Pages

Wednesday, October 8, 2014

ထားဝယ်၊ မြိတ်နှင့် ကော့သောင်းထောင်မှ အကျဉ်းသား ၆၀ နီးပါး လွတ်ငြိမ်းချမ်းသာခွင့်ရ

                                  အဆင်ပြေလျှင်ကြော်ငြာများကိုဝင်ကြည့်ပါ

Dawei Watch ၊ ထားဝယ်၊ အောက်တိုဘာ ၇

နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းထောင်တို့မှ အကျဉ်းသား ၆၀ နီးပါးလွတ်မြောက်ခဲ့ကြောင်း သက်ဆိုင်ရာအကျဉ်းထောင်များထံမှ သိရသည်။

လူသားချင်းစာနာထောက်ထားမှုများဖြင့် တစ်နိုင်ငံလုံးတွင် သီတင်းဝါလကျွတ်သည့်ကာလ၌ အကျဉ်းသား/အကျဉ်းသူ ၃၀၇၃ ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်များပေး သည့် အနက် ထားဝယ်အကျဉ်းထောင်မှ အကျဉ်းသား ၁၆ ဦး၊ မြိတ်အကျဉ်းထောင်မှ အကျဉ်းသား ၂၇ ဦးနှင့် ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသား ၁၅ ဦးတို့ကို  ပြစ်ဒဏ်မှ လျှော့ပေါ့ကာ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း သက်ဆိုင်ရာအကျဉ်းထောင်များထံမှ သိရသည်။

“ဒီနေ့က တော့ ၁၃ ယောက်လွှတ်လိုက်ပါတယ်။ တကယ်စာရင်းအရ တော့ ၁၆ ယောက်လွှတ်ရမှာပါ။ ၃ ယောက်က လျှော့ရက်နဲ့ကြိုလွတ်သွားတာပါ” ဟု ထားဝယ်အကျဉ်းထောင်မှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီတွင်ပြောသည်။

အဆိုပါ လွတ်မြောက်သူများသည် စည်းကမ်းချက်အရ မိမိကျန်ခဲ့သည့် ပြစ်ဒဏ်ကို ခံဝန်ချက်ရေးထိုးပြီး လွတ်မြောက်ခဲ့သည့်အတွက် နောက်ထပ်ပြစ်မှုကျူးလွန်ပါက ခံဝန်ချက်ရေးထိုးခဲ့သည့် ပြစ်ဒဏ်ကာလကိုပါ ထပ်ပေါင်းကျခံသွားရမည်ဖြစ်သည်ဟု မြိတ်အကျဉ်းထောင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“နိုင်ငံတော် က ပေးတဲ့ လွတ်မြောက်ခွင့်နဲ့ထောင်တွင်း လျှော့ပေါ့ရက်တွေကြောင့် ငါးနှစ်ခွဲခန့်ပဲ ကျခံခဲ့ရတယ်” မူးယစ်ဆေးဝါးအမှုဖြင့် မြိတ်အကျဉ်းထောင်တွင် အကျဉ်းကျခံခဲ့ပြီး လွတ်မြောက်လာသူတစ်ဦးက ပြောသည်။

ပြည်နယ်နှင့်တိုင်း အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော နိုင်ငံသား အကျဉ်းသား (၃၀၀၇)ဦးအား ပြစ်မှုဆို်ငရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ပုဒ်မခွဲ( ၁) အရ စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်မှ လျော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ကို  နိုင်ငံတော် သမ္မတရုံး၏ အောက်တိုဘာလ ၇ ရက်စွဲပါ စာဖြင့် လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းဖြစ်သည်။
Dawei Watch

