Pages

Wednesday, April 23, 2014

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်တင် ဈာပန (ရုပ်/သံ)




သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ နောက်ဆုံးခရီး ဂူသွင်းမြင်ကွင်း



သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်တင် ဈာပန ဒေါ်အောင်ဆန်းစုကြည် ဂါရ၀ပြု



သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ဈာပန အခမ်းအနား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယကဦးတင်ဦးရဲ့ နောက်ဆုံးဂါရဝ



DVB TV News



INGOs ၀န်ထမ်း လုံခြုံရေး ရခိုင်အစိုးရနဲ့ နေပြည်တော် ပူးပေါင်းဆောင်ရွက်မည်


ရခိုင်ပြည်နယ်မှာ မတ်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် ပိတ်ထားခဲ့ရတဲ့ ကုလသမဂ္ဂ UN လက်အောက်ခံအဖွဲ့တွေနဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ NGO အဖွဲ့တချို့ရဲ့ လုပ်ငန်းတွေ အခုအခါ ပြန်လည် လည်ပတ်နေပြီး သူတို့ရဲ့ လုံခြုံရေးကို ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရက ပူးတွဲဆောင်ရွက်ဖို့ ပြင်ဆင်ထားပါတယ်။

UN နဲ့ INGO လုပ်ငန်းတွေ ပြန်လည် ဆောင်ရွက်လာတာကို ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တဦးက ကြိုဆိုလိုက်ပြီး သူတို့အနေနဲ့ ဒေသခံပြည်သူတွေနဲ့ ဆက်ဆံရာမှာ သတိရှိဖို့လည်း ပြောဆိုပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့မတ်လ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေက စစ်တွေမြို့မှာရှိတဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းက နိုင်ငံခြားသူ ၀န်ထမ်းတဦးကနေ ဗုဒ္ဓသာသနာ့အလံကို ဖြုတ်ချပြီး မဖွယ်မရာ လုပ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် UN နဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေရဲ့ ရုံးတွေ၊ သိုလှောင်ရုံတွေနဲ့ နေအိမ်တွေကို အကြမ်းဖက် တိုက်ခိုက် ဖျက်ဆီးခဲ့ပါတယ်။ အဲ့ဒီ ဖြစ်စဉ်ပြီးတဲ့နောက် ရပ်နားထားခဲ့ရတဲ့ UN နဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ NGO အဖွဲ့ လုပ်ငန်းတွေကို အခုအခါ တ၀က်နီးပါးလောက် ပြန်လည် စတင်နေပြီ ဖြစ်ပါတယ်။

လက်ရှိ နိုင်ငံတကာအဖွဲ့အစည်းတွေ လုပ်ငန်းဆောင်ရွက်နေတဲ့ အခြေအနေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က  သတင်းနှင့်မှတ်တမ်းစုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက အခုလို ပြောပါတယ်။

“လောလောဆယ်တော့ သူတို့ကို မြို့ထဲက စက်မှုလက်မှု အထက်တန်းကျောင်းပေါ့နော် အဲ့ဒီမှာ သူတို့ကို နေရာလေးပေးပြီးတော့ လုပ်ပေးထားတာတွေတော့ ရှိပါတယ်။ စက်မှုလက်မှု အထက်တန်းကျောင်းမှာ သူတို့ တချို့အဖွဲ့တွေက သူတို့အဖွဲ့အတွက် သတ်မှတ်တဲ့အခန်းလေးတွေမှာ နေ ရာယူကြတာရှိတယ်။ တချို့ကတော့ စစ်တွေဟိုတယ်မှာရှိတယ်။ တချို့လည်း ရန်ကုန်မှာရှိတယ်။ ဆိုတော့ အခု ဒီဟာကို ကိုင်နေတဲ့ဟာကတော့ကာ ဗိုလ်ချုပ်မောင်မောင်အုန်းတို့အဖွဲ့နော်။ အဲ့ဒီအဖွဲ့က ကိုင်နေတဲ့အခါကျတော့ ဒီလ ၂၆ ရက်လောက်မှာ သူတို့ ပြန်ဆုံပြီးတော့ အစည်းအဝေးလုပ်မယ်လို့ ပြောတယ်။ လုပ်ပြီးလို့ရှိရင် ရှေ့ကိုဆက်ပြီးတော့ သွားမယ့်ဟာလေးကို သိရမှာပေါ့ဗျာ။”

နိုင်ငံတကာအဖွဲ့အစည်းတွေ လုပ်ငန်း ပြန်လည်ဆောင်ရွက်ဖို့အတွက်
ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရက ပူးတွဲပြီး လုံခြုံရေးလုပ်ငန်းတွေ ကို ဆောင်ရွက်သွားမယ်လို့လည်း ဦးလှသိန်းက ပြောပါတယ်။

“ဒီပြန်လည်ဆောင်ရွက်တဲ့အခါမှာတော့ သူတို့အတွက် လိုအပ်တဲ့ လုံခြုံရေးကို ကျနော်တို့ ပြည်နယ်အစိုးရပေါ့ နောက်ပြီးတော့ ပြည်ထောင်စုပြည်ထဲရေး ၀န်ကြီးဌာနပေါ့ဗျာ ဒါနဲ့ ပူးပေါင်းပြီးတော့ ပေးရမယ်။ ပေးမယ်ဆိုတဲ့ အစီအစဉ် ရှိတယ်ဆိုတာတော့ သိပါတယ်။”

ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာတော့ ရခိုင်ပြည်နယ်မှာ UN နဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့ INGO အဖွဲ့ ၂၃ ဖွဲ့ လုပ်ငန်းဆောင်ရွက်နေရာက အခုအခါ ၁၁ ဖွဲ့ က လုပ်ငန်း ပြန်လည် ဆောင်ရွက်နေပြီဖြစ်ကြောင်းနဲ့ သူတို့ရဲ့ လုံခြုံရေးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အနီးကပ် ဆောင်ရွက်ပေးနေကြောင်း ဖော်ပြ ပါတယ်။

UN နဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့ INGO တွေ လုပ်ငန်း ပြန်လည်စတင်တာကို စစ်တွေမြို့နယ်က ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြကျော်က ကြိုဆိုကြောင်း ပြောပါတယ်။

“ကောင်းပါတယ်။ ဒီလုပ်ငန်းကို ပြန်စနိုင်တဲ့အပိုင်းမှာ။ ဟိုဘက်ဒီဘက် အုပ်စုနှစ်ခုလုံးက အကူအညီဆိုတာ လိုအပ်ကြတာ။ ဒီအကူအညီတွေကလည်း အစိုးရအနေနဲ့ အဲ့လောက်အထိ မပေးနိုင်ဘူး။ ဒီမှာရှိတဲ့ ကျနော်တို့ Volunteer သီးသန့် ဒီလိုမျိုး အလှူငွေပေးတဲ့သူတွေလည်း အမြဲတမ်း အဲ့လိုမျိုး ပေးနိုင်မှာမဟုတ်ဘူး။ အဲ့လိုဆိုတော့ NGOs တွေ ၀င်လာတဲ့အပိုင်းအတွက်ကတော့ တော်တော်များများကို ဒီမှာရှိတဲ့ ဒုက္ခသည်တွေအတွက်ကတော့ အဆင်ပြေနိုင်မယ့် အစီအစဉ်ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ကတော့ ကြိုဆိုပါတယ်။”

နိုင်ငံတကာ အဖွဲ့အစည်းတွေ အပေါ်မှာတော့ ဦးအောင်မြကျော်က အခုလို တိုက်တွန်းပါတယ်။

“အဲ့ဒီ NGO တွေလုပ်ဆောင်တဲ့ မူဝါဒသဘောထားတွေက တော်တော်ကောင်းပါတယ်။ လူမှန်၊ နေရာမှန် အဲ့ဒါ လူတွေကို ခင်းပေးဖို့တော့ လိုမယ်လို့ ထင်ပါတယ်။ အခု ပြန်ပြီး NGO တွေ ရောက်လာတဲ့အချိန်မှာ ဒီပြည်နယ် ဒီဒေသမှာရှိတဲ့ လူတွေရဲ့ Culture၊ အဓိက ဒီမှာဖြစ်နေတဲ့ ပြည်သူလူထုတွေရဲ့ Culture စိတ်အခြေအနေ အဲ့ဒါတွေကို လေ့လာဖို့တော့ တော်တော်များများ လိုအပ်မယ်လို့ ထင်ပါတယ်။ အဲ့ဒါတွေကို လိုက်နာ ဟိုဟာဖြစ်နိုင်ရင်တော့ ကျနော်တို့ ထပ်ပြီး ပြဿနာဖြစ်နိုင်မယ်လို့တော့ မထင်ပါဘူး။ လူတွေရဲ့ အမြင်ရှင်းဖို့အတွက်ကတော့ ဒီ NGO အဖွဲ့တွေက အများကြီး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။”

အရင်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအတွင်းမှာတော့  UN နဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်း ၁၈ ဖွဲ့ရဲ့ ရုံး ၁၄ ရုံး၊ နေအိမ် ၁၆ လုံး၊ သိုလှောင်ရုံ ၁၅ လုံး၊ မော်တော်ယာဉ် ၁၄ စီး၊ ရေယာဉ် ၂ စီး၊ မော်တော်ဆိုင်ကယ် ၂၉ စီးနဲ့ ရုံးသုံးပစ္စည်း စုစုပေါင်း ကျပ်ငွေ သန်း ၄၃၀ နဲ့ အမေရိကန်ဒေါ်လာ ၄ သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ဒီအကြမ်းဖက်မှု စစ်ဆေးခဲ့တဲ့ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာတော့ အဖွဲ့အစည်းတခု မမှန်သတင်းထုတ်ပြန်ပြီး လှုံ့ဆော်ခဲ့တာ ရှိခဲ့ကြောင်းနဲ့ ဒေသခံအာဏာပိုင်တွေက လုံခြုံရေးအခြေအနေကို အချိန်တိုအတွင်း မထိန်းသိမ်းနိုင်ခဲ့ကြောင်း ဖော်ပြပါတယ်။
 
 

