Pages

Saturday, April 20, 2013

ကွန်ယက်ဖွဲ့တိုက်သူတွေကို နည်းပညာနဲ့ဖော်ထုတ်မယ်

ဓာတ်ပုံ-ဒေါင်းမာန်ဟုန်
 မြန်မာတွေ ဖေ့စ်ဘွတ်ခ် ပေါ်မှာ သဘောထား မှတ်ချက်တွေ ဝင်ရေးတဲ့ အခါ မကြားဝံ့ မနားသာ ကြမ်းတမ်း ညစ်ညမ်းစွာ ဆဲရေး တိုင်းထွာမှုတွေကိုလည်း သုံးကြတဲ့ အတွက် လူကောင်းတွေတောင်မှာ ဖေ့စ်ဘွတ်ခ် ထဲဝင်ရေးဖို့တွန့်လာနေကြတယ် ၊ နောက်တခါ ဒီဖေ့စ်ဘွတ်ကို သုံးပြီးတော့ ရည်ရွယ်ချက် ရှိရှိလှုံ့ဆော် တိုက်ခိုက်မှုတွေ လုပ်လာနေကြတယ် ဒါတွေကိုတုန့် ပြန်ရအောင် ဖေ့စ်ဘွတ်ခ် သုံးသူတွေ ကျင့်ဝတ် နားလည်တဲ့ ယဉ်ကျေးမှု တရပ် ပေါ်လာအောင် ၈၈ ကျောင်းသား အဖွဲ့က ကြိုးစားခဲ့ပါတယ်။နိုင်ငံရေးနဲ့ပတ်သက်ပြီး ပဋိပက္ခတွေ ကြီးထွားလာအောင် ၊ နောက်ပြီး ဒီမိုကရက် အင်အားစုတွေကို ဦးတည်ထား တိုက်ခိုက်တဲ့ စံနစ်တကျ ပြင်ထားတဲ့ ကွန်ယက်တွေကိုတောင် တွေ့နေရတယ်လို့အဲဒီ လှုပ်ရှားမှုကို ဦးဆောင်တဲ့ ကိုဂျင်မီက ပြောပါတယ်။

တယောက်က ပြောတာနဲ့နောက်တယောက်ကပါ ဆက်တိုက် ဝုန်းဝုန်းနဲ့ ဆဲလိုက် ဆိုလိုက် ပစ်လိုက် ခတ်လိုက်တာပေါ့ ၊တချို့ ဝေဖန်ချက် အကောင်းတွေ ဝင်ရေးပေးမယ့် သူတွေကတောင် ဒီလူတွေနဲ့ရောပြီး မရေးပေးချင်တော့ဘူး ၊ ဘာလို့လဲ ဆိုတော့ သူတို့က ရေးလိုက်လို့ ရှိရင် အဲဒီ လူတွေက ကြမ်းကြမ်းတမ်းတမ်းနဲ့ဝင်ဆဲတဲ့ အခါကျတော့ သူတို့နဲ့ဖက်မဖြစ်ချင်တဲ့ အခါ လူကောင်းတွေက မပါတော့ဘူး ၊ နောက်ဆုတ်လာတယ်လို့ သူက ဆိုပါတယ်။ဒီလူတွေ လမ်းမှန်ပေါ် ရောက်လာအောင် ဘယ်လို လုပ်မလဲလို့ဘီဘီစီက မေးကြည့်တော့ ကိုဂျင်မီက ပြန်လည် ဖြေကြားရာမှာ ဖေ့စ်ဘွတ်ခ်မှာ ကိုယ်ရေး အချက်အလက်နဲ့ ပတ်သက်လို့ အမှန်အတိုင်း ဖော်ပြသူကိုသာ မိတ်ဆွေ အဖြစ် လက်ခံမယ် ၊ ဒီလူတွေကိုဘဲ လေးလေးစားစားနဲ့ ပြန်လှန်ဆွေးနွေးတာတွေတုန့်ပြန်တာတွေ ၊ ဝေဖန်ချက် ပေးတာတွေ အဲဒီ အလေ့အကျင့်ကောင်းတွေ လုပ်ပေးသွားမယ် ဆိုရင်တော့ ပိုပြီး အကျိုးရှိလာမယ်လို့ ထင်ကြောင်း သူက ရှင်းပြခဲ့ပါတယ်။