၂၀၁၄ ဓာတုဗေဒ နိုဘဲလ်ဆု ကန် ၂ ဦး၊ ဂျာမာန် ၁ ဦး ရရှိ

၂၀၁၄ ခုနှစ် ဓာတုဗေဒနိုဘဲလ်ဆုရှင်များ။
အမေရိကန်သိပ္ပံပညာရှင်တွေဖြစ်ကြတဲ့ Eric Betzig နဲ့ William Moerner, ဂျာမန်သိပ္ပံပညာရှင် Stefan Hell တို့ဟာ ၂၀၁၄ ခုနှစ်အတွက် ဓာတုဗေဒ ပညာရပ်ဆိုင်ရာ နိုဘဲလ်ဆုကို ဆွတ်ခူးသွားကြပါတယ်။ အထူးကြည်လင် ပြတ်သားမှုရှိတဲ့ fluorescence ရောင်ပြန် အဏုကြည့် မှန်ပြောင်းစနစ်ကို  တီထွင်နိုင်တဲ့အတွက် သူတို့ကို ဆုချီးမြှင့်တာဖြစ်တဲ့အကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ဒီကနေ့မှာ ကြေညာတာပါ။
ဒီသိပ္ပံပညာရှင်သုံးယောက်ရဲ့ သုတေသနပြု လေ့လာတွေ့ရှိချက်ကြောင့် မော်လီကျူးတွေရဲ့ လုပ်ငန်းစဉ်ကို အချိန်နဲ့တပြေးညီ လေ့လာနိုင်ခြေ ရှိသွားတယ်လို့ ဆုချီးမြှင့်တဲ့ ဆွီဒင် တော်ဝင် သိပ္ပံအကယ်ဒမီကပြောပါတယ်။ Betzig ဟာ အမေရိကန်ပြည်ထောင်စုက Howard Hughes ဆေးဘက် ဆိုင်ရာ အင်စတီကျူမှာ လုပ်ကိုင်နေပြီး Moerner က တော့ စတန်းဖို့ဒ် တက္ကသိုလ်က ပါမောက္ခတဦးပါ။ Stefan Hell ကတော့ ဂျာမနီနိုင်ငံ၊ Max Planck Biophysical Chemistry အင်စတီကျူရဲ့ ဒါရိုက်တာဖြစ်ပါတယ်။
အခု ဓာတုဗေဒပညာရပ်ဆိုင်ရာ နိုဘဲလ်ဆုဟာ ဒီနှစ်အတွက် ကြေညာတဲ့ တတိယဆုဖြစ်ပြီး ဆုငွေက အမေရိကန်ဒေါ်လာ ၁.၁ သန်းဖြစ်ပါတယ်။
ဒိုင်းနမိုက်ကို တီထွင်သူ စီးပွားရေးလုပ်ငန်းရှင်ကြီး Alfred Nobel ရဲ့ဆန္ဒအတိုင်း သိပ္ပံ၊ စာပေနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ နိုဘဲလ်ဆု တွေကို ၁၉၀၁ ခုနှစ်ကစပြီး ချီးမြှင့်လာခဲ့တာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

ပြီးခဲ့သည်များ မေ့လိုက်ရန် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ပြော

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး။ဓာတ်ပုံ- ဖိုးဇော်(ထားဝယ်)

Dawei Watch | ထားဝယ်၊ အောက်တိုဘာ ၈

၂၀၁၀ ရွေးကောက်ပွဲတွင် ကြိုတင်မဲကြောင့် နစ်နာခဲ့ရသည်များကို မေ့ပစ်လိုက်ရန် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက အောက်တိုဘာ ၆ ရက်နေ့ ထားဝယ်ခရီးစဉ်တွင် ပြောကြားသည်။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများတွေ့ဆုံရာ တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ (တစည) အတွင်းရေးမှူးဦးတင်ဦးက ကြိုတင်မဲစနစ်နှင့် ပတ်သက်၍ မေးမြန်းရာ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

တစည ပါတီက ကြိုတင်မဲကြောင့် ကိုယ်စားလှယ် အရေအတွက်မည်မျှ ရှုံးနိမ့်ခဲ့သည်ကို စာရင်းရှိကြောင်း ဦးတင်အေးကဆိုပြီး ယင်းတို့ကို အတိတ်တွင်ထားခဲ့ရန် ပြောဆိုခဲ့သည်။

“၂၀၁၀ က ဟာတော့ အတိတ်မှာထားခဲ့ပါတော့ . . .

" . . . ပြီးခဲ့တာတွေမေ့လိုက်ပါတော့။ ကျွန်တော့လက်ထက်မှတော့ မဖြစ်စေရဘူးလို့ ပြောချင်ပါတယ်။” ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

လာမည့်၂၀၁၅ ခုနစ်ရွေးကောက်ပွဲတွင် ကြိုတင်မဲစနစ်ကိုအသုံးပြုမည်ဖြစ်သော်လည်း ၂၀၁၀ ခုနစ်ရွေးကောက်ပွဲကဲ့သို့မဖြစ်စေရဟု ၎င်းကဆိုသည်။

“ရှိပါသေးတယ်။ မရှိလို့ဘယ်ရမလဲ၊ နိုင်ငံခြားသွားတဲ့သူတွေ၊ သင်တန်းသွားတက်တဲ့သူတွေ ကလည်း မဲပေးချင်မှာပေါ့။ ဒါကြောင့် ကြိုတင်မဲစနစ်ရှိရဦးမှပါ။ သို့သော်လည်း ၂၀၁၀ ကဲ့သို့မဖြစ်စေရပါဘူး။ ၂၀၁၀ ကဲ့သို့မဖြစ်ရအောင်လည်း နည်းဥပဒေတွေ လေ့လာထားကြပါ။ ကျွန်တော်လည်း လုပ်ထားမှာပါ” ဟု ဦးတင်အေးက ဆိုသည်။

