Pages

Friday, April 4, 2014

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျာမဏီနဲ့ ပြင်သစ်ခရီးစဉ်ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျာမဏီနဲ့ ပြင်သစ်နိုင်ငံခရီးစဉ် နဲ့ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ထုတ်ပြန်လာပါတယ်။ 


ဥရောပပါလီမန်က ၁၉၉၀ ခုနှစ်အတွက် ချီးမြှင့်သည့် လူ့ အခွင့်အရေးဆု (Sakharov Prize) ကို ယမန်နှစ် 
အောက်တိုဘာလ ၂၂ ရက်နေ့က ပြင်သစ်နိုင်ငံ စထရာဘုဂ်မြို့မှာ ဒေါ်အောင်ဆန်းစုကြည် လက်ခံယူစဉ်

ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဂျမဏီနဲ့ ပြင်သစ်နိုင်ငံခရီးစဉ်တွေမှာ လိုက်ပါမယ့်သူတွေကတော့ 
ဒေါက်တာ တင်မာအောင်၊ ဦးမင်းဦးနဲ့ ဦးဖြိုးဇေယျာသော်တို့ပဲ ဖြစ်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ဧပြီလ ၉ ရက်နေ့မှာ မြန်မာနိုင်ငံက စတင်ထွက်ခွာပြီး ဂျာမဏီ နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ 

ဧပြီလ ၁၄ ရက်နေ့မှာတော့ ပြင်သစ်နိုင်ငံကို ခရီးဆက်မှာဖြစ်ပြီး ဧပြီလ ၁၆ ရက်နေ့မှာတော့ ပြင်သစ်နိုင်ငံ က ထွက်ခွာမှာဖြစ်ပြီး မြန်မာနိုင်ငံကို ဧပြီလ ၁၇ ရက်နေ့ ပြန်လည် ရောက်ရှိမှာဖြစ်ပါတယ်။ 



အိမ့်သံစဉ် ~

မြစ်ဆုံစီမံကိန်း အပြီးအပိုင် ရပ်ဆိုင်းရေး လမ်းလျှောက်ဆန္ဒပြသူများ အောင်လံသို့ ရောက်ရှိစဉ် ဒေသခံ တစ်ထောင်ကျော် ပူးပေါင်းဆန္ဒပြ


မြစ်ဆုံစီမံကိန်း အပြီးအပိုင် ရပ်ဆိုင်းရေး လမ်းလျှောက်ဆန္ဒပြသူများနှင့် အောင်လံဒေသခံများ ဧပြီ ၂ ရက်က အောင်လံတွင် ဆန္ဒပြနေကြစဉ်
April 3, 2014
မြစ်ဆုံစီမံကိန်း အပြီးအပိုင် ရပ်ဆိုင်းရေး ရန်ကုန်မြို့မှ မြစ်ဆုံဒေသသို့ လမ်းလျှောက်ဆန္ဒပြသူများ ဧပြီ ၂ ရက်က အောင်လံမြို့သို့ ရောက်ရှိလာပြီး ဒေသခံပြည်သူ တစ်ထောင်ကျော်ကလည်း ပူးပေါင်းဆန္ဒပြခဲ့ကြောင်း သိရသည်။
ယင်းမြစ်ဆုံစီမံကိန်း အပြီးအပိုင် ရပ်ဆိုင်းရေး လမ်းလျှောက်ဆန္ဒပြမှုကို နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချူပ် (နိုင်ငံရေး အကျဉ်းသားဟောင်းများ အင်းအားစုကော်မတီ)မှ ဦးဆောင်ခြင်းဖြစ်ပြီး မတ် ၂၃ ရက် ကစတင်၍ ရန်ကုန်မြို့မှ လမ်းလျှောက်ခဲ့ခြင်းဖြစ်ကာ မြစ်ဆုံဒေသရှိ CPI တရုတ် ကုမ္ပဏီအထိ လမ်းလျှောက်ဆန္ဒ ပြသွားမည်ဖြစ်ကြောင်း သိရသည်။
"တစ်အချက်ကတော့ မြစ်ဆုံစီမံကိန်း ထာဝရဖျက်သိမ်းရေးကို တောင်းဆိုမယ်။ နှစ်အချက်က ဒီမြစ်ဆုံစီမံကိန်းကြီးကို ကေအိုင်အေနဲ့ ကေအိုင်အိုတို့ကလည်း ကန့်ကွက်ထားတယ်။ ဒါကြောင့်ဆက်လုပ် နေမယ်ဆိုရင် အပစ်အခတ် ရပ်စဲရေးလုပ်ငန်းတွေ အဆင်မပြေနိုင်ဘူး။ ဒီလိုဆိုပြည်တွင်း စစ်ကလည်း တောက်လောင်နေဦးမှာပဲ။ ဒေသခံတွေကလည်း ဒီမြစ်ဆုံစီမံကိန်းကြီးကို လက်မခံဘူး။ အစ်ကိုတို့ နိုင်ငံသူ နိုင်ငံသားတွေကလည်း မနှစ်သက်ဘူး။ မနှစ်သက်ဘူး ဆိုတာက လူဦးရေသန်းပေါင်း ၆၅ သန်းနဲ့ အကျိုးစီးပွား သက်ဆိုင်နေတဲ့ အတွက်ကြောင့် မနှစ်သက်တာ။ ဒီမြစ်ဆုံစီမံကိန်းက ရရှိလာမယ့် အကျိုးစီးပွားက လက်တစ်ဆုပ်စာ လောက်တောင် မရှိဘူး။ ဘာမဟုတ်တဲ့ အကျိုးစီးပွားလေး အတွက်နဲ့ ပြည်သူတွေရဲ့ဘ၀ကို မစတေးနိုင်ဘူး။ အစ်ကိုတို့က မြစ်ဆုံစီကိန်းကြီးကို ထာဝရ ဖျက်သိမ်းချင်တယ်။ နှစ်အချက်ကတော့  ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်နေတယ်။ သုံးအချက်ကတော့ ဒီစီမံကိန်းကို ဖျက်သိမ်းဖို့ လွှတ်တော်နဲ့ နိုင်ငံတော်သမ္မတကြီးမှာ တာဝန်ရှိပါတယ်" ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်ပြီး ဆန္ဒပြမှုကို ဦးဆောင်သူ ကိုရဲထွဋ္ဋ်ခေါင်က ပြောကြားသည်။
ယင်းဆန္ဒပြမှုတွင် မြစ်ဆုံစီမံကိန်း အပြီးအပိုင် ရပ်ဆိုင်းရေး ဒို့အရေး။ ဧရာဝတီမြစ် ဖျက်ဆီးသူ ဒို့ရန်သူ။ ဧရာဝတီ ကာကွယ်ရေး ဒို့အရေး စသောကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြသည်။ အဆိုပါ မြစ်ဆုံစီမံကိန်း အပြီးအပိုင် ရပ်ဆိုင်းရေး ဆန္ဒပြသူများမှာ ဧပြီ  ၃ ရက်တွင် အောင်လံမြို့မှတစ်ဆင့် တောင်တွင်းကြီးမြို့သို့ ဆက်လက် ထွက်ခွာသွားခဲ့သည်။

သက်ပိုင်ဇော်(အောင်လံ) Eleven Media Group

သမီးကလေးကျေးရွာသားတွေ မွန်ပြည်နယ်မှာ အခက်အခဲတွေ့



DKBA နှင့် လိုက်ပါသွားသော သမီးကလေးကျေးရွာ သားများကို မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ခရိုင်ချင်းဆက်သွယ်သော တံတားတွင် ကရင်ပြည်နယ် အစိုးအဖွဲ့က တားဆီးစဉ်(ဧပြီ ၃)



Photo- Thet Khaing & Coko Dmoe
ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့နဲ့ ဧပြီလ ၃ ရက်နေ့ မနေ့ကမနက်ပိုင်းက လိုက်ပါသွားကြတဲ့ ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ်က သမီးလေးကျေးရွာ၊ အင်းမတီးနဲ့ ဒေါ်ကာလီကျေးရွာက မြေယာမဲ့ဒုက္ခသည် သုံးရာကျော်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်ထဲ ၀င်ခွင့်မပေးတဲ့အတွက် ဒုက္ခသည်တွေဟာ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲမှာ ခိုလှုံနေတယ်လို့ သိရပါတယ်။

မြေယာမဲ့ ဒုက္ခသည်တွေဟာ ကျိုက်မရောမြို့နယ်က ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတယ်လို့ ဒုက္ခသည်တွေနဲ့အတူ လိုက်ပါသွားတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ဦးဇော်ဝင်းက ပြောပါတယ်။

"ကရင်ပြည်နယ်ကို လုံခြုံရေးဝန်ကြီးကနေပြီးတော့ တားထားလို့ ဘယ်မှထွက်လို့မရဘူး ဖြစ်နေတယ်၊ အဲတော့ မော်လမြိုင်တစ်ကြောမှာရှိတဲ့နေရာကို DKBA က ဗိုလ်မှူးကြီးက အကူအညီပေးပြီးတော့ သမီးကလေးကျေးရွာသားတွေရော အကုန်လုံး ကျိုက်မရော ဘုန်းကြီးကျောင်းမှာ နေရာပေး ထမင်းလည်းကျွေးပြီးတော့ ကောင်းကောင်းမွန်မွန်နားပြီးတော့ အဲ့မှာအိပ်ကြတယ်၊ "

အဲဒီမြေယာမဲ့ ဒုက္ခသည်တွေကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့က ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ သောင်ရင်းချောင်းနယ်စပ်က ကျောက်ခတ်ရွာမှာ အခြေချနေထိုင်ဖို့အသွားမှာ မနေ့က နေ့လယ်လောက်က ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် ဒုံသမိတံတားနားအရောက်မှာ ရာနဲ့ချီတဲ့စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက တားမြစ်ခဲ့တာပါ။

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့ဝင်တွေဟာ ကရင်ပြည်နယ်ထဲ ဖြတ်သန်းခွင့်ရဖို့အတွက် ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းနေတယ်လို့ သိရပါတယ်။

RFA Burmese

ဖိလစ်ပိုင်သို့ ဦးတည်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း 05W(FIVE) မုန်တိုင်းဖြစ်လာတော့မည်


ပစိဖိတ် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း 05W FIVE သည် ပိုမိုအားကောင်းလာပြီး ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲပိုင်းမှ စတင်၍ အပူပိုင်း မုန်တိုင်းအဆင့်သို့ ရောက်ရှိလာမည် ဖြစ်ကြောင်း၊ အနောက်-အနောက်မြောက်ဘက် – ဖိလစ်ပိုင်ပင်လယ်မှတစ်ဆင့် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းသို့ ဦးတည်ရွေ့လျားနိုင်မည်ဖြစ်ကြောင်း JTWC နှင့် TSR တို့မှ ခန့်မှန်းပုံဖေါ်ချက်များတွင် တွေ့ရပါသည်။
ဧပြီလ ၉ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ အရှေ့တောင်ဘက် မိုင် ၇၄ဝ သို့ ရွေ့လျား ရောက်ရှိချိန်၌ မုန်တိုင်း 05W(FIVE)သည် အင်အား အကောင်းဆုံး(ဗဟိုလေတိုက်နှုန်း 60 knots)သို့ ရောက်ရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။
By mmweather.ygn