အဓိက ကတော့ သူတို့ရဲ့ အတွေးအခေါ်တွေက နိမ့်ကျနေတယ် ၊ ဖေ့စ်ဘွတ်ခ် သုံးတယ် ဆိုတာ လက်ကွက် ရိုက်တက်ရုံ ဓါတ်ပုံ တင်တက်ရုံနဲ့ မပြီးဘူး ၊ ဖေ့စ်ဘွတ်ခ် ဆိုတာ ကိုယ်ပိုင် ဖြစ်တယ် ဆိုပေမယ့် အများက ကိုယ်တင်သမျှကို ကြည့်မြင် ခံစားနိုင်တယ် ဆိုတာကို သိထားဖို့ လိုတယ် ၊ အထူးသဖြင့် ဖေ့စ်ဘွတ်ခ် သုံးမယ် ဆိုရင် လူ့ကျင့်ဝတ် ထုံးတမ်းနဲ့ယဉ်ကျေး ရည်မွန်မှုတော့ ရှိဖို့ လိုတယ်လို့ကိုဂျင်မီက ပြောပါတယ်။ဒါ့အပြင် အမည်းအမှောင် လောကသားတွေကတာ့ သူတို့ ကိုယ်ရေး အချက်အလက် မှန်ကို မပြောဘူး ၊ သူတို့ဟာ တယောက်တည်းပေမယ့် အကောင့်တွေ အများပြီး ဖွင့်ပြီး ပုံစံမျိုးစုံနဲ့ပျက်စီးရာ ပျက်စီးကြောင်း တိုက်ခိုက်မှုတွေ လုပ်နေတာကတော့ ဆက်ရှိနေဦးမှာဘဲ ၊ ဒီလူတွေကိုတော့ လွှတ်ထားပေးလို့ မရဘူးလို့ သူက ဆိုပါတယ်။ အခု လောလောဆယ် မှာတော့ ဖေ့စ်ဘွတ်ခ် သုံးသူတွေကြား ကျင့်ဝတ်ကို နားလည်လာအောင် ကြိုးစား သွားမှာ ဖြစ်ပြီး နောက်ပိုင်းကျရင်တော့ ကွန်ယက်ဖွဲ့ပြီး တိုက်နေတဲ့ သူတွေကို နည်းပညာတွေ သုံးလို့ဖော်ထုတ် သွားမယ်လို့သိရပါတယ်။

ဘီဘီစီ

ဘော့စတွန်အရေး ပြီးဆုံးသွားပါပြီ

 
ဘော့စတွန် မာရသွန် ဗုံးခွဲ တရားခံတွေလို့ သံသယဖြစ်ခံရတဲ့ ညီအကို ၂ ဦးကို တဦးသေ၊ တဦး ရှင် အဖြစ် ဖမ်းဆီး ရမိပြီးနောက်မှာတော့ ဘော့စတွန်အရေး ပြီးဆုံးပြီလို့ ရဲတပ်ဖွဲ့နဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေက သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး အသိပေးကြေညာလိုက်ပါတယ်။ 

Water town မြို့ဆင်ခြေဖုံးတနေရာမှာ လှေတခုအတွင်း ပုန်းအောင်းနေတဲ့ Dzhokhar Tsarnaev ကို ဖမ်းဆီးရမိလိုက်ပြီးနောက် အခုလို ပြီးဆုံးသွားပြီလို ကြေညာတာပါ။ 

သူ့ကို လုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းဆီးတဲ့အခါ တမင် အသက်ရှင်လျှက် ဘယ်လို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သတင်းဓာတ်ပုံကိုလည်း ထုတ်ပြန်ပါတယ်။ 

အခုတော့ အသက်ရှင်လျှက် ဖမ်းဆီးခံရသူ  ချင်ချင် အမေရိကန်သား အသက် ၁၉ နှစ်ရှိ Dzhokhar Tsarnaev ကို တရားဥပဒေအရသာ စုံစမ်း ဖော်ထုတ် အရေးယူသွားမှာဖြစ်တယ်လို့ တာဝန်ရှိ သူတွေက ပြောပါတယ်။ 

ဘော့စတွန်နဲ့ ၀ါးတာတောင်း၊ ကင်းဗရစ်ခ်ျ မြို့သူမြို့သားတွေလည်း အခုတော့ အိမ်အပြင်တွေ ကို ထွက်လာကြပြီး အဆိုပါ မြို့ကလေးက ပြန်လည် ထွက်ခွာလာကြတဲ့ ရဲတပ်ဖွဲ ယာဉ်တန်းကြီးကို ကြိုဆို
နှုတ်ဆက် မှုတွေနဲ့ ပြန်လည်စည်ကားလျှက် ရှိပါတယ်။



