပုံ ပြင်ပြင်/မပြင်ပြင် အန်အယ်လ်ဒီ ရွေးကောက်ပွဲဝင်မည်

 
၂၀၁၅ ရွေးကောက်မှာ NLD ၀င်ပြိုင်ကိုပြိုင်မယ်လို့ အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ဒီဇင်ဘာ ၂၈ရက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီ အစည်အဝေးအပြီး တောင်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ အချက်ပေါင်း ၁၆၈ ချက်ကို ပြင်ဆင်ဖို့ လွှတ်တော်ကော်မတီထံ အကြံပြုတင်ပြဖို့ရှိပြီး ဖွဲ့စည်းပုံပြင်ပြင် မပြင်ပြင် ၂၀၁၅ ရွေးကောက်ပွဲဝင်မယ်လို့ အဖွဲ့ချုပ် ဗဟိုကော်မတီ အစည်းအဝေး အပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြား လိုက်ပါတယ်။


 By ဒီဗွီဘီ

ပြန်ပေးတရားခံ သုံးဦးအနက် တစ်ဦးကို ထပ်မံဖမ်းမိ

 
လင်မယားနှစ်ဦးကို ကျပ်သိန်းနှစ်ထောင်ဖြင့် ပြန်ပေးဆွဲခဲ့သည့် တရားခံသုံးဦးအနက် တစ်ဦးကို ဒီဇင်ဘာ ၂၅ ရက်က နယ်စပ်တွင် ထပ်မံဖမ်းဆီးမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ပြည်သူတစ်ဦး၏ သတင်းပေးမှုကြောင့် မြ၀တီမြို့တွင် ဒီဇင်ဘာ ၂၅ ရက်က ဖမ်းဆီးရခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၆ ရက် က တွံတေးမြို့နယ်အတွင်းနေထိုင်သော ဇနီးမောင်နှံနှစ်ဦးသည် တွံတေးမြို့နယ်မှ ဒလမြို့သို့ ဆိုင်ကယ်စီး၍သွားစဉ် ပိတ်ဆွယ်ရွာသို့ ရောက်သည့်အခါ အမျိုးသားသုံးဦးက ကားပေါ်သို့ ဆွဲတင်ကာ ပြန်ပေးဆွဲသွားခဲ့သည်။ ထို့နောက် ပြန်ပေးဆွဲခံရသည့် လင်မယားနှစ်ဦးကို ငွေ ကျပ်သိန်းနှစ်ထောင်ဖြင့် လာရောက်ရွေးရန် ညီမဖြစ်သူအား အကြောင်းကြားခဲ့သည်။ ထို့သို့ ပြန်ပေးဆွဲ၍ ဖမ်းဆီးခေါ်ဆောင်သွားစဉ် လမ်းခုလပ်တွင် ၎င်းတို့ ကားပျက်သွားခဲ့၍ ရပ်ထားစဉ် ပြန်ပေးဆွဲခံရသူနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သတင်းရရှိသည်။

ထို့နောက် ၎င်းတို့ကို သက်ဆိုင်ရာမှ လိုက်လံဖမ်းဆီးခဲ့သော်လည်း ဖမ်းဆီးရမိခြင်းမရှိ၍ ၎င်းတို့သုံးဦးကို ဖမ်းဝရမ်းထုတ်ခဲ့သည်။ ထိုသို့ ဖမ်းဝရမ်းထုတ်ပြီး ၁၀ ရက်ခန့်အကြာတွင် ပြန်ပေးဆွဲသူသုံးဦးအနက် အသက် (၃၃) နှစ်ရှိ သံပါးစပ်(ခ)စိုးမင်းဦးအား နိုဝင်ဘာ ၂၆ ရက်က ဖမ်းဆီးနိုင်ခဲ့သည်။

ထို့အပြင် ကထီး(ခ)သူရဇော်ဦးကိုလည်း ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်ဖြင့် မြ၀တီမြို့တွင် ဒီဇင်ဘာ ၂၅ ရက်က ထပ်မံ၍ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။  သို့သော် ကျန်တစ်ဦးဖြစ်သူ ထောင်ဒဏ် ၆၄ နှစ် ကျခံရာမှ တရားခံပြေးတစ်ဦးဖြစ်သော အသက် (၄၁) နှစ်အရွယ် ကျော်ဝင်းစိန်(ခ)ကျင်စိမ်းမှာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်။ 

လက်ရှိဖမ်းဆီးမိထားသော ပြန်ပေးသမားနှစ်ဦးမှာလည်း ထောင်အတွင်းမှ ထွက်ပြေးလာခဲ့သူများဖြစ်ကာ စိုးမင်းဦး(ခ) သံပါးစပ်သည် ထောင်ဒဏ် ၁၇ နှစ် ကျခံထားရသည့် အကျဉ်းသားဖြစ်သည်။ယင်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ  တွံတေးစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိပေ။

7day Daily

» အာဏာသိမ်းမည့်ကိစ္စ ထိုင်းစစ်ဦးစီးချုပ်က အပြတ်မပြော

 
ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲကို အကြောင်းပြုလို့ ရဲနဲ့ ဆန္ဒပြသမားတွေ ထိပ်တိုက်တွေ့နေချိန်မှာ  အာဏာသိမ်းနိုင်တဲ့ ဖြစ်နိုင်ချေနဲ့ပတ်သက်လို့ ထိုင်းစစ်ဦးစီးချုပ် ပရာယု ချန်း အိုချာ က အပြတ်မပြောပါဘူး။

“အာဏာသိမ်းနိုင်ချေ တံခါးကတော့ ဖွင့်တာလည်းမဟုတ်ဘူး၊ ပိတ်ထားတာလည်း မဟုတ်ဘူး။ အခြေအနေပေါ် မူတည်ပြီး ဘာမဆို ဖြစ်နိုင်တယ်လို့” ထိုင်း စစ်ဦးစီးချုပ်က ဒီဇင်ဘာ ၂၇ ရက်နေ့က ပြောပါတယ်။

လောလောဆယ်မှာတေ့ ထိုင်းစစ်တပ်ဟာ အစိုးရနဲ့ ဆန္ဒပြသမားတွေအကြားမှာ ငြိမ်းချမ်းတဲ့ ညှိနှိုင်းတာမျိုးကို ထောက်ခံနေတယ်လို့ ပြောပါတယ်။

“ပြည်သူတွေက စစ်တပ်ကို ထောက်ခံဖို့ ကောင်းတယ်၊ စစ်တပ်က မှန်တာလုပ်နိုင်ဖို့ ကြိုးစားနေတယ်။ အရင်လုပ်ရိုးလုပ်စဉ် နည်းလမ်းတွေအတိုင်း အင်အားသုံးတဲ့ နည်းကို စစ်တပ်က မလုပ်ဘူး။ ညှိနှိုင်းတဲ့ နည်းလမ်းနဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ အဖြေရှာနိုင်ဖို့ ကြိုးစားနေတယ်။”

စစ်တပ်ဟာ နောက်ဆုံး ပေါ်ပေါက်နေတဲ့ ပဋိပက္ခမှာ ဘက်မလိုက်ဘဲ ရပ်တည်နေပါတယ်။

ဆန္ဒပြခေါင်းဆောင် ဒုဝန်ကြီးချုပ် ဆူထေ့ပ်က စစ်တပ်ကို  အစိုးရ ဆန့်ကျင်တဲ့ ဘက်က ရပ်တည်ပေးဖို့ ကြိုးစားခဲ့ပေမယ့် စစ်တပ်က ဖျန်ဖြေတဲ့ နေရာမှာပဲ ဆက်နေပါတယ်။

ထိုင်းစစ်တပ်ဟာ လွန်ခဲ့တဲ့ နှစ် ၈၀ အတွင်းမှာ ၁၈ ကြိမ် အာဏာသိမ်းခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ၀န်ကြီးချုပ်သက်ဆင်ရဲ့ လက်ထဲကနေ အာဏာသိမ်းခဲ့ပါတယ်။

By ဒီဗွီဘီ

၂၀၁၄ မှာ အစိုးရအဖွဲ့ အပြောင်းအလဲ အကြီးအကျယ်ဖြစ်နိုင်တယ် – စံဇာဏီဘို



၂၀၁၄ ခုနှစ်ထဲ အစိုးရအဖွဲ့ အပြောင်းအလဲ အကြီးအကျယ်ဖြစ်နိုင်တယ်လို့ နက္ခတ ပညာရှင် စံဇာဏီဘိုက ခန့်မှန်းတွက်ချက် ပြောလိုက်ပါတယ်။

အခြေခံလူတန်းစားတွေ ကျပ်တည်းမြဲ ကျပ်တည်းနေပြီး ချမ်းသာတဲ့သူတွေ ပိုချမ်းသာသွားဖို့ရှိတယ်၊ လူလတ်တန်းစားနဲ့ ချမ်းသားတဲ့လူတွေကြား ကွာဟချက် ပိုကြီးမားသွားမယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ပဋိပက္ခတွေ ဆက်ဖြစ်နိုင်သေးတယ်၊ အထူးသတိပြုဖို့ လိုမယ်လို့ ပြောပါတယ်။

၂၀၁၄ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဆရာ စံဇာဏီဘိုကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဆရာ ဒီ ၂၀၁၄ မှာ အရင်ဦးဆုံး ဆရာတို့အနေနဲ့ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဘယ်လိုများ ခန့်မှန်းတွက်ချက်လို့ ရထားပါလဲ။

san zar ne bo“၂၀၁၄ နိုင်ငံရေးမှာတော့ ထူးခြားတဲ့အပြောင်းအလဲ တခုခုတော့ သေချာပေါက်ဖြစ်မယ်။ ရက်အားဖြင့် ၂၀၁၄ ဇူလိုင်လ ၁၂ ရက်နေ့ကနေ နိုဝင်ဘာလ ၅ ရက်နေ့အတွင်းမှာ ကောင်းသော အပြောင်းအလဲတခုဖြစ်မယ်။ တခုနဲ့ တခုကြား နောက် ရွေးကောက်ပွဲ မတိုင်ခင်နဲ့ နောက်အစိုးရကြား  တည်ရှိနေတဲ့ အပြောင်းအလဲတခုဖြစ်မယ်။ နောက်ပြီးတော့ စိုးရ အဖွဲ့အစည်းကြီးတခုလုံးရဲ့ပုံသဏ္ဌာန် အပြောင်းအလဲကြီးဖြစ်မယ်။ အဲဒီရက်ကတော့ တိုင်းပြည်ရဲ့ ဖွဲ့စည်းမှုပုံသဏ္ဌာန် အပြောင်းအလဲနဲ့ နိုင်ငံရေးအပြောင်းအလဲ အကြီးစားဖြစ်မယ့် ကာလ ဖြစ်ပါတယ်။”

 စီးပွားရေးကော ဘယ်လိုမျိုးတွက်ချက်လဲ ခင်ဗျ။

 “စီးပွားရေးကတော့ ၂၀၁၄ မှာ တကမ္ဘာလုံး စီးပွားရေးနဲ့ ပြည်သူလူထုကြား ပဋိပက္ခဖြစ်နိုင်လောက်တဲ့ အနေအထားရှိတယ်။ လာမယ့်နှစ်က မြင်းနှစ်လို့ ခေါ်တယ်။ “Year of the Horse” လို့ ခေါ်တဲ့ မြင်းနှစ်ကို ရောက်တဲ့အခါမှာ အစိုးရဟာ အုပ်ချုပ်မှုနဲ့ ပတ်သတ်လို့ ငွေကြေးသုံးစွဲမှုမှာ လိုတာထက်ပိုပြီး budget တွေကို အလွန်အမင်း သုံးစွဲခဲ့တော့ ပြည်သူလူထုဘက်ကနေ မကျေမနပ်ချက်လေးဖြစ်တဲ့ ပဋိပက္ခလေးတွေ ဖြစ်နိုင်ပြီးတော့ အစိုးရနဲ့ပတ်သတ်ပြီးတော့ budget အပေါ်မှာ ခွဲဝေသုံးစွဲမှုအပေါ် ပြည်သူလူထုတွေက သံသယဝင်မှုနဲ့တကွ အစိုးရဘက်ကလည်း အမြတ်ခွန်တွေကို လိုတာထက်ပိုပြီး လွန်လွန်ကျူးကျူးကောက်ခံခြင်းကို တကမ္ဘာလုံးမှာ ပြုမယ်။ အဲဒီ့ပဋိပက္ခတော့ရှိမယ်။ မြန်မာနိုင်ငံမှာကျတော့ မြင်းနှစ်ပင်ဖြစ်လင့်ကစား မြန်မာနိုင်ငံဟာ ကိုယ့် လွတ်လပ်ရေးရတဲ့ အချိန်ကာလလေးနဲ့တွက်လိုက်ရင်တော့ ကောင်းတဲ့ အနေအထားလေးတခု ရှိတော့ မြန်မာပြည်မှာ ဝယ်ယူသုံးစွဲမှုအား မြင့်မားလာမယ်။ အဓိပ္ပာယ်ကတော့ စီးပွားရေးရဲ့ ခိုင်မာမှုအပေါ်မှာ ပြည်သူလူထုက အယုံအကြည်ရှိမယ့် သဘောရှိတယ်။ investment (ရင်းနှီးမြှုပ်နှံမှု) တွေ လာဖို့တော့ မမြင်ပါဘူး။

“ပြည်သူလူထုရဲ့ စားဝတ်နေရေးကတော့ ကျပ်တည်းဆဲဖြစ်မယ်။ ငွေကြေးနဲ့ပတ်သက်တဲ့ အနေအထား မြန်မာငွေမာမှုဒဏ်ကတော့ ပြည်သူတွေ တော်တော်လေးခံရတာရှိမယ်။ လူလတ်တန်းစားတွေရဲ့အနေအထားကတော့ ပိုပြီးနိမ့်သွားစရာရှိတယ်။ ချမ်းသာသူတွေကတော့ ပိုပြီးကြွယ်ဝလာစရာရှိမယ်။ အဲဒီ့တော့ ချမ်းသာသူတွေနဲ့လူလတ်တန်းစားတို့အကြား ကွာဟမှုတအားမြင့်သွားမယ်။ လူလတ်တန်းစားနဲ့ အောက်ခြေလူတန်းစား ခပ်နီးနီးလေးမှာ ရှိသွားမယ့် အနေအထား ဖြစ်သွားမယ်။”

လူမှုရေးမှာ ပြီးခဲ့တဲ့ ၂၀၁၃ မှာ ဖြစ်ခဲ့တဲ့ လူမှုရေး ပဋိပက္ခတွေလိုမျိုး ထပ်ဖြစ်ဖို့ ရှိပါသလား။

“ရှေ့ဆက်ရှိစရာ အကြောင်းရှိတယ်။ ကြီးကျယ်တယ်။ အဲဒါတခုတော့ အထူး သတိထားရမယ်။ ၂၀၁၄ ခုနစ် ဇန်နဝါရီ ၂၁ ရက်နဲ့ ဖေဖော်ဝါရီ ၁၉ ကြား၊ ၂၀၁၄ ခုနစ် မေ ၂၀ နဲ့ ဇွန် ၂၀ ကြား၊ ၂၀၁၄ ခုနစ် အောက်တိုဘာ ၂၀ နဲ့ နိုဝင်ဘာ ၂၀ ကြား၊ ဒီကိစ္စလေးတွေ သတိထားရမယ်။ ပိုပြီးဂရုစိုက်ရမှာက အခုချိန်မှာ ရာဟုဂြိုဟ်က တူရာသီမှာ စနေဂြိုဟ်နဲ့ တွဲပြီးတည်ရှိမယ်။ အဲဒီ့တော့ လမင်းရဲ့လမ်းကြောင်းက ၁၀ ဒီဂရီတိမ်းစောင်းမယ်။ လကြီး ၁၀ ဒီဂရီတိမ်းစောင်းတဲ့အတွက် လူတွေရဲ့စိတ်ပိုင်းဆိုင်ရာ က ပုံမှန်မဟုတ်တော့ဘူး။ တဖက်စွန်းတွေ ရောက်နေတယ်။ အဲဒီ့အခြေအနေထက် ပိုပြီးတော့ဆိုးတာက လာမယ် ၂၀၁၄ခုနစ် ဧပြီလ ၁၃ ရက် ကနေ စပြီးတော့ တနင်္လာဇာတာထဲကို မြန်မာနိုင်ငံက ဝင်မှာ။ အဲဒီ့အချိန်မှာ ရာဟုကလည်း တဆက်တည်း တူရာသီမှာရှိမယ်။ ဇူလိုင်လ ၁၂ ရက်အထိရှိမယ်။ အဲဒီ့တော့ ဧပြီလလယ်ပိုင်း ၁၃ ရက်ကနေ ဇူလိုင်လအတွင်းမှာ လူတွေရဲ့ စိတ်အခြေအနေ အစွန်းရောက်မှုတွေဟာ သတိထားရမယ်။