သမ္မတနဲ့ကာချုပ် ဖွဲ့စည်းပုံ ပြင်ဆင်လိုခြင်း မရှိလို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

 
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒီရက်ပိုင်းအ တွင်း ပြောဆိုခဲ့တဲ့ စကားတွေကို ထောက်ရှုရင် အဲဒီပုဂ္ဂိုလ် နှစ်ဦးအနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဆင်လိုခြင်း မရှိဘူးလို့ သုံးသပ်နိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။

"ဒီပြောဆိုတဲ့စကားတွေကြည့်ရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်ချင်ကြဘူးလို့ပဲ ဒီလိုပဲမြင်ရမှာပေါ့၊ အဲဒီစကားတွေက ပြင်ချင်တဲ့ပုံစံမှ မဖေါ်ပြတာ"

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းရာမှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့တဲ့ အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို လွှတ်တော်အဆင့်ဆင့် တင်ပြရမှာဖြစ်သလို သတင်းစာတွေကနေ ပြည်သူလူထုကို ထုတ်ပြန်အသိပေးပြီး အကြံဥာဏ်တွေရယူကာ ပြင်ဆင်သင့်တဲ့အချက်တွေကို ပြင်မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာဖွဲ့စည်းခွင့် ကို အခုမူကြမ်းမှာ ထည့်သွင်းထားခြင်း မရှိတဲ့အတွက် ဝေဖန်နေကြတာနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ ဒါဟာ အမြင်မှားယွင်းမှုဖြစ်ပါတယ် လို့ ဖြေကြားခဲ့ပါတယ်။

" ဒီအမျိုးသားပညာရေး ဥပဒေထဲမှာ ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်လို့ ဘာမှမပါဘူး၊ ဒီဟာက အမျိုးသားပညာရေး ဥပဒေပဲ၊ ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်လို့ကတော့ နောက်အဆင့်မြင့် ပညာရေးဥပဒေတွေမှာ ပါလာမှာပဲ၊ သူ့နေရာကျမှ သူပါလာမှာ"
တဆက်တည်းမှာပဲ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲ အပေါ်သဘောထား၊ လွှတ်တော်အမတ်တွေရဲ့ ခေါင်းပေါင်း ယဉ်ကျေးမှုနဲ့ ယူကရိန်းနိုင်ငံအရေးအခင်း ဆိုင်ရာ သဘောထားတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

RFA Burmese

ဆရာကြီးဦးဝင်းတင်၏ ကျန်းမာရေး အစိုးရ တာဝန်ယူ လျက်ရှိ အထူးခြားဆုံး ဂုဏ်ပြုခံရခြင်း အဖြစ် သုံးသပ်


ရန်ကုန်၊ ဧပြီ ၃

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ၊ ၀ါရင့်သတင်းစာ ဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ကျန်း မာရေး စောင့်ရှောက် ကုသမှု အ၀၀ ကို ပြည်ထောင်စု အစိုးရအဖွဲ့၊ ကျန်းမာရေး ၀န်ကြီးဌာနမှ ပြည်ထောင်စု ၀န်ကြီး ညွှန်ကြားချက်ဖြင့် မိသားစုထံ ခွင့်ပန်ကာ အစိုးရစရိတ်ဖြင့် လက်ရှိ အထူးကြပ်မတ် ဆေးဝါးကုသရမှု အားလုံးကို တာဝန်ယူ ဆောင်ရွက်ပေး လျက်ရှိကြောင်း ဆရာကြီးဟံသာဝတီ ဦးဝင်းတင်အား အနီးကပ် စောင့်ရှောက်နေသူများက မြန်မာသံတော်ဆင့်သို့ ပြောသည်။

““သူတို့ လုပ်ပေးပါရစေဆိုပြီး ခွင့်တောင်းပြီး အခုကျန်းမာရေး ကုသမှုတွေ အကုန်လုံးကို ကျန်းမာရေး ၀န်ကြီး ဌာနက တာဝန်ယူထားတယ်။ အခု ဆေးရုံကြီးက ကုသမှုတွေတင်မကဘူး အပြင်မှာ ဆေးဝါး ၀ယ်တာတောင်မှ သူတို့ပဲ အကုန်လုံး တာဝန်ယူထားတယ်”” ဟု ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာရေး ကုသမှုတွင် အနီးကပ်ရှိနေသူ ဦးမောင်မောင်နိုင်က ပြောသည်။

ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်သည် သူ့၏ အသက် ၈၄ နှစ်ပြည့် မွေးနေ့ ရက်ဖြစ်သော မတ်လ ၁၂ ရက်နေ့မှ စတင်ကာ ကျန်းမာရေး ကုသမှု ပြုလုပ်ရန် Green Cross ဆေးရုံသို့ တက်ရောက်ခဲ့ရပြီး မတ်လ ၂၅ရက်နေ့ တွင် စိုးရိမ်ဖွယ် ကျန်းမာရေး အခြေအနေကြောင့် ၀ိတိုရိယ အထူးကုဆေးရုံကြီးသို့ ပြောင်းရွှေ့ ဆေးဝါးကုသ ခဲ့ရသည်။ ထို့နောက် မတ်လ ၂၉ ရက် မနက်ပိုင်းတွင် အဆိုးဝါးဆုံး ကျန်းမာရေး အခြေအနေသို့ ရောက်ရှိ လာသဖြင့် မြန်မာနိုင်ငံအတွင်း ခေတ်မီ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ အစုံအလင်ဆုံးဖြစ်သည့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်သို့ ထပ်မံပြောင်းရွှေ့ ဆေးကုသမှု ခံယူခဲ့ရခြင်းဖြစ် သည်။

မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ အဆုတ်မှတစ်ဆင့် လေ၀င်ကာ အူမကြီး အနာဖြစ်ခြင်းကြောင့် သွေးယိုစီးကာ သတိမေ့မြောသွားပြီး ယနေ့အထိ သတိလစ် မေ့မြောနေသည့် စိုးရိမ်ဖွယ် အခြေအနေကြောင့် ပြည်ထောင်စု အစိုးရအဖွဲ့ ညွှန်ကြား ချက်ဖြင့် မြန်မာနိုင်ငံရှိ ထိပ်တန်းဆရာဝန်ကြီးများ၏ နေ့စဉ်တိုင်ပင် ဆုံးဖြတ် စိစစ်ချက်ဖြင့် ဆေးကုသ ဆောင်ရွက်လျက် ရှိသည်။

နှစ်ပေါင်းများစွာ မြန်မာ့ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာရေးသား ထုတ်ဖော် ပြောဆိုခွင့်များ အတွက် ဆောင်ရွက်ခဲ့ခြင်းကြောင့် နှစ်ရှည်နိုင်ငံရေး အကျဉ်းသားတစ်ဦးအဖြစ် ယခင်စစ်အာဏာရှင် အစိုးရက အကျဉ်းချထားမှု ခံခဲ့ရကာ အန္တရာယ်အရှိဆုံး အတိုက်အခံတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည့် ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို ယခုကဲ့သို့ (ဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ယူဆချက်အရ) ““စစ်အာဏာရှင် အသွင်ပြောင်း အရပ်သားအစိုးရ””က ယခုကဲ့သို့ဆရာကြီး၏ စိုးရိမ်ဖွယ် ကျန်းမာရေး အခြေအနေ ရောက်ရှိနေမှုကို အလေးထား တာဝန်ယူ ဆောင်ရွက်ပေးနေခြင်းသည် မြန်မာ့နိုင်ငံရေးသမိုင်း၌ အထူးခြားဆုံးသော ဂုဏ်ပြု အသိအမှတ်ပြုခံရခြင်း တစ်ရပ်အဖြစ် ဆရာကြီးနှင့် နီးစပ်သူ အသိုင်းအ၀ိုင်းက သုံးသပ်လျက်ရှိသည်။

ဆရာကြီးဟံသာဝတီဦးဝင်းတင်၏ ကျန်းမာရေး စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်ပေါ်နေစဉ် စစ်အစိုးရ အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးဦးနေ၀င်း၏ သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းနှင့် သားဖြစ်သူလည်း ဆရာကြီး၏ ကျန်းမာရေး အခြေအနေကို စိုးရိမ်မှုကြောင့် ကုသစောင့်ရှောက်မှု အခြေအနေများကို မတ်လ ၂၈ ရက်တွင် လာရောက်တိုင်ပင် ဆွေးနွေးခြင်း ပြုလုပ်ခဲ့ကြောင်း ဦးမောင်မောင်နိုင်က ပြောသည်။

ဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ သတင်းစာ သြ၀ါဒခံတစ်ဦးဖြစ်သည့် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်း ဒုအယ်ဒီတာချုပ် ဦးအံ့ခေါင်မင်းက ““တစ်ခါက ဘဘ ပြောဖူးတဲ့ စကားတစ်ခွန်းရှိတယ်။ ငါ့အိတ်ကပ်ထဲမှာ ကလေး မုန့်ဖိုးပေးဖို့တောင် မရှိဘူး၊ ရသမျှ လာကန်တော့ တာတွေကော စာမူခအနေနဲ့ ရတာတွေကော ဖောင်ဒေးရှင်းအတွက် အကုန်ပေးလိုက်တာပဲတဲ့။ ဘဘပြောသလိုပဲ သူ့အနေနဲ့ ပိုင်ဆိုင်မှု တစ်ခုမှ မရှိပေမယ့် ဘဘရဲ့ အသက်ရှင်သန်ဖို့အတွက် ဆိုရင် အသက်ကို ရွှေနဲ့ဆက်ပြီး ၀ယ်ပေးမယ့်သူတွေ၊ ကိုယ့်အသက်နဲ့ ထပ်ပြီး အလိုက်ပေးမယ့် သူတွေ ရေတွက်လို့တောင် ရမှာမဟုတ်ဘူး။ သို့သော် ဒါဟာ ဘဘကို အစဉ်တစိုက် ကြည်ညို လေးစားခဲ့တဲ့သူတွေ လက်ရှိ မြန်မာ့နိုင်ငံရေးရဲ့ ညစ်ပတ် ပုပ်ပွနေတဲ့ အခြေအနေမှာ ဘဘလို တကယ့် ကိုယ်ကျိုးစွန့် အရေးတော်ပုံ တပ်သားတစ်ယောက် ရပ်တည်ပေးနေဖို့ အလိုအပ်ဆုံး ဖြစ်တယ်ဆိုတာ ခံယူထားကြသူတွေပဲ။ အခုလို အကြီးမားဆုံး ရန်သူကြီး တစ်ယောက်အဖြစ် သတ်မှတ်ပြီး ပြုမူခဲ့တဲ့သူတွေက အလေးဂရုပြုနေကြတာက အခုအချိန်မှာ မြန်မာ့နိုင်ငံရေးသမိုင်း တစ်လျှောက်မှာ အထူးခြားဆုံး ကြီးကျယ် မြင့်မြတ်တဲ့ ဂုဏ်ပြု အသိအမှတ်ပြု ခံရခြင်းလို့ ပြောရမှာပဲ။ ကျွန်တော်ကတော့ ဘဘ ဟာ သေလုမြောပါး ဝေဒနာနဲ့ ဘ၀ရှင်သန်ရေး လွန်ဆွဲနေရတဲ့ အချိန်မှာတောင် ကျွန်တော်တို့ အားလုံးအတွက် သူပေးနိုင်သမျှ ပေးဆပ် နေတုန်းပဲလို့ ပြောချင်တယ်။ ဘာကြောင့်လဲ ဆိုတော့ လက်ရှိ နိုင်ငံရေး၊ သတင်းစာလောက အားလုံး လိုက်နာ ဆောင်ရွက်သင့်တဲ့ သူ့ရဲ့လမ်းစဉ်ကို သက်သေပြလိုက်တာပဲ”” ဟု ပြောသည်။