ရွေးကောက်ပွဲစောင့်ကြည့်ရာတွင် ညနေ ၄ နာရီနောက်ပိုင်းရောက်လာသည့်မဲသည် တရားမ၀င်ဖြစ်သည်ကို မဖြစ်မနေသိထားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကြိုတင်မဲဆိုသည်မှာ ပြည်သူအတွက် လူအခွင့်အရေးဆုံးရှုံးမှာကို စိုးရိမ်သည့်အတွက် လူတိုင်းမဲပေးနိုင်အောင် ထားရှိသည့်စနစ်ဖြစ်ပြီး မဲဆန္ဒနယ်အတွင်း မဲရုံတွင် လာရောက်မဲမပေးနိုင်သူများရှိပါက ကြိုတင်မဲကို အိမ်တိုင်ရာရောက်ယူပေးမည်ဖြစ်ကြောင်း၊ အိမ်တိုင်ရာရောက် သွားယူရာတွင် သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းများ လိုက်ပါနိုင်ကြောင်း ဦးတင်အေးက ဆိုသည်။

“၂၀၁၀ မှာ ပြည်ခိုင်ဖြိုးက ကြိုတင်မဲနဲ့ပဲ အကုန်ယူသွားတယ်။ တိုင်းထဲက မြို့နယ်တစ်ခုမှာဆိုရင် လုံးဝမဖြစ်နိုင်တဲ့ ကြိုတင်မဲကို ယူထားတယ်။ ကြိုတင်မဲက ခိုင်လုံမဲထက်များနေတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် တ.စ.ည ပါတီအနေဖြင့် မဲဆန္ဒနယ်အများစုတွင် အပြတ်အသတ်အနိုင်ရခဲ့သော်လည်း ကြိုတင်မဲနှင့် တရားမ၀င်မဲ(ခိုင်လုံမဲကို ပယ်မဲဖြစ်အောင်လုပ်ခြင်း) များဖြင့် ရှုံးနိမ့်ခဲ့ရသည့်အတွက် ကြိုတင်မဲကြောင့် အထိနာဆုံးပါတီမှာ တ.စ.ည ပါတီဖြစ်သည် ဟု ဦးထွန်းလွင်က ဆိုသည်။

