Pages

Saturday, March 8, 2014

၂နာရီကြာ ပျောက်နေခဲ့တဲ့ မလေးလေယာဉ်တစ်စီး ပယ်လယ်ထဲပျက်ကျခဲ့ပြီလို့ ရေတပ်က အတည်ပြု

 
8-3-2014

ကွာလာလမ်ပူ ကနေ ပေကျင်းကို ထွက်ခွာခဲ့တဲ့ လူ၂၃၉ဦးပါ မလေးလေယာဉ် တစ်စီးဟာ မတ်လ ၈ရက်နေ့ စနေနေ့ နံနက်အစောပိုင်းမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ ကွာလာလမ်ပူ နိုင်ငံတကာ လေဆိပ်ကနေ ထွက်ခွာသွားပြီးတဲ့နောက် ဒေသစံတော်ချိန် နံနက် ၂နာရီ ၄၀မိနစ်မှာ ၂နာရီကြာအောင် ပျောက်ဆုံးသွားခဲ့ပါတယ်။ ပေကျင်းကို ဒေသစံတော်ချိန် နံနက် ၆နာရီခွဲမှာ ဆိုက်ရောက်ရမဲ့ လေယာဉ်ပါ။
“Ca Mau ပြည်နယ် လေပိုင်နက်အရောက်မှာ အဆက်အသွယ်ပြတ်သွားခဲ့တာပါ။ ဟိုချီမင်းမြို့ လေကြောင်းလမ်း ထိန်းချုပ်မှုနဲ့ အဆက်အသွယ်မရသေးခင်ပေါ့။” လို့ သတင်းထုတ်ပြန်ပါတယ်။
ဘိုရင်း ၇၇၇-၂၀၀ လေယာဉ်ပေါ်မှာ နို့စို့အရွယ် ကလေးနှစ်ဦး အပါအ၀င် နိုင်ငံပေါင်းစုံကခရီးသည် ၂၂၇ယောက် နဲ့ လေယာဉ်အမှုထမ်း ၁၂ယောက်ပါရှိပါတယ်။ အဲ့ဒီ့ထဲကမှ ၁၅၈ယောက်ဟာ တရုတ်နိုင်ငံသားတွေပါ။ လေယာဉ် စီးဖို့ တရုတ်နိုင်ငံသား အယောက် ၁၆၀ စာရင်းပေးထားပေမဲ့ ၂ယောက်ကတော့ လေယာဉ် မမှီခဲ့ဘူးလို့ ဆင်ဟွာ သတင်းတစ်ရပ်အရ သိရပါတယ်။
လေယာဉ်နဲ့ အဆက်အသွယ် ပြတ်သွားကတည်းက ရင်တမမနဲ့ စောင့်နေခဲ့ရသူတွေဟာ လေယာဉ် ပင်လယ်ထဲပျက်ကျသွားပြီဆိုတဲ့ အတည်ပြုချက်လဲရရော ထိန်းမနိုင်သိမ်းမရ စို့နင့်လာပြီး ငိုကြွေးပူဆွေးခဲ့ကြရပါတယ်။
Ref:yahoo.com
သီဟနိုင် Trend Myanmar

Friday, March 7, 2014

ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကို NLD တရားစွဲမည်

 
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေသည် NLD ပါတီဝင်များကို ဝေဖန် ပြောကြားခဲ့မှုနှင့် ပတ်သက်၍ NLD က တရားစွဲဆိုသွားမည် ဖြစ်သည်ဟု မတ်လ ၅ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ဦးဉာဏ်ဝင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက Hot News ဂျာနယ်၏ အမေးအဖြေ ကဏ္ဍတစ်ခုတွင် ““ဒေါ်အောင်ဆန်းစုကြည် ကလွဲရင် ကျန်တဲ့သူတွေ ဘယ်သူမှ အသုံးမကျဘူး”” ဟု ပြောဆိုခဲ့ သည်ကို ရေးသား ဖော်ပြခဲ့သဖြင့် ယင်းပြောဆိုမှု၊ ဝေဖန်မှုနှင့် စပ်လျဉ်း၍ NLD က တရားစွဲဆိုရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

““ကျွန်တော်တို့က တရားစွဲတာနဲ့ ပတ်သက်ပြီး ပြင်ဆင်နေတယ်။ အချက်အလက်တွေ ပြင်ဆင်တယ်။ ဥပဒေ အချက်အလက်တွေနဲ့ စီစဉ်ဆောင်ရွက်နေတယ်။ တရားစွဲရင် ဘာနဲ့စွဲလဲဆိုတာ ပြောမှာပါ။ မစွဲရသေးခင် ကြိုပြီးတော့ မပြောချင်ဘူး။ ပြည်တွင်းထုတ် ဂျာနယ်တွေမှာ ခုလို ပုတ်ခတ်မှုတွေ ရှိလာတဲ့အတွက် ခုလိုမျိုး လုပ်တာပါ။ တရားစွဲတာကို ကျွန်တော်တို့ ပြင်ဆင်ပြီးတဲ့အခါ တစ်ခါတည်းပါမှာပါ။ ဒေါ်စုရဲ့ သဘောထား ကတော့ ကျွန်တော်တို့နဲ့ အတူတူပါပဲ။ ကျွန်တော်တို့ စည်းဝေးဆုံးဖြတ်ပြီး ဒါလုပ်မယ်ဆို အားလုံး သဘောထားပဲပေါ့ဗျ””ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဦးလှဆွေသည် မတ်လ ၄ ရက် The Daily Eleven သတင်းစာ၏ မေးမြန်းမှုတစ်ခုတွင် ““သူတို့က ကျွန်တော် တို့ကို တရားစွဲမယ်ဆိုတော့ ဘာပုဒ်မနဲ့ စွဲမှာလဲ။ ကျွန်တော်တို့ကို ကြံ့ဖွတ်ဆိုပြီး ပစ်စလက်ခတ် ပြောတုန်းက ကျွန်တော်တို့ ဘာမှမပြောခဲ့ပါဘူး။ လွတ်လပ်စွာ သဘောကွဲလွဲခွင့် ရှိတယ်။ တရားစွဲခဲ့ရင်လည်း တရား ဥပဒေအတိုင်း ပြန်လည် ရင်ဆိုင်သွားမှာပါ။ ကျွန်တော် Hot News ဂျာနယ်မှာ ပြောတာက NLD မှာ ဒေါ်အောင်ဆန်းစုကြည်လောက် ကျန်တဲ့သူတွေက အသုံးမကျဘူးလို့ ပြောလိုက်တာပါ။ ရေးတဲ့သူက ဒေါ်အောင်ဆန်းစုကြည်ကလွဲရင် ကျန်တဲ့ သူတွေ ဘယ်သူမှ အသုံးမကျဘူးလို့ ရေးလိုက်တာ။ ရေးတဲ့သူကို ဘာမှတော့ မပြောချင်ပါဘူး””ဟု ဖြေကြားမှု ရှိခဲ့သည်။

ထို့အပြင် ၎င်းအနေဖြင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို တရားစွဲမည်ဆိုပါက လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက် ယူရမည်ဖြစ်ပြီး တပ်မတော်ကို ပြည်သူ့ချဉ်ဖတ်ဟု အန်ကယ်ဦးတင်ဦး ပြောခဲ့သည်ကို အသရေဖျက်မှုဖြင့် တရားစွဲ၍ရသည်ဟု ထပ်မံဖြေကြားခဲ့သည်။

Hot News ဂျာနယ် အတွဲ (၄)၊ အမှတ်(၁၈)၌ ““ NLD မှာ ဒေါ်အောင်ဆန်းစုကြည်က လွဲရင်ကျန်တဲ့ကောင်တွေ တစ်ကောင်မှ သောက်သုံး မကျဘူး””ဟု ပြောဆို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယခုကဲ့သို့ NLD ပါတီအား စာမျက်နှာပေါ်မှ တိုက်ခိုက်ခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမ အကြိမ်အဖြစ် ကြံ့ခိုင်ရေးပါတီ ဗဟိုတိုင်ပင်ခံ ဦးအောင်သောင်းကလည်း မြန်မာသံတော်ဆင့် ဂျာနယ်မှတစ်ဆင့် NLD ပါတီအား တိုက်ခိုက်ခဲ့ဖူး သည်။

မျိုးစောင့် ဥပဒေကြမ်း များ ရေးဆွဲရေး ကော်မရှင် ဖွဲ့စည်းဖို့ လွှတ်တော်ကို သမ္မတအသိပေး

 ushweman-305.jpg
ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေကြမ်းတွေ ရေးဆွဲဖို့အတွက် ဥပဒေပညာရှင်တွေ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း ကျွမ်းကျင်သူတွေပါဝင် တဲ့ ကော်မရှင်ဖွဲ့စည်းပြီး ရေးဆွဲသွားမယ့် အကြောင်း ကြားစာကို သမ္မတဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းထံ ပေးပို့ လိုက်ပါတယ်။
သမ္မတပေးပို့ထားတဲ့ အကြောင်းကြားစာ ကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ အခုလို ဖတ်ကြား တင်ပြခဲ့ပါတယ်။
"သာသနာရေးဝန်ကြီးဌာနဲ့ လူဝန်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဦးစီးဌာနတို့နဲ့ ဆက်စပ်သက်ဆိုင်နေသည့် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေကြမ်းတို့ကို အုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် ပြည်ပရှိ ဥပဒေပညာရှင်များ၊ ဘာသာရပ်ကျွမ်းကျင်သူများနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်း ကျွမ်းကျင်သူများ ပါဝင်သည့် ဥပဒေကြမ်းရေးဆွဲရေးကော်မရှင် ဖွဲ့စည်းရေးဆွဲမည်ဖြစ်ပါသည်၊ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်းနှင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းတို့ သည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်နဲ့ ဆက်နွယ်သက်ဆိုင်သဖြင့် ယင်းကတာဝန်ယူရေးဆွဲ ရန်ဖြစ်ပါက ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့ ပြည်ထောင်စုလွှတ်တော်မှ တိုက်ရိုက်ဆက် သွယ် ဆောင်ရွက်နိုင်ရမည့် ကိစ္စဖြစ်ပါကြောင်း ပြန်ကြားပါတယ်"
ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေတွေကို ပြဌာန်းပေးဖို့ အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး (ဗဟို) ဥက္ကဌ ဘဒ္ဒန္တတိလောကာဘိဝံသက လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတထံ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ရက်နေ့က စာရေးသားတောင်းဆို ထားတာ ဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သက်ဆိုင်ရာ အစိုးရ၀န်ကြီးဌာနတွေက ဥပဒေမူကြမ်းတွေ အရင်ရေးဆွဲပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ စိစစ်ချက်နဲ့ ပြန်လည်တင်ပြဖို့ အကြောင်းကြားထားတာ ဖြစ်ပါတယ်။
အဲဒီ ဥပဒေကြမ်း ၄ ခုထဲက ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေကြမ်း နှစ်ခုကို ပြင်ဆင်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဒီနေ့ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။
RFA

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရဲနဲ့ ဒေသခံတောင်သူတွေ ပဋိပက္ခ ဖြစ်ပွားလျက်ရှိနေ (မတ်လ ၇ရက်နေ့ မနက်မြင်ကွင်း) ရုပ်/သံ

ယင်းမာပင်မြို့တွင် ရဲနှင့်ဒေသခံများ မြေယာကိစ္စကြောင့် ပဋိပက္ခဖြစ်

 စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင်းမှာ ရဲတပ်ဖွဲ့ဝင် အင်အားရာချီသုံးပြီး ဒေသခံရွာသားတွေရဲ့ ဘိုးဘွားပိုင် လယ်ယာမြေတွေပေါ်ကို မြေတူးစက်တွေနဲ့ ၀င်ရောက်ဖျက်ဆီးတာကြောင့် နှစ်ဖက် ပဋိပက္ခဖြစ်ပြီး အသီးသီးဒဏ်ရာရခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ် ဘိန်းနွယ်ချောင်ကျေးရွာအုပ်စု အုံတုံပင်ရွာမှာ ရဲတပ်ရင်း ၂၈ တည်ဆောက်ဖို့အတွက်ဆိုပြီး ရဲအင်အား ၂၀၀ လောက်ဟာ ဘူဒိုဇာ ၃ စီးနဲ့ မတ်လ ၆ ရက်နေ့နဲ့ ၇ ရက်နေ့ နှစ်ရက်ဆက်တိုက် ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖျက်ဆီးမှုကို တားမြစ်တဲ့ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့တွေအကြား ပဋိပက္ခဖြစ်ပြီး နှစ်ဖက်စလုံး ဒဏ်ရာရခဲ့တယ်လို့ ဘိုးဘွားပိုင်မြေ ဖျက်ဆီးခံရတဲ့ ဒေါ်ကြည်လေးက ပြောပါတယ်။

“အတင်းအဓမ္မလုယူ သိမ်းပိုက်ပြီးတော့မှ ဂေါ်စက်ကြီး ၃ စက်နဲ့ ရဲအင်းအား ၃၀၀ လောက်နဲ့ လာကော်ထိုးပြီးတော့ မကျေနပ်လို့ အန်တီတို့က မခံနိုင်ကြလို့ တားကြတဲ့သူတွေကို ရဲတွေက နံပါတ်တုတ်တွေနဲ့ ရိုက်တယ်။ တက်နင်းမိတယ်။ ရုန်းရင်းဆန်ခတ်နဲ့ ဒီနေ့ဆိုရင် တော်တော်နာကြတယ်။ ရဲမေလည်း လက်ကျိုးတယ်လို့ ရဲဘော်တွေက ပြောတယ်။ ကျိုးလား မကျိုးဘူးလားတော့ မသိဘူး။ အန်တီတို့ဘက်ကတော့ ရဲနင်းလို့ လက်က ကျိုးသွားတယ်။ အဲဒါ ဆေးရုံကို သွားရတယ်။ အရိုက်ခံရတာတွေက တော်တော်များတယ်။ အမျိုးသမီးတွေ အရိုက်ခံကြရတယ်။ ဘုန်းကြီးတပါးနဲ့ ဂျီတီစီ ကျောင်းသားတယောက်နဲ့ အရပ်သား ၁ ယောက်နဲ့ ၃ ယောက်ဖမ်းထားတယ်။ ကလေးအမေနဲ့ ကလေးကိုတော့ အန်တီတို့ ဆူပူပြီး ပြန်တောင်းလို့ ကလေးအမေနဲ့ ကလေးကတော့ လွှတ်ထားတယ်။ အားလုံးပေါင်း ၅ ယောက်အဖမ်းခံရတာ။ သူတို့လုပ်မယ့် လုပ်ငန်းကို အန်တီတို့က တားကြတော့ တားတဲ့သူတွေကို လုပ်ငန်းနှောင်ယှက်လို့ဆိုပြီးတော့ သူတို့ အချုပ်ကားကြီးပေါ်မှာပဲ အခု ဘုန်းကြီးလည်း ဆွမ်းမစားရဘူး။ လူတွေလည်း ထမင်းမစားရဘူး။ အန်တီတို့လည်း အခုနေပူမှာ နေနေရတာ။”

ဒေါ်ကြည်လေး ပိုင်ဆိုင်တဲ့ မြေ ၂ ဧကထဲမှာ အသက်မွေးဝမ်းကျောင်းဖို့ ၀င်ငွေရနေတဲ့ ထန်းပင် အပင် ၇၀ နီးပါး လုံးဝ ပျက်စီးကုန်တယ်လို့ ပြောပါတယ်။

မတ် ၆ ရက်နေ့တုန်းကလည်း ရဲအင်အား ၃၀၀ လောက်နဲ့ ၀င်ရောက်ပြီး ဖျက်ဆီးတာကြောင့် ဒေသခံတွေရဲ့ မြေနေရာတွေ အတော်လေးပျက်စီးသွားတယ်လို့ ပြောပါတယ်။

မနှစ်အောက်တိုဘာလတုန်းက ရဲတပ်ရင်း ၂၈ တည်ဆောက်ဖို့ ကိစ္စကို အုံတုံပင်ရွာသားတွေနဲ့ ညှိနှိုင်းခဲ့ပါတယ်။ လယ်မြေ ၁ ဧကကို အိမ်ဝင်း ၂ ကွက်ပြန်ပေးမယ်ဆိုပြီး ညှိနှိုင်းရာမှာ လက်ခံသူရှိသလို လက်မခံတဲ့ ရွာသားတွေကလည်း ငြင်းဆိုခဲ့ကြပါတယ်။

အင်အားသုံးပြီး ၀င်ရောက် ဖျက်ဆီးခဲ့တဲ့အခြေအနေကို ရွာသား ဦးမြင့်ဇော်က “သူတို့ စောစောရက်က တောင်သူတွေနဲ့ လာပြီး ညှိနှိုင်းတဲ့အခါမှာ တောင်သူတွေက တချို့လည်း သဘောတူတယ်။ တချို့လည်း သဘောမတူဘူးပေါ့နော့်။ အဲဒီအခြေအနေကနေပြီးတော့မှ သဘောတူတဲ့လူတွေ အကွက်တွေထဲမှာ သူတို့က လာပြီး အဆောက်အဦတွေဆောက်တယ်။ အဆောက်အဦဆောက်ရင်းနဲ့မှ ကျန်တဲ့တောင်သူတွေကို ညှိရင်း ညှိရင်းနဲ့ တောင်သူတွေက သဘောမတူတာနဲ့ ကျန်နေတဲ့ မြေတွေကို သဘောမတူရင်လည်း လုပ်မယ်ဆိုပြီးတော့ တောင်သူတွေကို ဆက်မညှိတော့ဘဲနဲ့ သူတို့က ဖြစ်ချင်ရာဖြစ်ဆိုတဲ့ ပုံစံနဲ့ လုပ်တာလားတော့ မပြောတတ်ဘူး။ အဲဒီမှာ ထန်းပင်တွေ ရှိသမျှ အကုန်လုံး ထိုးပစ်လိုက်တာ” လို့ ပြောပါတယ်။

စီမံကိန်းအတွက် မြေယာသိမ်းဆည်းခံရတဲ့ တောင်သူတွေရဲ့ လယ်ယာမြေ ၁ ဧကကို ပေ ၆၀-၈၀ အကျယ်အ၀န်းရှိတဲ့ အိမ်ဝင်း ၂ ၀င်းစာ ပေးမယ်ဆိုပေမယ့် သဘောမတူဘူးလို့ ဒေါ်ကြည်လေးက ပြောပါတယ်။

“သူတို့က ညှိနှိုင်းတာက အန်တီတို့ မြေ ၁ ဧကမှ ၂ ၀င်းပဲ ပေးမှာ။ ၂ ၀င်းပဲ ပေးမှာကို လမ်းဘေးက အချက်အချာကျတဲ့ နေရာတွေကို သူတို့ ဆောင်ရွက်တဲ့သူတွေက ယူကြမှာ။ အန်တီတို့ကို ချောင်ကြားထိုးပေးမှာ။ အန်တီတို့ မြေက ၁ ဧကကို ကွက်စိပ် ၆ ၀န်း ရိုက်မှာ။ အန်တီတို့ကို နောက်ဝင်းကို ပေးမှာ။ အန်တီတို့က ဒီအိမ်ဝင်းတွေကို ရိုက်ရောင်းလိုက်လို့ရှိရင် အန်တီတို့ လုပ်စားစရာ မြေနေရာမရှိလို့ ကွက်စိပ်ရိုက်ပြီးတော့ မလုပ်ချင်ဘူး။ ရဲတပ်ရင်းလည်း မပေးချင်ဘူး။”

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ယင်းမာပင်ခရိုင်ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ တာဝန်ကျအရာရှိတဦးက ဒီကိစ္စကို မသိကြောင်းသာဖြေဆိုပြီး တယ်လီဖုန်းချသွားပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
  -------------------------------------------------------------------------------------------
အမှတ်(၂၈) ရဲတပ်ရင်းဆောက်လုပ်ရန် မြေဧက ၁၀၀ ကျော် လျော်ကြေးငွေ မရှိပဲ အင်အားသုံး သိမ်းယူနေခြင်းကြောင့် ဒေသခံ ရွာသားတွေနဲ့ ရဲအာဏာပိုင်တွေကြား ပဋိပက္ခဖြစ်ပွားလျက် ရှိနေပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ စုန်းကျင်းအုပ်စု၊ အုံတုံပင်ကျေးရွာအနီး၊ မုံရွာ-ပုသိမ် ကားလမ်းမဘေး ၀ဲယာမှာရှိတဲ့ မြေတွေမှာ ရဲအင်အားသုံးပြီး မြေတူးစက်တွေနဲ့ ထန်းပင်တွေကို ထိုးချနေတာ တွေ့မြင်ရပါတယ်။ မနေ့က စတင်ဖြစ်ပွားတဲ့ ပဋိပက္ခမှာ ဒေသခံ(၃)ယောက် အဖမ်းခံရပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီမနက် ထပ်ဖြစ်တဲ့ ပဋိပက္ခမှာ ဒေသခံ(၅)ယောက် အဖမ်းခံရပြီး တယောက်ကို ကလေးအမေမို့ ပြန်လွှတ်ပေးလိုက်ပေမယ့် ကျန်(၄)ယောက်ကို အချုပ်ကားနဲ့ တင်ခေါ်သွားပါတယ်။

ဒေသခံတွေရဲ့ အဆိုအရ ယင်းမာပင်မြို့နယ်ထဲမှာ ဒီစီမံကိန်း သိရှိထားခြင်း မရှိသလို လျော်ကြေးငွေကလဲ ဒေသခံ မြေပိုင်ရှင်တွေ မရဘူးလို့ ဆိုကြပါတယ်။ (ရိုက်ကူး - မိုးမင်းဦး icj) DVB TV News

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရဲနဲ့ ဒေသခံတောင်သူတွေ ပဋိပက္ခ ဖြစ်ပွားလျက်ရှိနေ (မတ်လ ၇ရက်နေ့ မနက်မြင်ကွင်း) 

