Pages

Saturday, July 6, 2013

UWSA နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ တွေ့ဆုံပွဲ ရက်ရွှေ့ဆိုင်း

UWSA ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ တပ်သားများ
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ဒီကနေ့ တွေ့ဆုံမယ့် အစီအစဉ်ကို ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ နှစ်ဘက်တပ်တွေအကြား တင်းမာနေတဲ့ အခြေအနေတွေကို ဆွေးနွေးကြမှာဖြစ်ပြီး - လောလောဆယ် ဘယ်တော့ ပြန်တွေ့ဆုံမယ်ဆိုတာတော့ အတိအကျ မသိရသေး ဘူးလို့ UWSA ပြောခွင့်ရသူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။ အလားတူပဲ ရှမ်းပြည်မြောက်ပိုင်းတပ်မတော်နဲ့လည်း စနေနေ့မှာ တွေ့ဆုံမယ့်ကိစ္စ အစိုးရဘက်က ရက်ရွှေ့ခဲ့တယ်လို့ ဆိုပါတယ်။ အပြည်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မနန္ဒာချမ်း က ပြောပြပေးပါရှင်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ဟာ ဇူလိုင်လ ၅ ရက် သောကြာနေ့မှာ ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ တွေ့ဆုံကြဖို့ မူလက စီစဉ်ခဲ့တာပါ။ အဓိကကတော့ ရှမ်းပြည်နယ် တောင်ပိုင်းမှာ နှစ်ဘက်တပ်တွေအကြား လတ်တလော တင်းမာမှုတွေ ဖြစ်နေတဲ့ အခြေအနေကို ဆွေးနွေးကြဖို့အတွက် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီကနေ့ တွေ့မယ့် အစီအစဉ်ဟာ မဖြစ်မြောက်ခဲ့ဘူးလို့ UWSA ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့် က ဗွီအိုအေ ကို ပြောပါတယ်။

“မူလက ပြောထားတာက ၅ ရက်နေ့မှာ ကျိုင်းတုံမှာတွေ့ဖို့၊ ဒါပေမဲ့ ကျနော်တို့ အချိန်မမှီလို့ နောက်ကို နည်းနည်း ရွှေ့ဖို့ ပြန်ညှိနှိုင်းဆွေးနွေးတော့ နောက်ကို နည်းနည်း ရွှေ့ထားတယ်။ နောက်အပတ်တွင်းလောက်မှာ ဖြစ်မယ်နဲ့တူတယ်။ အဓိကကတော့ အခု တောင်ပိုင်းမှာ နည်းနည်း တင်းမာနေတဲ့ အခြေအနေလေးတွေကိုလည်း ဆွေးနွေးဖို့ပါ”

ရှမ်းပြည်တောင်ပိုင်း တာချီလိတ်ခရိုင် မိုင်းတုံမြို့နယ်မှာရှိတဲ့ UWSA တောင်ပိုင်း တပ်စခန်းချရာ လွယ်ကောင်မူးစခန်း အပါအ၀င် စခန်း ၄ ခုကို ဆုတ်ခွာပေးဖို့ မြန်မာစစ်တပ်ရဲ့ ညွှန်ကြားချက်ကို UWSA ဘက်က လက်မခံတာကြောင့် မြန်မာစစ်တပ်ဘက်က ၀ိုင်းထားရာကစလို့ အခြေအနေတွေ တင်းမာလာခဲ့တာပါ။ ဒါ့အပြင် အရင်က UWSA တပ်တွေ သွားလာလှုပ်ရှားတဲ့ လမ်းကြောင်းတွေကိုလည်း မြန်မာစစ်တပ်ဘက်က ဖြတ်သန်းသွားလာခွင့်တွေ ပိတ်ပင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို နှစ်ဘက်တပ်တွေအကြား အခြေအနေတွေ တင်းမာနေပေမဲ့လို့ တိုက်ပွဲဖြစ်ပွားတာတော့ မရှိသေးပါဘူး။ ဒါပေမဲ့လည်း တိုက်ပွဲတွေဖြစ်ခဲ့ရင် အစိုးရက ဖော်ဆောင်နေတဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်တွေကို ဂယက်ရိုက်ခတ်နိုင်တယ်လို့ UWSA ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့် က ဆက်ပြောပါတယ်။

“လက်ခံလား လက်မခံလားဆိုတာက သမိုင်းကြောင်းကို ကြည့်ရမယ်လေ။ ငြိမ်းချမ်းရေးကာလအတွင်းမှာ ကျနော်တို့ ဒီ တောင်ပိုင်းဒေသကို ဖွံ့ဖြိုးရေး၊ တည်ဆောက်ရေး၊ မူးယစ်ဆေးဝါး ကင်းစင်ရေး၊ ဒါတွေကို ဆောင်ရွက်ခဲ့တာ အနှစ်ပေါင်း ၂၀ ကျော် ကြာပြီပဲလေ။ အခုချိန်မှလာပြီးတော့ ဒီမှာ မသွားနဲ့ ဟိုမှာမသွားနဲ့ဆိုတော့ ကသိကအောင့်တော့ နည်းနည်းဖြစ်တာပေါ့။ တင်းမာမှုလေး နည်းနည်းတော့ ဖြစ်တာပေါ့။ ဒါပေမဲ့ ကျနော်တို့ဘက်ကတော့ စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဆန္ဒမရှိပါဘူး။ စစ်ရေးဖြစ်လာမယ် ဆိုရင်လည်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်နေတဲ့ အခြေအနေ၊ နိုင်ငံတော် ဒီမိုကရေစီ လမ်းကြောင်းပေါ် တက်နေတဲ့ လျှောက်နေတဲ့ အခြေအနေတွေကို ဂယက်ရိုက်မှာဖြစ်ပါတယ်။”

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဟာ ၁၉၈၉ ခုနှစ်မှာ ဗမာပြည် ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီး မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အစိုးရလက်ထက်က ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၆ (စ) အရ “ရှမ်းပြည်နယ်တွင်းက ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နဲ့ ပန်ဆန်းမြို့နယ် - အဲ့ဒီ ၆ မြို့နယ်ကို ခရိုင် ၂ ခုဖွဲ့စည်းပြီး ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း” အဖြစ် သတ်မှတ်ခဲ့ ပါတယ်။ ၀ တပ်ဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအနက် အင်အားအကြီးဆုံး တပ်ဖွဲ့ဖြစ်ပြီး လက်နက်ကိုင် အင်အား ၃ သောင်းလောက်ရှိမယ်လို့ ခန့်မှန်းထားကြတာပါ။

တခါ အလားတူ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSA) နဲ့လည်း မနက်ဖြန် စနေနေ့မှာ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ၀န်ကြီး ဦးသိန်းဇော် နဲ့ တွေ့ဆုံဖို့ ရှိပေမဲ့ ဒီအစီအစဉ်ကိုလည်း အစိုးရဘက်က ရွှေ့ဆိုင်းခဲ့ပြီး - ဘယ်တော့ ထပ်တွေ့မယ်ဆိုတာတော့ အတိအကျ မသိရသေးဘူးလို့ SSA မြောက်ပိုင်း ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလ က ဗွီအိုအေ ကို ပြောပါတယ်။

“တွေ့ဖို့တော့ အစီအစဉ်ရှိပါတယ်။ ရက်အတိအကျ မသိထားသေးဘူး။ သူတို့ ဒီလအတွင်း တွေ့မယ်လို့ပဲ ပြောပါတယ်။ ကျနော်တို့ဘက်ကတော့ တပ်ပိုင်းဆိုင်ရာလောက်ပဲ ဆွေးနွေးမှာပဲနော်။ သူတို့ ရက်အတိအကျ မပြောခဲ့သေးတော့ ကျနော်တို့လည်း ကိုယ်စားလှယ်တွေ မရွေးရသေးဘူးပေါ့။”

SSA မြောက်ပိုင်းနဲ့ မြန်မာစစ်တပ်တွေကြားမှာလည်း လတ်တလော စစ်ရေးတင်းမာမှုတွေ ရှိနေတာပါ။ အခုရက်ပိုင်းမှာတော့ နှစ်ဘက်တပ်တွေအကြား တိုက်ပွဲဖြစ်တာမရှိပေမဲ့ ပြီးခဲ့တဲ့တပတ်ကတော့ တိုက်ပွဲဖြစ်ခဲ့တယ်လို့လည်း ဗိုလ်မှူးစိုင်းလက ပြောဆိုခဲ့ပါတယ်။ SSA မြောက်ပိုင်းအနေနဲ့လည်း ၀န်ကြီး ဦးသိန်းဇော် နဲ့ တွေ့ဆုံတဲ့အခါ ဒီကိစ္စတွေကိုပဲ အလေးပေး ဆွေးနွေးမှာဖြစ်တယ်လို့လည်းဆိုပါတယ်။ ဒါ့အပြင် ဒီလို နှစ်ဘက်အကြား ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ တပ်ပိုင်းဆိုင်ရာ ခိုင်မာမှုမရှိရင် နောက်ထပ်ကိစ္စတွေ ဆက်ဆွေးနွေးဖို့မှာ နှောင့်နှေးစေနိုင်တယ်လို့လည်း ဗိုလ်မှူးစိုင်းလ က ပြောဆိုခဲ့ပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ - UWSA၊ SSA မြောက်ပိုင်းအဖွဲ့တွေနဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ တွေ့ဆုံဖို့ အစီအစဉ် ရက်ရွှေ့ခဲ့ရတာဟာ နှစ်ဘက် အဆင်သင့်ဖြစ်သေးတာကြောင့် ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ 
မနန္ဒာချမ်း VOA

အီဂျစ်အဓိကရုဏ်း စစ်တပ်ကြားဝင်ရှင်း

 ရာထူးချခံရတဲ့ သမ္မတမော်စီကို ထောက်ခံသူနဲ့ဆန့်ကျင်သူတို့ကြား အပြန်အလှန် တိုက်ခိုက်နေကြစဉ်။
ရာထူးက ဖယ်ရှားခံလိုက်ရတဲ့ အီဂျစ်သမ္မတ Mohamed Morsi ကို ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေကြား လမ်းပေါ်မှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့အတွက် စစ်တပ်က ကြားဝင် ထိန်းသိမ်းနေပါတယ်။

သမ္မတကို ဆန့်ကျင်သူတွေ နေရာယူထားတဲ့ ကိုင်ရိုမြို့လယ်က အမှတ် ၆ အောက်တိုဘာတံတားပေါ်ကို စစ်တပ်က သံချပ်ကာကားတွေနဲ့ နေရာယူခဲ့ကြတာပါ။ စစ်တပ်ပြောခွင့်ရသူကတော့ တပ်ဖွဲ့ဝင်တွေအနေနဲ့ လူတွေကို အကာအကွယ်ပေးဖို့အတွက်သာ ဆောင်ရွက်နေပြီး ဘယ်သူ့ဘက်မှ လိုက်မှာမဟုတ်တဲ့အကြောင်း ပြောပါတယ်။

ဆန့်ကျင်ဘက် အုပ်စုနှစ်စုကြား ကျောက်ခဲတွေ၊ မီးရှူမီးပန်းတွေနဲ့ ပစ်ပေါက်ပြီး အပြန်အလှန် တိုက်ခိုက်မှုတွေကတော့ ကိုင်ရိုနဲ့ အလက်ဇန္နဒရီးယား အပါအ၀င် မြို့အတော်များများမှာ ဖြစ်ပွားခဲ့တာပါ။ အစိုးရပိုင် ရုပ်မြင်သံကြားမှာတော့ တိုက်ခိုက်မှုတွေအတွင်း လူ ၁၇ ဦးထက်မနည်း သေဆုံးကြောင်း ကြေညာခဲ့ပါတယ်။

သောကြာနေ့ အစောပိုင်းမှာတော့ ကာကွယ်ရေးဝန်ကြီးဌာန ရုံးချုပ်ရှိရာကို ချီတက်ဖို့ ကြိုးပမ်းခဲ့ကြတဲ့ သမ္မတကို ထောက်ခံသူတွေကို စစ်တပ်က ပစ်ခတ်ဟန့်တားခဲ့တာပါ။ သမ္မတမော်စီနဲ့ သူ့ရဲ့မူဆလင်ညီအကိုတော်များအဖွဲ့က ခေါင်းဆောင်တွေကိုတော့ စစ်တပ်က ထိန်းသိမ်းထားပြီး အခြေခံဥပဒေကိုလည်း ပယ်ဖျက်ထားတာ ဖြစ်ပါတယ်။
စစ်တပ်က ယာယီအစိုးရ ခေါင်းဆောင်အဖြစ် တင်မြှောက်ခဲ့တဲ့ တရားသူကြီးချုပ် Adly Mansour ကတော့ ကြာသပတေးနေ့ကပဲ ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာပါ။

အီဂျစ်နိုင်ငံမှာ စစ်တပ်က သမ္မတကို ရာထူးက ဖယ်ရှားလိုက်တာကို တုန့်ပြန်တဲ့ အနေနဲ့ အာဖရိကယူနီယံကတော့ အဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့လိုက်ပါတယ်။ ဒီမိုကရေစီနည်းကျ တင်မြှောက်ထားတဲ့ သမ္မတကို ရာထူးက ဖယ်ရှားခဲ့တဲ့အတွက် အရေးယူဖို့ အီသီယိုပီးယား နိုင်ငံမှာ ကျင်းပတဲ့ အာဖရိကယူနီယံ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကောင်စီရဲ့ သောကြာနေ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာပါ။ အဖွဲ့ဝင် ၅၄ နိုင်ငံ ပါဝင်တဲ့ အာဖရိက ယူနီယံက အခြေခံဥပဒေနဲ့အညီ ပြန်လည် အုပ်ချုပ်နိုင်ရေးအတွက် အီဂျစ်နိုင်ငံကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မှာ ဖြစ်တဲ့အကြောင်းလည်း ကြေညာခဲ့ပါတယ်။

အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ရင်းနှီးမြှုပ်နှံမှု တရုတ်မစိုးရိမ်

china-company-305.jpg
ရန်ကုန်မြို့၊ ဒဂုံမြို့နယ်မှာရှိတဲ့ တရုတ်ယဉ်ကျေးမှုဌာနမှာ ဇူလိုင်လ ၅ ရက်နေ့ကပြုလုပ်တဲ့ တရုတ်ကုမ္ပဏီတွေ နဲ့ မြန်မာမီဒီယာ ပထမဆုံးအကြိမ်တွေ့ဆုံပွဲကိုတွေ့ရစဉ်
photo: RFA/ Myo Zaw Ko

အမေရိကန်နိုင်ငံ အပါအင် အနောက်နိုင်ငံတွေက ကုမ္ပဏီတွ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံနေ ကြတာကို တရုတ်ကုမ္ပဏီတွေအနေနဲ့ စိုးရိမ်ပူပန်မှု တစုံတရာမရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးနဲ့ ကူးသန်းရောင်းယ်ရေး သံမှူး Mr Jin Honggen က RFA ကို ဒီကနေ့ ပြောကြားလိုက် ပါတယ်။
ရန်ကုန်မြို့၊ ဒဂုံမြို့နယ်မှာရှိတဲ့ တရုတ်ယဉ်ကျေးမှု ဌာနမှာ တရုတ်ကုမ္ပဏီတွေနဲ့ မြန်မာမီဒီယာ ပထမဆုံးအကြိမ်တွေ့ဆုံပွဲမှာ အမေရိကန် အပါအင် အနောက်နိုင်ငံတွေက လာရောက်ရင်းနှီးမြုပ်နှံတဲ့ အပေါ် တရုတ်ကုမ္ပဏီတွေရဲ့ စိုးရိမ်ပူပန်မှုအခြေအနေ နဲ့ ပတ်သက်ပြီး RFA က မေးမြန်းချက်ကို Mr Jin Honggen က စကားပြန်ကနေတဆင့် အခုလိုဖြေကြားလိုက်တာပါ။
ဒါအပြင် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွင်းမှာ ရေနံ၊ သဘာဓာတ်ငွေ့နဲ့၊ သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ အမေရိကန်ဒေါ်လာဘီလျံ ၂ ကျော်ပမာဏအထိ ရင်းနှီးမြုပ်နှံထားတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု နံပါတ်တစ်နိုင်ငံဖြစ်တယ်လို့ Mr Jin Honggen က ပြောပါတယ်။
မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံက ကုမ္ပဏီတွေ လာရောက်ရင်းနှီးမြုပ်နှံမယ်ဆိုရင် မြန်မာ-တရုတ်နှစ်နိုင်ငံ ဥပဒေစည်းမျဉ်းတွေကို ကိုယ်တိုင်အသိစိတ်ဓာတ်နဲ့ လိုက်နာကြဖို့၊ ဥပဒေသတ်မှတ်ချက်အတိုင်း အခွန်ပေးဆောင်ဖို့၊ မြန်မာပြည်သူပြည်သားတွေနဲ့ ယုံကြည်မှုရရှိအောင် တည်ဆောက်ဖို့၊ သဘာဝပတ်န်းကျင် မပျက်စီးရေးစောင့်ရှောက်ဖို့စတဲ့ အချက်တွေပါင်တဲ့ စည်းမျဉ်းတွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
ဒီကနေ့ကျင်းပတဲ့ တရုတ်ကုမ္ပဏီတွေနဲ့ မြန်မာမီဒီယာများတွေ့ဆုံပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ကုမ္ပဏီများ အသင်းဥက္ကဌ Mr Lv Desing အပါအဝင် မြစ်ဆုံစီမံကိန်းဆောင်ရွက်နေတဲ့ CPI ကုမ္ပဏီ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ဆောင်နေတဲ့ Wanbao ကုမ္ပဏီနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ CNICO ကုမ္ပဏီက တာန်ရှိသူတွေကလည်း သူတို့ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးရှင်းလင်းခဲ့ပါတယ်။
RFA

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီပြင်ဆင်ဖွဲ့စည်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်ဆဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတွေ ရဖို့အတွက် အဓိက လမ်းညွှန်မှုပေးရေးအဖွဲ့ ဖြစ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဗဟိုကော်မတီဆိုတာကို ယမန်နေ့ က ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ 




 ငြိမ်းချမ်းရေး အလှူရှင်အဖွဲ့ Peace Donor Support Group (PSDG)နဲ့ ဦးသိန်းစိန် ယမန်နှစ် ဇွန်လ ၁၂ ရက်နေ့က တွေ့ဆုံစဉ်က

အဆိုပါ ပြည်ထောင်စု ငြိမ်းချမ်းရေး ဗဟိုကော်မတီကို ယမန်နှစ် သြဂုတ်လ ၁၆ ရက်နေ့က ဖွဲ့စည်း ခဲ့တာ 
ဖြစ်ပါတယ်။ 

ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ  ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဗဟိုကော်မတီ မှာ ဥက္ကဋ္ဌအဖြစ် သမ္မတ ဦးသိန်းစိန်က တာဝန်ယူပြီး ဒု သမ္မတ ၂ ဦးအပါအ၀င် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေး ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီးအပါအ၀င် အဖွဲ့ဝင် စုစုပေါင်း ၁၁ ဦးနဲ့ ပြင်ဆင် ဖွဲ့စည်းလိုက်တာကို သမ္မတ ဦးသိန်းစိန်လက်မှတ်ရေးထိုး ထုတ်ပြန်ထားပါတယ်။ 

အခုလို ပြင်ဆင်ဖွဲ့စည်းလိုက်တာဟာ မကြာသေးမီက ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေး အပြီး သူရ ဦးရွှေမန်းက အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စတွေနဲ့ပတ်သက်ပြီး ဘေးထွက် ဆိုးကျိုးတွေ ဖြစ်လာမှာနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တဲ့ သတင်းဖြစ်ပေါ်ပြီး ပေါ်ထွက်လာတာလည်းဖြစ်ပါ တယ်။ 

အလားတူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီကိုလည်း ပြင်ဆင်ဖွဲ့စည်းလိုက် ပါတယ်။ 

အဆိုပါ အဖွဲ့သစ်မှာ ဥက္ကဋ္ဌအဖြစ် ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက တာဝန်ယူပြီး ဒုဥက္ကဋ္ဌ ၂ ဦးက တော့ ဒု ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် ( ကြည်း) ဒု ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ အတူ သမ္မတရုံးဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးသိန်းဇော်တို့အပါအ၀င် ပြည်ထောင်စု ၀န်ကြီးတွေ၊ ဒုဝန်ကြီး တွေ၊ တပ်မတော် စစ်တိုင်းမှူးတွေ၊ တိုင်း၊ ဒေသကြီး၊ ပြည်နယ် အစိုးရ ၀န်ကြီးချုပ်တွေ၊ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ စသဖြင့် စုစုပေါင်း ၅၁ ဦးနဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။ 

ယနေ့ ဇူလိုင်လ ၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာဖြတ်ပိုင်း


အိမ့်သံစဉ် ~ဧရာဝတီ

ဗိုလ်ချုပ်ကြီးသိန်းဌေးအာ အမေရိကန်က အမည်ပျက်စာရင်းတင်



ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ညွှန်ကြားရေးမှူး ဒုဗိုလ်ချုပ်ကြီး သိန်းဌေးသည် ကုလသမဂ္ဂအနေ ဖြင့် မြောက်ကိုရီးယားနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများ ၀ယ်ယူ ခြင်းကို တားမြစ်ထားသည့် ကန့် သတ်ချက်ကို ချိုးဖောက်သည် ဆိုကာ အမေရိကန်ပြည်ထောင် စုက ကကထုတ်ညွှန်မှူးအား ယင်းသို့ အမည်ပျက်စာရင်း တင် သွင်းခြင်းဖြစ်သည်ဟုဘန်ကောက် ပို့စ် သတင်းတစ်ရပ်အရ သိရ သည်။ ထို့အပြင် အမေရိကန် ပြည်ထောင်စုသည် ၎င်း၏ နိုင်ငံ သား စီးပွားရေးလုပ်ငန်းရှင်များ ကိုလည်း ဗိုလ်ချုပ်ကြီးသိန်းဌေး နှင့် စီးပွားရေးလုပ်ငန်းများ မလုပ် (မလုပ်) ဆောင်ရန်နှင့် တားမြစ် ချက်ကို မလိုက်နာပါက အဆိုပါ စီးပွားရေးလုပ်ငန်းရှင်များ၏ ဘဏ်စာရင်းများကို ပိတ်ထား မည်ဟု ဆိုသည်။
သို့သော် ယခုလုပ်ရပ်သည် ဗိုလ်ချုပ်ကြီးသိန်းဌေးကိုသာ ဦး တည်ဆောင်ရွက်ခြင်းဖြစ်ကြောင်း နှင့် ယခင်မြန်မာစစ်အစိုးရကို ပစ်မှတ်ထားဆောင်ရွက်ခြင်း မဟုတ်ဟု ဘန်ကောက်ပို့စ်က ဆို သည်။

 ကျော်စိန်

Friday, July 5, 2013

ယခင်၂၉၅(က) ယခု ၁၅/၁၆(ဂ)ဖြင့် အရေးယူခံရတဲ့ရဲတိုက်

 
မေလ (၂၈)ရက်က ဗိုလ် တထောင်မြို့နယ်ရှိ စိန်မေရီကာ သီဒြယ်ခရစ်ယာန်ကျောင်းအတွင်း ခွင့်ပြုချက်မရှိဘဲ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သောကြောင့် ဗိုလ်တထောင်တရားရုံး၌ ပြစ်မှု ပုဒ်မ ၂၉၅(က)ဖြင့် အရေးယူခံ ထားသော ရဲတိုက်သည် အခု အခါတွင် မူးယစ်ဆေးဝါးမသင်္ကာ မှုဖြင့် ထပ်မံအရေးယူခံနေရ ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသ ကြီး ကျောက်တံခါးမြို့နယ်၊ စာ တိုက်ရပ်ကွက်၊ ဒဂုံမန်းကားလမ်း ပေါ်ရှိ လက်ခ်ျမီးလက်ဖက်ရည် ဆိုင်၌ မသင်္ကာသူတစ်ဦးဆိုင် ကယ်ဖြင့် ရောက်ရှိနေကြောင်း ဆိုင်ရှယ်ဆူရစ်ကူးမားက လာ ရောက်အကြောင်းကြားသဖြင့် ကျောက်တံခါးမြို့နယ်ရဲတပ်ဖွဲ့ စခန်းမှူးရဲအုပ်မျိုးမြင့်ဦးနှင့်အဖွဲ့ က သက်သေများဖြင့် ဇူလိုင်(၄) ရက် နံနက် (၃)နာရီအချိန် သွား ရောက်စစ်ဆေးရာ မသင်္ကာသူမှာ ရဲတိုက်(၃၀)နှစ် (ဘ)ဦးထွန်းညွန့် မော်၊ ဘုရင့်နောင်လမ်း၊ သံလျင် မြို့နေသူဖြစ်ပြီး ၎င်း၏ကျောပိုး အိတ်အတွင်းမှHoney boby စာတန်းပါ ကွန်ပါဘူးအတွင်း၌ အလေးချိန်တစ်ကျပ်သားခန့်ရှိ ဆေးခြောက်ဟုယူဆရသော အရွယ်ခြောက်နှင့် ငွေစက္ကူ(၂) သိန်းတို့ကို ရှာဖွေတွေ့ရှိရသော ကြောင့် ကျောက်တံတားရဲစခန်း က မယ(၄/၂၀၁၃)မူးယစ်ပုဒ်မ ၁၅/၁၆(ဂ)ဖြင့် အရေးယူထား ကြောင်းသိရသည်။
The hotnews weekly

Tuesday, July 2, 2013

ငြိမ်းချမ်းရေးအတွက် ပြည်ပထောက်ပံ့ငွေကို အဓိကမထားဖို့ ဆုံးဖြတ်


 
မနေ့ကကျင်းပခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကနေ ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ နိုင်ငံတကာရဲ့ ငွေကြေးအထောက်အပံ့ကို အဓိကမထားဘဲ ပြည်သူ့ဘဏ္ဍာ၊ နိုင်ငံဘဏ္ဍာငွေကိုပဲ ခွဲဝေသုံးစွဲသွားဖို့ သဘောတူခဲ့တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။

အဲဒီအစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး သူရဦးရွှေမန်းက အခုလို ပြောကြားခဲ့တာပါ။

"ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ ငွေကြေးပစ္စည်း အထောက်အပံ့များ လိုအပ်မှာဖြစ်ပါတယ်၊ အဲလိုဆောင်ရွက်တဲ့အခါမှာ ပြည်ပနိုင်ငံ ပြည်ပအဖွဲ့အစည်းများက ပေးလိမ့်မည်ဆိုတဲ့ဟာကို အဓိကမထားပဲ ပြည်သူများရဲ့ဘဏ္ဍာ၊ နိုင်ငံဘဏ္ဍာ ငွေကြေးများကိုသုံစွဲပြီး၊ ငြိမ်းချမ်းရေးရအောင်ဆောင်ရွက်ဖို့လည်း သဘောတူကြပါတယ်၊ ငြိမ်းချမ်းရေးရအောင် တည်ဆောက်တဲ့အခါမှာ ဥပဒေနဲ့အညီ ပြည်သူများရဲ့ဘဝလုံခြုံရေးကို ထိပါးလာလျှင် သို့မဟုတ် ပြည်သူများရဲ့ ဘဝလုံခြုံရေးကို အကာအကွယ်မပေးနိုင်တဲ့ ဖြစ်စဉ်ဖြစ်ရပ်မျိုးဖြစ်လာလို့ရှိရင် မကောင်းတဲ့ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာခြင်းကို ကြိုတင်လေ့လာသုံးသပ်ပြီး ဆောင်ရွက်ဖို့လည်း စဉ်းစားဆုံးဖြတ်ကြပါတယ်"

ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ ဥပဒေနဲ့မညီတာမျိုး၊ ပြည်သူ့ဘဝလုံခြုံရေးကို ထိပါးလာတာမျိုး၊ ပြည်သူလူထုရဲ့ ဘဝလုံခြုံရေးကို အကာအကွယ် မပေးနိုင်တာမျိုးစတဲ့ မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာမှာတွေကို ကြိုတင်လေ့လာသုံးသပ်ဖို့ သဘောတူဆုံးဖြတ်ခဲ့တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းရဲ့ ပြောကြားချက်အရ သိရပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ပြန်လည်ခေါ်ယူပေးဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဇွန်လ ၂၅ ရက်နေ့က သဝဏ်လွှာ ပေးပို့တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီကောင်စီမှာ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်အပါအဝင် အဖွဲ့ဝင် ၁၁ ဦး ပါဝင်ပြီးပြီး ၂ဝ၁၁ ခုနှစ် ဧပြီလမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဒီအတောအတွင်း ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာ လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
RFA Burmese 

သံတွဲမှာ လူအုပ်စုက ပုဒ်မ ၁၄၄ ကို ဖီဆန်ပြီး အိမ်ကို မီးတင်ရှို့

 
ရခိုင်ပြည်နယ် သံတွဲမြို့မှာ လူအုပ်စုတစုက ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဖီဆန်ခဲ့ကြသလို နေအိမ်တလုံးကို မီးတင်ရှို့လိုက်ကြပါတယ်။

ဇွန် ၃၀ ရက်နေ့ ညပိုင်းက သံတွဲမြို့တဖက်ခြမ်း ဒွာရာဝတီမြို့သစ်မှာ အကြမ်းဖက်အုပ်စုတစုက နေအိမ်တွေကို ဖျက်ဆီးအကြမ်းဖက်ခဲ့ကြလို့ ည ၇ နာရီကနေ မနက် ၅ နာရီအထိ အပြင်မထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာပါ။

ဒါပေမယ့် လူအုပ်စုတစုဟာ ညမထွက်ရအမိန့်ကို ရဲရဲတင်းတင်းဖီဆန်ပြီး ဒွာရ၀တီမြို့သစ် ခ ရပ်ကွက် ၄ လမ်းက မွတ်စလင်အမျိုးသား ဦးသန်းလွင်ရဲ့ နေအိမ်ကို ဇူလိုင် ၁ ရက်နေ့ ညမှာ မီးတင်ရှို့ခဲ့ကြပါတယ်။

ကနဦးရက်ပိုင်းက အကြမ်းဖက်မီးရှို့မှုတွေကြောင့် ဦးသန်းလွင်တို့ မိသားစုအိမ်မှာမရှိခိုက် မီးရှို့ခံခဲ့ရတာလို့ သံတွဲမြို့ခံတဦးက ပြောပါတယ်။

ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက

“အိမ်က တလုံးပေါ့ခင်ဗျ။ လူနေတာမရှိတဲ့ အိမ်တလုံးကို မီးရှို့လိုက်တာပေါ့။ ကျနော်တို့ကလည်း အဲဒီအချိန်မှာ လုံခြုံရေးချနေတုန်းပေါ့။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုတော့ ဖမ်းဆီးမှုအခြေအနေကို ညွှန်ကြားထားပါတယ်။ အဲဒီအခြေအနေနဲ့ပတ်သက်ပြီး သူတို့ စုံစမ်းစစ်ဆေးပြီးတော့ ဖမ်းဆီးဖို့အတွက်ကို ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်” လို့ ဆိုပါတယ်။

မနေ့ကရော ဒီနေ့မှာပါ ရခိုင်ပြည်နယ်အစိုးရ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း သံတွဲမြို့ကို ရောက်ရှိပြီး လုံခြုံရေးအတွက် အနီးကပ်ကွပ်ကဲနေကြောင်းနဲ့ အကြမ်းဖက်မှုကို မကျူးလွန်ကြဖို့လည်း သူက တိုက်တွန်းပြောဆိုပါတယ်။

“ဒီ အကြမ်းဖက်မှုကို ကျူးလွန်တယ်ဆိုတာလည်း ကောင်းတဲ့လုပ်ငန်းတော့ မဟုတ်ဘူးခင်ဗျ။ အကြမ်းဖက်မှုကို နိုင်ငံတော်အနေနဲ့လည်းလက်မခံဘူး။ ဘာသာအနေနဲ့လည်း လက်မခံတဲ့အတွက်ကြောင့် အကြမ်းဖက်မှုကို မလုပ်ပါနဲ့လို့ ကျနော်တို့အနေနဲ့ တိုက်တွန်းလိုပါတယ်။ ဥပဒေအနေအထားကတော့ ကျနော်တို့အမှုတွေကို စုံစမ်းစစ်ဆေးပြီးတော့ အမှုတွဲကို တည်ဆောက်နေပါတယ်ခင်ဗျ။
သံတွဲမြို့က သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့ဝင်လည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သံတွဲခရိုင်ဥက္ကဋ္ဌ ဦးဝင်းနိုင်ကတော့ မနေ့ညက မီးတင်ရှို့မှုမဖြစ်ပွားခင်မှာ သံတွဲမြို့ပေါ်မှာ ကား ၂ စီးနဲ့ မော်တော်ဆိုင်ကယ်အစီး ၂၀ ခန့်ဟာ ပုဒ်မ ၁၄၄ ကို ကျော်လွန်ပြီး လမ်းပေါ်မှာ သွားလာနေတာကို အုပ်ချုပ်ရေးပိုင်းကို ပြောပေမယ့်  မတားမြစ်ခဲ့ဘူးလို့ ပြောပြပါတယ်။

“ပါဂျဲရိုး ၁ စီးနဲ့ စူပါကာစတန် ၁ စီး. မော်တော်ဆိုင်ကယ် ၂၁ စီးနဲ့ သူတို့ဟာ ၇ နာရီနောက်ပိုင်း (ပုဒ်မ ၁၄၄ ထုတ်ထားချိန်) သူတို့သွားနေတယ်။ သွားနေတာကိုလည်း ကျနော်တို့ပြောပါတယ်။ အာဏာပိုင်ကို၊ ဒါတွေသွားနေတယ်။ ဒါတွေဟာ ပြည်သူတွေ အထိတ်တလန့် ဖြစ်နေတယ်။ သူတို့တွေကို လွှတ်ထားရင် အထိတ်တလန့် ဖြစ်နေရတယ်လို့ ကျနော်တို့ကို ရုံး (သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့ဝင်များကို လုံခြုံရေးအတွက်ပေးနေသည့်  အုပ်ချုပ်ရေးပိုင်းဆိုင်ရာရုံး) ကို ဖုန်းဆက်နေတယ်ဆိုတာကို ကျနော်တို့က ပြောပြတယ်။ ဒါကို ဒီနေ့တော့ ထားလိုက်ပါဦးဗျာတဲ့။ မနက်ဖြန်မှပဲ အရေးယူမယ် ဘာညာဆိုပြီး မြို့နယ်ဦးစီးအရာရှိက ပြောတယ်။”

သံတွဲမြို့ သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့ကို လွန်ခဲ့တဲ့ မတ်လတုန်းက မြို့မိမြို့ဖတွေ၊ ဌာနဆိုင်ရာတွေ၊ နိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေ ၄၀ ခန့်နဲ့ စုဖွဲ့ထားပြီး အခုလို အကြမ်းဖက်မီးရှို့မှုကာလမှာ ရုံးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ခွင့်ပြုထားတာလို့ ဆိုပါတယ်။

မနေ့ည မီးရှို့မှုဖြစ်ပွားစဉ်က သံတွဲမြို့မှာ ပြည်နယ်အစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ပြည်နယ်လွှတ်တော် တရားရေးဌာနက ဦးအောင်နိုင်ဦးနဲ့ စည်ပင်သာယာဝန်ကြီး ဦးလှဟန်တို့လည်း ရောက်ရှိနေချိန် ဖြစ်ပါတယ်။

ရှေ့နေများကွန်ရက်အဖွဲ့ဝင် ရှေ့နေ ဦးကိုနီက သံတွဲကိစ္စအပေါ်မှာ တာဝန်အရှိဆုံးဟာ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဖြစ်ပြီး ချက်ချင်းအရေးယူဖို့ လိုအပ်တယ်လို့ ဥပဒေကြောင်းအရ ထောက်ပြပါတယ်။

“ဥပမာ မုဒိမ်းမှုဖြစ်တယ်ဆို မုဒိမ်းမှုကျူးလွန်တဲ့တရားခံကို ချက်ချင်းအရေးယူသလို၊ အိမ်ကိုမီးရှို့တယ်ဆိုရင် အဲအမှုက ထောင်ဒဏ် ၁၀ နှစ်ထိ ချလို့ရတယ်။ အင်မတန်ကြီးကျယ်တဲ့အမှု၊ ဒါလည်း အရေးယူရမယ်။ အလားတူ သူများအိမ်တွေကို ဖျက်ဆီးတယ်ဆိုရင်လည်း ဖျက်ဆီးတဲ့လူကို ချက်ချင်းအရေးယူရမယ်။ နောက်တခါ ၁၄၄ ကို ဖီဆန်တဲ့သူကိုလည်း ဖီဆန်တဲ့အမှုနဲ့ ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက် ရောက်အရေးယူသွားမယ်ဆိုရင် ပြဿနာဟာ အခုလို အကျယ်အကျယ် မငြိမ်းဖွယ် ဖြစ်လာစရာမရှိဘူး။ ဒီသံတွဲဖြစ်တာဟာ တဖြည်းဖြည်းနဲ့ကူးစက်လာတာ။ နေရာအနှံ့ ကူးစက်နေတဲ့သဘောပဲ။ နေရာအနှံ့မှာ ပြည်ထဲရေးဌာနက ဆောင်ရွက်ချက်တွေဟာ အင်မတန် အားရဖွယ်ရာ မကောင်းလောက်အောင် အားနည်းနေတဲ့အတွက် ဒီပြဿနာတွေဟာ ဆက်ကာဆက်ကာ ဖြစ်နေတယ်။”

သံတွဲမြို့ခံမွတ်စလင်တဦးက “ပုဒ်မ ၁၄၄ အပေါ်မှာ ပြည်သူလူထုအနေနဲ့ ခွဲခြားဆက်ဆံမှုမရှိဘဲနဲ့ ဘယ်လိုခေါ်မလဲ မွတ်စလင်က အပြင်ထွက်လာရင် ဖမ်းဆီးမယ်။ မွတ်စလင်ဆိုရင် အရေးယူတယ်။ ဗုဒ္ဓဘာသာဆိုရင် ဘယ်လောက်ပဲ အိမ်ဖျက်ဖျက်၊ ရှေ့က ပဋိပက္ခဖြစ်တဲ့မြို့နယ်တွေမှာ ကျနော်တို့က ကြုံတွေ့လာရတဲ့အခါ ဒါကို အရမ်းစိုးရိမ်မိတယ်ပေါ့” လို့ ပြောပါတယ်။

မနေ့ညက မီးရှို့မှုကို မီးသတ်ကားတွေနဲ့ သွားရောက်ငြိမ်းသတ်ခဲ့ရသလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အန်တုတဲ့ မီးရှို့သူတွေအကြား တင်းမာမှုကြောင့် သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရပြီး အနည်းဆုံး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်နေပေမယ့် ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဇွန် ၃၀ ရက်နေ့က ဖျက်ဆီးမီးရှို့မှု၊ ကန့်သတ်ချိန်ကျော်ပြီး ယာဉ်တန်းနဲ့ သွားလာမှု၊ အိမ်မီးရှို့မှုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ တစုံတဦးကိုမှ ရဲက ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးဘူးလို့ သံတွဲမြို့ခံက ပြောပါတယ်။
ဒီလိုအခြေအနေတွေကြောင့် သံတွဲမြို့မှာ ကျောင်းသားမိဘတွေက ကိုယ့်ကလေးတွေကို လုံခြုံရေးအရ ကျောင်းမတက်ခိုင်းတာတွေ ဖြစ်ပွားသလို ဈေးတွေလည်း အပြည့်အ၀ မဖွင့်နိုင်တဲ့အခြေအနေ ဖြစ်နေပါတယ်။

by ​အေး​နိုင်  (ဒီဗွီဘီ) 

ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံ ရန်ကုန်မြို့ကို လေ့လာရေးခရီး အဖြစ် ရောက်ရှိ(ဇူလိုင် ၂ရက်နေ့)


မြန်မာပြည်သူတွေ အကြား လူသိများပြီး ချစ်ခင်ခြင်းခံရတဲ့ ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံဟာ တော်ဝင်တပ်ဖွဲ့ဝင် တွေနဲ့အတူ ဇူလိုင် ၂ရက်နေ့က ရန်ကုန်မြို့ကို လေ့လာရေးခရီး အဖြစ် တစ်ရက်ကြာ ရောက်ရှိလာခဲ့ ပါတယ်။