ဆရာကြီးဟံသာဝတီ ဦးဝင်းတင်၏ လက်ရှိကျန်းမာရေး အခြေအနေ မှာ မတ်လ ၂၅ ရက်နေ့ ကျန်းမာရေး အခြေအနေထက် ပိုမို တိုးတက်လာသည့် အခြေအနေရှိသော်လည်း စိတ်ချရသည့် အခြေအနေ မရှိသေးဘဲ ကျန်းမာရေး ပုံမှန်ပြန်လည် ကောင်းမွန်လာရန် ရာခိုင်နှုန်း ၅၀ အောက်သာ ရှိသေးကြောင်း ရန်ကုန် ဆေးရုံအုပ်ကြီး ဒေါက်တာလှမြင့်က ပြောသည်။

MH-0099

Myanmartandawsint Newspaper

လယ်သမား ကူညီပေးရေးဌာနတွေ ဖွင့်လှစ်ဖို့ ကလင်တန်ဖောင်ဒေးရှင်း ကူညီမည်

 
ကျေးလက်နေ တောင်သူတွေကို အကူအညီတွေ ပေးနိုင်မယ့် Farmer Center တွေ ဖွင့်လှစ်ဖို့ ကိစ္စ နိုင်ငံ တကာ လူမှုရေး အသင်း အဖွဲ့ဖြစ်တဲ့ ကလင်တန် ဖောင်ဒေးရှင်းနဲ့ မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်း တာဝန်ရှိသူတွေ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။

အမေရိကန်အခြေစိုက် ကလင်တန် ဖောင်ဒေးရှင်းက မစ္စတာ Martha E. Brantley ဦးဆောင်တဲ့အဖွဲ့က တောင်သူ လယ်သမားအသင်း ဥက္ကဋ္ဌနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကဘဲ ရန်ကုန်မှာ တွေ့ဆုံခဲ့ပြီး Farmer Center တည်ဆောက်ရေးကိစ ပြောဆိုဆွေးနွေး ခဲ့ကြပါတယ်။

ဒီတွေ့ဆုံမှုနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံတောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက တောင်သူတွေအတွက် တကယ်လိုအပ်တဲ့အကူအညီတွေ ရရှိမယ်လို့ မျှော်လင့်တဲ့အကြောင်း ဒီဗွီဘီကို ပြောပါတယ်။

တောင်သူတွေရဲ့လိုအပ်ချက်ဖြစ်တဲ့ နည်းပညာ၊ မျိုးစေ့နဲ့ လယ်ယာသုံးပစ္စည်းတွေကို အရစ်ကျ ၀ယ်ယူနိုင်မယ့် အခွင့်အရေး အပြင် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်တွေအပေါ်မှာလည်း အကူအညီ ပေးနိုင်ဖို့အတွက် ကလင်တန်ဖောင်ဒေးရှင်းက မြန်မာ့နိုင်ငံကို လာရောက်ခဲ့တာပါ။

ပြည်တွင်းက တောင်သူတွေရဲ့ အကျိုးစီးပွားမြှင့်တင်ရေးအတွက် လိုအပ်နေတာက ပြည်နယ်နဲ့ တိုင်း အသီးသီးမှာ လယ်သမားတွေကို ၀န်ဆောင်မှုပေးနိုင်မယ့် Farmer Center တွေ ပေါ်ထွက်လာဖို့ပါ။

လက်ရှိမှာဆိုရင်လည်း တောင်သူလယ်သမားအသင်းအနေနဲ့ Farmer Center ရဲ့ဝန်ဆောင်မှု သဘောမျိုး လုပ်ဆောင်ပေးနေပေမယ့် အစိုးရ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီကို မရရှိလို့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။

သမ္မတ ဦးသိန်းစိန်ကတော့ သမ္မတသက်တမ်း ၃ နှစ်ပြည့် အခမ်းအနား မိန့်ခွန်းထဲမှာ လယ်ယာ လုပ်ငန်းနဲ့ပတ်သတ်ပြီး တောင်သူတွေရဲ့ အကျိုးစီးပွားမြှင့်တင်ရေးအတွက် ပြည်နယ်၊ တိုင်းဒေသ အသီးသီးမှာ Farmer Center တွေပေါ်ပေါက်လာဖို့လိုတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

သမ္မတရဲ့ ပြောဆိုချက် အကောင်အထည်ပေါ်နိုင်ဖို့ ဘယ်လောက်နီးစပ်မှု ရှိနိုင်ပါသလဲ။ ဒါနဲ့ပတ်သတ်ပြီး တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက အခုလို ပြောပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်ကလည်း မြန်မာ့လယ်ယာမြေကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာဖို့ အခက်အခဲ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်တဲ့ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ လူမှုရေးအသင်းအဖွဲ့(JICA)စတဲ့ အဖွဲ့အစည်းတွေက အစိုးရနဲ့ တိုက်ရိုက်ထိတွေ့ ကူညီပေးမှုတွေ ရှိခဲ့ပြီး သူတို့ရဲ့ ပံ့ပိုးမှုတွေကလည်း နေပြည်တော်တ၀ိုက်က လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက်သာ အသုံးပြုခဲ့ကြတာပါ။ ဒါပေမယ့် ကျန်တဲ့နိုင်ငံတ၀န်းက သိန်းနဲ့ ချီတဲ့ လယ်စိုက်ဧကတွေ အတွက်တော့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေကို ယနေ့တိုင် မရရှိသေးလို့ ဖွံ့ဖြိုးမှုကလည်း များစွာ နောက်ကျကျန်ရစ်နေပါတယ်။

By သိုက်ဇင် (ဒီဗွီဘီ)

အသံဖိုင် အပြည့်အစုံ နားဆင်ရန်
https://soundcloud.com/dvbradio/tz-clinton-foundation-aid

အိမ်အကူမိန်းကလေးငယ်အား ဆီပူစိမ်သည့် မော်ဒယ်မင်းသမီး လင်မယား လုပ်ရပ်အား ဖခင်ဖြစ်သူ တိုင်းဆိပ်ကမ်းအရာရှိက ဖုံးကွယ်ထား

 
ပုသိမ်၊ ဧပြီ ၁

ဧရာဝတီတိုင်းဒေသကြီး ဆိပ်ကမ်း အာဏာပိုင်အရာရှိ (ရေ၀န်ကြီး) ဦးကိုကိုနိုင်သည် ရန်ကုန် မြို့နေ သမီးဖြစ် သူ မော်ဒယ်သရုပ်ဆောင် သီရိကိုကိုနိုင်တို့ ဇနီးမောင်နှံက နေအိမ်ရှိ အိမ်အကူ ကရင် အမျိုးသမီးငယ်အား ညှဉ်းပန်းနှိပ်စက်ခဲ့ရာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများစွာ ရရှိသည်ကို သိသော်လည်း မိန်းကလေးငယ်၏ မိဘများ အား အကြောင်း မကြားဘဲ ဖုံးကွယ်ထားကာ ပုသိမ်ဆေးရုံ၌ တိတ်တဆိတ် ကုသနေကြာင်း စုံစမ်း သိရှိရသည်။

အဆိုပါ အမျိုးသမီးငယ်မှာ ပုသိမ်ပြည်သူ့ဆေးရုံကြီး၌ မတ်လ ၂၆ ရက် ညနေက အဆောင် (၇) (အမျိုး သမီးဆောင်) ခုတင် ၁၄ တွင် တက်ရောက်ကုသနေသဖြင့် သွား ရောက်တွေ့ဆုံမေးမြန်းခဲ့ရာ “နာ မည်မှာ မထက်ထက် ဖြစ်ကြောင်း၊ အသက် ၁၅ နှစ်ခန့်သာ ရှိသေး ကြောင်း၊မြောင်းမြမြို့ ၀ဲဒေါင့်ကျေး ရွာနေ ဦးချစ်ဦး၊ ဒေါ်မိချိုတို့၏ သမီး ဖြစ်ကြောင်း၊ မော်ဒယ်သရုပ်ဆောင် သီရိကိုကိုနိုင်တို့ နေအိမ်ဖြစ်သော အမှတ် ၃၀၊ ကမ္ဘာအေး ဘုရားလမ်း၊ ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက်၊ ဗဟန်း မြို့နယ်နေအိမ်တွင် အိမ်အကူအဖြစ် အလုပ်ဝင် သည်မှာ ၃ လခန့် ရှိပြီ ဖြစ်ကြောင်း၊ ၁ လလျှင် ၂၅၀၀၀ ရကြောင်း၊… မိခင်မှ ၅ လစာကြို တင်ယူထားပြီးဖြစ် ကြောင်း၊ မတ် လ ၂၁ ရက်တွင် ဟင်းအိုးတည်ရာ တူးသွားသဖြင့် မော်ဒယ် သီရိ ကိုကိုနိုင်မှ ဆီပူအိုးထဲတွင် လက်နှစ်ဖက် နှစ်ခံ ခဲ့ရသဖြင့် လက်နှစ်ဖက်စလုံး အပူလောင်ပြီး ပေါက်ပြဲကုန်ကြောင်း၊ အိမ်၌ ဖြစ်သလိုသာ ကုသပေးကြောင်း၊ နောက်ရက်တွင် အိမ်၌ မွေး ထားသောခွေးမှာ အလိုအလျောက် သေသွားသဖြင့် မော်ဒယ် သီရိကိုကိုနိုင်မှာ တံမြက်စည်းဖြင့်ရိုက်ပြီး ခင်ပွန်းဖြစ်သူက မျက်နှာကို လက်သီးဖြင့်ထိုးကြောင်း၊ ကတ်ကြေးဖြင့် လည်း ခန္ဓာကိုယ်အနှံ့ အထိုးခံရကြောင်း၊ ဖခင်နေထိုင်ရာ ပုသိမ်သို့ခေါ်လာပြီး ဆေးရုံတင် ခံရခြင်းဖြစ်ကြောင်း ပြန် လည်ပြော ဆိုသည်။