ဥပဒေပြုရေး အစိုးရ ဝင်စွက်မှုတွေရှိ

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းရဲ့ နေပြည်တော် ပြည်သူ့လွှတ်တော် အဆောက်အုံမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ။ (မတ် ၆၊ ၂၀၁၄)

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အာဏာသုံးရပ် ခွဲဝေဆောင်ရွက် မှုတွေ ရောထွေးမှု အချို့ရှိတာကြောင့် လွှတ်တော်နဲ့ အစိုးရအကြား အဆင်မပြေမှု အချို့ ရှိခဲ့ပြီး၊ ဒါဟာ ဒီမိုကရေစီ ကူးပြောင်းမှု အတွက် အားနည်းမှုတွေ ဖြစ်သွားစေတယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောပါတယ်။ န၀မ အကြိမ်မြောက် လွှတ်တော် ဆွေးနွေးမှုတွေ အဆုံးသတ်ခါနီးပြီးမို့၊ နေပြည်တော် ပြည်သူ့လွှတ်တော် အဆောက်အုံ မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း သူရဦးရွှေမန်းက အခုလို ပြောခဲ့တာပါ။ ဒီသတင်းစာ ရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ ကိုသားညွန့်ဦးက ဒီအကြောင်း သတင်းပေးပို့ထားတာပါ။

ဥပဒေပြုရေး အာဏာကို တာဝန်ယူရတဲ့ လွှတ်တော်တရပ်အနေနဲ့ ဥပဒေပြုရေးဆောင်ရွက်ရာမှာ သီးခြားလွတ်လပ်တဲ့ သဘောမရှိပဲ အုပ်ချုပ်ရေးပိုင်းက ၀င်ရောက် စွတ်ဖက်တာမျိုးတွေရှိတာကြောင့် လွှတ်တော်နဲ့ အစိုးရအကြား အဆင်မပြေမှုအချို့ရှိခဲ့တယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောပါတယ်။ အခြားနိုင်ငံ ဥပမာတွေ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံတို့ရဲ့ လွှတ်တော် လုပ်ငန်းတွေ ယှဉ်ရင်၊ မြန်မာနိုင်ငံက အုပ်ချုပ်ရေး၊ လွှတ်တော်၊ တရားစီရင်ရေး ဆိုတဲ့ အာဏာသုံးရပ်မှာ ရောထွေးမှုတွေရှိတယ်လို့ သူရဦးရွှေမန်းက ပြောပါတယ်။

" အဲ့ဒီ့အနေအထားတွေကြောင့် ဒီနေ့ မိမိတို့မြန်မာနိုင်ငံအတွင်းမှာ လူပြောပြောနေတဲ့ အရပ်စကား သို့မဟုတ်လို့ရှိရင် ခေတ်စကားနဲ့ပြောရရင် လွှတ်တော်နဲ့ အစိုးရအဖွဲ့နဲ့ ပွတ်တိုက်မှုတွေ များနေတယ်။ အဆင်မပြေမှုတွေ များနေတယ်။ အဲ့တာဟာ စနစ်က ချပေးထားတဲ့ ပုံစံကြောင့်သာ လျင် ဖြစ်ခြင်းဖြစ်တယ်။ အကယ်လို့သာ အမေရိကန်စနစ်လို၊ အမေရိကန်ပုံစံမျိုး ဟုတ်လား။ တခါတည်း ချထားမယ်ဆိုရင် ဘာမှ ပြဿနာမဖြစ်ပါဘူး။ နော်။ လွှတ်တော်က လွှတ်တော် အလုပ်လုပ်မယ်။ ဥပဒေပြုတဲ့သူက ဥပဒေပြုမယ်။ ဒါကြောင့်မို့လို့ ဒီပေါ်မူတည်ပြီး တချို့ကိစ္စတွေမှာ ပွတ်တိုက်မှုတွေ ဖြစ်နေတာ။"

လက်ရှိ ဖွဲ့စည်းပုံအတွင်းမှာပဲ အာဏာခွဲဝေရေးမှာ ဥပဒေပြုရေးကိစ္စဟာ လွှတ်တော်ကို လုပ်ပိုင်ခွင့် အပြည့်ပေးထားတယ်လို့တော့ ထောက်ပြပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၁) (က) မှာ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ ဒီအာဏာသုံးရပ်ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲဖို့၊ နောက် အချင်းချင်းပြန်လည်ထိန်းကျောင်းရမယ်လို့ ဒီလိုဆိုထားတဲ့ ဥပဒေပြုရေးလုပ်ငန်းတွေကို ဘယ်သူက လုပ်ရမလဲ။ လွှတ်တော်ထဲက လုပ်ရမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက လုပ်ရမယ်။ "

အမေရိကန်ပြည်ထောင်စု ဗြိတိန်စတဲ့ ဒီမိုကရေစီနိုင်ငံတွေရဲ့ လွှတ်တော်နဲ့ အစိုးရဖွဲ့စည်းမှုပုံစံကို သူရဦးရွှေမန်းက သတင်းထောက်တွေကို ရှင်းပြပြီးတော့၊ လက်ရှိ မြန်မာနိုင်ငံဖွဲ့စည်းပုံ အကောင်းဆုံးတွေကို စုစည်းယူခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း သွားနေတဲ့ စနစ်နဲ့ မကိုက်တာကြောင့် ဒိမိုကရေစီ အသွင်ကူးပြောင်းမှုမှာ အားနည်းခဲ့ရတယ်လို့ သူရဦးရွှေမန်းက ဝန်ခံပါတယ်။

"အကောင်းဆုံး ကူးပြီးတဲ့အခါမှာ အကောင်းဆုံးတွေ ကူးလိုက်ပြီးတဲ့အခါမှာ အကောင်းဆုံးတွေ ကူးထားတဲ့ပုံစံဖြစ်လာပြီး စနစ်ပုံစံ မတူတဲ့အခါကျတော့ အခက်အခဲလေးတွေ ဖြစ်ပြီး ဒီကနေ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ အားလျော့မှုလေးတွေ ရှိတဲ့သဘောပါ။ "

အခု ခေါ်ယူတဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ လွှတ်တော်နှစ်ရပ်ရဲ့ လုပ်ငန်းတာဝန်ဆောင်ရွက်မှုတွေ ဥပဒေပြင်ဆင်ဆောင်ရွက်မှုတွေ ကို ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက အဓိက ပြောဆိုပါတယ်။ လွှတ်တော်အနေနဲ့ ဒီသုံးနှစ်တာ သက်တမ်းကာလအတွင်းမှာ ဥပဒေကြမ်း အတော်များများကို ဆွေးနွေး အတည်ပြုခဲ့ပြီးဖြစ်သလို၊ တဖက်မှာ လွှတ်တော်ကော်မတီတွေဟာလည်း နေ့မအား ညမအား ဥပဒေမူကြမ်းပြင်ဆင် ညှိုနှိုင်းမှုတွေကို ဆောင်ရွက်ခဲ့ရတယ်လို့ ပြောပါတယ်။

" ပြည်ထောင်စုလွှတ်တော် သုံးနှစ်နဲ့ တစ်လကျော်ကျော်ကာလအတွင်းမှာ ဥပဒေပေါင်း ၈၄ခု ပြဌာန်းပြီးပါပြီ။ ဒီနေ့လွှတ်တော် နှစ်ရပ်အကြားမှာ ဥပဒေပေါင်း ၆၀ကျော် ဆွေးနွေးနေပါပြီ။ ဟိုတလောတုန်းက ကော်မတီတွေ ဘာတွေ လုပ်နေလဲ မသိဘူး။ လှုပ်ရှားမှုတွေ နည်းတယ်။ လွှတ်တော် ကလည်း ခြောက်ကြိမ်မြောက်၊ ခုနှစ်ကြိမ်မြောက် နောက်ပိုင်း ခုနှစ်ကြိမ်၊ ရှစ်ကြိမ်မြောက်မှာ နည်းနည်း လှုပ်ရှားမှု၊ တက်ကြွမှု နည်းသွားသလိုပဲ ဆိုတဲ့ မေးခွန်းလေးတွေ မေးလာတော့ ကော်မတီတွေ ဘာလုပ်နေလဲဆိုတော့ လေ့လာကြည့်ပါ။ တချို့ဆိုရင် လွှတ်တော်ထဲမှာ ည ၁၀နာရီ၊ ၁၁နာရီ၊ ၁၂နာရီ တချို့ဆိုရင် ၂နာရီအထိရောက်ပါတယ်။

သူရဦးရွှေမန်းအနေနဲ့ လွှတ်တော်လုပ်ငန်းတာဝန်တွေနဲ့ လွှတ်တော်ပိုင်းဆိုင်ရာ ဥပဒေပြုရေးကိစ္စတွေကို အဓိကထားပြောပေမယ့်လို့၊ ကြံခိုင်ရေးပါတီကိစ္စ အခြားနိုင်ငံရေးဆွေးနွေးမှု ကိစ္စတွေနဲ့ပတ်သက်ပြီး သတင်းထောက်တွေ မေးမြန်းချက်ကိုတော့ ရေရေရာရာမဖြေခဲ့ပါဘူး။ လာမယ့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအလွန် ကာလအမြင်နဲ့ပတ်သက်လို့လည်း သူမှာ ဒီအမြင်ပိုင်းဆိုင်ရာ ရှိထားပြီးဖြစ်ပေမယ့်၊ ထုတ်ပြောဖို့ အချိန်မကျသေးဘူးလို့သာ သတင်းထောက်တွေကို တုန့်ပြန်ပြောခဲ့ပါတယ်။

သားညွန့်ဦး (ဗွီအိုအေ)

စုဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် မီရှဲလ်ယိုတို့ ဖွင့်လှစ်မည်

The Lady ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်နေသော မီရှဲလ်ယို ဓာတ်ပုံ − telegraph

နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် တည်ထောင်မည့် စုဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားသည့် The Lady ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သော ကမ္ဘာကျော်မင်းသမီး မီရှဲလ်ယိုနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါစုဖောင်ဒေးရှင်းဖွင့်ပွဲကို တက္ကသိုလ်ရိပ်သာလမ်းသစ် ဆရာစံပလာဇာရှိ Cooperate Business စင်တာ၌  မတ်လ ၉ ရက် နေ့လယ် ၁၂ နာရီတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဖြိုးဇေယျာသော်က ပြောသည်။
         
‘‘ဖောင်ဒေးရှင်းနဲ့ပတ်သက်လို့ ကိစ္စတွေကိုတော့ အဲဒီနေ့ကျမှပဲ အမေစုကိုယ်တိုင် အသေးစိတ် ပြောလိမ့်မယ်’’ဟု ဦးဖြိုးဇေယျာသော်ကဆိုသည်။
         
စုဖောင်ဒေးရှင်းအနေဖြင့် ကျန်းမာရေးနှင့်ပညာရေးထောက်ပံ့သည့်လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Author: အောင်သူရ
7DAY DAILY

အခြေခံနှင့် အဆင့်မြင့်ပညာ ပြောင်းလဲမှုများ လာမည့် ပညာသင်နှစ် စတင်မည်ဟုဆို

 
နေပြည်တော်၊ မတ် ၆

အမျိုးသားအဆင့် ပညာရေး ဆွေးနွေးပွဲ ရလဒ်များပေါ် မူတည်ပြီး လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အခြေခံနှင့် အဆင့်မြင့်ပညာရပ် ဆိုင်ရာ အခြေခံကျသော ပြုပြင် ပြောင်းလဲမှုများ စတင်မည် ဖြစ်ကြောင်း မတ်လ ၆ ရက်နေ့က ကျင်းပသည့် လက်တွေ့ကျသော ပညာရေး ပြုပြင် ပြောင်းလဲရေး ဆွေးနွေးပွဲတွင် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အကြံပြုခဲ့ကြသော အချက်အလက် များကို အမျိုးသားပညာရေး ဥပဒေ နောက်ဆုံးအဆင့် မူကြမ်းတွင် ထည့်သွင်းပြီး အစိုးရအဖွဲ့နှင့် လွှတ်တော်သို့ ယခုနှစ်အတွင်း တင်သွင်းသွားရန် စီစဉ်ထားကြောင်း၊ ယင်းအပြင် ရေးဆွဲထားသော ပညာရေး မူဝါဒများကို အတည်ပြုပြီးလျှင် အကောင်အထည် ဖော်မှု အစီအစဉ်ပါ တစ်ဆက်တည်း စတင်သွားမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

“မူဝါဒထဲမှာ ပါမှ အသုံးစရိတ် ရမှာမို့ လုပ်ငန်းစဉ် အလိုက် လုပ်သွားတာပါ” ဟု ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်က ပြောဆိုသည်။

သို့သော် ရေတိုနှင့် လတ်တလော ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသေးစိတ် ပြောကြားခြင်း မရှိချေ။

လာမည့် ပညာသင်နှစ်တွင် မူလတန်းနှင့် အလယ်တန်းကျောင်းသား၊ ကျောင်းသူတိုင်းကို ပြဋ္ဌာန်းစာအုပ် အခမဲ့ ဖြန့်ဝေပေးခြင်း၊ တတ်မြောက်မှု စာမေးပွဲစနစ် ပြောင်းလဲခြင်းနှင့် အခြေခံပညာ ကျောင်းများ အသုံးစရိတ် တိုးမြှင့်ရေးတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ထို့အပြင် မသင်မနေရ ပညာရေးကိုမူ ဥပဒေ ရေးဆွဲပြီးမှသာ အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက ဆိုသည်။

ပညာရေး ဝန်ကြီးဌာနအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၂၆၈ ဘီလီယံကျော် သုံးစွဲရန် လျာထားကြောင်း အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက် (မူကြမ်း) တွင် ဖော်ပြထားသည်။

The Voice Weekly

Thursday, March 6, 2014

ဟောင်ကောင်သို့ မြန်မာအမျိုးသမီး အိမ်အကူ ၂၀၀ ခန့် ထပ်ပို့မည်

 
ရန်ကုန်၊ မတ် ၅

ဟောင်ကောင်တွင် အိမ်အကူအဖြစ် လုပ်ကိုင်ရန် မြန်မာအမျိုးသမီး ၂၀၀ ခန့်ကို ယခုနှစ်အတွင်း ထပ်မံစေလွှတ်မည် ဖြစ်ကြောင်း Gold Mine ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ အထွေထွေ မန်နေဂျာ ဦးသန့်ဇင်ဦးက ပြောကြားသည်။

အိမ်အကူ စေလွှတ်မှုနှင့် ပတ်သက်၍ Gold Mine ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီရုံးခန်းတွင် မတ်လ ၅ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

ဟောင်ကောင်သို့ မြန်မာအမျိုးသမီး အိမ်အကူ ၂၀၀ စေလွှတ်ရန် ၂၀၁၃ခုနှစ် နိုဝင်ဘာလက ခွင့်ပြုချက်ရခဲ့ပြီး ယင်းအနက် ၁၉ ဦးကို ယခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် စတင်စေလွှတ်ခဲ့ကြောင်း၊ စေလွှတ်ခွင့် ခွင့်ပြုချက်မှာ တစ်နှစ်သာ သက်တမ်းရှိသဖြင့် ယင်းသက်တမ်း မကုန်မီ အမျိုးသမီး ၂၀၀ စေလွှတ်သွားမည် ဖြစ်ကြောင်း ဦးသန့်ဇင်ဦးက ဆိုသည်။

မြန်မာအမျိုးသမီးများ ဟောင်ကောင်တွင် အိမ်အကူအဖြစ် လုပ်ကိုင်လျက် ရှိသော်လည်း တရားဝင် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခြင်း မဟုတ်၍ အခွင့်အရေး အပြည့်အဝ မရရှိသောကြောင့် အခွင့်အရေး အပြည့်အဝ ရရှိရန် တရားဝင် ခွင့်ပြုချက်ဖြင့် စေလွှတ်ခြင်း ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

အမျိုးသမီး ၁၈ ဦး ဟောင်ကောင်သို့ သွားရောက်ခွင့် ရရှိရန် ဗီဇာရရှိထားပြီး ဖြစ်ပြီး အလုပ်သမားကတ် (Smart Card) ရရှိရန် စောင့်ဆိုင်းနေကြာင်း၊ အမျိုးသမီး ၅၀ ကျော်မှာ အိမ်အကူသင်တန်း ပြီးဆုံးသွားပြီ ဖြစ်ပြီး ၆၀ခန့်မှာ သင်တန်းတက်နေကြောင်း အဆိုပါ အေဂျင်စီက ဖွင့်လှစ်ထားသည့် အိမ်အကူ သင်တန်းကျောင်း၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဖုန်းမြင့်က ပြောကြားသည်။

ဟောင်ကောင်တွင် အခွင့်အရေးချိုး ဖောက်ခံရမှု၊ အကြမ်းဖက်ခံရမှုများ မဖြစ်ပွားစေရန် စောင့်ကြည့်သွားမည် ဖြစ်ပြီး ၎င်းတို့ကို အကူအညီပေးရန် ဟောင်ကောင်တွင် မြန်မာဝန်ထမ်း လေးဦး ခန့်ထားကြောင်း၊ အရေးပေါ် ဆက်သွယ်အကူအညီ တောင်းနိုင်ရန် ဖုန်းနံပါတ် များကိုလည်း အိမ်အကူများကို ပေးထားကြောင်း ဦးသန့်ဇင်ဦးက ဆိုသည်။
“တစ်ရက်တစ်ကြိမ် ဖုန်းဆက်မယ်။ တစ်ပတ်တစ်ကြိမ် လူကိုယ်တိုင် သွားတွေ့မယ်” ဟု ၎င်းက ပြောဆိုသည်။

မြန်မာအိမ်အကူများကို တရုတ်နှင့် အင်္ဂလိပ် ဘာသာစကား၊ အိမ်တွင်းမှု အတတ်ပညာများကို သုံးလခန့် သင်တန်းပေးကာ စေလွှတ်ခြင်း ဖြစ်ကြောင်း၊ လုပ်အားခ တစ်လလျှင် ဟောင်ကောင်ဒေါ်လာ ၄၀၁၀ (မြန်မာငွေကျပ် ငါးသိန်းဝန်းကျင်) ရရှိမည်ဖြစ်ပြီး ဝန်ဆောင်ခအဖြစ် သင်တန်းစရိတ် အပါအဝင် အပြီးအစီး အမေရိကန်ဒေါ်လာ ၁၅၀၀ ကို အရစ်ကျစနစ်ဖြင့် အိမ်အကူများထံမှ ဖြတ်ယူမည် ဖြစ်ကြောင်း Gold Mine အေဂျင်စီထံမှ သိရှိရသည်။

ဟောင်ကောင်သို့ ဖိလစ်ပိုင်နိုင်ငံက အိမ်အကူ စေလွှတ်မှု နည်းပါးသွားပြီး အင်ဒိုနီးရှားက အိမ်အကူ စေလွှတ်မှုကို ရပ်ဆိုင်းလိုက်သဖြင့် မြန်မာအိမ်အကူများကို ခေါ်ယူလာခြင်း ဖြစ်သည်။ အလုပ်ရှင်က အင်ဒိုနီးရှား အိမ်အကူ အမျိုးသမီးတစ်ဦးကို လုပ်အားခ မပေးသည့်အပြင် ရိုက်နှက် နှိပ်စက်မှုကြောင့် အိမ်အကူများကို အကြမ်းဖက်မှု ရပ်တန့်ရန် ဇန်နဝါရီလအတွင်းက ဟောင်ကောင်တွင် ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။

မြန်မာအိမ်အကူများကို စင်ကာပူနိုင်ငံသို့လည်း တရားဝင် စေလွှတ်ခွင့်ပြုထားသည်။

The Voice Weekly

လွှတ်တော်က ပြဌာန်းလိုက်တဲ့ ဥပဒေတွေကို အားလုံးလိုက်နာမှ တရားဥပဒေစိုးမိုးမှု ရှိမည်


ဒီမိုကရေစီစနစ်စီသွားနိုင်ဖို့ တရားဥပဒေစိုးမိုးရေးက အရေးကြီးတဲ့အကြောင်းနဲ့ လွှတ်တော်က ပြဌာန်းလိုက်တဲ့ ဥပဒေတွေကို အားလုံးက လိုက်နာမှ တရားဥပဒေစိုးမိုးမှု ရှိမှာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်နာယကနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။

လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ လွှတ်တော်လုပ်ငန်းတွေနဲ့ ပတ်သက်လို့ သူရဦးရွှေမန်းက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံမှာ မတ်လ ၆ ရက်နေ့ မနက်က ပြည်တွင်းပြည်ပ သတင်းဌာနတွေက သတင်းသမားတွေ့နဲ့ တွေ့ဆုံရှင်းလင်းရာမှာ ပြောကြားခဲ့တာပါ။

“ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ တရားဥပဒေစိုးမိုးရေးနဲ့လည်း ဆိုင်တယ်။ တရားဥပဒေ စိုးမိုးရေးဆိုတာ ထုတ်ပြန်ထားတဲ့ အမိန့်အတိုင်း လိုက်နာခြင်းကို တရားဥပဒေစိုးမိုးရေးလို့ ခေါ်တယ်။ ဒီမိုကရေစီ ဖြစ်ပေါ်ရေးမှာ တရားဥပဒေ စိုးမိုးရေးက အရေးကြီးတယ်။ တရားဥပဒေ စိုးမိုးရေးဆိုသည်မှာ ထုတ်ပြန်ထားသော ဥပဒေအဆင့်ဆင့်ကို တာဝန်ရှိသူတွေက ကြီးကြပ်ကွပ်ကဲမယ် လိုက်နာသူက အားလုံးလိုက်နာမယ် ဒါမှ တရားဥပဒေစိုးမိုးမှု ဖြစ်လာမယ်။ ”

