Pages

Thursday, May 8, 2014

အစိုးရ၀န်ထမ်းနှစ်ဦးကို ပြန်မလွှတ် ရင် အင်အားသုံးဖို့ KIA ကို စစ်တိုင်းမှူး ရာဇသံပေး

kia-training-305-z
ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ် သင်တန်းကျောင်းတွင် KIA တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေပုံ ဖြစ်ပါသည်။ (Photo: RFA)
RFA

ကချင်လွတ်မြောက်ရေးတပ်မတော် KIA အနေနဲ့ ဖမ်းဆီးထားတဲ့ အစိုးရဝန်ထမ်း နှစ်ဦးကို မေလ ၆ ရက်နေ့ ညနေ ၆ နာရီမှာ နောက်ဆုံးထားလွှတ်ပေးဖို့နဲ့ သတ်မှတ်ချက်အတိုင်း ပြန်လွှတ်မပေးရင် အင်အား သုံး ဖြေရှင်းမှာဖြစ်ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက KIA ကို သတိပေး အကြောင်းကြားလိုက် တယ်လို့ သိရပါတယ်။

KIA အနေနဲ့ ဒီအကြောင်းကြားစာကို လက်ခံရရှိ ထားကြောင်းနဲ့ ဒီဝန်ထမ်းနှစ်ဦး ဖမ်းဆီးခံရမှုကို စုံစမ်းစစ်ဆေးနေကြောင်း၊ ဖမ်းဆီးထားတာသေ ချာရင် ပြန်လွှတ်ပေးမှာဖြစ်ကြောင်း အကြောင်းပြန် ထားတယ်လို့ KIO နည်းပညာ အထောက်အကူပြု အလုပ်အဖွဲ့က ဦးဒေါင်းခါးက ပြောပါတယ်။

"စာတော့ပို့ထားတယ်၊ ကျနော်တို့ရုံးကို မိတ္တူတစ်စောင်ပေးတယ်၊ အစိုးရဝန်ထမ်းနှစ်ဦးဖြစ် တယ်၊ မနေ့ညက လွှတ်ပေးဖို့ပြောတယ်၊ မနေ့ညနေ ၆ နာရီ နောက်ဆုံးထားပြီး လွှတ်ခိုင်းတာ၊ ဒါပေမဲ့ ကျနော်တို့တွေ့ပြီးပါပြီ၊ ဌာနချုပ်ရောက်လို့ရှိရင်လည်း လွှတ်ပေးမယ်လို့ အားလုံးအောက်ခြေအဆင့်ဆင့် ညွှန်ကြားထားတယ်လို့ သူတို့လမ်းခရီးမှာမို့လို့နေမှာလို့ အဲလိုအကြောင်းပြန်ထားတယ်"

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က အစိုးရတပ်တွေနဲ့ KIA တပ်ဖွဲ့တွေက အရပ်သားတွေကို အပြန်အလှန် ဖမ်းဆီးမှုတွေရှိပြီး အစိုးရတပ် နယ်မြေခံတပ်မ ၈၈ က  ဗန်းမော်ခရိုင် မန်ဝန်းကြီးမြို့နယ်၊ လဂါတ်ယန် ဒုက္ခသည်စခန်းက ဒုက္ခသည် အမျိုးသား ၁၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သလို ကေအိုင်အေတပ်ဖွဲ့ကည်း မြစ်ကြီးနားမြို့မှာကနေ မြစ်ဆုံကို သွားတဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ထမ်းနှစ်ဦးကို  ဒွန်ဂမ်ကျေးရွာအနီးမှာ ဖမ်းဆီးသွားခဲ့ပါတယ်။  အစိုးရတပ်က ဖမ်းဆီးခဲ့တဲ့ ဒုက္ခသည်တွေကို နောက်နေ့မှာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။
RFA

RCSS ရုံး ဝင်ရောက်စစ်ဆေးမှု ဖြေရှင်းချက်ပေးဖို့ အစိုးရထံ ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်တောင်းဆို




သျှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံမြို့ ရှိ သျှမ်းပြည်တပ်မတော် RCSS/SSA ကိုယ်စားလှယ် ဆက်ဆံရေး ရုံးအား  တြိဂံစစ်တိုင်းရုံးမှ ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုအား ဖြေရှင်းချက်ပေးရန် သျှမ်းပြည်တပ် မတော် ခေါင်းဆောင် ဒု - ဗိုလ်ချုပ်ကြီးယွက်စစ်က တောင်းဆိုလိုက်ပါသည်။

၂၀၁၄ မေ ၆ ရက်နေ့က ကျိုင်းတုံမြို့ RCSS/SSA ဆက်ဆံရေးရုံး တာဝန်ခံအား စရဖ ရုံး၌ ၂ နာရီ ကျော် ကြာ ထိန်းသိမ်းထားပြီး ကိုယ်စားလှယ်ရုံးအားလည်း စဖရမှူးကိုယ်တိုင် ဦးစီးသည့် စစ်အင်အား ၂၀ ကျော်က ရှောင်တခင် ဝိုင်းရံစစ်ဆေးမှု ပြုရသည့်အကြောင်းရင်း ဖြေရှင်းချက်ပေးရန် ပြည်ထောင် စုငြိမ်း ချမ်းရေးဖေါ်ဆောင်ရေးဖေါ်ဆောင် ရေးကော်မတီထံ RCSS/SSA ခေါင်းဆောင် ဒု - ဗိုလ်ချုပ်ကြီး ယွက်စစ်က ယနေ့ (၂၀၁၄၊ မေလ၊ ၈ ရက်) ရက်စွဲဖြင့် လက်မှတ်ထိုး တောင်းဆိုခြင်းဖြစ်သည်။


 ငြိမ်းချမ်းရေးနှင့်စစ်ဆေးရေး

“အစိုးရနဲ့ ကျနော်တို့ကြား၊ တပ်မတော်နဲ့ကျနော်တို့ကြား ဖြစ်ပွားလာနိုင်မဲ့ ပြဿနာကို လက်တွဲ ဖြေ ရှင်းဖို့ နှစ်ဘက်သဘောတူညီချက်နဲ့ ဒီရုံးကို တရားဝင်ရုံးဖွင့်ခွင့်ရယူထားတဲ့ဟာဘဲ။ အခုတော့ ပြဿနာ ဖြေရှင်းဖို့မဟုတ်ဘဲ ဓါးစာခံလိုမျိုး လာပြီး အသုံးချနေတော့ - အစိုးရကော တပ်မတော်ကော ငြိမ်းချမ်းရေးလိုလားနေတယ်ဆိုတာ ဟုတ်ရဲ့လားဆိုတာ ကျနော်တို့ သံသယဖြစ်ဖွယ်ရှိလာတယ်၊ ဒါကျနော်တို့ လူကိုထိန်းသိမ်းထားပြီး ကျနော်တို့ရုံးကိုရှောင်တခင်သွား ရောက်စစ်ဆေး ရတဲ့ အကြောင်းရင်း ဖြေရှင်း ချက်ပေးဖို့  တောင်းဆိုရတာဖြစ်တယ်” - ဟု ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင် ကပြောသည်။