အိမ်အကူအမျိုးသမီး၏ ခုတင် နှင့်ကပ်လျက် လူနာစောင့် အမျိုး သမီးအား မေးမြန်းရာ ““၂၆ ရက် ညနေက ဆေးရုံကို ဒီကလေး စရောက်လာတာ။ ခပ်၀၀ ထောင် ထောင်မောင်းမောင်း လူတစ်ဦး ဦးဆောင်လာပြီး ဆေးရုံ တင်တာ။ အဲဒီမှာ လူနာစောင့်ထားခဲ့တဲ့ လင်မယားက ကလေးကို ဒီကိစ္စဘယ် သူ့မှလျှောက်မပြောနဲ့၊ ပြောရင် အကုန်လုံးသိသွားရင် ဆေးရုံတင်တဲ့ ဘိုးဘိုးကြီး ထောင်ကျမှာလို့ ပြောပြီး ကလေးနားက မခွာတော့ ဘူး။ ကျွန်မတို့လည်း ဓာတ်ပုံရိုက် ပြီးပြချင်တာ၊ ရိုက်ခွင့်မရှိလို့၊ တစ်ကိုယ်လုံးဒဏ်ရာချည်းပဲ””ဟု မြန်မာ သံတော် ဆင့်သို့ ပြောဆိုသည်။

အဆိုပါဖြစ်စဉ်အား ပုသိမ် မြောင်းမြ စကောကရင်နှစ်ခြင်း သာသနာအသင်းတော်မှ သိရှိသွား ပြီး ပုသိမ်မြို့ အမှတ် ၂ ရဲစခန်း၌ အမှုဖွင့်ခဲ့ရာ ဆေးရုံတင်ပို့သူမှာ သီရိကိုကိုနိုင်၏ ဖခင်ဦးကိုကိုနိုင် ကိုယ်တိုင်ဖြစ်ပြီး မိဘများ အား အကြောင်းမကြားဘဲ ကျိတ်ကုခြင်း ဖြစ်ကြောင်း၊ အမှုဖွင့်ရာတွင် အမှတ် ၂ ရဲစခန်းမှ ဦးကိုကိုနိုင်အား ခေါ်ယူပြီး ရုံးခန်း၌ ညှိနှိုင်းပေးခဲ့ကြောင်း၊ နောက်နေ့ ကလေးမိဘများရောက် ရှိပြီး အမှုဖွင့်ရာတွင်လည်း စခန်း မှူးက ၀င်ခေါ်ယူညှိနှိုင်းပေးကြောင်း၊ မိဘများနှင့် ကျေနပ်မှုမရရှိမှသာ အမှုဖွင့်ပေးကြောင်း မြောင်းမြ စကော ကရင်နှစ်ခြင်း သာသနာ အသင်းမှ လိုက်ပါဆောင်ရွက်ပေး သူက ပြောကြားသည်။

အမှတ်၂ရဲစခန်းမှူးအား မေး မြန်းရာ ““ဦးကိုကိုနိုင်မှာ တိုင်းအဆင့် တာဝန်ရှိသူဖြစ်သဖြင့် ဂုဏ်သိက္ခာ ကိုထောက်ထား၍ အဆင်ပြေစေရန် ယခုလို ခေါ်ယူညှိနှိုင်းပေးခြင်း ဖြစ်ကြောင်း၊ ကလေးမိဘများက သဘောမတူသဖြင့် ယခုအခါ မော်ဒယ် သီရိကိုကိုနိုင်နှင့် ခင်ပွန်း ဖြစ်သူ ဦးကြည်လှမြင့်တို့ နှစ်ဦး အား (ပ) ၅၁/၂၀၁၄ ရာဇ၀တ်မှု ပုဒ်မ ၃၂၆/၃၂၅ အပြင်းအထန်နာ ကျင်မှုဖြင့် အမှုဖွင့်ထားကြောင်း ပုသိမ်ဘက်မှ သက်သေများကို စစ်ဆေးပြီး အမှုတွဲအား ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရဲ စခန်းသို့ လွှဲပြောင်းပေးမည် ဖြစ်ကြောင်း၊ မော်ဒယ် သီရိကိုကိုနိုင် နာမည်ကိုတော့ မသုံးစေ လိုကြောင်း မြန်မာသံတော်ဆင့်သို့ ပြောကြား သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍တိုင်းဆိပ်ကမ်းအာဏာပိုင်အရာရှိ ဦးကိုကိုနိုင်အားမေးမြန်းရာမှ ဘာမှမပြောနိုင် ကြောင်း ဒီပြင့်သူများ သာ မေးမြန်းရန် ပြန်လည်ပြောဆို ခဲ့သည်။ အဆိုပါဦးကိုကိုနိုင်သည် မတ်လဆန်းပိုင်းက သတင်းကိစ္စ ဆက်သွယ်မေးမြန်းရန် သတင်းသမားများက အိမ်သို့သွားရောက် မေးမြန်းရာ ရုံးကိစ္စ ရုံးမှာသာ မေးနိုင်ကြောင်း အိမ်သို့ရောက်မလာပါနဲ့ ဟု ကြိမ်းမောင်းနှင်ထုတ်ခဲ့ဖူးသည်။

အဆိုပါအမှုမှာ ရဲအရေးပိုင်မှု ဖြစ်သဖြင့် အမှုဖွင့်ပါက ချက်ချင်း ဖွင့်ထားရမည်သာဖြစ်ကြောင်း၊ စခန်းမှူးက ယခုလို ခေါ်ယူ ညှိနှိုင်း ပေးနေသည်မှာ စဉ်းစားစရာဖြစ်ကြောင်း၊ ယခု တပ်ထားသော ပုဒ်မများနှင့်သာမက အလုပ်သမား ဥပဒေ၊ ကလေးသူငယ် ဥပဒေများ နှင့်လည်းငြိစွန်းနေကြောင်း၊ အမှန် က ဆေးရုံတွင်လည်း တာဝန်ရှိ ကြောင်း၊ မှုခင်းကေ့စ်ဖြစ်သဖြင့် ရဲစခန်းကို အကြောင်းကြား ရမည် ဖြစ်ကြောင်း၊ ယခင်က ဆေးရုံများ တွင် မူခင်းရဲအဖြစ် ရဲတပ်ကြပ်ကြီး တစ်ဦးကို ရုံးခန်းဖွင့်လှစ်ပေးထား ကြောင်း၊ ဆေးရုံတစ်ရုံတွင် မှုခင်း ရဲနှင့် မှုခင်းဆရာဝန်ရှိကြောင်း၊ မှုခင်းရဲတပ်ကြပ်ကြီးမှ ဆေးရုံတက် ရောက်လာသူ လူနာများအား မှုခင်းနှင့် ပတ်သက်မှု ရှိ၊ မရှိ စစ်ဆေးပြီး ရှိပါက အမှုဖွင့်လှစ်ပေး ရမည်ဖြစ်ကြောင်း၊ ယခု ပုသိမ် ဆေးရုံတွင် ယခုလို မရှိကြောင်း၊ မိဘများကလည်း မိမိသားသမီး များကို ရပ်ဝေး၌ အလုပ်မခိုင်းစေ သင့်ကြောင်း၊ ကလေး သူငယ် မှုခင်းများကို အခမဲ့ လိုက်ပါဆောင်ရွက် ပေးသူ ရှေ့နေတစ်ဦးက မြန်မာသံတော်ဆင့်သို့ သုံးသပ်ပြော ကြားသည်။

ရဲရင့်ထွန်း(ပုသိမ်)

Myanmartandawsint Newspaper

အိမ်အကူ ကလေးငယ်ကို ဆီပူအိုးထဲ လက်နှစ် နှိပ်စက်ခဲ့သည့်အိမ်ရှင်များ တိမ်းရှောင်နေ

 
အိမ်အကူ ကလေးငယ်ကို ဆီပူအိုးထဲ လက်နှစ်ပြီး မတရား ညှဉ်းပန်း နှိပ်စက်ခဲ့သည့် အိမ်ရှင် လင်မယားနှစ်ဦးအား ဧပြီ ၂ ရက်က ပုသိမ်မြို့နယ်မြေ ရဲစခန်းမှ ဗဟန်းမြို့နယ်ရဲစခန်းသို့ လွှဲပြောင်း အမှုဖွင့် အရေးယူခဲ့ကြောင်း သတင်းရရှိသည်။

ဗဟန်းမြို့နယ်၊ ကိုယ့်မင်း ကိုယ့်ချင်းရပ်ကွက်တွင် နေထိုင် သော အဆိုတော် အိမ်ရှင်လင်မ ယားနှစ်ဦးမှာ ၎င်း၏အိမ်ဖော်ဖြစ် သူအသက်(၁၄)နှစ်အရွယ် မိန်းကလေးငယ်အား ဟင်းအိုးတူး၍ ဆီပူအိုးအတွင်း လက်နှစ်ဖက်ဆွဲနှစ်ခြင်း၊ တုတ်ဖြင့်ရိုက်ခြင်း၊ ကတ်ကြေးဖြင့် လက်ကို ထိုးခြင်းစသည့်မတရား နှိပ်စက်မှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

၎င်းအိမ်ဖော်အမျိုးသမီးမှာ ဒဏ်ရာများရရှိခဲ့သောကြောင့် ဆေးကုသရန် ပုသိမ်မြို့ရှိ ဆေးခန်းတစ်ခုသို့ သွားရောက်ပြခဲ့ရာ ယင်းဆေးခန်းမှ ရဲအရေးပိုင်သောဒဏ်ရာများဖြစ်၍ ပုသိမ်ဆေးရုံသို့   ပြောင်းရွှေ့ကုသခဲ့သည်။

ထို့နောက် အိမ်ဖော်အမျိုးသ မီး၏ မိခင်ဖြစ်သူက ပုသိမ်မြို့အ မှတ်(၂)နယ်မြေရဲစခန်းတွင် မတ် လ ၂၉ရက်က အမှုဖွင့်ခဲ့သော် လည်း အခင်းဖြစ်ပွားခဲ့သည့် နေ ရာမှာ ဗဟန်းမြို့နယ်အတွင်းဖြစ် ပွားခဲ့ခြင်းဖြစ်၍ ဧပြီ ၂ရက်က လွှဲ ပြောင်းအမှုဖွင့်ခဲ့ကြောင်း ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှ  သတင်းရရှိသည်။

 ယခုအမှုဖွင့်တိုင် ကြားခံထားရသည့် အိမ်ရှင်လင်မယားတွင် ဇနီးဖြစ်သူ၏အမည်မှာ မသီတာ(ခ) သီရိကိုကိုဟု ဖော်ပြထား၍ အဆိုတော် ဗီဒီယို သရုပ်ဆောင်သီရိကိုကိုဟု  သတင်းများ ထွက်ပေါ် လျက်ရှိသော်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာက  အတည်ပြု ပြောကြားထားခြင်း မရှိသေးချေ။