ဗိုလ်ချုပ်ဂွမ်မော်ရဲ့  ပြည်တွင်းငြိမ်းချမ်းရေး မျှော်လင့်ချက်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ကို ဗွီအိုအေမြန်မာသတင်း အယ်ဒီတာ ဦးကျော်ဇံသာ က ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသား ဖယ်ဒရယ်ပြည်ထောင်စုအရေး စတဲ့အကြောင်းအရာများကို သီးသန့်တွေ့ဆုံမေးမြန်း တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဗိုလ်ချုပ်ကို သတင်းတွေကြားဖူးတာ၊ ပုံတွေထဲမှာ တွေ့ဖူးတာ ကြာပါပြီ။ လူချင်း အခုမှ တွေ့ရတာ အထူးဝမ်းသာပါတယ်။ နောက် ဗွီအိုအေ ကို အခုလို အင်တာဗျူးပေးတဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ်။ ပထမဦးဆုံး မေးချင်တာကတော့ အခုလောလောဆယ် ဖြစ်နေတဲ့ အခြေအနေကို နည်းနည်းမေးချင်ပါတယ်။ အခု ကေအိုင်အေ နဲ့ အစိုးရတပ်တွေကြားမှာ ဧပြီလဆန်းပိုင်းကစပြီးတော့ တိုက်ပွဲတွေပြန်ဖြစ်တယ်လို့ ကြားရပါတယ်။ အဲဒီမတိုင်ခင်လေးမှာပဲ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးအလားအလာ အတော်ကောင်းနေပြီ။ ဒီတခါတော့ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ မူတွေဘောင်တွေလုပ်တာလည်း နှစ်ဖက်ညှိပြီးတော့ ရေးဆွဲကြတယ်။ ဘာညာဆိုပြီး ကြားလိုက်ရပါတယ်။ ဆိုတော့ အဲဒီလို ကြားနေရတဲ့အချိန်မှာ အခုလို တိုက်ပွဲတွေဖြစ်လာတယ်ဆိုတော့ ငြိမ်းချမ်းရေးအလားအလာ၊ အပစ်အခတ်ရပ်စဲရေး အလားအလာကို ဘယ်လောက်များ ထိခိုက်သွားစေပါသလဲ။ ဘယ်လောက်များ နောက်ပြန်ဆုတ်သွားတယ်လို့ ထင်ပါလဲ။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ တဖက်နဲ့တဖက် ဆွေးနွေးနေတဲ့အပေါ်မှာ ယုံကြည်မှုတွေကို အများကြီးလျော့သွားစေပါတယ်။ တကယ်တော့ ဒီ ဆွေးနွေးနေတဲ့အချိန်မှာကော။ နောက် ကျနော်တို့ မြစ်ကြီးနားမှာ အောက်တိုဘာလမှာ အစိုးရကိုယ်စားလှယ်များနဲ့ ကေအိုင်အို ကိုယ်စားလှယ်များက နှစ်ဖက်တိုက်ပွဲတွေကို လျှော့ချဖို့ဆိုတဲ့ ကတိကဝတ်တွေလည်း ရှိပါတယ်။ အဲဒီတော့ ဒီဆွေးနွေးပွဲတွေမှာ ကတိတွေရှိနေလျက်နဲ့ အခုလို တိုက်ပွဲတွေဖြစ်တယ်ဆိုတာက ဆွေးနွေးမှုအပေါ်မှာ အများကြီး အနှောက်ယှက်ပေးနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုဖြစ်တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဆီက ဗွီအိုအေသတင်းထောက်တယောက် မြစ်ကြီးနားမှာတုန်းကလည်း အစိုးရဖက်က ဗိုလ်ချုပ်ကြီးတယောက်ကို မေးပါတယ်။ သူက “တိုက်ပွဲတွေလို မပြောနိုင်ဘူး။ ဒါက အဲဒီမှာ စီးပွားရေးလုပ်ကွက်တွေရှိတယ်။ သစ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ ပဋိပက္ခဖြစ်ပြီးတော့ ဖြစ်နေရတဲ့ကိစ္စ” လို့ ဆိုပါတယ်။ တနည်းအားဖြင့်ကြည့်ရင် သုံးသပ်သူတွေကလည်း ပြောကြတယ်။ ဒီ ပြည်တွင်းစစ်မှာ အစိုးရဖက်ကသာမက တော်လှန်ရေးအင်အားစုတွေကလည်း vested interest ရှိနေတယ်။ သူတို့ကလည်း အဲဒီနယ်တွေမှာ သူတို့ စီးပွားရေးလုပ်နေကြတဲ့ကိစ္စတွေ ရှိနေကြတယ်။ ဆိုတော့ စီးပွားရေးအချင်းချင်း၊ စီးပွားရေးပဋိပက္ခကလည်း အရေးကြီးတယ်လို့ ဆိုကြပါတယ်။ နိုင်ငံရေးကိစ္စကို ဖယ်ထားလိုက်ရင်တချက်။ စီးပွားရေးကိစ္စက ဘယ်လောက်အရေးပါပါသလဲ။ ဒီ ပဋိပက္ခတွေ ဖြစ်နေရတဲ့အထဲမှာ။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ ဒီဟာကို တိုတိုလေး ပြောမယ်ဆိုရင်တော့ အစိုးရနဲ့ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေက စီးပွားရေးပြိုင်ဖက်တော့ မဟုတ်ဘူး။ အဲဒီတော့ ဒီတိုက်ပွဲကို စီးပွားရေးကိစ္စနဲ့ အကြောင်းပြတယ်ဆိုရင် ခိုင်လုံတဲ့အကြောင်းပြချက် မဟုတ်ဘူးလို့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခုဖြစ်နေတဲ့ကိစ္စဟာ စီးပွားရေးကိစ္စတော့ မဟုတ်ဘူးပေါ့။
ဗိုလ်ချုပ်ဂွမ်မော် ။ ။ စီးပွားရေးကိစ္စတော့ မဟုတ်ပါဘူး။ ဥပမာ သစ်လုပ်ငန်း၊ သစ်မှောင်ခိုကို ဖမ်းတယ်ဆိုတဲ့ကိစ္စမျိုးက ခိုင်လုံတဲ့အကြောင်းပြချက် မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ နိုင်ငံရေးနဲ့ ပတ်သက်လို့က အဓိက အခက်အခဲဆုံးက ဘယ်ကိစ္စလို့ ထင်ပါသလဲ။ ရှင်းရှင်းလင်းလင်း မေးရရင်၊ ဖယ်ဒရယ်ဆိုတာ တိုင်းရင်းသားတွေက လိုချင်ကြတယ်။ ဖယ်ဒရယ်ပြည်ထောင်စုပုံစံမျိုး ဖွဲ့စည်းချင်တယ်။ ဟိုဖက်က ဒီဟာကိုများ သိပ်နားလည်းရ ခက်နေသလား။ လက်ခံဖို့ သိပ်ခက်ခဲနေလို့လား။ သို့တည်းမဟုတ် ဘယ်လိုအခက်အခဲများ ရှိနေကြပါသလဲ။ ဘာကိုများ ညှိရခက်နေသလဲ - အဓိကအားဖြင့် နိုင်ငံရေးမှာ။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ အချက် (၂) ချက်ကို အဓိကပြောချင်ပါတယ်။ ပထမအချက်က တိုင်းရင်းသားများ တောင်းဆိုနေတဲ့ တိုင်းရင်းသားများကို နားလည်းပြီးတော့၊ အသိအမှတ်ပြုပြီးတော့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်ပါတယ်။ ဒါက ပထမအချက်ပေါ့။ ဒုတိယအချက်ကတော့ လက်တွေ့ညှိနှိုင်းတဲ့အပေါ်မှာ အခြေခံယူဆချက်တွေ အများကြီးကွာခြားမှု ရှိပါတယ်။ အဓိကအချက် ဒီ (၂) ချက်ကိုပဲ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဖယ်ဒရယ်ကို သူတို့ လက်မခံနိုင်တာလား။ နားမလည်းတာလား။ သို့တည်းမဟုတ် ဗိုလ်ချုပ်နေဝင်းလက်ထက်ကတည်းက ဒါက ပြည်ထောင်စုပြိုကွဲမယ်ဆိုတဲ့ ဝါဒဖြန့်သင်ကြားမှုတွေ သူတို့ခေါင်းထဲမှာ စွဲနေတာလား။ ဘယ်လို သုံးသပ်မိပါသလဲ။ ဗိုလ်ချုပ် သူတို့နဲ့ မကြာခဏ တွေ့နေရတော့။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ အဓိကတော့ ဖယ်ဒရယ်ကို လက်မခံချင်ဘူးလို့ပဲ မြင်ပါတယ်။ နားမလည်းတာတော့ မဖြစ်နိုင်ပါဘူး။ လက်မခံချင်တာပဲ ဖြစ်ပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ တချို့ ကပြောကြတယ် ငြိမ်းချမ်းရေးအဖွဲ့ဝင်တွေ၊ အကျိုးဆောင်တွေ၊ ပုဂ္ဂိုလ်တွေက သူတို့ လက်ခံပါတယ်။ တချို့ စစ်ဗိုလ်တွေတောင်မှ ဒါကို သဘောပေါက်ကြပါတယ်ဆိုပြီး ပြောနေကြပါတယ်။ အထူးသဖြင့် ဘယ်လို တွေ့ရပါသလဲ။ စစ်တပ်က လက်မခံတာလား။ အရပ်သားတချို့  နည်းနည်းပါတယ်ပေါ့။ သူတို့က လက်မခံတာလား။ ဒါမှမဟုတ် ဗမာလူထုအများစုကိုက ဖယ်ဒရယ် လက်မခံတဲ့ အယူအဆက ဗမာလူထုအများစုကို ကိုယ်စားပြုနေတယ် ထင်ပါသလား။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ ပြည်သူလူထုအားလုံးကတော့ ဖယ်ဒရယ်ကို လက်ခံတယ်လို့ ကျနော် နားလည်းတယ်။ အခု ကျနော်တို့ NCCT က ရေးဆွဲတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မှုကြမ်းမှာ အပစ်အခတ်ရပ်စဲရေး ပြီးတဲ့နောက်ပိုင်း ဆွေးနွေးမှုမှာ ဖယ်ဒရယ်ကို ဆွေးနွေးဖို့ တင်ပြထားတယ်။ အစိုးရကပြန်ပြီး ရေးဆွဲတဲ့ text ထဲမှာတော့ ဖယ်ဒရယ်ဆိုတဲ့ စကားလုံ တနေရာမှ သုံးမထားတာကို တွေ့ရတယ်။ ဒါကြောင့်မို့ ဒီဖယ်ဒရယ်ကို အစိုးရက လက်မခံနိုင်ဘူးဆိုတဲ့ သဘောမျိုး ဖြစ်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့ သုံးသပ်သူတွေကတော့ အခု ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ဇယားတွေ ခွဲထားတယ်။ ဖယ်ဒရယ်ပြည်ထောင်စုတွေ လုပ်တဲ့အတိုင်း ဇယား (က) မှာပါတာက ဘယ်သူလုပ်ပိုင်ခွင့်။ ..ထဲမှာပါတာက ပြည်နယ်တွေရဲ့  လုပ်ပိုင်ခွင့် စသဖြင့် အဲဒီလို ပုံစံက ရှိနေပြီသား။ အဲဒီမှာ လုပ်ပိုင်ခွင့်ကိုသာ ညှိပြီးတော့ ပိုပြီပေးလိုက်နိုင်ရင် ဖယ်ဒရယ်ပုံစံမျိုး ဖြစ်သွားနိုင်တယ်လို့ တချို့ က ပြောကြပါတယ်။ အဲဒီအပြင် ပြည်နယ်အလိုက် အစိုးရအာဏာပိုင်ကို ပြည်နယ်လွှတ်တော်က ရွေးကောက်တင်မြှောက်ခွင့် ဒါတွေ တနေ့ရရှိလာရင် ဖြစ်သွားနိုင်တယ်လို့လည်း ပြောကြပါတယ်။ ဖွဲ့စည်းပုံဘောင်အတွင်းကပဲ အဲဒါကို လွှတ်တော်ထဲက လုပ်ရင်လည်း ဖြစ်မယ်ဘာညာဆိုပြီး သူတို့မူနဲ့ သူတို့ပြောကြတယ်။ ဗိုလ်ချုပ် အဲဒါကို ဘယ်လောက် အယုံအကြည် ရှိပါသလဲ။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ ၂၀၀၈ ဖွဲ့စည်းပုံကို တချို့ ပညာရှင်တွေက ဖယ်ဒရယ်ပုံစံ ဖွဲ့စည်းပုံ ဖြစ်တယ်လို့ပြောတယ်။ ဇယားအရ format အရတော့ အခြေခံယူဆလို့ ရခြင်းရမှာ ဖြစ်ပါတယ်။ သို့သော်လဲ ဒီထဲမှာ ပါဝင်တဲ့ သတ်မှတ်ချက်တွေ၊ စံနှုန်းတွေ၊ အာဏာခွဲဝေမှုတွေအရဆိုရင်တော့ ကျနော်တို့က ဖယ်ဒရယ်စနစ်ကို ပီပီပြင်ပြင် ပုံမဖော်နိုင်ဘူးလို့ပဲ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု မြန်မာနိုင်ငံမှာ စောစောက ဗိုလ်ချုပ်ကပြောတယ် ဖယ်ဒရယ်ကို ပြည်သူအများစုက လက်ခံတယ်ဆိုတော့ တခြားပြည်မက နိုင်ငံရေးပါတီတွေ တည့်တည့်ပြောရရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသားတွေအရေးနဲ့ ပတ်သက်ပြီး ဘယ်လောက် တိုင်းရင်းသားတွေဖက်က လိုလားချက်ကို နားလည်းသဘောပေါက်၊ လက်ခံတယ်လို့ သုံးသပ်မိပါသလဲ။ အဓိကအားဖြင့် ဖယ်ဒရယ်ဆိုတဲ့ ကိစ္စမျိုးကို NLD လို အဖွဲ့အစည်းမျိုးက တရားဝင်လက်ခံတယ်လို့ ပြောတာများ ကြားဖူးပါသလား။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ တရားဝင်ထုတ်ပြန်တာတော့ မကြားဖူးဘူး။ သို့သော်လဲ မိန့်ခွန်းတွေမှာ ကြည့်လို့ရှိရင် လက်ခံတယ်လို့ ဒီလိုပဲ သဘောပေါက်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  တိုင်းရင်းသားတွေအပေါ် သဘောထားကို ဗိုလ်ချုပ်တို့အနေနဲ့ လက်ခံနိုင်တယ်ဆိုတဲ့ သဘောလား။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ တိုင်းရင်းသားတွေရဲ့  သဘောထားကို ပွင့်ပွင့်လင်းလင်းနဲ့ ဖော်ပြတာမျိုးတော့ မတွေ့ရသေးဘူး။ သို့သော်လဲပဲ တိုင်းရင်းသားတွေအရေးကို NLD လို ပါတီကြီးတွေကတော့ လက်ခံလိမ့်မယ်လို့ ဒီလိုပဲ မျှော်လင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့  ဒေါ်အောင်ဆန်းစုကြည် လန်ဒန်ရောက်တုန်းက LSE မှာ ကချင်ကျောင်းသားတချို့ ထပြီး ဆွေးနွေးတာကြားပါတယ်။ အဲဒီတုန်းက ကချင်ပြည်နယ်မှာ စစ်ပြေးဒုက္ခသည်တွေ ဒုက္ခရောက်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ တခွန်းမှ မပြောပါလားလို့ ပြောပါတယ်။ ဆိုတော့ အဲဒီလိုအမြင်မျိုး ကချင်ပြည်နယ်က လူတွေမှာ တကယ်ပဲ ရှိကြပါသလား။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ ကချင်လူထုထဲမှာ ရှိနိုင်ပါတယ်။ ကေအိုင်အိုထဲမှာတော့ မရှိဘူး။ မရှိဘူးဆိုတာ ကေအိုင်အို အနေနဲ့ကတော့ NLD သော်လည်းကောင်း တခြားသောပါတီများကသော်လည်းကောင်း ကချင်များအရေးကို ပြောတယ်မပြောဘူးဆိုတာကို ကျနော်တို့က တခါမှ ထည့်မစဉ်းစားမိဘူး။