“အဲဒီ့တော့ criminal crime လို့ခေါ်တဲ့ စိတ္တဇဆန်တဲ့ ရာဇဝတ်မှုတွေ လုယက်မှုတွေ၊ နောက်ပြီးတော့ တကယ်ကို လုယက်မှု ပုံသဏ္ဌာန် အသွင်ရှိတဲ့၊ တခါမှ မကျူးလွန်ဖူးတဲ့ သူတွေက ဒုစရိုက်တွေ ကျူးလွန်တာတွေ ရာဂစိတ်ကျူးလွန်ပြီးတော့ တယောက်နဲ့ တယောက် ဓမ္မမှုတွေ ဖြစ်တတ်တာတို့၊ တယောက်နဲ့ တယောက် ပဋိပက္ခတွေ အရှိန်အဟုန် ပြင်းတာတို့၊ နောက်ပြီး ဘာသာရေးနဲ့ပတ်သက်တဲ့ လူမှုရေးနဲ့ပတ်သက်တဲ့၊ အယူအဆပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်ပြီး တယောက်နဲ့ တယောက် နှုတ်နဲ့ ဖြေရှင်းချင်းမရှိဘဲ လက်နက်နဲ့ဖြေရှင်းတာတွေ ကြုံကိုကြုံနိုင်တယ်။ သတိရှိရမှာပါ။”

By ရွှေအောင် (ဒီဗွီဘီ)

အနီလား၊ အစိမ်းလား သမ္မတ ဖြစ်လို သူများနှင့် နိုင်ငံရေး သံသရာထဲက၂ဝ၁၅ ပုစ္ဆာ

 
                                                    ဓာတ်ပုံ-သစ်ထူးလွင်
၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ သည် ဝေးနေသေးသည် ဟု လည်း ဆို၍ မရတော့။ ထိုရွေးကောက် ပွဲသည် မြန်မာနိုင်ငံရေး အခင်း အကျင်း အပြောင်း အလဲ များနှင့် ပရိသတ် စိတ်ဝင်တစား ရှိနေမည့် နိုင်ငံ၏ ခေါင်းဆောင် သမ္မတနေရာ အတွက် ရွေးချယ်ပွဲဖြစ်၍ မြန်မာနိုင်ငံ၏ အနာဂတ်ကို အဆုံး အဖြတ်ပေးမည့် အဓိက ကျ သည့် ဖြစ်စဉ် တစ်ရပ်ပင် ဖြစ်သည်။
သမ္မတ တာဝန် ထမ်းဆောင်ရန် အသင့်ဖြစ်နေကြောင်း မြန်မာနိုင်ငံ၏ အကြီးဆုံး နိုင်ငံရေး ပါတီနှစ်ရပ်ဖြစ် သည့် ပြည်တောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့၏ တရားဝင် ပြောကြားထားမှုကြောင့် လည်း လူအများ စိတ်ဝင်တစား ရှိနေသည့် အ ကြောင်းရင်း လည်း ဖြစ်သည်။ ထို့ပြင် အသွင်ပြောင်း သံသရာထဲ တွင် တဝဲ လည်လည် ဖြစ်နေသည့် မြန်မာနိုင်ငံ အပြောင်းအလဲ အတွက် အလှည့်အပြောင်း တစ်ခု အဖြစ်လည်း ပြည်သူများ ကမျှော်လင့်ထားကြမည်သာဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ သမ္မတ အိပ်မက်နှင့် ညွန့်ပေါင်းအစိုးရ
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြောက်ခံ ထားရသော ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းနှင့် ဒေါ်အောင် ဆန်းစုကြည် တို့သာ ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲ တွင် ပြည်သူ့ လွှတ်တော်မှ ထပ်မံဝင်ရောက် အရွေးချယ်ခံ ရပါက သမ္မတနေရာ အတွက် ထိပ်တိုက် တွေ့ဆုံ ရမည် ဖြစ်ပြီး တစ်ဦး သာ သမ္မတဖြစ်ခွင့် ရှိတော့မည် ဖြစ်သည်။
သမိုင်းနောက်ခံ အကြောင်းအရင်း များ မည်သို့ပင် ရှိစေကာမူ ယခု ဒီမိုကရေစီ မျိုးစေ့ ကိုအပင်ပေါက်ရန် ဝိုင်းဝန်း ပျိုးထောင်နေသည့် အချိန်တွင် အပင် ကြီးထွားစေရန် အဟန့် အတားဖြစ်စေ မည့် ထိပ်ဆုံးက အကြောင်းအရင်းမှာ အာဏာ နိုင်ငံရေးဖြစ်ကြောင်း မနီးမဝေး အခင်းအကျင်း များက သက်သေခံ လျက် ရှိနေသည်။

ယခု အရေးကြီး တစ်ချက် အနေ ဖြင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ကို ကန့်သတ်ထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ သမ္မတ အရည်အချင်း ပုဒ်မ ၅၉ (စ) သည် မြန်မာ့နိုင်ငံရေး ၏ အဖုအထစ် အထုံးတစ်ခု အဖြစ် ရှိနေရာ ထိုအထုံးကို ဖြည်ရမည်သာ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ထောက်ခံမှု မရလျှင် သူရ ဦးရွှေမန်း ခေါင်းဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့်လည်း နိုင်ငံကို ဆက်လက် ဦးဆောင်ရန်မှာ စွန့်စား လွန်းရာ ရောက်နေ မည် ဖြစ် သည်။
အပြန်အလှန် အားဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ထောက်ခံမှုမရဘဲ နိုင်ငံကို ဦးဆောင် ရန်မှာလည်း စွန့်စားမှုကြီး တစ်ရပ် ဖြစ် သည်။ လက်ရှိ အာဏာရ ထားသည့် သူများက စိတ်စေတနာ ထက်သန်စွာ ဖြင့် ရော့အင့်ဆိုပြီး အာဏာ လွှဲပြောင်း ပေးခဲ့သော ဖြစ်စဉ် ကမ္ဘာပေါ် တွင်မရှိ။
”ညွန့်ပေါင်း အစိုးရ မဖွဲ့စည်းရေးမူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ မရှိပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောထားပြီး သူရ ဦးရွှေမန်း ကလည်း ”၂ဝ၁၅ ရွှေးကောက် ပွဲ အပြီး ညွန့်ပေါင်း အစိုးရတစ်ရပ် ပေါ်ပေါက်လာနိုင် သည်”ဟု ပြောကြားထားသည်။
သို့ဖြစ်၍ သူရ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ထိပ်တိုက်တွေ့ ဆုံရေး ရှောင်ရှားနိုင်ရန် အတွက် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် တို့မှ ဝင်ရောက် ရွေးအချယ် ခံရမည် ဖြစ် သည်။

ထိပ်တိုက် ရင်ဆိုင်ပြီး နိုင်ငံရေး အကျပ်အတည်း မဖြစ်ရန် ခေါင်းဆောင် နှစ်ဦး စလုံးက ဆန္ဒ ရှိနေသည်မှာ ပေါ် လွင်နေသော်လည်း တကယ်တမ်း မြန်မာ့နိုင်ငံရေး အပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိနေသည့် အကြောက်တ ရားများဖြင့် လွှမ်းမိုးခဲ့သော နိုင်ငံရေး အိပ်မက် တစ္ဆေ ခြောက်လှန့် ခံရမှုက လွယ်လွယ်နှင့် ကု စားနိုင် မည်လော။ ပဒေသရာဇ် အငွေ့အသက် ကလည်း မပျောက်သေး။ စစ်အေးခေတ် လွန်သွား သော်လည်း ကွန်မြူနစ် အမူအကျင့် အားကောင်းနေဆဲ၊ အာဏာရှင် စနစ်ဆီ မှလည်း အာဏာရှင် စိတ်ဓာတ် များကို သာ အမွေ ရထားကြရာ အပြန်အလှန် ဖယ်ထုတ်ခြင်း အပြုအမူများကို အဆုံး သတ်မှသာ တစ်ခေတ် တစ်ခါက အာရှတွင် ရှိ ခဲ့သော မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ ကို ပြန်လည်ရနိုင်မည် ဖြစ်သည်။

အကျိုး စီးပွားချင်း ထိပ်တိုက် တွေ့ ဆုံသည့် အခါ နိုင်ငံရေး အခင်းအကျင်း များကလည်း အတက်အကျ ဖြစ်တတ် သည်က အိမ်နီးချင်းနိုင်ငံ ၏ မပြီးဆုံး သေးသည့် ဆန္ဒပြပွဲ များက မီးမောင်း ထိုးပြနေသည်။ မြန်မာနိုင်ငံ၏ သမိုင်း ကြောင်းအရ နောက်ဆုံးတွင် အာဏာ နိုင်ငံရေးက အစဉ်အမှောင် တိုက်သွင်းခဲ့ သည်။ လူဟူသည် အမှား မကင်းသည့် သဘော ဖြစ်သော်လည်း အစဉ် ဖြစ်နေ ပါက မြန်မာနိုင်ငံ သားများ ညံ့ရာကျ မည်ဖြစ်သလို နိုင်ငံရေး တွင်လည်း အမြဲ မှားနေသည်က မဖြစ်သင့်။
ကန့်လန့်ကာမည်သူ ဖွင့်မည်နည်း
လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ လွှတ်တော်က ဒုတိယ သမ္မတ သုံး ဦး ရွေးချယ် ရမည်ဖြစ်ပြီး ပြည်သူများက ရွေးကောက် တင်မြှောက် ခွင့်မှာ ဒုတိယ သမ္မတ နှစ်နေ ရာသာရှိ၍ လွှတ်တော် တွင် ရှိနေသော တပ်မတော်သား အစု အဖွဲ့ များက တင်သွင်းသည့် ဒုသမ္မတ တစ်နေရာတို့ ဖြစ်သည်။

၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲ၏ ရလဒ်ကို ပြန်ကြည့်ပါက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူများ ၏ ထောက်ခံမှုကို အပြည့်အဝ ရရှိထားပြီး တိုင်းရင်း သား ဒေသများတွင် တိုင်းရင်း သားပါတီ များကသာ လွှမ်းမိုးနိုင်သည် ကိုတွေ့ရမည် ဖြစ်သည်။ ဤနေရာတွင် သမ္မတ ဖြစ်ရန် အတွက် လွှတ်တော်ထဲ၌ တိုင်းရင်းသား တို့၏ ထောက်ခံမှုကို အပြည့်အဝ ရရှိရန် လိုအပ်သည် မှာလည်း သမ္မတ ရွေးချယ်ရေး မဲ အရေအတွက် ၂ဝဝ က အရေးပါသည့် အရေ အတွက် ဖြစ်နေသည်။ တိုင်းရင်း သား နိုင်ငံရေး ခေါင်းဆောင် များ အနေဖြင့် သမ္မတ ဖြစ်လိုကြောင်း မည်သူကမျှ ဖွင့်ဟ ပြောဆိုမှု မရှိသေးသော်လည်း တိုင်းရင်းသား များ၏ ထောက်ခံမှု မှာ မူမြန်မာ့ နိုင် ငံရေး အခင်းအကျင်း၏ နောက် ထပ် ဖွင့်လှစ် ရမည့် တံခါး တစ်ချပ် ဖြစ် နေသည်က သေချာပါသည်။

ပါလီမန်ခေတ် လူမျိုးစု လွှတ်တော် အသွင်ဆောင်သော အမျိုးသား လွှတ်တော်သည် တိုင်းနှင့်ပြည်နယ် ၁၄ ခုကို အချိုးညီစွာ ကိုယ်စားပြုပြီး တူညီသော ကိုယ်စားလှယ် များ အရေအတွက် ကိုစေလွှတ် ရခြင်းဖြစ်သည်။ ဤနိုင်ငံရေး အခင်းအကျင်းသည် တိုင်းရင်းသားများ ၏ ထောက်ခံမှုမှာ လွန်စွာ အရေး ပါကြောင်း တွေ့မြင် ရမည်ဖြစ် သည်။ အခင်းအကျင်း အရ လွှတ်တော် တွင် ရှိနေသော တိုင်းရင်းသား ကိုယ်စားလှယ် အများစု က အုပ်ချုပ်ရေး ပိုင်း ဆိုင်ရာ အခက်အခဲ များကို လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ထံမှ တစ်ဆင့် ဖြေရှင်းဆောင်ရွက်နေရသည်။
လက်နက်ပုန်းများကလည်း မနေ
ထိုသို့သော အခြေအနေ များထဲတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်း အလဲ၌ နေရာမရသော နိုင်ငံရေး အစု အဖွဲ့များ၏ လှုပ်ရှားမှု မှာလည်း မြန်မာ နိုင်ငံရေး ရင့်ကျက်မှု ကို စိန်ခေါ်နိုင် သည့်အင်အားစု အဖြစ် တပ်ပေါင်းစုအ သွင်လည်း မြင်တွေ့လာနိုင်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီတို့တွင် နေရာမရသော သူများ အနေဖြင့် မိမိတို့၏ နိုင်ငံရေး သိက္ခာပြန်ရရန် အ တွက် ၂ဝ၁၅ မတိုင်မီ လှုပ်ရှားကြ ရမည်ဖြစ်ပြီး အများစုမှာ နိုင်ငံရေး ပါးနပ်သော တက်ကြွ လှုပ်ရှား သူများ ဖြစ်သည်။
လက်ရှိ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အနေဖြင့် အဆိုပါ စိန်ခေါ်မှု များကို ဆက်လက် ရင်ဆိုင်ရန် ၂ဝ၁၅ ခုနှစ်တွင် သမ္မတ အဖြစ် ဆက်လက် အရွေးချယ်ခံ မည် ဆိုပါက လက်ရှိ ရရှိထားသော နိုင်ငံရေး ဂုဏ်သိက္ခာ အတွက် အကြီးမားဆုံး စိန်ခေါ်မှု တစ်ရပ် ဖြစ်နေပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတွင်း ညီညွတ်ရေး ကိုလည်း ထိခိုက်မည် ဖြစ်သည်။ ဖြစ်ပေါ်နေဆဲ နိုင်ငံရေး အပြောင်းအလဲကို တာထွက်ကောင်းနိုင် ရန် အခြေခံကောင်း များကိုပြင်ဆင်ပေး ရင်း သမ္မတ ဦးသိန်းစိန် က အနိုင်နှင့် ပိုင်း သည်ကသာသမိုင်းတွင် ဂုဏ်သတင်းမွှေး ပျံ့နေမည်ဖြစ်သည်ဟု အချို့ကဆိုသည်။

မြန်မာနိုင်ငံရေး နာတာရှည်ရော ဂါသည် ဆေးမြီးတိုဖြင့် ကုသရန် မဖြစ်နိုင်။ လက်ရှိ မြန်မာနိုင်ငံတွင်း သို့ ဝင်ရောက် နေသော နိုင်ငံတကာ အကူအညီ များမှာ မြန်မာ့နိုင် ငံရေး အပြောင်းအလဲကို တစ် စိတ်တစ်ဒေသ အဖြစ် အသိအမှတ်ပြု ဆုပေးဒဏ်ပေး စနစ်သာ ဖြစ်သည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များ လက်ရှိအစိုးရ အပြောင်းအလဲ များတွင် မျှော်မှန်းထားသလောက် ဝင်ရောက် မလာသည် ကလည်း ၂ဝ၁၅ ခုနှစ် နိုင်ငံရေး ကိုသာ စောင့် ကြည့်နေ ကြခြင်းဖြစ်ပြီး ဟန်ဆောင် ပြောင်းလဲသည် ဆိုပါက လည်း ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ တွင် အဖြေ ပေါ်မည်သာ ဖြစ်သည်။

ကမ္ဘာ့ အကြီးဆုံး ဈေးကွက်ဖြစ်သည့် ဥရောပနှင့် အမေရိကဈေးကွက်က လက်ခံသည့် အစိုးရ တစ်ရပ်ဖြစ်မှသာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များက ဝင်လာနိုင် မည်ဖြစ်ပြီး ဒီမိုကရေစီ စနစ်ကို အားဖြည့် ပေးမည့် လောင်စာ ရမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ပြော နေသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေမပြင်ဆင်မီ ကြီး လေးကြီး တွေ့ဆုံမှ သာ နိုင်ငံ ရေး အဖြေတစ်ခု ရမည် ဖြစ်သည်။
၂ဝ၁၅ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် နိုင်ငံရေး ဖြေလျှော့မှု အပေါ် မျှော်လင့်ချက် များကို ကိုင်တွယ်ရန်မှာ လွှတ်တော်တွင် အမတ် အများဆုံး အနိုင်ရသည့် ပါတီ တစ်ရပ် တည်းကတော့ အထိအခိုက် နည်းနည်းဖြင့် ဆောင်ကြဉ်းပေးနိုင်မည် မဟုတ်သည် ကို သင်ခန်းစာ ယူဖွယ် အတိတ် ဖြစ်ရပ် များက ရှိနေသည်။

အပြန်အလှန် သွေးတိုးစမ်းမှုနှင့် ဆက်ခံရဦးမည့် အမွေများ
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တို့ သမ္မတ ဖြစ်ရန် အတွက် အပြန်အလှန် လေးစားမှု ရှိကြောင်းကို နေပြည်တော် တွင် သတင်းထောက် များနှင့် တွေ့ဆုံခဲ့ သည့်ဖြစ်ရပ် က ပြသနေသည်။
”ဥက္ကဋ္ဌကြီး အနေနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ ကို တရား မျှတစွာ ယှဉ်ပြိုင်မယ် ဆိုရင် ကျွန်မကို သမ္မတ မဖြစ်အောင် ကန့်သတ် ထားတဲ့ အချက်တွေ ပြင် ဆင် ပေးရ မယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောထားခဲ့ပြီး သူရဦးရွှေမန်းက လည်း ”၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အတတ်နိုင်ဆုံး တရား မျှတအောင်ဆောင် ရွက်ပေးမယ်” ဟုနှစ်ဦး သား သတင်းမီဒီ ယာ များ၏ရှေ့တွင် ပြောကြားခဲ့သည်။
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ အရပ်သား အစိုးရ တစ်ရပ် အဖြစ် အသွင် ကူးပြောင်းနိုင်သော် လည်း ယခု ဖွဲ့စည်းပုံဖြင့် ရှေ့ဆက်၍ မရ။