ဧရာဝတီ

Wednesday, April 17, 2013

Meeting of DASSK and Burmese Community in Kyoto, Japan


မြန်မာ့အရေး ဂျပန်အစိုးရတာဝန်ရှိသူတွေနဲ့ ဒေါ်စုဆွေးနွေး

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်နိုင်ငံခြားရေး ၀န်ကြီး  Fumio Kishida တို့ တွေ့ဆုံစဉ် (၁၆ ဧပြီ ၂၀၁၃)
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်နိုင်ငံခြားရေး ၀န်ကြီး Fumio Kishida တို့ တွေ့ဆုံစဉ် (၁၆ ဧပြီ ၂၀၁၃)
 မြန်မာနိုင်ငံက အဓိက နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း အစိုးရ အဆင့်မြင့် ခေါင်းဆောင် တွေက မြန်မာ့အရေး အားပေးသွားဖို့ ကတိပြုလိုက်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဂျပန်နိုင်ငံ အပါအ၀င် နိုင်ငံတကာက ပံ့ပိုးကူညီမှုတွေဟာ ထိရောက်တဲ့ နေရာတွေအတွက် ဖြစ်စေ လိုတဲ့အကြောင်း ပြောဆိုခဲ့တာပါ။ နှစ်ပေါင်း ၃၀ လောက်မှာ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့တော့  ဒေါ်ခင်မျိုးသက် က ပြောပြပေးမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
ခေါင်းဆောင် နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမိယို ကိရှိဒါ (Fumio Kishida) တို့ဟာ အင်္ဂါနေ့ ညနေမှာ တွေ့ဆုံခဲ့ပြီး၊ မြန်မာနိုင်ငံကို ဒီမိုကရေစီရေး အပြောင်းအလဲတွေအတွက် ဂျပန်က ကူညီမယ့်အကြောင်း ဂျပန်နိုင်ငံခြားရေး ၀န်ကြီးက ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဂျပန်နိုင်ငံက ဆက်ပြီးတော့ ထောက်ခံ ပံ့ပိုးပေးဖို့ ဆန္ဒရှိပါတယ်။”

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ် အရပ်သားအစိုးရ တက်လာချိန်ကစပြီး ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးခဲ့သလို၊ ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်တော် ရွေးကောက်ပွဲမှာ ပါဝင်စေပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာနေပြီမို့ ရှေ့ဆက် အပြောင်းအလဲတွေအတွက် ဂျပန်နိုင်ငံက ကူညီမယ်လို့ ပြောကြားခဲ့တာ ပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဂျပန်နိုင်ငံရဲ့ ကမ်းလှမ်းချက် အပါအ၀င် ရလာတဲ့ အခွင့်အရေးတွေကို ချက်ခြင်း အသုံးချနိုင်ရေးဟာ မြန်မာနိုင်ငံအတွက် သိပ်ကို အရေးပါတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

“အခွင့်အရေးတွေ အများကြီးရှိသလို၊ ဒီအခွင့်အရေးတွေကို သုံးနိုင်ဖို့ ဆိုတာကလည်း အင်မတန် အရေးကြီးပါတယ်။ အဲ့ဒါမှ အပြောင်းအလဲတွေကလည်း အကောင်းဘက်ကို ပြောင်းလာမှာပါ။”

ဒီကနေ့ မနက်ပိုင်းမှာတော့ မြန်မာနိုင်ငံကို ကူညီထောက်ပံ့မှုတွေ ပေးရေး အတွက် ပြင်ဆင်နေတဲ့ ဂျပန်နိုင်ငံရဲ့ လွှတ်တော်ကို ဒေါ်အောင်ဆန်းစုကြည်
ရောက်သွားချိန်မှာ လွှတ်တော်အမတ်တွေဟာ မတ်တပ်ရပ်ပြီး သြဘာပေး ကြိုဆိုခဲ့ကြတာပါ။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး (Shinzo Abe) ကလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အကူအညီတွေ ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးစု အသီးသီးကြားမှာ ငြိမ်းချမ်းမှုရအောင် လုပ်ဆောင်နေတာတွေကို ဂျပန်အစိုးရက ကူညီပံ့ပိုး ပေးချင်ပါတယ်။”

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်ကစပြီး ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာခဲ့တဲ့နောက်ပိုင်း ဂျပန်လုပ်ငန်းရှင်တွေဟာ အလုပ်သမား ပေါများပြီး လုပ်အားခ သက်သာတဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဖို့အတွက် စိတ်အားထက်သန် နေကြတာပါ။ နိုင်ငံတကာနဲ့ ချစ်ကြည်ရင်းနှီးမှုတွေရဖို့ ကြိုးစားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ လွှတ်တော် ၂ ရပ်စလုံးကို သွားရောက်ခဲ့တယ်လို့ တိုကျိုမြို့က မြန်မာ့အရေး လှုပ်ရှားနေတဲ့ ဦးသန်းရွှေ ကပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဂျပန်မှာ လွှတ်တော် ၂ ရပ် ရှိတဲ့အထဲက မနက်ဘက်မှာတော့ အထက်လွှတ်တော် ဥက္ကဋ္ဌနဲ့ သွားတွေ့ပြီးတော့ နေ့ခင်းဘက် မှာ အောက်လွှတ်တော် ဘတ်ဂျက်ကော်မီတီ အစည်းအဝေးရှိတာကို အဲ့ဒီလွှတ်တော်မှာ သွားပြီးတော့ စကားနည်းနည်း ပြောခဲ့တယ်။”