ကျိုင်းတုံအခြေစိုက် တြိဂံစစ်တိုင်းရုံးလက်အောက်ခံ စရဖ မှူး ဗိုလ်မှူးရဲနေလင်းသည် RCSS/SSA ဆက် ဆံရေးတာဝန်ခံ စဝ်စောမိဏ်းအား စရဖ ရုံးသို့ လာရောက်တွေ့ဆုံရန်ဖုန်းဆက်ခေါ် ခဲ့သည်။ သို့သော် စရဖမှူး ဗိုလ်မှူးရဲနေလင်းက စဝ်စောမိဏ်းအား လက်ခံတွေ့ဆုံခြင်းမပြု၊ စရဖမှူး မအားသေးလျှင် ပြန် ဦး မည်ဟုပြောသော်လည်း စရဖ မှူးလက်အောက်ခံများက ပြန်ခွင့်မပြုဘဲ ၂ နာရီ ကျော်ကြာအချိန်ဆွဲ ထားသည်ဟုဆိုသည်။ ထိုစဉ် စရဖ မှူး ဗိုလ်မှူးရဲနေလင်း ကိုယ်တိုင်ဦးဆောင်သည့် စစ်သည်အင်အား ၂၀ ကျော်က RCSS/SSA ၏ ကျိုင်းတုံ ဆက်ဆံရေးရုံးအား သွားရောက်စစ်ဆေးခဲ့သည်။

သျှမ်းပြည်တပ်မ​တော် RCSS/SSA နှင့် မြန်မာအစိုးရတို့သည် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး တည်ဆောက်ထားကြပြီးဖြစ်သည်။
သျှမ်းသံတော်ဆင့်

မြန်မာနိုင်ငံမှာတွေ့မယ့် အာဆီယံထိပ်သီးတွေ တရုတ်နဲ့အငြင်းပွါးမှုကို ဘယ်လိုကိုင်တွယ်မလဲ

ဘရူနိုင်းနိုင်ငံကနေ အာဆီယံဥက္ကဋ္ဌ တာဝန်ကို မြန်မာသမ္မတ ဦးသိန်းစိန် လွှဲပြောင်းလက်ခံယူစဉ်။ ( အောက်တိုဘာလာ ၁၀၊ ၂၀၁၃)
ဘရူနိုင်းနိုင်ငံကနေ အာဆီယံဥက္ကဋ္ဌ တာဝန်ကို မြန်မာသမ္မတ ဦးသိန်းစိန် လွှဲပြောင်းလက်ခံယူစဉ်။ ( အောက်တိုဘာလာ ၁၀၊ ၂၀၁၃)
နယ်မြေပိုင်ဆိုင်မှုအတွက် တရုတ်နိုင်ငံနဲ့ အငြင်းပွားနေကြတဲ့ နိုင်ငံတွေ အပါအ၀င် အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ရဲ့ ဒီသီတင်းပတ်ကုန် မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပမယ့် ထိပ်သီး ဆွေးနွေးပွဲဟာ ဒေသတွင်း နိုင်ငံတွေအတွက် သြဇာကြီးမားတဲ့ တရုတ်နိုင်ငံနဲ့ ရင်ဆိုင်ရာမှာ စမ်းသပ်မှုတခုဖြစ်မယ်လို့ အကဲခတ်တွေ မြင်နေကြပါတယ်။

ထိပ်သီးအစည်းအဝေး ကျင်းပဖို့ ရှိနေချိန်မှာပဲ အာဆီယံ အသင်းဝင်တွေ ဖြစ်ကြတဲ့ ဗီယက်နမ်၊ ဖိလစ်ပိုင် နိုင်ငံတို့နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုတွေ ကြီးထွားလာနေတာကြောင့် ဆွေးနွေးပွဲမှာ ထည့်သွင်းလာကြလိမ့်မယ်လို့ မျှော်လင့်နေကြတာပါ။ ဒါပေမဲ့လည်း တရုတ်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး သြဇာအရှိန်အ၀ါတွေနဲ့ မကင်းဘူးလို့ ယူဆနေကြတဲ့ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ညီလာခံမှာ တရုတ်နိုင်ငံနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ပါ့မလား ဆိုတာကိုလည်း သံသယ ရှိနေကြပါတယ်။

ဒီသီတင်းပတ်ထဲမှာပဲ တရုတ်နိုင်ငံက ကမ်းလွန်ရေနံ တူးဖော်ရေး လုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်လာရာက ဗီယက်နမ် နိုင်ငံနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ၊ ဖိလစ်ပိုင်နိုင်ငံက တရုတ်ငါးဖမ်းသင်္ဘောသားတွေကို ဖမ်းဆီးခဲ့တာတွေကြောင့်လည်း တင်းမာမှုတွေ ပေါ်ပေါက်နေတာပါ။ တရုတ်နိုင်ငံက ရေနံတူးဖော်ရေး လုပ်ငန်းတွေ တိုးချဲ့ လုပ်ကိုင်မယ့် နေရာမှာ ဗီယက်နမ် ကင်းလှည့်သင်္ဘောတွေကို တရုတ်သင်္ဘောတွေက ထပ်တလဲလဲ ၀င်တိုက်တာ၊ မီးသတ်ပိုက်တွေနဲ့ ပက်တာတွေ လုပ်ခဲ့တယ်လို့ ဗီယက်နမ်နိုင်ငံက ပြောဆိုခဲ့တာပါ။

ဗီယက်နမ် နိုင်ငံခြားရေး ၀န်ကြီးဌာနကတော့ တရုတ်နိုင်ငံရဲ့ ကမ်းလွန် ရေနံလုပ်ငန်းတွေ တိုးချဲ့တဲ့ အစီအစဉ်တွေကို ချက်ခြင်း ရပ်ဆိုင်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။ 
VOA

Tuesday, May 6, 2014

နောက်ဆက်တွဲ ငလျင်များ သတိထားရန် ပညာရှင်များ သတိပေး

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ပြည်နယ်ရှိ အဝေးပြေးလမ်းမကြီးတစ်ခု ငလျင်ကြောင့် အက်ကွဲသွားသည်ကို မေလ ၅ ရက် ညနေက တွေ့ရစဉ် (ဓာတ်ပုံ − အီးပီအေ)

ထိုင်း-မြန်မာ နယ်စပ် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်တွင် မေလ ၅ ရက်ညနေက အင်အားရစ်ခ်ျတာစကေး ၆ ရှိသော အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ရာ ကနဦးသတင်းများအရ မြန်မာနိုင်ငံတွင် ပျက်စီးဆုံးရှုံးမှုများ မရှိသော်လည်း နောက်ဆက်တွဲငလျင်များကို သတိထားရန် ဘူမိဗေဒ ပညာရှင်များနှင့် မိုးလေ ၀သပညာရှင်များက သတိပေးပြောကြားသည်။

အဆိုပါငလျင် လှုပ်ခတ်သည်ကို  ရန်ကုန်မြို့အပါအ၀င် နေပြည်တော်၊ ရှမ်းပြည်နယ်၊ ပဲခူး၊ ကရင် စသော  နိုင်ငံဧရိယာအများစုငလျင်အဖျားခတ်မှုကြောင့် ငလျင်လှုပ်သည်ကို မေ ၅ ရက် ညနေတွင် သိရှိခံစားခဲ့ရသည်။