Dawei Watch

ပျောက်ဆုံးရဟတ်ယာဉ်က ၁ ဦး အသက်ရှင် ပြန်လည်တွေ့ရှိ

ခါကာဘိုရာဇီဒေသမှာ တပတ်ကျော်ကြာ ပျောက်ဆုံးနေတဲ့ ထိုင်းရဟတ်ယာဉ်ပေါ် ပါသွားသူတွေဟာ အသက်ရှင်လျှက်ရှိနေပြီး၊ တဦးကတော့ နောင်မွန်ကျေးရွာမှာ ရောက်ရှိလာပြီလို့ ရှာဖွေရေးလုပ်နေတဲ့ ထူးဖောင်ဒေးရှင်းက ပြောပါတယ်။ ဒါပေမဲ့လည်း ဒေသခံတွေအပြောအရတော့ ကျန်နှစ်ဦးဟာ တောထဲမှာ ဒဏ်ရာနဲ့ရှိနေပြီး သူတို့ကို ဆက်ပြီးတော့ ရှာဖွေနေတယ်လို့လည်း သိရပါတယ်။ ကိုသားညွန့်ဦးက အကြောင်းစုံ တင်ပြထားပါတယ်။
သူတို့ ၃ ဦးစလုံးဟာ ဒဏ်ရာအနည်းငယ်ရထားပေမဲ့ယ့် အသက်ရှင်ရှိနေပြီး၊ သူတို့ထဲက ထူးဖောင်ဒေးရှင်က ကိုရွှေရင်ကျော် ဆိုသူကတော့ နောင်မွန်က ကျေးရွာကို ရောက်ရှိနေပြီလို့ သိရပါတယ်။ သူဟာ နောင်မွန်မြို့နယ်ထဲက လန်းခါးကျေးရွာကို ရဟတ်ယဉ်ပျက်တဲ့နေရာကဆင့် လမ်းလျှောက်ပြီး ပြန်လည် ရောက်ရှိလာတာဖြစ်တယ်လို့ ထူးဖောင်ဒေးရှင်း ပြောခွင့်ရသူ ကိုဖြိုးကိုကိုသက်က ဗွီအိုကေို ပြောပါတယ်။
“သူတို့ကတော့ အဓိကကတော့ လန်းခါးကျေးရွာကို လမ်းလျှောက်ပြီးတော့ ပြန်လည် ရောက်ရှိလာတာအပိုင်းပေါ့နော်။ ဦးရွှေရင်ကျော်ကြီးကတော့ လက်ရှိ ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်ပေါ့နော်။ ကပ္ပတိန်နှစ်ဦးကတော့ အနည်းငယ် ထိခိုက်ဒဏ်ရာရထားတယ်လို့ သိရပါတယ်ခင်ဗျ။ ပျောက်သွားတဲ့ ဆုံးသွားတဲ့ နေရာကိုတော့ ကျနော်တို့ လက်ရှိတော့ မသိသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လွန်ခဲ့တဲ့ ၄ နာရီလောက်ကမှ အဲ့ဒီရွာကို ပြန်ပြီးတော့ ရောက်ရှိလာတယ်ပေါ့နော်။ ရောက်ရှိလာတဲ့အပိုင်းမှာ ကျနော်တို့ ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ ကိစ္စပိုင်းတို့၊ သူတို့ အဲ့ဒီ အဆက်အသွယ်ပြတ်တောက်သွားတဲ့နေ့က အခြေအနေတို့ကတော့ နောက်မှပဲ ကျနော်တို့ ထပ်ပြီး သတင်းထုတ်ပြန်ပါမယ်ခင်ဗျ။ လက်ရှိကတော့ ကျနော်တို့ကတော့ ရန်ကုန်ကို အမြန်ဆုံး ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်အောင်၊ လိုအပ်မယ်ဆိုရင်ပေါ့နော် အမြန်ဆုံး ပြင်ဆင်နေပါတယ်ခင်ဗျ။”
ရဟတ်ယဉ်ပေါ်ပါသွားတဲ့ ထူးဖောင်ဒေးရှင်းက ကိုရွှေရင်ကျော်ဆိုသူကို နောင်မွန်ကျေးရွာမှာ စတင်တွေ့ရှိခဲ့ပြီး၊ ကျန် နှစ်ဦးကတော့ ဒဏ်ရာနဲ့ တောထဲမှာ ကျန်နေတဲ့အတွက် ဒီလူတွေကို ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ထူးဖောင်းဒင်းရှင်းရဲ့ ဖေဘုတ်စ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒေသခံတဦးဖြစ်တဲ့ နောင်မွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဂျီဖုန်းဆား လေယဉ်ဟာ ပျက်ကျ မီးလောင်သွားတယ်လို့ သိရပြီး၊ တော်ထဲမှာ ကျန်နေသူနှစ်ဦးကိုတော့ ညတွင်းချင်း ရှာဖွေမှုတွေ စလုပ်နေပြီလို့ ပြောပါတယ်။
“ပျက်ကျတဲ့သဘောပဲ။ ဒါပေမဲ့ နောက်မှ သူက မီးလောင်ပြီးမှ ပေါက်ကွဲသွားတာ။ မြန်မာလေယာဉ်မှူးကတော့ အဲ့ဒီနားမှာပဲ နေခဲ့တယ်။ ထိုင်းလေယာဉ်မှူးနဲ့ သူတို့ နှစ်ယောက်ကတော့ တောနင်းပြီးမှပေါ့ မှန်းပြီးတော့ လာခဲ့တာ။ အဲ့ဒါ ထိုင်းလေယာဉ်မှူးတော့ မပါလာဘူး။ တောထဲမှာပဲ အဆောက်အအုံတခုမှာ ထားခဲ့တယ်။ လန်းခါးရွာကို ဒီနေ့ပဲ ရောက်လာတယ်။ ဟိုနှစ်ယောက်ကိုတော့ အခု ဒီညပဲ အခုချက်ချင်း အကုန်လုံး ရှာနေကြတယ်။ မဟုတ်ဘူး ထိုင်းလေယာဉ်မှူးက သူနဲ့အတူ တော်တော်များများ အဲ့ဒီကျေးရွာရောက်ခါနီး ဟိုဒင်းလောက်အထိ ပါလာသေးတယ်။ မြန်မာလေယာဉ်မှူးကတော့ အဲ့ဒီလေယာဉ်နားမှာပဲ နေခဲ့တာ။”
ဘာကြောင့် ရဟတ်ယာဉ်ပျက်ကျခဲ့ရသလဲဆိုတာနဲ့ အခု ရဟတ်ယာဉ် ဘယ်မှာရှိသလဲ ဆိုတဲ့ အသေးစိတ်တွေကိုတော့ မသိရသေးပါဘူး။ B4 ရဟတ်ယာဉ်ဟာ ရှာဖွေရေးပြုလုပ်နေစဉ်အတွင်းမှာပဲ စက်တင်ဘာလ ၂၇ ရက်နေ့ ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။
တက္ကသိုလ် ခြေလျင်နဲ့ တောင်တက်အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်းက ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်း သူတို့ နှစ်ဦးဟာ သြဂုတ်လ ၃၁ ရက်နေ့က ခါကာဘိုရာဇီတောင်ကို အောင်အောင်မြင်မြင် တက်ရောက်ကြောင်း စကားပြောစက်ကနေ သတင်းပေးပို့ပြီးနဲ့ အဆက်အသွယ်ပြတ် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို စက်တင်ဘာလ ၁၀ ရက်နေ့က စတင်ခဲ့ပြီးတဲ့နောက် ၂၇ ရက်နေ့မှာ ရဟတ်ယာဉ်တစင်းနဲ့အတူ လူ ၃ ယောက် ထပ်မံ ပျောက်ဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ကိုသားညွန့်ဦး VOA