လာဘ်ပေးလာဘ်ယူ အတွက် မီဒီယာနှင့်ပူးပေါင်းဖော်ထုတ်သွားမည်

 
လာဘ်ပေးလာဘ်ယူမှုအရေး ယူဆောင်ရွက်ရေးကော်မတီညှိနှိုင်း အစည်းအဝေးကို (၁-၇-၂၀၁၃) ရက် မွန်းလွဲ (၂)နာရီက နိုင်ငံ တော်သမ္မတအိမ်တော်အစည်း အဝေးခန်းမ၌ ကျင်းပရာ ဒုတိယ သမ္မတဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်အမှာစကားပြောကြား သည်။
ဒုတိယသမ္မတက လာဘ် ပေးလာဘ်ယူမှုနှင့် အဂတိလိုက် စားမှုကို အဓိပ္ပာယ်အမျိုးမျိုးဖွင့် ဆိုသော်လည်း နှစ်ခုစလုံးသည် တရားဥပဒေစိုးမိုးရေးကို ချိုးဖောက် သည့်လုပ်ရပ်ဖြစ်ကြောင်း၊ ယုံကြည် လောက်သော လာဘ်ပေးလာဘ် ယူမှုပြုလုပ်နေသည်ဟု ယူဆပါ က တိုင်ကြားမှုမရှိသော်လည်း လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ် သွားမည်ဖြစ်ကြောင်း၊ အများနှင့် သက်ဆိုင်တာကို ဦးစားပေးစိစစ် သွားမှာဖြစ်ကြောင်း၊ ပြည်သူတို့ ၏ တိုင်ကြားမှုအပေါ် အမှီပြု သွားမှာဖြစ်ပြီး ဒေသတွင်း ASEAN နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ သမာသမတ်ရှိသော မီဒီယာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဖော်ထုတ်ကာ ပညာပေးသွားရန် လိုအပ်မှာဖြစ်ကြောင်း။
လာဘ်ပေးလာဘ်ယူမှုသည် သာမန်အားဖြင့် အစိုးရ၀န်ကြီး ဌာနတွင် လုပ်ရိုးလုပ်စဉ်အဖြစ် ကြုံတွေ့လေ့၊ ကြုံရလေ့ပြဿနာ ဟုထင်ရပေမဲ့ ယခုလိုခေတ်သစ် ကာလမျိုးတွင် နိုင်ငံတကာမှ လှူဒါန်းခြင်း၊ အကူအညီပေးခြင်း များကို အလွဲသုံးစားပြုခြင်းများ လည်း တွေ့ကြုံလာရပြီဖြစ် ကြောင်း၊ စီးပွားရေးလောကတွင် လာဘ်ပေးလာဘ်ယူမှုသည် ရိုး ရိုးသားသားကျင့်ကြံဆောင်ရွက် ကြသော ကုန်သည်များကို မွဲပြာ ကျစေတယ်ဟု ဆိုထားပါကြောင်း၊ ကော်မတီလုပ်ငန်းအောင်မြင် အောင် စိစစ်ဆောင်ရွက်သည့် အခါ ထက်မြက်သော ယန္တရား  လိုအပ်တာကြောင့် လောလော ဆယ်သင့်တော်သည့် ယန္တရား ကတော့ ပြည်ထဲရေးဝန်ကြီးဌာန ဖြစ်ကြောင်း၊ အခြေအနေအချိန် အခါနှင့်လိုက်ပြီး လိုအပ်သည့် ယန္တရားကိုပြောင်းလဲဆောင်ရွက် သွားမှာဖြစ်ကြောင်း အစရှိသည် ဖြင့် အမှာစကားပြောကြားခဲ့ သည်။
ထို့နောက် လာဘ်ပေးလာဘ် ယူမှုအရေးယူဆောင်ရွက်ရေး ကော်မတီဝင်များဖြစ်သော ပြည် ထောင်စုဝန်ကြီးများနှင့်
 ပြည် ထောင်စုရှေ့နေချုပ်တို့က ဥပဒေ ကြမ်းရေးဆွဲနေမှု၊ တိုင်ကြားမှု များကို စိစစ်ဖော်ထုတ်၍ အရေး ယူဆောင်ရွက်နေမှုနှင့် အသိ ပညာပေးခြင်းလုပ်ငန်းများ ဆောင် ရွက်နေမှုတို့ကို ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။ ယင်း နောက် ဒုတိယသမ္မတက တင်ပြ ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ပေးပြီး အစည်းအဝေးကို ညနေ ပိုင်းတွင် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အောင်ထွန်းThe Hot News

သံတွဲက ချမ်းသာတဲ့ မွတ်ဆလင်မိသားစု တချို့ မြို့ကို စွန့်ခွာ

(နိရဉ္စရာ- ၁ ဇူလိုင် ၂၀၁၃)
ရခိုင်ပြည်နယ် သံတွဲမြို့မှာ မနေ့က ဆူပူ တိုက်ခိုက်မူတွေ ဖြစ်ပွားခဲ့ပြီးတဲ့ နောက် လုံခြုံရေး စိုးရိမ်ရတဲ့ အတွက် ချမ်းသာတဲ့ မွတ်ဆလင် မိသားစု တချို့ အိမ်ကိုစွန့်ခွာပြီးး သံတွဲကနေ  ရန်ကုန်ကို လေယာဉ်နဲ့ ထွက်ခွာသွားကြတယ်လို့ သတင်း ရရှိပါတယ်။

သံတွဲမြို့သည် ငပလီပင်လယ်ကမ်းခြေကြောင့် ကျော်ကြားသည်။


သံတွဲမြို့သည်ငပလီပင်လယ်ကမ်းခြေကြောင့် ကျော်ကြားသည်။
ဒီကနေ့ ထွက်ခွာသွားတဲ့ သူတွေထဲမှာ ရွှေစင် သဂီင်္ မိသားစု၊ ကိုအောင်စိုး မိသားစုနဲ့ မီးရှို့ခံရတဲ့ အတွက် အိမ်မီးထဲပါသွားတဲ့ ဒေါ်ဝင်းကြည်တို့ မိသားစုတွေ ဖြစ်ကြတယ်လို့ သံတွဲ ဒေသခံ တစ်ဦးက ပြောပါတယ်။
သံတွဲမှာ လုံခြုံရေးတွေ တင်းကျပ်ထားပြီး လူစု လူဝေး မလုပ်ရ၊ ညမထွက်ရ ဆိုတဲ့ ဒေသန္တာရ ဥပဒေ ထုတ်ပြန်ထားပေမယ့် လုံခြုံရေး မရှိတဲ့ မြို့ပြင် ရပ်ကွက်တွေမှာ လူတွေကတော့ စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။
အခုလောလောဆယ် သံတွဲမြို့ထဲက ဒွာရ၀တီ တံထားထိပ်၊ ဆေးရုံရှေ့၊ မာဂလမ်းတို့မှာ လုံခြုံရေးတွေ ချထားပေမယ့် မြို့သစ်ရပ်ကွက်တွေမှာ လုံခြုံရေး  မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ လုံခြုံရေးအရ ဟာနေတဲ့ နေရာတွေမှာ စိုးရိမ်ရတယ်လို့ ပြောပါတယ်။
သံတွဲရဲစခန်း တာဝန်ကျသူ တစ်ဦးကတော့ အခြေအနေ တည်ငြိမ်သွားပြီး ဘာမှ ကြီးကြီးကျယ်ကျယ် ဖြစ်တာ မရှိဘူးလို့ ပြောပါတယ်။ ဒါ့ပြင် မတော်မတရား ပြုကျင့်သူလို့ စွပ်စွဲခံထားရတဲ့ မွတ်ဆလင် နှစ်ဦးကိုလည်း ဖမ်းဆီးပြီး စစ်ဆေးနေတယ်လို့ ပြောဆိုပါတယ်။
ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရဲ့ ထုတ်ပြန်တဲ့ သာစွဌာနေ ရခိုင်ပြေ Facebook မှာတော့ မတော်မတရား ပြုကျင့်သူလို့ စွပ်စွဲ ဖမ်းဆီးခံရသူ (၂) ဦး ကမန်လူမျိုး အစ္စလာမ်ဘာသာဝင်တွေ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
သံတွဲရဲစခန်းမှာ သူတို့ (၂) ဦးကို စစ်ဆေးမေးမြန်းတာတွေ ဆောင်ရွက်နေပြီး တည်ဆဲ တရာဥပဒေနဲ့ အညီ အမြန် အရေးယူ တရားစွဲဆို နိုင်ရေး အတွက် သံတွဲရဲစခန်းမှာ (ပ)၃ရ/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၇၆ နဲ့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
မနေ့ တိုက်ခိုက်မူ ဖြစ်ပွားရာမှာ သံတွဲမြို့ ဒွာရ၀တီ မြို့သစ်က မွတ်ဆလင် ဘာသာဝင် အိမ် (၅) လုံးခန့် မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး အဲဒီအထဲမှာ သူနာပြုဆရာမဟောင်း ဒေါ်ဝင်းကြည် အိမ်နဲ့ ဦးမျိုးသစ်ရဲ့ အိမ်က လုံးဝ မီးထဲပါသွားခဲ့ပြီး ကျန် အိမ် (၃) လုံးကတော့ တချို့တ၀က် ပျက်စီးသွားတယ်လို့ ပြောပါတယ်။
ဒီလို တိုက်ခိုက်မူတွေ ဖြစ်ပွားခဲပြီးတဲ့နောက်ပိုင်းမှာ မြို့ဝင် မြို့ထွက်လမ်းတွေကိုလည်း ပိတ်ထားလိုက်ပြီး ရခိုင်ပြည်နယ် အစိုးရ ၀န်ကြီး (၂) ဦး အပါအ၀င် တစ်ခြား အရာရှိကြီးတွေလည်း အကြမ်းဖက် ဆူပူတွေကို တားဆီးနိုင်အောင် သံတွဲမြို့ကို ရောက်ရှိနေတယ်လို့ ပြောပါတယ်။
သံတွဲသူ တစ်ဦးကတော့ ခုလို ဖြစ်ပျက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ သံတွဲရဲ့ အခြေအနေက ပုံမှန်လိုဘဲ တည်ငြိမ်နေပေမယ့် သူမတို့ အနေနဲ့ တစ်ခုခု ဆက်ဖြစ်လာမလားဆိုပြီး စိုးရိမ်မူတွေ ရှိနေတယ်လို့ ပြောကြားပါတယ်။

» ကာလုံ အစည်းအဝေး ကျင်းပ

 
သမ္မတ၊ လွှတ်တော် ဥက္ကဌ တွေနဲ့ ကာကွယ်ရေး ဝန်ကြီး စတဲ့ ဝန်ကြီး တွေနဲ့ စစ်ဦးစီးချုပ် တို့ ပါဝင်တဲ့ အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေး ကို တနင်္လာနေ့ က ကျင်းပ ခဲ့ပါတယ်။

အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေး အမြန် ခေါ်ဖို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း က သမ္မတ ဆီ ဇွန်လ ၂၅ ရက်နေ့ က သဝဏ်လွှာ ပို့ခဲ့တာပါ။

အစိုးရနဲ့ လွှတ်တော် ကြား ဆက်ဆံရေးမှာ အပြန်အလှန် နားလည်မှု လွဲနေတာကို ရှင်းပြဖို့ သူရ ဦးရွှေမန်းက လိုလား တယ်လို့ သီပေါ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ဘီဘီစီကို ပြောပါတယ်။

မြန်မာ နိုင်ငံမှာ ဆက်သွယ်ရေး ဥပဒေ မပြဌာန်း ရသေးဘဲ ပြည်တွင်း ပြည်ပ ကုမ္ပဏီ တွေကို ဆက်သွယ်ရေး လုပ်ငန်းတွေ လုပ်ခွင့် မပြုရေးနဲ့ ပတ်သက် လို့ လွှတ်တော်နဲ့ အစိုးရ ကြား မကျေမလည် ဖြစ်နေတဲ့ ကိစ္စ၊ တိုင်းရင်းသား အဖွဲ့ တွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး စတာ တွေကို ဒီအစည်းအဝေးမှာ ရှင်းလင်း ဆွေးနွေးမယ်လို့ ယူဆကြောင်း သူက ပြောပါတယ်။

အစိုးရ နဲ့ လွှတ်တော်ကြား အားပြိုင်မှု ကို ရှောင်လွှဲလို့ မရကြောင်း၊ ဒါဟာ Check and Balance အပြန်အလှန် ထိန်းညှိ နိုင်တဲ့ နိုင်ငံရေး စနစ် ဖြစ်ပြီး လုပ်ထုံး လုပ်နည်းနဲ့ အညီ ဆောင်ရွက် သွားဖို့ လိုတယ် လို့ ဦးရဲထွန်းက ပြောပါတယ်။

ဘီဘီစီ(မြန်မာပိုင်း)

ကုန်တင်ယာဉ်များ ထားဝယ်မြို့တွင်း စည်းကမ်းမလိုက်နာဟုဆို

 
ထားဝယ်၊ ဇွန် ၃၀

ကုန်တင်ယာဉ်များ သတ်မှတ် လမ်းကြောင်းအတိုင်း ထားဝယ်မြို့တွင်း ဝင်ထွက် ရမည်ဟု စည်းကမ်း ထုတ်ပြန်ထားသော်လည်း သက်ဆိုင်ရာက ကြီးကြပ်မှု အားနည်းသောကြောင့် ကုန်တင်ယာဉ်များသည် စည်းကမ်း မလိုက်နာဘဲ လမ်းကြောင်းမရွေး ဝင်ထွက်လျက် ရှိကြောင်း ကုန်စည် ပို့ဆောင်ရေး အသိုင်းအဝိုင်းထံမှ သိရသည်။

သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများက ထိရောက်စွာ အရေးယူခြင်း မရှိသည့်အတွက် ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းများမှ ခေါက်တို မော်တော်ကားများ၊ ၁၀ ဘီးတပ်နှင့် ၁၂ ဘီးတပ် ကုန်တင်ယာဉ်ကြီးများ၊ လောင်စာဆီယာဉ်များ မြို့အတွင်း အချိန်မရွေး ဝင်ရောက်၍ ကုန်တင်ကုန်ချ ပြုလုပ်နေကြခြင်း ဖြစ်ကြောင်း အဆိုပါ အသိုင်းအဝိုင်းက ဆိုသည်။

မြို့တွင်း ဝင်ခွင့်အတွက် ၁၀ ဘီးနှင့် ၁၂ ဘီးတပ် ကုန်တင်ကားများ ခရိုင်မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်ရေးကော်မတီ ရန်ပုံငွေအတွက် သတ်မှတ်ထားသည့် ငွေကို ပေးဆောင်ပြီး ယင်းအဖွဲ့မှ သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း သွားရမည်ဟု စည်းကမ်း ချမှတ်ထား သော်လည်း စည်းကမ်း လိုက်နာမှုကို ကြီးကြပ်မပေးသည့် အတွက် လမ်းကြောင်းမရွေး သွားလာနေခြင်း ဖြစ်ကြောင်း ကုန်စည်ပို့ဆောင်ရေး ဂိတ်တာဝန်ခံများက ဆိုသည်။

“စနစ်တကျ စည်းကမ်း သတ်မှတ်ပေးပြီး အရေးမယူကြတော့ လိုက်နာဖို့ ခက်တယ်” ဟု စွမ်းထက် ကုန်စည် ပို့ဆောင်ရေး တာဝန်ခံတစ်ဦးက ပြောကြားသည်။

စနစ်တကျ စည်းကမ်း ချမှတ်ပေးပြီး ထိရောက်စွာ အရေးယူမည်ဆိုလျှင် လိုက်နာမည် ဖြစ်ကြောင်း ၎င်းကဖွင့်ဟ ပြောဆိုသည်။

“ခေါက်တိုနဲ့ မသယ်နိုင်တဲ့အခါ ကုန်တင်ကားကြီးတွေကို စိစစ်ပြီး လမ်းကြောင်း သတ်မှတ်ပေးပြီးမှ မြို့ထဲ ဝင်ခွင့်ပေးတယ်” ဟု ခရိုင်မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးပိုသိန်းက ပြောကြားသည်။

ခေါက်တိုကားများသည် ဈေးအချိန်တွင် ဈေးအနီး ပစ္စည်းချခြင်းကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိပြီး ကျောင်းဆင်းကျောင်းတက် ချိန်များတွင် ကျောင်းသားကျောင်းသူများအတွက် အန္တရာယ် ရှိနိုင်ကြောင်း ထားဝယ်မြို့ပေါ်ရှိ မြောင်းပုလဲ အ.ထ.က(ခွဲ) အနီး နေထိုင်သူ အမျိုးသားတစ်ဦးက ပြောကြားသည်။

“ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ ပတ်သက်လို့ ဒေသန္တရ ဥပဒေအသစ်တွေကို လွှတ်တော်မှာ တင်ပြဖို့ရှိတယ်။ လွှတ်တော်က အတည်ပြုပေးပြီးရင် အရေးယူ ဆောင်ရွက်သွားဖို့ ရှိတယ်” ဟု ဦးပိုသိန်းက ဆိုသည်။

လက်ရှိတွင် ထားဝယ်မြို့၌ ၃ တန်နှင့်အထက် ကုန်တင်ယာဉ်များ မြို့တွင်း မဝင်ရ၊ ခေါက်တိုကားများ ရုံးချိန် အတွင်း အာဇာနည်လမ်း ( ကရပ်ပြင် လမ်းဆုံမှ လမ်းဆုံကြီး) အတွင်း မဝင်ရ ၊ ခေါက်တိုယာဉ်ဖြင့် မသယ်နိုင်သည့် ကုန်များအတွက် ၁၀ ဘီးတပ် ၊ ၁၂ ဘီးတပ် ကုန်တင်ကားများ မြို့ထဲဝင်လိုလျှင် ခရိုင်မထသ၏ ခွင့်ပြုချက်အရ ယင်းကော်မတီမှ သတ်မှတ်ပေးထားသည့် လမ်းကြောင်း အတိုင်း သွားရမည်စသည့် စည်းကမ်းချက်များ ထုတ်ပြန်ထားကြောင်း ကုန်စည်ပို့ဆောင်ရေး အသိုင်းအဝိုင်းထံမှ သိရသည်။

Dawei Watch

by The Voice Weekly

မြန်မာ့လေကြောင်း ထားဝယ်ခရီးစဉ်များထပ်မံလျှော့ချပြန်


Photo: မြန်မာ့လေကြောင်း ထားဝယ်ခရီးစဉ်များထပ်မံလျှော့ချပြန်

လွန်ခဲ့သည့် ဇွန်လ(၁)ရက်နေ့ကမှခရီးစဉ်များလျှော့ချပြေးဆွဲနေသော မြန်မာ့လေကြောင်း၏ ထားဝယ် ၊ မြိတ်၊ ကော့သောင်းခရီးစဉ်ကို ဇွန်လ (၂၇)ရက်နေ့မှ
တစ်ဖန် တစ်ပတ်လျှင်နှစ်ရက်(ကြာသပတေးနှင့်တနင်္ဂနွေ)သာပျံသန်းပြေးဆွဲတော့ကြောင်းသိရသည်။ထို့အတူ ထားဝယ် -ကော့သောင်းခရီးစဉ်အတွက်လေယာဉ်လက်မှတ်ခနှုန်းထားမှာလည်းEmbrer လေယာဉ်အတွက် ၅၇၀၀၀ ကျပ် ၊ATR လေယာဉ်အတွက် ၅၀၀၀၀ ကျပ်ဖြင့်ဈေးနှုန်းလျှော့ချပျံသန်းပြေးဆွဲလျက်ရှိကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
လွန်ခဲ့သည့် ဇွန်လ(၁)ရက်နေ့ကမှခရီးစဉ်များလျှော့ချပြေးဆွဲနေသော မြန်မာ့လေကြောင်း၏ ထားဝယ် ၊ မြိတ်၊ ကော့သောင်းခရီးစဉ်ကို ဇွန်လ (၂၇)ရက်နေ့မှ
တစ်ဖန် တစ်ပတ်လျှင်နှစ်ရက်(ကြာသပတေးနှင့်တနင်္ဂနွေ)သာပျံသန်းပြေးဆွဲတော့ကြောင်းသိရသည်။ထို့အတူ ထားဝယ် -ကော့သောင်းခရီးစဉ်အတွက်လေယာဉ်လက်မှတ်ခနှုန်းထားမှာလည်းEmbrer လေယာဉ်အတွက် ၅၇၀၀၀ ကျပ် ၊ATR လေယာဉ်အတွက် ၅၀၀၀၀ ကျပ်ဖြင့်ဈေးနှုန်းလျှော့ချပျံသန်းပြေးဆွဲလျက်ရှိကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)

ရုံးချိန်းခဏခဏလာနေရတဲ့ ရဲတိုက်

 
လင်းထွန်းဦး (ခ) သရုပ် ဆောင်ရဲတိုက်မှ ခရစ်ယာန်ဘုရား ကျောင်းမှာ

တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘုရားကျောင်းမှ

ဗိုလ်တထောင်ရဲ စခန်းသို့ အမှုဖွင့်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စနဲ့ စပ်လျဉ်းပြီး

သရုပ်ဆောင်ရဲတိုက်နဲ့ ဘုရားကျောင်းရဲ့ သင်းအုပ်ဆရာတော် ရစ်ချက်တို့က

အများပြည်သူရှေ့မှာ ရဲတိုက်က ထိုကိစ္စမျိုး ထပ်မံမပြုလုပ်ပါတော့ ကြောင်း

ခံဝန်ချက်ကတိလက်မှတ် ရေးထိုးပြီး နှစ်ဦးသဘောတူ ငြိမ်း

ချမ်းစွာဖြေရှင်းခဲ့ကြပါတယ်။ အဲဒီ ကိစ္စကို

ဗိုလ်တထောင်တရားရုံးက ခေါ်ယူစစ်ဆေးမေးမြန်းတော့ တရားလိုဘက်က

ဘုရားကျောင်းရဲ့ တာဝန်ရှိသူများနဲ့ ဦးရစ်ချက်တို့ အပါအ၀င်

ရဲတိုက်တို့ကို ခေါ်ယူစစ် ဆေးခဲ့ကြပါတယ်။ ပထမရက်နဲ့ ဒုတိယရက်တို့မှာ

အကြောင်းအမျိုး မျိုးကြောင့် ရဲတိုက်နဲ့ ဦးရစ်ချက်တို့က တစ်လှည့်

စီလာရောက်ခဲ့ခြင်း မရှိပေမယ့် ဇူလိုင်လ ၁ ရက်နေ့ မနက် ၁၁ နာရီမှာ

တရားလိုဘက်မှ သက်သေနှစ်ဦးနဲ့ သရုပ်ဆောင် ရဲတိုက်တို့ကိုခေါ်ယူ

စစ်ဆေးခဲ့ပါ တယ်။ တရားရုံးမှ သက်သေနှစ်ဦးကို စစ်ဆေးမေးမြန်းခဲ့ပြီး

တရားရုံးချိန်း နေ့ကို ဇူလိုင် ၁၁ ရက် မနက် ၁၀ နာရီခွဲသို့ ပြောင်းရွှေ့ပြီး

ထပ်မံ စစ်ဆေးသွားမှာဖြစ်ကြောင်း သိရှိ ရပါတယ်။

TMZ (8 DAYS)
8 DAYS A WEEK ENTERTAINMENT

DDPC ၏ Shopping Mall စီမံကိန်းစတင်တော့မည်

Shopping Mallစီမံကိန်းစတင်တည်ဆောက်မည့် ကမြောကင်းတံတားအနီးမြေနေရာ

ထားဝယ်မြို့မှအထွက်ကမျောကင်းတံတားအနီးတွင်ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးအများပိုင်
ကုမဏီ(DDPC)ကတည်ဆောက်အကောင်အထည်ဖော်ရန် လျာထားသည့် Shopping Mallစီမံကိန်းစတင်တည်ဆောက်နိုင်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနား
ကို ဇုလိုင်လ(၅)ရက်နေ့တွင်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

အကောင်အထည်ဖော်မှုနှောင့်နှေးသည်ဟု အဝေဖန်ခံနေရသော လုပ်ငန်းတစ်ခုဖြစ်သည့် အဆိုပါစီမံကိန်းကိုရှယ်ယာရှင်များ၏ နှစ်ပတ်လည်အစည်းအဝေးအပြီး
ရက်သတ္တနှစ်ပတ်အကြာတွင်ကျင်းပခြင်းလည်းဖြစ်သည်။
ShoppingMall၏အမည်မှည့်ခေါ်နိုင်ရန်အတွက်လည်းပြိုင်ပွဲတစ်ရပ်ကို
ဖိတ်ခေါ်ထားကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)

Monday, July 1, 2013

သံတွဲမြို့ရှိ အပျက်အစီးစာရင်းများ

၃၀.၆.၂၀၁၃ ရက်နေ့ ညနေ(၅)နာရီကျော်လောက်မှာ ရဲစခန်းသို့လူ(၅၀)ဦးခန့် စုရုံးရောက် ရှိခဲ့ကြပါတယ်။ တာဝန်ရှိသူများက ရှင်းလင်းပြောဆိုသဖြင့် (၆း၃၀) လောက်လူစုကွဲပါတယ်။ ည(၇း၁၅)လောက်မှာ ကောင်းကင်သစ္စာ မော်တော်ယာဉ်အသင်းမှ ၈ည/၃၂၃၁ - ၈ဈ/၃၇၆၅ ယာဉ်နှစ်စီးကို လူအချို့ကခဲဖြင့်ပစ်ပေါက် ဖျက်ဆီးခဲ့ကြပါတယ်။

အစ္စလာမ်ဘာသာဝင် ဒေါ်ဆာမိကွမ်းယာဆိုင်ကို ဖျက်ဆီးရန် ကြိုးစားသော်လည်း တာဝန်ရှိသူများရောက်လာ၍ အပျက်အစီး မဖြစ်ခဲ့ဟု သိရပါသည်။

ည(၉)နာရီကျော်ခန့်တွင် ဒွါရာဝတီ(က)ရပ်ကွက် (၈)လမ်းရှိ တဲ(၁)လုံး၊ စက်ဘီး(၃)စီး၊ ဆိုင်ကယ်(၁)စီး၊ သစ်တောဝန်ထမ်းဦးဘရင် အိမ်က ဆိုင်ကယ်(၁)စီး နှင့်ကိုမျိုးသက်ဆိုသူပိုင်အိမ်ကို လူစုဖြင့်ဖျက်ဆီး မီးရှို့မှုရှိခဲ့တယ်လို့ သိရပါတယ်။

တစ်ဆက်တည်း ဦးကြည်အောင်၊ ဒေါ်ဝင်းကြည် အိမ်မီးလောင်ကျွမ်းပြီး ဒေါ်လှအုန်းမေ(ရခိုင်/ဗုဒ္ဓ) အိမ်ကို မီးကူးစက်လောင်ကျွမ်း ခဲ့တယ်လို့သိရပါတယ်။

သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူးက လူစုလူဝေးမလုပ်ရန် ၊ ညလုံခြုံရေးများ တာဝန်ထမ်းရွက်ရာတွင် အတားအဆီးမဖြစ်စေရေးအတွက် လမ်းပေါ်သို့မထွက်ကြရန် အမိန့်ထုတ်ပြီး၊ အသံချဲ့စက်နှင့်အော်ခိုင်းခဲ့တယ်လို့သိရပါတယ်။ ပုဒ်မ(၁၄၄) ထုတ်ပြန်ခြင်းမျိုးမဟုတ်သေးဘူးလို့ သိရပါတယ်။

သံတွဲမြို့ လုံထိန်းအင်အား(၁၀၀)၊ နယ်မြေခံ ရဲတပ်ဖွဲ့ ၊ နယ်မြေခံတပ်မတော်တပ်ရင်းမှ လုံခြုံရေး တင်းကြပ်စွာချထားကြောင်းသိရပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကလည်း အခင်းစဖြစ်စဉ်ကပင် ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများသို့ လိုအပ်သောညွှန်ကြားမှုများကို ပြုလုပ်ပြီး လုံခြုံရေး အစီအမံများအတွက် စီစဉ်ဆောင်ရွက်မှုကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ခဲ့ကြောင်း ၊ ၀န်ကြီး(၂)ဦးကို စေလွှတ်၍တည်ငြိမ်ရေးနှင့်တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားကြောင်းသိရပါသည်။

Arakan Events

သံတွဲ မီးရှို့ဖျက်ဆီးမှု တရားဥပဒေအရ ဖြေရှင်းရန် အစိုးရပြော

 
ရခိုင်ပြည်နယ် သံတွဲမြို့မှာ မွတ်စလင်လူနေအိမ်ခြေတချို့ ဖျက်ဆီးမီးရှို့မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။

ဇွန်လ  ၃၀ ရက်နေ့ညနေပိုင်းက ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က  အမျိုးသမီးငယ်တဦးဟာ သံတွဲမြို့မှာ ရောက်ရှိစဉ် စော်ကားခံရတယ်ဆိုတဲ့ ကောလာဟလပျံ့နှံ့ပြီး အကြမ်းဖက်မီးရှို့မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် သံတွဲမြို့နယ်ရဲတပ်ဖွဲ့က အဲဒီအမျိုးသမီးနဲ့ လူငယ် ၂ ဦးကို ရဲစခန်းမှာ စစ်မေးနေပါတယ်။

လူအုပ်စုက ဖမ်းထားတဲ့အမျိုးသား ၂ ဦးကို သူတို့လက်အပ်ဖို့ ရဲစခန်းရှေ့ကနေ အော်ဟစ် တောင်းဆိုကြတဲ့နောက် ည ၇ နာရီခန့်မှာ ပုဒ်မ ၁၈၈ လူမစုရ ဒေသန္တရအမိန့်တရပ် ထုတ်ပြန်ခဲ့ပါတယ်။

ဒီအမိန့် ထုတ်ပြန်အပြီး မကြာခင်မှာပဲ သံတွဲမြို့ပေါ်က မွတ်စလင်တွေရဲ့အိမ်တချို့ကို စတင်အကြမ်းဖက်တိုက်ခိုက်မှုကို လူအုပ်က စတင်လိုက်ကြတာကြောင့် ညနေ ၅ နာရီကနေ မနက် ၅ နာရီထိ အပြင်မထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွင်က ပုဒ်မ ၁၄၄ ထုတ်အပြီး သူတို့ထံ ရောက်လာတဲ့ စာရင်းအရ အိမ် ၁ လုံး ဖျက်ဆီးခံရပြီး အိမ် ၄ လုံး မီးရှို့ခံရတယ်လို့ ရှင်းပြပေမယ့် အသေးစိတ်တော့ ပြောဆိုခြင်းမရှိပါဘူး။

အခုအခါ အမျိုးသမီးကို မုဒိမ်းကျင့်ခံရတာ ဟုတ်၊ မဟုတ် ဆရာဝန်ဆေးစစ်ချက် ရယူနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

“မုဒိမ်းမှုလားဆိုတော့ တိတိကျကျ စစ်ဆေးချက်ပေါ့လေ။ ဆရာဝန်တွေဘာတွေနဲ့ ဆေးစစ်ချက်ကလည်း လိုသေးတာကိုး။ ဒီအချိန် ကျနော်တို့က မုဒိမ်းမှုပါ၊ ဘာမှုပါ စသဖြင့် တိတိကျကျ ပြောဖို့က မသိသေးဘူးပေါ့နော်။ ပြောမယ်ဆိုရင် ရဲလုပ်ငန်းတွေ၊ ဓာတုဗေဒတို့ ဘာတို့ အဲဒါမျိုးတွေရှိသေးတာ” လို့ ပြောပါတယ်။

တရားခံတဦးနဲ့ အားပေးသူတဦးကိုတော့ ဖမ်းဆီးထားပြီး အခြေအနေ တည်ငြိမ်စပြုနေပြီဖြစ်ပြီး အိမ်ဖျက်ဆီးသူနဲ့ မီးရှို့သူတွေကိုတော့ ဖမ်းဆီးထားတာ မရှိဘူးလို့ ဦးကျော်စိုးလွင်က ရှင်းပြပါတယ်။

“လောလောဆယ်တော့ ကျနော်တို့က အရေးယူလို့မှ မရသေးဘဲ။ တိတိကျကျ ကျနော်တို့ကို သတင်းပို့တဲ့လူ၊ ပြောတဲ့လူလည်း လောလောဆယ် မရှိသေးဘူး။ ရှိတယ်ဆိုပေမယ့်လည်း ကျနော်တို့က ခိုင်လုံတဲ့သတင်းရမှဖမ်းလို့ရမှာကိုး”  လို့ ပြောပါတယ်။
မြို့နယ်ရဲတပ်ဖွဲ့နဲ့ ခရိုင်ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရဲ့ပြောခွင့်ရသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာတော့ သံတွဲမှာ အမျိုးသမီးတဦးကို စော်ကားတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်တဲ့ ရုန်းရင်းဆန်ခတ်မှုမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ခရိုင်ပြန်ဆက်မှ ကနဦး စုံစမ်းသိရှိရတဲ့သတင်းများအရ ဇွန် ၂၉ ရက်နေ့မှာ တောင်ကုတ်ကနေ သံတွဲကို အဝေးပြေးကားနဲ့ ရောက်လာတဲ့ အမျိုးသမီးတဦးဟာ ဆိုင်ကယ်ကယ်ရီနဲ့ လိုက်သွားတယ်လို့ ဖော်ပြထားပါတယ်။

ဒီနောက် ဇွန် ၃၀ ရက်နေ့ နေလယ်မှာ အဲဒီအမျိုးသမီးတယောက်တည်း ငိုနေတာတွေ့တဲ့သူများက ညနေ ၄ နာရီမှာ ရဲစခန်းကို လာပို့ကြောင်း၊ အမျိုးသမီးက သူကို ဆိုင်ကယ်ကယ်ရီသမားနဲ့ အခြားသူတဦးက စော်ကားတယ်လို့ တိုင်ကြားခဲ့ပါတယ်။

ဒါပေမယ့် ဒီအမျိုးသမီးကို အခြားဘာသာဝင်တဦးက စော်ကားတယ်ဆိုတဲ့ သတင်းစကားများ ပျံ့နှံ့သွားတဲ့အတွက် ညနေ ၅ နာရီခန့်မှာ လူ ၅၀ လောက် ရဲစခန်းကို လာရောက် စုဝေးခဲ့ကြောင်းနဲ့ ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်ဆဲဖြစ်ကြောင်း ရှင်းပြပြီး လူစုခွဲခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ည ၇ နာရီကျော်မှာ မြို့သစ်ရပ်ကွက်မှာ အိမ် ၂ လုံး မီးရှို့မှုဖြစ်ပွားခဲ့ပြီး မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ တာဝန်ရှိသူတွေက ညမထွက်ဖို့ လှည့်လည်ကြေညာနေပြီး မြို့ အ၀င်အထွက်လမ်းတွေ ပိတ်ထားကြောင်း၊ ပြစ်မှုကျူးလွန်သူတွေကို ရဲက ဖော်ထုတ်အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးဌာနမှူး ဦးဝင်းမြိုင်ကို ဒီဗွီဘီကမေးမြန်းတဲ့အခါ ဒီကိစ္စနဲ့ ပတ်သက်ပြီး  သံတွဲရဲစခန်းက တရားခံလို့ ယူဆရသူကို ဖမ်းဆီးထားပြီး အမျိုးသမီးကိုလည်း ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။

လူစုလူဝေးနဲ့ ရဲစခန်းမှာ တောင်းဆိုခဲ့ကြပြီး ကားတွေနဲ့ အိမ်တွေ ဖျက်ဆီးခဲ့တာတွေအပေါ် ဦးဝင်းမြိုင်က ဝေဖန်လိုက်ပြီး  တရားဥပဒေကို လေးစားလိုက်နာဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“ဌာနဆိုင်ရာအနေနဲ့ပဲဖြစ်ဖြစ်။ ပြည်နယ်အစိုးရအနေနဲ့ပဲဖြစ်ဖြစ် ပြစ်မှုတခုဖြစ်လာပြီဆိုရင် ဥပဒေအတိုင်းဆောင်ရွက်ဖို့၊ ဆောင်ရွက်တဲ့အခါမှာလည်း အချိန်ကို စောင့်ပေးဖို့ လိုအပ်ပါတယ်။ လူအုပ်နဲ့ဝိုင်းပြီးတောင်းဆိုတာတို့၊ ဥပဒေမဲ့လုပ်တာတို့ကတော့ မကောင်းပါဘူး။ ဥပဒေအရ ဆောင်ရွက်သွားတယ်ဆိုရင် ရုန်းရင်းဆန်ခတ်လည်း မဖြစ်ပါဘူး” လို့ ပြောပါတယ်။

ဒီဗွီဘီက ဒေသခံတွေကို မေးမြန်းရာမှာ ည ၇ နာရီကနေ မနက် ၅ နာရီထိ လူ ၅ ယောက်ထက် ပိုမထွက်ရဆိုတဲ့ ဒေသန္တရအမိန့်ထုတ်ပြန်လိုက်ချိန် ည ၇ နာရီခန့်မှာပဲ သံတွဲမြို့ပေါ်က မွတ်စလင်ဘာသာရေးခေါင်းဆောင်တဦးရဲ့အိမ်ကို စတင်ဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။

အဲဒီအချိန်မှာပဲ သံတွဲမြို့တဖက်ကမ်းက ဒွာရာဝတီမြို့သစ်ဘက်က ဦးဘို၊ ဦးသိန်းဝင်း၊ ဒေါ်ဝင်းကြည်၊ ဦးမောင်ကြီး၊ ဦးမောင်လေးနဲ့ ဦးထွန်းနိုင်တို့ရဲ့အိမ်တွေ ပိုင်ဆိုင်မှုတွေကို ထုရိုက်ဖျက်ဆီးကြတယ်လို့ ပြောပြပါတယ်။

နယ်မြေခံ မွတ်စလင်အမျိုးသမီးတဦးက “တိုင်ကြားဖို့ဟာ မရဲဘူးပေါ့နော်။ သူတို့ကတောင် ပေါ်တင်ကြီး လျစ်လျူရှုထားတဲ့အခါကျတော့ အလုပ်ခံရသူတွေကလည်း တိုင်ကြားဖို့ မရဲဖြစ်နေတာပေါ့။ ကွဲသွားတဲ့ လူစုဟာ အခုဖျက်ဆီးမီးရှို့တဲ့နေရာကို ရောက်သွားပြီးတော့ လုပ်နေတာကို ရဲတွေက မြို့ထဲမှာပဲ ပတ္တရောင်လှည့်နေတယ်။ ဘာမှ အရေးယူဆောင်ရွက်ခြင်းမရှိဘူး။ ဟန့်တားခြင်းမရှိဘူး”လို့ ပြောပါတယ်။

ဒီနေ့မွန်းတည့်မှာ ညမထွက်ရအမိန့်ကို ည ၇ နာရီကနေ မနက် ၁၀ နာရီထဲ ပြောင်းလဲ သတ်မှတ်တယ်လို့ သူက ပြောပါတယ်။

သံတွဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဝင်းနိုင်ကတော့ ဒီကိစ္စဟာ ဖန်တီးတဲ့လုပ်ရပ် ဖြစ်တယ်လို့ ဝေဖန်ပြောဆိုပါတယ်။

“ဒီကိစ္စကို လုပ်ဖို့အတွက် ပြီးခဲ့တဲ့ ၁ ပတ်လောက်ကပဲ ဆွဲရမ်းမှု ဘာညာ။ ဘာသာမတူတဲ့ ကလေး ၁ ယောက် မဟုတ် ၂ ယောက်က ဆွဲရမ်းမှုလုပ်ပြီး ပြဿနာတခုဖန်တီးမယ်ဆိုတာ ပြီးခဲ့တဲ့ ၆ ရက်လောက်ကပဲ ကျနော်တို့ သတင်းရထားပါတယ်။ အဲဒါဟာ အခုမှ ပေါ်လာတာပေါ့။ ချက်ချင်း ကောက်ရိုးမီးလို ပျံ့နှံ့သွားတာကတော့ ကြိုတင်ပြင်ဆင်ထားလို့ ဖြစ်ပါလိမ့်မယ်။“