အင်္ဂါနေ့ ညနေခင်းမှာ ဂျပန်နိုင်ငံရောက် ကျောင်းသူကျောင်းသားတွေနဲ့ မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့အစည်း တချို့က ပုဂ္ဂိုလ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ခဲ့တယ်လို့ တိုကျိုမြို့က ဦးလှဟန် ကပြောပါတယ်။

“ဂျပန်မှာ ကျောင်းတက်နေတဲ့ ကျောင်းသူလေးတွေနဲ့ ၃၅ နှစ်အောက် လူငယ်တွေနဲ့ အဲ့ဒါက သပ်သပ်၊ ဒီမိုကရေစီ လှုပ်ရှားတဲ့သူတွေထဲက အဖွဲ့အစည်းကခေါင်းဆောင်
တွေနဲ့ အသက် ၄၀ အထက် လူတွေကို သူတို့ စိစစ်ပြီးတော့ ဖိတ်ပြီးတော့ သူတို့ နားတဲ့အခါမှာ တယောက်ချင်းခေါ်တွေ့ပြီးတော့  ဒေါ်စုက တယောက်ချင်းကို မေးနေ တာ။”

ဂျပန်နိုင်ငံကို တပတ်ကြာခရီး သွားရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်အိမ်ရှေ့မင်းသား နာရုဟိတို (Naruhito) နဲ့ တွေ့ဆုံခဲ့သလို၊ ဗုဒ္ဓဟူနေ့မှာ တိုကျိုတက္ကသိုလ်မှာ မိန့်ခွန်းပြောကြားဖို့ရှိတယ်လို့လည်း ဦးသန်းရွှေက ပြောပါတယ်။

“မနက်ဖြန်မှာတော့ ကျနော်တို့ တိုကျို တက္ကသိုလ်မှာ သူက မိန့်ခွန်းပြောကြားဖို့ရှိတယ်ဗျာ။ အဲ့ဒီကျလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရွေးစင်ပေါ့လေ ရွေးချယ် ထားတဲ့ ကျောင်းသားတွေထဲမှာ ကျနော်တို့ မြန်မာနိုင်ငံကနေပြီးတော့ Asylum Seeker ဘ၀နဲ့နေပြီးတော့ scholarship ရပြီးတော့ တက္ကသိုလ်မှာ တက်ခဲ့တဲ့ ဗမာကျောင်းသားတွေပါ ပါပြီးတော့ စကားပြောဖို့ အစီအစဉ်လေးတွေ ရှိပါတယ်။ မနက်ဖြန်မှာပဲ ဂျပန်နိုင်ငံမှာရှိတဲ့ NGO ပေါ့လေ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရော၊ အများအားဖြင့်တော့ Human Rights Organization တွေ များပါတယ်။ စစ်အစိုးရ လက်ထက်တုန်းက မြန်မာနိုင်ငံ ဒီမိုကရေစီအတွက်ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ ဂျပန်လူမျိုးတွေနဲ့ ကျနော်တို့ ဗမာတွေ စုပြီးတော့ ဖွဲ့ထားတဲ့ NGO အဖွဲ့တွေ၊ နောက်တခါ Human Rights Watch တို့ Amnesty International တို့ အဲ့ဒီ NGO အဖွဲ့အစည်းတွေနဲ့ မနက်ဖြန်မှာ တွေ့ကြဖို့ရှိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို မပြန်ခင်မှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး (Shinzo Abe) နဲ့ သီးခြားတွေ့ဆုံဖို့လည်း ရှိပါတယ်။
VOA

Boston ဗုံးပေါက်ကွဲမှု မြို့ခံမြန်မာတဦးအမြင်

 Boston မြို့ပတ်ပတ်လည် လုံခြုံရေးတင်းကျပ် (၁၆ ဧပြီ ၂၀၁၃)
Boston မြို့ မာရသွန် အပြေးပြိုင်ပွဲမှာ တနင်္လာနေ့က ဗုံးပေါက်ကွဲ တိုက်ခိုက်မှုကြောင့် အဲ့ဒီမြို့မှာ လုံခြုံရေး တင်းကျပ်စွာ ချထားပြီးတော့ သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း စုံစမ်းစစ်ဆေး မှုတွေ ပြုလုပ်နေကြပါတယ်။ Boston မြို့ခံတဦးဖြစ်တဲ့ ရိုးမ စားသောက်ဆိုင်ပိုင်ရှင် ကိုစိုင်းလူကျော် ကို နောက်ဆက်တွဲ အခြေအနေနဲ့ပတ်သက်လို့ ဒေါ်လှလှသန်း က ဆက်သွယ်မေးမြန်း ထားပါတယ်။