အမေရိကန် ဘူမိဗေဒလေ့လာတိုင်းတာရေးဌာန(US Geo−logical Survey) ၏ ထုတ်ပြန်ချက်အရ ထိုင်း-မြန်မာနယ်စပ်မှ မိုင် ၃၀ ခန့်အကွာ ချင်းရိုင်ခရိုင်အတွင်း ရစ်ခ်ျတာစကေး ၆ အဆင့် အင်အားပြင်းငလျင်သည် မြေအောက်အနက် ၄ ဒသမ ၆ မိုင်မှ လှုပ်ခတ်ခဲ့ရာ မြန်မာနှင့် ထိုင်းနိုင်ငံတို့ အနေဖြင့် နောက်ဆက်တွဲ ငလျင်များကို သတိထားရန်လိုအပ်သည်ဟု ဖော်ပြခဲ့သည်။

‘‘ငလျင်ရဲ့ သဘောက နောက်ဆက်တွဲနည်းနည်းတော့ ရှိကြတယ်။ အခုက မြန်မာနဲ့နည်းနည်းတော့ဝေးတယ်။ ဒါပေမဲ့ဒီဟာက ငလျင်အကြီးကြီးတစ်ခုရဲ့ ရှေ့ပြေးနိမိတ်လားဆိုတာကိုလည်း မပြောနိုင်ဘူး။ ဘာပဲပြောပြော မြန်မာက ငလျင်ကြောတွေပေါ်မှာချည်းပဲ မြို့တွေကရှိနေတော့ ကြိုတင်သတိတော့ထားရမယ်’’ဟု ငလျင်နှင့် ပတ်သက်၍ ဘူမိဗေဒပညာရှင် ဦးစိုးသူရထွန်းကပြောသည်။

‘‘ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသမှာ နေတဲ့ ပြည်သူတွေအနေနဲ့ နောက်ဆက်တွဲငလျင်တွေကို သတိထားဖို့လိုတယ်’’ဟု ယခုလှုပ်ခတ်ခဲ့သော ငလျင်နှင့် စပ်လျဉ်း၍ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားသည်။

‘‘ညနေ ငါးနာရီသုံးဆယ့်ငါးမိနစ်မှာ လှုပ်တာ၊ ဆိုးဆိုးရွားရွားကြီး ပျက်စီးတာတော့ မရှိသေးဘူး။ ဟိုတစ်ခါ တာလေငလျင်ထက်စာရင် အများကြီး သက်သာတယ်။ ဘာမှ ဖြစ်တာမတွေ့သေးဘူး’’ ဟု ထိုင်း-မြန်မာနယ်စပ်ရှိ တာချီလိတ်မြို့ ပဇ္ဈိမလူမှုကူညီရေးအသင်းမှ ကိုနေမျိုးကပြောသည်။

မေလ၅ ရက်ညနေ ငါးနာရီခွဲခန့်အချိန်၌ပင် ရန်ကုန်၊ နေပြည်တော်၊ ပဲခူးတိုင်းအတွင်းရှိ မြို့ နယ်များ၊ ရှမ်းပြည်နယ် အရှေ့ ပိုင်းနှင့် မန္တလေးတိုင်းတို့တွင် မြေငလျင်လှုပ်သည်ကို သိရှိခံစားရပြီး၊ ပြည်တွင်း၌လှုပ်သော ငလျင်ဟု ထင်ခဲ့ကြကာ စိုးရိမ်ခဲ့ကြသည်။ ငလျင်လှုပ်ပြီး မိနစ်ပိုင်းအတွင်းမှာပင် လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ငလျင်နှင့်ပတ်သက်သော ပျံ့နှံ့သွားသည်။

နေပြည်တော် ဇမ္ဗူသီရိမြို့ နယ်မှ ကိုမင်းသူက ‘‘ဒီဘက်မှာက ခါခါတက်ပြီး လူးသွားတယ်။ နည်းနည်းတော့ ကြမ်းတယ်။ အပျက်အစီးတော့ မတွေ့ရသေးဘူး’’ ဟု ပြောသည်။

ပဲခူးတိုင်း တောင်ငူမြို့နယ်မှ ကိုဝေဖြိုးကလည်း ညနေ ငါးနာရီခွဲခန့်က ငလျင်လှုပ်ခတ်ခဲ့ကြောင်း အပျက်အစီးမရှိကြောင်း ပြောကြားသည်။

နိုင်ငံပိုင် ရုပ်သံမီဒီယာများက မန္တလေး မြေငလျင်စခန်း၏ အရှေ့ဘက် ၂၀၉ မိုင်အကွာ မြန်မာနိုင်ငံ ပြင်ပနေရာကို ဗဟိုပြု၍ ရစ်ချတ်တာစကေး ၅ ဒသမ ၈ အဆင့် အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခုလှုပ်ခတ်သွား သည်ဟု ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြန်မာနိုင်ငံရှိ ပြည်တွင်းနေရာအချို့၌ လှုပ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုမရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ငလျင်ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လင်းကပြောကြားသည်။

‘‘ကြီးကြီးကျယ်ကျယ်မဖြစ်ပေမယ့် စတိုးဆိုင်တွေ၊ ကုန်စုံဆိုင်တွေမှာ ပစ္စည်းတွေ ပြုတ်ကျတာတွေတော့ရှိတယ်။ တာလေငလျင်မှာ ကိုယ်တွေ့ကြုံထားတော့ ငလျင်ဆိုရင် ကြောက်ကိုကြောက်တယ်’’ဟု တာချီလိတ်မြို့ခံ ကိုဖြိုးကိုက ည ၈နာရီခွဲခန့် တွင် ပြောသည်။

ထိုင်းနိုင်ငံ၊ ချင်းရိုင် ခရိုင်အတွင်း ယခု လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အဆောက်အအုံ အပိုင်းအစများ ပြုတ်ကျခြင်း၊ ဘုရားစေတီအချို့ပြိုလဲခြင်း၊ အဝေးပြေးလမ်းအချို့မြေပြို၊ မြေကျွံမှုများဖြစ်ပေါ်ခဲ့သည်ဟု နိုင်ငံတကာနှင့် ထိုင်းနိုင်ငံ သတင်းမီဒီယာများ၌ ဖော်ပြခဲ့သည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ၂၀၁၁ ခုနှစ်က အင်အား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာတွင် အဆောက်အအုံများ ပျက်စီးခဲ့ပြီး လူပေါင်း တစ်သောင်းရှစ်ထောင်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ထို့အပြင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလကလည်း စစ်ကိုင်းတိုင်း သပိတ်ကျင်းငလျင်ကြောင့် လူဦးရေ နှစ်ဆယ်ခန့်သေဆုံးခဲ့ရပြီး ရှစ်ဆယ်ကျော် ဒဏ်ရာရခဲ့သည်။

‘‘ရန်ကုန် ငလျင်ကြောက မလှုပ်တာ နှစ် ၈၀ ကျော်နေပြီ။ ၁၉၃၀ နောက်ပိုင်း ကြီးကြီးမားမားမရှိခဲ့ဘူး။ အဲဒီလောက်ကြီးကြီးလှုပ်မယ်ဆိုရင် အန္တရာယ်ရှိတယ်။ အသေအပျောက်များသွားမယ်’’ဟု ငလျင်များနှင့် စပ်လျဉ်း၍ ဘူမိဗေဒပညာရှင် ဦးစိုးသူရထွန်းက သတိပေးပြောကြားလိုက်သည်။