ပြင်ဆင်ရမည် ဆိုသည် ကလည်း အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုတိယ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့ ကိုယ်တိုင် လွှတ်တော်တွင် တင်သွင်း ခဲ့ခြင်း ဖြစ်သည်။ မည်သည် အတိုင်း အတာအထိ ပြင်ဆင်မည် ဆို သည်ကမူ ပြည်သူများ ၏ ဆန္ဒ အပေါ် မူတည်၍ လာမည့် ၂ဝ၁၄ နှစ်သစ် တွင် သိမြင်ရမည် ဖြစ်သည်။
တာဝန်ယူ တာဝန် ခံရသော အစိုးရ မည်သည် ယခင်အစိုးရ၏ ဆိုးမွေကောင်း မွေကို ငြင်းဆန်၍ မရနိုင်။ မြစ်ဆုံ စီမံကိန်း ပြဿနာက ၂ဝ၁၅ ခုနှစ် အတွင်း သမ္မတ ဖြစ်မည့် သူများကို စောင့်ဆိုင်း နေသည်။ လယ်ယာမြေ အသိမ်းခံထား ရသည့် လက်ပံတောင်းတောင်က ပြည်သူတွေ၏ ဒဏ်ရာက အကင်းမသေ ဖြစ်နေဆဲ၊ တစ်နိုင်ငံလုံး အတိုင်းအတာ နှင့် သိမ်းပိုက် ထားသော လယ်ယာမြေ ကိစ္စကလည်း အဖြေမပေါ်သေး။ ဘာသာရေး လူမျိုးရေး ပဋိပက္ခ အသွင်ပေါ် စေရန် ချိန်ကိုက်ဗုံး များကလည်း ဖောက် ခွဲနေဆဲ၊ နိုင်ငံရေး ပြောင်းလဲလာသည့် နှင့် ဖွံ့ဖြိုးမှု အတွက် ပေးဆပ်ရမည့် အရင်း အနှီး၊ စားပွဲ ဝိုင်းပေါ် တက်လာသော် လည်း အချိန် မရွေး ဖြစ် ပွားနေသည့် ပြည်တွင်းစစ်၊ အာဏာရှင် ဆန်ဆန် ဟောဟောဒိုင်းဒိုင်း လုပ်ဆောင်နေ သည့် အစိုးရ ယန္တရား၊ နိုင်ငံရေးပြောင်း လဲသလောက် လိုက်ပါ မပြောင်းနိုင်သော ဆင်းရဲ မွဲတေမှုက ချိန်ကိုက်ဗုံးများပင် ဖြစ်ပြီး၊ …
ရခိုင်ပဋိပက္ခကလည်း နိုင်ငံရေး အပြောင်းအလဲတွင် ထပ်မံပေါ်ပေါက်လာ နိုင်သည့်စိတ်မချရသေးသည့်ဖွဲမီး ဖြစ်နေ ပါသေးသည်။

လက်ရှိ ကမ္ဘာ့နိုင်ငံ များ တွေ့ကြုံ နေသလို ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း ဖြစ်သည့် နိုင်ငံများ အပြန်အလှန် လွှမ်းမိုးမှုကို လွန်ဆန်ရန် မှာလည်း လက်တွေ့တွင် တ ကယ်တော့ လွယ်ကူသည် တော့ မဟုတ်ပေ။ အိမ်နီးချင်း တရုတ် နိုင်ငံနှင့် ဒေသတွင်း နိုင်ငံများ၏ တောင် တရုတ် ပင်လယ် အရေး အားပြိုင်မှု၊ အမေရိကန်နိုင်ငံ ၏ အာရှပေါ်လစီ တို့ ကို ရင်ဆိုင်ရမည့် အာဆီယံ ဥက္ကဋ္ဌ တာ ဝန်ထမ်းဆောင်မည့် နိုင်ငံ အတွက်က တော့ နိုင်ငံတကာ လေးစားသည့် အစိုး ရ တစ်ရပ် ဖြစ်မှသာ ဒေသတွင်း စိန်ခေါ် မှု ကိုင်တွယ်နိုင်မည်ဖြစ်သည်။
အခြေအနေ အရပ်ရပ် ၏ စိန်ခေါ် မှုများကို ရင်ဆိုင် ဖြေရှင်းရန်မှာ ညွန့် ပေါင်း အစိုးရ တစ်ရပ်ဖြစ်မှသာ မလို လားအပ်သော နိုင်ငံရေး အကျပ်အတည်း ကိုရှောင် လွှဲနိုင်တော့ မည်လား။

ယခု ကျင့်သုံးနေသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတ အမည်စာရင်းကို အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တွင် ၂ နေရာ ရွေးချယ်ရ မည်ဖြစ်သော် လည်း ယနေ့ အထိ သမ္မတ ဖြစ်လိုကြောင်း တရားဝင် နုတ်ဟ ဖွင့်ဆို ကြေညာထား သူမှာ လက်ရှိ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့သာ ရှိနေ သေးသည်။

နောက်ထပ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီနှင့် လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ တို့သည်လည်း သူရဦးရွှေ မန်းနှင့် ဒေါ်အောင်ဆန်းစုကြည် အပြင် သမ္မတ နေရာ အတွက် ကြိုတင် ကြေညာထား ခြင်း မရှိသည်က ထိပ်တိုက် တွေ့ဆုံရန် ဆန္ဒ မရှိဆိုသည့် သဘောဖြစ်နေ မည်လော။ အခြားနိုင်ငံရေး ပါတီ များတွင် သမ္မတ နေရာ အတွက် အသံမထွက်သေးသည် မှာ မေးစရာ ပုစ္ဆာတစ်ခုဖြစ်နေပြီလော။
အထူးသဖြင့် အမျိုးသား လွှတ် တော်တွင် ရွေးကောက်ခံ ရသည့် သမ္မတ နေရာ အတွက် တိုင်းရင်းသား ကိုယ်စား လှယ် လောင်းများ ထဲတွင် သမ္မတ ဖြစ် ချင်ကြောင်း မည်သူ ကမျှ ထုတ်ဖော်ပြောဆိုမှု မရှိသေးခြင်းသည်ပင် ၂ဝ၁၅ ခုနှစ် နီးလာသည်နှင့် အမျှ အရေးပါလာသော ဝှက်ဖဲ တစ်ချပ် အဖြစ် တိတ်ဆိတ်စွာ ရှိနေသည်ဖြစ် ပါ သည်။

စိုင်းနောင်
(လွှတ်တော်သတင်းထောက်တစ်ဦးအမြင်)
Popular Myanmar News Journal

လယ်သမားဆင်းရဲမွဲတေမှု ဖြေရှင်းဖို့ ဝန်ကြီး ဦးမြင့်လှိုင် ပြောကြား

 
 စပါးမှည့်ချိန်စပါးပင်ပေါ်မြေဖုံးခံရပြီး ကျန်ရှိတဲ့ စပါးရိတ်သိမ်းပြီးပုံထားတဲ့ မခြွေရသေးတဲ့
ကောက်လှိုင်းပုံကို ဖျက်ဆီးခံရလို့ အခက်တွေ့နေကြတဲ့ ထားဝယ်မြို့ ဆန်းချီကွင်းကလယ်သမားများ
(၂၇-၁၂-၂၀၁၃)ဓာတ်ပုံ - ထွန်းထွန်းဝင်း
မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အဓိကအားထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် တောင်သူလယ်သမားတွေ ဆင်းရဲနေသမျှ တိုင်းပြည်ကတိုးတက်လာမှာမဟုတ်ဘဲ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေရဦးမှာပဲလို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနမှာပြုလုပ်တဲ့ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးအတွက် နည်းဥပဒေရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယမြောက်နေ့ဖြစ်တဲ့ ဒီနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ မိန့်ခွန်းပြောကြားရာမှာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ထည့်သွင်းပြောဆိုခဲ့တာပါ။

"မူလအခြေခံ စိုက်ပျိုးထုတ်လုပ်ကျတဲ့ ကျနော်တို့ရဲ့ တောင်သူလယ်သမားတွေ ဆင်းရဲနေသရွေ့ ကျနော်တို့နိုင်ငံကြီးဟာလည်း ဆင်းရဲနေဦးမှာပဲဖြစ်ပါတယ်၊ လူနည်းစုတစ်စု ချမ်းသာချင်ရုံနဲ့ ကျနော်တို့နိုင်ငံ တိုးတက်လာနိုင်မှာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး၊ ကမ္ဘာ့အလယ်မှာလည်းပဲ အဘက်ဘက်ကနေပြီးတော့မှ မျက်နှာငယ်ကြရမှာပဲဖြစ်ပါတယ်၊ ဒါကြောင့်မို့ ဒီနေ့နေ့စဉ်နဲ့အမျှ ကြုံတွေ့ကြားသိမြင်တွေ့နေကြတဲ့ လယ်ယာလုပ်ငန်းတွေကို စွန့်ခွာပြီးတော့မှ မြို့ပြပေါ်တက်ပြီးတော့မှ ရရာလုပ်နေ၊ အနေမဲ့အခြေမဲ့ပြီး တဲလေးတွေထိုး၊ ပလပ်စတစ်လေးတွေထိုးတော့မှ နေနေကြတဲ့ ရွေ့ပြောင်းအလုပ်သမားတွေ ကျနော်တို့ပတ်ဝန်းကျင်မှာ အများကြီးတွေ့နေကြတယ်

ဒါ့အပြင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်နေတဲ့ အခုလိုအချိန်မျိုးမှာ အပြစ်တွေချည်းပြောမနေဘဲနဲ့ အားလုံးပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်းနဲ့ တောင်သူလယ်သမားတွေရဲ့ ဘ၀မြှင့်တင်ပေးဖို့ မိမိတို့မှာတာဝန်ရှိတယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ပြည်ပကိုတင်ပို့ရောင်းချနေတဲ့ တင်ပို့ကုန်တွေမှာလည်း သဘာဝသယံဇာတတွေနဲ့ စိုက်ပျိုးထုတ်ကုန်ပစ္စည်းတွေသာများပြီး စက်မှုလုပ်ငန်းကထုတ်လုပ်တဲ့ ထုတ်ကုန်များမှာ ပြည်ပဈေးကွက်ကို တင်ပို့ရောင်းချနိုင်တဲ့အဆင့် မရှိသေးကြောင်းနဲ့ အရည်အသွေးအရလည်း ဈေးကွက်မရှိသေးကြောင်း ၀န်ကြီးဦးမြင့်လှိုင်က ပြောပါတယ်။

RFA Burmese
---------------------------------------------------------------------------

Friday, December 27, 2013

ဂေါဝိန်ဆိပ်ကမ်း ဓားပြဆန်ဆန် လုယက်မှုများ ပိုမိုဆိုးဝါး


မြန်မာ့သမိုင်းဝင် နေရာတစ်ခုဖြစ်သော မန္တလေးတိုင်းဒေသကြီး ဂေါဝိန် ဆိပ်ကမ်း၌ ညအိပ် ကမ်းကပ်လျက်ရှိသော ကုန်တင်နှင့် လူစီးသင်္ဘောများကို အကြမ်းဖက်သည့် ဓားပြတိုက်သည့်ပုံစံဖြင့် ခိုးမှု၊ လုယက်မှုများ ပိုမိုဆိုးဝါးလာကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခင်က ခိုးမှု၊ လုယက်မှုများသာ ရှိရာမှ ယခုအခါ လေးခွကဲ့သိုသော လက်နက်ဖြင့် ပစ်ခတ်လုယက်သည်အထိ ဖြစ်လာသဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း အကြောင်းကြားစာ တင်ပြတိုင်ကြားသွားမည် ဖြစ်ကြောင်း အဆိုပါဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“အရင်က လူတွေ့ရင် မခိုးဘူး။ အခုကတော့ လူတွေ့ရင် လေးခွနဲ့ပစ်ပြီး ခိုးကြလုကြတဲ့အဆင့် ရောက်လာလို့ တင်ပြရမယ့် အခြေအနေ ဖြစ်လာတယ်” ဟု အဆိုပါ အကြီးတန်းအရာရှိက ဆိုသည်။

အဆိုပါ ဂေါဝိန်ဆိပ်ကမ်း၌ အကြမ်းဖက်သည့် ပုံစံဖြင့် ခိုးမှု၊ လုယက်မှုများကို ကင်းလှည့်သည့် ဆိပ်ကမ်း ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနမှ လုံခြုံရေးများကပင် လုံခြုံရေးတာဝန်များ လုပ်ဆောင်ရန် မတတ်နိုင်တော့သဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံသို့ တင်ပြတိုင်ကြားခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“ရဲတပ်ဖွဲ့ကို အကြောင်းကြားတဲ့အချိန် သူတို့လာကြီးကြပ်တဲ့ ခဏပဲ ဒီလိုအကြမ်းဖက် လုယက်မှုတွေ ငြိမ်သွားတာ၊ ပြီးရင် ပြန်ဖြစ်တာပဲ၊ အဲဒါကြောင့် အာဏာပိုင်တွေက ဆောင်ရွက်မှုတစ်ခုခု လုပ်ပေးမှ ဖြစ်မယ်” ဟု ၎င်းကထပ်မံဆိုသည်။

အဆိုပါ ဆိပ်ကမ်း၌ ခိုးမှုများသည် ယခင်က လူမသိ၊ သူမသိ ခိုးမှုအဆင့်သာရှိပြီး ယခုနှစ် နိုဝင်ဘာလတွင် ဓားပြတိုက်သည့် ပုံစံဖြင့် ခိုးမှုတစ်ကြိမ်၊ ဒီဇင်ဘာလတွင် ခိုးမှု ၂ ကြိမ် ဖြစ်ပွားပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ခိုးမှုမှာ သင်္ဘောလုံခြုံရေးများ ထိခိုက်မှုရှိခဲ့ပြီး လုယက်သည့် ပစ္စည်းများ ပြန်မရရှိသဖြင့် အမှတ် ၇ ရဲစခန်းသို့က အမှုဖွင့် တိုင်ကြားခဲ့ကြောင်း အထက်ပါအရာရှိက ပြောကြားသည်။

အဆိုပါ ဂေါဝိန်ဆိပ်ကမ်းတွင် ရဲတပ်ဖွဲ့က လှည့်ကင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ရဲစခန်းသို့အမှုဖွင့် တိုင်ကြားခြင်း၊ အကြောင်းကြားစာ ပေးပို့ခြင်းများ ပြုလုပ်ပါက လိုအပ်သည့် အခြေအနေပေါ်လိုက်၍ လုံခြုံရေး အနေအထားများ တိုးမြှင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီးက ပြောကြားသည်။

The Voice Weekly

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအဖွဲ့ ဖွဲ့စည်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် အဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင်အဖွဲ့က လုံခြုံရေးအထောက်အကူပြုအဖွဲ့ ဖွဲ့စည်းပြီး တာဝန်ပေးလိုက်ပါတယ်။

မိတ္တီလာအမတ် တပ်မတော်အရာရှိဟောင်း ဦးဝင်းထိန် ခေါင်းဆောင်တဲ့ အဖွဲ့ကို ပါတီဥက္ကဋ္ဌရဲ့ လုံခြုံရေးအဖွဲ့ ဖွဲ့စည်းတာဝန်ယူဖို့ ဒီဇင်ဘာ ၂၆ ရက်က ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်လိုက်တာပါ။

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာသေးခင်ကမှ ခြေထောက်ခွဲစိတ် ကုသမှုခံယူထားတာဖြစ်ပြီး သူ့ရဲ့ လုံခြုံရေးအခြေအနေ စိုးရိမ်ရတယ်ဆိုတဲ့ သတင်းတွေကတော့ ကြားသိရခြင်း မရှိပါဘူး။

အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်ကတော့ ဥက္ကဋ္ဌလုပ်ငန်းတွေ အထောက်အကူပြုနိုင်ဖို့ အဓိက ရည်ရွယ်ဖွဲ့လိုက်တာဖြစ်ပြီး သုတေသနအဖွဲ့ ဖွဲစည်းဖို့ ရှိတယ်လို့ ပြောပါတယ်။

ဥက္ကဋ္ဌလုံခြုံရေး အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးခံရတဲ့ ဦးဝင်းထိန်ကတော့ လုံခြုံရေးအတွက် သူလုပ်မယ့် အစီအစဉ်ကို ခုလို ပြောပါတယ်။