ဦးကျော်ဇံသာ ။ ။ သူက တခါကမ်းလှမ်းတယ်။ ကျနော်တို့ဆီလာတုန်းက အင်တာဗျူးလုပ်တုန်းက။ တိုင်းရင်းသားတွေနဲ့ ဖြစ်တဲ့ပဋိပက္ခမှာ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးပါဝင်ပြီးတော့ ညှိနှိုင်းဆောင်ရွက်ပေးရင် ကောင်းမယ်လို့ လူထုက သုံးသပ်ကြတယ်။ ဒေါ်စု ဘယ်လိုသဘောရပါသလဲဆိုတော့ သူက ဘာပြောသလဲဆိုတော့ နှစ်ဖက်စလုံးက လိုလိုလားလား ဖိတ်ခေါ်ရင် ကျမ အဆင်သင့်ပဲလို့ ဆိုပါတယ်။ နောက် ကျနော် ကြားသိရတဲ့တခုက ဆွေးနွေးပွဲတခုမှာ ဒေါ်အောင်ဆန်းစုကြည်လို ဖိတ်ဖို့ကို တချို့ က လိုလားကြတယ်လို့ ပြောပါတယ်။ တချို့ ကလည်း မဖိတ်လိုကြဘူး။ ဖိတ်ဖို့ဘာမှ မပြောဘူးဆိုပြီးတော့ ပြောသံကြားရပါတယ်။ အဲဒီလို ဖိတ်ဖို့မပြောဘူးဆိုတဲ့အထဲမှာ ကေအိုင်အေဖက်ကလည်း ပါတယ်လို့ ထင်ပါတယ်။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ ကေအိုင်အိုဖက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ဖို့မဖိတ်ဖို့ ဆိုတာထက် အပစ်အခတ်ရပ်စဲရေးတွေ လုပ်ပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦးတို့လို ပုဂ္ဂိုလ်မျိုးတွေပါဖို့အတွက် စီမံချက်တွေ ရှိပါတယ်။ ဒီလိုအချိန်မှာ ပါဝင်သင့်တယ်လို့လည်း ကေအိုင်အို က ခံယူပါတယ်။

ဦးကျော်ဇံသာ ။ ။ အပစ်အခတ်ရပ်စဲရေးကို နည်းနည်းပြန်ကောက်ရရင် စောစောက ဗိုလ်ချုပ်ပြောတယ် အခု ဧပြီနောက်ပိုင်းမှာ ဖြစ်လာတဲ့ ပဋိပက္ခတွေကြောင့် အတော်လေး အလှမ်းဝေးသွားတယ်။ ယုံကြည်မှုတည်ဆောက်ထားတာ ပျက်သွားတယ်လို့ ပြောပါတယ်။ ပြန်လည်တည်ဆောက်နိုင်ဖို့ အလားအလာကော ရှိပါရဲ့ လား။ ဘယ်လောက်လောက်မှာ ဖြစ်နိုင်မယ် ထင်ပါသလဲ။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ ယုံကြည်မှု တည်ဆောက်ရေးကတော့ ဆက်တိုက်လုပ်ရမှာပါ။ အဲဒီတော့ ဒီတိုက်ပွဲတွေ တခါလုပ်လိုက်တိုင်း အရင်တည်ဆောက်ထားတဲ့ ယုံကြည်မှုက တော်တော်လျော့သွားပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့ ကတော့ တိုက်ပွဲဖြစ်ရတာဟာ ဗမာတပ်မတော်နဲ့ သမ္မတကို ခွဲခြားပြီး ပြောကြတယ်။ သမ္မတက တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုချင်တယ်။ သို့ပေမယ့် သူ့ရဲ့  ညွှန်ကြားချက်ကို အောက်ခြေတပ်မှုးတွေ၊ စစ်တပ်က လက်မခံဘူးလို့ ပြောကြပါတယ်။ အဲဒါကော ဘယ်လောက်မှန်တယ်လို့ သုံးသပ်မိပါသလဲ။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ ကျနော်တို့ ကေအိုင်အိုကတော့ အဲဒီလို သုံးသပ်ချက်မျိုး မထားဘူး။ သမ္မတဆိုတာ တနိုင်ငံလုံးမှာ အားလုံးရဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။ အဲဒီတော့ သမ္မတရဲ့  စကားကို နားထောင်တယ်။ နားမထောင်ဘူးဆိုတာကို ကျနော်တို့က ဝေဖန်သုံးသပ်စရာ မလိုဘူး။ အားလုံးက သမ္မတရဲ့  စကားကို သူ့ရဲ့  အစိုးရအဖွဲ့အစည်းနဲ့ တပ်တို့က နားထောင်ဖို့ လိုပါတယ်။ ဒါကြောင့်မို့လို့ အောက်ခြေက အဖွဲ့တွေက လက်မခံတာ သမ္မတအပေါ်မှာ တာဝန်ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီလိုကိစ္စမျိုးကို ဗိုလ်ချုပ်တို့အစိုးရ ငြိမ်းချမ်းရေးကောင်စီတို့နဲ့ ဆွေးနွေးကြတဲ့အခါမှာ တင်ပြတာရှိမယ် ထင်ပါတယ်။ သူတို့ အဲဒီကိစ္စကို ဘယ်လိုပြောပါသလဲ။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ ကျနော်တို့ ဒီအမြင်ကတော့ ဒီအတိုင်းပဲ ထားပါတယ်။ အစိုးရလို့ ပြောလိုက်ရင် ကျနော်တို့က ထိပ်ဆုံးမှာ သမ္မတတာဝန်ရှိတယ်။ သမ္မတရဲ့  လုပ်ပိုင်ခွင့်၊ သမ္မတကို နားခံမှုက အားလုံး ရှိသင့်တယ်လို့ ဒီအယူအဆကိုပဲ အဓိက ဆွေးနွေးပါတယ်။