မေး။          ။ ကိုစိုင်းလူကျော်တို့ ဒီရိုးမစားသောက်ဆိုင်က မနေ့က ဗုံးပေါက်တဲ့ Boston မာရသွန် ပြေးတဲ့နေရာနဲ့ သိပ်မကွာလှဘူးပေါ့။

ဖြေ။           ။ “သိပ်မကွာဘူး။ ကျနော်တို့ ဒီကနေ မောင်းမယ်ဆိုရင် ၆ မိနစ် ၇ မိနစ်လောက်ပေါ့ဗျာ။ ကျနော်တို့ကလည်း Boston ပဲ ဒါပေမဲ့ မြောက်ပိုင်းဘက်မှာ သွားကျတယ် ကျနော်တို့ဆိုင်က။”

မေး။          ။ ဒီနေ့ အခြေအနေရော ဘာတွေ ထူးပါသေးလဲ။

ဖြေ။           ။ “ဒီနေ့ အခြေအနေကတော့ Downtown အဲ့ဒီဗုံးပေါက်ကွဲတဲ့နေရာကို အခု ပြည်သူပြည်သားတွေအားလုံး မသွားဖို့ပေါ့ဗျာ။ အဲ့ဒီနေရာမှာ သူတို့က ပိတ်ထားတာ။ တမိုင်ဧရိယာပတ်ဝန်းကျင်ပေါ့။ ၁၅ ဘလော့ လောက်ရှိတယ်။ ကျနော် မနက်တုန်းက သွားကြည့်သေးတယ်။ ကျနော်က ကျနော့်ဆိုင်အတွက် လိုအပ်တာ သွားဝယ်ရတာကိုး။ အဲ့ဒီ Downtown ကို ဖြတ်ဖြတ်ပြီး သွားရတာ။ သွားတော့ အဲ့ဒီမှာ အားလုံးက ပိတ်ထားတာဗျာ။ မြို့ထဲမသွားဖို့၊ ဒီနေ့ အိမ်မှာနေဖို့၊ Downtown မသွားဖို့၊ ကျနော်တို့ဆိုင် ဧည့်သည်တော်တော်များများက အဲ့ဘက်ကို လာတာ။ လာတဲ့အခါကျတော့ ကျနော်လည်း ဒီနေ့ - မနေ့ကလိုပဲ ဆိုင်ထပ်ပြီး ပိတ်ရတာပေါ့လေ။”

မေး။          ။ အဲ့တော့ လုံခြုံရေးအခြေအနေကတော့ တင်းကျပ်နေမှာပေါ့။ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်ဆိုတော့လေ။

ဖြေ။           ။ “ဟုတ်ကဲ့ အခု ဒီမှာ လုံခြုံရေးက တော်တော် တင်းကျပ်တာဗျ ဒီမှာ ဒီနေ့ အသွားအလာဆိုရင် ပုလိပ်တွေဆိုရင် လမ်းလျှောက်တဲ့သူတွေကအစ သူတို့ အဲ့လိုမျိုးပေါ့ စစ်ဆေးနေတယ်။ ကျနော့်ရဲ့ မိတ်ဆွေတယောက် Subway စီးပြီး သူ သွားမယ် သွားမယ်ဆိုပြီး သွားတဲ့အခါကျတော့ အဲ့ဒီမှာ အ၀င်မှာ တန်းစီးရတာ။ သူတို့က အိတ်တွေလည်း လုံးဝကို ရှာတာ။ နောက်ပြီးတော့ ဒီမှာက ခါတိုင်းနဲ့မတူဘူး။ ပုလိပ်ကားတွေက များလာတယ်။ လှည့်လည်နေတာပေါ့ဗျာ။ ကျနော်တို့ ဒီဘက်ခြမ်း။ မနေ့ကထက်စာရင် ဒီနေ့ ပိုများလာတယ်။ ကျနော်ကြည့်ရတာ တခြားမြို့ကအစ ပုလိပ်တွေ ဘာတွေ အင်အားတွေ ဖြည့်ထားတယ်ထင်တယ်။ နောက်ပြီးတော့ စစ်တပ်တွေလည်း ရှိတယ်။ Downtown မှာဆိုရင် Army National Guard တွေပါ တွေ့တယ် မနေ့တုန်းက ကျနော်သွားတာ။”