“ခါတိုင်းလိုပဲ ဒေါ်အောင်ဆန်းစုကြည်နားက အနီးကပ်လုံခြုံရေးတွေရယ်၊ နောက်ပြီးတော့ တနေရာကနေ တနေရာသွားမယ်ဆိုရင် ဒေသဆိုင်ရာ လူငယ်တွေ၊ လူကြီးတွေနဲ့ တွဲပြီး အလုပ်လုပ်ရမှာပါ။ နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေတဲ့အတွက် သက်ဆိုင်ရာ သတင်းတပ်ဖွဲ့တို့၊ ရဲတို့ကလည်း တာဝန်ယူပြီးလုပ်တော့ သူတို့နဲ့လည်း ညှိနှိုင်းပြီး ဆောင်ရွက်ရမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို အစိုးရဘက်က အခမ်းအနားတွေဆိုရင် လာပြီး ကူညီပါတယ်။ ခရီသွားတယ်ဆိုရင်လည်း သက်ဆိုင်ရာ ဒေသတွေက မသိမသာ တာဝန်ယူပေးတဲ့ ကဏ္ဍတွေ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ လူငယ် လုံခြုံရေး ခေါင်းဆောင်ပါသွားတဲ့ ကလေးတွေနဲ့ သူတို့နဲ့ အဆက်အသွယ်ရှိ ပြီးတော့ ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို အမြဲတမ်းညှိနှိုင်းပြီး ဆောင်ရွက်တာ ရှိပါတယ်။ ကျနော်တို့က အစိုးရဘက်ကို ဒေါ်စု လုံခြုံရေးအတွက် သတ်သတ်မှတ်မှတ် လုပ်ပေးပါလို့ မတောင်းဆိုဘူး။ ဒါပေမယ့် သူသွားလေရာ ဒေသတိုင်းမှာ ရှိတဲ့ ရဲတို့၊ အက်စ်ဘီတို့ ထောက်လှမ်းရေးရှိရင်လည်း ထောက်လှမ်းရေးတွေက ၀ိုင်းဝန်းကူညီပြီးတော့ ကျနော်တို့နဲ့ လက်တွဲ ဆောင်ရွက်တဲ့ သာဓကတွေ အများကြီး ရှိခဲ့ပါတယ်။”

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို ၁၉၈၈-၈၉ ကာလက သုံးရောင်ခြယ်လူငယ်တွေက တာဝန်ယူခဲ့ပြီး၊ ၁၉၉၅-၉၆ လောက်ကစပြီး သုံးရောင်ခြယ် လူငယ်အဖွဲ့နဲ့ အန်အယ်လ်ဒီလူငယ်တို့ ပူးပေါင်း တာဝန်ယူခဲ့ကြပါတယ်။ အခု ၂၀၁၀ နောက်ပိုင်းမှာတော့ အန်အယ်လ်ဒီ လူငယ်တွေကပဲ တာဝန်ယူ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

ယခင်စစ်အစိုးရလက်ထက် ၂၀၀၃ ခုနှစ်မေလက စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်း အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရဖူးပြီး သမ္မတ ဦးသိန်းစိန် လက်ထက်မှာတော့ အန္တရာယ် ကြီးကြီးမားမား ကြုံတွေ့ခဲ့ရတာ မရှိခဲ့ပါဘူး။

By ရွှေအောင် (ဒီဗွီဘီ)

မလေးရှားက မြန်မာအလုပ်သမားအရေး စိုးရိမ်စရာ မရှိတော့ဟု ဆို


မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့တွင် ပြီးခဲ့သည့် ဇွန်လဆန်း ၃ ရက်က မြန်မာ အလုပ်သမား တဦး ၏ ရုပ် အလောင်း ကို မလေးရှား ရဲ တပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ် (ဓာတ်ပုံ – Straits Times)

မလေးရှားမှာ အန္တရာယ်အခက်အခဲတွေရင်ဆိုင်နေရတဲ့  မြန်မာအလုပ်သမားတွေရဲ့ ကိစ္စ  မြန်မာ အစိုးရ
နိုင်ငံခြားရေး ဌာနက တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ အလုပ်သမား အေဂျင်စီက လူတွေ ဘယ်လို ကူညီပေးနေတယ် ဆိုတာကို သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးရဲ့ ဖေ့စ်ဘုတ်က တဆင့် အခုလို သတင်းထုတ်ပြန်ထားပါတယ်။
 မလေးရှားရှိ မြန်မာသံရုံးမှ မြန်မာအလုပ်သမားဆိုင်ရာသံအရာရှိ ဦးစိုးဝင်း၊ မြန်မာ သံရုံး အရာရှိ(၁)ဦး၊ (မြန်မာအလုပ်သမားများကို စေလွှတ်လိုက်သော) မလေးရှားအလုပ်သမားအေဂျင်စီတာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် ကွာလာ လမ်ပူမှ ဆာရာဝပ်ပြည်နယ်သို့ လေကြောင်းခရီးဖြင့် ထွက်ခွါခဲ့ကြောင်း၊
မြန်မာ အလုပ်သမားများ ကူညီရေးအဖွဲ့သည် ဆာရာဝပ်ပြည်နယ် မြို့တော် ကူချင်းသို့ ယနေ့ နေ့လည် ပိုင်းတွင် ရောက်ရှိခဲ့ပြီး မနက်ဖြန် နေ့လည် ၁၂ နာရီ လေယာဉ်ဖြင့် စက်ရုံတည်ရှိရာသို့ ဆက်လက် ထွက်ခွါမည် ဖြစ်ကြောင်း၊

ကူချင်းမှ စက်ရုံသို့ မော်တော်ကားဖြင့် ၁၄ နာရီ ခရီးရှိပြီး လမ်းခရီး စိတ်ချရမှု မရှိခြင်းကြောင့် မနက်ဖြန်မှ ဆက်လက် ထွက်ခွါရန် ဖြစ်ကြောင်း၊ မလေးရှားရှိ မြန်မာသံရုံးကလည်း မလေးရှား အစိုးရသို့ အဆိုပါ
ဖြစ်စဉ်အား အသိပေး၍ ကာကွယ်စောင့်ရှောက်မှု အမြန်ဆုံးပေးရန် တောင်းဆို ထားပြီး သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများက လုံခြုံရေးဆောင်ရွက်ပေးထားသဖြင့် မြန်မာ အလုပ်သမားများ၏ အခြေအနေမှာ စိုးရိမ်စရာ မရှိတော့ကြောင်း၊

မြန်မာအလုပ်သမားများ၏ အခြေအနေမှာလက်ရှိအချိန်တွင် အေးဆေးတည်ငြိမ်နေပြီ ဖြစ်ကြောင်း၊
မြန်မာအလုပ်သမားများထံသို့ မြန်မာအလုပ်သမားအေဂျင်စီမှ တာဝန်ရှိသူအချို့ ရောက်ရှိနေပြီ ဖြစ်ပြီး စက်ရုံ တာဝန်ရှိသူများနှင့် မြန်မာအလုပ်သမားများ၏ အခွင့်အရေး၊ လုံခြုံမှုကို ညှိနှိုင်းလျက် ရှိကြောင်း၊

နောက်ထပ် မြန်မာအလုပ်သမားအေဂျင်စီ(၂)ခုမှ တာဝန်ရှိသူများ မြန်မာနိုင်ငံမှ ယနေ့ လေကြောင်းခရီး
ဖြင့် မလေးရှားသို့ လိုက်ပါသွားကြပြီ ဖြစ်ကြောင်း၊

မလေးရှားရောက် မြန်မာ(စစ်ကိုင်းတိုင်းဒေသကြီးမှ)ဇနီးမောင်နှံ(၂)ဦးက မြန်မာအလုပ်သမားများအတွက် ဆန်များ လာရောက်လှူဒါန်းပေးအပ်ထားပြီး ဖြစ်၍ အစားအသောက် အခက်အခဲ ပြေလည်နေပြီ ဖြစ်
ကြောင်း၊

မြန်မာနိုင်ငံသံရုံးမှ အလုပ်သမားအရာရှိနှင့် သံရုံးတာဝန်ရှိသူများသည် မြန်မာအလုပ်သမားအေဂျင်စီ၊ မလေးအလုပ်သမားအေဂျင်စီ၊ စက်ရုံတာဝန်ရှိသူများ၊ မလေးရှားအစိုးရမှ သက်ဆိုင်ရာ စသည်တို့ ပါဝင်
သော အလုပ်ရှင်(အလုပ်သမားအေဂျင်စီပါဝင်)-အလုပ်သမား-(၂နိုင်ငံ)အစိုးရ (၃)ပွင့်ဆိုင် တွေ့ဆုံပြီး အလုပ်သမားအခွင့်အရေးဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မြန်မာအလုပ်သမားများ၏ အခက်အခဲများ၊ လုံခြုံဘေးကင်းမှု၊ ရေရှည်အာမခံချက် စသည်တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်
ဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

အထက်က အတိုင်း အစိုးရအရာရှိတဦးက သတင်းထုတ်ပြန်ထားသော်လည်း မလေးရှားက လာတဲ့ တချို့ သတင်းတွေမှာ ယနေ့ ညနေပိုင်းအထိ ထိရောက်တဲ့ ကူညီမှုမျိုး အစိုးရပိုင်းဆီက မရသေးဘဲ စိုးရိမ်နေရဆဲ
ဖြစ်တယ်လို့ ကာယကံ ရှင်တချို့က ပြောနေကြပါတယ်။ 

ဒါပေမယ့် ဧရာဝတီကတော့ သီးခြား အတည်ပြုလို့ မရသေးပါဘူး။

အိမ့်သံစဉ် ~ဧရာဝတီ

အန္တရာယ်ကင်းသော စားသောက်ကုန်များ ဖြစ် မဖြစ် စာသုံးသူများလက် အတွင်းသို့ မရောက်မီ စစ်ဆေးနိုင် မည့်စက်တပ်ဆင်


မန္တလေး ဒီဇင်ဘာ ၂၆

မြန်မာနိုင်ငံအတွင်းမှ စားသောက်ကုန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ဂျပန်နိုင်ငံစားသောက်ကုန် ပညာရှင်များ၏ အကူအညီအရ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ စားသောက် ကုန် လုပ်ငန်းရှင်များအား စားသောက်ကုန် အမျိုးမျိုးကို စမ်းသပ်မှု ပြုလုပ် ကာ ကုန်ထုတ်လုပ်သူုများ၏ ကုန်ပစ္စည်း အရည်အသွေးကို စစ်ဆေးနိုင်ပြီး စားသုံးသူအတွက် အန္တရာယ်ကင်းသော စားသောက် ကုန်များကို ဈေးကွက် အတွင်း မတင်ပို့မီ သိရှိနိုင်ရန် စစ်ဆေးနိုင်မည့် (Incubator) ဗက်တီးရီးယားမွေးသောစက် အပါအ၀င် ဆက်စပ်ပစ္စည်း များဖြင့် စစ်ဆေးမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။

ဗက်တီးရီးယားများကို မွေးမြူကာ မိမိတို့ထုတ်လုပ်သည့် ထုတ်ကုန်များ၏ သန့်ရှင်းမှုကို စစ်ဆေးနိုင်ပြီး မည်မျှအထိ ဗက်တီးရီးယားပါဝင်သည် စသည့် စစ်ဆေးချက်များနှင့် စားသုံးသူလက်သို့ အန္တရာယ်ရှိသော စားသောက်ကုန် များ ဖြစ်မဖြစ် ဖြန့်ဖြူးမှု မပြုလုပ်ခင် စစ်ဆေးနိုင်မည်ဖြစ်ပြီး အဆိုပါစက်နှင့် ဆက်စပ်ပစ္စည်းများကို ဂျပန်နိုင်ငံမှ တင်သွင်းကာ ငွေကျပ် ၆ သိန်းကျော် ၇ သိန်း ၀န်းကျင်ဖြင့် စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချ သူများ အသင်းက တပ်ဆင်ပေးလျက်ရှိကြောင်း အသင်းတာဝန်ခံ တစ်ဦးက ပြောကြားသည်။

ထိုသို့ စက်များတပ်ဆင်ခြင်းကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၉ နာရီက မန္တလေးမြို့ ၈၄ လမ်း (အောင်ဆန်းလမ်း)၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ လကမ္ဘာမုန့်တိုက်တွင် အသင်းမှတာဝန်ရှိသူများက စက်များကိုလာရောက် တပ်ဆင်ပေးခြင်းနှင့် အသုံးပြုရမည့် နည်းစနစ်များကို လက်တွေ့ လုပ်ဆောင်ရှင်းလင်းပြသသည်။

လုပ်ငန်းရှင်များအနေဖြင့် အဆိုပါ စက်ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ထားရှိရန်အတွက် ဓာတ်ခွဲခန်း လိုအပ်မည်ဖြစ်ပြီး အလျား ၈ ပေ၊ အနံ ၉ ပေနှင့်အမြင့် ၆ ပေခန့်ရှိ မှန်လုံခန်းတစ်ခန်း လိုအပ်မည်ဖြစ်သည်။ အဆိုပါအခန်းသည် အငယ်ဆုံးအနေအထားတွင်ရှိမည်ဖြစ်ပြီး လုပ်ငန်း အခြေအနေအရ ထိုထက်ကြီးမားသော အခန်းများဖြင့် လုပ်ဆောင်ကြရမည်ဖြစ်သည်။

မန္တလေးတိုင်း ဒေသကြီးတွင် အဆိုပါ စက်ပစ္စည်းအသုံးပြုကာ အန္တရာယ်ကင်းသော စားသောက်ကုန်များ ဖြစ် ကြောင်း စစ်ဆေးနိုင်မည့် စက်ပစ္စည်းအသုံးပြုသည့် လုပ်ငန်းရှင် ၃၀ ရှိပြီး စက်ပစ္စည်းတပ်ဆင် ထားသော အရေအတွက်မှာ ၃၀ ရှိပြီဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် လုပ်ငန်းရှင်ကြီးများ အနေဖြင့် ကိုယ်ပိုင်ဓာတ်ခွဲ ခန်းကြီးများ ရှိသောကြောင့် အသင်း၏ အကူအညီမလိုဘဲ ကိုယ်ပိုင်ဓာတ်ခွဲခန်းများထားရှိကြောင်း သိရသည်။ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ယခုမှစတင် လုပ်ဆောင်ခြင်းဖြစ်သောကြောင့် စက်အလုံးရေ ၅၀ သာ တပ်ဆင် အသုံးပြုလျှက်ရှိကြောင်း အဆိုပါအသင်း ဓာတ်ခွဲခန်း တာဝန်ခံက ပြောကြားသည်။

ထိုသို့ အသုံးပြုရန်အတွက် လုပ်ငန်းရှင်များအနေဖြင့် အသင်းနှင့် ဆက်သွယ်ကာ ဆောင်ရွက်ကြရမည်ဖြစ်ပြီး အသင်းကို တိုင်းဒေသကြီးများ တွင် ထားရှိပြီး မန္တလေးတိုင်း ဒေသကြီး အနေဖြင့် ၈၄ လမ်း ၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြား၊ ဈေးချိုတော်မြောက်ဘက်တိုက်ခန်း၊ တတိယထပ်အခန်း အမှတ် (၆)တွင် ဆက်သွယ်နိုင်မည်ဖြစ် သည်။

ယခုလို စက်များကို တပ်ဆင်စစ်ဆေးခြင်းအားဖြင့် မိမိ၏စားသောက် ကုန်တွေမှာ ဗက်တီးရီးယားပိုးတွေရှိ မရှိ သိရှိရပြီး ပစ္စည်း အရည်အသွေးကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်လာပြီး ကောင်းမွန်လာသည်နှင့် အတူ အရည်အသွေးကို ထိန်းနိုင်မည်ဖြစ်ပြီး စားသုံးသူလက်ထဲ မရောက် ခင်မှာ အန္တရာယ်ကင်းသည့် စားသောက်ကုန်များ ထုတ်လုပ်ကာ စားသုံးသူအတွက် လုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar

ကရိန်းကားဖြင့် ဖမ်းဆီးခံရသူတချို့ အာဏာပိုင်များ၏ အမည်ကို အသုံးပြုပြီး အရေးမယူရန် ဖိအားပေးမှုများရှိနေ

 
ရန်ကုန် ၊ ဒီဇင်ဘာ ၂၆ ။ ။ ရန်ကုန် တိုင်းဒေသကြီးတွင် စည်းကမ်းမဲ့ ရပ်နားသည့် ယာဉ်များကို ကရိန်း ကားများဖြင့် ဖမ်းဆီးအရေးယူ ရာတွင် ဖမ်းဆီးခံရသူတချို့သည် အစိုးရအာဏာပိုင်များ၏အမည် များကိုအသုံးပြု ကာ အရေးမယူ ရန် ဖိအားပေးမှု များရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ် စည်းကမ်းအထူးစစ်ဆေးရေးအ ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန် ကုန်တိုင်းမ်သတင်းစာသို့ ထုတ် ဖော် ပြောကြားလိုက်သည်။

ယင်းကဲ့သို့ ဖိအားပေးမှု များရှိသော်လည်း ရန်ကုန်တိုင်း ဒေသကြီး ယာဉ် စည်းကမ်းအ ထူးစစ်ဆေးရေးအဖွဲ့အနေဖြင့် မည်သူ့ကိုမျှ မျက်နှာ သာမပေး ဘဲ အားလုံးကို တရားဥပဒေနှင့် အညီ အရေးယူဆောင် ရွက်မှု များ ပြု လုပ်နေကြောင်း အဆို ပါအဖွဲ့တွင် ပါဝင်သူတစ်ဦး က ပြောသည်။

အဆိုပါအဖွဲ့တွင် ပါဝင် သူ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၊ အင်ဂျင်နီ ယာဌာန(လမ်းနှင့်တံတား)မှ တာဝန်ရှိသူတစ်ဦးက ''ကျွန် တော် ကတော့ သမ္မတနဲ့သိတယ်၊ ဘယ်ဝန် ကြီး နဲ့ သိတယ် ဆိုပြီး ပြောတဲ့ သူတွေက နှစ်ရက်ကို တစ်ဦးလောက် ပါနေတယ်။ သူ့ဘာသာ ဘယ်သူနဲ့ ပဲသိသိ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်ရင်တော့ ဖမ်းမှာ ပဲ''ဟုပြောသည်။