ဦးကျော်ဇံသာ ။ ။ ကေအိုင်အိုရဲ့  ခံယူချက်က အပစ်အခတ်ရပ်စဲရေးဆိုတာ အရေးမကြီးဘူး။ ငြိမ်းချမ်းရေး၊ နိုင်ငံရေးသဘောတူညီချက်ရရင် အပစ်အခတ်ရပ်စဲရေးက အလိုလိုလိုက်လာနိုင်မှာပဲလို့ ခံယူထားတယ်လို့ ကျနော် နားလည်းပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ဗိုလ်ချုပ်ဂွမ်မော်အနေနဲ့ တကယ်လို့ လက်ခံတယ်၊ လက်မခံတာထား၊ ဗိုလ်ချုပ်က ပုဂ္ဂိုလ်ရေးအားဖြင့်၊ လေ့လာသူအဖြစ် တက်ရောက်နိုင်တယ်ဆိုတဲ့ သဘောမျိုး ပြောတယ်လို့ ထင်ပါတယ်။ ဆိုတော့ အခု ဧပြီမှာဖြစ်တဲ့ ပဋိပက္ခတွေနောက်ပိုင်းမှာ ဗိုလ်ချုပ်ရဲ့  အဲဒီရပ်တည်ချက်ကို ပြန်လည်ရုတ်သိမ်းပါသလား။ အခုအခြေအနေမှာ သူတို့ ဆက်လက်ရှေ့ ဆက်တိုးပြီးတော့ အပစ်အခတ်ရပ်စဲရေးလုပ်ကြရင် ဗိုလ်ချုပ်အနေနဲ့ တက်ရောက်ဖို့ ရည်ရွယ်ချက် ရှိပါသေးသလား။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ ကျနော်က NCCT ရဲ့  အဖွဲ့ဝင်ဖြစ်တယ်။ အဲဒီတော့ NCCT ရဲ့  တာဝန်အရ ရန်ကုန်ကို ကျနော်တို့သွားတယ်။ သို့သော်လဲ ကျနော်တို့ဆီမှာ တိုက်ပွဲတွေ ဒီထက်ပြင်းထန်လာရင်တော့ NCCT အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ရန်ကုန်ကိုသွားဖို့ ကိစ္စကို ပြန်ပြီးသုံးသပ်မယ့်အစီအစဉ်တွေ ကျနော်တို့ဆီမှာ ရှိပါတယ်။ 
VOA

Tuesday, April 22, 2014

သဲကုန်းမြို့နယ်တွင် လူ ၂၀၀ ကျော် ၀မ်းပျက်ဝမ်းလျှောဖြစ်

 
ပဲခူးတိုင်း သဲကုန်းမြို့နယ်အတွင်းမှာ အလှူအိမ်က ပြန်လာတဲ့ လူအယောက် ၂၇၀ ဟာ ၀မ်းပျက်ဝမ်းလျှော ဖြစ်ပြီး  သဲကုန်းဆေးရုံကို တင်ခဲ့ရပါတယ်။

သဲကုန်းမြို့နယ် ညောင်ကုန်း အုပ်စု အင်ပင်လှကျေးရွာနဲ့ အနီးပတ်ဝန်း ကျင်က ကျေးရွာသား ၂၀၀ ကျော်ဟာ ဧပြီ ၂၁ ရက်နေ့က ပဉ္ဇင်းခံ ရှင်ပြုအ လှူမှာ ကျွေးတဲ့ နို့ စိမ်းခေါက်ဆွဲကို စားပြီး ၀မ်းပျက် ၀မ်းလျှောခဲ့ကြတဲ့အတွက် သဲကုန်းဆေးရုံကို အရေးပေါ် ကုသမှုခံယူဖို့ ရောက်ရှိ နေကြပါတယ်။

ေေ
ဒေသခံတဦးက “နို့စိမ်းခေါက်ဆွဲကို ကလေးတွေ စကျွေးလိုက်တယ်ပေါ့။ တရားမနာခင် စကျွေးလိုက်တဲ့အခါကျတော့ ကလေးတွေ စားပြီးတော့ ဖြစ်တယ်။ နောက်စားပြီးတော့ လူကြီးတွေ နည်းနည်း ဖြစ်လာတယ်။ ဖြစ်လာတဲ့အခါကျတော့ သေချာပြီပေါ့။ ဒါ စားလို့ ဖြစ်တယ် ဆိုပြီး တရာမနာတော့ဖူး။ ခုချိန်ထိတော့ ဦးဇင်းတွေက မဘုန်းပေးလို့ မဖြစ်ဘူးပေါ့နော်။ အခု အရင် စားတဲ့လူတွေ ဖြစ်ပြီးတော့ နောက်ထပ် ဆက်စားတဲ့လူတွေ ဖြစ်တယ်ဆိုတော့ အဓိက ဒီ နို့စိမ်းခေါက်ဆွဲကို စားပြီး နောက်ပိုင်းမှာ အခုလို ဖြစ်သွားတာပဲ” လို့ ပြောပါတယ်။

အရေးကြီး လူနာတွေကို သဲကုန်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားပြီး လူနာ ၇၀ လောက်ကိုတော့ အင်ပင်လှကျေးရွာက ဆေးခန်းမှာပဲ ကုသပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆေးရုံးကို ကိုယ်တိုင်ရောက်ခဲ့သူတဦးက “၁ ပွဲ စားလိုက်တယ်။ ၁ ပွဲစားပြီးတော့ ၁ နာရီခွဲလောက် ကြာတော့ ၀မ်းက သွားပြီ။ ဒါနဲ့ မဖြစ်ဖူးဆိုပြီး ဆေးရုံကို လာလိုက်တာ။ အလှူက ကျန်တဲ့လူတွေလည်း ဖြစ်ကြတော့ အဲဒါနဲ့ ဆေးရုံကို ရောက်လာတာ” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်ကလည်း အင်ပင်လှကျေးရွာမှာပဲ  အလှူကနေ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဖူးသလို လူအသေအပျောက်တော့ မရှိခဲ့ဘူးလို့ ကျေးရွာသားတွေက ပြောပါတယ်။

ရာသီဥတု ပူပြင်းတဲ့ နွေရာသီမှာ အခုလို အများစာ ချက်ပြုတ်တဲ့ အလှူ အစားအသောက်တွေက အစာအဆိပ်သင့်မှုတွေ ဖြစ်တတ်တာကြောင့် သတိထားဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

ဧပြီ ၁၉ ရက်နေ့ကလည်း မြ၀တီမြို့နယ်ထဲမှာ ရှိတဲ့ ပေါလောကျေးရွာမှာလည်း  အလှူကနေ ကျွေးတဲ့ သင်္ကြန်ထမင်းကို စားရာကနေ ရွာလုံးကျွတ် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး လူ ၂၀၀ ကျော် ဆေးရုံတင်ခဲ့ရပါတယ်။

By ဒီဗွီဘီ

ပျာက်ဆုံးလေယာဉ် ရှာနေသည့်ဒေသတွင် မုန်တိုင်းဝင်မည်ဟုဆို

 
ပျောက်ဆုံး မလေးရှား လေယာဉ် MH 370 ကို ရှာနေတဲ့ ဒေသအတွင်း ဆိုင်ကလုန်းမုန်တိုင်း ဒီနေ့ ၀င်ရောက်ဖို့ ရှိတယ်လို့ အရာရှိတွေက ပြောခဲ့အပြီး မလေးရှား ပြည်သူတွေက လေယာဉ်ပျောက်ကို ရှာဖွေမှု နှောင့်နှေးမှာကို စိုးရိမ်နေကြပါတယ်။

ဒါ့အပြင် မလေးရှား လေကြောင်းလိုင်းက တခြား လေယာဉ်တစီး အရေးပေါ် လေယာဉ် ဆင်းသက်ရမှု အတွက် လည်း ဘေးကင်းရေး ကိစ္စအတွက် မေးခွန်းတွေ ထုတ်နေပါတယ်။

အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းကို အပူပိုင်းမုန်တိုင်းတခု ဦးတည်နေလို့ လေကြောင်း ရှာဖွေရေးတွေက  ဒီနေ့ နှောင့်နှေးခဲ့ပါတယ်။

ဒါပေမယ့် အာဏာပိုင်တွေပြောအပြီး နာရီအနည်းငယ်အကြာမှာ စစ်လေယာဉ် ၁၀ စီးနဲ့ သင်္ဘော ၁၀ စီးက ဆက်လက်ရှာဖွေမှာပါ။

ဂျက်အမည်ရ အပူပိုင်းဆိုင်ကလုန်းကြောင့် လေကြောင်းရှာဖွေရေးကို အချိန်ရွှေ့ခဲ့ ရတယ်လို့ သူတို့က ပြောပါတယ်။