Author: ရဲနောင် / အိဖြူမွန်
7Day Daily

ကော့သောင်း ကယ်ဆယ်ရေး စခန်းမှ လူကုန်ကူး ခံခဲ့ရသူများ ထွက်ခွာ





၂၀၁၄ ခု မေလ ၅ ရက်

           လူကုန်ကူးခံခဲ့ရပြီး သက်သေအဖြစ် တစ်နှစ်   ကျော်ကြာ ကော့သောင်းကယ်ဆယ်ရေး စခန်းထဲ တွင် နေထိုင် နေကြရသည့် မြန်မာအလုပ်သမားများ  ယမန်နေ့ညဥ့်က စခန်းတာဝန်ခံများထိုးကြိတ်သဖြင့် ယနေ့ နေ့လည်က စခန်းထဲမှထွက်ခွာလာခဲ့ကြကြော င်း  သိရှိရသည်။

             ထိုသူတို့သည်  ၂၀၁၃ ခုနှစ်မတ်လ ၁၀ ရက်နေ့ကထိုင်းမလေးနယ်စပ်ကတန်ငါးဖမ်းလှေဆိပ်မှလူကုန်ကူးခံခဲ့ရသည့်    အလုပ်သမားများအနက်မှ တစ်နှစ်ကျော်ကြာနေထိုင်နေသည့် အလုပ်သမား  ၁၀ဦး နှင့် ပြီးခဲ့သည် ဆယ်ရက်ခန့်က နယ်စပ်တွင်ဖမ်းမိသည့်အသက် ၁၅နှစ် ၁၆ နှစ်အရွယ် လူငယ်(၅)ဦး)စုစုပေါင်း၁၅ဦးဖြစ်ကြသည်။

              ပြီးခဲ့သည့်ညဥ့်က ထိုးကြိတ်ခံရသူ ကိုခင်ဇေါ်ဝင်း က“စခန်းထဲမှာ ၀ိုင်ဖိုင်မိတယ်လေ။ ဖုန်းထဲမှာ ဗမာဇါတ်ကား   တွေကျနော်တို့စုပြီး ၀ိုင်းကြည့်   နေကြတာ။ ကျနော်တို့ အရက်သောက်ထားတာလည်း မဟုတ်ကြဘူး။အဲဒီအချိန်မှာ ကျနော့်  ကိုလာပြီးတော့ စခန်း ဒုတိယတာဝန်ရှိသူတစ်ဦးက လက်သီး နဲ့   လာထိုးတယ်။ နောက်အစောင့်၂ယောက်က ဖမ်းချုပ်ထားတယ်။ ကားမောင်းသမားက သေနတ် ထုတ်တယ်။ သေနတ်မြင်တော့ မြန်မာအလုပ် သမားတွေကြောက်ပြီးထွက် ပြေးကြတယ်။ ကျနော် လည်ပင်းနဲ့ မျက်နှာ ဖူရောင်သွားပါတယ်။ ထမင်းလည်းမစားနိုင်ဘူး။ ကိုက်ခဲနေပါ တယ်။ လှောင် ထားတဲ့ ကြက်လို သူတို့သတ်ချင်တဲ့အခါသတ်တယ်ဗျာ” ဟုပြောသည်။

        ၂၀၁၃ခု အောက်တိုဘာလ ၁၂ ရက် နေ့လည် ၁၁ နာရီခန့်တွင် အဓိက သက်သေတစ်ဦးဖြစ်သော ကိုဆန်း ထိုက် ၀င်း အား ကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူများက ရိုက်ခိုင်းခဲ့သည်ဟု ဆိုသည်။ ကိုဆန်းထိုက်ဝင်း က “နေ့ခင်းေ ကြာင်တောင် ကယ်ဆယ်ရေးစခန်းရှေ့က နွားကျောင်းသားက သံတုတ်နဲ့ ကျနော်ထိုင်နေတာ ကိုနောက်က ၀င်ရိုက်တာ။ သူ့မှာ သေနတ်ပါတယ်။   နောက်တစ်ခါဆို ဒီထက်နာမယ်လို့ပြောသွားသေး တယ်။ ဆေးရုံရောက်တဲ့ အခါ ကျနော်တို့ အရက်သောက်လို့ ရိုက်တာဆိုပြီး မဟုတ်တမ်းတရား တင်ပြ တယ်။ ကျနော်တို့ စခန်းထဲမှာ မနေရဲတော့ဘူး” ဟုပြောသည်။

             ယခုအလုပ်သမားများလူကုန်ကူးခံနေရသည်ကို ကယ်တင်ခဲ့သည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က“ဒီအလုပ်သမားတွေရဲ့နစ်နာဆုံးရှုံး မှုကြီးမားတာတွေကို ကျနော်ဟာ ထိုင်း နဲ့မြန်မာ၂နိုင်ငံအစည်းဝေးကျင်းပတဲ့ မတ်လ၂၁ ရက်နေ့က (ထိုင်း၊မြန်မာ၊ အင်္ဂ လိပ်)သုံးဘာသာနဲ့ ရေးပြီးတော့ မြန်မာနဲ့ထိုင်းအစိုးရအရာရှိကြီးတွေလက်ထဲ ကို ကျနော်ကိုယ်တိုင် စာအိပ် နဲ့ထည့်ပြီး အပ်ခဲ့တယ်။ ဒီအလုပ်သမားတွေရဲ့ အကြောင်းအရာကို ဧပြီလ  ၉ရက်နေ့ ပြည်တွင်းထုတ် မြန်မာပို့စ် ဂျာနယ် မှာ အထူးဆောင်းပါးအဖြစ် ပါရှိခဲ့ပါသေးတယ်။  အစိုးရနှစ်ရပ် ဒီအမှုတွဲ အပေါ် မှာ ကိုင်တွယ်တာ မတ်လမှာ တစ်နှစ်ပြည့်ခဲ့ပြီ။ အလုပ်သမားတွေ  မိမိကိုယ် ကို သတ် ချင်လောက် အောင်စိတ်ဓါတ်ကျနေကြပြီးဖြစ်တယ်။

             အမြန်ဆုံးပြီးပြတ်အောင် လုပ်ကြစေ   ချင်ပါတယ်” ဟု တိုက်တွန်းပြောဆိုသည်။
         ကလေးအလုပ်သမား၅ဦးတို့အား ကယ်ဆယ်ရေးစခန်းတာဝန်ရှိသူများ လိုက်လာ ၍ မွန်းလွဲ၃နာရီခွဲအချိန်တွင် လာရောက်ခေါ်   ဆောင်သွားခဲ့သည်။ အရိုက်ခံရသည့် အလုပ်သမားများအား  ညနေ့ ၅နာရီခွဲ တွင် လ၀က (တောမော)အချုပ်ခန်းသို့   ခေါ်ဆာင်သွား ခြင်းခံခဲ့ရကြောင်းသိရှိရသည်။ ယခုအလုပ်သမားများ၏ နောက်ဆုံးအခြေအနေအား မြန်မာအစိုးရ လူကုန်ကူး မှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ နေပြည်တော်သို့ သတင်းပို့ထားပြီဖြစ်ကြောင်း ဦးကျော်သောင်း ကပြောသည်။