မေး။          ။ Boston မာရသွန်ဆိုတာ တကယ့်ကို နိုင်ငံတကာက လာပြီးတော့ ပြိုင်တဲ့ပွဲလည်းဖြစ်တယ်။ နောက် အဲ့ဒီနေ့ကလည်း Boston အတွက်ပေါ့နော် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အားလပ်ရက်ဆိုတဲ့အခါကျတော့ အခုလို ရုတ်တရက် မမျှော်လင့်ပဲ ဗုံးခွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး Boston မြို့ခံတွေက ဘယ်လို ခံစားကြပါသလဲရှင့်။

ဖြေ။           ။ “ကျနော်က ဒီမြောက်ပိုင်းမှာနေတာကိုး။ ကျနော်တို့ အိမ်ဘေးပတ်ဝန်းကျင်မှာဆို ကျောင်းသားတွေများတယ်။ နောက်ပြီးတော့ လက်လုပ်လက်စားလူတွေ ပိုများတယ်။ များတဲ့အခါကျတော့ ဒေါသထွက်တာပေါ့ဗျာ။ ဘယ်သူလုပ်တာလဲ ဒီလောက် သူများတွေ ပျော်ရွှင်နေတဲ့နေ့မှာ နောက်ပြီးတော့ Emancipation Day ဆိုတာ လွတ်လပ်ရေးကို ဒီကစခဲ့တာကိုး။ Boston က အဲ့ဒီဟာကို အခြေပြုပြီးတော့ ဗြိတိသျှကို တော်လှန်တာကိုး။ အဲ့ဒါကြောင့် သူတို့က နှစ်တိုင်း Emancipation Day ကို ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီနေ့ဆိုရင် လူတွေက ကလေးတွေ မိသားစုတွေအလိုက် ပျော်ပြီးတော့ Boston မှာဆိုရင် ပြေးကြတာပေါ့။ တကမ္ဘာလုံးက လာပြီးတော့ ပြိုင်ကြတယ်လေ။ ကိုယ့်နိုင်ငံကို ကိုယ်စားပြုပြီး လာကြသူတွေ၊ ဒါ ပျော်ပွဲရွှင်ပွဲ တရပ်ပေါ့ဗျာ။ ဒါပေမဲ့ ရုတ်တရက် ဒီလိုမျိုးဖြစ်တဲ့အခါကျတော့ လူတွေက ဒေါသလည်းထွက် နောက် ပြီးတော့ အမေရိကန်က လုံခြုံရေးကို မေ့နေတာလားတို့ ဘာတို့ အဲ့လိုမျိုး တယောက်နဲ့တယောက် မေးကြတာပေါ့။ ကျနော့်ကိုလည်း မေးတယ်လေ။ 9/11 World Trade Center ကို တိုက်ခိုက်တုန်းကလည်း Boston က လေယာဉ်နှစ်စင်း တက်သွားတယ်လေ အဲ့ဒီတုန်းကလည်း လုံခြုံရေးအရ နောက်ပိုင်းက နည်းနည်း တင်းကျပ်လာတယ်။ ၁၀ နှစ်ကျော် ၁၁ နှစ် ၁၂ နှစ်ဖြစ်လာတဲ့အခါ လူတွေက နည်းနည်းမေ့သွားတာပေါ့။ မေ့သွားတဲ့အခါကျတော့ အားကစားသမားတွေအတွက် လုံခြုံရေး သူတို့က စဉ်းစားမိတယ်။ လာကြည့်တဲ့ လူတွေရဲ့ လုံခြုံရေးကိုတော့ သူတို့က မစိစစ်မိဘူးပေါ့ဗျာ။ အဲ့လိုမျိုးတော့ နည်းနည်းတော့ ဒေါသထွက်တာပေါ့။ ပုလိပ်တွေ ထောက်လှမ်းရေးတွေက ဒါတွေကို ပိုပြီး တင်းကျပ်သင့်တာပေါ့နော်။”

မေး။          ။ အခုလိုပေါ့နော် Boston မှာ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိတဲ့သူတွေလည်း ရှိတယ်ဆိုတော့ ကိုစိုင်းလူကျော် အပါအ၀င် ဒေသခံတွေအနေနဲ့ တဒေါင့်တနေရာကပေါ့နော် ဘာတွေ ကူညီဆောင်ရွက်ပေးနေတာ ရှိပါသလဲ။