အမေရိကန် မောင်းသူမဲ့ ရေငုပ်ယာဉ်ကတော့ ပင်လယ်ရေအောက် ရှာဖွေရေးတွေ ပြီးဆုံးခါနီးပြီ ဖြစ်ပြီး ဘာအပျက်အစီး အရိပ်လက္ခဏာမှ မတွေ့သေးပါဘူး။

သြစတြေးလျအာဏာပိုင်တွေကတော့ မတ် ၈ ရက်နေ့က လူပေါင်း ၂၃၉ ယောက်ကို တင်ဆောင်ပျံသန်းရင်း ပျောက်သွားတဲ့ လေယာဉ်ကို ဝေဟင်နဲ့ ရေအောက်မှာ ရှာဖွေမှုကို မကြာခင် အဆုံးသတ်မယ်လို့ ပြောပါတယ်။

မလေးရှားပြည်သူတယောက်ကတော့ “ဒီလေယာဉ် အိန္ဒိယသမုဒ္ဒရာထဲ တကယ်ဆင်းခဲ့ သလားဆိုတဲ့ သက်သေ အထောက်အထား ဘာမှ မပြနိုင်ခဲ့ဘူးလို့ ပြောသလို အပျက်အစီး တောင် လုံးလုံးမပြနိုင်ခဲ့ဘူး။ အင်မတန် စိတ်ပျက်စရာပဲ” လို့ ပြောပါတယ်။

အမေရိကန် မောင်းသူမဲ့ ရေအောက်သွားယာဉ် ဘလူးဖင်းရဲ့ ရှာဖွေရေး လုပ်ငန်းကတော့ လာမဲ့ ဧပြီ ၂၃ ရက်နေ့ ပြီးဆုံးမှာ ဖြစ်ပါတယ်။

လေယာဉ်ရဲ့ တည်နေရာအတွက် သက်သေ မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျန်ခဲ့တဲ့ အပတ်တွေအတွင်းက ရခဲ့တဲ့ ဆိုနာအသံလှိုင်း အချက်ပြမှုကို လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းစုရာ သေတ္တာနက်က အချက်ပြမှုနဲ့ ဆင်တူတယ်ဆိုတဲ့အချက်နဲ့ ရှာဖွေနေခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်ကနေ အိန္ဒိယနိုင်ငံ ဘန်ဂလိုလေဆိပ်ကို ပျံသန်းမယ့် MH 192 လေယာဉ်ဟာလည်း အဆင်းဂီယာ အလုပ်မလုပ်လို့ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

လေယာဉ်ပျံတက်အပြီး ၁၆ မိနစ်အကြာ ပြေးလမ်းပေါ်မှာ လေယာဉ်တာယာ အစအနတွေကို သတိထားခဲ့မိတာလို့ မလေးရှားလေကြောင်းလိုင်းက ဆိုပါတယ်။

လူ ၁၆၆ ယောက်ကို တင်ဆောင်ထားတဲ့ ဒီလေယာဉ်ဟာ ဧပြီ ၂၁ ရက်နေ့ ညနေပိုင်းမှာမှ ထပ်မံ ပျံသန်းဖို့ စီစဉ်ခဲ့ရတယ်လို့ ကြေညာချက်ထဲမှာ မလေးရှားလေကြောင်းလိုင်းက ပြောခဲ့ပါတယ်။

By ဒီဗွီဘီ

နတ္တလင်းအကြမ်းဖက်မှုများတွင် အုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ်များပါနေဟု တိုင်ကြားသဖြင့် စုံစမ်းစစ်ဆေးနေ

 
ပဲခူးတိုင်းဒေသကြီး နတ္တလင်းမြို့နယ်အတွင်းရှိ ကံစုတာစုကျေးရွာတွင် သင်္ကြန် ရက်များအတွင်းက ဖြစ်ပွားခဲ့ သည့် အကြမ်းဖက်တိုက်ခိုက်မှု များတွင် ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူအချို့နှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်အချို့ ပါဝင်ခဲ့ကြောင်း တိုင်ကြားခံခဲ့ရပြီး စုံစမ်းစစ်ဆေးမှု များပြုလုပ်နေကြောင်း ဒေသဆိုင် ရာရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအရာ ရှိများက ပြောသည်။

သင်္ကြန်အကြတ်နေ့ ဧပြီ ၁၅ ရက် ဘာသာမတူသည့် လူငယ် နှစ်ဦးချိန်းတွေ့သည့်အပေါ် ဒေသခံများက မကျေမနပ်ဖြစ်ရာမှ စတင်ခဲ့သည့် အဆိုပါ မငြိမ် သက်မှုကြောင့် နေအိမ်လေးလုံး ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများ နှင့် ရဲတပ်ဖွဲ့ဝင်များက ပြော သည်။

ဖျက်ဆီးခံခဲ့ရသည့် နေအိမ် နေအိမ်လေးလုံးအနက် သမီး ရည်းစားနှစ်ဦးချိန်းတွေ့သည့် နေအိမ်သည် ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့တွင် ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်ပြီး အခြားနေအိမ်သုံးလုံးသည် နောက်တစ်ရက်အကြာ ဧပြီ ၁၆ ရက် သင်္ကြန် အတက်နေ့တွင် ထပ်မံဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ နေအိမ်သုံးလုံးဖျက်ဆီးခဲ့သည့် ဒုတိယနေ့အကြမ်း ဖက်မှုများအတွင်း ကျေးရွာအုပ် ချုပ်ရေးမှူးတစ်ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ အချို့ပါဝင်ခဲ့ကြောင်း နေအိမ်ပျက်စီးသူများက  တိုင် ကြားခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်မှုများအတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦး နှင့် အရန်မီးသတ်တပ်ဖွဲ့အချို့ ပါဝင်ကြောင်း သံသယဖြင့် စွပ်စွဲ တိုင်ကြားမှုများ ရှိခဲ့ပြီး စုံစမ်းစစ် ဆေးမှုများ ပြုလုပ်နေကြောင်း၊ သို့သော် ယင်းဖြစ်စဉ်နှင့် ပတ်သက် ပြီး တစ်စုံတစ်ယောက်ကိုမျှ ဖမ်း ဆီးထိန်းသိမ်းထားခြင်း မရှိသေး ကြောင်း တောင်ညိုရဲစခန်းမှ တာ ၀န်ကျအရာရှိက ပြောသည်။

တိုက်ခိုက်သူအချို့က အ ကြမ်းဖက်ဖျက်ဆီးခြင်းအပြင် နေအိမ်ရှိ ပစ္စည်းအချို့ကိုပါ ယူ ဆောင်သွားကြောင်း နေအိမ်ဖျက် ဆီးခံခဲ့ရသူများက ဒေသဆိုင်ရာ အာဏာပိုင်များထံ တိုင်ကြားခဲ့ ကြသည်။

‘‘ဘာမှ မဆိုင်ဘဲ အသား လွတ်ဖျက်ဆီးခံရတာ။ အိမ်မှာ လက်ဖက်ရည် ပန်းကန်တောင် မကျန်တော့ဘူး’’ ဟု နေအိမ်ဖျက် ဆီးခံခဲ့ရသည့် ဦးမြင့်ငွေက ပြော သည်။

ကာယကံရှင်များ၏ စာဖြင့် တိုင်ကြားမှုကို လက်ခံရရှိထားပြီး ယင်းတိုင်စာများကို အထက်အဖွဲ့ အစည်းများထံသို့ အဆင့်ဆင့် တင်ပြထားကြောင်း ဆီဆုံကုန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်နိုင်ဝင်းက ပြောသည်။

အဆိုပါ စွပ်စွဲခံရသူများနှင့် ဆက်သွယ်ရန် 7 Day Daily ကကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။ အကြမ်းဖက်မှုများအတွင်း အုပ်ချုပ်ရေးအရာရှိများ ပါဝင်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များနှင့်ပတ်သက်ပြီး    တိုင်ကြားမှုများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  လက်ရှိအခြေအနေတွင်   တိုင်စာများခရိုင်အဆင့်သို့ ရောက်၊မရောက်ကို သေချာမသိရသေးကြောင်း သာယာဝတီခရိုင်  အုပ်ချုပ်ရေးမှူးက   7Day Daily အား    ပြော သည်။

‘‘တိုင်စာလာပြီဆိုရင် တိုင် စာမှန်သမျှကို ကျွန်တော်တို့ သေ ချာစစ်ဆေးပြီး အရေးယူဆောင် ရွက်နေပါတယ်’’ ဟု သာယာဝတီ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းလှိုင် က ပြောသည်။

အခင်းဖြစ်ပွားခဲ့သည့် အဆို ပါ ကံစုတာစုကျေးရွာနှင့် အနီး တစ်ဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် များ တိုးမြှင့်ချထားပြီး အခြေအ နေမှာလည်း တည်ငြိမ်နေပြီဖြစ် ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ် ရေးတာဝန်ရှိသူများက ပြော သည်။

‘‘အဓိကကတော့ လုံခြုံရေး အပိုင်းပေါ့။ နောက်ထပ်မဖြစ် အောင် ဒါတွေ ကျွန်တော်တို့ ကျားကုတ်ကျားခဲနဲ့ လိုက်လံ ဆောင်ရွက်နေပါတယ်’’ ဟု ဆီဆုံ ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးဦးတင်နိုင်ဝင်းက ပြောသည်။

ဖျက်ဆီးခံခဲ့ရသည့် နေအိမ် များအား ဒေသခံများနှင့် ရပ်မိရပ် ဖများ ပူးပေါင်းကာ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဦးတင်နိုင်ဝင်းက ပြောသည်။

Author: ထွန်းခိုင်

7DAY DAILY

ယုဒသန်ခန်းမတွင် ဦးဝင်းတင် ဂါရ၀ပြုပွဲကျင်းပနေ (အသံဖိုင်)

 
ဧပြီ ၂၁ ရက်နေ့က ကွယ်လွန်သွားတဲ့ ၀ါရင့်နိုင်ငံရေးသမားနဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အတွက် အမှတ်တရ အောက်မေ့ဂါရ၀ပြုပွဲနဲ့ ဂုဏ်ပြုကဗျာ ရွတ်ဆိုပွဲတွေကို ရန်ကုန်မြို့ ပြည်လမ်းမကြီးပေါ်က ယုဒသန်ခန်းမမှ ကျင်းပနေပါတယ်။