မောင်ပေါ်ထွန်း

 Golden Worker

ထိုင်းနိုင်ငံတွင်းဗဟိုပြု ငလျင်ပြင်း မြန်မာနိုင်ငံတွင်လည်း ခံစားရ

 
တာချီလိတ် မေ ၅

ယနေ့ညနေ မြန်မာစံတော်ချိန် ၅ နာရီ ၃၈ မိနစ်အချိန်ခန့်က ထိုင်းနိုင်ငံ ချင်းရိုင်မြို့ကို ဗဟိုပြုကာ အင်အားရစ်ခ်ျတာစကေး ၆ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ ချင်းရိုင်ခရိုင် အတွင်းရှိ နေအိမ်အဆောက်အအုံများ၊ မော်တော်ကားလမ်းများ ပျက်ဆီးဆုံးရှုံးခဲ့သည်။ မြေငလျင်လှုပ်ခတ်မှု အရှိန် သည် အိမ်နီးချင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်ဒေသတွင် သိသိသာသာ လှုပ်ခတ်သွားခဲ့ပြီး မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ ကျိုင်းတုံ၊ တောင်ကြီး၊ နေပြည်တော်၊ ပျဉ်းမနား၊ ရန်ကုန်မြို့များသို့တိုင် အင်အား အဆင့်ဆင့်ဖြင့် လှုပ်ခတ်သွားခဲ့ကြောင်း သိရှိရသည်။

အင်အားပြင်း

“၂၀၁၁ ခုနှစ်က လှုပ်ခဲ့တဲ့ တာလေငလျင်လောက် မပြင်းပေမယ့်တာချီလိတ်မြို့ထဲက တိုက်တာအဆောက် အအုံတွေ သိသိသာသာ လှုပ်ရမ်းသွားတဲ့အထိ အင်အားပြင်းပါတယ်။ ၁၀ စက္ကန့်လောက်ပဲကြာတာ ဖြစ်ပေမယ့် အားလုံးက ဆိုးရွားတဲ့ တာလေငလျင်ဒဏ်ကို ခံခဲဖူးသူတွေဆိုတော့ တုန်လှုပ်ခြောက်ခြား သွားကြပြီး နေအိမ်အဆောက်အအုံတွေထဲက ပြေးထွက်လာကြပါတယ်” ဟုစားသောက်ဆိုင်ပိုင်ရှင် ဦးဟန်ဝင်းက မြေငလျင်နှင့် ပတ်သက်ပြီးပြောပြသည်။ “ဒီနေ့မနက် ၄ နာရီလောက်ကစပြီး တာချီလိတ် မြို့မှာ မိုးသည်းထန်စွာရွာပြီး မိုးကြိုးတွေလည်းအတော်များများပစ်တယ်၊ အခုညနေပိုင်း ကျတော့ မြေငလျင် လှုပ်တယ် ဆိုတော့ တော်တော်လေး ထိတ်လန့်ကုန်ကျတာပေါ့” ဟု မကာဟိုခမ်းရပ်ကွက်မှ ကိုဇော်အောင် ကပြောကြားသည်။

အဆင်သင့်ပြင်ဆင်ထား

မြေငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်ပြီး လူမှုကွန်ရက်ဖြစ်သော Facebook စာမျက်နှာများမှတစ်ဆင့် အချင်းချင်း အပြန်အလှန်သတင်းပေးပို့ ဖလှယ်နိုင်ခဲ့မှုကြောင့် မြေငလျင်ဗဟိုချက် တည်နေရာကို မိနစ်ပိုင်း အတွင်း သိရှိကြကာချင်းရိုင်ခရိုင် အတွင်းရှိ အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုအတွက် စိတ်မကောင်း ဖြစ်ကြကြောင်း၊ ထိုဒေသတွင်နေထိုင်ကြသည့် မြန်မာနိုင်ငံသားများ အခက်အခဲ တစ်စုံတစ်ရာ ရှိပါက ကူညီမှုပြုနိုင်ရန်အတွက် တာချီလိတ်မြို့အခြေစိုက် လူမှုကူညီရေးပရဟိတ အသင်းအဖွဲ့များက အဆင်သင့် ပြင်ဆင်ထားကြောင်း သိရသည်။

MOI Webportal Myanmar

Sunday, May 4, 2014

ပဲခူးတိုင်းဒေသကြီးအချို့တွင် လယ်ယာ သိမ်းမှုများ ဆက်လက်ရှိနေဆဲဟုဆို

 
ရန်ကုန်၊မေ ၂-
 ပဲခူးတိုင်းဒေသကြီး နေရာ အချို့တွင် မြေသိမ်းယူမှုများ ဆက်လက် ဖြစ်ပေါ်နေကြောင်း လယ် ယာမြေနှင့် အခြားမြေများသိမ်းဆည်း ခံရမှု စုံစမ်းစစ်ဆေးရေး ကော်မတီ ဝင် ဦးစိန်ထွန်း၏ ပြောကြားချက်အရ သိရသည်။

ကျောက်ကြီးမြို့နယ်နှင့် ပဲခူးမြို့ တို့တွင် တပ်မတော်အစိုးရ လက်ထက် က ချထားပေးခဲ့သည့် မြေများပေါ် တွင် နေထိုင်နေ သူများက ယခုမြေ သိမ်းယူမှုများကို ကြုံနေရခြင်းဖြစ်ပြီး အာဏာပိုင်များ၏ အမိန့်ကြေညာ ချက်များ၊ လုပ်ငန်းရှင်များ၏ခြံစည်း ရိုးခတ်မှုများကို ဒေသခံ များကြုံတွေ့ နေရခြင်း ဖြစ်ကြောင်း သိရ သည်။

ဦးစိန်ထွန်းက''ပြည်ထောင်စု လွှတ်တော်၊ ဗဟိုမြေယာ စီမံခန့်ခွဲမှုကော် မတီတွေ က သိမ်းဆည်းမြေတွေ ကို ပြန်ပေးပါလို့ ဘယ်လောက်ပြောပြော အောက်ခြေ အာဏာ ပိုင်တွေက တော့ ထပ်သိမ်းနေတုန်းပဲ''ဟုပြော သည်။

ပဲခူးတိုင်းဒေသကြီး အရှေ့ဘက် ခြမ်းရှိ ကျောက်ကြီးမြို့နယ်၊ တောပု အုပ်စုရှိ တပ်မတော်အစိုးရလက်ထက် က ချထားပေးခဲ့သည့် အိမ်ခြေ၁၂၀ ခန့်ကို ၁၉၈၄ အောက်မြန်မာပြည်မြေ ယာဥပဒ၊ ပုဒ်မ-၂၀(၁)အရ သမ္မတစာ ထုတ်ပြီး မောင်းထုတ်နေသည့် အတွက် ဒေသခံများ အခက်အခဲ ဖြစ်ပေါ် နေသလို ပဲခူးမြို့ ရပ်ကွက်ကြီး (၇)၊ (၈)၊ (၉)တို့တွင် နှုတ်မိန့်များဖြင့်လုပ်ငန်း ရှင်များကို မြေယာများချပေးမှုကြောင့် ဝန်းခြံခတ်မှုများ ဖြစ်ပေါ်နေရာဒေသ ခံများ ဒုက္ခရောက်နေခြင်းဖြစ်ကြောင်း ဦးစိန်ထွန်းက ပြောသည်။
''တကယ်တော့ အခု ကျောက်ကြီး နဲ့ ပဲခူးက မြေသိမ်းနေမှုတွေအားလုံး က ၂၀၁၂ မြေယာဥပဒေနဲ့လည်းမညီ ညွှတ်သလို၊ ၁၉၈၄ ဥပဒေနဲ့လည်း မညီညွှတ်ဘူး။ ဒါပေမဲ့ အုပ်ချုပ်ရေး ပိုင်းကတော့ လုပ်နေတာပဲ။ ဒီကိစ္စ တွေ ကို ကျွန်တော် ဗဟိုမြေယာကော် မတီကို တင်ပြထားတယ်''ဟု ဦးစိန် ထွန်း က ပြောသည်။