ဖြေ။           ။ “မနေ့က ၈ နှစ်သားအရွယ် ကောင်လေးတယောက် သေသွားတယ်ဗျ။ မိသားစုလိုက် သူတို့သွားပြီးတော့ အားပေးတာပေါ့။ သူလည်းသေတယ်။ သူ့ရဲ့ ညီမလေးကလည်း ဆေးရုံမှာ ခြေထောက်တွေ ဘာတွေ ပြတ်သွားတယ်ပြောတယ်။ သူ့အမေကလည်း ခေါင်းမှာ ဒဏ်ရာရတယ်။ သူတို့မိသားစုအတွက် တော်တော်ခံစားနေရတာ။ အဲ့ဒီတော့ သူ့အတွက် ရည်စူးပြီးတော့ အလှူငွေတွေ ကောက်တာပေါ့ဗျာ။ အဲ့တော့ ကျနော်တို့က အလှူငွေတွေ ထည့်ဝင်တာပေါ့။ ပထမဆုံးအဆင့်။ ဒုတိယအဆင့်တော့ Massachusetts General Hospital ဆိုတာ တော်တော် နာမည်ကြီးတာဗျာ။ အဲ့ဒီမှာလည်း အခုက သွေးတွေလိုနေလို့၊ မနေ့ကလည်း သွားလှူကြတယ်။ ဒီနေ့လည်း သွားလှူကြတယ်။ ကျနော်ကတော့ မနက်ဖြန်မှာ သွေးသွားလှူဖို့ စာရင်းပေးထားတယ်။ ဒါ ကျနော့်တယောက်ထဲရဲ့ အခန်းကဏ္ဍပေါ့။ ကျနော်က ဒီ Boston မှာနေတယ်။ ဒီတိုင်းပြည်က ကျနော်တို့အပေါ်မှာ ကျေးဇူးရှိတယ်လေ။ ကျနော်တို့ကို ခေါ်ထားတယ်။ ကယ်ထားတဲ့ အခါကျတော့ ကျနော်တို့က ကိုယ်နိုင်တဲ့ဘက်က ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ထိသလိုပဲ ကျနော်တို့က ခံစားရတယ်။ အဲ့ဒီတော့ ကျနော်တို့က ကိုယ့်ရဲ့အခန်းကဏ္ဍ Boston တိုင်းသားတွေ ဒါ မကြောက်ပါဘူး။ စည်းရုံးတယ်။ ညီညွတ်တယ်။ သတ္တိရှိတယ်ဆိုတာ ပြရတာပေါ့ဗျာ။”

အခုလို စိတ်ရှည်ရှည်နဲ့ အချိန်ပေး ရှင်းပြပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်
 ကိုစိုင်းလူကျော်။
VOA

Monday, April 15, 2013

ဒေါ်စု ဂျပန်ခရီးစဉ် ဒုတိယနေ့


ဂျပန်မှာရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစု ကြည်ဟာ ဒီကနေ့ ကျိုတိုမြို့က အသေးစား ရေအား လျှပ်စစ်စက်ရုံ တစ်ခုဆီ သွားရောက်ကြည့် ရှုခဲ့ပါတယ်။ တနင်္လာနေ့မှာ တော့ ကျိုတိုမြို့နဲ့ ပတ်ဝန်းကျင် ဒေသတွေမှာ ရှိကြတဲ့ ဂျပန်ရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံဖို့ရှိပြီး နောက်ရက်တွေမှာ လည်း ဂျပန် လွှတ်တော်ခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့အစီအစဉ်ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ် နောက်ဆက်တွဲ သိထားရသမျှ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ဆယ်စုနှစ်သုံးခုနီးပါးကြာ ကာလအတွင်း ဂျပန်နိုင်ငံ ပထမဆုံးခရီးစဉ်အဖြစ် ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၁၃ ရက်နေ့က တိုကျိုမြို့မှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပြီး နောက်တစ်ရက် ဧပြီလ ၁၄ ရက် တနင်္ဂနွေနေ့မှာ ကျိုတိုမြို့ဆီ သွားရောက်တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ် ဒုတိယနေ့အစီအစဉ်နဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဌာနခွဲက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုသန့်စင်ဦးက ပြောပြပါတယ်။

“ရေအားအသုံးပြုတဲ့ အသေးစားလျှပ်စစ်လုပ်ငန်းပေါ့။ အဲဒီလေး တချက်သွားကြည့်ပါတယ်။ နေ့ခင်းက ဘုန်းကြီးကျောင်းက သူ့မိတ်ဆွေတယောက်ဖိတ်တဲ့ ဘုန်းကြီးကျောင်းကိုသွားတယ်။ ညက သူ့မိတ်ဆွေအိမ်မှာ အိပ်ပါတယ်။”