၂၀၁၅ ရွေးကောက်ပွဲ အသေအချာ လာမည်ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဆို

https://mail-attachment.googleusercontent.com/attachment/u/1/?view=att&th=148ea0c5d59ba418&attid=0.3&disp=inline&realattid=f_i0ytbj4r2&safe=1&zw&saduie=AG9B_P-cmKtDmzssMwhud-btgRy1&sadet=1412779181183&sads=Xqh6yJfic2jxdWmWzQExK-XrPJ0https://mail-attachment.googleusercontent.com/attachment/u/1/?view=att&th=148ea0c5d59ba418&attid=0.2&disp=inline&realattid=f_i0yt8ek41&safe=1&zw&saduie=AG9B_P-cmKtDmzssMwhud-btgRy1&sadet=1412779180326&sads=zBj-fdUNkYEGwIUkMvCzAKLVfV0
|Dawei Watch| ထားဝယ်၊ အောက်တိုဘာ ၇
အပတ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ခြင်း မရှိပါက ၂၀၁၅ ရွေးကောက်ပွဲ မရေရာသည့် သဘော သမ္မတ ဦးသိန်းစိန်က ပြောဆိုသွားသော်လည်း ရွေးကောက်ပွဲ လာမည့် ၂၀၁၅ နှစ် ကုန်ပိုင်းတွင် ရွေးကောက်ပွဲ မဖြစ်မနေကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက အောက်တိုဘာလ ၆ ရက်နေ့က ထားဝယ်ခရီးစဉ်တွင် ပြောကြားသည်။
နိုင်ငံတော် သမ္မတ၏ အောက်တိုဘာလ ရေဒီယိုမိန့်ခွန်းပါ ပြောဆိုချက်ကြောင့် ၂၀၁၅ ရွေးကောက်ပွဲအပေါ် ဝေဖန်မှုများထွက်ပေါ်နေချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ချေ မရှိဟုပြောဆိုသည်များရှိသော်လည်း အခြေခံဥပဒေအရ ရွေးကောက်ပွဲကို ၅ နှစ်တစ်ကြိမ် ကျင်းပမည်ဖြစ်ကြောင်း ထားဝယ်မြို့ မြို့တော်ခန်းမတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊  တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဖက်လူအဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
“မပူပါနဲ့။ ၂၀၁၅ မှာ ရွေးကောက်ပွဲကျင်းကိုကျင်းပပေးမှာပါ” ဟု ဦးတင်အေးက ထပ်လောင်းပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အောက်တိုဘာလ ၁ ရက်နေ့က ပြောကြားခဲ့သော ရေဒီယိုမိန့်ခွန်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ် တိုက်ခိုင်မှုရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရေးကိစ္စ အောင်မြင်စွာဆောင်ရွက်နိုင်မှ နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်မည်ဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲစတင်နိုင်လျှင် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှု၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်မှုနှင့် ညင်သာသည့် နိုင်ငံရေးအသွင်ကူးပြောင်းမှုများကို ရေရာသေချာစေမည်ဟု သတိပေးပြောကြားခဲ့သည်။
မည်သို့ပင်ဖြစ်စေ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကို ဥပဒေနှင့်အညီ ကျင်းပရန်အတွက် ပါတီများက မှန်မှန်ကန်ကန်ယှဉ်ပြိုင်ရန် လိုအပ်ပြီးလိုသကဲ့သို့ အရပ်ဖက်လူ့အဖွဲ့အစည်းများမှ ရွေးကောက်ပွဲကို စောင့်ကြည့်ရေး ပူးပေါင်းဆောာင်ရွက်ပေးရန်လိုအပ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ က ဆိုသည်။
ယခုကျင်းပနေသော ပထမအကြိမ် လွှတ်တော် သက်တမ်းသည် ၂၀၁၆ ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သည့်အတွက် သက်တမ်းမကုန်မီ ရွေးကောက်ပွဲကျင်းပပေးရန် လိုအပ်သည့်အတွက် ၂၀၁၅ အောက်တိုဘာလ သို့မဟုတ် နိုဝင်ဘာလတွင် ကျင်းပပေးမည်ကို လူထုကိုပြောလိုသည်ဟု ၎င်းက ထပ်ဆင့်ပြောကြားသည်။
Dawei Watch