အထက်ပါ အခြေ အနေများ နှင့် ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီး မြေယာ စီမံခန့်ခွဲမှုကော်မတီရုံးကိုဆက် သွယ်မေးမြန်ခဲ့သော်လည်းဖြေကြား မည့်သူ မရှိသည့်အတွက် မေးမြန်းခွင့် မရခဲ့ပေ။

[--Democracy today Daily Newspaper--]
Myanmar News Network

ဖွဲ့စည်းပုံပြင်ဆင်ရေး အန်အယ်လ်ဒီနဲ့ ၈၈ ပွင့်လင်းအဖွဲ့ ပူးပေါင်းကော်မတီဖွဲ့စည်း

 
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဟောပြောပွဲတွေနဲ့ ပြည်သူ လူထုလက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့က ၁၀ ဦးပါ ပူးပေါင်း ကော်မတီတရပ်ကို ဒီကနေ့ မနက်က ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးပြီး ဖွဲ့စည်းလိုက်ပါတယ်။

တဖက် ၅ ဦးကျစီနဲ့ ဖွဲ့စည်းထားတဲ့ ဒီကော်မတီမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖက်က ဗဟိုအလုပ်အမှုဆောင် တွေဖြစ်တဲ့ ဦးဥာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဦးညီပု တို့ ပါဝင်ပြီး ၈၈ မျိုးဆက်တွေဘက်ကတော့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေးနဲ့ ကိုဂျင်မီတို့ ပါဝင်ပါတယ်။

ဒါ့ပြင် ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းတွေမှာ ကျင်းပဖို့ရှိတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောပွဲတွေနဲ့ လူထုလက်မှတ်ရေးထိုး ဆန္ဒကောက်ခံမှု လုပ်ငန်းတွေအတွက်တော့ ဒီကနေ့ပဲ နှစ်ဖက် ပူးပေါင်းကော်မတီခွဲတွေ သီးခြားဖွဲ့စည်းထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံမှာ ဒီမိုကရေစီနည်း မကျတဲ့ ပြဌာန်းချက်တွေ အများကြီးရှိနေပေမယ့် ပြင်ရခက်အောင် လုပ်ထားတဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရေးအတွက် အခုလို ဆောင်ရွက်လာရ တာနဲ့ ပတ်သက်လို့ ပူးပေါင်းကော်မတီမှာ ပါဝင်တဲ့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီက အခုလိုပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ အမှန်အတိုင်းပြောရင် ကျနော်တို့က လက်ကိုခံခဲ့တာ မဟုတ်ဘူး။ မဲလည်း မထည့်ခဲ့ဘူး။ ပြည်သူလူထုနဲ့ဆန္ဒနဲ့အညီ ဖြစ်ပေါ်လာတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေလို့လည်း ကျနော်တို့ မယူဆဘူး။ သို့သော်ငြားလည်း အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို မျက်ခြေမပြတ်စေပဲနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ ကြိုးစားတာ။ ပြောရမယ်ဆိုရင် အားလုံးသိပြီးသားပါ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ပုဒ်မ ၄၃၆ ဟာ ပြုပြင်ရခက်အောင်လုပ်ထားတဲ့ ပုဒ်မပေါ့။ ပြင်ရခက်အောင် လုပ်ထားတဲ့ ပုဒ်မတွေ ရှိသမျှကာလပတ်လုံး ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ သွေးထွက်သံယိုမှုတွေနဲ့ပဲ ပြင်ဆင်ဖို့အတွက် အဆုံးသတ်ခဲ့ရတယ်။ တကယ်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ပြင်ရလွယ်ဖို့ လိုတာပေါ့။ နောင်လာနောင်သားတွေ ပြင်ချင်တဲ့အချိန်မှာ အလွယ်တကူ ပြင်နိုင်အောင် လုပ်ပေးရလိမ့်မယ်။ အဲဒီတော့ ပြင်ဆင်ဖို့အတွက်ကို ကျနော်တို့က အဓိကထားပြီး ဆောင်ရွက်တာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ချို့ယွင်းချက်အားနည်းချက်က အများကြီး ရှိနေတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေရဖို့ စီးပွားရေးနဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ချင်ရင် ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြင်ကို ပြင်ရလိမ့်မယ်။”

လာမယ့် မတ်လ ၁၇ နဲ့ ၁၈ ရက်တွေမှာ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် တို့ ပထမဆုံးအကြိမ် ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းဟောပြောမှုတွေ ပြုလုပ်သွားကြဖို့ ရှိနေပါတယ်။

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်ကတော့ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ပါမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာဖြစ်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး သဘောတူတဲ့ ဘယ်အဖွဲ့အစည်းနဲ့ မဆို ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတယ်လို့ ပြောပါတယ်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြင်ဖို့သင့်တာကတော့ အများကြီး ပြင်သင့်တာပေါ့လေ။ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ဆိုရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ရလည်း ခဲယဉ်းပါတယ်၊ ငြိမ်းချမ်းရေးရရှိဖို့လည်း ခဲယဉ်းပါတယ်၊ ခေတ်မီတဲ့ နိုင်ငံတော်ဖြစ်ဖို့လည်း ခဲယဉ်းပါတယ်၊ ဒါကြောင့်မို့ ကျနော်တို့ ပြင်ဖို့လိုပါတယ်။ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဖို့အတွက် သဘောတူတယ်ဆို ကျနော်တို့က ပူးပေါင်းဖို့ ဖြစ်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။”

လွှတ်တော်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ အကောင်အထည်ဖော်ရေး ကော်မတီကိုဖွဲ့ စည်းပေးထားပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းရေးဆွဲဖို့နဲ့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ၆ လအလိုမှာ ဒီကိစ္စ အပြီးအပြတ် ဆောင်ရွက်ဖို့ တာဝန်ပေးထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ခုချိန်ထိတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေမူကြမ်း စတင် ရေးဆွဲတဲ့အဆင့်တောင် မရောက်သေးဘူးလို့ အကောင်အထည်ဖော်ရေး ကော်မတီ အဖွဲ့ဝင်တဦးက ပြောပါတယ်။

လတ်တလော ဖွဲ့စည်းပုံပြင်ဆင်ရေး အမြန်ဆုံး အကောင်အထည်ဖော်နိုင်အောင် မြန်မာနိုင်ငံ တ၀န်း မြို့တွေ နယ်တွေမှာ ဆန္ဒပြတောင်းဆိုမှုတွေ ဆက်တိုက် ပေါ်ပေါက်နေတာ ဖြစ်ပြီး အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတွေ ကလည်း ပူးပေါင်းဟောပြောမှုတွေ လူထုဆန္ဒ လက်မှတ်ကောက်ယူ စုဆောင်းမှုတွေပြုလုပ်ဖို့ စီစဉ်နေပါတယ်။