ပြည်ထောင်စုလွှတ်တော်က ပြဌာန်းလိုက်တဲ့ဥပဒေတွေကို အုပ်ချုပ်ရေးပိုင်းက အကောင် ထည်ဖေါ်ဆောင်မှုအပေါ် အားရကျေနပ်မှုရှိမရှိ ဒီဗွီဘီ သတင်းဌာနရဲ့မေးမြန်းချက်အပေါ် သူရဦးရွှေမန်းက ဖြေကြားသွားတာပါ။ တခါ ဒီမိုကရေစီစနစ်ဆီသွားဖို့ မီဒီယာတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးလည်း သူရဦးရွှေမန်းက ခုလိုပြောကြား သွားခဲ့ပါတယ်။

“မီဒီယာသည် မရှိမဖြစ် လိုအပ်တယ်။ ဒီမိုကရေစီနိုင်ငံများမှာ ပိုပြီး လိုအပ်တယ်။ ဒါကြောင့်မို့ မီဒီယာတွေက လုပ်စရာရှိတာ ရဲရဲတင်းတင်းလုပ်သွားဖို့ လိုတယ်။ အဲဒီမှာ ကြိုက်ခြင်း မကြိုက်ခြင်းသည် ကြိုက်ခြင်း မကြိုက်ခြင်းဆိုတဲ့ လူရဲ့တာဝန်။ ဒါကြောင့်မို့ ပြောမယ်ဆိုရင် ကိုယ်တို့လို မီဒီယာတွေနဲ့ တွေ့ဆုံပြီးတော့ မေးခွန်းခံမှုများမှာ ပြောမယ်ဆိုရင် ဒီနိုင်ငံမှာ ဘယ်လောက်ရှိမလဲ ပြန်သုံးသပ်ပါ။ ဘာပဲဖြစ်ဖြစ် ကိုယ်တို့ကတော့ တွေ့ရဲတယ်။ ပြောရဲတယ်။ မတွေ့နိုင် မတွေ့ခြင်းသည် အချိန်ကြောင့်ပါ။ အဲဒီလိုမှ ကိုယ့်မီဒီယာကို တာဝန်မယူရဲဘူး၊ တာဝန်မခံရဲဘူး၊ ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ မလုပ်ဘူးဆိုရင် မီဒီယာ မလုပ်နဲ့။”

လွှတ်တော်အကြီးအကဲက အမျိုးဘာသာ သာသနာဆိုင်ရာ ဥပဒေပြဋ္ဌာန်းရေးကိစ္စ၊ ဖွံ့ဖြိုးရေး ရန်ပုံငွေကိစ္စ၊ ၂၀၁၄ခုနစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးကိစ္စ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စ၊ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးလည်း တခြားမီဒီယာတွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။

လွှတ်တော်အနေနဲ့ သက်တမ်း ၃ နှစ်ကျော်ကာလအတွင်းမှာ ဥပဒေပေါင်း ၈၀ ကျော် ပြင်ဆင် ပယ်ဖျက် အစားထိုးနိုင်ခဲ့တယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။

By အောင်ကြီး (ဒီဗွီဘီ)

ကျောက်တန်း မင်းကျောင်းလမ်းတွင် မျက်နှာဖုံးစွပ် အမျိုးသားက ဓားထောက်ကာ ကျပ်သိန်း ၈၀ ကို လုယက်


ကျောက်တန်း၊ မတ် ၅

ကျောက်တန်းမြို့နယ် အလယ်ပိုင်းရပ်ကွက် မင်းကျောင်းလမ်းရှိ အိမ်တစ်လုံးတွင် မတ်လ ၄ ရက်နေ့ နံနက် ၇ နာရီခန့်က မျက်နှာဖုံး စွပ်ထားသော အမျိုးသားတစ်ဦး ဓားကိုင်ကာ အသက် ၆၀ နှစ်အရွယ် အိမ်ရှင် အမျိုးသမီး ဒေါ်စန်းဝင်း၏ ခြေလက်တို့ကို ကြိုးတုပ်၍ ငွေကျပ် သိန်း ၈၀ လုယက်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

အဆိုပါအိမ်တွင် ဒေါ်စန်းဝင်း တစ်ဦးတည်း ရှိနေစဉ် ကလေးကစားသည့် သရဲရုပ်ပုံ မျက်နှာဖုံးကို စွပ်ထားသော အမျိုးသားတစ်ဦးက ဓားရှည် ကိုင်ဆောင်၍ နေအိမ်ပေါ် တက်လာပြီး ဒေါ်စန်းဝင်း၏ ခြေနှင့် လက်တို့ကို ကြိုးဖြင့်တုပ်၍ ဗီရိုအတွင်း သိမ်းဆည်းထားသော ငွေကျပ် သိန်း ၈၀ ကို လုယက်ကာ ထွက်ပြေးခဲ့ကြောင်း ကျောက်တန်းမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

“အိမ်မှာ လင်မယား နှစ်ဦးတည်း နေတာ။ ယောက်ျားက လမ်းထိပ် လက်ဖက်ရည်ဆိုင် ထွက်ထိုင်တုန်း ဝင်လုခံရတာ။ အော်ရင် သတ်ပစ်မယ် ပြောပြီး ငွေတွေ ယူသွားတာ။ ပြီးတော့ မီးဖိုချောင် တံခါးပေါက်နားမှာ ခြေလက်တွေ ကြိုးတုပ်ပြီး ထားခဲ့တာကို ယောက်ျားဖြစ်သူ ပြန်လာမှ တွေ့တာ” ဟု ၎င်းကဆက်လက် ပြောကြားသည်။

မျက်နှာဖုံးစွပ်ပြီး လုယက်ခဲ့သော အဆိုပါ အမျိုးသားမှာ ခါးကိုင်းနေသူ ဖြစ်ပြီး အင်္ကျီအဖြူ လက်ရှည်၊ ပုဆိုးအဝါဖျော့ ဝတ်ဆင်ထားကာ အရပ်ရှည်သူ တစ်ဦးဖြစ်ကြောင်း လုယက်ခံရသူ အိမ်ရှင်အမျိုးသမီး၏ ထွက်ဆိုချက် အရ သိရှိရပြီး လတ်တလောတွင် သံသယ ရှိသူများကို စခန်းသို့ ခေါ်ယူ စစ်ဆေးလျက် ရှိကြောင်း အလယ်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးမှ အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

“အိမ်ထဲမှာ ငွေတွေ ဘယ်နေရာမှာ သိမ်းထားတယ် ဆိုတာကို အခု လုတဲ့သူက သိနေတာကြောင့် အိမ်အဝင်အထွက် ရှိခဲ့ဖူးသူထဲက တစ်ဦးဦး ဖြစ်နိုင်တယ်လို့ ရဲအရာရှိက ယူဆတယ်။ ငွေလုယက်သွား သူကိုတော့ လတ်တလော မမိသေးဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

မျက်နှာဖုံးစွပ်ပြီး ငွေကျပ် သိန်း ၈၀ ကို လုယူ ထွက်ပြေးခဲ့သော အမျိုးသားကို ကျောက်တန်းမြို့မ ရဲစခန်းမှ (ပ) ၃၇/ ၁၄၊ ပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ပြီး စုံစမ်းလျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

The Voice Weekly

Asia-Pacific ကမ္ဘာ့အလှမယ်ပြိုင်ပွဲမှာ အလှမယ် မေမြတ်နိုး ဝင်ပြိုင်မယ်

၂၀၁၄ ခုနှစ်အတွက် ကိုရီးယားနိုင်ငံမှာ ဆိုးလ်မြို့မှာ လာမယ် မေလအတွင်း ကျင်းပမယ့် Asia-Pacific ကမ္ဘာ့အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက အလှမယ် မေမြတ်နိုး ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ 




အလှအပထက် ပင်ကိုယ်အရည်အသွေးကို ဦးစားပေးရွေးချယ်မယ့် ၄ ကြိမ်မြောက်လုပ်တဲ့ Asia-Pacific ကမ္ဘာ့အလှမယ် ပြိုင်ပွဲမှာအသက် ၁၈ နှစ်သာ ရှိနေသေးတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် မေမြတ်နိုး က ပထမဆုံးအကြိမ် ၀င်ရောက် ယှဉ်ပြိုင်မှာဖြစ်သလို သူဟာ အိပ်မက်ဆုံရာ တေးအဆိုပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ အဆိုဝါသနာရှင် တဦးလည်းဖြစ်ပါတယ်။

ဧရာဝတီ

လွှတ်တော်အတွင်း လျှပ်စစ်ကိစ္စ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ် ပြည်ထောင်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်စိုး၏ မေးမြန်းချက်

ရေဖြူမြို့နယ်၊ကံပေါက်ဒေသတွင်သဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ ၅၀၀ မဂ္ဂါဝပ် အားမည်သည့် အချိန်တွင် တည်ဆောက်ပေး မည်နှင့်မော်လမြိုင်၊ထားဝယ်လျှပ်စစ်ဓာတ်အား လိုင်းစီမံကိန်းအား၂၀၁၄-၁၅ ဘတ်ဂျက်နှစ်တွင် ပါဝင်နိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

Wed, 03/05/2014 - 11:27

မေးခွန်း အကြောင်းအရာ

ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပြည်မတွင် လျှပ်စစ်မီးတစ်ယူနစ်ကို ၃၅ ကျပ်နှင့် သုံးစွဲနေရသော်လည်း မိမိတို့ တနင်္သာရီတိုင်းဒေကြီးတွင် ပုဂ္ဂလိကဒီဇယ် အင်ဂျင်ကြီး များနှင့် လျှပ်စစ်တစ်ယူနစ်ကို မြို့ကြီးများတွင် ကျပ် ဝန်းကျင်၊ မြို့ငယ်များတွင် ၆၀၀-၇၀၀ ကျပ် ဝန်းကျင်နှင့် ကျေးရွာများတွင် ၁၂၀၀ ကျပ်အထိ ပေးဆောင် သုံးစွဲနေ ရသည့်အပြင် လျှပ်စစ်မီးကို စတင်သွယ်တန်းပါက မီတာနှင့် မီကြိုး တန်ဖိုး၊ သွယ်တန်းခတို့အတွက် ကျပ်ငွေ နှစ်သိန်းသွင်းရသည့်အပြင် အခြေခံယူနစ်အဖြစ် ၁၀ ယူနစ်ကိုမဖြစ်မနေ ပေးဆောင်တို့ကြောင့် တစ်လလျှင်တစ်သောင်းကျပ်ခန့်မှ ချမ်းသာသောမိသားစုများ အနေဖြင့် တစ်လလျှင် တစ်သိန်းဝန်းကျင်ခန့် မီတာ ခပေးဆောင်ပြီးသုံးစွဲနေကြရပါကြောင်း၊ လျှပ်စစ်မီးဈေးနှုန်း ကြီးမြင့်မှုတို့ကြောင့် ထားဝယ်ဒေသသည် တိုးတက်သင့်သလောက် မတိုးတက်နိုင်ဘဲ ဖွံ့ဖြိုးမှုနောက် ကျနေကြရပါကြောင်း၊ လျှပ်စစ်နှင့်ပတ်သက်၍လည်း နိုင်ငံတော်မှ ယခုအချိန်ထိ ဆောင်ရွက်ပေးခြင်း မရှိသေးပါကြောင်း၊  ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကန်ပေါက်ဒေသမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို ရတနာစီမံကိန်းဖြင့် ပြင်သစ်နိုင်ငံ တိုးတင်ကုမ္ပဏီမှ ၁၉၉၈ ခုနှစ်တွင်သော်လည်းကောင်း၊ ရဲတံခွန်စီမံကိန်းဖြင့် မလေးရှား နိုင်ငံ ပက်ထိုးနစ် ကုမ္ပဏီမှ ၂၀၀၀ ခုနှစ်တွင်လည်းကောင်း၊  ရာင်းချလာခဲ့သည်မှာ နိုင်ငံတော် အတွက် ဒေါ်လာ ဘီလီယံနှင့်ချီပြီး ရရှိနေပြီးလည်းဖြစ်ပါကြောင်း၊  ထားဝယ်ဒေသခံများကို လျှပ်စစ်မီးရရှိစေရန် အတွက် ၁၉၉၈ ခုနှစ်တွင် စက်ရုံဝင်းတည်ဆောက်ခြင်း၊ ကန်ပေါက်-ထားဝယ် ၅၆ မိုင်အကွာအဝေးကို လျှပ်စစ်မီးသွယ်တန်းပေးနိုင်ရန် ဓာတ်တိုင်ကြီးများကို ၁၉၉၇ ခုနှစ်ကတည်းက စိုက်ထူထားခဲ့ပြီးဖြစ်သော်လည်း ယနေ့ အချိန်အထိ လျှပ်စစ်မီးလုံးဝမရရှိခဲ့ပါကြောင်း၊ ထားဝယ်ဒေသမှရရှိသော သဘာဝဓာတ်ငွေ့ကို ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ရန်ကုန်၊ မော်လမြိုင်မြို့ကြီးများတွင်သာ သုံးစွဲခွင့်ရရှိ၍ ဒေသခံပြည်သူများအနေဖြင့် လျှပ်စစ်မီးမသုံးစွဲနိုင်ခြင်းတို့ကြောင့် လူနေမှု အဆင့်အတန်းဟာလည်း နိမ့်ကျနေခဲ့ပါကြောုင်း၊  ၂၀၁၂ ခုနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သွားရောက်တွေ့ဆုံခဲရာတွင်လည်း  တိုင်းဝန်ကြီးချုပ်မှ အဓိကစီမံကိန်းဖြစ်သော ထိုင်းနိုင်ငံ၏ PTTEP ကုမ္ပဏီမှ ဓာတ်ငွေ့ပိုက်လိုင်းအသစ်ကို သွယ်တန်းနေကြောင်း သွယ်တန်းပြီးပါက ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ထားဝယ်ဒေသခံများအား လျှပ်စစ်မီးရရှိစေမည်ဖြစ်ကြောင်း မိမိဝန်ကြီးချုပ်အနေဖြင့်လည်း ထားဝယ်ဒေသနှင့် တနင်္သာရီတစ် တိုင်းလုံး လျှပ်စစ်မီးရရှိအောင် ကြိုးစားဆောင်ရွက်နေ သည်ဟုပြောကြား ခဲ့ပါကြောင်း၊  သို့သော်လည်း ယနေ့အချိန်တွင် ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ကို PTTEP ကုမ္ပဏီမှ ပို့လွှတ်ရောင်းချဖို့အတွက် အဆင့်သစ်ဖြစ်နေသော်လည်း  ဒေသခံပြည်သူများအတွက် လျှပ်စစ်မီးရရှိရေးကို အကောင်အထည်ဖော်မှု လုံးဝမရှိသေးသည့်အတွက် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး တွင် မေးမြန်းရာတွင်လည်း သက်ဆိုင်ရာဝန်ကြီးဌာနမှ ကံပေါက်ဒေသမှထွက်ရှိသော သဘာဝဓာတ်ငွေ့ဖြင့် ၅၀၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ပေးရန် စီမံကိန်းရှိကြောင်းနဲ့ မော်လမြိုင်မှ ထားဝယ်သို့ မဟာဓာတ်အားလိုင်းကိုလည်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ထည့်သွင်းရေးဆွဲရန် လျာထားသည်ဟု ဖြေကြား ခဲ့ပါကြောင်း၊  ထို့ကြောင့် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက် ဒေသတွင် ၅၀၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေး စက်ရုံကို မည်သည့် အချိန် တွင် မည်သို့အကောင်အထည် ဖော်ဆောင်ရွက်ပေးပါမည်နှင့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် အဆိုပါ စီမံကိန်းအား မဖြစ်မနေ ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြမေးမြန်ခဲ့ပါသည်။

ဖြေကြားချက်

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ သဘာဝဓာတ်ငွေ့ သုံးဓာတ်အားပေး စက်ရုံတည်ဆောက်ရန် Star Sapphire Co.,Ltd နှင့် Andaman Power and Utility Co.,Ltd တို့ပူးပေါင်းဆောင်ရွက်ရန်အတွက် နားလည်မှု စာချွန် လွှာကို ၁၁-၄-၂၀၁၃ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ကန ဦးဖြစ်မြောက်နိုင်စွမ်းလေ့လာမှုအရ ပထမအဆင့် ၅၁.၆ မဂ္ဂါဝပ်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ၊ ဒုတိယအဆင့်အနေဖြင့် ၅၃.၁ မဂ္ဂါဝပ်ကို ၂၀၁၅ ခုနှစ် ဇွန်လနှင့် တတိယအဆင့်အနေဖြင့် ၃၃၆.၈ မဂ္ဂါဝပ်ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတို့တွင် BOT စနစ်ဖြင့် တည်ဆောက်ရန် လျာထားတင်ပြထားမှုရှိပြီး ၏လေ့လာမှု အစီရင်ခံစာအရ အသေးစိတ် ညှိနှိုင်းနေဆဲ ဖြစ်ပါကြောင်း၊ မော်လမြိုင်၊ ရေး၊ ထားဝယ် ၂၃၀ ကေဗွီ ဓာတ်အားလိုင်းစီမံကိန်းကို ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်းတွင် ဓာတ်အားလိုင်း အူကြောင်းတိုင်းတာခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပြီး လိုအပ်သောငွေကြေးကိုလည်း ပြည်ပချေးငွေ ရရှိရေးအတွက် ညှိနှိုင်းထားသည့်အတွက် အဆိုပြုထားရှိမှုအရ နှစ်ဖက်အသေးစိတ်ညှိနှိုင်းလျက်ရှိ ပါကြောင်းပြန် လည်ဖြေကြားပါသည်။

» ရေရှားပါးမှု နှင့် ကြုံတွေ့ရသောမြို့နယ်များ NLD ပါတီကို ဆက်သွယ် အကူညီတောင်းခံနိင်

 
  ရန်ကုန် ၊ မဇ္ဈိမ ။            ။ နွေရာသီကာလ ရောက်ရှိလာပြီဖြစ်၍ ရေရှားပါးမှုအခက်ခဲ နှင့် ကြုံတွေ့ရသော မြို့နယ်များ အနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးများကို ဆက်သွယ် အကူညီတောင်းခံနိုင်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးအဖွဲ့ဝင် ဦးသိန်းဦးကပြောကြားသည်။

" ရေရှားပါးမှု နဲ့ ဘယ်မြို့နယ်တွေမှာ အခက်ခဲဖြစ်နေပြီဆိုတာ သိရင်လည်း ကူညီပါတယ်။ မြို့နယ်အလိုက် အကူညီတောင်းခံရင် လည်း မြို့နယ်မှာ ငွေကြေးအနေထား မရှိဘူးဆိုရင် အဖွဲ့ချုပ်ကို တင်ပြပြီး အဖွဲ့ချုပ်ကနေ တဆင့် ကူညီတာတွေလည်း ရှိတယ်။ရေပို့ဖို့အတွက် တစ်ချို့ရွာတွေက လမ်းပန်းဆက်သွယ်ရေး အခက်ခဲကြောင့် ကားတွေဝင်ဖို့အခက်ခဲဖြစ်တဲ့ ရွာတွေနဲ့ မနှစ်ကကြုံခဲ့တယ် "ဟု ဆိုသည် ။

အဖွဲ့ချူပ်၏ ရန်ပုံငွေများထဲမှာ သုံးစွဲသွားမှာဖြစ်ပြီး အလှူရှင်များ လာရောက်လှူဒါန်းလျှင်လည်း လက်ခံဆောင်ရွက်ပေးသွား မည်ဟု အဖွဲ့ချူပ်ရုံးချူပ်မှ သိရသည်။

၂ဝ၁၃ ခုနှစ်အတွင်း က ရန်ကုန်တိုင်းအတွင်းရှိ ရေရှားပါမှု နှင့် ကြုံတွေ့ရသော တွံ့တေး ၊ ကော့မှုး ၊ ကွန်းခြံကုန်း ၊ ဒလ ၊ ဆိပ်ကြီးခနောင်တို နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များ အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးစိုက်ရာမြို့နယ်များတွင် ရေရှားပါးခြင်း အခက်နှင့် ကြုံတွေရပါက ဆက်သွယ်ပြီး အကူညီတောင်းခံနိုင်သည်ဟု ဆိုသည်။

"ကျွန်တော်တို့မြို့နယ်မှာ နှစ်စဉ်ရေရှားတယ်။ မြို့တော်စည်ပင်သာ ရေပေးအဖွဲ့ကလည်း ကောင်းကောင်း စီမံခန့်ခွဲတာ မလုပ်ဘူး။လွှတ်တော် ကိုယ်စားလှယ်တွေကို ချထားပေးတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေက သောက်သုံးရေ ရရှိရေးအတွက် အသုံးပြုမယ်ဆိုတော့ ဘယ်လိုလုပ်ပေးမလဲ စောင့်ကြည့်ရမယ်။NLD က အကူအညီတောင်းလို့ ရတယ်ဆိုတော့ အဆင်ပြေတာပေါ့”ဟု နှစ်နှစ်ဆက် ရေရှားပါးမှုနှင့် ကြုံတွေ့ရသည့် ဒလမြို့နယ်အတွင်းနေထိုင်သူ ဦးစံဝင်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မြန်မာတစ်နိင်ငံလုံးတွင် မြို့နယ်အဆင့် ရုံးခွဲပေါင်း ၃ဝဝ ကျော်ခန့်ရှိုပြီး ရေရှားပါးမှု အခက်ခဲများ နှင့် ပါတ်သက်ပြီး သက်ဆိုင်ရာမြိုနယ် လွှတ်တော် ကိုယ်စားလှယ်များ ၊ ရုံးအဖွဲ့ဝင်များထံသို့အကူညီတောင်းခံနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ တာဝန်ရှိသူကဆိုသည် ။