အသက် ရ၄ နှစ်အရွယ် ရှေ့နေ ဦးကျော်လှအောင် စစ်တွေထောင်က ပြန်လွတ်

မနေ့က စစ်တွေထောင်ကနေ လွတ်မြောက်လာတဲ့ MSF ၀န်ထမ်းဟောင်း ရှေ့နေ ဦးကျော်လှအောင်ကတော့ လူမျိုးရေး၊ ဘာသာရေး၊ ကျား-မ ခွဲခြားမှုမရှိတဲ့ တရားဥပဒေစိုးမိုးရေး မြန်မာနိုင်ငံမှာ လိုအပ်နေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။
လွတ်လာပြီးနာရီပိုင်းအတွင်း မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းတော့ သူက အခုလို စပြောခဲ့ပါတယ်။
ဖြေ။              ။ “ကျနော့်ကို စက်တင်ဘာ ၂၆ ရက်နေ့က ၁ နှစ်ခွဲထောင်ဒဏ်ချလိုက်တယ်။ ကျနော့်ကိစ္စ ရှေ့နေနဲ့ အယူခံ၊ ပြည်နယ်လွှတ်တော်ကို အယူခံတွေ ဘာတွေတင်တယ်။ ဒါပေမဲ့ ဒီ ၇ ရက်နေ့က ဘာထွက်လဲဆိုတော့ အစိုးရက သမ္မတရုံးက ထောင်ထဲမှာ နေပြီးတော့ ၆ လကျန်တဲ့သူတွေပေါ့ ဥပမာ - ၁ နှစ်ကျော်နေခဲ့ရမယ်။ ၆ လ ကျန်ရမယ်။ အဲ့လိုလူတွေ လွှတ်ရမယ်ဆိုပြီးတော့ ကျနော်က အဲ့ဒါနဲ့ လွတ်တာပါ။ ဒါပေမဲ့ ကျနော်တို့က လက်မှတ်ထိုးခဲ့ရတယ်။ ၄၀၁ - ၄၀၁ ကို ကျနော်တို့ လက်မှတ်ထိုးရတယ်။ နောက်အမှုဖြစ်ရင် အခုကျန်တဲ့ပြစ်ဒဏ်တွေပါ ကျနော်တို့က ခံရမှာ။ အဲ့လိုမျိုး လက်မှတ်ထိုးပြီးတော့မှ ကျနော်တို့ကို လွှတ်ပေးလိုက်တာ။”
မေး။             ။ အဲတော့ ဟုတ်ကဲ့အန်ကယ်လ် အခု မြင်ရတဲ့အခြေအနေ၊ လွတ်လာတဲ့အခြေအနေ အန်ကယ်လ့်အမြင် ပြောပြပေးပါဦး။
ဖြေ။              ။ “အခု လွတ်တာက ကျနော်တို့ကို စိစစ်တယ်လေ။ စိစစ်ပြီးမှ ကျနော်တို့ကို ၇ နာရီလောက်မှာ သူတို့အကျဉ်းဦးစီးဌာနကားနဲ့ ဘူမေရွာအထိ ပို့ပေးတယ်။ ပို့ပြီးတော့ ကျနော်က သက်ကယ်ပြင်မှာနေတယ်။ ကျန်တဲ့သူတွေကဆိုရင် မြို့ထဲမှာလေ။ ၂၀၁၂ ခုနှစ်မှာ ဖျက်ပစ်လိုက်တယ်ဆိုတော့ ကျနော်က အခု သက်ကယ်ပြင်မှာ ရောက်နေတယ် မိသားစုက။ ဆိုတော့ အဲ့ဒီမှာပဲ ကျနော်တို့ကားကြိုတယ်။ ကြိုတဲ့ကားနဲ့ပဲ ကျနော် အိမ်ကိုရောက်တယ်။ ရောက်ပြီးတော့ အခု မိသားစုနဲ့အတူ ရှိပါတယ်။”
မေး။             ။ ဟုတ်ကဲ့ ဆိုတော့ ထောင်ထဲမှာ ကျန်းမာရေးအခြေအနေ ဆိုးရွားတဲ့ ထောင်ထဲမှာ ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေလေးတွေရော ပြောပြပေးပါဦးရှင့်။
ဖြေ။              ။ “ထောင်ထဲမှာကောင်းပါတယ်။ ကျနော့်ကို ကောင်းကောင်းမွန်မွန် ထားပါတယ်။ တအား သူတို့က လေးလေးစားစား ထားပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်က ရှေ့နေတယောက်ဖြစ်တယ်။ နောက်တခုက ကျနော် နေမကောင်းဘူး။ အသက်ကလည်း ကြီးပြီဆိုတော့ အဲ့ဒီထောင်ပိုင်က တအား ကျနော့်ကို ဂရုစိုက်တယ်၊ ကျန်းမာရေးကိုလည်း ဆရာဝန်တွေက ဂရုစိုက်တယ်။”