နိုင်ငံရေး၊ စာပေ၊ အနုပညာနယ်ပယ်နဲ့ ဦးဝင်းတင်ကို ချစ်ခင်လေးစားသူ ၁၀၀၀ နီးပါးလောက် တက်ရောက် ဂါရ၀ပြုခဲ့ကြပါတယ်။

ယုဒသန် ခန်းမမှာ ကိုယ်တိုင်သွားရောက် သတင်းယူနေတဲ့ ဒီဗွီဘီ သတင်းထောက် သာနိုးဝေက တိုက်ရိုက် သတင်းပေးပို့ထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

By သာနိုးဝေ (ဒီဗွီဘီ)



မလေးရှားလေကြောင်းလိုင်း လေယာဉ်တစ်စင်း အရေးပေါ်ဆင်းသက်ခဲ့ရ

 
MH370 လေယာဉ်ပျောက်ဆုံးမှုကို အဖြေမရှာနိုင်သေးချိန်တွင် တနင်္လာနေ့က မလေးရှားလေကြောင်းပိုင် လေယာဉ်တစ်စင်း အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရှိရသည်။ အိန္ဒိယနိုင်ငံသို့ ပြေးဆွဲပြီး ခရီးသည် (၁၅၉)ဦးနှင့် အမှုထမ်း(၇)ဦး လိုက်ပါသွားသော MH192 လေယာဉ်သည် လေထဲသို့ ပျံတက်သွားပြီးနောက် ဘီးကွဲသွားခဲ့သည်။ တနင်္လာနေ့က ဖြစ်ရပ်အတွင်း လေယာဉ်သည် ဘင်္ဂလား လေဆိပ်မှ အတက်တွင် ဘီးကွဲခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဘင်္ဂလားသို့ ဦးတည်သည့် ခရီးစဉ်အား နောက်ကြောင်းပြန်လှည့်ပြီး ကွာလာလမ်ပူတွင် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်။ ယင်းဖြစ်ရပ်သည် MH370လေယာဉ် ပျောက်ဆုံးမှု အစရှာမရ ဖြစ်နေသည့် မလေးရှား လေကြောင်းလိုင်းအတွက် နောက်ထပ် ထိုးနှက်ချက်လည်း ဖြစ်လာသည်။

လတ်တလောတွင် MH370လေယာဉ်ပျက်မှ သေတ္တာနက် တည်ရှိနေသည်ဟု ယူဆရသော သမုဒ္ဒရာရေပြင် ဧရိယာ တစ်ခုလုံးအနက် (၃)ပုံ(၂)ပုံကို ရှာဖွေထားပြီး ဖြစ်သည်။ သို့သော်လည်း လေယာဉ်နှင့် ပတ်သက်၍ သဲလွန်စ မရသေးချေ။ ဩစတြေးလျ ကမ်းလွန်ရှိ အိန္ဒိယ သမုဒ္ဒရာအတွင်း သတ်မှတ်ဇုန်တွင် မောင်းသူမဲ့ စက်ရုပ်ရေငုပ်သင်္ဘောငယ် တစ်စင်းသည် လေယာဉ်ပျက်ကို ပိုက်စိပ်တိုက် ရှာဖွေနေဆဲ ဖြစ်သည်။

ထိုအတောအတွင်း အမေရိကန် ရေတပ်မှ Bluefin-21 သင်္ဘောသည် ရေအောက်ကြမ်းပြင်ကို Scanဖတ် စစ်ဆေးသည့် နည်းပညာဖြင့် ရေအနက် (၂.၈)မိုင်မျှ နေရာကို ခြေရာခံ ထောက်လှမ်းမှုများ ပြုလုပ်နေကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network

Monday, April 21, 2014

တောင်ကိုရီးယားသင်္ဘော ကယ်ဆယ်ရေး လုပ်ငန်းများကို ခရီးသည်များ၏ ဆွေမျိုးများ ဆန္ဒပြ



ဆိုးလ်၊ ဧပြီ ၂၀

အထက်တန်းကျောင်းသား အများစု ပါဝင်သွားပြီး ဗုဒ္ဓဟူးနေ့တွင် နစ်မြုပ်သွားသည့် တောင်ကိုရီးယား ကူးတို့သင်္ဘော Sewol ကယ်တင်ရေး လုပ်ငန်းများအပေါ် ခရီးသည်များ၏ ဆွေမျိုးများက ဒေါသတကြီး ဆန္ဒပြနေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဂျင်ဒိုကျွန်းမှတစ်ဆင့် ဆိုးလ်မြို့တော်သို့ သွားရောက် ဆန္ဒပြရန် စီစဉ်နေသူ ၁၀၀ ကျော်ကို ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့ရသည်။

သင်္ဘောနစ်မြုပ်သွားပြီး သုံးရက်ကြာပြီးနောက် ရေငုပ်သမားများမှာ သင်္ဘောတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး ခန္ဓာကိုယ်ပေါင်း ၂၂ ခုကို ရှာဖွေ တွေ့ရှိခဲ့ခြင်းကြောင့် လူသေဆုံးမှု ပမာဏမှာ ၅၄ ဦးထိ မြင့်တက်သွားပြီ ဖြစ်သည်။

သို့သော်လည်း အခြားသော ခရီးသည် ၂၄၈ ဦးမှာ ဆက်လက် ပျောက်ဆုံးနေဆဲ ဖြစ်ပြီး ခရီးသည်ပေါင်း ၁၇၄ ဦးကို ကယ်တင်နိုင်ခဲ့သည်။

သင်္ဘောနစ်မြုပ်သွားသည့် အချိန်မှစ၍ ခရီးသည်များ၏ ဆွေမျိုးများမှာ ဂျင်ဒိုကျွန်းပေါ်သို့ စုဝေး ရောက်ရှိနေကြပြီး ကယ်ဆယ်ရေးလုပ်ငန်း သတင်းများကို စောင့်ကြည့် နေခဲ့ကြသည်။

ယင်းဆွေမျိုးများထဲမှ အချို့က ကျွန်းပေါ်မှ ကီလိုမီတာ ၄၂၀ အကွာ ဆိုးလ်မြို့တော်ရှိ သမ္မတအိမ်တော်သို့ ချီတက် ဆန္ဒပြရန် ကြိုးပမ်းရာမှတစ်ဆင့် လုံးထွေး သတ်ပုတ်မှုများ ဖြစ်ပွားခဲ့သည်။
“တာဝန်ရှိသူတွေဆီက အဖြေလိုချင်ပါတယ်။ သူတို့တွေက လိမ်ညာ ပြောနေပြီး တာဝန်ကို တစ်ယောက်ကို တစ်ယောက် လွှဲချနေကြတယ်” ဟု ပျောက်ဆုံးသွားသော ခရီးသည်တစ်ဦး၏ ဖခင်ဖြစ်သူ လီဝန်ဂန်က ပြောကြားသည်။

ထို့အပြင် ပျောက်ဆုံးနေသူများ၊ သေဆုံးသွားသူများ၏ အလောင်းများ ပျက်သိုးမသွားခင် ခန္ဓာကိုယ်များကို ပြန်လည် ဆယ်ယူရရှိနိုင်ရန် ဆွေမျိုးများက စိုးရိမ် လိုလားနေကြသည်။

ဆိုးလ်မြို့တော်သို့ ချီတက် ဆန္ဒမပြရန် တောင်ကိုရီးယား ဝန်ကြီးချုပ် ကိုယ်တိုင် လာရောက် စည်းရုံး ပြောကြားခဲ့ပြီး သင်္ဘောနစ်မြုပ်သည့် ဖြစ်ရပ်မှတစ်ဆင့် တစ်နိုင်ငံလုံးနှင့် ဆိုင်သော နိုင်ငံရေးရာ အဖြစ်သို့ ရောက်ရှိသွားပြီး အစိုးရအဖွဲ့အပေါ် ထိခိုက်မှု မရှိစေရန် ကြိုးပမ်း လုပ်ဆောင်နေကြောင်း BBC သတင်းထောက်က ပြောကြားသည်။

ကယ်ဆယ်ရေး လုပ်ငန်းများတွင် သင်္ဘော ၂၀၀ ခန့်၊ လေယာဉ် ၃၄ စင်းနှင့် ရေငုပ်သမား ၆၀၀ ကျော် ပူးပေါင်း ပါဝင်နေကြောင်း BBC သတင်းတွင် ဆက်လက် ဖော်ပြထားသည်။

သို့သော်လည်း ရေစီးကြောင်းများ ပြင်းထန်နေပြီး မြင်ကွင်း မကောင်းမှုများကြောင့် ရှာဖွေရေး လုပ်ငန်းများမှာ စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည်။

သင်္ဘောကပ္ပတိန်နှင့် အခြားသော သင်္ဘောသားနှစ်ဦးကို တာဝန်ပေါ့လျော့မှု၊ ရေကြောင်းဥပဒေ ချိုးဖောက်မှုများဖြင့် ဖမ်းဆီးစစ်ဆေးလျက် ရှိပြီး သင်္ဘောနစ်မြုပ်သွားသည့်  အချိန်တွင် ဒေသတွင်း ရေကြောင်း အခြေအနေကို နားမလည်သည့် တတိယ အရာရှိဖြစ်သူက သင်္ဘောကို မောင်းနှင်ခဲ့ကြောင်း တောင်ကိုရီးယား အရာရှိများက ပြောကြားသည်။

Sewol သင်္ဘောပေါ်တွင် ခရီးသည်နှင့် သင်္ဘောသား ၄၇၆ ဦး လိုက်ပါသွားပြီး ၃၅၀ ခန့်မှာ အထက်တန်း ကျောင်းသားများ ဖြစ်ကြကာ အင်ချုံဆိပ်ကမ်းမှ အပန်းဖြေကျွန်း ဂျေဂျူးသို့ ဦးတည် ထွက်ခွာလာစဉ် သင်္ဘောနစ်မြုပ်သွားခြင်း ဖြစ်သည်။