သောက်သုံးရေရှားပါးမှု နှင့် ပါတ်သက်ပြီး တွံတေးမြို့နယ် အုပ်ချုပ်ရေးမှုး ဦးသန်းဇော်ဟန်က "ကျွန်တော်တို့ မြို့နယ်တွေမှာတော့ ပါတီတွေကလာလှူတာ နည်းပါတယ်။ မြို့နယ်ကနေပြီးတော့ အဝီစိတွင်းတူးပေးတာတွေ လုပ်ပေးပါတယ်။ တွံ့တေး မြို့နယ်ထဲမှာတော့ ရေအရမ်းရှားတာ ၂ ရွာပဲ ရှိပါတယ်။ ရေလှူအဖွဲ့စည်းတွေ ၊ မြို့ပေါ်အလှုရှင်တွေက လာလှုကြတာဖြစ်လို့ သိပ်တော့အခက်ခဲမဖြစ်ပါဘူး " ဟုဆိုသည်။

Written by  ဖိုးစိုးသူ
Mizzima - News in Burmese

ခွေးသရမ်းတစ်ကောင် လွတ်နေသည်လား ၊ တမင်ပင် လွှတ်ပေးထားသည်လား


NLD မှာ ဒေါ်အောင်ဆန်းစုကြည် မှလွဲရင် ကျန်တဲ့ကောင်တွေ သောက်သုံးမကျဘူး ဟု ရိုင်းပြစွာ ပြောဆိုတိုက်ခိုက်ခဲ့သော သကောင့်သားတစ်ကောင်၏ အင်တာဗျူးဆိုသည်ကိုဖတ်လိုက်ရသည် ။ ထို သကောင့်သားသည် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ပါတဲ့လား ၊ ယုတ် လှချည့် ၊ ညံ့လှချည့် ၊ မိုက်မဲလှချည့် ၊ ရိုင်းစိုင်းလှချည့် ။ တိုင်းပြည်ကိုဦးဆောင်နေသည့် အာဏာရပါတီတစ်ခု၏ ကိုယ်စားပြုကိုယ်စားလှယ်တစ်ဦးမှ ဟုတ်ပါလေစ ။ တိုင်းပြည်၏ မဏ္ဍိုင်(၃)ရပ်မှ ဥပဒေပြုမဏ္ဍိုင်ကြီးဖြစ်သော ပြည်ထောင်စုလွှတ်တော်အတွင်း ခွေးသရမ်းတစ်ကောင် လွတ်နေသည်လား ၊ တမင်ပင်ခွေးသရမ်းကို လွှတ် ပေးထားသည်လားမသိနိုင်တော့ပြီ ။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆွယ်သည့်အခါ NLD ကိုယ်စားလှယ်များသည် မိမိတို့ပုံကို မပြရဲပဲ ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံကိုသာ အသုံးပြု၍ မဲဆွယ်ခဲ့သည် ၊ မိမိတို့ ကြံ့ခိုင်ရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်သူ၏ ဓါတ်ပုံဖြင့်သာမဲဆွယ်စည်းရုံးခဲ့သည်ဟူ၍ သူတစ်ပါးကို ပုတ်ခတ်ကာ မိမိကိုယ်မိမိအရောင်တင်ခဲ့သည် ။ ဗိုလ်ချုပ်အောင်ဆန်းပုံကို ချိတ်ဆွဲခြင်းမှာ NLD ၏ ရွေးကောက်ပွဲ ၀င်သည့်အခါတွင်မှမဟုတ် ၊ NLD မှ ကျင်းပသောအခမ်းအနားများ ၊ ဆက်စပ်သောအခမ်းအနားများတွင် တစ်ခမ်းတစ်နားဂုဏ်ပြုချိတ်ဆွဲခြင်းဖြစ်သည် ။ အသုံးချခြင်းမဟုတ် ။ စစ်အာဏာရှင်တစ်ခေတ်တွင် ဆင်ဖြူ မျက်နှာ ဆင်မဲမကြည့်ရဲကြ၍ လွပ်လပ်ရေးဖခင် ၊ တပ်မတော်ဖခင်ဟူသော ဂုဏ်ပုဒ်မကိုမှမငဲ့မထောက် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံလွှာကို ပြည်သူတို့ မြင်ခွင့်မရအောင် ၊ နောက်လာနောက်သားတို့ သိခွင့် မရအောင် သမိုင်းဖျောက်ခဲ့သည့်သူများက အဘယ်သူတို့နည်း ။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုများကိုပင် ဖြိုပစ်နှုတ်ပစ်လျှင် လူထုက မခံမရပ်နိုင်အုံကြွမည်စိုး၍ လက်ရှောင်ခဲ့ကြပြီး ပြည်တွင်းသုံးငွေစက္ကူများပေါ်မှ ဗိုလ် ချုပ်အောင်ဆန်း ၏ ရုပ်ပုံလွှာများကိုဖျောက်ဖျက်ကာ တိရိစ္ဆာန်ရုပ်ပုံနှင့် အစားထိုးခဲ့သည့် ယုတ်မာမှုကို ပြုခဲ့သည်မှာ အဘယ်သူတို့နည်း ။ တိရိစ္ဆာန်ကို ကျေးဇူးရှင်မှတ်သူများ မဟုတ်လော ။ သီဟဗာဟု၏ သားမြေးများပင် မဟုတ်လော ။ ယခုပြည်သူတို့က ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ကျေးဇူးကိုသိသောအားဖြင့် မည်သည့် အခမ်းအနားတွင် မဆို ဂါရ၀ပြုချိတ်ဆွဲကြခြင်းကို အဘယ်ကြောင့်မနာလိုမစ္ဆေယျဖြစ်ရသနည်း ။ မြန်မာနိုင်ငံသားဖြစ်လျက်နှင့် တပ်မတော်သားဟောင်းလည်းဖြစ်ပါလျက်နှင့် ဗိုလ်ချုပ်အောင်ဆန်းပုံကို ကိုယ် တိုင်လည်း ဂါရ၀မပြု ၊
သူတစ်ပါးပြုသည်ကိုလည်း ကဲ့ရဲ့ဝေဖန်ပုတ်ခတ်သည့်သားမျိုးကို မွေးမိသည့် မိခင်ခမျာ ၀မ်းရေ အတော်စပ်ရှာပေလိမ့်မည် ။

ဒေါ်အောင်ဆန်းစုကြည်သည် ပါတီ၏ ဥက္ကဌဖြစ်သည် ။ လူထုချစ်သောခေါင်းဆောင်ဖြစ်သည် ။ နိုင်ငံတကာက လေးစားဂုဏ်ယူရသောခေါင်းဆောင်ဖြစ်သည် ။ ပါတီ၏ခေါင်းဆောင်မျှသာမဟုတ် ဒီမိုကရေစီ လိုလားသူပြည်သူများ၏ ခေါင်းဆောင်ဖြစ်သည် ။ တိုင်းပြည်အတွက် ပြည်သူအတွက် သူမ၏ ပေးဆပ်မှုများကို ပြည်သူတို့က လေးစားတန်ဖိုးထားကြ၏ ။ ပြည်သူအများအကြား ဤပုံသည် မျှော်လင့်ချက်ဖြစ်၏ ။ ဤပုံလွှာ သည် ပြည်သူတို့အတွက်ခွန်အားဖြစ်၏ ၊ ဤပုံလွှာသည် အာဏာရှင်တို့အတွက်ပယောဂနှင်သည့် ဆေးကြိမ် လုံး ဖြစ်၏ ။ မိမိတို့ ခေါင်းဆောင်သည် မိမိတို့နှင့် အတူတကွရှိနေ သည်ဟူသော အထိမ်းအမှတ်ဖြင့် မိမိပါတီ၏ ဦးဆောင်ပုဂ္ဂိုလ်၏ ပုံအားချိတ်ဆွဲခြင်းအားလည်း ပြဿနာလုပ်သောသူ၏ စိတ်ဓါတ်ကား မည်သို့ သောစိတ်ဓါတ်မျိုးနည်း ။ ကိုယ်လဲအားကျမခံ ကိုယ့် အဘများ၏ ပုံတော်တို့ကို ချိတ်ဆွဲ၍ မဲဆွယ် စည်းရုံး သင့်သည်မဟုတ်လော ။ လူတကာမေတ္တာများလှသည့် ဓါတ်ပုံကိုချိတ်လျှင် လုံချည်ကျွတ်ကျသည့် ဒကာမ ထိုင်ချကာမှ ပိုအမြင်ဆိုးမည့်ကိန်း ဆိုက်မည်စိုး၍ ကိုယ့်ဘာသာကိုယ်မချိတ်မဆွဲရဲ သည်ကို သူတစ်ပါးအား အပြစ်ရှာသည်ကတော့ ကလေးဆန်လှချည့် ။

ထို့ပြင် လွှတ်တော်အတွင်း၌လည်း NLD မှ ရွေးကောက်ခံရသည့် ကိုယ်စားလှယ်များမှာ ဘာမှ ပြောရဲ သူ များ မဟုတ်ကြောင်း၊ လွှတ်တော်အတွင်း နင်လား၊ ငါလား အစိုးရကို အတိုက်အခံ လုပ်သူများမှာ ကြံ့ခိုင်ရေး အမတ်များသာ ဖြစ်ကြောင်း ကိုယ်ရည်သွေးကာ ကိုယ့်ငါးပိကိုယ်ပုပ်ချေပြန်သည် ။ NLD သည် ကိုယ်ရည်သွေး ပါတီမဟုတ်ချေ ၊ ပြည်သူ့ပါတီသာဖြစ်သည် ။ NLD ကိုယ်စား လှယ်များသည် မိမိတို့ တစ်သီးပုဂ္ဂလ နာမည် ထွက်ရေး ထင်ပေါ်ရေးကို မည်သည့်အခါမျှ လုပ်ဆောင်လိမ့်မည် မဟုတ်ချေ ။ ပြည်သူအတွက် အကျိုးရှိမည့် လုပ်ဆောင်ချက်များကိုသာလုပ်ကြရန် ၊ ကိုယ်တိုင်လုပ်၍ ရနိုင်သော ကိစ္စရပ်များကို လွှတ်တော်တွင် တင်သွင်း ဆွေးနွေးခြင်းဖြင့် အချိန်မဖြုန်းရန် စည်းဝေးဆုံးဖြတ်ထားပြီးဖြစ်၏ ။ သို့ဖြစ်၍ ပြည်သူများနှင့် တွေ့ဆုံခြင်း ၊ ပြည်သူ့ လိုအပ်ချက်များကို ကွင်းဆင်းလေ့လာခြင်း ၊ ပြည်သူ့အသံ နားထောင်ခြင်း စသည်ဖြင့် အားတိုက် အင်တိုက်ဆောင်ရွက်ပေးနေကြသည် ။ အကုန်လုံး စည်းဝါးရိုက်ပြီးတော့ လွှတ်တော် ထဲမှာ ဘာမှ ဟုတ်တိ ပတ်တိ ပြောတာမှ မဟုတ်ဘဲ။ ပြောလို့လည်း မထူးတဲ့ဟာတွေ ရှိနေတယ်။ အဲဒါကြောင့် မေးသင့်မှပဲ မေးတယ်။ ဒီချုပ် လွှတ်တော်အမတ်တွေက မတန်ဘဲနဲ့ မပြောဘူး။ တန်မှပြောတယ်လို့ ယူဆတယ် ဟူသည့် NLD သဘာပတိ ဦးဝင်းတင်ပြောဆိုသည့်စကားအတိုင်းပင် အကိုကြီး ၊ ညီလေး ၊အပတ်စဉ်အတူဆင်း ၊ တစ်တပ်ရင်းထဲအမှုထမ်းဖက် ၊ စီးပွားဖက်တို့ အုပ်စီးထားသည့် လွှတ်တော်တွင် ပြောသမျှဆိုသမျှ လုံးချာ လည် လိုက်နေသည်ကို မမြင်ပါသလော ။ တစ်တိုင်းပြည်လုံးကို ပါးရိုက်မည့်ဝန်ကြီးကို အရေးယူဆောင် ရွက်ရန် အဆိုတင်ခဲ့သည်ကို မည်သို့ဆောင်ရွက်ခဲ့ပါသနည်း ။ နိုင်ငံ့ဂုဏ်ရည်ပုဂ္ဂိုလ်များကို ချီးမြှင့်ငွေတိုးပေးရန် အဆို တင်ခဲ့သည်ကိုပင် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေးပါနှင့်တိုးကာ ကာဠုထံမှာပင် လန်ကျခဲ့ရသည် မဟုတ် ပါလော ။

UNFC ကို ကျနော်တို့ကတော့ ကုလသမဂ္ဂ ဘောလုံးအသင်းလို့ပဲသိတယ် ဟု ပြောဆိုခဲ့သည်မှာကား အလွန်ပင်ကလေးကလားဆန်လှသည် ။ ထို့ထက်ဆိုးသည်ကား ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပါဝင်ဆောင်ရွက် နေကြသူ တိုင်းရင်းသားများအား ပုတ်ခတ်ပြောဆိုခြင်းပင်ဖြစ်သည် ။ ဤလိုလူများပါဝင်နေသည့် အာဏာရ အဖွဲ့အစည်းတစ်ခုနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးနေရသည်မှာ ဓါးကိုဖင်ခုထိုင်၍ သစ္စာဆိုပွဲခေါ်ဆိုသည့် လဂွန်းအိမ်တို့ထံ မိုးညှင်းသတိုးတို့လာရောက်ရသည်ကဲ့သို့ တိုင်းရင်းသားများစိတ်ဝယ်ထင်မှတ်မိကြလျှင် ဖြစ်ပေါ်လာမည့် အကျိုးဆက်များသည် အဘယ်မျှဆိုးရွားလိမ့်မည်ဆိုသည်ကို နွေရူးပေါက်၍ လက်ပံပွင့်ချိန်တွင် သွားရည်တစ်မြားမြားကျလာတတ်သည့် ထိုသကောင့်သား ကိုယ်စားလှယ်သည် စဉ်းစားတတ်ပုံမပေါ် ။ ကမန်းကတမ်း ဘောင်းဘီချွတ်ကာ လူဝတ်လဲ၍ ခါတော်မီ လွှတ်တော်ကိုယ်စားလှယ် လုပ်ခဲ့ရသဖြင့် နိုင်ငံရေး သမားဟူသည် အဖွဲ့အစည်းကိုမပုတ်ခတ်ရ ၊ လုပ်ဆောင်ချက်ကိုသာဝေဖန်ရသည် ဟူသော အခြေခံနိုင်ငံရေး သဘောတရားကိုပင် သင်တန်းတက်ခဲ့ပုံမရ ၊ နားလည်ခဲ့ပုံမပေါက်ချေ ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို အဖွဲ့ချုပ်ဟုလည်းကောင်း ၊ ဒီ/ချုပ်ဟုလည်းကောင်း ၊ NLD ဟုလည်းကောင်း အတိုကောက် ခေါ်ဝေါ်သုံးစွဲကြသည် ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုလည်း ပြည်ခိုင်ဖြိုးဟုလည်းကောင်း ၊ USDP ဟုလည်းကောင်း အတိုကောက်ခေါ်ဝေါ်သုံးစွဲကြသည် ။ ဤသည်မှာ သိက္ခာရှိသော နိုင်ငံရေးဖြစ်သည် ။ အရပ်ထဲရွာထဲနှင့် အများပြည်သူတို့ကမူ ကြံ့ဖွံ့ဟု ခေါ်ဝေါ်သုံးနှုန်းကြ သည်ကိုလည်း ကြားသိရပါသည် ။ဤသည်မှာ မသုံး သင့်သောအသုံးဖြစ်သော်လည်း အမည်ပါစကားလုံးကို ကောက်ယူသုံးစွဲခြင်းသာဖြစ်ပါသည် ။ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် ဆိုသည့် ပါတီအမည်တွင် ရှုပ် ဟူသော စကားလုံးမပါဝင်ပါ ။ သို့ဖြစ်၍ ဒီရှုပ်ပါတီ ဟု ပြောဆိုသုံးစွဲခြင်းမှာ အောက်တန်းကျသော စကားလုံး အသုံး အနှုန်းဖြစ်ပါသည် ။ ဤသို့သော အသုံးအနှုန်းအပြောအဆိုမျိုးကို လူကြီးလူကောင်း နိုင်ငံရေးသမားများ ပြောဆိုလေ့မရှိ ၊ သုံးစွဲလေ့မရှိပါ ။ လည်ပတ်မဲ့ နိုင်ငံရေးသမားများ သာ ပြောဆိုပါလိမ့်မည် ။

ခွေးရိုက်ချင်သော်လည်း ခွေးရှင်မျက်နှာကို ကြည့်ပါ ဟု မြန်မာကြီးများဆုံးမစကားဆိုခဲ့ကြပါသည် ။ ဤမျှ လျှာတစ်ချောင်းဖြင့် အကောင်းမဆိုတတ်သူ (များ)ကို သည်မျှမက ပြောဆိုဆုံးမချင်လှပါသော်လည်း ၊ တစ်ဖက် ပါတီမှ အကြီးအကဲများမှ သဘောထားပြည့်ဝသူများကိုလည်း မြင်နေတွေ့နေရ၍ အားနာလှသဖြင့် ဤမျှဖြင့်စိတ်ကိုမျိုသိပ်လိုက်ရပါသည် ။ ထိုထိုသောလေးစားထိုက်သည့် ပုဂ္ဂိုလ်များကိုလည်း သတိ ပေးချင်ပါ သည် ။ ခွေးမွေးသူသည် ကိုယ့်ခွေးကို ကိုယ်လည်ပတ်ဆွဲ၍ ထိမ်းသိမ်းရန် ကာကွယ် ဆေးမှန်မှန် ထိုးပေးရန် ၊ သူတစ်ပါးကို မကိုက်မိစေရန် ကိုယ့်တာဝန်ဖြစ်ပါသည် ။ ထိမ်းသိမ်းစောင့်ရှောက်ရန်မတတ်နိုင်က ခွေးမမွေး သင့်ပါ ။ ကိုယ်မွေးသည့် ခွေးသည် သွားရည်တစ်မြားမြားဖြင့် အမြီးကုတ် ၊ မျက်ထောင့်နီလာပါက ၊ ကိုယ်တိုင် တာဝန်ယူ၍ ရှင်းလင်းသုတ်သင်ရန်တာဝန်ရှိပါသည် ။ သူတစ်ပါးကို အကုသိုလ်မပေးသင့်ပါ ။ ထိုသို့ မဟုတ်ပါက ခွေးရူးတစ်ကောင်၏ သောင်းကျန်းမှုသည် ခွေးရှင်တွင် တာဝန်ကျရောက်လာပါလိမ့်မည် ။ ခွေးရူး ခေါင်းပေါ်သို့ကျရောက်မည့် ၀ါးရင်းတုတ်ကို ခွေးရှင်ဆီသို့ပါ ဆက်လက်ဦးမတည်စေလိုလျှင် ကိုယ့်ခွေးကိုယ် ကောင်းစွာ ထိမ်းသိမ်းစောင့်ရှောက် တာဝန်ယူရပါလိမ့်မည် ။ ထိုထုံးကိုနှလုံးမူ၍ ပြည်ခိုင်ဖြိုးပါတီမှ အကြီးအကဲ များ နှင့် စည်း/ထိမ်း ကော်မတီများသည် မိမိတို့ပါတီမှ စကားသွမ်းလှသော ကိုယ်စားလှယ်တစ်ဦးအား ထိမ်း သိမ်းအရေးယူကြလျှက် လူကြီးလူကောင်း နိုင်ငံရေးကို ထူထောင်ကြပါရန် မေတ္တာစကားပါးလိုက်ရပါသည် ။
 ထင်လင်းဦး (Wisdom Villa)
ဒေါင်းမာန်ဟုန်မှ

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပါ ပုဒ်မ ၃ ခု ပြစ်ဒဏ်လျှော့ချပြီး ပြည်သူ့လွှတ်တော်အတည်ပြု

 
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပါ ပြစ်မှုပြစ်ဒဏ်တွေကို လျှော့ချ ပြင်ဆင်ထားတဲ့ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်က ဒီနေ့ အတည်ပြု လိုက်ပါတယ်။

ဥပဒေပါ ပြစ်မှုပြစ်ဒဏ်တွေ ပါဝင်တဲ့ ပုဒ်မ ၁၇၊ ၁၈ နဲ့ ၁၉ တို့က ပြစ်ဒဏ်တွေကို လျှော့ချပြီး အတည်ပြုလိုက်တာပါ။

“ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ တွင်ပါသော ၁ နှစ်ထက် မပိုသော စကားရပ်ကို ၆ လနဲ့ မပိုသော ထောင်ဒဏ်ချမည်ဆိုတဲ့ စကားရပ်ဖြင့် အစားထိုးရမှာဖြစ်ပါတယ်။ ထောက်ခံဆန္ဒမဲ ၂၃၅၊ ကန့်ကွက်ဆန္ဒမဲ ၄၃၊ ကြားနေ ၄ ဖြစ်တဲ့ ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်အဆိုပြုချက် အတည်ဖြစ်ကြောင်း ကြေညာပါတယ်။”

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဖတ်ကြား အတည်ပြုသွားတာပါ။

ဒီဥပဒေ ပုဒ်မ ၁၇ မှာ ခွင့်ပြုချက်နဲ့ ဆန္ဒပြနေသူတွေကို ပတ်ဝန်းကျင်က အနှောင့်အယှက်ပေး လာရင် အနှောင့်အယှက်ပေးလာသူတွေကို အရင် ထောင်ဒဏ် ၂ နှစ်အစား အခု ထောင်ဒဏ် ၁ နှစ်၊ ပုဒ်မ ၁၈ မှာပါတဲ့ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြရင် အရင် ထောင်ဒဏ် ၁ နှစ်အစား အခု ၆ လ၊ ပုဒ်မ ၁၉ မှာပါတဲ့ ခွင့်ပြုထားတဲ့ အချက်တွေထက်ပိုပြီး အသုံးပြုရင် အရင်ထောင်ဒဏ် ၆ လအစား အခု ထောင်ဒဏ် ၁ လ ချမှတ်ဖို့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