ဦးဝင်းနိုင်ကတော့ အိမ်မီးရှို့ခံရတာ ၁၀ လုံးနဲ့ ဖျက်ဆီးခံရတာ ၁၀ လုံး ရှိတယ်လို့ အိမ်ရှင်တွေရဲ့ အမည်စာရင်းနဲ့ ပြောပါတယ်။

မနှစ် ဇွန် ၃ ရက်နေ့တုန်းက တောင်ကုတ်မြို့မှာ မွတ်စလင် ၁၀ ဦးကို ခရီးသည်တင်ကားပေါ်က ဆွဲချပြီး လူအုပ်စုလိုက် အကြမ်းဖက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ဖူးပြီး တရားခံတဦးကိုမှ ပြစ်ဒဏ်စီရင်နိုင်ခြင်းမရှိသေးပါဘူး။ မနှစ်ကစတင်တဲ့ ရခိုင်ပြည်နယ် အကြမ်းဖက်မီးရှို့မှုဖြစ်စဉ် ၂ ခုကြောင့် လူပေါင်း ၁ သိန်း ၄ သောင်းလောက်ကို အကူအညီပေးနေရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

by ဒီဗွီဘီ

HIV ဖြစ်ဖြစ်ချင်း ဆေးသောက်ရေး WHO ပြောကြား


Monday, July 1, 2013

ဆေးစောသောက်တဲ့နည်းနဲ့ အေအိုင်ဒီအက်စ်ကာကွယ်

WHOရဲ့ လမ်းညွှန်ချက်ထဲမှာတော့ HIVပိုးရှိသူတွေ အနေနဲ့ ရောဂါနုတုန်း ဆေးစသောက်တာက ပိုထိရောက်နိုင်ပြီး လာမယ့် ၂၀၂၅ခုမှာ အေအိုင်ဒီအက်စ် ရောဂါသည် ပေါင်းသုံးသန်း အသက်ကယ် နိုင်မယ်လို့ ပြောထားပါတယ်။

ဆေးသုံးမျိုးစပ်တလုံးထဲကို HIV ပိုးရှိသူတွေကို သူတို့ခုခံမှု အားကောင်းနေတဲ့အချိန်မှာ တိုက်ကြွေးမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အယ်ဂျီးယား အင်ဂျင်တီးနားနဲ့ ဘရာဇီးတို့မှာ စသုံးနေပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ HIV ကူးစက်သူပေါင်း ၁၆သန်းကနေ ၂၆သန်းအထိ တိုးလာနေတဲ့အတွက် ဒီလိုဆေးစောတိုက်တဲ့ စနစ်ဟာ အဲဒီရောဂါသည်တွေ အတွက် အကျိုးရှိနိုင်တဲ့ ပေါ်လစီသစ်လို့လည်း WHO ကပြောပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အေအိုင်ဒီအက်စ် ရောဂါကုဖို့ အမေရိကန်ဒေါ်လာ သန်း၂၃၀၀လောက် ကုန်ကျနိုင်ပြီး အခု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့အစီအစဉ်အရ ၁၀ရာနှုန်းကုန်ကျ စရိတ်ပိုမြင့်လာဖို့ရှိပါတယ်။

နေ့စဉ်သောက်ရမယ့် တလုံးထဲပေါင်း ဆေးသုံးမျိုးထုတ်တဲ့ ကုမ္ပဏီကြီး၅ခုက တနှစ်ကို တယောက်ကိုဒေါ်လာ၁၂၇ ကျမယ့် အစီအစဉ် အတွက်ဈေးလျှော့ပေးဖို့လည်း ညှိနှိုင်းနေတုန်းဖြစ်ပါတယ်။

ဒီအစီအစဉ်အသစ်အရရောဂါပိုးရှိသူ အသက်၅နှစ်ကလေးများ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်တဲ့မိခင်တွေကိုလည်း ဆေးတိုက်ကြွေးမှာဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ရခိုင်ပြည်နယ် သံတွဲမှာ အခြေအနေ တင်းမာနေ၍ ညမထွက်ရ အမိန့်ထုတ်

 
ရခိုင်ပြည်နယ် သံတွဲမှာ အခြေအနေ တင်းမာနေ
ရခိုင်ပြည်နယ် သံတွဲမြို့မှာ မနေ့က ဗုဒ္ဓ ဘာသာဝင်တွေနဲ့ မူဆလင်တွေ အကြားမှာ မီးရှို့ တိုက်ခိုက်မူတွေ ဖြစ်ပွားတဲ့ အတွက် အခုအခါ ညမထွက်ရ အမိန့် ထုတ်ထားကြောင်း သိရပါတယ်။

သံတွဲမြို့မှာ အမျိုးသမီး တစ်ဦးကို မူဆလင် အမျိုးသား နှစ်ဦးက မတော်မတရား လုပ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့ အတွက် မနေ့ ညနေပိုင်းမှာ အပြန်အလှန်တွေ တိုက်ခိုက်မူတွေ ရှိခဲ့ပြီး မြို့သစ် ရပ်ကွက်မှာ အိမ် (၂) လုံး မီးရှို့ ခံခဲ့ရပါတယ်။

အခု မတော်တရား ပြုကျင့်ခံရတယ်လို့ ဆိုတဲ့ မိန်းခလေးဟာ တောင်ကုတ်မြို့က ဖြစ်ပြီး ဇွန်လ ၂၉ ရက်နေ့က ကားဂိတ်မှာ အိမ်ပြန်ဖို့ စောင့်နေစဉ်မှာ တက္ကစီမောင်းတဲ့ မူဆလင် တစ်ဦးက ခေါ်ယူသွားကာ နောက်ထပ် သူအဖေါ် တစ်ဦးနဲ့ အတူ သူမကို စော်ကားခဲ့တယ်လို့ ရဲခခန်းမှာ တိုင်ကြား ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာ ဒီသတင်း ပံျ့နှံ့သွားရာကနေ အပြန်အလှန် တိုက်ခိုက်မူတွေ ပေါ်ပေါက်ခဲ့ပါတယ်။

အခုတော့ သံတွဲမြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီ ဖြစ်တယ်လို့ တစ်ခြား ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် လုံခြုံရေး တင်းကျပ်လိုက်ပြီး မြို့ဝင် ထွက်လမ်းတွေကို ပိတ်ထားလိုက်တယ်လို့ သိရပါတယ် ။


ဘီဘီစီ (မြန်မာပိုင်း)

အီဂျစ်သမ္မတ ထွက်ပေးဖို့ လူပေါင်းသိန်းနဲ့ချီ ဆန္ဒပြ

အီဂျစ်သမ္မတကို ဆန့်ကျင်ဆန္ဒပြနေသူများ။ (ဇွန်လ ၃၀ ရက်၊ ၂၀၁၃)။
အီဂျစ်သမ္မတကို ဆန့်ကျင်ဆန္ဒပြနေသူများ။ (ဇွန်လ ၃၀ ရက်၊ ၂၀၁၃)။
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်ရဲ့ လမ်းမတွေပေါ်မှာ တနင်္ဂနွေနေ့က အီဂျစ်သမ္မတ မိုဟာမက်မော်စီ နှုတ်ထွက်ပေးဖို့ လူအုပ်ကြီးက တောင်းဆို ဆန္ဒပြနေကြ ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတဲ့ လူအုပ်ကြီးဟာ အရင်သမ္မတဟောင်း ဟိုစနီမူဘာရက် (Hosi Mubarak) နှုတ်ထွက်သွားစေတဲ့ လူထုတော်လှန်ရေးကြီး နောက်ပိုင်း၊ အကြီးမားဆုံး လူအုပ်ကြီး ဖြစ်ပါ တယ်။ အခုလိုငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြပေမဲ့ ညမှောင်လာချိန်မှာ ကြိုကြားကြိုကြား အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး၊ မစ္စတာမော်စီရဲ့ မူဆလင် ညီအစ်ကိုတော်များ ဌာနချုပ်ကို လူအုပ်က မီးလောင်ဗုံးနဲ့ ပစ်ခတ်ခဲ့တာမို့ တစ်ဦးထက်မနည်း သေဆုံးခဲ့ရသလို၊ လူ ၄၀ လောက် ဒဏ်ရာရခဲ့ပါတယ်။

နိုင်းလ် မြစ်ဝှမ်းဒေသမှာ တွေ့ရတဲ့ ဆန္ဒပြပွဲတွေအတွင်းမှာတော့  မူဆလင်ညီအစ်ကိုတော်များ အဖွဲ့ရဲ့ ရုံး ၃ ရုံးလောက် အတိုက်ခိုက်ခံခဲ့ရတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

အီဂျစ်နိုင်ငံမှာ ပထမဆုံး ရွေးကောက်တင်မြှောက်တာခံရတဲ့ သမ္မတ ကျမ်းသစ္စာကျိန်ဆိုတဲ့ တစ်နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ ကိုင်ရိုမြို့ရဲ့ တဟီရာ ရင်ပြင်ကို အီဂျစ်အလံတွေ ကိုင်ဆောင်ထားတဲ့ လူအုပ်က လာရောက် ဆန္ဒပြခဲ့ကြတာပါ။ သူတို့ဟာ မစ္စတာမော်စီကို ဆန့်ကျင်တဲ့ ဘာသာရေးအယူ သိပ်မသည်းသူတွေနဲ့ လွတ်လပ်မှုကို လိုလားသူတွေ ဖြစ်ကြပါတယ်။

ကိုင်ရိုမြို့တော်နဲ့ အီဂျစ်နိုင်ငံတလွှား တခြားမြို့ကြီးတွေမှာ ဆန္ဒပြကြတဲ့ လူထုဟာ ၃ သန်းလောက် ရှိနိုင်တယ်လို့ ပြည်ထဲရေးဝန်ကြီးရဲ့ ပြောကြား ချက်ကို ကိုးကားပြီး အာရေဗျ ဘာသာနဲ့ ထုတ်ဝေတဲ့ သတင်းတွေ မှာ ဖော်ပြကြပါတယ်။

မစ္စတာမော်စီ ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ အာဏာနဲ့ချယ်လှယ်ကစားဖို့ ကြိုးးစားနေသလို၊ အီဂျစ်နိုင်ငံရဲ့ ယိုယွင်းနေတဲ့ စီးပွားရေးကို ပြေလည်အောင် လုပ်မပေးနိုင်ဘူးလို့ နိုင်ငံရေး အကဲခတ်တွေက ဝေဖန်ကြပါတယ်။ 
ဗွီအိုအေ (မြန်မာဌာန)

မြန်မာနိုင်ငံပဋိပက္ခ ဒေသတွင်းရိုက်ခတ်မှာ မလေးရှားစိုးရိမ်

မူဆလင်တွေနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေဟာ မလေးရှား၊ အင်ဒိုနီးရှား စတဲ့ ဒေသတွင်း နိုင်ငံတွေမှာလည်း ရှိနေသလို၊ တချိန်တည်းမှာ မြန်မာပြည် အတွင်းမှာလည်း အခုထက်တိုင်အောင် အခြေအနေဟာ မအေးချမ်းနိုင်သေးဘဲ ဖြစ်နေပါတယ်။ ဒီအခြေအနေတွေကို (၄၆) ကြိမ်မြောက် ဘရူနိုင်းမှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာလည်း ဆွေးနွေးခဲ့ကြတာရှိပါတယ်။ ဘာတွေ ဘယ်လို ဆွေးနွေးခဲ့ကြသလဲဆိုတာကို မခွာညိုက တင်ပြထားပါတယ်။

တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ ဘရူနိုင်းအစည်းအဝေးအတွင်း မလေးရှားနိုင်ငံက မြန်မာနိုင်ငံကို မူဆလင်တွေအပေါ် အခုထက်ပိုပြီး ထိထိရောက်ရောက် အကာအကွယ်ပေးရေးနဲ့ ပြစ်မှု ကျူးလွန်သူတွေကိုလည်း ထိုက်သင့်သလို ပြစ်ဒဏ်ကျခံစေရေး စတာတွေတို တိုက်တွန်း လိုက်ပါတယ်။ အခု နောက်ဆုံး အရှေ့တောင်အာရှ ဒေသတွင်းမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် ဖြစ်ရပ်တွေဟာ မြန်မာပြည်တွင်းက အခြေအနေတွေနဲ့ ပတ်သက် ဆက်စပ်နေတယ်လို့လည်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ မူဆလင်တွေဟာ အကြမ်းဖက်ခံရ မှုတွေကြောင့် မြန်မာပြည်ကနေ ထွက်ပြေးခဲ့ကြပါတယ်။ အများစုက မူဆလင်အများစုနေထိုင်ရာ မလေးရှားနိုင်ငံဘက်ကို လှေစီးပြီး ထွက်ပြေးခဲ့ကြပါတယ်။ မူဆလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဟာ မြန်မာပြည်အနောက်ပိုင်းက ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်က ပျံ့နှံ့ခဲ့ပြီး အဲဒီကတဆင့် မြန်မာပြည်အလယ်ပိုင်းနဲ့ မြို့တော်ဟောင်း ရန်ကုန်အထိ ပျံ့နှံ့ခဲ့ပါတယ်။ ဒီလိုအကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Anifah Aman က ခုလိုပြောပါတယ်။