‘‘ကျွန်တော်တို့ ဒီအမှုကို မ စစ်ရသေးပါဘူး။ လင်မယားနှစ် ယောက်ကို ခေါ်မစစ်ရသေးဘူးဆို တော့  သီရိကိုကိုဆိုတာအဆို တော်လား၊ ဘာလားဆိုတာ သေ ချာမသိရသေးဘူး။ စစ်လို့သိရပြီ ဆိုရင် ပြောပြပါမယ်’’ဟု ဗဟန်း မြို့နယ်ရဲစခန်းမှ အမှုစစ်ဒုရဲအုပ် ထွန်းမွှေးကပြောသည်။

ထို့အပြင် ယခုအမှုဖွင့်ခံထား ရသော အိမ်ရှင်လင်မယားနှစ်ဦး မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိ ၍ သက်ဆိုင်ရာက ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။ ယင်း ဖြစ်စဉ်နှင့် ပတ်သက်၍ ဗဟန်းမြို့ နယ်ရဲစခန်းတွင် အပြင်းအထန် နာကျင်စေမှုပုဒ်မဖြင့် ၎င်းတို့ကို အမှုဖွင့်ထားကြောင်း သတင်းရ ရှိသည်။

အဆိုပါအိမ်ဖော်အမျိုးသမီး သည် လွန်ခဲ့သည့် ၃လခန့်က ၎င်း တို့နေအိမ်သို့ရောက်ရှိခဲ့သည့်အ ချိန်မှစ၍ ထိုးကြိတ်ခြင်း၊အခန်း တွင်းပိတ်လှောင်ကာ  အစာ၀၀ လင်လင်မကျွေးခြင်း၊  ဟင်းအိုး တူးပါက လက်နှစ်ဖက်ကို ဆီပူအိုး  ထဲနှစ်ခြင်း၊  ပလာယာဖြင့်ညှပ် ခြင်း၊ ခေါင်းကိုတံမြက်စည်းတုတ် ဖြင့် ရိုက်နှက်ခြင်းစသည်တို့ကိုပြုလုပ်ခဲ့ကြောင်း ထွက်ဆိုထားသည်။

Author: အေးမြတ်သူ

7DAY DAILY

Wednesday, April 2, 2014

သာသနာ့အလံအား မဖွယ်မရာပြုလုပ်သည့် နိုင်ငံခြားသူအား ပြည်ပထွက်ခွာခွင့် တားမြစ်

 
ရခိုင်ပြည်နယ်နယ် အတွင်းသို့ သွားရောက် အလုပ်လုပ်ကိုင်ပြီး ဗုဒ္ဓဘာသာ သာသနာ့  အလံအား မဖွယ်မရာ ပြုလုပ်ခဲ့သည့် INGO ၀န်ထမ်း အမျိုးသမီးအား မတ်လ ၃၀ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြည်ပ ထွက်ခွာခွင့်အား နိုင်ငံတော် အစိုးရမှ တားမြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီး အနေဖြင့် ရခိုင် တိုင်းရင်းသားများမှ သန်းခေါင်စာရင်း ကောက်ခံချိန်တွင် ရိုဟင်ဂျာ အမည် လိမ်ညာ ထည့်သွင်းမှုအား ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်သည့် အချိန်နှင့် ရခိုင် တိုင်းရင်းသားများ၏ အိမ်တိုင်းတွင် ဗုဒ္ဓဘာသာ သာသနာအလံ လွှင့်ထူထားချိန်တွင် ယခုကဲ့သို့ သာသနာ့ အလံအား မဖွယ်မရာပြုလုပ်ခဲ့ခြင်း ဖြစ်ရာ ရည်ရွယ်ချက် ရှိရမည်ဟု မြန်မာ့ နိုင်ငံရေး ကျွမ်းကျင်သူများက သုံးသပ်လျက်ရှိသည်။

“အခု လောလောဆယ် ရန်ကုန် ပို့ထားတယ်။ သူတို့နဲ့ ပတ်သက်ပြီး တိုင်ကြားချက်ကို သေချာ စစ်ဆေးသွားမယ်။ ဟိုဘက်က ဖြစ်တဲ့ ကျူးလွန်မှုတွေကိုလည်း စုံစမ်း စစ်ဆေးသွားမယ်။ ပြည်နယ် အစိုးရရဲ့ ကိုင်တွယ် ဖြေရှင်းမှုကိုလည်း စုံစမ်း စစ်ဆေးသွားမယ်၊ INGO အားလုံးကတော့ သူတို့ရဲ့ ဘက်မလိုက်မှုတွေ၊ လူသားချင်း စာနာမှုတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ မူဝါဒတွေရှိပြီးသားပါ၊ ဒါပေမယ့် ၀န်ထမ်း အချို့မှာတော့ ဘက်လိုက်မှုတွေ၊ အားနည်းချက်တွေ ရှိတယ်”ဟု ပြန်ကြားရေး ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဦးရဲထွဋ်က ဆိုသည်။

သာသနာ့ အလံအား မဖွယ်မရာ ပြုလုပ်သည့် ကိစ္စနှင့် ပတ်သက်နေသည့် အမျိုးသား အမျိုးသမီးတို့အား လူပုဂ္ဂိုလ် လုံခြုံရေး အတွက် ပထမဦးဆုံး ဖြစ်သည့်နေ့နောက်တစ်ရက်တွင် ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ ပို့ဆောင်ထားပြီး ဖြစ်စဉ် အထောက်အထားများအား ပြန်လည် စစ်ဆေး၍ အဖြစ်မှန် ပေါ်ပေါက်ပါက ဥပဒေအကြောင်း အရ အရေးယူ ဆောင်ရွက်သွားမည်ဟု ပြန်ကြားရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောသည်။

မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်လာသည့် INGO အဖွဲ့များ အနေဖြင့် စည်းမျဉ်း စည်းကမ်းများနှင့် အညီ လုပ်ဆောင်ရန် လိုအပ်ပြီး ခရီးသွား ဗီဇာများ၊ စီးပွားရေး ဗီဇာများဖြင့် ၀င်ရောက်လာပြီး ၄င်းအဖွဲ့တို့ လုပ်ဆောင်နေသည့် ဒေသများသို့ သွားရောက် နေထိုင်ခြင်းများ ရှိနေသည်ဟုလည်း ဒုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

“၀န်ထမ်းတွေ အများကြီးရှိ လာရင် ဒေသခံတွေက သို့လော သို့လော ဖြစ်တာပေါ့”ဟု ၄င်းကဆိုသည်။
ရခိုင်တိုင်းရင်းသားများ အနေဖြင့်လည်း ပြည်ပ၀န်ထမ်း လုပ်ဆောင်သည့် အမှားများအား ဥပဒေ အကြောင်းအရ တိတိကျကျ တိုင်ကြားရမည် ဖြစ်သော်လည်း စိတ်လိုက်မာန်ပါဖြင့် လက်တုံ့ပြန် ခဲ့သည့် အတွက် နိုင်ငံနှင့် လူမျိုး၏ ပုံရိပ်အား ထိခိုက်စေခဲ့သည်ဟု ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်မှ သုံးသပ်သည်။

“ခံစားချက်ကို ဦးစားပေးပြီး ဥပဒေမဲ့ လုပ်လိုက်တော့ အကျိုးဆက်က ကျွန်တော်တို့ မြန်မာ နိုင်ငံသားတွေက တရား လက်လွတ် လုပ်တယ်။ ဥပဒေမဲ့ လုပ်ချင်တယ်။ ဘယ်ဘာသာက ဘယ်လို ဖြစ်တယ်ဆိုတဲ့ အမြင်က ပိုပြီးတော့ပဲ ဆိုးသွားတာပေါ့။ စောစောက ၀န်ထမ်း တစ်ယောက်ရဲ့ မှားယွင်းတဲ့ လုပ်ရပ်က ပျောက်သွားပြီး ဒီပုံရိပ်က ပိုထင်သွားတာပေါ့”ဟု ၄င်းက မှတ်ချက်ပေးသည်။

( ယနေ.ထုတ် Tomorrow သတင်းဂျာနယ်အမှတ်(၆) ပါသတင်း )

Myanmar Journal

သန်းခေါင်စာရင်း သပိတ်မှောက် ရင် မှောက်သူသာနစ်နာမယ်လို့ ဝန်ကြီးပြော

 
ရခိုင်ပြည်နယ်က မွတ်စလင်တွေအနေနဲ့ ရိုဟင်ဂျာအမည် နဲ့ ဖြည့်သွင်းခွင့်မရတဲ့ အတွက် သန်းခေါင် စာရင်းကောက်ယူမှုတွေကို သပိတ်မှောက်မယ်ဆိုရင် မိမိတို့ရဲ့ အခွင့်အရေးတွေသာ ဆုံးရှုံးနစ်နာမှာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောကြား ပါတယ်။

မတ်လ ၃၀ ရက်နေ့က စတင်ပြီး ရခိုင်ပြည်နယ် မှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ အစိုးရက ရိုဟင်ဂျာလို့ ဖြည့်သွင်းရေးသားခွင့်မပေးတဲ့ အတွက် ရိုဟင်ဂျာအဖြစ် ထည့်သွင်းလိုသူတွေ က သန်းခေါင်စာရင်း ကောက်ယူတာကို ငြင်းဆန်နေ တာတွေနဲ့ ပတ်သက်ပြီး RFA က ဆက်သွယ် မေးမြန်း ရာမှာ ဦးရဲထွဋ်က ပြောကြားခဲ့တာပါ။

"မထည့်ဘူးဆိုရင်လဲ သူတို့အတွက်ပဲ ဆုံးရှုံးမှုပဲဖြစ်မှာပေါ့ ဘာလို့လဲဆိုတော့ သူတို့ရဲ့လူမှုစီးပွား ဘဝအခြေ အနေတွေ မြေယာပိုင်ဆိုင်မှု အခြေအနေတွေ လူဦးရေ အရေအတွက်တွေက အဲ့ဒီဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရကပဲလုပ်လုပ် နိုင်ငံတကာ အဖွဲ့အစည်းကပဲလုပ်လုပ် အခြေခံရမဲ့အဓိကအချက်တွေပဲ ဒီလိုအချက်မျိုးတွေမှာ သူတို့မပေးသွင်းဘူးဆိုရင် ဒါသူတို့ ဒီအခွင့်အရေးကို ဆုံးရှုံးသွားမှာပေါ့ နစ်နာတာလဲသူတို့ပဲဖြစ်မှာပေါ့"

စစ်တွေမြို့နယ် သဲချောင်းကျေးရွာက မူဆလင်ခေါင်းဆောင် ဦးအာဘူလု က အစိုးရအနေနဲ့ သန်းခေါင်စာရင်းမှာ လိုအပ်တဲ့အချက်တွေကို လွတ်လပ်စွာရေးသားခွင့်ပြုတယ်ဆိုပြီး လက်တွေ့မှာ ရိုဟင်ဂျာဆိုတဲ့အမည်ကို ထည့်သွင်းရေးသားခွင့်မပြုတာကြောင့် သပိတ်မှောက်ရတာဖြစ်တယ်လို့ ပြောပါတယ်။