The Voice  Weekly

သျှမ်းပါတီ ၂ ခု စစ်ဘေးသင့်ရွာများအား သွားရောက်ထောက်ပံ့ အားပေး

နမ့်ခမ်းမြို့ရှိ ကျားဖြူ ကျားခေါင်း ပါတီ ၊သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့၊ ၂၂ ရပ်ကွက် ရပ်မိရပ်ဖများနှင့် အစိုးရဌာန ဆိုင်ရာ အဖွဲ့များစုပေါင်းပြီး သျှမ်းပြည်မြောက်ပိုင်း နှင့် ကချင်ပြည်နယ် နယ်စပ်ကြားရှိ စစ်ဘေးသင့်ရွာများအား ဧပြီလ ၁၈ ရက်က သွားရောက်ထောက်ပံ့ အားပေးစကားများပြောဆိုခဲ့ ကြောင်း သိရသည်။


နမ့်ခမ်းမြို့ရှိ ကျားဖြူ ကျားခေါင်း ပါတီ ၊သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့၊ ၂၂ ရပ်ကွက် ရပ်မိရပ်ဖများမှ စစ်ဘေးဒုက္ခသည်များအား ကူညီထောက်ပံ့ရေး ပေးအပ်နေစဉ်

အဆိုပါ စစ်ဘေးသင့်ကျေးရွာများသည် ဧပြီလ ၁၁ ရက်က အစိုးရတပ်နှင့်တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ များ တိုက်ပွဲကြောင့် တရုတ်ပြည်ဘက်ခြမ်းနှင့် သျှမ်းမြောက် နမ့်ခမ်းမြို့သို့ ထွက်ပြေးတိမ်း ရှောင် လာသူများဖြစ် ကြသည်။

နမ့်ခမ်းမြို့ရှိ ကျားဖြူ ကျားခေါင်း ပါတီ ၊သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့၊ ၂၂ ရပ်ကွက် ရပ်မိရပ်ဖများမှ စစ်ဘေးဒုက္ခသည်များအား ကူညီထောက်ပံ့ရေး ပေးအပ်နေစဉ်

ယခုလ ၁၃ ရက်နေ့က တိုက်ပွဲပါးသွားပြီဖြစ်သဖြင့် မိမိနေရပ်သို့အသီးသီး ပြန်လာကြသူများ ဖြစ်ကြ ကြောင်း၊ နမ့်ခမ်းမြို့ဒေသခံများထံမှ ကောက်ခံရရှိသော  ဆန်၊ ဆီ၊ ဆေးဝါး နှင့်ငွေကြေးများကို  သွား ရောက် ပို့ဆောင် ထောက်ပံ့ပေးခဲ့ကြောင်း နမ့်ခမ်းမြို့ ကျားခေါင်းပါတီ ဒု- အတွင်းရေးမှုး စိုင်းဆိုင်ဖ ကဆိုသည်။

“ကျနော်တို့ သျှမ်းအဖွဲ့တွေ နဲ့ ဌာနဆိုင်ရာ ၀န်ထမ်း ရယ် ပြည်သူ့လွှတ်တော်အမတ်  စိုင်းတင်ဦး တို့ အားလုံး အင်အား ၈၀ ကျော်နဲ့ စစ်ဘေးသင့်ရွာများကို သွားရောက် တွေ့ဆုံ အားပေးစကားပြောကြပြီး ကျနော်တို့ကို ဒေသ ခံတွေက စေတနာအလျောက်ပေးလှူထားတဲ့ ပစ္စည်းတွေနဲ့  သွားဝေပေးခဲ့တယ်” ဟု ၄င်းကပြောသည်။

၎င်းအဖွဲ့သည် ဦးစွာ မန့်ဆွမ်းကျေးရွာအတွင်း ၀င်ရောက်ကာ စစ်ဘေးသင့် ရွာသုံးရွာ အတွက် ဆန်၊ဆီ၊ ဆား များကို ထောက်ပံပေးခဲ့ကြောင်း သွားရောက်ကူညီခဲ့သော လူငယ် စိုင်းယီ က ဆို သည်။

“ မန့်ဆွမ်းမှာ စစ်ဘေးသင့် ရွာ သုံးရွာ အတွက် ဆန် (၃) အိတ်၊ ခေါက်ဆွဲခြောက် (၂)ဖါ ၊ဟင်းချိုမုန့် (၁) အိတ် ၊ ဆီ ၁ ပိဿာ ၊အာလူး (၁) အိတ် နဲ့ ဆား (၃) ပိဿာ တို့ သွားရောက်ထောက်ပံ့ပေးခဲ့တယ်၊ ဌာနဆိုင်ရာ ဘက်ကတော့ ဆန် ၂ အိတ် နဲ့ ငွေ တချို့ထောက်ပံ့ခဲ့တယ် ”

 မန့်ဆွမ်းအုပ်စု အပြီး လွယ်ဟိုဆေဒေသက စစ်ဘေးသင့်ရွာ ၁၈ ရွာသို့ ဆက်ပြီး ထောက်ပံ့ရေး ပစ္စည်းများ သွားရောက် ပေးအပ်ခဲ့ကြောင်း၊ ထိုဒေသတွင်မူ ဌာနဆိုင်ရာများ  လိုက်ပါထောက်ပံ့ ခြင်းမရှိကြောင်း ၊ သျှမ်းပါတီများ ကမကထပြုသောအဆိုပါအဖွဲ့က စစ်ဘေးသင့်များအား ဆန်(၂၆)အိတ်၊ ဆီ (၃) ပုံးနှင့် (၁၃) ပုလင်း၊ ဆား (၁) အိတ် ၊ကြက်ဥ (၇၂၀) လုံးနှင့် အခြား သော လူသုံးကုန်ပစ္စည်း များ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း ၄င်း က သျှမ်းသံတော်ဆင့် အားပြောသည်။

လွယ်ဟိုဆေ ကျေးရွာ အုပ်စု အတွင်းရှိ စစ်ဘေးသင့်ကျေးရွာ (၁၈) ရွာ သည် ကချင်ပြည်နယ် ၊ မံစီမြို့နယ် အတွင်းတွင် ပါရှိသော်လည်း ကချင် ပြည်နယ် အစိုးရ၏ လစ်လျူရှုမှုကို ခံရကြောင်း၊ လာရောက်ထောက်ပံ့ကူညီ အားပေးစကားပြောကြားပေးသော သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မှ ဒေသခံများကို  ကျေးဇူးတင် ကြောင်း လွယ်ဟိုဆေကျေးရွာ အုပ်စု နေ ဒေသခံများ ကပြောဆိုပါသည်။
သျှမ်းသံတော်ဆင့်

NLD ပါတီက ၃ ရက်ကြာ အလံတိုင်ဝက်လွှင့်မယ်

ဦးဝင်းတင် ကွယ်လွန်မှု ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ်  NLD ပါတီက ၃ ရက်ကြာ အလံတိုင်ဝက်လွှင့်မှာဖြစ်ပါတယ်။ 
(ဓာတ်ပုံများ - ဟိန်းထက် / ဧရာဝတီ)
 ဒီအကြောင်း ပါတီရဲ့ ထုတ်ပြန်ချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။

ဦးဝင်းတင် ဈာပန အခမ်းအနား အစီအစဉ်

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်၏ ဈာပန အခမ်းအနားအတွက်ဆောင်ရွက်ရန် အဖွဲ့ချုပ်သဘာပတိအဖွဲ့နာယက ဦးတင်ဦး ဦးဆောင်မှုဖြင့်ဆောင်ရွက်မည်။

၂။ ဦးဝင်းတင်၏ ရုပ်ကလပ်ကို ရေဝေးသုသန်အအေးခန်းတွင်ထားရှိပြီး ၂၃၊ ၄၊ ၂၀၁၄ ရက်နေ့ ညနေ ၅:၀၀ နာရီတွင် သင်္ဂြိုလ်မည်ဖြစ်ပါသည်.။ ၂၃၊ ၄၊ ၂၀၁၄ ရက်နေ့ နေ့လည် ၁၂ နာရီမှ ၅ နာရီထိ ရေးဝေးသုသန်တွင် အသုဘရှု ဂါဝရပြု အခမ်းအနားကျင်းပမည်ဖြစ်ပါသည်။

၃။ ဦးဝင်းတင်အတွက် ၀မ်းနဲခြင်းမှတ်တမ်းရေးနိုင်ကြရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်နှင့် ပြည်လမ်း ယုဒသန်ခမ်းမတို့တွင် စီစဉ်ထားရှိပါသည်။

၎။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဝင်းတင်အတွက် ၀မ်းနဲခြင်းအထိမ်းအမှတ်အဖြစ် တိုင်းနှင့်ပြည်နယ်အားလုံးရှိ အဖွဲ့ချုပ်ရုံးတိုင်းတွင် ယခုအချိန်မှစတင်ပြီး ၂၃၊ ၄၊ ၂၀၁၄ ရက်နေ့ ညနေ ၆:၀၀ နာရီထိ အဖွဲ့ချုပ်အလံတစ်ဝက်ချထားကြရန်ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


ရန်ကုန် NLD ဌာနချုပ်ရုံး



ရန်ကုန်မြို့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်

ဧရာဝတီ blog

တရုတ် သတ္တုတင်ကားများကြောင့် ဒေသတွင်းလမ်းမကြီးနှင့် လမ်းသွယ်များပျက်စီး

 
သျှမ်းပြည်မြောက်ပိုင်း ၊ တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့တွင် တရုတ်ပြည်သားပိုင် သတ္တုကျောက် တင် ကားများမှ တန်ပိုတင် စည်းကမ်းမဲ့ မောင်းနှင်မှုကြောင့် ဒေသတွင်းလမ်းမကြီးနှင့်လမ်း သွယ်များပျက်စီးနေ သည်ဟု ဒေသခံများကပြောသည်။

တရုတ်နိုင်ငံသား များသာမောင်းနှင်သော တရုတ်လိုင်စင်ရှိ အဆိုပါ ကားကြီးများသည် နမ့်ခမ်းမြို့ နယ် အတွင်း ထွက်သော သတ္တုကျောက်များကို တန်ချိန်ပို တင်ဆောင်ကာ နေ့ညမပြတ် တရုတ်နိုင်ငံသို့ ပို့ဆောင်နေမှု ကြောင့် ဒေသတွင်းရှိ လမ်းများတနေ့ထက်တနေ့ ပျက်စီးလာကြောင်း နမ့်ခမ်းမြို့ ဒေသခံ လုင်းအေး ကဆိုသည်။