မေး။             ။ ဟုတ်ကဲ့ အန်ကယ်လ့်ကို ချခဲ့တဲ့ ပုဒ်မနဲ့ပတ်သက်ပြီးတော့ရော ရှင်းပြပေးလို့ရမလား။
ဖြေ။              ။ “ဖမ်းတဲ့အချိန်မှာ ကျနော်က အစည်းအဝေးခေါ်ပြီးတော့ သူတို့ကို ခဲနဲ့ပေါက်ခိုင်းတယ်ဆိုပြီး အဲ့လိုမျိုး သူတို့ဘက်က စွဲချက်တင်တယ်။ ၁၄၈/၁၅၀၊ ၃၉၅ အဲ့ဒီမှာ --- ပုဂ္ဂိုလ် အရာရှိတယောက်မှာ တယ်လီဖုန်းပျောက်သွားတယ်။ အဲ့ဒါတွေကို ၃၉၅ အဲ့ဒါတွေနဲ့ စွဲတာပါ။ ဒါပေမဲ့ ကျနော့်အမှုမှာနေပြီးတော့ အရင်ကတည်းက ဖမ်းထားတဲ့ ဦးကျော်မင်းနဲ့ သူ့သားကိုလေ လာပြီးတော့ တရားခံ ထည့်ပစ်လိုက်တယ်။ ထည့်ပစ်လိုက်တယ်ဆိုတော့ ကျနော်က ရှေ့နေမငှားနိုင်ဘူး။ ရှေ့နေမငှားနိုင်ဘူးဆိုတာက ဒီစစ်တွေမှာရှိတဲ့ ရှေ့နေတွေဆိုတာက ကျနော့်တို့ရဲ့ အမှုတွေကို မလိုက်ဘူး။ မလိုက်ဆိုတော့ ဦးကျော်မင်းတို့ ပထမအမှုကို ရန်ကုန်ကနေ သူတို့ငှားတဲ့ ရှေ့နေက လိုက်တယ်ဆိုတော့ အဲ့ဒီရှေ့နေကပဲ ဒီအမှုကိုလည်း လိုက်ပေးတယ်။ ရန်ကုန်က တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်ပါ။ လိုက်ပေးတယ်ဆိုတော့ ဦးကျော်မင်းတို့က အမှုနံပါတ် ၃၆ မှာ လွတ်သွားတယ်။ ဇွန်လ ၂၀ ရက်နေ့ကတည်းက လွတ်သွားတယ်။ ဒီအမှုမှာကျတော့ သူတို့ မလွတ်နိုင်ဖြစ်နေတယ်။ ကျနော်နဲ့ ၂၆ ရက်နေ့မှာ ကျနော်တို့ကို တရားသူကြီးက ပုဒ်မ ၁၄၇/၁၅၀ နဲ့ ၁ နှစ်ခွဲချလိုက်တယ်။ အဲ့ဒီ ပုဒ်မ ၁၄၇/၁၅၀ မှာက စုစုပေါင်းထောင်ဒဏ် အများဆုံးမှ ၂ နှစ်ပဲရှိတယ်။ ၁ နှစ်ခွဲချလိုက်တယ်ဆိုတော့ ကျနော်တို့မှာ ကျန်တာက ၃ လလောက်ပဲကျန်တယ်။ ဦးကျော်မင်းတို့သားအဖမှာဆိုရင် ၄ လလောက်ပဲကျန်တယ်။ ဆိုတော့ အဲ့လိုမျိုးဖြစ်တာပါ။ ဆိုတော့ ဒီ အနည်းဆုံး ၆ လထဲမှာ ကျနော်တို့ ၀င်သွားတာပေါ့။ ၀င်သွားတဲ့အခါ ကျနော်တို့ ဒီနေ့ လွတ်လာတာပါ။”
မေး။             ။ ဟုတ်ကဲ့ အန်ကယ်လ်ကိုယ်တိုင်လည်း ရှေ့နေဖြစ်တဲ့အတွက် လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ဥပဒေရေးရာကိစ္စတွေမှာ အန်ကယ်လ့်ရဲ့ သုံးသပ်ချက်လေးပေါ့နော် ပြောပေးလို့ရမလားရှင့်။
ဖြေ။              ။ “အဲ့ဒါတွေသာ ပြောရမယ်ဆိုရင်တော့ အရှည်ကြီးပဲ။ ဥပဒေစိုးမိုးရေးက သိပ်မရှိပါဘူး။ အန်ကယ်လ်လည်း တရားရုံးမှာ ၀န်ထမ်းတယောက်အနေနဲ့ လုပ်ခဲ့ပါတယ်။ အန်ကယ်လ်က ၁၉၆၁ ကနေပြီးတော့ အန်ကယ်လ်က စပ်ရှင်မင်းကြီးလုပ်တာ အဆက်ဆက် လုပ်ခဲ့တယ်။ အဲ့ဒီတုန်းကဆိုရင် တရားဥပဒေမှာ လူမျိုးရေးခွဲခြားမှုမရှိဘူး။ အသက်အရွယ် ခွဲခြားမှု မရှိဘူး။ ယောကျာ်း မိန်းမ ခွဲခြားမှု မရှိဘူး။ အခုကျတော့ လူမျိုးရေးခွဲခြားမှုက တအားကို များတယ်ဆိုတော့ကာ တရားဥပဒေစိုးမိုးမှု မရှိဘူးပေါ့။”
အင်ကြင်းနိုင် VOA