 By ပီတာအောင် (ပီတာအောင်)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းတွင် မြေပြိုမှုကြောင့် လူ ၂၁၀၀ သေဆုံး

 
အာဖဂန်နစ္စ တန်နိုင်ငံ မြောက်ပိုင်း တောင်ထူတဲ့ ဒေသမှာ မြေပြို မှုကြောင့် မေလ ၃ရက်နေ့ အထိ လူ အနည်းဆုံး ၂၁၀၀ လောက် သေဆုံး ခဲ့ပါတယ်။

ကယ်ဆယ်ရေး သမားတွေ ကတော့ ရှင်သန်ကျန် ရစ်သူ တွေကို ရှာဖွေရေး အစီအစဉ်ကို လက်လျှော့ပြီး အိုးအိမ်ဆုံး ရှုံးသူ အယောက် ၄၀၀၀ ကို ကူညီရေး အတွက် အာရုံစိုက် နေကြပါပြီ။

တာဂျစ်ကစ္စ တန်နိုင်ငံနဲ့ နယ်စပ်က ဘာဒက်ရှန်ခရိုင်အတွင်း တောင်စောင်း ဒေသတွေက စိတ်မချရသေးလို့ ထပ်ပြီးမြေပြိုမှာကို အရာရှိတွေက စိုးရိမ်နေတာပါ။ ကပ်ဘေးသင့်ဒေသကို ထပ်ရောက်လာတဲ့ အိမ်ခြေမဲ့တွေ ကုလသမဂ္ဂနဲ့ ဒေသခံ ကယ်ဆယ်ရေး အဖွဲ့တွေရဲ့ ဘေးကင်းရေးအတွက် စိုးရိမ်နေတာ ဖြစ်ပါတယ်။ ရွှံ့မြေတွေက ပေ ၃၀၀ လောက်ထိ ထူအောင် ပြိုကျပိနေခဲ့တာမို့ ရှင်သန်သူ ရှာတွေ့ဖို့ မျှော်လင့်ချက် နည်းနည်းပဲ ရှိတယ်လို့ ဆိုပါတယ်။

မေလ ၂ ရက်နေ့က မိုးကြီးပြီး အဘ်ဘာရတ်ဒေသရဲ့ အပေါ်က တောင်ပြိုကျခဲ့လို့ ရာနဲ့ချီတဲ့ အိမ်တွေ ပျက်စီးခဲ့တာပါ။

အနည်းဆုံး လူအယောက် ၁၀၀ လောက် ဒဏ်ရာရခဲ့ပြီး သူတို့ကို ခိုင်ခံ့တဲ့ အဆောက်အဦ တွေထဲမှာ ဆေးဝါး ကုသပေးထားပါတယ်။ ဒီဒေသဟာ သောင်းကျန်းသူ တိုက်ခိုက်မှုတွေ မရှိသလောက်ဖြစ်ပေမယ့် ရဲတွေကတော့ ဒေသတွင်း လုံခြုံရေး ယူပေးထားပါတယ်။

တာလီဘန်တွေကလည် ကပ်ဘေးသင့်တွေအတွက် လုံခြုံရေး စီစဉ်ပေးဖို့ ဆန္ဒရှိတယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

 By ဒီဗွီဘီ

လေပြင်းနှင့် မိုးရွာသွန်းမှုများကြောင့် ပင်လည်ဘူးမြို့နယ်တွင် စာသင်ကျောင်း များ ပြိုကျ ပျက်စီး



မုံရွာ မေ(၄)

စစ်ကိုင်းတိုင်းဒေစကြီး၊ ပင်လည်ဘူးမြို့နယ်တွင် မေလ(၂)ရက်နေ့ ညနေ (၅း၃၀)နာရီ အချိန်က လေပြင်းနှင့် မိုးများ တိုက်ခတ် ရွာသွန်းမှုကြောင့် စာသင်ကျောင်းများ ပြိုကျခြင်း၊ အမိုးများ လေလန် ပျက်စီးခြင်း၊ လျှပ်စစ်မီးတိုင်များ ကျိုးကျခြင်းများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ လေပြင်းနှင့် မိုးများ တိုက်ခတ် ရွာသွန်းမှုကြောင့် အင်ကုန်းကျေးရွာ မူလတန်းကျောင်းဆောင် ပြိုကျပြီး ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်အမိုးများ လေလန် ပျက်စီးကာ သွယ်တန်းဆဲ လျှပ်စစ်မီးတိုင်များ ကျိုးကျ ပျက်စီးခဲ့သည်။

အလားတူ ဆိုင်ယားကြီးကျေးရွာ အမက၊ မြို့မ(၁)အမကနှင့် မြို့မ(၂) အမကျောင်းရှိ ကျောင်းဆောင် အမိုးများ လေလန် ပျက်စီးပြီး မြို့နယ် ဘောလုံးကွင်း အုတ်တံတိုင်း ပြိုကျ ပျက်စီးခဲ့သည်။

လေဘေးဒဏ်သင့် ကျေးရွာများသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်း၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးစန်းလွင်နှင့် ဌာနဆိုင်ရာ များက သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ကို ဖြည့်ဆည်း ဆောင်ရွက်ပေးကာ မီးသတ် တပ်ဖွဲ့ဝင်များ ကျေးရွာ ရပ်မိ ရပ်ဖများနှင့် ကျေးရွာ ပြည်သူများက ပျက်စီးမှုများကို စုပေါင်း ရှင်းလင်း ဖယ်ရှားခဲ့ကြောင်း သိရသည်။

MOI Webportal Myanmar

ပြည်သူသတင်းပေးမှုကြောင့် တရားမ၀င်ပစ္စည်း ကျပ်သိန်း ၇၀၀၀ ကျော်ဖိုး ဖမ်းမိ

 
ရန်ကုန်ဆိပ်ကမ်းတွေမှာ ကျပ်သိန်းပေါင်း ၁ သောင်းကျော်ဖိုး တရားမ၀င်ပစ္စည်းတွေကို Mobile Team က ဖမ်းဆီးနိုင်ခဲ့ပြီး ကျပ်သိန်း ၇ ထောင်ကျော်ကတော့ ပြည်သူတွေက သတင်းပေးခဲ့လို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လကစပြီး မေ ၁ ရက်နေ့အထိ ရန်ကုန်ဆိပ်ကမ်း ၇ ခုကနေ တရားမ၀င်ပစ္စည်းတန်ဖိုး ကျပ်သိန်းပေါင်း ၁ သောင်းကျော် ဖမ်းဆီးရခဲ့ပါတယ်။