ဖမ်းဆီးခံရသည့်သူများ အနက် အချို့ဖမ်းဆီးခံရသူများ သည် ယခင်အစိုးရလက်ထက် က လူကြီးများ၏အမည်ကိုအ သုံးပြုကာ ယာဉ်ကြောရှင်းလင်း သည့် တာဝန်ရှိသူများအားပြော ဆိုမှုများ ပြုလုပ်လျက်ရှိကြောင်း ယင်းက ဆက်လက် ပြော သည်။ အနားယူသွားပြီဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏မြေး ဖြစ်သူ၏ကားကိုလည်း ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မညီညွတ်သည့်အတွက် မရမ်း ကုန်းမြို့နယ်တွင် နိုဝင်ဘာ၁၅ ရက်က ဖမ်းဆီးခဲ့ကြောင်း၊ ၄င်း ၏ကား ကို ကရိန်းကား နှင့်ဆွဲယူ ကာ စမ်းချောင်းမြို့နယ်ရှိ ရှင် စောပုဝင်းသို့ ပို့ဆောင်ခံရသ ဖြင့် ယင်းတို့၏ကားသည်လည်း ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၏ သက်ဆိုင် ရာဥပဒေနှင့်အညီ အရေးယူခံ ရမည်ဖြစ်ကြောင်း သိရ သည်။

အလားတူပင် နေပြည် တော်မှ ရဲမှူးကြီးတစ်ဦးဖြစ်သူ ဇနီး၏ကားသည်လည်း စည်း ကမ်းဖောက်ဖျက်သည့်အတွက် ယင်းကဲ့သို့ ဖမ်းဆီးခံခဲ့ရ ကြောင်း သိရသည်။ အဝေးပြေးကုန်ကား မောင်းနှင်နေသည့် ဦးအောင် လှိုင်ဦးက ''အခုလိုမျိုး ဘယ် သူ့ ကိုမှ မျက်နှာမလိုက်ဘဲ အရေး ယူနေတယ်ဆိုတော့ ကောင်းပါ တယ်။ ဒါပေမဲ့ ဒီဟာကိုဆက် ကျင့်သုံးဖို့ဆိုတာ လွယ်တော့ မလွယ်ဘူး။ တော်တော်အောင် မြင်ဖို့လိုအပ်တယ်''ဟု သူ၏အ မြင်ကို ပြောသည်။

ထိုကဲ့သို့ဖမ်းဆီးမှုများပြု လုပ်နေသော်လည်း ယာဉ်ကြော ကျပ်ပိတ်ဆို့မှုသည် အဆိုပါတစ် ခုနှင့် မပြီးကြောင်း၊ သို့ရာတွင် ယခုလုပ်ကိုင်နေသည့် စနစ်တစ် ခုသည်လည်း ယာဉ်ကြောပိတ် ဆို့မှုကို သက်သာစေမည့်နည်း လမ်းတစ် ခုဖြစ် ကြောင်း ယင်း က ဆက်လက်ပြောသည်။ ရန်ကုန်မြို့တွင်း ယာဉ် မောင်းနှင်နေသူတစ်ဦးက ယာဉ် များသည် ဖမ်းဆီးသည့်အချိန် ခဏတွင်သာ ယာဉ်ကြောရှင်း သော်လည်း အဆိုပါအဖွဲ့မရှိ ပါက ယာဉ်များမှာ စည်းကမ်း မဲ့ရပ်နား မှုများ ဆက်လက် ပြု လုပ်မြဲပင်ဖြစ်နေကြောင်း ပြော သည်။

ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း အထူးစစ်ဆေး ရေးအဖွဲ့သည် နိုဝင်ဘာ၈ရက် မှစတင်ကာ မြို့တွင်းရှိ ယာဉ် မရပ်ရအဖြစ် သတ်မှတ်ထား သော၅ရလမ်းတွင် စည်းကမ်း မဲ့ရပ်နားထားသော ယာဉ်များ ကို ကရိန်းကားဖြင့် ဖမ်းဆီးအ ရေးယူမှု များ ပြုလုပ်ခဲ့သည်။ နို ဝင်ဘာလတွင် စတင်ခဲ့သော် လည်း ပြီးဆုံးမည့်အချိန်ကိုမူ ကန့်သတ်မထားကြောင်း သိရ သည်။ ယနေ့အထိ ယာဉ်အစီး ရေပေါင်း တစ်ထောင်ကျော်ကို ဖမ်းဆီးအရေးယူပြီးဖြစ်ကြောင်း၊ ၄င်းတို့ကို ရှင်စောပု ကား ဝင်း တွင် ထားရှိကြောင်း သိရသည်။

နန်းသီတာဝင်း / Yangon Media Group

အခြေခံ ဥပဒေ ပြင်ဆင်ရေး ၈၈ မျိုးဆက် တို့  ဆန္ဒ ပြကြတော့မည်

 recoverd_jpg_file3123
လူထု လှုပ်ရှား မှု တွေ မှာ သြဇာ အရှိန်အ၀ါ ကြီးမား လှတဲ့ ၈၈ မျိုးဆက် ကျောင်းသား
တွေ က ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ဆန္ဒပြ တောင်း ဆို မှု လုပ်မယ်
လို့  ပြောလိုက် ပါပြီ။
၂၀၁၄ ခုနှစ် ဇန်န၀ါရီလ လေး ရက်နေ့  ၊ မြန်မာ နိုင်ငံ လွတ်လပ်ရေး နေ့  မှာ ရန်ကုန် မြို့ 
မြို့  တော် ခန်းမ ရှေ့  မှာ ကျင်းပ မယ်လို့  ဆို ပါတယ်။ ကော့သောင်း ၊ မန္တလေး ၊ မကွေး
စတဲ့ မြို့  ကြီး တွေ က ၈၈ မျိုးဆက် ကျောင်း သား တွေ က  လည်း ပြည်သူ တွေ နဲ့  အတူ
ပုဒ်မ ၁၈ ဖျက်သိမ်းပေး ရေး နဲ့  ၅၉(ဃ) ၊၅၉ (စ)တို့  လို မျိုး တွေ ကို ပြင် ဖို့  တောင်းဆို
ဆန္ဒ ပြမှာဖြစ် ပါတယ်။
” ၈၈ မျိုးဆက် ကျောင်းသား တွေ နဲ့  အရပ်ဘက် အဖွဲ့  အစည်း တွေ က ခု လို ဆန္ဒ ပြ ပေမယ့်
NLD ပါတီ က တော့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ၊ လေးပွင့် ဆိုင် တွေ့ ဆုံ ဆွေးနွေး ရေး တွေ
အတွက် ပိုပြီး ဖိအောင်ဖြစ်အောင် လူထု လှုပ်ရှား မှု တွေ ကို ဘာတစ်ခု မှ မယ်မယ်ရရ မလုပ်
သေးဘူး ၊ ၁၉၉၈ ခုနှစ် ခုနှစ် တုန်း ကလည်း ရက်ပေါင်း  ၆၀ အတွင်း လွှတ်တော် ခေါ်ယူဖို့ 
တောင်းဆို ခဲ့ ပေမယ့် NLD က နေ ဦးဆောင် လှုပ်ရှားတာ ဘာ တစ်ခု မှ မရှိ ခဲ့ဘူး လို့ 
၉၆ ၊ ၉၈ မျိုးဆက် ကျောင်းသား တစ်ဦး က ထောက် ပြပါတယ်။
၂၀၀၇ခုနှစ် မှာ လောင်စာဆီ ဈေးနှုန်း တွေ တက် တော့ ၈၈ မျိုးဆက် ကျောင်း သား တွေ က ပဲ
ဦးဆောင်ပြီး လမ်းလျှောက် ဆန္ဒ ပြခဲ့ တာကြောင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ပေါ်
ပေါက် ခဲ့ ပါတယ်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ၈၈ အဖွဲ့လည်း  ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ လေး ရက်နေ့ မှာ ဆန္ဒပြမည်ဖြစ်ကြောင်းသတင်းရရှိထားသည်။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က တော့ ” အခြေခံ ဥပဒေ ပြင်ဆင်
ရေး အတွက် လူထု ကို စည်းရုံးလှုံဆော် မှု တွေ ကို မြန်မာ နိုင်ငံ အနယ်နယ် အရပ်ရပ် မှာ
စတင် နေ ပြီး ဒီအပတ် အတွင်း ချင်း ပြည်နယ် ကို ခရီးထွက် မှာ ဖြစ် ပါတယ်။
FNG

မလေးရောက် မြန်မာအလုပ်သမား ၉၇ ယောက် အကူအညီလိုအပ်


 ၂၇ ဒီဇင်ဘာ ၂၀၁၃

မလေးရှားနိုင်ငံ ဆာဗား ဆာရာဝတ်ပြည်နယ်ရှိ မီရီ(Miri) ဆိပ်ကမ်းမြို့ ရှင်းရန်းသင်္ဘောကျင်း စက်ရုံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား ၉၇ ဦးဟာ ဂိုဒေါင်ကနေ အမြန်ဆုံး ထွက်ခွာနိုင်ရေးအတွက် အကူအညီ လိုအပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

မနေ့က မလေးရှားရဲ သုံးယောက်နဲ့ သတင်းထောက်တယောက် လာရောက်မေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သင်္ဘောကျင်း ဂိုထောင်ထဲမှာ ပုန်းအောင်းနေတဲ့ မြန်မာအလုပ်သမား ဦးမျိုးထက်က ပြောပါတယ်။

“မနေ့ကတော့ ရဲတဖွဲ့နဲ့ သတင်းမီဒီယာက တယောက်နဲ့ လာရောက်မေးမြန်းတယ်။ ရဲက မလေးစကားတက်တဲ့ တယောက်နဲ့ လာရောက်မေးမြန်းတယ်၊ ဒီမှာချုပ်နှောင်ထားတာရှိလား၊ ဘာအခက်အခဲရှိလဲ၊ သွားရလာရတာ လွတ်လပ်လားလို့ လာမေးတယ်။ သံရုံးက ဖြေရှင်း ပေးမယ်ဆိုလို့ ကျနော်တို့ စောင့်နေပါတယ်။ မနက်ဖြန် ရောက်မယ်လို့ အတိအကျ ပြောပါတယ်။ လာမယ့် သံရုံးအဖွဲ့နဲ့ ကူညီမှုတွေကို မျှော်လင့်နေပါတယ် ကျန်တဲ့ အတိုင်းအတာက လုံခြုံစိတ်ချမှု တော့ ရှိနေတယ်လို့ ပြောချင်ပါတယ်။ ”

မလေးရှားရှိ မြန်မာအလုပ်သမား အရာရှိဟာ အလုပ်သမား အေဂျင်စီ အာဘာဖီကုမ္ပဏီနဲ့ ပူးပေါင်း ဆောင်ရွက်နေကြောင်း သမ္မတရုံးညွှန်ကြားရေးမှူး မှူးဇော်ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ဒီဇင်ဘာလ ၂၅ ရက်နေ့က ဖော်ပြထားပေမယ့် ယခုအချိန်အထိ မြန်မာသံရုံးရဲ့ တာဝန်ရှိသူတွေ ရောက်မလာသေးဘူးလို့ အလုပ်သမားတွေ ပြောဆိုပါတယ်။

မလေးရှားနိုင်ငံ မြန်မာသံရုံးအလုပ်သမား ကိုယ်စားလှယ်ဦးစိုးဝင်းက ဒီအလုပ်သမားတွေကို မလေးရှားနိုင်ငံကို ပို့ထားတဲ့ မြန်မာပြည်က အေးဂျင့်ကို စောင့်ဆိုင်းနေပြီး မလေးရှား အာဏာပိုင်တွေ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်လို့ မနေ့က ပြောဆိုခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၃ ရက်နေ့က မြန်မာအလုပ်သမား ၂ ဦး အင်ဒိုနီးရှားအလုပ်သမား ၂ ဦးတို့ အချင်များရာကနေ အင်ဒိုနီးရှားအလုပ်သမား ၃၀၀ ကျော်က အသုံးအဆောင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးပြီး ရန်ပြု တိုက်ခိုက်မှုကြောင့် ဂိုထောင်တခုမှာ ပုန်းအောင်းနေကြရတာ ဖြစ်ပါတယ်။

မြန်မာအလုပ်သမား ၉၇ ဦးထဲက အများစုက မြန်မာပြည်ကို ပြန်ချင်နေကြပြီး ကုမ္ပဏီပိုင် ဂိုထောင်တခုတွင် စုစည်းနေထိုင်ကာ စားသောက်ရေးအတွက် ကုမ္ပဏီက ပေးတဲ့ ထမင်းစား ကူပွန်များသုံးပြီး စားသောက်နေကြရကြောင်း သိရပါတယ်။

မလေးရှားမှာ တရားဝင် အလုပ်သမား ၃ သိန်းနဲ့ တရားမဝင် ၄ သောင်းလောက်ရှိတယ်လို့ သိရပါတယ်။

DVB TV News

ဒေါ်အောင်ဆန်းစုကြည် နှစ်သစ်ကူးမှာ ချင်းပြည်နယ် သွားမယ်

 
ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးက ခရီးသွားလာနိုင်တဲ့အခြေအနေရှိနေပြီဖြစ်လို့ စီစဉ်ထားတဲ့ ချင်းပြည်နယ်ခရီးစဉ်ကို မဖျက်ဘူးလို့ သိရပါတယ်။
 
မနက်ဖြန်တော့ ရန်ကုန်မှာ ကျင်းပမယ့် NLD ဗဟိုကော်မတီအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့ ယူဆရပါတယ်။ 

လဆန်းပိုင်းမှာ ကာတာနိုင်ငံခရီးစဉ်က ပြန်ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ
မကြာသေးခင်ကပဲ ရန်ကုန်နဲ့အနီးတဝိုက်ကို သွားရောက်ပြီး ၂၀၀၈ အခြေခံ ဥပဒေပြင်ဆင်ရေး လုထုဆန္ဒရယူပွဲ အခမ်းအနားတွေမှာ မိန့်ခွန်းပြောခဲ့ပါတယ်။

ချင်းပြည်နယ်ကို သွားမယ် ဆိုတာကလည်း
အခြေခံ ဥပဒေပြင်ဆင်ရေး လုထုဆန္ဒရယူပွဲတွေကို တက်ရောက်ဖို့ဖြစ်ပါလိမ့်မယ်။ 
ချင်းဒေသခရီးစဉ်ကို စီစဉ်ထားတဲ့အတိုင်း ဆက်ဖြစ်မယ့်အကြောင်း သူရဲ့မိသားစုဆရာက ထုတ်ပြန်တဲ့စာကို မူရင်းအတိုင်း   ဖော်ပြလိုက်ပါတယ်။ အဖွဲ့ချုပ်ရဲ့ Facebook စာမျက်နှာထဲ ပြီးခဲ့တဲ့မိနစ်ပိုင်းအတွင်း ၀င်လာတဲ့စာဖြစ်ပါတယ်။



အဖွဲ.ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး
မိသားစု ဆရာဝန်ကြီးမှ သတင်းထုတ်ပြန်ချက်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အား မိသားစုဆရာဝန်ကြီး ဒေါက်တာတင်မျိုးဝင်း(ခွဲစိတ်) ဦးဆောင်သော ဆရာဝန်များအဖွဲ့မှ ၂၆.၁၂.၁၃နေ့တွင် ခြေထောက်ခွဲစိတ်ခဲ့ရာ အနာချုပ်ရိုးဖြေရာတွင် အနာမှာကျက်နေပြီး ကောင်းမွန်စွာ လမ်းလျှောက်နိုင်ပြီး နာကျင်မှု မရှိတော့သဖြင့် ခွဲစိတ်မှု ရာနုန်းပြည့်အောင်မြင်ပါသည်။

မိသားစုဆရာဝန်ကြီးဒေါက်တာတင်မျိုးဝင်းမှ အဖွဲချုပ်ဥက္ကဋ္ဌ အား လုပ်ငန်းတာဝန်များ ပြန်လည် လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း ခွင့်ပြုပါသည်။

သို့ပါသဖြင့် အဖွဲချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ချင်းပြည်နယ်သို့ သွားရောက်ရန် မူလစီစဉ်ထားသည်အတိုင်း(၆.၁.၂၀၁၄)တွင်သွားရောက် မည်ဖြစ်ကြောင်း မိသားစုဆရာဝန်ကြီးမှ အတည်ပြုပြောကြားပါသည်။

အမျိုးသားကျန်းမာရေးကွန်ရက်(NHN)
အမျိုးသားဒီမိုကရေစီအဖွဲချုပ်
ဧရာဝတီ

မန်းမှာ ကျောက်တင်သင်္ဘော တစ်စီး ပေါက်ကွဲ၊ အမျိုးသမီးတစ်ဦး သေဆုံး

  ဒီနေ့ ဒီဇင်ဘာ ၂၇ရက်နေ့ မနက် ၉နာရီ ၁၅မိနစ်ခန့်က မန္တလေးမြို့ မဟာကျော်အေး ဆိပ်မှာ ကျောက်တင် သင်္ဘော တစ်စီးပေါ် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားပါတယ်။ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား လေးဦး ဒဏ်ရာ ရရှိသွား ပါတယ်။