အခု ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်အရ ဆန္ဒပြဖို့ ခွင့်ပြုချက် တောင်းနေရအုန်းမှာ ဖြစ်ပေမယ့် ခွင့်ပြုချက်တောင်းခံလာရင်တော့ သက်ဆိုင်ရာက ခွင့်ပြုချက်ထုတ်ပေးရမှာ ဖြစ်တဲ့အကြောင်း မြေပုံမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“နိုင်ငံသား တဦးဦးဖြစ်စေ၊ အဖွဲ့အစည်းတခုခုကဖြစ်စေ သတ်မှတ်ချက်နဲ့အညီ တင်ပြ လျှောက်ထားလာလို့ရှိခဲ့ရင် မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ အတည်ပြုချက်နဲ့ ခွင့်ပြုချက် ထုတ်ပေးရမယ်လို့ ပါထားတယ်။ ထုတ်ပေးရမည်ဟုကို ပြဋ္ဌာန်းထားတယ်။ ငြင်းပယ်ချင်း မပြုရ ဆိုတဲ့ စာပိုဒ်ကိုလည်း ကျနော်တို့ ဖျောက်လိုက်ပါတယ်။ ဒါက သိပ်ပြီးတော့ ပြဿနာ မရှိတော့ဘူးလို့ ကျနော်မြင်တယ်။”

ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီကတင်တဲ့ ပြင်ဆင်ချက်ဥပဒေကို ပြည်သူ့လွှတ်တော်က အတည်ပြုပြီး အမျိုးသားလွှတ်တော်ကို ဆက်လက်ပေးပို့သွားမှာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်က ဒီပြင်ဆင်ချက်အတိုင်း သဘောတူရင်တော့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း အတည်ဖြစ်မှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကို ၂၀၁၁ခုနှစ်အတွင်းကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဌာန်းပေးခဲ့တာဖြစ်ပြီး ဥပဒေပါ ပုဒ်မ ၁၈ နဲ့ ငြိစွန်းပြီး ထောင်ဒဏ်ကျခံရသူ အမြောက်အမြား ရှိခဲ့တာကြောင့် ဒီတကြိမ်လွှတ်တော်မှာ ပြင်ဆင်ဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)

Wednesday, March 5, 2014

၈၈ မျိုးဆက် ဦးကိုကိုကြီး မင်္ဂလာ လက်ထပ် လက်မှတ်ထိုး

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကိုကိုကြီးနဲ့ မခင်သူသူဝင်းတို့ဟာ ဒီကနေ့ မနက်ပိုင်း က ရန်ကုန်မြို့ မဟာဗန္ဓုလမ်းရှိ၊ ရန်ကုန်တိုင်း တရားလွှတ်တော်မှာ လက်ထပ်မင်္ဂလာ လက်မှတ်ရေးထိုးကြ ပါတယ်။ 





 ဓာတ်ပုံ- Burma Joe

မင်္ဂလာ လက်ထပ်ထိမ်းမြားခြင်း လက်မှတ်ရေးထိုးပွဲကို လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ ဦးမင်းကိုနိုင်
အစရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသား၊ ကျောင်းသူတွေ၊ ဦးကိုကိုကြီးရဲ့ တဦးတည်းသော ညီဖြစ်တဲ့ ဦးအောင်အောင်ထွန်း တို့ မိသားစုနဲ့ ဆွေမျိုး မိတ်သင်္ဂဟတွေ တက်ရောက်ခဲ့ကြပါတယ်။ 



အကျဉ်းထောင်ထဲမှာ ဆယ်စုနှစ် ၂ ခုကျော် လူငယ်ဘဝကို ပေးဆပ်ခဲ့ရအပြီး အခုအချိန်မှာ ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း) ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးကိုကိုကြီးနဲ့ လက်ထပ် ထိမ်းမြား မင်္ဂလာ လက်မှတ်ရေးထိုးလိုက်တဲ့ သတို့သမီးကတော့ ကလေးမြို့နယ် ၁၉၉၀ ခုနှစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းဝင်း ( ကွယ်လွန် ) ရဲ့ သမီး ဖြစ်ပါတယ်။ သူ့ကို အများကတော့ ချစ်စနိုး ဘုတ်ဘုတ်လို့ ခေါ်ပါတယ်။ 

ရန်ကုန် မြို့ တောင်ဥက္ကလာပမြို့နေ (ဦးသောင်းထွန်း+ဒေါ်ဝင်းကြည်) တို့၏သား

ကိုကိုကြီး (၈၈မျိုးဆက်ခေါင်းဆောင်)
 နှင့်
ကလေးမြို့နေ (ဒေါက်တာသိန်းဝင်း၊၁၉၉ဝခုနှစ်ရွေးကောက်ခံ NLD ကိုယ်စားလှယ်)+ဒေါ်ကြည်ကြည်မြင့် တို့၏ သမီးထွေး 
မခင်သူသူဝင်း(ခေါ်)ဘုတ်လေး 
တို့၏ မင်္ဂလာ လက်မှတ်ရေးထိုးပွဲကို ၂ဝ၁၄ခုနှစ်၊ မတ်လ၊ ၅ ရက်နေ့ နံနက် ၉း၁၅ နာရီတွင် ရန်ကုန်မြို့၊ တရားရုံးချုပ်၌ တိုင်းတရားလွှတ်တော် တရားသူကြီး ဦးမျိုးမြင့်၏ ရှေ့မှောက်တွင် နှစ်ဦးသဘောတူ  မင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြပါကြောင်း ... ။
အခုလို လက်ထပ်ထိမ်းမြားလက်မှတ်ရေးထိုးလိုက်တဲ့အပေါ် လူ ပျိုကြီး ဇာတ်သိမ်းသွားတဲ့ ၈၈ မျိုးဆက် 
ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးအတွက် မင်္ဂလာဆုတောင်းတွေလည်း ဝေဝေဆာဆာ ထွက်ပေါ်နေ ပါတယ်။ 

အိမ့်သံစဉ် ~ဧရာဝတီ

မြန်မာနိုင်ငံ တရားစီရင်ရေး န်ခေါ်မှုများနှင့် သုံးနှစ်တာ


လာမည့် မတ်လကုန်ပြီဆိုလျှင် လက်ရှိအစိုးရ တာဝန်ယူခဲ့သည်မှာ သုံးနှစ် တင်းတင်းပြည့်ပြီဖြစ်သည်။
သုံးနှစ်တာကာလအတွင်း မြန်မာနိုင်ငံတရားစီရင်ရေးသည် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရသည်။ လက်ရှိအခြေအနေအထိလည်း ရင်ဆိုင်နေရဆဲဖြစ်သည်။
----
အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းလာနေသောနိုင်ငံ (Transnational Country)ဖြစ်သည်နှင့်အညီ အစဉ်အလာအားဖြင့် တရားစီရင်ရေးကိုချုပ်ကိုင်လာခဲ့သော အုပ်ချုပ်ရေးအရာရှိများ၏ ဆက်လက်ချုပ်ကိုင်လိုမှုနှင့်၊ တရားစီရင်ရေးကို လိုသလိုပုံသွင်းရေး ကြိုးပမ်းမှုများကို နေရာအနှံ့တွေ့ကြုံနေရသည်။

တစ်ခြားတစ်ဘက်တွင်လည်း အသွင်ကူးပြောင်းရေးနှင့်အတူ ပေါ်ပေါက်လာသော လွှတ်တော်များ၊ နိုင်ငံရေးသမားများနှင့် ခါတော်မီ တက်ကြွလှုပ်ရှားဆိုသူများက တရားခွင်များအား နိုင်ငံရေးစင်မြင့်များအဖြစ် အသုံးချရေးအတွက် ကြိုးပမ်းလျှက်ရှိသည်။

လွတ်လပ်စွာပြောဆိုခွင့်ဟူသော ခေါင်းစဉ်ဖြင့် လုပ်ပိုင်ခွင့်များရလာသလို ရဲသွေးကြွလာသော သတင်းမီဒီယာများတွင် .... ကျင့်ဝတ်ပိုင်းကော အရည်အသွေးပိုင်းအရပါ ကောင်းစွာလေ့ကျင့်သင်ကြားခြင်း မရှိခဲ့သည့် ဂျာနယ်လစ်များ နှင့် ငွေကြေးအကျိုးအမြတ်အဓိကထားသော ထုတ်ဝေသူများ၊ တရားစီရင်ရေးကို အာဃာတကြီးမားခဲ့သည့် အယ်ဒီတာဆိုသူများ ပေါင်းဖက်မိကာ တရားစီရင်ရေးကို အများပြည်သူ ပိုမိုအယုံကြည်မဲ့လာစေသော အရေးအသားများ၏ ထိုးနှက်ချက်များကိုလည်း ရင်ဆိုင်နေရသည်။

မည်သို့ပင်ဆိုစေကာမူ တရားစီရင်ရေးသည် သုံးနှစ်တာကာလအတွင်း "ပတ်ဝန်းကျင်အသစ်နှင့် လည်းကောင်း၊ တရားစီရင်ရေးစနစ်အပေါ် တိုးပွားတောင်းဆိုမှုများနှင့်လည်းကောင်း လိုက်လျှောညီထွေ ရှိနေအောင် အားထုတ်လျှက်ရှိနေကြောင်း ICJ (International Commission of Jurists) ၏ အာရှ ပိစိဖိတ်ဒေသ ညွှန်ကြားရေးမှူး ဆယ်(မ်)ဇာရီဖီ Sam Zarifi မှပြီးခဲ့သည့် ဖေဖေါ်ဝါရီလအတွင်း တရားဝင်ထုတ်ဖေါ်ပြောကြားခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့်လများအတွင်း တရားသူကြီးဖြစ်ရန် ဝင်ခွင့်စာမေးပွဲများကျင်းပခဲ့သည်။ လူ ဆယ်ဂဏန်းသာ ခေါ်ဆိုမည်ဖြစ်သော စာမေးပွဲအား ထောင်နှင့်ချီသော ဥပဒေဘွဲရများဝင်ရောက် ဖြေဆိုခဲ့ကြသည်။ စဉ်းစားဖွယ်ကောင်းသည်မှာ မြန်မာနိုင်ငံ၏ တရားစီရင်ရေးသည် အမတ်မင်းများနှင့် ဂျာနယ်များတွင်ရေးသားသကဲ့သို့ အမှန်တကယ် ဆိုးညစ်ပျက်စီးနေကာ အများပြည်သူမှလည်း လုံးဝ အယုံအကြည်မဲ့နေညားအံ့ ယခုကဲ့သို့ မိဘ၊ အုပ်ထိမ်းသူများအနေနှင့် မိမိတို့ သားသမီးများကို တရားသူကြီးလုပ်ရန် တခဲနက် အားပေးကြလိမ့်မည် မဟုတ်ပေ။

စိန်ခေါ်မှုများဘက်ကို ပြန်လှည့်ကြည့်ကြပါစို့
--------
"တရားစီရင်ရေးဟာ အုပ်ချုပ်ရေးရဲ့ အထက်မှာအမြဲရှိနေရပါမယ်" ဟု တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စဉ် ပြောခဲ့သော်လည်း
တကယ်တန်းတွင်မူ တရားသူကြီးများမှာ သာမာန်အစိုးရဝန်ထမ်းများသာဖြစ်ကြပြီး တရားသူကြီးများ၏ ကံကြမ္မာကို စီမံပိုင်ခွင့်ရှိသူ တရားလွှတ်တော်ချုပ် ညွှန်ကြားရေးမှူးချုပ်အား သမ္မတမှ အချိန်မရွေး ဖြုတ်ချပိုင်ခွင့်ရှိနေသည်။

နယ်မြေလုံခြုံရေးအခြေအနေမကောင်းသော ဒေသများရှိ တရားသူကြီးများသည် မိမိအသက်လုံခြုံရေးနှင့် ဘေးကင်းစွာခရီးသွားလာနိုင်ရေးများအတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအာရှိများနှင့် နယ်မြေခံ စစ်တပ်၊ ရဲ စသည်တို့ကို အားကိုးအားထားပြုနေရသည်။

အုပ်ချုပ်ရေးမှပိုင်သော ရုံးများတွင်ငှားရမ်းကာ တရားရုံးဖွင့်ထားရသည့် နေရာများတွင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင့် အဆင်ပြေစေရေးသည် ရုံးအဆောက်အဦ ဆက်လက် အသုံးပြုခွင့်ရရေးနှင့် တိုက်ရိုက်ကျကျ ဆက်စပ်လျှက်ရှိဆဲဖြစ်သည်။

မြေကွက်ပါမစ်များ၊ ဈေးဆိုင်ခန်းပါမစ်များ၊ စသည့် ရောင်းစာလျှင် မြိုးမြိုးမြတ်မြတ်ကလေးရသော ပါမစ်အမျိုးမျိုး၏ စီမံခန့်ခွဲပိုင်ခွင့်များတွင် ထဲထဲဝင်ဝင်ပါနေသော အုပ်ချုပ်ရေးမှူးများနှင့် လစာနည်းပါးသော တရားသူကြီးများ၏ ဆက်စပ်မှုကိုလည်း လျှစ်လျှူရှုရန် မဖြစ်နိုင်သေးပေ။

လက်ရှိအချိန်အထိပင်ဖြစ်သည်။ အုပ်ချုပ်ရေးမှူးများမှ ကျင်းပလျှက်ရှိသည့် အစည်းအဝေးများတွင် တရားသူကြီးများသည် ၄င်းတို့၏ လက်အောက်ခံများအဖြစ် တက်ရောက်ကာ သြဝါဒများခံယူနေရဆဲ ဖြစ်သည်။
---------
အုပ်ချုပ်ရေး၏ လွှမ်းမိုးမှုများအပြင် အုပ်ချုပ်ရေးက လွှမ်းမိုးထားသည်ဆိုသော အကြောင်းပြချက်ဖြင့် တရားစီရင်ရေးကို ဝင်ရောက်စွက်ဖက်လျှက်ရှိသော လွှတ်တော်တော်များ၏ တိုးတက်ကြိုးပမ်းလာသော ကြိုးပမ်းမှုများသည်လည်း မြန်မာနိုင်ငံ တရားစီရင်ရေးအတွက် စိန်ခေါ်မှုများပင်ဖြစ်သည်။

၂၀၁၂ ခုနှစ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို လွှတ်တော်တွင်ပြစ်တင်ရှုံ့ချခဲ့သည်။
ပြစ်တင်ရှုံ့ချခြင်း၏ တစ်ခုတည်းသော အကြောင်းပြချက်မှာ ခုံရုံး၏ဆုံးဖြတ်ချက်ကို လွှတ်တော်မှ သဘောမတူ ဟူသော အကြောင်းပြချက်ဖြစ်သည်။
ခုံးရုံးတစ်ဖွဲ့လုံးနှုတ်ထွက်သွားခဲ့ရသည်။

ပို၍ဆိုးရွားသော အကျိုးဆက်မှာ လွှတ်တော်အနေဖြင့် ၄င်းတို့၏ အကျိုးစီးပွားနှင့် ဆန့်ကျင်လာလျှင် မည်သည့်တရားစီရင်ရေးအဖွဲ့ကိုဖြစ်စေ လက်ရဲဇက်ရဲ ဖယ်ရှားရန်တွန့်ဆုတ်နေမည်မဟုတ် ဟူသည်ကို တရားသူကြီးများ ခံစားမိသွားခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ်အတွင်း ...... Final Judgment ဟုခေါ်သော၊ တရားရုံးအဆင့်ဆင့်၏ အပြီးအပြတ်ဆုံးဖြတ်ချက်တစ်ခုကို အမျိုးသားလွှတ်တော်တွင်မဲခွဲကာ အမှု၏ဆုံးဖြတ်ချက်ကို ပြင်ဆင်ရန်ကြိုးပမ်းခဲ့သေးသည်။

အထက်ပါဆောင်ရွက်ချက်များသည် ဒီမိုကရေစီစံနှုံးများဖြစ်သော အာဏာပိုင်းခြားကျင့်သုံးရေး (separation of power)၊ လွတ်လပ်စွာတရားစီရင်ရေး (judicial independence) ဟူသည့် စံနှုံးများနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက်ရှိသည်။

ဒီမိုကရေစီဆိုသည်မှာ လူများစုဝါဒ (Democracy is Majority) ဟုလက်ခံထားသူ အမတ်မင်းများအဖို့ လူနည်းစု၏ အခွင့်အရေးများကို ကာကွယ်ပေးရသော တရားစီရင်ရေးသည် မျက်စေ့စပါးမွှေးစူးစရာဖြစ်လျှက်ရှိသည်။

လွှတ်တော်များရှိ တိုင်ကြားစာများကို ကိုင်တွယ်ရသော ဌာနများအနေနှင့် တရားစီရင်ရေးနှင့် ပက်သက်သော တိုင်ကြားစာများ အများအပြားလက်ခံရသည့်အတွက် တရားရုံးများအပေါ် စိတ်မသက်မသာဖြစ်နေဟန်ရှိသည်။

တိုင်စာများအားလုံးလိုလိုသည် အမှုရှုံးသောသူများနှင့် ရှုံးနိုင်ချေရှိသောသူများက ရေးသားထားကြကြောင်းကိုတော့ မည်သူမှအငြင်းပွားမည်မဟုတ်ချေ။
သို့ရာတွင် နှစ်ဘက်စလုံးနိုင်သောအမှုဟူ၍ မရှိတတ်သောသဘောနှင့် အမှုနိုင်သောသူသည်လည်း အမှုရှုံးသောသူနည်းတူ ပြည်သူတစ်ဦးသာဖြစ်သည်ဟူသော အယူဆကို အမတ်မင်းများနှလုံးသွင်းမိဟန်မတူ။

တရားသူကြီးများ၏ ကံကြမ္မာကို ပြောင်းလဲနိုင်စွမ်းရှိသူတို့၏ စိတ်နှလုံးကို တိမ်းညွှတ်အောင် စွဲဆောင်နိုင်သော တိုင်စာများသည် ဥပဒေက မည်သို့ပင်ဆိုစေကာမူ တရားသူကြီးတို့၏ စီရင်ချက်များကို ပြောင်းလဲစေတတ်ကြောင်း သာဓကများရှိခဲ့သည်။ ဤအချက်သည်လည်း တိုင်စာများပလူပျံအောင်များပြားနေရခြင်း၏ အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်သည်။

မြန်မာနိုင်ငံတရားစီရင်ရေးယန္တယားအနေနှင့် နောက်ထပ်ရင်ဆင်နေရသော စိန်ခေါ်မှုမှာ တရားသူကြီးများ၏ လစာကိစ္စဖြစ်သည်။ မြန်မာနိုင်ငံ၏ မြို့ပြလူနေမှုစရိတ်သည် အိမ်နီးချင်း အာစီယံနိုင်ငံများနှင့်ယှဉ်လျှင် သိပ်မကွာလှသော်လည်း မြန်မာတရားသူကြီးများ၏ လစာများသည် အခြားနိုင်ငံတရားသူကြီးများ၏ လစာများထက် များစွာနည်းပါးလျှက်ရှိသည်။

လစာဟူသည်မှာ အဂတိလိုက်စားမှုများကို အမြစ်ဖျက်ရန်အတွက် တစ်ခုတည်းသော ဖြေရှင်းနည်း မဟုတ်သော်လည်း အဂတိလိုက်စားမှုကို ထိရောက်စွာကိုင်တွယ် ဖြေရှင်းလိုလျှင် လုံလောက်သော၊ လုပ်ပိုင်ခွင့်၊ အဆင့်အတန်းတို့နှင့် တိုက်ရိုက်အချိုးကျသော လစာမျိုးကို ဦးစွာပထမ ပေးရမည်ဆိုသည်မှာ နိုင်ငံတကာမှအသိအမှတ်ပြုထားသော အယူအဆပင်ဖြစ်သည်။

စိတ်ကူးယာဉ် စံနှုံးများနှင့်၊ လူပုဂ္ဂိုလ်အခြေပြုကာ နိုင်ငံတည်ထောင်လိုသူများအတွက်မူ "အူမတောင့်မှ သီလစောင့်မည်" ဆိုသည့်စကားသည် ရင့်သီးသောစကားဖြစ်ပါလိမ့်မည်။ သို့ရာတွင် ခိုင်မာသော Institution များဖြင့် အတိပြီးသော စစ်မှန်သော ဒီမိုကရေစီနိုင်ငံဖြစ်ရန်မူကား ဤစကားသည် အလွန်လက်တွေ့ကျသော စကားဖြစ်သည်ကိုမူ မည်သူမှ ငြင်းနိုင်မည်မဟုတ်ပေ။

တစ်ကို အမေရိကန်ဒေါ်လာ ၆၀ လောက်ပေးလျှင်ပင် ခြောက်ထပ်၊ ခုနှစ်ထပ်လောက်ရှိ စတုရန်းပေ ၆၀၀ လောက်သာရှိသော အခန်းကျဉ်းတစ်ခန်းလောက်ကိုပင် ငှားရမ်းရရန်မလွယ်ကူလှ။ နှစ်ဒေါ်လာလောက်မှ မသုံးလျှင် သာမာန်အဆင့် စားသောက်ဆိုင်များတွင်ပင် နေ့လည်စာတစ်နပ်ကို ဝဝလင်လင် စားနိုင်မည့်အခြေအနေမရှိ၊ ဤအခြေအနေတွင် သေဒဏ်အထိ ပြစ်ဒဏ်စီရင်ပိုင်ခွင့်ရှိသော တရားသူကြီးတစ်ဦး၏ လစာမှာ အမေရိကန်ဒေါ်လာ ၂၅၀ လောက်ပင်မရှိပေ။

မကြာသေးမီကာလအတွင်း ရှေ့နေအသင်းဥက္ကဌတစ်ဦးမှ မြန်မာနိုင်ငံမှ တရားသူကြီးများ၏ လစာသည် အနည်းဆုံး အမေရိကန် ဒေါ်လာ တစ်ထောင်၊ တစ်ထောင့်ငါးရာလောက် ရသင့်ကြောင်း ပြောကြားခဲ့သည်ကို ကြားခဲ့ရသည်။ မြန်မာနိုင်ငံတရားစီရင်ရေးကို လာရောက်လေ့လာခဲ့သည့် USIP (United State Institute of Peace) , ICJ (International Commission of Jurists) ကဲ့သို့သော အဖွဲ့အစည်းများနှင့် အခြားပညာရှင်များစွာကလည်း မြန်မာနိုင်ငံရှိ တရားသူကြီးများ၏ ကောင်းမွန်သော တရားစီရင်ရေးတစ်ခုကို တည်ဆောက်ရန်အတွက် အလွန်နည်းပါးလျှက်ရှိကြောင်း ထုတ်ဖေါ်ပြောကြားခဲ့ကြသည်။

သို့သော်လည်း မည်သည့်သတင်းမီဒီယာကမှ လစာကိစ္စကို အလေးပေးဖေါ်ပြခြင်းမရှိပဲ အဂတိလိုက်စာမှုရှိသည် ဆိုသည့်အချက်များကိုသာ ရှေ့တန်းတင် ဖေါ်ပြခဲ့သည်။

မည်သို့ပင်ဖြစ်စေ တရားစီရင်ရေးသည် ထိုသုံးနှစ်တာကာလအတွင်း စိန်ခေါ်မှုများကို ရင်ဆိုင်ကာ မိမိလျှောက်လှမ်းရမည့် လမ်းကြောင်းအတိုင်း လျှောက်လှမ်းခဲ့သည်။

တရားသူကြီးများကတော့ ......