သောကြာနေ့က တိုကျိုမြို့တော်မှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံချိန်အတွင်း မြန်မာနိုင်ငံရဲ့ ကိစ္စရပ်ပေါင်းစုံနဲ့ပတ်သက်လို့ မေးမြန်းတာတွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တဲ့ထဲမှာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးကိစ္စနဲ့ ၂၀၁၅ ရွေးကောက်ပွဲကိစ္စတွေလည်း ပါပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းရင်းသားအားလုံး လက်ခံနိုင်တဲ့ အခြေခံဥပဒေဖြစ်ဖို့လိုပြီး ရေးဆွဲသူတွေဟာလည်း တိုင်းရင်း သားအားလုံးက ယုံကြည်စိတ်ချပြီးတော့ လေးစားတဲ့ပုဂ္ဂိုလ်တွေ ပါဝင်မှသာ ပြည်ထောင်စုစစ်စစ်ကို ထူထောင်နိုင်မယ်လို့ ဒေါ် အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ဒီ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးကိစ္စကို ၂၀၁၅ မတိုင်ခင်လုပ်မှ ပိုကောင်းလိမ့်မယ် လို့ သူထင်တဲ့အကြောင်း ပြောခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ် တရားမျှတပါ့မလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ သူ့ အမြင်ကိုလည်း ပြောခဲ့ပါတယ်။

“နိုင်ငံခြားကရောက်လာတဲ့ဧည့်သည်တွေက မကြာခဏမေးကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမယ်လို့ ထင်ပါသလားလို့ မေးပါတယ်။ အဲဒီတော့ ကျမက ပြောတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ဖို့က သိပ်ပြီးတော့ အခက်အခဲရှိမယ်လို့ မထင်ပါဘူးလို့။ ဒါပေမဲ့ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားမျှတတယ်လို့ ဘယ်လိုမှပြောနိုင်မှာမဟုတ်ပါဘူးလို့။”

ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်အပေါ် ဂျပန်နိုင်ငံသားတွေကိုယ်တိုင် စိတ်ဝင် တစားရှိနေကြတယ်လို့ ကိုသန့်စင်ဦးက ပြောပါတယ်။

“မနေ့ကလုပ်တဲ့မြန်မာပွဲမှာဆိုလည်း ဂျပန်လူမျိုးတော်တော်များများ တက်ရောက်ပါတယ်။ နောက်ပြီးတော့ ဒီနေ့ ရေအားလျှပ်စစ်စက်ရုံ သွားကြည့်တယ်ဆိုရင်လည်း တွေ့တဲ့ဂျပန်တိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့တာနဲ့ ချက်ချင်းပဲ ၀ိုင်းပြီးတော့ ဓာတ်ပုံရိုက်ကြတာမျိုး၊ ၀ိုင်းပြီးတော့ နှုတ်ဆက်ကြတာမျိုး အဲဒါမျိုးလည်း တွေ့ပါတယ်။ နောက်ပြီးတော့ ဂျပန်တီဗွီမှာလည်း သူ့ရဲ့သတင်းကို မြန်မာပြည်ကရောက်ရှိကြောင်း သတင်းကို တော်တော်လေး စိတ်ဝင်စားမှု တော်တော်မြင့်တယ်လို့ ထင်ပါတယ်။”

ဧပြီလ ၁၅ ရက် တနင်္လာနေ့မှာတော့ ကျိုတိုမြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေက မြန်မာမိသားစုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှာဖြစ်ပါတယ်။ ဒ့ါအပြင် ၁၉၈၀ ပြည့်လွန်က ဧည့်ပညာရှင်အဖြစ်နဲ့ ၁ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ကျိုတို တက္ကသိုလ်နဲ့ ရူးကိုးကု (Ryukoku) တက္ကသိုလ်တွေမှာ မိန့်ခွန်းပြောဖို့ရှိပါတယ်။ ကျိုတိုတက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည် ကို ဂုဏ်ထူးဆောင်ဘွဲ့ပေးမှာဖြစ်သလို ရူးကိုးကုတက္ကသိုလ်ကလည်း ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးအပ်မှာဖြစ်ပါတယ်။
ဧပြီလ ၁၆ ရက်နေ့မှာ ဂျပန်အထက်လွှတ်တော်ဥက္ကဋ္ဌအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့စီစဉ်ထားပြီး အဲဒီ နောက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံမယ့်အစီအစဉ်လည်းရှိပါတယ်။

ဧပြီလ ၁၇ ရက်နေ့ကျရင် တိုကျိုတက္ကသိုလ်မှာ မိန့်ခွန်းပြောပြီးတဲ့နောက် ဧပြီလ ၁၈ ရက်နေ့မှာ ဂျပန်အောက်လွှတ်တော်ဆီ သွားရောက်လည်ပတ်ပြီး အောက်လွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဆုံပါမယ်။ အဲဒီတစ်ရက်ထဲမှာပဲ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး (Shinzo Abe) နဲ့လည်း တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။

ဧပြီလ ၁၉ ရက်၊ သောကြာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံကနေ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။

ကိုကျော်ကျော်သိန်း (ဗွီအိုအေ)