မန္တလေးမြို့ မဟာကျော်အေးဆိပ် သင်္ဘောကျင်းအနီးမှာ ဒီဇင်ဘာ ၂၇ရက်နေ့ မနက် ၉း၁၅နာရီက OB307သူရိန်ကျော်စိုးဝင်း ကျောက်တင်သင်္ဘောတစ်စီး ဂဟေဆော်ရာကနေ လေအိုးပေါက်ပြီး ပေါက်ကွဲမှုဖြစ်ပွား။ မြစ်ဆိပ်အနီးမှာရှိတဲ့ ဒေါ်သီသီမြင့် (အသက် ၄၀၊ ပုသိမ်ကြီးမြို့နယ်ဓမ္မကျကျေးရွာ) နေရာမှာတင် ပွဲချင်းပြီး သေဆုံး။ အမျိုးသား ၄ဦး ဒဏ်ရာရရှိ။ ၂ဦးမှာ စိုးရိမ်ရ။ ပေါက်ကွဲသံကျယ်လောင်၊ အနီးနားရပ်ကွက်များ တုန်ခါမှုဖြစ်။

သတင်းဓာတ်ပုံ - ငြိမ်းမိုးနောင်
DVB TV News

လာမည့်လွှတ်တော် အစည်းအဝေးများတွင် ဘတ်ဂျက်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အဓိကဆွေးနွေးမည်


Thursday, 26 December 2013 00:30

လာမည့်လွှတ်တော် အစည်းအဝေးများတွင် ဘတ်ဂျက်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အဓိက ဆွေးနွေးမည်ဟု လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

နေပြည်တော်တွင် ပြုလုပ်မည့် ပထမအကြိမ်လွှတ်တော် န၀မပုံမှန် အစည်းအဝေးများကို ဇန်န၀ါရီ ၁၃ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို နံနက် ၁၀ နာရီအချိန်နှင့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများကို မွန်းလွဲ ၁ နာရီတို့တွင် စတင်ကျင်းပမည်ဟု သိရသည်။

လာမည့် န၀မအကြိမ် အစည်းအဝေးသည် ဘတ်ဂျက်အစည်းအဝေး ဖြစ်သည့်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့မှ တင်ပြလာမည့် ငွေလုံးငွေရင်း အသုံးစရိတ်များ၊ သာမန်အသုံးစရိတ်များ၊ ချေးငွေများနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စများကို အတည်ပြု ဆုံးဖြတ်ပေးရမည်ဖြစ်သည်။ ထို့ကြောင့် အစည်းအဝေးကာလသည် အနည်းဆုံး နှစ်လကျော် ကြာမြင့်မည်ဖြစ်သည်။

ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၊ အဖွဲ့ဝင် ဦးစိုင်းသီဟကျော်က “ကျွန်တော်တို့ ဒီတစ်ခေါက် လွှတ်တော်မှာ ဘတ်ဂျက်ကိစ္စတွေ စိစစ်ခွင့်ပြုရမှာ ဖြစ်ပါတယ်။ ၀န်ကြီးဌာနအလိုက် စီမံကိန်းဆိုင်ရာ လိုအပ်ချက်တွေကို အစိုးရအဖွဲ့ထံတင်ပြီး အစိုးရအဖွဲ့ ခွင့်ပြုချက်နဲ့ ဘဏ္ဍရေးကော်မရှင် ကနေတစ်ဆင့် လွှတ်တော်ကို ဘတ်ဂျက်ဥပဒေကြမ်းအဖြစ် ဆက်တင်ရမှာ ဖြစ်ပါတယ်။ တင်လာတဲ့ ဘတ်ဂျက်ဥပဒေကြမ်းကိုလည်း ကျွန်တော်တို့ကော်မတီ အနေနဲ့ စနစ်တကျ စိစစ်သွားမှာ ဖြစ်ပါတယ်” ဟု ဒီဇင်ဘာ ၂၅ ရက်တွင် ပြောကြားသည်။

ထိုပြင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီမှ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခြင်း ပြုလုပ်မည်ဖြစ်သည်။ တင်သွင်းပြီးနောက် ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ကို ခံယူကာ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခြင်းတို့ကိုပါ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်သမ္မတမှ လက်မှတ်မထိုးဘဲ ပြန်လည်ပေးပို့လာသည့် ဥပဒေကြမ်းနှစ်ခုဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် အထူးစီးပွားရေးဇုန် ဥပဒေကြမ်းတို့အား ပြန်လည်ဆွေးနွေး အတည်ပြုကြရမည် ဖြစ်သည်။

ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးများတွင် အတည်ပြုနိုင်ခဲ့ခြင်း မရှိသည့် သတင်းမီဒီယာဆိုင်ရာ ဥပဒေများ၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေများနှင့် အခွန်ဆိုင်ရာ ဥပဒေများကို ဆက်လက်ဆွေးနွေးမည် ဖြစ်သည်။ ထို့ပြင် တရားရုံးများ လေ့လာစောင့်ကြည့်ရေးဆိုင်ရာ ဥပဒေကြမ်းကိုလည်း တင်သွင်းရန်ရှိကြောင်း သိရသည်။

ထိုင်းဆန္ဒပြပွဲ သေကြေ ထိခိုက်မှုရှိ

 
ထိုင်းနိုင်ငံမှာ ဖေဖေါ်ဝါရီလထဲ ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ ထိုင်းရွေးကောက်ပွဲကော်မရှင်ရဲ့ ပန်ကြားချက်ကို ထိုင်းအစိုးရက ပယ်ချ လိုက်ပါတယ်။

ဖေဖေါ်ဝါရီလ ၂ ရက်နေ့ ကျင်းပဖို့ စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် ပုံသက် သက်ပ်ကန်ဇာန (Pongthep Thepkanjana) က ကြာသပတေးနေ့မှာ နိုင်ငံတော်ရုပ်သံမိန့်ခွန်းမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။ 

ရွေးကောက်ပွဲကြန့်ကြာနေတာနဲ့အမျှ အကြမ်းဖက်မှုတွေ ပိုများလာနိုင်တယ်လို့လည်း  ဒုတိယဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း ပြင်သစ်သတင်းက ပြောပါတယ်။ ထိုင်းနိုင်ငံရေးပဋိပက္ခကြောင့်ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်စေဖို့ ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်က ရွေးကောက်ပွဲကို  စောစောစီးစီးကျင်းပပေးဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြသူတွေကတော့ ထိုင်းနိုင်ငံမှာတွေ့နေရတဲ့ အဂတိလိုက်စားမှုတွေနဲ့ ငွေများငွေနိုင် နိုင်ငံရေးအဆုံးသတ်စေဖို့အတွက် ဝန်ကြီးချုပ်ယင်လတ် နုတ်ထွက်ပေးဖို့ တောင်းဆိုနေတာပါ။ ဒါ့အပြင် မစ္စယင်လတ်ကို သူ့ရဲ့ အကိုတော်သူ၊ အရင်ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ရဲ့ ရုပ်သေးရုပ်အဖြစ် ရှုမြင်ကြပါတယ်။

နိုင်ငံရေးပဋိပက္ခဟာ ကြာသပတေးနေ့အစောပိုင်းမှာတော့ အကြမ်းဖက်မှုအဖြစ် ပြောင်းသွားခဲ့ပြီး ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေနဲ့ ပစ်ခတ်ခဲ့ကြသလို ဆန္ဒပြသူတွေကလည်း ခဲတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ကြပါတယ်။

ဒီအဓိကရုဏ်းကနေ ရဲတစ်ဦးသေဆုံးခဲ့ရပြီး အများအပြားဒဏ်ရာ ရခဲ့ကြတာပါ။ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မှတ်ပုံတင်နေကြတဲ့ ဘန်ကောက်အားကစားရုံကြီးထဲကို ဆန္ဒပြသူတွေက ရဲတွေတားနေတဲ့ကြားက အတင်းဝင်ရောက်ခဲ့တဲ့နောက်ပိုင်း ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။

ဆန္ဒပြမှုတွေ သီတင်းပတ်ပေါင်းများစွာ ကြာမြင့်လာခဲ့တဲ့နောက် ဝန်ကြီးချုပ်က လွှတ်တော်ကို ဖျက်သိမ်းပေးခဲ့ပြီး ရွေးကောက်ပွဲ အမြန်ကျင်းပပေးမယ်လို့ ပြောကြားခဲ့ပေမယ့် နုတ်ထွက်ပေးဖို့တော့ မစ္စယင်လတ်က ငြင်းဆိုပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ပိတ်မိနေသည့် မြန်မာအလုပ်သမားများ မလေးရှားတွင် ဆက်လက်မလုပ်ကိုင်ရဲတော့ဘဲ မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လာနိုင်ရေး စီစဉ်ပေးရန်တောင်းဆို

မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်ရှိ  ဂိုဒေါင်တစ်ခုတွင် ပိတ်မိနေသည့် မြန်မာအလုပ်သမား ၉၇ ဦးမှာ မလေးရှားနိုင်ငံတွင် ဆက်လက်မလုပ်ကိုင်ရဲတော့ဘဲ မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်ရောက်ရန် ဆန္ဒရှိနေကြောင်း ပိတ်မိနေသည့် အလုပ်သမားတစ်ဦးဖြစ်သူ ကိုတင်အေးလွင်က  ဒီဇင်ဘာ ၂၆ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။
“ ကျွန်တော်တို့နဲ့ ပတ်သက်လို့  ဒီဘက်က အာဘာဖီးကုမ္ပဏီနဲ့ မလေးရှားဘက်က တရုတ်အေးဂျင့်ရယ်၊ သင်္ဘောကျင်းပိုင်ရှင်တို့နဲ့ ညှိနှိုင်းနေတယ်လို့ သိရတယ်။ သူတို့က ကျွန်တော်တို့ကို တစ်ယောက်ချင်းဆီခေါ် ထုတ်ပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျွန် တော်တို့မလိုက်ရဲဘူး။ တစ်ယောက်ချင်းခေါ်ထုတ်ပြီး တစ်ခုခုလုပ်မှာစိုးရိမ်တယ်။ ဒီဘက်က တရုတ်အေးဂျင့်တွေက  ဘာမှမဖြစ်ရင် အလုပ်ဆက်လုပ်ဖို့ တိုက်တွန်းတယ်။ ကျွန်တ်ာတို့အားလုံးက အိမ်ကိုပဲ အမြန်ဆုံးပြန်ချင်တယ်။ ဆက်လည်းမလုပ်ရဲတော့ဘူး။ ကျွန်တော်တို့ကိုပြန်ဖို့ စီစဉ်ပေးပါ။ တကယ်လို့ ငွေကြေးအကူအညီမပေးနိုင်ဘူးဆိုလည်း ကျွန်တော်တို့မှာလမ်းစရိတ်ရှိပါတယ်။ ကျွန်တော်တို့ လမ်းစရိတ်နဲ့ပဲပြန်ပါရစေ ”ဟု ကိုတင်အေးလွင်က ဆိုသည်။
“ ကျွန်တော်တို့မှာ စားစရာတွေလည်း မရှိတော့ဘူး။ အပြင်ကိုထွက်ပြီး စားစရာထွက်ဝယ်တာ အင်ဒိုနီးရှားတွေက ဈေးအ၀င်လမ်းမှာ လက်နက်တွေနဲ့ စောင့်နေတယ်။ ကျွန်တော်တို့ထဲက ခေါင်းဆောင်လေးဦးက အလုပ်ရှင်ကို သွားတွေ့တော့ လုံခြုံရေးတွေက ကွန်တိန်နာထဲကိုခေါ်ပြီး ထိုးကြိတ်လိုက်တယ်။ ကျွန်တော်တို့အဖြစ်က ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက်ပါပဲ။ သံရုံးကိုဆက်သွယ်တော့လည်း အာဘာဖီးကုမ္ပဏီ လာလိမ့်မယ်လို့ပြောတယ်။ ကျွန်တော်တို့ကို အေးဂျင့်တွေကရာ အလုပ်ရှင်ဘက်ကရော ဘာအာမခံချက်မှ မပေးဘူး ” ဟု ယင်းက ဆက်လက် ပြောကြားခဲ့သည်။
လက်ရှိတွင် ပိတ်မိနေသည့် အလုပ်သမားများ အဆက်အသွယ်ရရှိရေးအတွက် ယင်းအလုပ်သမားများအား မလေးရှားနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် ပို့ဆောင်ပေးခဲ့သည့် အာဘာဖီးပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံအလုပ်သမား သံအရာရှိဦးစိုးဝင်းက ပြောကြားသည်။
မလေးရှားသံအရာရှိဦးစိုးဝင်းက “ ပိတ်မိနေတဲ့အလုပ်သမားတွေနဲ့ အမြန်ဆုံးအဆက်အသွယ်ရဖို့ အာဘာဖီးအေဂျင်စီနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်။ အာဘာဖီးကုမ္ပဏီအနေနဲ့ မနက်ဖြန်မှာမလေးရှားကို လာရောက်မှာ ဖြစ်ပါတယ် ” ဟု ဆိုသည်။
“ ပုန်းအောင်းနေရပြီး ဒုက္ခဖြစ်နေတဲ့ အလုပ်သမားတွေကို အကူအညီပေးဖို့နဲ့ ဖြေရှင်းဆောင်ရွက်ပေးဖို့အတွက် သွားရောက်မှာပါ။ အခုလက်ရှိ ဗီဇာရဖို့ ကြိုးစားနေပါတယ်။ သူတို့ရဲ့မိသားစုတွေကို စိတ်မပူဖို့ ပြောချင်ပါတယ်။ ဗီဇာယူပြီးသွားရင် မနက်ဖြန်ရှိတဲ့ လေယာဉ်နဲ့ အလုပ်သမားတွေရှိရာ မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်ကိုသွားမယ်။ မြန်မာအလုပ်သမားတွေ ထိခိုက်နစ်နာမှုမရှိအောင် အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးသွားမယ် ” ဟု ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမင်းလှိုင်က ဆိုသည်။  
သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူဦးရဲထွဋ် က “ ၂၃ ရက်မှာ ပဋိပက္ခဖြစ်တယ်လို့ ပြောတယ်။ လက်ရှိသိရသလောက်ကတော့ အင်ဒိုနီးရှားအလုပ်သမားတွေနဲ့ဖြစ်တယ်လို့ အကြမ်းဖျင်းသိတယ်။ အဲဒီလို ပဋိပက္ခတွေဖြစ်နေတော့ မြန်မာအလုပ်သမားတွေက ထိတ်လန့်မှုဖြစ်နေတယ်လို့ ကျွန်တော်တို့က ၂၅ ရက်မှာရပါတယ်။ ဆာရာဝပ်ပြည်နယ်က မလေးရှားကျွန်းမကြီးမှာမဟုတ်ဘူး။ ဘရူနိုင်းနိုင်ငံနဲ့ ဆက်နေတဲ့ နယ်စပ်မှာဖြစ်နေတယ်။ ဒီကနေ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ပထမ မလေးရှား ကွာလာလမ်ပူမှာ အလုပ်သမားကောင်စစ်ဝန်ထမ်းတစ်ယောက်ရှိတယ်။ ပြီးလို့ချင်ရင် အလုပ်သမားတွေအတွက် ဒီပတ်စ်ပို့ကိစ္စတွေ လုပ်ဖို့အတွက် နိုင်ငံခြားရေးရုံးက ထုတ်ထားတဲ့လူ ၁၀ ယောက်ကျော်လောက် ရောက်နေတာရှိတယ်။ အဲဒီအဖွဲ့တွေကလည်း မလေးရှားအစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်။ အနီးဆုံးမှာရှိနေတဲ့ ဘရူနိုင်းနိုင်ငံသံအမတ်ကြီးက အဲဒီဒေသကိုသွားဖို့ မနေ့ကစတင်ဆောင်ရွက်နေတယ် ”ဟု ဒီဇင် ဘာ ၂၆ရက်တွင် ပြုလုပ်ကျင်းပသည့် တောင်သူလယ်သမားအခွင့်အရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေ၊ နည်းဥပဒေရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲအပြီးတွင် သတင်းထောက်များ၏မေးမြန်းချက်ကို ဖြေကြားခဲ့သည်။
ဆက်လက်၍ပြောကြားရာတွင် “ ကျွန်တော်ထင်တယ် ဒီနေ့လောက်ဆိုရင်တော့ သက်ဆိုင်ရာဒေသအာဏာပိုင်တွေနဲ့ အဆက်အသွယ်ရပြီးတော့ လိုအပ်တဲ့အကူအညီတွေပေးနိုင်မယ်လို့ထင်တယ်။ အသေးစိတ်ကိုတော့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သွားပါလိမ့်မယ်။ အလုပ်သမားတာဝန်လုပ်နေတာကတော့ ညွှန်ကြားရေးမှူးဦးမျိုးအောင်ပေါ့။ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒုတိယ၀န်ကြီး ဦးတင်ဦးလွင် ဆက်သွယ်ပြီးလုပ်နေတယ်။ အဲဒီမှာ အလုပ်သမားတွေရောက်နေတယ်။ သင်္ဘောကျင်းမှာထင်တယ်။ အလုပ်သမားရှိတယ်ဆိုတာ ကျွန်တော်သိတယ်။  တရားဝင်ခြင်းမ၀င်ခြင်းက ဒုတိယကိစ္စ။ ပထမဦးဆုံး သက်ဆိုင်ရာသံရုံးက ကာကွယ်စောင့်ရှောက်မှုပေးဖို့က ကျွန်တော်တို့ရဲ့ဦးစားပေးလုပ်ငန်း၊ အဲဒါကို ကျွန်တော်တို့လုပ်မယ်။ အဓိကကတော့ ကျွန်တော်တို့ရဲ့အကူအညီကို အရင်ဆုံးရအောင်လုပ်ဖို့ ကျွန်တော်တို့အတွက် အရေးကြီးဆုံးဖြစ်နေတယ် ” ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဆိုသည်။
မလေးရှားနိုင်ငံ၊ ဆာရာဝပ်ပြည်နယ်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားနှစ်ဦးနှင့် အင်ဒိုနီးရှားအလုပ်သမားတို့ ဒီဇင်ဘာ ၂၃ ရက်တွင် ပြဿနာစဖြစ်ရာမှ အင်ဒိုနီးရှားအလုပ်သမားများက လက်နက်မျိုးစုံဖြင့် ရန်ပြုရန် ကြိုးပမ်းခဲ့သည့်အတွက် မြန်မာအလုပ်သမား ၉၇ ဦးမှာ သင်္ဘောကျင်းအနီးရှိ  ဂိုဒေါင်တစ်ခုတွင် ပုန်းအာင်းနေရပြီး အကူအညီလိုအပ်နေသည့်အတွက် အဆိုပါအလုပ်သမား ၉၇ ဦးအား သက်ဆိုင်ရာ သံရုံးမှ ကာကွယ်စောင့်ရှောက်မှုများ ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
လက်ရှိတွင်နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့်  ပုန်းအောင်းနေရသည့် မြန်မာအလုပ်သမားများကိုအကူအညီပေးနိုင်ရန် ပြည်ပအလုပ်အကိုင်အေဂျင်စီ အာဘာဖီးကုမ္ပဏီနှင့်  ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မလေးရှားနှင့် ဘရူနိုင်းသံရုံးတို့ကို အလုပ်သမားများအား အကာအကွယ်ပေးရန် တောင်းဆိုထားကြောင်းလည်း သမ္မတရုံးညွှန်ကြားရေးမှူး မှူးဇော်၏ဖေ့ဘုတ်(ခ်)စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။
ထို့ပြင် ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်အသင်းအနေဖြင့် ပိတ်မိနေသည့် မြန်မာအလုပ်သမားများအား အကူအညီပေးရေးအတွက် ဒီဇင်ဘာ ၂၇ ရက်တွင် မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