အလားတူ ဘူးသီးတောင် မောင်တောမြို့နယ်က မွတ်စလင်တွေကလဲ ရိုဟင်ဂျာ အဖြစ် ဖြည့်သွင်းခွင့် မရလို့ သန်းခေါင်စာရင်းကို သပိတ်မှောက်နေကြတယ်လို့ သိရပါတယ်။ ၂ဝ၁၄ သန်းခေါင်စာရင်းပုံစံမှာ ရိုဟင်ဂျာဆိုတဲ့ အမည်ကို ထည့်သွင်းခွင့်ပြုမှာ မဟုတ်ကြောင်း မတ်လ ၂၉ ရက်မှာ အစိုးရက တရားဝင်ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

RFA Burmese

‘၁က’ အက္ခရာ ကားဟောင်းများကို ဧပြီ ၄ ရက်မှစ၍ အပ်နှံခွင့်ပြုမည်

 Published on: April 2, 2014

 ‘၁က’ အက္ခရာ ကားဟောင်းများကို ယခုဧပြီလအတွင်း စတင်၍ အပ်နှံခွင့်ပြုမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ကညန၏ တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန တာဝန်ရှိသူတစ်ဦးက “၁က အက္ခရာကားတွေက အခုဧပြီလမှာ ယာဉ်မှတ်ပုံတင်သက်တမ်း နှစ် ၂၀ ပြည့်ပြီဖြစ်တဲ့အတွက် အအပ်လက်ခံတော့မှာ ဖြစ်ပါတယ်” ဟု ဧပြီ ၁ ရက်က ပြောကြားသည်။
 ကညန၏ Facebook စာမျက်နှာတွင်လည်း ‘၁က’ အက္ခရာ ကားဟောင်းများကို ဧပြီ ၄ ရက်တွင် စတင်လက်ခံမည်ဖြစ်ပြီး ‘၂က’ အက္ခရာ ကားဟောင်းများကို အောက်တိုဘာ ၆ ရက်တွင် စတင်လက်ခံမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

 ကားဟောင်းဈေးကွက် ကျွမ်းကျင်သူ ကိုအရည်ကျိုက “နေပြည်တော် ကညနကလည်း ၁ကအက္ခရာ ကားဟောင်းကို ဧပြီ ၄ ရက် စလက်ခံမယ်လို့ ပြောပါတယ်။ ၂က အက္ခရာ ကားဟောင်းတွေကိုလည်း အောက်တိုဘာ ၆ ရက်ကစပြီး လက်ခံမယ်လို့ ပြောပါတယ်” ဟု ပြောကြားသည်။

 ကားဟောင်းအပ်နှံခွင့်ပြုမည့် ရက်နှင့်အစီအစဉ်ကို တိကျစွာ ထုတ်ပြန်ခြင်း မပြုသည့်အတွက် အပ်ကားစလစ်ဈေးများမှာ ကျပ် ၁၁၅ သိန်းအထိ ထိုးတက်သွားခဲ့သည်။ ကားဝယ်ရောင်းလုပ်သူ ကိုထွဋ်ကလည်း “ဒီလိုမျိုး တစ်ခါတည်း ထုတ်ပြန်ထားရမှာ။ ဒါမှ အများပြည်သူ အနေနဲ့လည်း ကားဝယ်တဲ့အခါလည်း ဈေးတည်ငြိမ်သလို ကားဟောင်းနဲ့ လုပ်စားနေတဲ့သူတွေလည်း ပပျောက်သွားမှာ။ ဒီလို ပွင့်လင်းမြင်သာမှုရှိဖို့ လိုပါတယ်” ဟု ပြောကြားသည်။
Eleven Media Group

တည်ငြိမ်ရေး ထိခိုက်စေသဖြင့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်ခွင့်မပြုခြင်းဟု သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်ဆို

 
ရန်ကုန်၊ ဧပြီ ၁

မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေသဖြင့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို ထည့်သွင်းခွင့် မပြုခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို မြန်မာအစိုးရက သန်းခေါင်စာရင်း ကောက်ယူသည့်အခါမှ ငြင်းဆိုခြင်း မဟုတ်ဘဲ ယခင်ကပင် ငြင်းပယ်ထားသည့် တရားမဝင် အသုံးအနှုန်းတစ်ခု ဖြစ်ကြောင်း ၎င်းကဆိုသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် နိုင်ငံတကာ သန်းခေါင်စာရင်း ကောက်ယူမှု စံနှုန်းများ၊ လူ့အခွင့်အရေး စံနှုန်းများကို အခြေခံကာ ကောက်ယူမည်ဟု မြန်မာအစိုးရနှင့် သဘောတူညီမှု ရရှိထားသော်လည်း ရိုဟင်ဂျာ ဆိုသူများသည် ၎င်းတို့ကို လူမျိုးအမည်ကို ထည့်သွင်းခွင့် ငြင်းပယ် ခံထားရကြောင်း၊ ယင်းသို့ လုပ်ဆောင်ခြင်းသည် နိုင်ငံတကာ စံနှုန်းများနှင့် ညီညွတ်ခြင်း မရှိသည့်အပြင် သန်းခေါင်စာရင်း ကောက်ယူ ရရှိသည့် အချက်အလက် တိကျမှုကိုလည်း ထိခိုက်စေကြောင်း ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) က ထုတ်ပြန်ထားသည်။

ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်း ပြဿနာသည် ဝန်ကြီးချုပ်ဦးနု လက်ထက်က အလွယ်တကူ ခွင့်ပြုခဲ့ခြင်းကြောင့် စတင်ခဲ့သည့် ကိစ္စဖြစ်ပြီး ဦးနုက ၎င်း၏ မိန့်ခွန်းများတွင် ရိုဟင်ဂျာဟု ထည့်သွင်း ပြောဆိုခြင်း၊ မြန်မာ့အသံ တိုင်းရင်းသား အစီအစဉ်တွင် ထည့်ခွင့်ပြုခြင်း၊ တက္ကသိုလ်တွင် ယဉ်ကျေးမှု အသင်းဖွဲ့ခွင့်ပြုခြင်း စသော လုပ်ရပ်များ ရေရှည်အတွက် မစဉ်းစားဘဲ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းအကျိုးဆက်ကို လက်ရှိအစိုးရ ဖြေရှင်းနေရခြင်း ဖြစ်ကြောင်း ဦးရဲထွဋ်က ဆိုသည်။
“အခုလည်း ကျွန်တော်တို့ လွယ်လွယ်နဲ့ ဆုံးဖြတ် လိုက်မယ်ဆိုလို့ ရှိရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို ကျွန်တော်တို့ နိုင်ငံကလူတွေပဲ ရင်ဆိုင် ဖြေရှင်းရမယ်။ ကုလသမဂ္ဂက လာပြီး ဖြေရှင်းမှာလည်း မဟုတ်ဘူးလေ။ ကျွန်တော်တို့ ဆုံးဖြတ်ချက်က မှန်ကန်တယ် ဒီအတိုင်းပဲ လုပ်သွားမယ်” ဟု ၎င်းက ပြောကြားသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်သွင်းခွင့် မရခြင်းကြောင့် ရခိုင်ပြည်နယ်တွင် အခြေအနေ တင်းမာလာမည်ကို စိုးရိမ်ကြောင်း UNFPA ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများသည် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မရသဖြင့် သန်းခေါင်စာရင်း အကောက်မခံကြကြောင်း စာရင်းကောက်များထံမှ သိရှိရသည်။

The Voice Weekly

ခိုးဝင်လာတဲ့ဘင်္ဂလီမူဆလင်တွေကိုသူတို့ အဆင်ပြေအောင် မူဆလင် အာရပ်နိုင်ငံတွေကိုလက်ခံပေးဖို့  တိုက်တွန်းသွားမယ်လို့  ဒီကနေ အမေရိကန်အစိုးရ အိမ်ဖြူတော်ပြောခွင့်ရ jay carney ပြော



မြန်မာနိုင်ငံအနောက်ဘက်ခြမ်းက၀င်လာတဲ့ ခိုးဝင်ဘင်္ဂလီကုလားတွေကို
 အရင်က မြန်မာအာဏာပိုင်တွေ လူမျိုးတစ်စုရဲ့အမည်ဖြင့်ထည့်သွင်းနေထိုင်ခွင့်ကို လက်မခံ အသိအမှတ်မပြုဘဲနေစဉ်က အမေရိကန်အပါဝင် ကမ္ဘာတစ်ဝန်း မြန်မာအစိုးရကို ဖီအားတွေပေးပြီး ဝေဖန်ထောက်ပြတာတွေရှိခဲ့ပါတယ်။

အခုတော့ ကမ္ဘာက အမြင်မှန်ရသွားပြီနဲ့တူပါတယ်. ဘာလို့ လဲဆိုတော့ ဒီကနေ့ မနက်ပိုင်းက

      မြန်မာနိုင်ငံအနောက်ဘက်ခြမ်းကနေခိုးဝင်လာတဲ့ ဘင်္ဂလီမူဆလင်တွေအပေါ်မှာ မြန်မာအစိုးရကိုင်တွယ်ပုံကျွန်တော်တို့ စောင့်ကြည့်နေတာကြာပါပြီ၊ သူတို့ လိုချင်တဲ့လူမျိုးအမည်ကိုအစိုးရကဘာကြောင့်လက်မခံတာလဲဆိုတာကျွန်တော်စဉ်းစားလို့
မရဘူးဖြစ်နေတယ် အခုတော့ဒီပြဿ နာရှင်းသွားပြီ လူ့ အခွင့်အရေးကို အသက်လောက်တန်းဘိုးထားတဲ့ဒီမော်ကရေစီ အတိုက်အခံခေါင်းဆောင် အောင်ဆန်းစုကြည်ပါတီကိုယ်တိုင်က လက်မခံဘူးလို့ ပြောလာတော့ ကျွန်တော်တို့ အံ့သြမိပါတယ်။ အစိုးရနှင့် NLD ကလက်မခံဘူးလို့ ဆိုလာတော့ ခိုးဝင်လာတဲ့ဘင်္ဂလီမူဆလင်တွေကိုသူတို့ အဆင်ပြေအောင် မူဆလင် အာရပ်နိုင်ငံတွေကိုလက်ခံပေးဖို့  တိုက်တွန်းသွားမယ်လို့  ဒီကနေ အမေရိကန်အစိုးရ အိမ်ဖြူတော်ပြောခွင့်ရ jay carney ကပြောကြားလိုက်ကြောင်း xin hwa သတင်းဌာနက ဖေါ်ပြထားပါတယ်။
ကရုဏာ အလင်း(Facebook)

Tuesday, April 1, 2014

သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ထားဝယ်တိုင်းရင်းသားများပါတီကို လက်ခံတွေ့ဆုံ


သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ထားဝယ်တိုင်းရင်းသားများပါတီကို လက်ခံတွေ့ဆုံစဉ်
၉. ၃. ၂၀၁၄ ရက် စနေနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ အပြီး ထားဝယ်တိုင်းရင်းသားများပါတီနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း တို့ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံစဉ် တောင်းဆိုဆွေးနွေးခဲ့သည့် အနှစ်ချုပ် အချက်များ -

၁။ နိုင်ငံသား စိစစ်ရေးကတ်ပြားတွင် ဗမာ ဟု မှတ်ပုံတင်ခံထားရပြီး တိုင်းရင်းသားလူမျိုးတစ်မျိုး၏ ရပိုင်ခွင့်များ ဆုံးရှုံးလျက်ရှိခြင်းကြောင့် ထားဝယ်လူမျိုးများ၏ နိုင်ငံသား စိစစ်ရေး ကတ်ပြားတွင် ထားဝယ်လူမျိုး ဟု ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် အုပ်ချုပ်ရေးအာဏာအသုံးပြု၍ ဆောင်ရွက်ပေးပါရန်၊

၂။ အစိုးရက တိုင်းအတွင်း သဘာဝဓါတ်ငွေ့မှ လျပ်စစ်မီးရရှိရေးနှင့် မဟာဓါတ်အားလိုင်း တို့ကို အကောင်အထည်ဖော် ဆောင်ရွက်နေစဉ် ကြားကာလအတွင်း အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင် အစိုးရမှ သတ်မှတ်ထားသည့် လျှပ်စစ်တစ်ယူနစ်ဈေးနှုန်းဖြင့် သုံစွဲခွင့်ရရှိရေး နိုင်ငံတော် အစိုးရက လောင်စာဆီပံ့ပိုးပေးပါရန်၊

၃။ တနင်္သာရီတိုင်းဒေသကြီး အတွင်း တပ်မတော်မှ ပြန်လည်စွန့်လွှတ်ထားသော မြေယာ ၂၃၅၁.၅၄ ဧက ကို မူရင်ပိုင်ရှင်များအား ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း အုပ်ချုပ်ရေး တာဝန်ရှိသူများ၏ ပွင့်လင်းမြင်သာမှု မရှိဘဲ ဆောင်ရွက်နေမှုကြောင့် မူရင်းပိုင်ရှင်များမှာ ယခုအချိန်အထိ မည်သည့်သတင်းစကားမျှ မရသေးပါ။ ယင်းကိစ္စနှင့် ပတ်သက်၍လည်း အုပ်ချုပ်ရေး အာဏာသုံး၍ ဖြေရှင်းပေးပါရန်၊

၎။ ဒေသအတွင်း ဖော်ဆောင်နေသော စီမံကိန်း အသီးသီးသည် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ဒေသခံ တိုင်းရင်းသားပြည်သူများကို ကြိုတင်အသိပေး သဘောတူညီမှု ရယူခြင်း မရှိဘဲ အကောင်အထည်ဖော်နေခြင်း၊ အုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ နှင့် အကျင့်ပျက်လာဘ်စားမှုရှိသည့် အထောက်အထားများကိုပါ တွေ့ရှိရပါသည်။ ထိုသို့သော အကြောင်းများကြောင့် ယင်းစီမံကိန်းများမှာ လူထု ထောက်ခံမှုမရရှိဘဲ ကန့်ကွက်ဆန့်ကျင်မှုများနှင့် ကြုံတွေ့နေရပါသည်။
အထက်ပါ ကိစ္စရပ်များပြေလည်စေရန် သမ္မတ အနှေနှင့် ထိရောက်စွာ စစ်ဆေးအရေးယူကြီးကြပ်ပေးရန် လိုအပ်ပြီး ဒေသခံများ လက်လှမ်းမှီ တိုင်ကြားနိုင်သော စနစ်တစ်ရပ်ထူထောင်ပေးရန်၊

၅။ စစ်ဘေးကြောင့် ဌာနေစွန့်ခွာ ထွက်ပြေးသွားရသော တိုင်းရင်းသားများ၏ မူရင်းနေရာများတွင် ယခင်အစိုးရ၏ အစီအမံဖြင့် အခြားသော ဒေသခံတိုင်းရင်းသားများ ဝင်ရောက်နေထိုင်မှုကြောင့် ယင်းတိုင်းရင်းသားများအကြား ပဋိပက္ခအသွင်ဆောင်မည့် အနေအထားများ ပေါ်ပေါက်လာနိုင်ပါသည်။
ထိုအပြင် ယင်းဒေသများတွင် သယံဇာတထုတ်ယူလျက်ရှိသော စီးပွားရေး လုပ်ငန်းကြီးများသည်လည်း အခြေမကျ သေးသော တိုင်းရင်းသားဒေသခံများအကြား ပဋိပက္ခဖြစ်ပွားစေရန် တွန်းအားပေးသည့် အဓိက အကြောင်းရင်း တစ်ရပ် ဖြစ်လျက်ရှိပါသည်။
နိုင်ငံတော် အစိုးရအနေနှင့် ငြိမ်းချမ်းရေးတည်ဆောက်ဆဲ ဒေသများတွင် မြေယာအငြင်းပွားမှု ပြဿနာများကို အမြန်ဆုံး ညှိနှိုင်းဖြေရှင်းပေးပါရန်နှင့် ထိုဒေသများတွင် စီးပွားရေး စီမံကိန်းများ ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားပေးပါရန်။

စသည့်အချက်များကို ထားဝယ်တိုင်းရင်းသားများပါတီမှ တောင်းဆိုဆွေးနွေးခဲ့ပါသည်။

ယင်းကိစ္စတို့နှင့် ပတ်သက်၍ သမ္မတကြီး အပါအ၀င် သက်ဆိုင်ရာ ပြည်ထောင်စု ၀န်ကြီးများမှ တဆင့် ဖြေရှင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြန်လည် ဆွေးနွေးခဲ့ပါသည်။


သတင်းနှင့်ဓာတ်ပုံ- Dawei Nationalities Party

ABSDF ထူထောင်ခြင်းငွေရတု ထားဝယ်တွင် ကျင်းပ







ခေတ်ပြိုင်မြန်မာ့နိုင်ငံရေးသမိုင်းတွင် အဓိကကျသောအခန်းကဏ္ဍမှပါဝင်ခဲ့သည့် ABSDF (ကျောင်းသားတပ်မတော်)ဟုလူသိများသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ
ဒီမိုကရက်တစ်တပ်ဦး(မကဒတ)ကျောင်းသားတပ်မတော်ဖွဲ့စည်း
ထူထောင်ခြင်း၂၅နှစ်ပြည့်ငွေရတုအထိမ်းအမှတ်အခမ်းအနားနှင့်ကျဆုံး
၊သေဆုံးသွာသောကျောင်းသားတပ်မတော်ရဲဘော်များအားရည်စူး၍ရေစက်သွန်းချအမျှပေးဝေအခမ်းအနား၊
ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းအခမ်းအနားများကိုတနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့ရှိ
ဇေယျဝတီပရိယတ္တိစာသင်တိုက်
ဓမ္မဘေရီဗိမာန်တော်ကြီးတွင်ယနေ့နံနက်၉နာရီအချိန်မှစတင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
(မကဒတ)ကျောင်းသားတပ်မတော်ABSDFဒုတိယဥက္ကဋ္ဌရဲဘော်မျိုးဝင်းနှင့်တာဝန်ရှိသူများ
၊ဥက္ကဋ္ဌဟောင်းဒေါက်တာနိုင်အောင်၊ဗကသများအဖွဲ့ချုပ်မှကျောင်းသားခေါင်းဆောင်များABSDF
တပ်ဖွဲ့ဝင်ဟောင်းများနှင့်မိသားစုများ၊ထားဝယ်အခြေစိုက်နိုင်ငံရေး၊လူထုအခြေပြုအဖွဲ့အစည်းများမှ
တာဝန်ရှိသူများ၊ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြသည်။အခမ်းအနားပထမပိုင်းဖြစ်သည့်
ရေစက်သွန်းချအမျှပေးဝေပြီးနောက်ဂုဏ်ပြုလွှာချီးမြှင့်အခမ်းအနားကိုဆက်လက်ကျင်းပရာ
ထားဝယ်အခြေစိုက်နိုင်ငံရေးပါတီများနှင့်လူထုအခြေပြုအဖွဲ့
အစည်းများကသ၀ဏ်လွှာအသီးသီးဖတ်ကြားကြပြီးအမှတ်တရစကားများပြောကြား
ခဲ့ကြသည်။ထို့နောက် ဒီမိုကရေစီသူရဲကောင်းဂုဏ်ပြုမှတ်တမ်းလွှာများကို ကျန်ရစ်သူမိသားစုဝင်များထံ ချီးမြှင့်အပ်နှင်းခဲ့သည်။၁၉၈၈ ခုနှစ် လူထုအုံကြွမှုအပြီး တပ်မတော်က အာဏာသိမ်းယူပြီးနောက် ကျောင်းသားများပါဝင်သော ABSDF ကျောင်းသားတပ်မတော်ကို

ထိုင်း - မြန်မာနယ်စပ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ထားဝယ်ဒေသနှင့်မြိတ်ဒေသတို့မှကျောင်းသား၊ကျောင်းသူအများအပြား
လက်နက်ကိုင်တော်လှန်ရေးတွင်ပါဝင်ခဲ့ကြသည်။ထားဝယ်ဒေသမင်းသမီးစခန်းတွင်ဖွင့်လှစ်ခဲ့သည့်
ABSDFကျောင်းသားတပ်ရင်းအမှတ်၂၀၁သည်အင်အားအများဆုံးတပ်စခန်းများထဲမှတစ်ခုဖြစ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးထားဝယ်ဒေသ တပ်ရင်း ၂၀၁ ၌ ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်ကာလအတွင်းကျဆုံး ၊သေဆုံးခဲ့သည့် တပ်ဖွဲ့ဝင် ၂၆ ဦးရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။




သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)

MH370 ပျောက်ဆုံးမှုဟာ ၉/၁၁ လို တိုက်ခိုက်မှု အသစ်ဖြစ်လာစေမှာလား

 
အမေရိကန်ရဲ့မြို့တွေကို ဗုံးအပြည့်တင်ဆောင်ထားတဲ့ လေယာဉ်တွေနဲ့ တိုက်ခိုက်လိမ့်မယ်

မလေးရှားလေကြောင်းလိုင်းက ပျောက်ဆုံးနေတဲ့ MH 370  လေ ယာဉ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ မြို့တွေကို ဗုံးများတင် ဆောင်ထားတဲ့ ခရီးသည်တင်လေယာဉ်နဲ့ အကြီးစားအကြမ်းဖက် တိုက် ခိုက်မှုအစီအစဉ်အတွက် တစ်စိတ်တစ်ပိုင်းဖြစ်နိုင်တယ်လို့ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေက ယုံကြည်နေကြပါတယ်။