ဒီမိုကရေစီကို အတွင်းကျကျနားလည်သော အုပ်ချုပ်သူများနှင့် မိမိစကားမိမိတာဝန်ယူရဲသော၊ ဥပဒေကိုပိုမိုနားလည်တပ်ကြွမ်းသော လွှတ်တော်အမတ်များကို တောင့်တလျှက်ရှိသည်။

မိမိရရှိသော လစာနှုံးထားကို တွက်ဆကာ မိမိသည် တစ်မှုမဟုတ်တစ်မှုတွင်တော့ ကင်းနိုင်မှာမဟုတ်၊ ဘဝရပ်တည်ရေးအတွက် အနည်းနှင့်အများတော့ အောက်ဆိုဒ်ယူရလိမ့်မည်ဆိုသော အထင်ခံရမှုများ ကင်းဝေးမည့်ရက်များကို မျှော်လင့်လျှက်ရှိသည်။

လွတ်လပ်စာရေးသားခွင့်သည် လွတ်လပ်စွာ အပုတ်ချခွင့်မဟုတ်ဟု လေနှင့်ဝမ်းနှင့် ကွဲသော မီဒီယာများကို စောင့်စားလျှက်ရှိသည်။

(နတ်ဆြာ)

နတ် ဆရာကြီး Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်

Tuesday, March 4, 2014

ဘုရင့်နောင်ပွဲရုံ ပြည့်တန်ဆာ လုပ်ငန်းများကို ပူးပေါင်းအဖွဲ့ စတင်ဖမ်းဆီး


 
ရန်ကုန်၊ မတ် ၃

မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်များ အဓိက ရောင်းဝယ် ဖောက်ကားရာ ရန်ကုန်မြို့တော်ရှိ ဘုရင့်နောင် ပွဲရုံဝင်းအတွင်း ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်မှုများ ရှိသဖြင့် ပူးပေါင်းအဖွဲ့ ဖွဲ့စည်း၍ လိုက်လံဖမ်းဆီး စစ်ဆေးနေရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ကုန်တင်ယာဉ်များ ရပ်နားသည့် နေရာများတွင် ပြည့်တန်ဆာ များဖြင့် မြှူဆွယ် နေကြသဖြင့် အခြားသူများကို အနှောင့်အယှက် ဖြစ်စေကြောင်း အဆိုပါ ပူးပေါင်းအဖွဲ့ဝင် ဦးထွန်းဝင်းက ပြောကြားသည်။

“သူတို့တွေက လူမိုက်တွေပါ ခေါ်ထားတာ။ အဲဒါကြောင့် လူနည်းနည်းနဲ့ဆို မသွားရဲဘူး။ အခုအဖွဲ့က တစ်ညကို ကား ၁၅ စီးလောက်နဲ့ ညတိုင်း ၁၂ နာရီကျော်တာနဲ့ ကင်းလှည့် နေရတယ်။ သူတို့တွေကလည်း ကျွန်တော်တို့ လိုက်စစ်တာကို ကြိုသိနေတာပါ။ ကျွန်တော်တို့ လာပြီ ဆိုတာနဲ့ သူတို့ မရှိတော့ပါဘူး” ဟု ၎င်းက ရှင်းပြသည်။

ယင်းပူးပေါင်း အဖွဲ့ကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်က စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေး ကော်မတီနှင့် ရပ်မိရပ်ဖ များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

The Voice Weekly

နန်းခင်ဇေယျာရဲ့ မွေးနေ့ ဆုတောင်း

ဒီကနေ့ မတ်လ ၄ ရက်နေ့က နန်းခင်ဇေယျာရဲ့ မွေးနေ့ပါ။
မြန်မာ့ဂုဏ်ဆောင် အလှမယ် နန်းခင်ဇေယျာက မွေးနေ့မှာ ကုသိုလ်ကောင်းမှုတွေ လုပ်ပြီး ဆုမွန်းကောင်း
တွေ တောင်းဆိုထားပါတယ်။ နန်းခင်ဇေယျာရဲ့ မွေးနေ့ဆုတောင်းက ဘယ်သူတွေအတွက်လည်း၊ဘယ်လို ကုသိုလ်တွေ ပြုပြီး ဘာတွေ ဆုတောင်းသလဲ ဆိုတာ သိချင်ရင်တော့ ......




မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ…..။

ယနေ့ (၄.၃.၂၀၁၄) နေ့တွင် ရောက်ရှိသည့် နန်းခင် ရဲ့ မွေးနေ့ရက်မြတ် အရုဏ်တက်ချိန်မှာ ရွှေတိဂုံ ဘုရား နှင့် ဆံတော်ရှင် ဗိုလ်တစ်ထောင်ဘုရား သို့သွားရောက်ပြီး ဘုရားရှိခိုး ဆုတောင်း မေတ္တာများ ပို့သပြီး  ကောင်းမှုကုသိုလ်ပြုလုပ်ခဲ့ပါတယ်။ 

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ အနန္တော အနန္တ ၅ ပါး နှင့်တကွ နန်းခင်ကို မွေးဖွားကျွေးမွေးခဲ့ကြ ပါသော   ချစ်တဲ့ ဖေဖေ(အဘ) နဲ့ မေမေ (အမိုး) ၊ Miss Myanmar နန်းခင်ဇေယျာရယ်လို့  မြန်မာနိုင်ငံနှင့် 
နိုင်ငံတကာပြိုင်ပွဲမှာ ဆုတွေရရှိအောင် အားပေးပြီး မွေးဖွားပေးခဲ့သည့် ကျေးဇူးရှင် မိဘပြည်သူ ချစ် ပရိသတ်ကြီးများ နှင့် အနုပညာလမ်းမှာ လျှောက်လှမ်းနိုင်အောင် လက်တွဲခေါ်ယူ သင်ပြပေးခဲ့ကြ ပါသော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ များ နှင့် အနုပညာမောင်နှမများ၊ မဂ္ဂဇင်း ဂျာနယ် မီဒီယာများမှ အစ်ကို အစ်မများ နဲ့ နန်းခင် အပေါ်ကျေးဇူးပြုခဲ့ဖူးသည့် ကျေးဇူးရှင်များအားလုံးတို့အား လက် ဆယ်ဖြာ ထိပ်မှာမိုးလို့ ရှိခိုးကန်တော့ပါတယ်။


ပြောမှားဆိုမှား ပြုမူမှားများရှိခဲ့ပါက ခွင့်လွှတ်ပေးကြဖို့ တောင်းပန်ပါတယ်။ နန်းခင် နှင့် တကွ (၇)ရက် သားသမီးများအားလုံး ၊ နန်းခင် ကို ချစ်သောသူများ ၊ မချစ်မနှစ်သက်သူများ အားလုံးနှင့် တကွ အနန္တ သတ္တဝါအားလုံး ကိုယ်စိတ် နှစ်ဖြာဘေးရန်ကွာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့သ လိုက်ပါတယ်။ ဘုရားမှာ ခိုလေးများကိုလည်း အစာဒါနကျွေးမွေးကုသိုလ်ပြုခဲ့ပါတယ်။ 

နန်းခင် ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုအစုစု အတွက်လည်း အမျှဝေပါတယ်။ ဝမ်းမြောက်နုမော် သာဓုခေါ်ကြပါနော်။ “လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။ 

တစ်ဦးအပေါ်တစ်ဦး ဖြူစင်သော မေတ္တာတရားဖြင့် မိတ်ဆွေများဖြစ်ကြပါစေ။ ဒုက္ခခပ်သိမ်း၊ ဆင်းရဲ ခပ်သိမ်း၊  သောကခပ်သိမ်း အပူများကင်းငြိမ်းကြပါစေ။   မေတ္တာရေဖြန်း   ဘေးမသမ်းပဲ  အေးချမ်း သာယာကြပါစေ။ မေတ္တာနှလုံးကိုယ်စီသုံး ရွှင်ပြုံးကြပါစေ။ မေတ္တာရန်သူ ဒေါသမူ အပူကင်းကြပါစေလို့ 

နန်းခင် အနန္တသတ္တဝါအားလုံးအတွက် မေတ္တာပို့ပါတယ်။ နန်းခင် အတွက် Phone ဆက်ပြီးတစ်မျိုး ၊ Facebook နဲ့ Gmail မှ တစ်သွယ် မွေးနေ့ဆုတောင်းပေးကြပါသော ချစ်တဲ့ ပရိသတ်များ၊ နန်းခင်  
မေးထားတဲ့မေးခွန်းများကို ဖြေဆိုပေးကြသူများ ၊ မဖြေဆိုပဲ အားပေးနေကြသူများ၊   ပြည်တွင်း   ပြည်ပမှ ချစ်သော မိဘညီအစ်ကိုမောင်နှမများအားလုံးကို ကျေးဇူးအထူး အထူးတင်ပါတယ်ရှင်….။ 

 နန်းခင်ဇေယျာ 


ဧရာဝတီ Blog

Monday, March 3, 2014

သီလဝါစီမံကိန်း ရှယ်ယာတွေ စရောင်း


Thilawa Special Economic Zone
မြန်မာ အများပိုင်ကုမ္ပဏီ ပိုင်ဆိုင်မှုတွေထဲက တချို့ကို ရောင်းချမှာဖြစ်

သီလဝါ အထူး စီးပွားရေးဇုံက ရှယ်ယာ ရောင်းချမှု အစီအစဉ်ကို မတ်လ ၃ ရက် တနင်္လာနေ့က စတင်လိုက်ပါတယ်။

ဝယ်ယူလိုသူတွေက ရှယ်ယာ ဘယ်လောက် ဝယ်ချင်တယ် ဆိုတာကို အရင် အဆိုပြုရမှာ ဖြစ်တယ်လို့ သီလဝါ အထူး စီးပွားရေး စီမံကန်း အတွက် အဓိက တာဝန်ရှိသူ မြန်မာ နိုင်ငံ စီမံကိန်းနဲ့ စီးပွား ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်က ပြောပါတယ်။
ဆက်စပ်သတင်းနဲ့ အစီအစဉ်များ

    သီလဝါ အထူးစီးပွားဇုံ ဖွင့်လှစ်
    သီလဝါ စီမံကိန်း လူ့အခွင့်အရေး ချိုးဖောက်သလား

ကုမ္ပဏီ အကြောင်း၊ ရင်းနှီးမြှုပ်နှံမယ့် စီမံကိန်းတွေ အကြောင်း၊ ရှယ်ယာတွေ ဘယ်လို ရင်းနှီးရမယ် ဆိုတဲ့ အကြောင်း၊ ရင်းနှီး ရာမှာ ဘယ်လို ဆုံရှုံးမှုမျိုးတွေ ရှိနိုင်တယ် ဆိုတာတွေကို လမ်းညွှန်စာအုပ် Prospectus မှာ အစုံအလင် ရေးသားပြီး အခမဲ့ ထုတ်ဝေ ထားတယ်လို့လည်း သူက ပြောပါတယ်။

ဒါကြောင့် ရှယ်ယာ ဝယ်လိုသူတွေ အနေနဲ့ အဲဒီ လမ်းညွှန် စာအုပ်ကို ဖတ်ပြီးမှ ရှယ်ယာ ဘယ်လောက် ဝယ်ချင်တယ် ဆိုတာ အဆိုပြုလွှာမှာ ထည့်ရေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရှယ်ယာ ရောင်တဲ့ နေရာမှာ သီလဝါ ဒေသခံတွေ အတွက်နဲ့ တခြား အပြင်လူတွေ ဆိုပြီး နှစ်မျိုးခွဲခြားထားကြောင်း၊ ဒေသခံ မဟုတ်သူတွေက သူတို့ အဆိုပြုတဲ့ ပမာဏကို သတ်မှတ်ထားတဲ့ ဘဏ်ခွဲတွေမှာ Payment Order နဲ့သွားပေးကြရမှာ ဖြစ်ပေမဲ့ ဒေသခံတွေ အတွက်တော့ အဆိုပြုချိန် ကနေ တစ်လ နီးပါးကြာတော့မှ ငွေသား ပေးသွင်း သွင်းရမှာ ဖြစ်လို့ ဆိုပါတယ်။

ရှယ်ယာ တစ်ခုကို ကျပ်ငွေ တစ်သောင်းနဲ့ ဝယ်ယူနိုင်ကြမှာ ဖြစ်တယ်လို့ လည်းပြောပါတယ်။

ဘယ်သူတွေကို ဘယ်လောက် ရောင်းချမယ် ဆိုတာ ကုမ္ပဏီက ဆုံးဖြတ်တဲ့ အခါ ရှယ်ယာ အနည်းငယ် ဝယ်လိုသူတွေကို ဦးစားပေး ရောင်းချပြီး ကျန်တဲ့ ရှယ်ယာတွေကိုသာ အများအပြား ဝယ်လိုသူတွေကို ရောင်းမယ်လို့ ဦးဆက်အောင်က ပြောပါတယ်။

သီလဝါ စီမံကိန်းကို ရင်းနှီး တည်ဆောက်သူ ထဲမှာ မြန်မာ နိုင်ငံ အစိုးရ (၁၀ ရာခိုင်နှုန်း)၊ ဂျပန် အစိုးရ(၁၀ ရာခိုင်နှုန်း)၊ မြန်မာ ပုဂ္ဂလိကကို ကိုယ်စားပြုတဲ့ အများပိုင် ကုမ္ပဏီ(၄၁ ရာခိုင်နှုန်း)၊ ဂျပန် ပုဂ္ဂလိကကို ကိုယ်စားပြုတဲ့ အများပိုင် ကုမ္ပဏီ (၃၉ ရာခိုင်နှုန်း)စသဖြင့် ၄ ဦး ပါဝင်ပါတယ်။

အခု ထုတ်ရောင်းမယ့် ရှယ်ယာ တွေကတော့ မြန်မာ ပုဂ္ဂလိက အများပိုင် ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှု ထဲက တချို့ကို ရောင်းချမှာ ဖြစ်ပါတယ်။
BBC

ယူကရိန်းတပ်တွေကို လက်နက်ချဖို့ ရုရှ ရာဇသံပေး


ခရိုင်းမီးယားက ယူကရိန်းတပ်တွေကို ထိန်းချုပ်ထား

ယူကရိန်းနိုင်ငံ ခရိုင်းမီးယား ဒေသမှာရှိတဲ့ ယူကရိန်း တပ်ဖွဲ့တွေကို အင်္ဂါနေ့ မနက် အစောပိုင်း GMT ၃ နာရီ မတိုင်မီ လက်နက်ချဖို့ ရုရှားဘက်က ရာဇသံ ပေးလိုက်ပါတယ်။

ယူကရိန်းရဲ့ ယာယီ ဝန်ကြီးချုပ် Arseniy Yatsenyuk ကတော့ သူတို့ပိုင် ခရိုင်းမီးယားဒေသကို ဘယ်သူ့လက်ထဲမှ ထည့်ပေးနိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

ခရိုင်းမီးယားမှာရှိတဲ့ ယူကရိန်း စစ်အခြေစိုက် စခန်းတွေကို ရပ်ရှားတပ်တွေ ဝိုင်းထားပြီး လမ်းတွေကိုလည်း ပိတ်ဆို့ထားကာ ခရိုင်းမီးယားဒေသကို ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ထားပါတယ်။

ခရိုင်းမီးယားရဲ့ အစွန်ဆုံးက ကူးတို့ဆိပ်ကမ်းမြို့ ဖြစ်တဲ့ Kerch ကို လည်း ရုရှား လိုလားတဲ့ လက်နက်ကိုင်တပ်တွေက ထိန်းချူပ်ထားပါတယ်။
BBC

တရုတ် လုံခြုံရေး ဒုဝန်ကြီး ထိန်းသိမ်းခံရဟု ခန့်မှန်း

 
 ထိန်းသိမ်းခံရတယ်လို့ သတင်းထွက်နေတဲ့ မစ္စတာ Yongkang

တရုတ်ပြည် ပြည်တွင်း လုံခြုံရေးရုံး ဒုတိယ ဝန်ကြီးဟောင်း Zhou Yongkang ရဲ့ ညီနဲ့ ဇနီး ဖြစ်သူတို့ အထိန်းသိမ်း ခံရတယ်လို့ တရုတ် သတင်းဌာနတွေက ဖော်ပြခဲ့ပြီး နောက်ပိုင်းမှာ မစ္စတာ Yongkang ကိုယ်တိုင် အစစ်ဆေးခံနေရတယ် ဆိုတဲ့ ခန့်မှန်း ပြောဆိုနေမှုတွေဟာ ပိုလို့ များပြားလာပါတယ်။

မစ္စတာ Yongkang ကို အကျင့်ပျက် ခြစားမှုနဲ့ အရေးယူ ခံရနိုင်တယ် ဆိုတဲ့ သတင်းစကားတွေ ထွက်ပေါ်နေခဲ့တာဟာ လ အတန်ကြာပြီ ဖြစ်ပါတယ်။

သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း အတော်များများလည်း အစစ်ဆေး အမေးမြန်းခံနေရပြီး မစ္စတာ Yongkang ကိုယ်တိုင် ခြစားမှုနဲ့ ဒီလို အစစ်ဆေးခံနေရတယ် ဆိုတဲ့ သတင်းတွေအပေါ် အစိုးရရဲ့ ပြောရေးဆိုခွင့် ရှိသူက မဟုတ်ဘူးလို့ မငြင်းပါဘူး။

တကယ်တမ်းသာ မစ္စတာ Yongkang အထိန်းသိမ်း ခံခဲ့ရရင် ဒါဟာ ဒီဘက်ပိုင်း ၁၀ စုနှစ်တွေအတွင်း ဖမ်းဆီး တရားစွဲဆိုခံရတဲ့ နိုင်ငံရေးသမားတွေထဲမှာ သူဟာ ရာထူးအကြီးဆုံး ဖြစ်မှာ ဖြစ်ပါတယ်။
BBC

ပလောင်၊ ကချင်၊ ရှမ်းဒေသတွင် တိုက်ပွဲများ ပိုဖြစ်၊ ဒေသခံများ ထိခိုက်သေဆုံးမှုရှိ

 
ရှမ်းပြည်တပ်မတော် (မြောက်)၊ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့နဲ့ အစိုးရတပ်အကြားတိုက်ပွဲတွေဖြစ် ပွားနေပြီး ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲနဲ့ နမ့်ဆမ်မြို့နယ်အတွင်းရှိ တအာင်း ပလောင်နယ်မြေမှာ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) တပ်ဖွဲ့နဲ့  အစိုးရ တပ်ဖွဲ့တို့ အခုရက်ပိုင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ တီအန်အယ်လ်အေ အတွင်းရေးမှူး တာဘုန်းကျော်က ပြောပါတယ်။

မတ်လ ၂ ရက်နေ့ကလည်း ကျောက်မဲမြို့နယ် ပါလိုင် နဲ့ ဖာဖင့်ရွာကြားမှာ တိုက်ပွဲ နာရီဝက်ကျော် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၄ နယ်မြေ ကေအိုင်အေတပ်ဖွဲ့ဝင်တွေ စခန်းထိုင်နေတဲ့ လွယ်ခမ်တောင်ကိုလည်း မတ်လ ၂ အစိုးရ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းတွေက ၀င်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ အစိုးရအနေနဲ့ တိုင်းရင်းသားတွေနဲ့ တနိုင်ငံလုံးအပစ်ခတ်ရပ်ဆိုင်းရေးလုပ် ဆောင်နိုင်ဖို့ ကြိုးစားနေပေမယ့် အခုလို  တိုက်ပွဲတွေ ဆက်ဖြစ်နေတာဟာ ယုံကြည်မှုတွေ ကျဆင်းပြီး အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ ခက်ခဲနိုင်တယ်လို့လည်း တာဘုန်းကျော်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ နေ့ကလည်း ကျောက်မဲမြို့နယ် ပန်ဖျတ်ရွာထဲကို အစိုးရတပ် တပ်မ ၇၇ က လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တဲ့အတွက် ပန်ဖျတ်ကျေးရွာ အတွင်းရေးမှူး တာ ကျော်လူ ထိမှန်ကွယ်လွန်ခဲ့တဲ့အပြင် အမျိုးသမီးနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပလောင်အမျိုးသမီးအဖွဲ့ချုပ်ဝင် လွေးပိုးညိုဝ်းက ပြောပါတယ်။