Thursday, December 26, 2013

AIDS က စိုးရိမ်စရာမဟုတ် သတိထားရမယ့် အခြေအနေတော့ဖြစ်


 အိတ်ခ်ျအိုင်ဗီ ရောဂါ တိုက်ဖျက်ရေးမှာ အရေးပါတဲ့ ART ဆေးဝါး

မြန်မာနိုင်ငံမှာ အေအိုင်ဒီအက်စ် ရောဂါဖြစ်စေတဲ့ အိခ်ျအိုင်ဗွီပိုးကူးစက်ခံထားရသူ ပြီးခဲ့တဲ့နှစ်တုန်းက ၂ သိန်းလောက်ရှိပြီး အဲ့ဒီအထဲမှာ ရောဂါပိုးကို ထိန်းထားနိုင်တဲ့ အေအာတီ ဆေးကြွေးဖို့လိုအပ်နေသူ ၁ သိန်း ၂ သောင်းရှိတယ်လို့ ကျန်းမာရေး ပြုစုစောင့်ရှောက် အကူအညီပေးသူတွေက ပြောပါတယ်။

လက်ရှိမှာ လူနာရှင် ဦးရေ ၆ သောင်းကျော်ကိုပဲ အေအာတီ ဆေးပေးနိုင်သေးတဲ့တွက် နောက်ထပ် ၅ သောင်းကျော်ကို အေအာတီ ဆေးပေးဖို့လိုနေပါတယ်။
လာမယ့်နှစ် ၂ဝ၁၄ ခုနှစ်အတွင်းမှာ ဆေးပေးရမယ့်သူ ၅ သောင်းကျော်လုံးကို ဆေးပေးနိုင်မှာမဟုတ်သေးလို့ ဆိုပါတယ်။

အရင်တုန်းက မြန်မာ နိုင်ငံဟာ ပိတ်ဆို့ အရေးယူ ခံထားရတာကြောင့် အေအိုင်ဒီအက်စ် ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ စီမံကိန်း လုပ်ဆောင်မှုနဲ့ ရံပုံငွေတွေကို အန်ဂျီအို တွေ လက်ထဲ ကနေ ဖြန့်ဝေ လုပ်ကိုင် ပေးနေရတာ ဖြစ်တယ် ၊ အခုနောက်ပိုင်းတော့ အစိုးရကသာ အားလုံးကို တိုက်ရိုက် ချုပ်ကိုင် လုပ်ဆောင်သွားတော့မှာ ဖြစ်တယ်လို့ Marie Stopes international မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင် က ပြောပါတယ်။

အခုအချိန်မှာတော့ နိုင်ငံတကာ အန်ဂျီအိုတွေ ဖြစ်တဲ့ ဂလိုဘယ်ဖန်း ၊ နယ်စည်းမခြား ဆေးကုသရေး အဖွဲ့ နဲ့ တခြား အိုင်အန်ဂျီအိုတွေက အိတ်ခ်ျအိုင်ဗီ တိုက်ဖျက်ရေးကို လုပ်ဆောင်ပေးနေတယ်လို့ သူက ရှင်းပြပါတယ်။

၂၀၁၅မှာ အစိုးရ ကဘဲ ၈၀ ရာခိုင်နှုန်းလောက်ကို ချုပ်ကိုင်သွားတော့မှာလို့ သူက ဆိုပါတယ်။

လက်ရှိမှာ ဝေဒနာရှင် အရေအတွက် လျော့ကျလာပြီး လူနာ အသစ် ရောဂါ ရှိနေတဲ့ သူတွေရဲ့ နှုန်းလည်း ကျလာတယ်လို့ သူက ပြောပါတယ်။

အဓိကကတော့ သွေးလှူရှင်တွေ ၊ လိင်တူ ဆက်ဆံသူတွေ ၊ တီဗီ ဝေဒနာရှင်တွေ ၊ ပြည့်တန်ဆာတွေနဲ့ ကိုယ်ဝန်ဆောင်တွေဘဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါကြောင့် အခုအနေအထားမှာ စိုးရိမ်စရာ မဟုတ်ပေမယ့် သတိတော့ ထားရမယ်လို့ သူက ပြောပါတယ်။
BBC

မူဆလင်ညီအကိုတော်များအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် အီဂျစ်သတ်မှတ်

မူဆလင်ညီအကိုတော်များအဖွဲ့ခေါင်းဆောင် Mohammed Badie.
အီဂျစ်နိုင်ငံမှာ မူဆလင်ညီအကိုတော်များအဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်နဲ့ အီဂျစ်စစ်တပ်က ဖွဲ့ပေးထားတဲ့ အီဂျစ်ယာယီအစိုးရက တရားဝင် သတ်မှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်တုန်းက လူ ၁၅ ဦး သေဆုံးခဲ့ရတဲ့ ရဲဌာနချုပ် ဗုံးခွဲခံရမှုမှာ မူဆလင်ညီအကိုတော်များအဖွဲ့ လက်ချက်ဖြစ်တယ်လို့ အီဂျစ်အစိုးရက စွပ်စွဲခဲ့ပါတယ်။

အခုလို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်တာကြောင့် မူဆလင်ညီအကိုတော်များအဖွဲ့အနေနဲ့ ဆန္ဒပြမှုတွေအပါအ၀င် အဖွဲ့အစည်းလှုပ်ရှားမှု လုပ်ငန်းတွေအားလုံးကို ပိတ်ပင်လိုက်တာဖြစ်တယ်လို့ အီဂျစ်အစိုးရ၀န်ကြီးတဦးက ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်အဖွဲ့အစည်တရပ်မှာ ပါဝင်တဲ့ အဖွဲ့ဝင်တိုင်းကို အာဏာပိုင်တွေအနေနဲ့ အရေးယူ စွဲချက်တင်နိုင်တဲ့ အာဏာလည်း သက်ရောက်သွားပါတယ်။

အီဂျစ်နိုင်ငံမှာ ဇူလိုင်လအတွင်းက သမ္မတမော်စီကို စစ်တပ်က ဖြုတ်ချခဲ့ပြီးနောက်၊ စစ်တပ်ကနေ မူဆလင်ညီအကိုတော်များအဖွဲ့ကို နှိမ်နင်းလာရာမှာ အခု နောက်ဆုံး ဒီအခြေအနေဟာ အဆိုးဆုံး တင်းမာမှုဖြစ်လာပါတယ်။ အီဂျစ်နိုင်ငံ နိုင်းမြစ်ဝကျွန်းပေါ်က Mansoura မြို့မှာရှိတဲ့ ရဲဌာနချုပ် ဗုံးခွဲတိုက်ခိုက်ခံရပြီး နောက်တနေ့မှာပဲ၊ မူဆလင်ညီအကိုတော်များအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် အီဂျစ်အစိုးရအဖွဲ့ကနေ ကြေညာလိုက်တာဖြစ်ပါတယ်။ 
 
ဗွီအိုအေ (မြန်မာပိုင်း)

မော်စီတုန်းမွေးနေ့ နှစ် ၁၂၀ အထိမ်းအမှတ် တရုတ်ကျင်းပ

တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ပြီး ဆယ်စုနှစ်သုံးစုနီးပါး အုပ်ချုပ်လာခဲ့တဲ့ ကွယ်လွန်သူ တရုတ်ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းရဲ့ အသက် ၁၂၀ ပြည့်မွေးနေ့ပွဲကို တရုတ်နိုင်ငံမှာ အခု ကြာသာပတေးနေ့ ကျင်းပကြမှာဖြစ်ပါတယ်။ တရုတ်ခေါင်းဆောင် မော်စီတုန်းဟာ ၁၉၇၆ ခုနှစ်မှာ ကွယ်လွန်ခဲ့တာပါ။

မော်စီတုန်းဟာ ၇၀ ရာခိုင်နှုန်း တရုတ်နိုင်ငံ ကောင်းကျိုး လုပ်ဆောင်ပေးခဲ့ပြီး၊ ၃၀ ရာခိုင်နှုန်းဟာ အမွေဆိုး ဖြစ်တယ်လို့ တရုတ်အစိုးရ ရပ်တည်ချက်မှာ ဖော်ပြပါတယ်။ တရုတ်အစိုးရပိုင် Global Times မှာ လူထုစစ်တမ်း ကောက်ခံရာမှာတော့ မော်စီတုန်းအပေါ်မှာ တရုတ်လူထုသဘောထားဟာ အကောင်းဘက် ပိုပြီးများပါတယ်။

စစ်တမ်းမှာပါဝင်သူ ၈၅ ရာခိုင်နှုန်းကတော့ မော်စီတုန်းဟာ အမှားတွေရှိခဲ့ပေမဲ့ တရုတ်ပြည်အတွက် သူလုပ်ပေးခဲ့တဲ့ လုပ်ရပ်တွေအပေါ် ပိုပြီး အသိအမှတ် ပြုကြပါတယ်။ သူ့ကိုထောက်ခံသူတွေဟာ များသောအားဖြင့် အသက်အရွယ်ကြီးကြပြီး၊ သူအုပ်ချုပ်စဉ်ကို မီခဲ့သူတွေပါ။

သူဟာ တရုတ်နိုင်ငံကို နိုင်ငံခြားသြဇာကနေ လွတ်ကင်းအောင် လုပ်ပေးခဲ့သလို၊ တရုတ်နိုင်ငံကို တစုတစည်းတည်းဖြစ်အောင် စုစည်းပေးခဲ့သူလို့ အဲဒီ ထောက်ခံသူတွေက ပြောကြပါတယ်။ ဒါပေမဲ့လည်း တရုတ်နိုင်ငံမှာ မဟာခုန်ပျံကျော်လွှားမှုနဲ့ ယဉ်ကျေးမှု တော်လှန်ရေးမျိုး အငြင်းပွားစရာ စမ်းသပ်မှုတွေကြောင့် လူပေါင်း သန်းချီ သေဆုံးခဲ့ရတယ်လို့လည်း အချို့က သူ့ကို အပြစ်တင်ခဲ့ကြပါတယ်။ 
ဗွီအိုအေ (မြန်မာပိုင်း)

မြန်မာစစ်အရာရှိတွေကို ဗြိတိန် သင်တန်းပေးတော့မယ်

 
 ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရစ်ချတ်စ် (General Sir David Richards)နှင့် သမ္မတ ဦးသိန်စိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ ဇွန်လ ၃ ရက်နေ့က နေပြည်တော် ၌ တွေ့ဆုံ စဉ်(ဓာတ်ပုံ – သမ္မတ ရုံး ၀က်ဘ်ဆိုက်)

မြန်မာတပ်မတော်က အကြီးတန်းအရာရှိတွေကို သင်တန်းပေးဖို့ ဗြိတိန်ကာကွယ်ရေး တက္ကသိုလ်က အရာရှိအဖွဲ့ တဖွဲ့ မြန်မာနိုင်ငံကို အခု ရက်ပိုင်း သွားတော့မယ်လို့ သိရပါတယ်။ 
ဗြိတိန်အခြေစိုက် The Telegraph သတင်းတပုဒ်က မြန်မာစစ်တပ် အရာရှိကြီး ၃ဝ ကို အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာ ဘယ်လို ပူးပေါင်းလုပ်ဆောင်ရတယ်ဆိုတာနဲ့ပတ်သက်ပြီး လုံခြုံရေးကို ဘယ်လို စီမံ ကိုင်တွယ်ရလဲဆိုတဲ့ သင်တန်း ပေးဖို့ ဖြစ်ပြီး ဇန်နဝါရီလထဲမှာ ဗြိတိန်စစ်ဘက်ရေးရာအဖွဲ့ကို စေလွှတ် မှာ လို့ ဖော်ပြပါတယ်။ 

ဗြိတိန်က ပေးမယ့် သင်တန်းဟာ စစ်ရေးသင်တန်းမဟုတ်ဘဲ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေ၊ ဥပဒေတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို နားလည်ဖို့အတွက် အခုလို ၂ ပတ်သင်တန်း ပေး မှာဖြစ် တယ်လို့ ဗြိတိန်စစ်အရာ ရှိကြီးတဦးကလည်း ပြောထားပါတယ်။ 

ဗြိတိန်အနေနဲ့ မြန်မာ့ပြုပြင်ပြောင်းလဲရေးမှာ အဓိကကျတဲ့ မြန်မာ့တပ်မတော်ကို မျက်ကွယ်မပြုပဲ အခုလို သင်တန်းတွေ ပေးတာဖြစ်ပေမယ့် တချို့ လွှတ်တော်အမတ်တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက် တိုက်ကျူးလွန်နေတဲ့ မြန်မာ့တပ်မတော်ကို အခုလို ဗြိတိန်ဘက်က အကူအညီပေးတာတွေအပေါ် ကန့်ကွက် ဝေဖန်နေကြ တာတွေလည်း ရှိပါတယ်။ 

မြန်မာ့တပ်မတော် အရာရှိ ၃၀ ကို ဗြိတိန်စစ်တပ်က အဲဒီ သင်တန်းတွေပေးဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ ဇူလိုင် လလယ်ပိုင်းက သွားရောက်ခဲ့တဲ့ ဗြိတိန်ခရီးစဉ်မှာ ၂ နိုင်ငံခေါင်းဆောင်တွေ သဘောတူထားတာပါ။

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကလည်း ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရစ်ချတ်စ် (General Sir David Richards) မြန်မာနိုင်ငံ ရောက်ရှိလာပြီး ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပါသေးတယ်။ 


အိမ့်သံစဉ် ~ ဧရာဝတီ 

Wednesday, December 25, 2013

ခန္ဓာအငှါး


သရုပ်ဆောင် - ခန့်စည်သူ၊ အိချောပို၊ ယုသန္တာတင်၊ ရွှေမှုန်ရတီ
ဒါရိုက်တာ -  မောင်မျိုးမင်း
                         ရုပ်ရှင်ကြည့်ရန် ဒီနေရာကိုနှိပ်ပါ

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က သင်းခွေချပ် ၄၈ ကောင်

 
 (ဓာတ်ပုံ - Jessica Mudditt)
တနင်္ဂနွေမနက်က သင်းခွေချပ် ၄၈ ကောင်ကို တရားမ၀င် သယ်လာတာ မွန်ပြည်နယ် ပေါင်မြို့နယ်အာဏာပိုင်တွေက  ရှာဖွေတွေ့ရှိလို့ သယ်လာတဲ့ ယာဉ်မောင်းဖြစ်သူကို အမှုဖွင့်ထားတယ်လို့  ရဲတပ်ဖွဲ့ Facebook မှာ ရေးထားပါတယ်။
ရန်ကုန်-မော်လမြိုင်ကားလမ်း၊ ကျွဲခြံရွာသစ်အနီး၊ မိုင်တိုင်အမှတ်(၁၇၅/၃-၄)ကြားမှာ သတင်းအရ စစ်ဆေးရှာဖွေရာကနေ ဖမ်းမိတာလို့ ဆိုတယ်။

 တောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်များ ကာကွယ်ရေးနှင့်  သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၇(က)နဲ့  အမှုဖွင့် အရေးယူထားတယ်လို့ ဆိုတယ်။