The Enquirer က ရေးသားဖော်ပြရာမှာတော့ ထောက်လှမ်း ရေးထိပ်တန်းအရာရှိတွေက ၉/၁၁ ဝေါထရိတ်စင်တာ အကြမ်းဖက်တိုက် ခိုက်မှုမျိုး ထပ်မံလုပ်ဆောင်ဖို့အတွက် MH 370 ကို အယ်လ်ခိုင်ဒါဆက် စပ်အဖွဲ့အစည်းတွေက အစဖျောက်ခဲ့ခြင်းဖြစ်တယ်လို့ ယုံကြည်နေချိန်မှာ အခြားတစ်ဖက်မှာလည်း MH 370 ရဲ့ လေယာဉ်မှူးများဖြစ်ကြတဲ့ ဇာ ဟာရီဟာမက်နဲ့ တွဲဖက်လေယာဉ်မှူး ဖာရစ်အဘဒူဟာမစ်တို့ဟာ အဆင့် မြင့်လေ့ကျင့်ပေးထားတဲ့ အကြမ်းဖက်အဖွဲ့ဝင်ရဲ့အကူအညီကို ရယူခဲ့ပြီး ဘိုရင်း ၇၇၇ကို အစဖျောက်ခဲ့ခြင်းဖြစ်နိုင်ခြင်းရှိမရှိကို ဆုံးဖြတ်ဖို့ ကြိုးစား နေကြတယ်လို့ ပင်တဂွန်ဌာနချုပ်အရာရှိတစ်ဦးက ပြောပြခဲ့ကြောင်း သိရပါတယ်။

နောက်ပြီး ဝါရှင်တန်က MH 370 ပျောက်ဆုံးမှုဟာ အကြမ်း ဖက်အဖွဲ့အစည်းတွေက အာဏာပိုင်တွေရဲ့ လေကြောင်းထောက်လှမ်း ကာကွယ်ရေးစနစ်တွေကို ထိုးဖောက်နိုင်ဖို့ စမ်းသပ်မှုတစ်ခုအဖြစ် လုပ် ဆောင်မှုတစ်ရပ်ဖြစ်မှာကိုလည်း ပူပန်နေကြတယ်လို့ သိရပါတယ်။

မြောက်ကာရိုလိုင်းနား တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်တဲ့ ''Polioing World Society'' နဲ့ ''Terrorism and counter terrorism'' စာအုပ်တွေကိုရေးသားခဲ့တဲ့ ဒေါက်တာမက်သီရန်ဒီဖလမ်က MH 370 လေယာဉ်ဟာ ဗုံးအဖြစ်အသုံးပြုဖို့ ခိုးယူခြင်းခံရခြင်းဖြစ်နိုင်တယ်လို့ The Enquirer ကို ပြောပါတယ်။ အမေရိကန် ထိပ်တန်းထောက်လှမ်းရေး အရာရှိတွေဟာ MH370 ကို အီရတ် ဒါမှမဟုတ် အာဖဂန်နစ္စတန်အခြေ စိုက် အမေရိကန်စစ်စခန်းတွေကို တိုက်ခိုက်ဖို့အတွက် အကြမ်းဖက်အဖွဲ့ က အသုံးပြုနိုင်ခြေရှိမရှိကိုလည်း ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။

အမေရိကန်ထောက်လှမ်းရေးထိပ်တန်းအရာရှိတွေက MH370 လေယာဉ်ကို အခုချိန်မှာ အကြမ်းဖက်အဖွဲ့အစည်းတွေက ဗုံးများ သို့မဟုတ် နျူကလီးယားလက်နက်များ တပ်ဆင်နေတယ်လို့ မထင်မရှား သက်သေတွေနဲ့ သံသယရှိယုံကြည်နေရခြင်းမှာ အကြောင်းရှိပါတယ်။

၂ဝဝ၆ခုနှစ်မှာ ဗြိတိန်နိုင်ငံက စနမသထငိန အစဖြစ်တဲ့ အရည်ဗုံးများတင် ဆောင်ထားတဲ့ လေယာဉ်တစ်စင်းအပါအဝင် အမေရိကန်နဲ့ ဗြိတိန်ပျံသန်း တဲ့ အခြားလေယာဉ် ၁ဝစင်းခန့်မှာလည်း အစားဖန်တီးဖို့ကြံစည်မှုကို စစ်ဆေးတွေ့ရှိခဲ့ပြီး အကြမ်းဖက်မှုအတွက်ကြံစည်ခဲ့တဲ့ လေယာဉ် ၁ဝ စင်းမှာ နှစ်စင်းက MH370 လိုပဲ ဘိုရင်း ၇၇၇ လေယာဉ်တွေဖြစ်ကြပါတယ်။ MH370 မပျောက်ဆုံးခင် သုံးရက်အလိုမှာလည်း အလားတူဖြစ်ရပ်မျိုး အမေရိကန်အစိုးရအရာရှိတွေက စစ်ဆေးတွေ့ရှိမှုရှိခဲ့တယ်လို့ အတွင်း ပိုင်းသတင်းတွေအရ သိရကြောင်း နညဆကငမနမ က ရေးသားဖော်ပြထား ပါတယ်။

The Enquirer ရဲ့ အခြားသောဖော်ထုတ်မှုတစ်ခုကတော့ အမေရိ ကန်လေကြောင်းလိုင်း လေယာဉ်မှူးများအဖွဲ့ကထွက်ပေါ်လာတဲ့ သတင်း ဖြစ်ပြီး ¤င်းတို့ရဲ့ လေယာဉ်ပျံသန်း မှုအစီအစဉ်တွေနဲ့ အတွင်းပိုင်းလေ ယာဉ်တွေရဲ့တုံ့ပြန်မှုကို စမ်းသပ်ခံ ရတာကို သံသယဖြစ်ဖွယ်ရာတွေ့ ရှိခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မယ့် လေယာဉ်ကို သံသယရှိရင် အမေ ရိကန် စီးပွားရေးလေကြောင်းလိုင်း ကဖြစ်နေမလားလို့ နှစ်ခါမစဉ်းစား ဘဲ ပစ်ချပစ်ဖို့ လမ်းညွှန်ချက်တွေရှိကြောင်း သိရပါတယ်။ နညဆကငမနမရဲ့ ထပ်မံဖော်ထုတ်မှုကတော့ MH 370 ပျောက်ဆုံးခဲ့ပြီး သုံးရက်အကြာ မှာ အယ်လ်ခိုင်ဒါအဖွဲ့ဝင်တစ်ဦး က ၉/၁၁ပုံစံမျိုး အကြမ်းဖက်တိုက် ခိုက်မှုပြုလုပ်နေတဲ့ မလေးရှား အစ္စ လာမ္မစ်အစွန်းရောက်များနဲ့ အဆက် အသွယ်ရှိခဲ့ကြောင်း ဝန်ခံခဲ့တယ် ဆိုတဲ့ သတင်းဖြစ်ပါတယ်။

အယ်လ်ခိုင်ဒါအဖွဲ့ဝင်တစ် ဦးဖြစ်တဲ့ ဗြိတိန်ဖွား ဆာဂျစ်ဘာ ဒက်ကိုက နယူးယောက်ခ်တရားရုံးမှာ ထွက်ဆိုရမှာတော့ မလေးရှား နိုင်ငံသားတစ်စုကို ဖိနပ်ဗုံးခွဲနည်းပေးဖို့ သင်ကြားပို့ချမှုခံယူရဖူးပြီး ၄င်း အဖွဲ့ထဲကတစ်ယောက်ဟာ လေယာဉ်ပြန်ပေးဆွဲဖို့ပြင်ဆင်နေတဲ့ လေ ယာဉ်မှူးတစ်ဦးဖြစ်တယ်လို့ ထွက်ဆိုခဲ့ကြောင်းသိရပါတယ်။ ဘာဒက် က ယင်းအဖွဲ့ဟာ ယခုအခါ ၉/၁၁ လိုလုပ်ရပ်မျိုးလုပ်ဖို့ အဆင်သင့်ဖြစ် နေပြီလို့လည်း ထွက်ဆိုခဲ့ကြောင်း နညဆကငမနမ က ရေးသားဖော်ပြထား ပါတယ်။

အမေရိကန်အစိုးရ ထိပ်တန်းအဖွဲ့အစည်းများရဲ့ ရင်းမြစ် များကရရှိတဲ့ အချက်အလက်တွေနဲ့ MH 370 လေယာဉ်ပျောက်ဆုံးမှု အတွက် အမေရိကန်အစိုးရရဲ့ စိုးရိမ်ပူပန်မှုတွေကို The Enquirer က အမေ ရိကန် နိုင်ငံသားတိုင်းဖတ်ရန်ဟူသော ခေါင်းစီးနဲ့အတူ ရေးသားဖော်ပြခဲ့ ခြင်းဖြစ်ပါတယ်။

Ref: The Enquirer

Flower News Journal အတွဲ (၁၀) အမှတ် (၁၄)

Yangon Media Group

အန်အယ်လ်ဒီပါတီ ဖွဲ့စည်းပုံ ပြင်ဆင် ဖွဲ့စည်း

 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(ဗဟို)(အန်အယ်လ်ဒီပါတီ)ရဲ့ ရှေ့လုပ်ငန်းစဉ်များ အဆင်ပြေ လွယ်ကူစေရန်နဲ့ ပါတီဝင်လွှတ်တော် အမတ်များ အပါအ၀င် အဖွဲ့ချုပ်အဆင့်ဆင့် အလုပ်အမှု ဆောင်အဖွဲ့များ အကြား အပြန်အလှန် စနစ်စကျ ချိတ်ဆက်ပြီး အချိန်နဲ့ တပြေးညီ အင်အားပြည့် ဆောင်ရွက်နိုင်ဖို့အတွက် အဖွဲ့ချုပ်(ဗဟို) ကို ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း သိရပါတယ်။

အဆိုပါ ဖွဲ့စည်းပုံတွင် ပါတီဥက္ကဋ္ဌကိုယ်တိုင် တာဝန်ယူထားသော ရေးရာကော်မတီ ၄ ခု၊ ဌာန ၈ ခု၊ ပါတီစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့၊ အုပ်ချုပ်ရေးနဲ့ ရုံးအဖွဲ့၊ ပါတီစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌတာဝန်ကို ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းကို တာဝန်ပေးပြီး အဖွဲ့ဝင်ကတ်ပြားထုတ်ဌာန၊ အုပ်ချုပ်ရေးနဲ့ ရုံးအဖွဲ့ကို ဦးထွန်းထွန်းဟိန်းကို လည်းကောင်း၊ ပါတီစာရင်းစစ်အဖွဲ့ကို လွတ်လပ်သောအဖွဲ့အဖြစ် လည်းကောင်း၊ လူမှုအထောက်အကူပြုနဲ့ ဥပဒေရေးရာအဖွဲ့ကို ပါတီနာယက ဦးတင်ဦးက ဦးဆောင်ပြီး သီးခြားရပ်တည် ချိတ်တွဲထားသည် အဖွဲ့များဖြင့် တာဝန်ပေးအပ် ဖွဲ့စည်းကြောင်း သိရပါတယ်။

By ဒီဗွီဘီ