“သတ္တုကျောက်တင်ကားတွေ တစ်နေ့ တစ်နေ့ တရုတ်ဘက်ကို ကားအစီးရေ ၅၀ ထက်မနဲ ပို့နေတယ်။ နယ်စပ်ကူးတို့ဆိပ်ကနေပို့တာ။ ခု မိုးတောင် မရွာသေးပဲ လမ်းတွေက ရေလိုင်းတွေ ချိုင့်ခွက်တွေဖြစ် နေတာ။ မိုးများရွာလာရင်တော့ ပိုပျက်စီးဦးမှာပဲ” ဟု ၄င်းက ပြောသည်။

သတ္တုကျောက် တန်ချိန်ပို တင်ဆောင်သော တရုတ်ကားတစ်စီးသည် ယမန်နေ့ ညနေ ၅းဝဝ နာရီ အချိန် တွင် နမ့်ခမ်းမြို့ မိုခမ်းရပ်ကွက် ပြည်ထောင်စုလမ်း မ ပေါ်တွင် လမ်းမ ချိုင့်ခွက်ထဲ ကားဘီး ကျွံရာ (၃) နာရီကြာ လမ်းကြော ပိတ်ဆို့မှုဖြစ်ခဲ့သေးသည်ဟု ကိုယ်တိုင်မြင်တွေ့ရသူ ဒေသခံ စိုင်းအိုက်ဦးကပြောသည်။

၎င်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်မှလည်း အရေးယူခြင်းမရှိသည့် အပြင် အဆိုပါ တရုတ်ပြည်သား ပိုင် ကားကို ဝိုင်းဝန်းကူညီနေသည်ကိုတွေ့ ရကြောင်း စိုင်းအိုက်ဦးက ပြောသည်။

“ အဲတရုတ်ပြည် ပိုင် ကားတွေ ကျနော်တို့ မြန်မာဘက်ခြမ်းက ရသမျှ အကုန် သယ်ထုတ် နေကြတာ၊ ကျနော်တို့ မြန်မာဘက်ခြမ်းကကားတွေ သူတို့ ဘက်ခြမ်းမှာ အဲလိုသွားလုပ်လို့ မရဘူးဗျ၊ သူတို့ပြည် ထဲ ၀င်မောင်းမယ်ဆိုရင် အနည်းဆုံးတရုတ်ငွေ သောင်းဂဏန်း (မြန်မာကျပ် သိန်း ၂၀ ) လောက် အာမခံ ထား ပြီးမှ မောင်းနှင်ခွင့်ရတာ၊ ခု သူတို့ လုပ်ရပ် က တရားမျှတမှုရှိမှရှိရဲ့လား ဆိုတာ သမ္မတကြီး ကို သိစေချင်တယ် ” ဟု ၄င်းက ပြောသည်။

အဆိုပါ တရုတ်ပြည်ပိုင် သတ္တုကျောက်တင်ကားများသည် မြန်မာပြည်သား ပိုင်ငွေကမ္ဘာကျော်၊ စိန်ဗဒေသာ ၊မြန်မာ့မြှားဦး စသော သတ္တုတူးဖော်ရေး လုပ်ကိုင်နေသော ကုမ္ပဏီ ကြီး များနှင့် ဖက်စပ်အကျိုးတူလုပ် ကိုင် နေ ကြောင်း ဒေသခံများထံမှသိရသည်။

သျှမ်းသံတော်ဆင့် / စိုင်းတိုင်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယကနဲ့ ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ်ဟောင်း ဆရာဦးဝင်တင် ၏ နာရေးသတင်းများစုစည်း

 

ဆရာ ဦးဝင်းတင် ကွယ်လွန်ပြီ 

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယကနဲ့ ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ်ဟောင်း ဆရာဦးဝင်တင်ဟာ ဒီနေ့ တနင်္လာနေ့မနက် ၆ နာရီခွဲက ရန်ကုန်ဆေးရုံကြီး မှာ ကွယ်လွန်သွားပါပြီ။

    ကွယ်လွန်ချိန်မှာ အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ ဆရာ ဦးဝင်းတင် ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ထူထောင်ခဲ့သူ တစ်ဦး ဖြစ်ပြီး စစ်အစိုးရက သူ့ကိုနိုင်ငံရေးလှုပ်ရှားမှု အတွက် ၁၉၈၉ ခုနှစ်ကနေ ၂ဝဝ၈ ခုနှစ်အထိ ဖမ်းဆီး အကျဉ်းချခဲ့ပါတယ်။

    နောက်ဆုံးကွယ်လွန်ချိန်အထိ မြန်မာပြည်ဒီမိုကရေစီ ရရှိရေးအတွက်ကြိုးပမ်းဆောင်ရွက်ခဲ့သူ ဆရာ ဦးဝင်းတင် က RFA လွတ်လပ်တဲ့အာရှအသံ ကို သီးသန့်ပြောဆိုခဲ့တဲ့ “ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်း ကိုလျှောက်ခြင်း” ကိုယ်တိုင်ပြောအတ္ထုပ္ပတ္တိ အစီအစဉ်ကို ၂ဝဝ၉ ခုနှစ် ဖေဖေါ်ဝါရီလကနေ ၂ဝ၁၂ ဇူလိုင်လအထိ အပတ်စဉ်ထုတ်လွှင့်ခဲ့ပြီး စာအုပ်အဖြစ် ထုတ်ဝေဖို့ စီစဉ်နေဆဲဖြစ်ပါတယ်။

    ဆရာဦးဝင်းတင်နဲ့ မြန်မာ့အရေးလှုပ်ရှားသူတစ်ဦး ဆက်သွယ်ပြောဆိုဆွေးနွေးတဲ့ “ဦးဝင်းတင်နဲ့စကားပြောခြင်း” အစီအစဉ်ကို RFA က အပတ်စဉ်ထုတ်လွှင့်ခဲ့သလို မျက်မှောက်ရေးရာတွေကို ဝေဖန်ပြောဆိုနေတဲ့ “ဦးဝင်းတင်ရဲ့ခေတ်စကား” အစီအစဉ်ကိုလည်း ပြီးခဲ့တဲ့ မတ်လ ဆရာဦးဝင်းတင် ဆေးရုံတက်ချိန်အထိ RFA ကအပတ်စဉ် တင်ဆက်ခဲ့ပါတယ်။

    RFA Burmese
===================================================

ဟံသာဝတီ ဦးဝင်းတင်ရုပ်အလောင်းကို ရေဝေးသုသန်သို့ သယ်ဆောင် 

ရန်ကုန်-ဧပြီ၂၁


ယနေ့နံနက်က ကွယ်လွန်ခဲ့သော NLD ပါတီမှသတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဈာပနကို သုံးရက်ထားမည်ဟုသိရပြီး အသေးစိတ်သတင်းအချက်အလက်ကို NLD ဦးတင်ဦးမှထုတ်ပြန်ပေးသွားမညိဟုသိရသည်။
ယခုဟံသာဝတီ ဦးဝင်းတင်ရုပ်အလောင်းကို ရန်ကုန်ဆေးရြုံ့ကီးရေခဲတိုက်မှ ရေဝေးသုသန်သို့ သယ်ဆောင်သွားပြီဖြစ်သည်။ဓါတ်ပုံ-ဖိုးလပြည့်

Popular Myanmar News Journal
=============================================
 မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ဟံသာဝတီ သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်သွားတဲ့ သတင်း ကို အခုလို အသိအမှတ်ပြုပြီး ကြေညာသွားပါတယ်။ 



အခု သတင်းကို MRTV က ဦးဝင်းတင်ရဲ့ နာရေး သတင်းကို ဧပြီလ ၂၀ ရက်နေ့စွဲ နဲ့ ယူကျုလင့်မှာ တင်ထားတာဖြစ်ပြီး သတင်းရွတ်ဆိုရာမှာတော့ ဧပြီလ ၂၁ ရက်နေ့ မနက်က ဆုံးပါးသွားတာဖြစ်တယ် လို့ ကြေညာပါတယ်။



===============================================

ဦးဝင်းတင်နေအိမ်နဲ့ သတင်းမေးသူများ 

ဦးဝင်းတင် ကွယ်လွန်တဲ့ သတင်းကြောင့် သူ့မိတ်ဆွေ နဲ့ သူ့ကို လေးစား ချစ်ခင်သူ အများအပြားက ဒီကနေ့ သူ့အိမ်ကို သွားရောက် သတင်းမေးကြပါတယ်။


 . (ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)

ကာလအတန်ကြာ သူ နေထိုင်ခဲ့တဲ့
အဲဒီအိမ်က ရန်ကင်းမြို့နယ်မှာ ရှိပါတယ်။ သူ့ရဲ့ စာနယ်ဇင်းလောက မိတ်ဆွေတဦးရဲ့အိမ်ပါ။

ဦးဝင်းတင်ကို အမြဲ တွေ့ခဲ့ရတာကတော့ ပုံထဲက  အိမ်မကြီးရဲ့ ရှေ့ဘက် အိမ်ငယ်လေးထဲမှာပါ။ ခြံထဲ ဝင်ဝင်ချင်း ညာဘက်က အိမ်ငယ်လေး ဖြစ်ပါတယ်။ အဲဒီအိမ်လေးထဲမှာပဲ နေထိုင်၊ အဆက်မပြတ် ရောက်လာတတ်တဲ့ ဧည့်သည်တွေကို လက်ခံတွေ့ဆုံခဲ့တာပါ။

ဒီမနက် သတင်းမေးကြသူ အများအပြားက
ရန်ကုန်ဆေးရုံကြီး၊ ယုဒဿန်ရိပ်သာ၊ NLD ရုံးချုပ်၊ ရေဝေးသုဿန် တို့ကိုလည်း သွားကြပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ ဦးဝင်းတင် ဒီမနက် ကွယ်လွန်ခဲ့တာဖြစ်ပြီး ရုပ်ကလာပ်က ရေဝေး  ရောက်သွားပါပြီ။ ၀မ်းနည်းခြင်းမှတ်တမ်းရေးနိုင်ကြဖို့အတွက် ရန်ကုန်က  ပြည်လမ်း ယုဒသန်ခမ်းမ နဲ့ NLD ရုံးချုပ်တို့မှာ စီစဉ်ထားပါတယ်။

 









ဧရာဝတီ  .