ဒါ့အပြင် အစိုးရတပ် အဲဒီဒေသမှာ ရွာသားတွေကို ပေါ်တာ အဖြစ် ဖမ်းဆီးခေါ်အောင်မှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

အစိုးရတပ်ရဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့တဲ့အပေါ် တာဝန်ယူဖြေရှင်းဖို့နဲ့ လက် နက်ကြီးနဲ့ ရွာတွင်းပစ်ခတ်တဲ့ တပ်ရင်းကိုလည်း အရေးယူပေးဖို့ ပလောင်အမျိုးသမီးအဖွဲ့က တောင်းဆိုထားပါတယ်။

ဒီနေ့ ဖော်ပြတဲ့ မြ၀တီ သတင်းတပုဒ်မှာတော့ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲ မြို့နယ်၊ လွယ်အံတင်း ကျေးရွာအုပ်စု ၊ ပန်လော့ ကျေးရွာမှာနေတဲ့  ဦးမောင်ဝင်းနဲ့ မိသားစု ၄ ဦးဟာ ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲပိုင်းက တောင်ယာကနေအပြန် SSA (၀မ်ဟိုင်း) အဖွဲ့က ထောင်ထားသည့် နင်းမိုင်း တလုံးကို နင်းမိလို့ ဦးမောင်ဝင်းနဲ့သား မောင်ဆာ ၆  နှစ်တို့ အခင်းဖြစ်ပွားရာ နေရာမှာ သေဆုံးခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်မယ်ဆွေနဲ့ သမီးဖြစ်သူ မအေးမွန်မှာ ဒဏ်ရာရပြီး ကျောက်မဲဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုတိုက်ပွဲတွေဖြစ်နေချိန်ဟာ အစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ အကြား တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်ထိုးဖို့ နှစ်ဘက် အကျေအလည် ဆွေးနွေးနေချိန်ဖြစ်ပါတယ်။
By နော်နိုရင်း (ဒီဗွီဘီ)
အသံဖိုင်နားဆင်ရန်



ထားဝယ်လူမျိုး မရှိဘူးပြောတဲ့ ခရိုင်အုပ်ချုပ်ရးမှူးကို ထားဝယ်လူထုမကြေနပ်ဖြစ်နေ။


ထားဝယ်မြို့ မြို့တော်ခန်းမတွင်ဖေဖေါ်ဝါရီ ၂၈ရက်နေ့က ပြုလုပ်သော သန်းခေါင်စာရင်းဆိုင်ရာ ဆွေးနွေးပွဲတွင် ထားဝယ်လူမျိုးဆိုသည်မှာ
မရှိကြောင်း၊ထားဝယ်လူမျိုးသည် တိုင်းရင်းသား ၁၃၅မျိုးတွင်မပါဝင်ကြောင်း  ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ ပြောဆိုခဲ့ခြင်းနှင့် ပတ်သက်၍ ထားဝယ်လူထုမှ မကြေမနပ်ဖြစ်နေကြသည်။

တနင်္သာရီအပတ်စဉ်ဂျာနယ် အယ်ဒီတာကလည်း မတ်လ ၃-၂၀၁၄ နေ့ထုတ် ဂျာနယ်တွင် ဤကဲ့သို့ မေးခွန်းများထုတ်ထားသည်။
“ဒေသတစ်ခု၏ အကြီးမားဆုံးသောအမှတ်သင်္ကေတဖြစ်သည့် လူမျိုးဟူသည့် သင်္ကေတကိုပင် နားလည်ခြင်းမရှိဘဲ ယင်းဒေသကိုမည်သို့အုပ်ချုပ်နေသနည်း။”
“ယင်းသို့ နားမလည်ဘဲ အုပ်ချုပ်နေသူ မည်မျှရှိသနည်း။”
“ထို့သို့ နားမလည်သည့်အုပ်ချုပ်သူများကြောင့် ပဋိပက္ခများ မည်မျှအထိဖြစ်နေသနည်း”

ဆက်လက်၍
“အုပ်ချုပ်သူများအနေဖြင့် သက်ဆိုင်ရာဒေသ၏ အထိအရှမခံသည့် ကိစ္စများကို ထဲထဲဝင်ဝင် နားလည်ထားရန်လိုအပ်သည်။
မိမိနားမလည်လျှင်လည်း လက်လွတ်စပယ်မပြောဆိုရန် လိုပေသည်။
ထိုသို့နားမလည်ခြင်းကြောင့် ဆုံးဖြတ်ချက်အမှားများ လုပ်ထုံးလုပ်နည်းအမှားများ ဖြစ်လာနိုင်ပြီး ဒေသတွင်း ပဋိပက္ခများကို ဖန်တီးသကဲ့သို့ဖြစ်မည်ဖြစ်သည်။

အုပ်ချုပ်သူများသည် ပဋိပက္ခများကိုလျော့နည်းအောင်ကိုင်တွယ်သူများသာဖြစ်သင့်သည်။
 ပဋိပက္ခများကိုဖန်တီးသူများ မဖြစ်သင့်ကြောင်း ပြောလိုရင်းဖြစ်သည်။” ဟု တနင်္သာရီအပတ်စဉ်ဂျာနယ် အယ်ဒီတာကပင် ၄င်းဂျာနယ်တွင်အကြံပြုထားသည်။

မိမိနေထိုင်ရာဒေသရှိ ပြည်သူလူထုသည် မည်သည့်လူမျိုးများဖြစ်သည် မည်သည့်တိုင်းရင်းသားများဖြစ်ကြသည်ဆိုသည်ကိုပင် မသိသော အုပ်ချုပ်ရေးမှူးများကို
ဤဒေသမှ တခြားသို့ ပြောင်းရွှေ့လိုက်ခြင်းသည်သာအသင့်တော်ဆုံးဖြစ်ပေလိမ့်မည်ဟု Lwintmgmg Daily News အယ်ဒီတာမှ မှတ်ချက်ပြုသည်။

လူမျိုးစုများနှင့် ဂဏန်းသင်္ကေတ ကိုဖော်ပြပေးလိုက်ပါတယ်။
ဗမာစု၌ပါဝင်သော တနင်္သာရီတိုင်းအတွင်း လူမျိုးများမှာ ထားဝယ်လူမျိုး ၊ မြိတ်လူမျိုး နှင့် ဆလုံလူမျိုးတို့ဖြစ်ကြသည်။
- ထားဝယ်လူမျိုး ---- ဂဏန်းသင်္ကေတ (၅၀၂)
- မြိတ်လူမျိုး --------- ဂဏန်းသင်္ကေတ (၅၀၃)
-ဆလုံလူမျိုး --------- ဂဏန်းသင်္ကေတ (၅၀၈)






တောင်သူလယ်သမားများ အပါအ၀င် နိုင်ငံသားအားလုံးအတွက် လက်ငင်းအကျိုးဖြစ်ထွန်းမည့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဦးစားပေးဆောင်ရွက်နေဟု သမ္မတပြောကြား

ကျန်ရှိနေသော အစိုးရသက်တမ်း ကာလအတွင်း တောင်သူလယ်သမားများ အပါအ၀င် နိုင်ငံသား အားလုံးအတွက် လက်ငင်းအကျိုးဖြစ်ထွန်း အကောင်အထည်ဖော်နိုင်မည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဦးစားပေး ဆောင်ရွက်လျက်ရှိသည်ဟု  ၂၀၁၄ ခုနှစ် မတ် ၂ ရက်တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ အခမ်းအနား သ၀ဏ်လွှာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်ဟု မတ် ၂ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြချက်အရ သိရပါသည်။

အဆိုပါ သ၀ဏ်လွှာတွင် ၂၀၁၁ ခုနှစ် မတ် ၃၀ ရက်မှ စတင်ဖွဲ့စည်း တာဝန်ယူခဲ့သည့် အစိုးရသစ်သက်တမ်း သုံးနှစ်တာကာလအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေး လုပ်ငန်းတာဝန်များအား လုပ်ငန်းစဉ်(၈)ရပ် ရေးဆွဲအကောင်အထည် ဖော်လျက်ရှိရာ နိုင်ငံ၏ လူဦးရေရာခိုင်နှုန်း ၇၀ သော တောင်သူလယ်သမားများ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အဓိကဦးစားပေး လုပ်ငန်းအဖြစ် ကြိုးပမ်းဆောင်ရွက်နေသည်ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။

ကျန်ရှိနေသည့် အစိုးရသက်တမ်း ကာလအတွင်း၌ ရေရှည်အမျိုးသားရေး အကျိုးစီးပွားနှင့် ရေရှည်နိုင်ငံတော်ကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သော အခြေခံအုတ်မြစ်များကို ခိုင်မာစွာ တည်ဆောက်ပေးနိုင်ရေး တာဝန်ကိုလည်း ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေသည်ဟုလည်း နိုင်ငံတော်သမ္မတက ဆိုသည်။

အစိုးရအနေဖြင့် နိုင်ငံသားအားလုံး၏ အခြေခံ လိုအင်ဆန္ဒ အစစ်အအမှန်ဖြစ်သော အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်ကြီးအား အရှိန်အဟုန်ဖြင့် တိုးတက်ဖော်ဆောင် အကောင်အထည်ဖော်နိုင်ရေးအတွက် နည်းလမ်းများ ကြံဆရှာဖွေ ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

လက်ရှိအစိုးရ လက်ထက်တွင် မြေယာသိမ်းဆည်းမှုများကို ဆက်လက်ဆောင်ရွက်ခြင်း မရှိတော့ကြောင်း၊ ယခင်ကထက် မြေယာပိုင်ဆိုင်မှု ခိုင်မာသော လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်များကို အစိုးရသစ် လက်ထက်တွင် ထုတ်ပေးခဲ့ကြောင်း အစိုးရမှ မြေယာမဲ့ လယ်ယာမဲ့ အိမ်ယာမဲ့ နေထိုင်ရေးနှင့် အလုပ်အကိုင်ရရှိရေး စီစဉ်ပေးသွားမည်ဖြစ်ကြောင်း မြေမဲ့ယာမဲ့များအား နေရာချထားမှု အစည်းအဝေးတွင် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့ဖူးသည်။
Eleven Media Group

ပင်လုံကတိအတိုင်းသာသွားမည်ဟု အင်တောမြို့ SNLD ရုံး ဖွင့်ပွဲ၌ ခွန်ထွန်းဦးပြော

မတ်ခ်ျ ၂ ရက်နေ့ သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် အင်တောမြို့ SNLD ရုံးဖွင့်ပွဲ၌ ပါတီဥက္ကဌ ခွန်ထွန်းဦး က ‘သျှမ်းပြည်မှာရှိတဲ့ တိုင်းရင်းသားတွေအားလုံး တန်းတူညီမျှရေးအတွက် ၁၉၄၇ ကသဘောတူခဲ့တဲ့ ပင်လုံ စာချုပ်ကြီးအတိုင်း လုပ်ဆောင်သွားဖို့ ကျနော်တို့မူ ချထားတယ်’ - ဟု ပြောပါသည်။


SNLD  အင်တောရုံးဖွင့်ပွဲနှင့် အဖွင့်စကားပြောနေသော  ဥက္ကဌခွန်ထွန်းဦး

အင်တောမြို့နယ်ခွဲ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ရုံးဖွင့်ပွဲတွင် ခွန်ထွန်းဦးက - ပါတီ၏ ရပ်တည်ချက်၊ ပါတီ၏မူ၊ ပါတီပူးပေါင်းရေးကိစ္စ၊ လူငယ်နှင့်အနာဂတ်နိုင်ငံရေးခေါင်းဆောင်များ အကြောင်း စသဖြင့် ထည့်သွင်းပြောကြားခဲ့သည်။

“အခု ကျနော်တို့ အင်တောမြို့ ဆိုင်းဘုတ်တင်ပွဲ၊ ရုံးဖွင့်ပွဲမှာ လူငယ်တွေ ကျနော်အများကြီးတွေ့ခဲ့တယ်။ ဒါကောင်း တဲ့အလားအလာပါဘဲ။ လူငယ်တွေနိုင်ငံရေးအကြောင်း အားစိုက်ပြီးလေ့လာကြပါ။ ကျနော်တို့တွေ တဖြည်းဖြည်း အသက်ရလာပြီ။ ဒီတာဝန်တွေကို ခင်ဗျားတို့ လူငယ်တွေ ဆက်လက် တာဝန် ထမ်းဆောင်သွားရပါမယ်”

ထို့ပြင် SNLD သည် နိုင်ငံရေးဘမ်းပြပြီး စီးပွါးရေးလုပ်မည့်ပါတီမဟုတ်ကြောင်းလည်းခွန်ထွန်းဦးက ဤကဲ့သို့ပြောသည်။

 “ကျနော်တို့ဟာနိုင်ငံရေးကို ပမ်းပြပြီး စီးပွားရေးလုပ်တဲ့ပါတီမဟုတ်ဘူး။ အရင်ကလဲမလုပ်ခဲ့ဘူး။ အခု လဲမလုပ်ဘူး။ နောက်လဲ လုပ်မှာမဟုတ်ပါဘူး။ ကျနော်တို့က သျှမ်းပြည်မှာရှိတဲ့ တိုင်းရင်းသားတွေ အားလုံး ညီတူညီမျှရှိဖို့ ၁၉၄၇ သဘောတူခဲ့တဲ့ ပင်လုံစာချုပ်ကြီးအတိုင်း လုပ်ဆောင်သွားဖို့ ကျနော်တို့ မူ ချထားတယ်။ သျှမ်းပြည် ကံကြမ္မာကို ဒီအတိုင်းပဲ အကောင်အထည်ဖေါ်သွားဖို့မူချ ထားပါတယ်”

“ဒါ့ကြောင့် နိုင်ငံရေးအဆက်မပျက်ဖို့ တောင်ကြီးမြို့  ခြောက်လပတ် ညီလာခံတက်ဖို့ အာဏာကုန်ရတဲ့ သူတွေကို စေလွှတ်ပေးပါ၊ အစည်းအဝေးဆုံးဖြတ်ချက်ရ ကျနော်တို့ လိုက်လုပ်ပါ့မယ်။ ဗဟိုဦးစီးစနစ်လဲမကျင့်သုံးဘူး။”

တောင်ကြီးမြို့ အနောက်မြောက်ဘက် မိုင် ၇၀ ခန့် ဝေးသည့် အင်တောမြို့ SNLD ရုံးဖွင့်ပွဲသို့ ခွန်ထွန်း ဦး ဆောင်သည့် ရန်ကုန်ရုံးချုပ်အဖွဲ့၊ စဝ်ခမ်းပိုင်ဖှ ဦးဆောင်သည့် တောင်ကြီးမြို့နယ်အဖွဲ့၊ ရပ်စောက် မြို့၊ မိုင်းပွန်မြို့၊ နမ့်ခုတ်မြို့ တို့မှ ပါတီဝင်များအပါဝင်ဒေသခံ ၅၀၀ ထက်မနည်း တက်ရောက်ခဲ့ပါ သည်။
သျှမ်းသံတော်ဆင့်

ဒီမိုကရေစီခေတ်မှာ နိုင်ငံရေးသမားတွေ အဖမ်းမခံရတော့ဘူး၊ မြေသိမ်းခံ တောင်သူလယ်သမားများနှင့် တက်ကြွလှုပ်ရှားသူများသာ ဖမ်းဆီးအရေးယူခံနေရ


လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြနေသော ဒေသခံများနှင့် လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ-ဟိန်းမင်းထက်(မုံရွာ))
သမ္မတဦးသိန်းစိန်အစိုးရ တာဝန်ယူပြီး ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းနေသည့်ခေတ်တွင် နိုင်ငံရေးသမားများ ဖမ်းဆီးခံရခြင်းများ မရှိတော့ဘဲ မြေသိမ်းခံ တောင်သူလယ်သမားများနှင့် တက်ကြွလှုပ်ရှားသူများသာ ဖမ်းဆီးခံနေရကြောင်း သိရသည်။

ယခုနှစ်အတွင်း သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များကြောင့် အကျဉ်းထောင်များအတွင်း ထောင်ဒဏ်ကျခံနေရသော နိုင်ငံရေး အကျဉ်းသား မရှိတော့ဟု ယေဘုယျ ပြောဆိုနေကြသော်လည်း လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ၏ စာရင်းများအရ အကျဉ်းထောင်များအတွင်း နိုင်ငံရေး ပုဒ်မများဖြင့် ၃၃ ဦး ကျန်ရှိနေသေးကြောင်း သိရသည်။

နိုင်ငံရေးလှုပ်ရှားမှုဖြင့် ထပ်မံဖမ်းဆီးခံရသူများ မရှိတော့ဘဲ ဆန္ဒပြ လှုပ်ရှားမှုများကို ဦးဆောင်သူ တက်ကြွလှုပ်ရှားသူများနှင့် မြေသိမ်းခံ တောင်သူလယ်သမားများမှာ ဖမ်းဆီးအရေးယူ တရားစွဲဆို ထောင်ချခံရခြင်းများမှာ ဆက်ရှိနေခဲ့သည်။

၂၀၁၄ ခုနှစ်အတွင်း ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားရသူ ၂၀ ကျော်ရှိပြီး ပုဒ်မ ၄၄၇၊ ၄၂၇ တို့ဖြင့် အရေးယူ တရားစွဲဆိုခံထားရသည့် တောင်သူလယ်သမား ထောင်ချီရှိနေကြောင်း သိရသည်။

“တောင်သူလယ်သမားတွေကိုတော့ ပုဒ်မ ၄၄၇၊ ၄၂၇ နဲ့ တရားဆွဲထားတာ ထောင်ကျော်တယ်။ ပိုက်နက်ကျူးလွန်မှုနဲ့ အကျိုးဖျက်ဆီးမှုတွေပေါ့။ ထောင်ထဲမှာက ၂၀၀ ကျော်ရှိတယ် တောင်သူလယ်သမားအတွက် ဆောင်ရွက်နေတဲ့ လူတွေကိုတော့ ပုဒ်မ ၁၈ နဲ့ တရားစွဲထားတယ်” ဟု လယ်ယာမြေသိမ်းခံ လယ်သမားများဘက်မှ ကူညီဆောင်ရွက်နေသည့် ဦးနေမျိုးဇင်က ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ၏ စာရင်းများတွင်လည်း လက်ရှိအချိန်တွင် အကျဉ်းထောင်အတွင်း ရှိနေသူ နိုင်ငံရေး အကျဉ်းသား ၃၃ ဦးရှိနေပြီး ပြစ်ဒဏ်ချမှတ်ရန် စောင့်ဆိုင်းနေရသူ ၁၄၉ ဦးရှိနေပြီး ထိုသူများမှာ တောင်သူလယ်သမားများဖြစ်ကြောင်း သိရသည်။ ထို့အပြင် ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်းက လူပုဂ္ဂိုလ် ၁၀ ဦး တရားစွဲဆိုခံခဲ့ရပြီး ထိုသူများအနက် ကိုးဦးမှာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ပုဒ်မ ၁၈ နဲ့ အရေးယူ ခံထားရတာက အရင်တုန်းကဆိုရင် ရာနဲ့ချီပြီး ရှိပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာ ၃၁ ရက်မှာ အရင်အမှုတွေ ပြီးပြတ်သွားတာမျိုးရှိတယ်။ ၂၀၁၄ ထဲမှာတော့ အယောက် ၂၀ နီးပါးလောက် ပုဒ်မ ၁၈ နဲ့ တရားစွဲခံရတာတွေ ရှိနေပါသေးတယ်။ သမ္မတရဲ့ ညွှန်ကြားချက်တွေက အောက်ခြေအထိကို မရောက်ဘူး။ အောက်ခြေမှာကလည်း သူတစ်လူ ငါတစ်မင်း ဖြစ်နေတာမျိုးတွေ ဥပဒေစိုးမိုးမှု အားနည်းနေတာမျိုးတွေ ကျွန်တော်တို့ တွေ့နေရပါတယ်။ ဒါဟာ တိုင်းပြည်အတွက် ကောင်းတဲ့အလားအလာ မဟုတ်ပါဘူး” ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) မှ ဦးဘိုကြည်ကဆိုသည်။

“လယ်သမားတွေ ဆန္ဒပြတယ်ဆိုတာ သူတို့ရဲ့ နစ်နာမှုတွေကို ငြိမ်းချမ်းစွာ ဆန္ဒပြတာလေ။ မတရား အသိမ်းခံထားရတာတွေကို ပြန်ပေးဖို့၊ သူတို့ရဲ့ နစ်နာမှုတွေကို ပြန်ကုစားပေးဖို့ သူတို့က ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြတာ။ အဲဒီလို ဆန္ဒဖော်ထုတ်တာကို ပုဒ်မ ၁၈ နဲ့ အရေးယူ ဆောင်ရွက်တာမျိုးဟာ သူတို့ကို မတရားလုပ်သလိုမျိုး ဖြစ်တယ်။ ဆိုလိုတဲ့ သဘောကတော့ ဒီပုဒ်မ ၁၈ ကြီးရှိနေတဲ့ ကာလပတ်လုံးကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ဆိုတဲ့ အခြေခံဥပဒေကပေးတဲ့ အခွင့်အရေးကို ချိုးဖောက်ရာကျသလို လယ်သမား အလုပ်သမား၊ ပြည်သူတွေရဲ့ အခွင့်အရေးကို ချိုးဖောက်ရာကျတယ်” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းဇေယျက ပြောကြားသည်။