 “အခု ကျနော်တို့ စိတ်ပူမိတာကတော့ ဒါဟာ ရခိုင်ပြည်နယ် တခုတည်းရဲ့ ပြဿနာ မဟုတ်တော့ဘဲနဲ့ မြန်မာပြည်ရဲ့ နေရာ အတော်များများမှာ ပျံ့နှံ့လာနေတဲ့ကိစ္စ ဖြစ်လာနေရုံတင်မက၊ မလေးရှားနဲ့ အင်ဒိုနီးရှားအထိ ရောက်လာတာပါ။ ဒီတော့ ကျနော်တို့အနေနဲ့ ဒီကိစ္စ အရှိန်တက် မလာခင်၊ ပြဿနာ ကြီးထွားမလာခင်မှာ ရပ်တန့်အောင် လုပ်ဖို့ အာရုံစိုက်ကြဖို့ လိုပါတယ်။ မြန်မာတနိုင်ငံတည်းမှာ မဟုတ်ပါဘူး၊ တခြား ရိုဟင်ဂျာတွေ ရှိတဲ့ ဘယ်နေရာမှာ မဆိုမှာ လုပ်ကြရမှာပါ။”

ကမ္ဘာပေါ်မှာ မူဆလင်အများစုရှိရာ အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ လထဲကပဲ မြန်မာသံရုံးကို အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်မှုတစ်ခု ဖြစ်ပွားခဲ့သေးတာပါ။ ဒီလို ကြံစည်ခဲ့တာကို အချိန်မီ ကြိုတင် တားဆီးနိုင်ခဲ့ပါတယ်။ သံရုံးကို တိုက်ခိုက်ဖို့ ဦးဆောင်သူအဖြစ် သံသယရှိသူလို့ ယူဆရယူက သူတို့က မြန်မာပြည်တွင်းမှာ မူဆလင်တွေကို တိုက်ခိုက်တာတွေအပေါ် လက်တုံ့ပြန်ဖို့အတွက် အခုလို စီစဉ်တာဖြစ်တဲ့အကြောင်း အာဏာပိုင်တွေကို ပြောခဲ့ပါတယ်။

အဲဒီလိုမျိုး မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ နေထိုင်ကြတဲ့ မြန်မာ ဗုဒ္ဓဘာသာဝင်တွေနဲ့ ရိုဟင်ဂျာတွေကြားမှာ မကြာသေးခင် သီတင်းပတ်တွေ အတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး အဲဒီကနေ တဆင့် ဒေသတွင်းအထိ အကြမ်းဖက်မှုတွေ ပျံ့နှံ့လာမှာမျိုး စိုးရိမ် ပူပန်မှုတွေလည်း ရှိနေကြတာပါ။

မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာ ၃ သောင်းလောက် ဒုက္ခသည်အဖြစ်နဲ့ မှတ်ပုံတင်ထားကြောင်း၊ ဒါပေမဲ့ ဒီနှစ်အတွင်း ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှု တွေကြောင့် မြန်မာပြည်ထဲက ရွှေ့ပြောင်း မူဆလင်တွေရဲ့ အရေအတွက်ဟာ အခု မှတ်ပုံတင် ပမာဏထက် အဆမတန်များကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက UNHCR က ပြောပါတယ်။

နှစ်ပေါင်း ၅၀ လောက်အတွင်း၊ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီစနစ် ဆီကို ပြန်လှည့်စ ကာလအတွင်း ၂၀၁၁ ခုနှစ်ကလမှာ ဖြစ်ပေါ်လာတဲ့ မူဆလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ရပ်တန့်သွားအောင်လုပ်ဖို့၊ ဒါမှမဟုတ် တရားသဖြင့် စီရင်ဆုံးဖြတ်ပေးဖို့အတွက်တော့ မြန်မာအစိုးရက မဖြစ်စလောက် အရေးယူပြတာကိုပဲ တွေ့ခဲ့ရတယ်လို့  လေ့လာသူတွေက ပြောကြပါတယ်။

အခုလို အာဆီယံ နိုင်ငံတွေက ဘရူနိုင်းမှာ အစည်းအဝေးကျင်းပပြီး ဒေသတွင်း အတွက်ပါ မြန်မာပြည်နဲ့ ဆက်စပ်ပြီး ဘာသာရေးနဲ့ မူဆလင်ရေးဆိုင်ရာ အကြမ်းဖက်မှုတွေ ပျံ့နှံ့လာမှာကို စိုးရိမ်လို့ ကာကွယ်ဟန့်တားမှုတွေ ပူးပေါင်း ဆောင်ရွက်ကြဖို့ တိုက်တွန်းကြ၊ တိုင်ပင်ညှိနှိုင်းကြ လုပ်နေကြတဲ့ တချိန်တည်းမှာပဲ သံတွဲမြို့မှာ အမျိုးသမီးတစ်ဦး ထပ်မံ အဓမ္မပြုကျင့်ခံရတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ပြန်တဲ့အကြောင်း ပြန်ကြားရေး ဌာန ဒု ဝန်ကြီး ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ် အင်တာနက် လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီသတင်းကြောင့် မြို့သစ်ရပ်ကွက်မှာ အိမ်နှစ်လုံး မီးလောင်ကျွမ်း ခဲ့ရပြီး ဒေသအာဏာပိုင်တွေက ညမထွက်ဖို့ လှည့်လည်ကြေညာနေသလို၊ မြို့အဝင်အထွက်လမ်းတွေကိုလည်း ပိတ်ထားလိုက်တယ်လို့ သိရကြောင်းနဲ့ ပြစ်မှုကျူးလွန်သူတွေကို ဒေသခံ ရဲတပ်ဖွဲ့က ဥပဒေနဲ့အညီ ဖော်ထုတ်အရေးယူဖို့ ဆောင်ရွက်နေတယ်လို့လည်း ဆက်လက် ဖော်ပြထားပါတယ်။ 
မခွာညို VOA

ပြင်ဦးလွင်မြို့တွင် ယနေ့နေ့လယ်က ပေါက်ကွဲမှုဖြစ်ပွား


 
 Sunday, June 30, 2013

ပြင်ဦးလွင်မြို့လယ်တွင်ယနေ့နေ့လယ် ၁နာရီခွဲခန့်က
ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင်ဒေသခံများထံမှ
သိရသည်။
ပြင်ဦးလွင်မြို့ လားရှိုး-မန္တလေးလမ်းနှင့် ၈ပေခန့်အကွာ ဈေးလေးအနီး
နေမင်းဂျုံစက်အရှေ့ဘက်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်တွင်
ကပ်ထားသည့် ဗုံးမှ ပေါက်ကွဲသည်ဟု ယူဆရကြောင်း၊
ပေါက်ကွဲမှုကြောင့် တပ်ကြပ်ကြီးတစ်ဦးနှင့် ဗိုလ်လောင်းသင်တန်းသားတစ်ဦး
ထိခိုက်ခဲ့ကြောင်း၊ ဆိုင်ကယ်မှာ ရစရာမရှိအောင် စုတ်ပျက်သွားကြောင်း
မျက်မြင်တွေ့ရှိသူများက ပြောသည်။
"အုန်းအသံကျယ်ကြီးကြားရတယ်။ ကျွန်တော့်ရှေ့တင်ဖြစ်သွားတာ။
ထိခိုက်သူတွေကို လူနာတင်ကားနဲ့ခေါ်သွားတာတွေ့တယ်။ ဗုံးက ဆိုင်ကယ်မှာ
ကပ်ထားပုံရတယ်။ တခြားထိခိုက်တာတော့မတွေ့ဘူး။ တပ်ကြပ်ကြီးက နောက်စေ့ကို
ထိသွားတာတွေ့တယ် ဟုပြင်ဦးလွင်ဒေသခံ ကိုနေမျိုးက ပြောသည်။

ဖိုးလပြည့်

Popular Myanmar

Sunday, June 30, 2013

တပ်သိမ်းလယ် ပြန်ရရေး လယ်ခွန်ပြေစာ ပြနိုင်ရန်သာလို

 
ရန်ကုန်၊ ဇွန် ၂၉

တပ်မတော်က သိမ်းယူထားသော လယ်ယာမြေများကို ပြန်လည် ရရှိရေးအတွက် တောင်သူလယ်သမားများ အနေဖြင့် လယ်ခွန်ပြေစာသာ ပြသနိုင်ရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားသည်။

“ပြေစာ မရှိလည်း မြေစာရင်းမှာ ဆောင်ထားတဲ့ မူရင်းပြေစာ ရှိရင်ရတယ်။ သက်သေခံ လယ်နီးချင်းလေးဦး ထောက်ခံလည်း ရတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ဆိုသည်။

နိုင်ငံတစ်ဝန်းလုံးတွင် တပ်မတော် တပ်ရင်းတပ်ဖွဲ့ အသီးသီးက သိမ်းယူထားသော လယ်ယာမြေများကို တပ်မတော်က ဇူလိုင်လ အတွင်း ပြန်လည် ပေးအပ်မည်ဟု သတင်းများ ပေါ်ထွက်ခဲ့ပြီးနောက် လယ်သမားများအကြား လယ်ယာမြေ ပိုင်ဆိုင်မှု အထောက်အထားအတွက် ရတက်မအေး ဖြစ်နေချိန်တွင် ၎င်းက ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများထံသို့ တပ်မတော်က လယ်ယာမြေများကို ပြန်လည် ပေးအပ်မည် ဖြစ်ပြီး လယ်သမားများက မိမိတို့ ပိုင်ဆိုင်ကြောင်း ကျေးရွာမြေယာ ကော်မတီထံတွင် စာရင်းတင်၍ လျှောက်ထားနိုင်ကြောင်း၊ ယင်းအဆင့်တွင် ကျေနပ်မှု မရှိပါက မြို့နယ်အဆင့် မြေယာကော်မတီနှင့် နောက်ဆုံး အဆင့်တွင် တိုင်းအဆင့် မြေယာကော်မတီ အဆင့်ဆင့် တက်၍ လျှောက်ထားနိုင်ကြောင်း ၎င်းကဆိုသည်။

လယ်ယာမြေ ပိုင်ဆိုင်မှု အထောက်အထားဆို၍ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်က တာဝန်ကျေ စပါးသွင်းခဲ့ရသည့် အခွန်ပြေစာများနှင့် သစ်တောရေးရာ ဝန်ကြီးဌာနသို့ အခွန်ဆောင်ထားရသည့် ပြေစာများသာ ရှိကြောင်း တပ်မတော်နှင့် လယ်ယာမြေ အငြင်းပွားနေသည့် ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် အနောက်သင်အိုင် ကျေးရွာမှ လယ်သမားက ပြောကြားသည်။

လယ်သမား အများစုတွင် လယ်ယာမြေ ပိုင်ဆိုင်မှုအတွက် လယ်ခွန်ပြေစာ ရှိရုံဖြင့် လယ်ပြန်ရမည် ဆိုပါက များစွာ အဆင်ပြေသော်လည်း မိမိတို့ ပိုင်ဆိုင်သည့် လယ်မြေများ လက်ထဲ ရောက်သည် အထိ စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်၊ ကံစုအနောက်ကျေးရွာ အုပ်စုမှ လယ်သမားများက ဆိုသည်။
လယ်သမား အများစုမှာ ပိုင်ဆိုင်မှု အထောက်အထား မရှိဘဲ မိရိုးဖလာ လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း၊ အခွန်ပြေစာများ ပျောက်ဆုံးကုန်သည့် လယ်သမားများလည်း ရှိကြောင်း အလုပ်သမား၊ လယ်သမားအရေး လိုက်ပါဆောင်ရွက်နေသည့် ဦးဇော်ရန်းက ဆိုသည်။

“လယ်ယာမြေ ပြန်ပေးရေးကို လယ်ယာမြေ ကော်မတီက စီစစ်မယ် ကြားတယ်။ သူတို့ လုပ်မယ့်ပုံစံကို စောင့်ကြည့်ရုံပါပဲ” ဟု ၎င်းကဖြည့်စွက် ပြောကြားသည်။

ကျေးရွာ မြေယာကော်မတီတွင် ရပ်ကျေး အုပ်ချုပ်ရေးမှူး၊ ကျေးရွာစာရေး၊ မြေတိုင်းစာရေးနှင့် ရပ်မိရပ်ဖနှစ်ဦး အပါအဝင် စုစုပေါင်း ငါးဦး ပါဝင်ပြီး လယ်ယာမြေ ပြန်လည် ရရှိလိုသော လယ်သမားသည် အဆိုပါ ကော်မတီတွင် လျှောက်ထား၍ တစ်လအတွင်း ကန့်ကွက်သူ မရှိက ပြန်လည် ရရှိမည် ဖြစ်ကြောင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု ဖြေရှင်းရေး ကော်မတီ ထံမှ သိရသည်။

The Voice Weekly

ပီရူးနိုင်ငံမှာ ကျင်းပနေတဲ့ Miss Gay , 2013 ပြိုင်ပွဲမှာ ရန်ပွဲဖြစ်

photo-alertadigital.com

ပီရူးနိုင်ငံမှာ ကျင်းပနေတဲ့ Miss Gay , 2013 ပြိုင်ပွဲမှာ ရန်ပွဲဖြစ်ခဲ့ပါတယ်။
 ပြိုင်ပွဲမှာ ဒိုင်လုပ်သူက မှားယွင်း ကြေညာခဲ့ရာက စင်မြင့်ပေါ်မှာ အခုလို ရန်ပွဲဖြစ်ရတယ်လို့ဆိုပါတယ်။

 A gay beauty pageant turned ugly after a brawl erupted between two rival drag queens in Peru. Wigs went flying when the newly-crowned Miss Gay San Juan 2013 was attacked by a runner up. The claws came out when judges reportedly announced the wrong winner at the beauty contest in the northern city of Tarapoto. According to local media, public at the event were so engrossed with the brawling drag queen divas security reportedly took some time to separate the sparring contestants.