Mobile Teamဒီအထဲမှာ ကျပ်သိန်း ၇ ထောင်ကျော်ကတော့ ပြည်သူတွေက သတင်းပေးလို့ ဖမ်းဆီးနိုင်ခဲ့တာလို့ ရန်ကုန်ဆိပ်ကမ်း Mobile Team က ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်ဦးက ပြောပါတယ်။
“ကျနော်တို့က သတင်းပေးနဲ့ စစ်ရတာလေ။ သတင်းပေးရတာလာရင် အပေါ်တင်ပြပြီး မိုဘိုင်းတင်းအဖွဲ့နဲ့ စစ်ရတာလေ။ ဆိပ်ကမ်းကတော့ လှုပ်ရှားတွေ ရှိပြီးသားလေ။ သင်္ဘော ကပ်တာနဲ့ အကောက်အခွန်မဲ့ပစ္စည်းတွေ့တာပေါ့။ အပြင်သတင်းပေးကတော့ ပြည်သူ သတင်းပေးတဲ့ အပေါ်မှာ ကျနော်တို့က ပဏာမ ကြည့်ပြီးတော့ အသေးစိတ်ပြန်လိုက်ရတာလေ။ လိုက်ပြီးတော့ တွေ့ရှိချက်အပေါ်မှာ ဆက်လုပ်ရတာလေ။”

ဖမ်းဆီးရမိမှုမှာ အမှုပေါင်း ၄၈ မှုရှိပြီး သတင်းပေးလို့ ဖမ်းဆီးတာက ၁၂ မှု ဖြစ်ပါတယ်။ အများစုကတော့ တရားမ၀င် တင်သွင်းလာသော အရက်၊ ဘီယာနဲ့ ၀ိုင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
“အခွန်မဆောင်ခင်မှာ လိုင်စင်လုပ်ရမယ်။ လိုင်စင်လုပ်ဖို့ သတ်မှတ်ထားတဲ့ သွင်းကုန်ဖြစ်စေ ပို့ကုန်ဖြစ်စေ ပစ္စည်းကို လိုင်စင်လုပ်ရမယ်။ တချို့ပစ္စည်းက လိုင်စင်မလိုတဲ့ ပစ္စည်းကျတော့ သွင်းကုန်ကြေညာလွှာ ထုတ်ကုန်ကြေညာလွှာ ရမယ်။ ကြေညာပြီးတော့ အဲဒီအပေါ်မှာ အခွန်ဆောင်ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် လိုင်စင်လိုလို မလိုလို အကောက်အခွန် ကုန်သွယ်လုပ်ငန်းအခွန် ဆောင်ရမယ်။”

ရန်ကုန်ဆိပ်ကမ်း Mobile Team မှာ အင်အား ၇၀ ကျော်ရှိပြီး အကောက်ခွန်၊ ရဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ မီဒီယာသမားတွေ ပူးပေါင်းဖွဲ့ထားတာ ဖြစ်ပါတယ်။
By ပိုင်စိုး (ဒီဗွီဘီ)

လူကုန်ကူးခံရသူ ၁၅ ဦး တရုတ်ပြည်က ပြန်လာနေပြီ

 
တရုတ်ပြည်ကို ဖေဖေါ်ဝါရီလမှာ လူကုန်ကူးသူတွေ ပို့လိုက်တဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့ အနောက်တောင် ဘက် ငရုပ်ကောင်းမြို့ နယ်ခွဲ ဘုရားချောင်းရွာက ရွာသား ၁၅ ယောက်ဟာ မေလ ၂ ရက်နေ့ ကစပြီး သူတို့ အလုပ်လုပ် ရတဲ့ ကျန်းရှီးပြည်နယ် ကျီယန်းမြို့  ကနေ မြန်မာနိုင်ငံ မူဆယ်မြို့ ဘက်ကို ပြန်လာနေပြီ လို့ စုံစမ်းသိရှိရပါတယ်။

အဲဒီလူ ၁၅ ယောက်ထဲက ကိုတင်အောင်မြင့်ဆိုသူကို RFA က တယ်လီဖုန်းအဆက်အသွယ်ရလို့  မေးမြန်း ကြည့်တဲ့အခါ သူက"ကျနော်တို့ကို တရုတ်ပြည်မှာ အလုပ်ကောင်းတယ်ဆိုပြီးတော့ ခေါ်လာတာပေါ့ ကျတော်တို့က ဒီဘက်ရောက်မှ သူတို့ပြောတာတွေ နဲ့ မညီဘူး အဲ့ဒီတော့မှ ဒီဘက်ကိုရောက်မှ သူတို့ လိမ်ခေါ်လာမှန်း သိတယ်၊ လုပ်ရကိုင်ရတာလည်း အဆင်မပြေဘူး သူတို့ပေးတဲ့ ပိုက်ဆံလေးနဲ့ သုံးနေရတော့ ကျနော်တို့လည်း မနေနိုင်တော့ ဘူး၊ မနေနိင်တော့ ပြန်ဖို့ဆိုတော့လည်း ကျနော် တို့ကို လိမ်ပြီးတော့ ညာပြီးခေါ်လာတဲ့သူက လှည့်ပတ်ပြီးတော့ အမျိုးမျိုး ကျနော်တို့ကို ညှင်းတော့တာပဲ ထုတ်ဖို့ပိုက်ဆံလဲ ထုတ်မပေးချင်တာတို့ဘာတို့ညာတို့ ဒါမျိုးတွေဖြစ်လာတယ်၊သူတို့ခွင့်ပြုတာက ကျနော် တို့ သုံးလစာလုပ်ထားတာကို သူတို့ ရှင်းမပေးဘူး တရုတ် ယွမ်ငွေ ၇၅ဝ ပေးတယ် အဲ့ဒီ ၇၅ဝ နဲ့ ဖြစ်ချင် ရာဖြစ် ရောက်သလောက်ပြန်မယ်ဆိုပြီး ဒါအခုထုတ်လာတာပါ အပြင်ပကားဂိတ်အထိတော့ မရောက်သေးဘူး ကျနော်တို့ ကားပေါ်မှာဆိုတော့ အခုထွက်လာတာ ၁ နာရီ နီးပါးလောက်တော့ ရှိနေပြီပေါ့"

သူတို့ ဟာ IAG Sound Box စက်ရုံမှာအလုပ်လုပ်ခဲ့ရတာဖြစ်ပြီး အဲဒီစက်ရုံမှာ မြန်မာနိုင်ငံသား အယောက် ၆ဝ လောက်တွေ့ ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီလူတွေမှာ တယောက်ကိုတရုတ်ယွမ်ငွေ ၇ ရာကျော်စီပဲပါလာပြီး မူဆယ်မြို့ ကိုရောက်ဖို့ ဆိုရင် ယွမ် တထောင်ကျော်စီကုန်ကျမယ်လို့ သိရတဲ့အတွက် ပိုက်ဆံပြတ်သွားတဲ့နေရာမှာ တရုတ်ရဲစခန်း တခုကိုဝင်ပြီး အဖမ်းခံကြမယ်လို့ လဲပြောပါတယ်။

အဲဒီလူ ၁၅ ယောက်ကို တရွာတည်းနေထိုင်တဲ့ ဒေါ်ဝင်းကြည်ဆိုသူက တရုတ်ပြည်မှာ လစာကောင်း တဲ့ အလုပ်အကိုင်ရမယ်လို့ ပြောဆိုစည်းရုံးပြီးတဲ့နောက် တစ်ဦးကိုကျပ်ငွေ တစ်သိန်းခွဲဆီ အကျိုးဆောင်ခယူပြီး ဖေဖေါ်ဝါရီလက ပို့ လိုက်တာလို့ လူကုန်ကူးခံရသူတွေထဲက လူငယ်တယောက်ဖြစ်သူ ကိုအောင်ဇော်သန်းရဲ့အကို ကိုဇော်မင်းထိုက်ကပြောပါတယ်။

RFA Burmese