“ကျွန်တော်တို့ နိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ့က လက်ခံထားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ဆိုရင်တော့ အားလုံးကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်တယ်။ သူတို့လွတ်မြောက်ဖို့ အမြဲတောင်းဆိုနေပါတယ်။ အဲဒီမှာ ပြောစရာရှိနေတာက တချို့က နည်းနည်းတော့ နာမည်ကြီးချင်တာမျိုးတွေ ရှိတယ်။ အဲဒီလို လူမျိုးကိုကျတော့ သူတို့အတွက် ရပ်ခံပြောရတာ နည်းနည်းခက်ခဲပါတယ်။ အခု ၂၀၁၄၊ ၂၀၁၅ က အရေးကြီးလာပြီ၊ သိမ်သိမ်မွေ့မွေ့နဲ့ ဖြတ်သန်းရတော့မယ့်အချိန် ရောက်လာပြီး အဲဒီ့အချိန်မှာ ဘယ်သူက ဘာလဲဆိုတာ ပိုပြီးတော့ ရှင်းလင်းသွားပါလိမ့်မယ်” ဟု နိုင်ငံရေးအကျဉ်းသားဟောင်း အဖွဲ့မှ ဦးမြင့်အောင်က ဆိုသည်။

တောင်သူလယ်သမားများကို အရေးယူနေခြင်းနှင့် ပတ်သက်၍ စောင့်ကြည့်လျက် ရှိနေသည်ဟု ဦးဘိုကြည်က ပြောကြားသည်။
သမ္မတရဲ့ ညွှန်ကြားချက်တွေက အောက်ခြေအထိကို မရောက်ဘူး။ အောက်ခြေမှာကလည်း သူတစ်လူ ငါတစ်မင်း ဖြစ်နေတာမျိုးတွေ ဥပဒေစိုးမိုးမှု အားနည်းနေတာမျိုးတွေ ကျွန်တော်တို့ တွေ့နေရပါတယ်။ ဒါဟာ တိုင်းပြည်အတွက် ကောင်းတဲ့အလားအလာ မဟုတ်ပါဘူး . . . . .
“လယ်သမားတွေ ထောင်ချခံရတာနဲ့ ပတ်သက်ပြီး အောက်ခြေထိဆင်းဖို့ ကျွန်တော်တို့မှာ အခက်အခဲရှိတယ်။ တချို့ ရှုပ်ထွေးတာတွေလည်း ရှိတယ်” ဟု ဦးဘိုကြည်က ပြောကြားသည်။

ယခုလပိုင်းများအတွင်း ပြည်သူ့အရေးနှင့် ပတ်သက်သော ဆန္ဒပြမှုများ၌ ပါဝင်ဆောင်ရွက်နေသူများ၊ တောင်သူလယ်သမားများကို ပုဒ်မ ၁၈ ဖြင့် အရေးယူ ထောင်ချခြင်း၊ အခြားသော စွဲချက်များဖြင့် အရေးယူခြင်းများ ဆက်တိုက်မြင်တွေ့နေရသည်။


လက်ပံတောင်းတောင်ဒေသခံ တောင်သူတစ်ဦးကို ရဲတပ်ဖွဲ့ဝင်များမှ တားဆီးနေစဉ်
“ကျွန်တော်တို့ မျိုးဆက်တွေက အသက် ၅၀ တန်းကို ရောက်သွားပြီ။ လူကြီးတွေဖြစ်သွားတော့ ဆန္ဒပြတာမျိုးတွေ သိပ်မလုပ်ဖြစ်တော့ဘူး။ လူငယ်တွေကတော့ တက်ကြွတဲ့အရွယ်ဆိုတော့ သူတို့စိတ်ထဲ ရှိတာကို ထလုပ်လိုက်တာပဲ။ ဒါကြောင့် တည်ဆဲဥပဒေနဲ့ ငြိစွန်းကြတာလည်းရှိတယ်” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးရဲအောင်က ဆိုပါသည်။

“နိုင်ငံသားတစ်ယောက်ရဲ့ နစ်နာဆုံးရှုံးမှု ဖြစ်လာခဲ့ရင် ဥပဒေအရ အရေးဆိုနိုင်တဲ့ တရားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ နည်းလမ်းတွေကို လူထုနဲ့ လက်လှမ်းမီဖို့၊ နားလည်ဖို့လိုတယ်။ အဲဒီလို မဟုတ်ရင်တော့ မကျေနပ်လို့ ဆန္ဒပြတဲ့သူတွေက ပြတယ်။ ဖြေရှင်းတဲ့သူကလည်း လက်သိပ်ထိုးပြီးတော့ တရားရုံးပြင်ပမှာ အပေးအယူလုပ်ပြီး ညှိရင်ညှိမယ်။ ဒါမှမဟုတ်ရင် အင်အားသုံးပြီး ဖြိုခွင်းရင်လည်း ဖြိုခွင်းမယ်။ အဲဒီတော့ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ စနစ်တစ်ရပ် မထူထောင်နိုင်သေးတဲ့ အတွက်ကြောင့် ဒီပြဿနာတွေက ဆက်ဖြစ်နေဦးမယ်လို့ မြင်တယ်” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောကြားသည်။

မြန်မာနိုင်ငံ အနှံ့အပြား၌ ဆန္ဒထုတ်ဖော်မှုများမှာ နေ့စဉ်နီးပါး ဖြစ်ပေါ်လျက်ရှိနေပြီး လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဆန္ဒထုတ်ဖော်မှုများနှင့် မြေသိမ်းခံ ကိစ္စများအပေါ် ဆန္ဒထုတ်ဖော်မှုများမှာ အများဆုံး ဖြစ်ပေါ်နေသည်။ လုပ်အားခ နည်းပါးခြင်းအတွက် ဆန္ဒထုတ်ဖော်မှုများ ရှိသည့်နည်းတူ တရားစီရင်ရေးစနစ် ယိုယွင်းမှုအပေါ်လည်း ဆန္ဒပြမှုများ ရှိနေသည်။ ထိုသို့ ဆန္ဒထုတ်ဖော်ကြရာတွင် အစိုးရ၏ ခွင့်ပြုချက်ရယူပြီး ထုတ်ဖော်သူများမှာ အရေးယူခံရမှုနှင့် ကင်းလွတ်ပြီး ခွင့်ပြုချက်မရဘဲ ဆန္ဒပြသူများမှာ တရားစွဲဆို ခံနေရခြင်းဖြစ်သည်။
နိုင်ငံရေးသမား အများစုက သူတို့လိုချင်တဲ့ အပြောင်းအလဲတစ်ခုကို ရောက်ပြီလို့ ယေဘုယျ သုံးသပ်နေတယ်။ အရင်က မရခဲ့တဲ့ လွတ်လပ်စွာ စုဝေးခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်တွေကို ရနေပြီ။ လိုချင်တဲ့ အတိုင်းအတာကို ရရှိပြီလို့ သူတို့ကမြင်တယ်။ လယ်သမားတွေ၊ ပြည်သူတွေကျတော့ သူတို့ရဲ့ ရပိုင်ခွင့်၊ သူတို့ရဲ့ right ကို မရသေးဘူး။ အဲဒီအတွက် သူတို့တိုက်တယ် . . . . .
အခြားတစ်ဖက်တွင်လည်း နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်သူများ အရေးယူခံရမှု မရှိသည့်အချိန်တွင် မိမိတို့၏ အခွင့်အရေး ရပိုင်ခွင့်များအတွက် တောင်းဆိုလှုပ်ရှားနေသော တောင်သူလယ်သမားများ၊ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးအရေးယူမှုများ ရှိနေသဖြင့် ထိုကိစ္စရပ်အတွက် နိုင်ငံရေးသမားများ၏ ရပ်တည်ပေးမှုမှာ အားနည်းလျက် ရှိနေကြောင်း ဝေဖန်မှုများလည်း ရှိပါသည်။

ဥပမာအားဖြင့် ကျူးကျော်များကို အင်အားသုံး ဖယ်ရှားသည့် ဖြစ်စဉ်များ၊ မြန်မာနိုင်ငံအနှံ့ ဖြစ်ပေါ်နေသော လယ်ယာမြေ သိမ်းဆည်းခံရမှုများ အစရှိသော ပြည်သူလူထုနှင့် တိုက်ရိုက်သက်ဆိုင်မှု ရှိနေသည့် ကိစ္စရပ်များ၌ တက်ကြွလှုပ်ရှားသူများသာ ပါဝင်နေပြီး ထင်ရှားသော နိုင်ငံရေးသမားများ နှုတ်ဆိတ်နေကြခြင်းအပေါ် ဝေဖန်နေကြခြင်း ဖြစ်ပါသည်။

ပြည်သူနှင့် တိုက်ရိုက်သက်ဆိုင်နေသော ကိစ္စရပ်များ၊ မြေသိမ်းခံ တောင်သူလယ်သမားများ ထိန်းသိမ်းခံရခြင်း ကိစ္စရပ်များတွင် နိုင်ငံရေးသမားများ နှုတ်ဆိတ်နေရခြင်းသည် နိုင်ငံရေးသမားများနှင့် ပြည်သူလူထုအကြား ခံယူချက်များ ကွဲပြားနေသည့်အတွက်ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောကြားသည်။

“အခုချိန်မှာ နိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေရဲ့ အမြင်က မတူသလို ဖြစ်နေတယ်။ ကျွန်တော်မြင်တာပေါ့။ နိုင်ငံရေးသမား အများစုက သူတို့လိုချင်တဲ့ အပြောင်းအလဲတစ်ခုကို ရောက်ပြီလို့ ယေဘုယျ သုံးသပ်နေတယ်။ အရင်က မရခဲ့တဲ့ လွတ်လပ်စွာ စုဝေးခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်တွေကို ရနေပြီ။ လိုချင်တဲ့ အတိုင်းအတာကို ရရှိပြီလို့ သူတို့ကမြင်တယ်။ လယ်သမားတွေ၊ ပြည်သူတွေကျတော့ သူတို့ရဲ့ ရပိုင်ခွင့်၊ သူတို့ရဲ့ right ကို မရသေးဘူး။ အဲဒီအတွက် သူတို့တိုက်တယ်။ တောင်းဆိုတယ်။ အဲဒါက သူတို့ရဲ့ ဘ၀ကပေးတဲ့ လက်တွေ့အသိဗျ” ဟု ကိုကျော်ကိုကိုက ပြောကြားသည်။

ပြည်သူများအနေဖြင့် ၎င်းတို့၏ဘ၀ကပေးသော လက်တွေ့အသိဖြင့် ရပိုင်ခွင့်များအတွက် တိုက်ပွဲဝင်လာချိန်တွင် နိုင်ငံရေသမား အများစုမှာ မိမိတို့၏ အဖွဲ့အစည်း ရှင်သန်ရေး တစ်ခုတည်းကိုသာ အာရုံစိုက်နေကြသည်ဟု ကိုကျော်ကိုကိုက ဝေဖန်သည်။

“နိုင်ငံရေးသမားတွေကျတော့ သူတို့လောက် အခက်အခဲ မတွေ့ခဲ့ကြဘူး။ ဒီအချိန်မှာ သူတို့က အဖွဲ့အစည်း ရှင်သန်ရေး၊ အစိုးရနဲ့ ပြေလည်ရေး လမ်းကြောင်းကိုပဲ ဖွင့်ထားပြီး ရတဲ့ space ထဲမှာ အဲဒါကိုပဲ ဆုပ်ကိုင်ထားပြီး ထိပ်တိုက်တွေ့ရမယ့် ကိစ္စတွေမှာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး အတိုက်အခံလုပ်ပြောတာတွေ မရှိတော့ဘူး” ဟု ကိုကျော်ကိုကိုက ပြောကြားသည်။


လက်ပံတောင်းတောင်အနီး ဒေသခံတောင်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပဋိပက္ခအသွင် ဖြစ်ပေါ်နေစဉ်
တစ်ချိန်က နိုင်ငံရေးသမားများမှာ လက်ရှိအချိန်တွင် ချဉ်းကပ်မှု ပြောင်းလဲသွားသည်ဟု ယူဆကြောင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးဝင်းချိုက ပြောပါသည်။

“သူတို့က တိုင်းပြည်ကို ကောင်းစားအောင် ဘယ်လိုလုပ်မယ်ဆိုတဲ့ အပြုသသောဆောင်သော ချဉ်းကပ်မှုကို သူတို့က ပြောင်းလဲသွားတယ်။ ကျွန်တော်တို့က တိုင်းပြည်ကို ဘယ်လိုတိုးတက်အောင်၊ ဖွံ့ဖြိုးအောင် လုပ်မလဲဆိုတဲ့ အရေးထက် မဖွံ့ဖြိုး၊ မတိုးတက်အောင် လုပ်နေတဲ့ဟာတွေက ဘယ်အရေးဖြစ်တယ်ဆိုတာ မီးမောင်းထိုးပြတဲ့ သူတွေဖြစ်တယ်။ အဲဒါကို သူတို့က အဆိုးမြင်ချဉ်းကပ်မှုလို့ ဆုံးဖြတ်သလားတော့ မသိဘူး” ဟု ပုဒ်မ ၁၈ ဖြင့် မကြာခဏ စွဲချက်တင်ခံခဲ့ရသော ဦးဝင်းချိုကဆိုသည်။

မျက်မှောက်ခေတ် လက်တွေ့အခြေအနေများတွင် တောင်သူလယ်သမား ကိစ္စတွင်သာမက ပြည်သူလူထုနှင့် တိုက်ရိုက်သက်ဆိုင်သော ကိစ္စရပ်တိုင်းတွင် တိတိကျကျ ပါဝင်ခြင်းကို မတွေ့ရကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောကြားသည်။

“အခုလောလောဆယ် နိုင်ငံရေးသမားတွေက ဘယ်ကိစ္စမှာမှ မပါဝင်ဘူး။ တိတိကျကျ ပါဝင်တယ်ဆိုလို့ ဘယ်မှာမှမရှိဘူး။ ပြောမယ်ဆိုရင် လယ်သမားကိစ္စတင် မကဘူး။ မြစ်ဆုံအရေးတို့၊ လက်ပံတောင်း အရေးတို့မှာလည်း တိတိကျကျပါဝင်တာ ဘယ်သူမှမရှိဘူး။ တစ်ခါတလေ Events တွေမှာ အသံလေး နည်းနည်းထွက်ပြီး အဲဒီမှာ Credit ယူသွားတာလောက်ပဲ ရှိတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမှာက နိုင်ငံရေးသမားတွေက တကယ့်တိတိကျကျ အဆုံးထိ လုပ်မယ့်သူတွေက မရှိဘူး ဖြစ်နေတယ်။ အဲဒါကြောင့် ကျွန်မတို့နိုင်ငံက ဒီလိုပဲ အခုထိ ရှိနေတယ်လို့ ယူဆတယ်” ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောကြားသည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၆၈ ရာခိုင်နှုန်းမှာ တောင်သူလယ်သမားများ ဖြစ်နေသည့်အတွက် ထိုသူများဘက်မှ နိုင်ငံရေးသမားများက ရပ်တည်သင့်သည်ဟု ဒေါ်ခွန်ဂျာက ပြောကြားသည်။

“မြန်မာနိုင်ငံမှာ တောင်သူလယ်သမားက တရားဝင်အားဖြင့် အစိုးရ အသိအမှတ်ပြုတာက ၆၈ ရာခိုင်နှုန်းလောက် ရှိတယ်။ အဲတော့ လောလောဆယ်အနေနဲ့ အဲဒီ တောင်သူလယ်သမားတွေရဲ့ ကိစ္စပေါ့။ အထူးသဖြင့် မြေသိမ်းမှု ကိစ္စပေါ့။ အဲဒီကိစ္စတွေကို မကိုင်တွယ်ဘူး ဆိုရင်တော့ ဒီနိုင်ငံရေးသမားတွေက ဘယ်လိုရပ်တည်မလဲပေါ့။ အထူးသဖြင့် ကျွန်မအနေနဲ့ ဆိုရင်တော့ ၂၀၁၅ မှာ မဲဆွယ်ရင် တောင်သူလယ်သမား ကိစ္စကို ကိုင်တွယ်တဲ့ သူတွေကို မဲပေးဖို့ဆိုတာပဲ။ ဘာဖြစ်လို့လဲဆိုရင် တောင်သူလယ်သမားက အများစုဖြစ်နေလို့ပါ” ဟု ဒေါ်ခွန်ဂျာက ဆိုသည်။

“နိုင်ငံရေးသမားတွေကို ပြောချင်တာကတော့ လူကိုယ်တိုင်ရောက်ပြီး ပြဿနာ မဖြေရှင်းပေးနိုင်ရင်တောင်မှ တချို့ကိစ္စတွေက လွှတ်တော်ဆိုရင်လည်း လွှတ်တော်က မေးခွန်းတွေထုတ်ပြီး ဝေဖန်ပြောကြားတာတွေ၊ နောက် မီဒီယာတွေကနေ ကိုယ့်ရဲ့သဘောထား အမြင်တွေ မှတ်ချက်ပေးတာမျိုးတွေ စသဖြင့်တော့ လုပ်သင့်တယ်လို့တော့ ထင်တယ်” ဟု နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုမိုဃ်းသွေးက ပြောကြားသည်။

နိုင်ငံရေးသမား ဆိုသည်မှာ ပြည်သူများနှင့် တစ်သားတည်း ရပ်တည်ကြရမည့်သူများဖြစ်ပြီး ၎င်းတို့၏ လုပ်ဆောင်ချက်များကို ပြည်သူက ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောဆိုမှုများ ရှိပါသည်။

“နိုင်ငံရေးသမားဆိုတာ ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ရမှာပဲ။ တောင်သူလယ်သမားတွေ ဆိုတာက ပြည်သူတွေထဲက ပြည်သူပဲ။ ဒီလိုပြည်သူရှေ့က မရပ်ဘူး၊ ပြည်သူတွေအတွက် အလုပ်မလုပ်ဘူးဆိုရင် သူတို့ကို ပြည်သူတွေက ဆုံးဖြတ်လိမ့်မယ်” ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ကော်မတီ (AAPP) မှ ဦးဘိုကြည်က ပြောကြားခဲ့သည်။

Written by: 
သတင်းအယ်ဒီတာအဖွဲ့(Eleven Media Group)

မြဝတီ-မဲဆောက် နယ်စပ်ဂိတ် တံတား အချိန်တိုးချဲ့ဖွင့်လှစ်မယ်

ထိုင်း-မြန်မာနယ်စပ် ဂိတ်တခုဖြစ်တဲ့ မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတား ဂိတ်ဖွင့်လှစ်ထားမှုကို ထိုင်းအာဏာပိုင် တွေက အချိန် နာရီတိုးချဲ့ဖို့ သဘောတူ လိုက်ပြီဖြစ်ပါတယ်။ 


 မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတား နယ်စပ်ဂိတ်မြင်ကွင်း၊ ဓာတ်ပုံ- အိမ့်သံစဉ် /ဧရာဝတီ
ယခင်က မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိသာ နယ်စပ်ဂိတ်ကို ပုံမှန်အားဖြင့် တရားဝင် ဖွင့်လှစ် ထားခဲ့ရာက အခုဆို ည ၁၀ နာရီအထိ တိုးချဲ့ ခဲ့တာဖြစ်ပြီး နောက်ထပ် အချိန် ၄ နာရီ ခွဲ အချိန်တိုးမြှင့် ဖွင့်လှစ်လိုက်တာ ဖြစ်တယ် လို့ ယနေ့ ဘန်ကောက်ပို့စ် သတင်း တခုမှာ ဖော်ပြထားပါတယ်။ 

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်က ထိုင်း-မြန်မာ နယ်စပ်ကော်မတီ ( TBC) ဥက္ကဋ္ဌ မဲဟောင်
ဆောင်ရှိ အမှတ် ၄ တပ်မဟာ တပ်မှူး ဗိုလ်မှူးကြီး Therdsak Ngamsanong က ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား၌ စစ်ဆေး လုပ်ကိုင်သည်မှာ တိတိကျကျ ပြောရရင် ယခင်က မနက် ၆ နာရီက ညနေ ၅ နာရီထိသာ နေ့စဉ် ဖွင့်လှစ်လုပ်ကိုင်ခဲ့ တာဖြစ်ပြီး အခုဆို ည ၁၀ နာရီထိ နေ့စဉ် ဖွင့်လှစ်သွား
တော့မှာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်ကို ပြောသွားပါတယ်။ 

ဒါကြောင့် မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတား ဖွင့်လှစ်ချိန်ဟာ အခုလို အချိန်တိုးချဲ့ပေးလိုက်လို့ နံနက် ၆ နာရီ ကနေ ည ၁၀ နာရီထိ ဖြစ်သွားမှာလို့ သူက ဆက်ပြောထားပါတယ်။ 

ဘယ်နေ့က စပြီး အခုလို အချိန် တိုးချဲ့သွားမယ်ဆိုတာကိုတော့ အဲဒီသတင်းမှာ ဖော်ပြထားတာ မရှိပါဘူး။


ဒါပေမယ့် ဒီရက်ပိုင်းမှာ စတင်လိမ့်မယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေတော့ မြဝတီ- မဲဆောက် ချစ်ကြည်ရေး တံတားဂိတ်အနီးက လူတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။ 

ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်မှု အရှိန်ရလာတာကြောင့် ထိုင်း အာဏာပိုင်တွေအနေနဲ့ ထိုင်း လုပ်ငန်းရှင်
တွေရဲ့ တောင်းဆိုမှုတွေကြောင့် အခုလို အချိန်တိုးမြှင့်သတ်မှတ်ပေးလိုက်တာဖြစ် တယ်လို့ မြ၀တီ-မဲဆောက်က ထိုင်းနဲ့ မြန်မာ လုပ်ငန်းရှင်တချို့က ပြောပါတယ်။ 

အိမ့်သံစဉ် ~ ဧရာဝတီ Blog