(စစ်ဆေးရှာဖွေချိန်မှာ) သင်းခွေချပ် ၆ ကောင် သေနေတယ်လို့ ဆိုတယ်။

သင်းခွေချပ်ကို ဘာလုပ်ကြမှာလဲ။

ပြီးခဲ့တဲ့ ၂ လ ဝန်းကျင်လောက်က ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ်သတင်းစာမှာ ရန်ကုန်မြို့က စားသောက်ဆိုင်တခုအကြောင်း Jessica Mudditt ဆိုသူက တစွန်းတစ ရေးထားပါတယ်။
အပေါ်ပုံကတော့ ... အဲဒီဆိုင်က စားပွဲထိုးတယောက် သင်းခွေချပ်ကိုင်ထားတဲ့ပုံ ဖြစ်ပါတယ်။

အစားအသောက်စာရင်းမှာတော့ သင်းခွေချပ် ဆိုတဲ့ စကားလုံး ပါချင်မှ ပါမယ်။ သို့သော်လည်း ဒါက အထူးဟင်းလျာ ဆိုတဲ့အတွက် အထူးမှာမှ အထူး ချက်ပြုတ်ပေးပုံပါပဲ။
ဈေးနှုန်းကလည်း အထူး များပြားမယ့်ပုံ။

အနံ့ အရသာ မည်သို့မည်ပုံရှိမယ် မသိရပါ။
သင်းခွေချပ်ဟာ ဆေးဖက်ဝင်တယ်၊ ကင်ဆာဝေဒနာကိုတောင် သက်သာပျောင်းကင်းစေ ဆိုပဲ၊ တချို့သောသူတို့ရဲ့ အယူအဆ ဆိုပါစို့။

သင်းခွေချပ် ဆိုတာ အကာအကွယ်ပေးထားတဲ့ တောရိုင်းတိရစ္ဆာန် ဆိုတဲ့အတွက် ပေါ်ပေါ်ထင်ထင် ရောင်းချခြင်းမပြုတာဖြစ်ပါလိမ့်မယ်။

ရဲသတင်းမှာတော့ အထက်ပါ ၄၈ ကောင်သော သင်းခွေချပ်တို့ကို ပေါင်မြို့နယ်မှာ တွေ့တာဆိုတော့ ဒီကောင်တွေကို ထိုင်းနိုင်ငံဘက် ပို့တဲ့ လမ်းကြောင်း ဖြစ်နေမလား။
ထိုင်းဘက်ကနေ ဒီကောင်တွေ ဘယ်ကို ထပ်သွားကြမယ် မသိပါဘူး။
အကောင် တရာ၊ နှစ်ရာ ဖမ်းမိတယ် ဆိုတဲ့ သတင်းတွေလည်း တနှစ်တကြိမ်လောက်တော့ ထိုင်းမီဒီယာတွေမှာ ပါလာတတ်ပါတယ်။

မြန်မာပြည်မှာ စားသုံးသူ များလာရင်တော့ သင်းခွေချပ်တွေ ပိုမို ရှားပါးလာဖွယ်ရှိမယ်လို့ ထင်ပါတယ်။

ဧရာဝတီ

အခြေခံဥပဒေကို မပြင်ရင် ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ SNLD ပြော

 
မြန်မာနိုင်ငံရဲ့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်ဘူးဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦးက ပြောကြားလိုက်ပါတယ်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြည်သူတွေအတွက် အကျိုးမဖြစ်စေသလို တိုင်းရင်းသား အခွင့်အရေးတွေလည်း ကင်းမဲ့နေတဲ့အတွက် SNLD ပါတီအနေနဲ့ လက်မခံနိုင်ကြောင်း ၊ ဒါကြောင့် ဒီဖွဲ့စည်းပုံကိုမပြင်ရင် ၂၀၁၅ ရွေးကောက်ပွဲကို မဝင်ဖို့ဆုံးဖြတ်ထားကြောင်း ဦးခွန်ထွန်းဦးက ပြောပါတယ်။

“အရင်တုန်းကလိုပဲ လုံးဝမပြင်ဘူးဆိုရင်တော့ ကျနော်တို့ အရင်တုန်းက ခံယူတဲ့အတိုင်းပဲ မဝင်ပဲနေဖို့တော့ အစီအစဉ်တွေများတယ်၊ လုံးဝမပြင်ဘူးဆိုရင်တော့ လုံးဝမဝင်ဘူးဆိုတဲ့ သဘောမျိုးသက်ရောက်လိမ့်မယ်၊ လောလောဆယ် ပြောင်းလဲလာတယ်၊ အများပြည်သူကလည်း တောင်းဆိုတယ်ဆိုတော့ ဝင်ဖို့ဆိုတာကတော့ ကျနော်တို့က စဉ်းစားရတော့မယ့် အခြေအနေမျိုးမှာရှိပါတယ်၊ ဒီဖွဲ့စည်းပုံ မပြင်ဘူးဆိုရင်တော့ ကျနော်တို့ဒါရင်းခဲ့တာတွေ၊ ဘဝတွေ ပေးဆပ်ခဲ့တာတွေကလည်း အလကားဖြစ်ကုန်မှာပေါ့၊ ကျနော်တို့ရဲ့ ယုံကြည်ချက်က ဒီဖွဲ့စည်းပုံက ပြည်သူအတွက် ဘာမှအကျိုးမရှိဘူး၊ တိုင်းရင်းသားတွေအတွက်လည်း ဘာမှအကျိုးမရှိတဲ့အတွက်ကြောင့် မဝင်ပဲနေခဲ့တယ်၊ အသိအမှတ်လည်း မပြုခဲ့ဘူးလေ၊ ညီလာခံကနေ ထွက်ခဲ့တာပဲ”

SNLD ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ဒုတိယမဲအများဆုံးအနိုင်ရရှိခဲ့တဲ့ တိုင်းရင်းသား အင်အားကြီးပါတီတစ်ခု ဖြစ်ပါတယ်။ ပါတီအနေနဲ့ စစ်အစိုးရရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံတဲ့အတွက် ၂၀၁၀ ခုနှစ်တုန်းကကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်မယှဉ်ပြိုင်ခဲ့ပါဘူး။ လက်ရှိမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လွှတ်တော်မှာကော်မတီဖွဲ့ပြီး လုပ်ဆောင်နေပြီဖြစ်တဲ့အတွက် SNLD ပါတီအနေနဲ့ ဒီဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ သေချာနေပြီဆိုမှသာ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese

» ၈၈ ခေါင်းဆောင်တွေ ဆန္ဒပြဖို့ သမ္မတနဲ့ လွှတ်တော်ကို စာပေးပို့

 
ပြည်သူအပေါ် နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့နဲ့ မကိုက်ညီတာတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ အပါအ၀င် အရပ်ဘက်လူမှုအဖွဲ့အစည်း ၆၀ ကျော်စုပေါင်းပြီး ဆန္ဒပြဖို့ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌတွေထံ မနေ့က အကြောင်းကြားစာ ပေးပို့လိုက်တယ်လို့ သိရပါတယ်။

၈၈ မျိုးဆက်ကျောင်းသာ ခေါင်းဆောင်တွေအနေနဲ့ ဆန္ဒပြပွဲမှာပါဝင်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်းမှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုပြုံးချိုက RFA ကို အခုလို ပြောပါတယ်။

“တိုင်းပြည်အပြောင်းအလဲမှာ သူတို့တွေကနေပြီးတော့ နိုင်ငံသားတွေ ပါဝင်ခွင့်တွေကို ဥပဒေက တဖက်ကပြဌာန်းပြီးတော့ ဒီဥပဒေအရ တဖက်ကနေ ချုပ်နှောင်ထားတာတွေ ပေါ်လာတဲ့အတွက် ရေရှည်မှာ နိုင်ငံသားတွေ ပါဝင်တဲ့ကိစ္စတွေမှာ အငြင်းပွားမှုတွေ အများကြီးဖြစ်လာနိုင်သလို ဆန္ဒပြုမှု ကိုယ်စားပြုမှု စစ်စစ်မှန်မှန် မရလိုက်မှာကို ကျနော်တို့အများကြီး စိုးရိမ်ပါတယ်”

ဒီဆန္ဒပြပွဲအတွက် လာမယ့်သီတင်းပတ် ဇန်န၀ါရီလ ၄ ရက်နေ့မှာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခွင့်ရဖို့ ကျောက်တံတားမြို့နယ် ရဲစခန်းမှာ ခွင့်ပြုချက်တောင်းခံထားတယ်လို့ သိရပါတယ်။

အဲဒီ ဆန္ဒပြပွဲမှာ တရားမ၀င် စီတန်းလှည့်လည်ခြင်းဆိုင်ရာပုဒ်မ ၁၈ ပြင်ဆင်ရေးအပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ တရားစွဲဆိုထားဆဲအမှုတွေကို ဖျက်သိမ်းပေးဖို့ စတဲ့အချက်တွေကို တောင်းဆိုကြမှာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ အကျဉ်းထောင်တွေထဲမှာ လက်ကျန်နိုင်ငံရေးအကျဉ်းသား ၅၀ ကျော်နဲ့ ပုဒ်မ ၁၈ အပါအ၀င် နိုင်ငံရေးအမှုနဲ့ တရားစွဲဆိုခံထားရသူ ၁၅၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။

RFA Burmese

မြန်မာက ထိုင်းကို ပို့တဲ့ "ဂက်စ်" ခေတ္တရပ်မှာ ထိုင်းလုပ်ငန်းရှင်တွေ စိုးရိမ်နေ

 
 ရတနာ သဘာဝ ဓာတ်ငွေ့တူးဖော်ရေး ကမ်းလွန် လုပ်ကွက် (ဓာတ်ပုံ – မြန်မာ့ အလင်း)
အခု တလော ထိုင်း နိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်နေချိန်နဲ့ တပြိုင်နက် ထိုင်းစီးပွားရေးသမားတွေ အတွက် စိုးရိမ်စရာဖြစ်တာကတော့ မြန်မာက ထိုင်းကို တင်ပို့နေတဲ့ သဘာဝ ဓာတ်ငွေ့ ( ဂက်စ်) တင်ပို့ တာကို ခဏ နားမယ်ဆိုတဲ့ ကိစ္စပါဘဲ။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းသတင်းတွေမှာလည်း အတော်ပွဲဆူနေပါပြီ။ ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ ဒီ အကြောင်း သတင်းထောက် သန်းထိုက်ဦး ရေးသားတင်ပြထားတဲ့ ထိုင်းသို့ သဘာဝ ဓာတ်ငွေ့ပေး ပို့မှု 
ခေတ္တရပ်ထားမည် (http://burma.irrawaddy.org/business/2013/12/24/52632.html) ဆိုတဲ့ သတင်း မှာ အပြည့်အစုံ ဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံမှတဆင့် ထိုင်းနိုင်ငံသို့ သဘာဝ ဓာတ်ငွေ့ ပေးပို့ ရောင်းချခြင်းကို ၁၅ ရက်ကြာ ခေတ္တ ရပ်ဆိုင်း မည်ဖြစ်ရာ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် လုပ်ငန်းများ ရပ်ဆိုင်းမည်ကို ထိုင်းစီးပွားရေးသမားများက စိုးရိမ်နေကြကြောင်း သိရသည်။

မြန်မာအစိုးရက လာမည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁ ရက်မှ စတင်ပြီး ၁၅ ရက်နေ့အထိ ထိုင်းနိုင်ငံသို့ သဘာဝ ဓာတ်ငွေ့ပေးပို့မှုများကို ခေတ္တရပ်ဆိုင်းရန် စီစဉ်ထားခြင်း ဖြစ်သည်။

ဧရာဝတီ
 

မောင်ကိန်းရွှေဆိုင်ကို ဓားပြတိုက်သူ တစ်နဦးဖမ်းမိ ၊ နှစ်ဦးလွတ်မြောက်

မန္တလေးမြို့က နာမည်ကြီးမောင်ကိန်း ရွှေဆိုင်မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်က ဓားပြ တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ 


 ဓားပြတိုက်ခံရတဲ့ မောင်ကိန်းရွှေဆိုင်၊ ဓာတ်ပုံ- ကြေးမုံစာမျက်နှာ
နိုင်ငံပိုင်ကြေးမုံသတင်းစာရဲ့ စာမျက်နှာကတော့ အခုလို ဖော်ပြထားပါတယ်။ 

“ဓါးပြရဲ့ လက်ထဲမှာ သေနတ်ကိုင်ဆောင်ထားပြီး ပစ်ဖောက်လုယက်တာဖြစ်ပါတယ်။ ရွှေဆိုင်က ရွှေတွေ ယူပြီး အထွက် ဆိုင်ကယ်ပေါ်အတက် ရွှေဆိုင်လုံခြုံရေးဝန်ထမ်းတွေက လုံးထွေးဖမ်းဆီးတာကြောင့် တစ်ဦးကို ဖမ်းမိ သွားပါတယ်” လို့ ဆိုပါတယ်။ 

မောင်ကိန်းရွှေဆိုင်အနီးက လူတွေအပြောကတော့ ရွှေဆိုင်လုံခြုံရေး ဝန်ထမ်းတွေသာမက အနီးအနားက လူတွေက လဲကျသွားတဲ့ ဆိုင်ကယ်နဲ့ ဓားပြတဦးကို ဝိုင်းဝန်း ရိုက်နှက်ဖမ်းခဲ့လို့ ဦးခေါင်းဒဏ်ရာရသွားတယ် လို့ ဆိုကြပါတယ်။  

မျက်မြင်တွေက ပြောတာကို ကိုးကားဖော်ပြတဲ့ မန္တလေး စီဂျေသတင်းတွေမှာတော့ သေနတ်သမား ဓားပြ ဟာ ဆိုင်ထဲက ရွှေတွေကို မှန်ခွဲပြီး ယူကာ ဆိုင်ကယ်နဲ့ ထွက်ပြေးဖို့ အလုပ်မှာ ဖမ်းမိတာလို့ ဆိုကြပါတယ်။

ဓားပြတိုက်ခံလိုက်ရတဲ့ မောင်ကိန်းရွှေဆိုင်ဟာ မန္တလေးမြို့ လမ်း ၈၀ × ၂၉ လမ်းထောင့်မှာ တည်ရှိတဲ့ ဆိုင်ဖြစ်တယ်လို့ ကြေးမုံက ဖော်ပြပါတယ်။

မန္တလေးသတင်းတွေမှာတော့ ဓားပြဟာ သေနတ် ၇ ချက်ပစ်ဖောက်ပြီး အမျိုးသားကြီး တဦးလည်း 
သေနတ် မှန်ခဲ့တယ်လို့ ဆိုပြီး ဓားပြဟာအနည်းဆုံး ၁ ဦးရှိကာ တဦးကိုပဲဖမ်းမိတာဖြစ်တယ်လို့ ဆိုကြ ပါတယ်။ 

အခုထိ သက်ဆိုင်ရာက ဘာသတင်းမှ ထုတ်ပြန်တာ မရှိသေးလို့ မန္တလေးပြည်သူတွေက ဓားပြတိုက်မှုနဲ့ ပတ် သက်ပြီး အတိအကျ မသိရသေးဘူးလို့ ပြောကြပါတယ်။ 

တလောကပဲ မိတ္ထီလာဘဏ်ကို ၆ဝဝ၆ တင့်ကားတပ်ရင်းက ဗိုလ်ကြီးတဦးက ငွေလိုအပ်နေလို့ အနုကြမ်းစီးခဲ့ပါ သေးတယ်။ အဲဒီ ဗိုလ်ကြီးကိုတော့ ရဲတပ်ဖွဲ့ကနေ စစ်တပ်ကို လွှဲပေးလိုက်ပြီလို့ ဆိုပါတယ်။ 

အခုတလော ဘဏ်ဓားပြတိုက်တာ၊ ရွှေဆိုင်ဓားပြတိုက်တွေ ခေတ်စားလာနေသလိုပါဘဲ။ 

အိမ့်သံစဉ် ~ ဧရာဝတီ
==========================

မန္တလေးမြို့ လမ်း၈၀ နဲ့ ၂၉ လမ်းဒေါင့်မှာရှိတဲ့ မောင်ကိန်းရွှေဆိုင်မှာ ဒီဇင်ဘာ ၂၄ ရက် ၅ နာရီကျော်ကျော်က ဓါးပြတိုက်မှု တခုဖြစ်ပွားခဲ့ပါတယ်။ ဒီဓါးပြတိုက်မှုမှာ တရားခံလို့ယူဆရသူ တယောက်ကိုမိထားတယ်လို့ အမှတ် ၈ ရဲစခန်းက အတည်ပြုပြောကြားပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ မျက်မြင်တွေအဆိုအရ လူသုံးယောက်လာပြီး တယောက်က သေနတ်ပြခြိမ်းခြောက်ခဲ့တာကို အော်ဟစ်အကူအညီတောင်းလို့ ဓါးပြကသေနတ်နဲ့ပစ်လိုက်တဲ့အတွက် လူတဦးဒဏ်ရာရခဲ့လို့ဆိုပါတယ်။ အဲဒီနောက် ဓါးပြတွေထွက်ပြေးရာက ပတ်ဝန်းကျင်အကူအညီနဲ့ တယောက်ကိုဖမ်းမိပြီး ၂ယောက်လွတ်သွားတယ်လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမှတ် ၈ ရဲစခန်းကတော့ အသေးစိတ်စုံစမ်းဆဲမို့ဆိုပြီး အတည်ပြုချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

BBC Burmese