“ထိုင်းရဟတ်ယာဉ်မှူးအား ကယ်ဆယ်ပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးနေ”

ထူးဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေး အဖွဲ့သည် ဒဏ်ရာ ရရှိထားသော ထိုင်းရဟတ်ယာဉ်မှူး Chatchawal အား ယနေ့ အောက်တိုဘာ(၈)ရက်၊ ညနေ ၅ နာရီခန့်တွင် ကယ်ဆယ်ရေး ရဟတ်ယာဉ် B3 ဖြင့် လန်ဆာထုရွာမှ ပူတာအိုသို့ အောင်မြင်စွာ ခေါ်ဆောင်နိုင်ခဲ့ပါသည်။

အဆိုပါ ထိုင်းရဟတ်ယာဉ်မှူး Chatchawal အား ယခုရောက်ရှိသော ပူတာအိုမြို့တွင် ဒေါက်တာ အိုလီဗာနှင့် ဆေးအဖွဲ့မှ လိုအပ်သော ကျန်းမားရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ပါသည်။

ပူတာအိုတွင် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပြီးနောက် ထိုင်းရဟတ်ယာဉ်မှူး Mr.Chatchawal အား တင်ဆောင်သွားသည့် လေယာဉ်သည် မန္တလေးမြို့သို့ ထွက်ခွာသွားပြီ ဖြစ်ပါသည်။

ထိုင်း ရဟတ်ယာဉ်မှူး Chatchawal ရောက်ရှိနေသည့် တောအုပ်အတွင်းသို့ ဒေသခံ ရ၀မ်လူမျိုးများနှင့် ထူးဖောင်ဒေးရှင်း ကယ်ဆယ်ရေးအဖွဲ့မှ ရှေးဦးစွာ သွားရောက် ခေါ်ဆောင်ခဲ့ပြီးနောက် လန်ဆာထုရွာမှနေ၍ ပူတာအိုသို့ ဆေးကုသမှု ခံယူရန် ချက်ချင်း သယ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထပ်မံကျန်ရှိနေသည့် မြန်မာ ရဟတ်ယာဉ်မှူး အောင်မြတ်တိုး အားလည်း အမြန်ဆုံးပြန်လည် ကယ်ဆယ်နိုင်ရေးအတွက် နာယကကြီးဦးတေဇ ကိုယ်တိုင် ဦးဆောင်ပြီး ရှာဖွေကယ်ဆယ်ရေး အဖွဲ့များ ကြိုးစားလုပ်ဆောင်လျက် ရှိပါသည်။

Htoo Foundation

တယ်လီနော ဆင်းကတ် ရန်ကုန်တွင် အောက်တိုဘာ ၁၀ ရက် ရောင်းချမည်

နော်ဝေပိုင် တယ်လီနော ကုမ္ပဏီက ဆင်းကတ်တွေကို စီးပွားရေး မြို့တော် ရန်ကုန်မှာ လာမယ့် အောက်တိုဘာ ၁၀ ရက်နေ့မှာ စတင်ရောင်းချ ပေးတော့မှာ ဖြစ်ပါတယ်။

၁ မိနစ် ဖုန်းခေါ်ဆိုခ နှုန်းထားတွေက ဘယ်ဖုန်းကိုပဲခေါ်ခေါ် ၂၅ကျပ် ကုန်ကျမှာ ဖြစ်ပြီး SMS တစောင်ကို ၁၅ ကျပ် ကျမယ်လို့ စက်တင်ဘာ ၂၅ ရက်နေ့မှာ တယ်လီနော(မြန်မာ)က တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အင်တာနက်သုံးစွဲမှုက ၁ ပတ်စာ ကျပ် ၅ဝဝ ကနေ စတင်ကောက်ခံမှာ ဖြစ်ပြီး 300 Kbps မြန်နှုန်းရှိတဲ့ My Internet အမျိုးအစားက 1MB ကို ၆ ကျပ်၊ 2 Mbps မြန်နှုန်းရှိတဲ့ Smart Internet အမျိုးအစားက 1MB ကို ၁ဝ ကျပ် ကောက်ခံမှာလို့ ဆိုပါတယ်။

တယ်လီနောရဲ့ ၁၅၀၀ တန် ဆင်းကတ်တွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့က မန္တလေးမြို့နဲ့ အောက်တိုဘာ ၄ ရက်နေ့က နေပြည်တော်တို့မှာ စတင် ရောင်းချခဲ့ပြီးနောက် အခု ရန်ကုန်မှာ ဆက်လက်ရောင်းချမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုသူပေါင်း ၈ သန်း ရှိတယ်လို့ ခန့်မှန်းထားပြီး မြန်မာ့ဆက်သွယ်ရေးအပါအဝင် တယ်လီနောနဲ့ အော်ရီဒူးစတဲ့ ဆက်သွယ်ရေး အော်ပရေတာတွေဟာ ကြီးမားတဲ့ ဈေးကွက်ဝေစု ရရှိဖို့အတွက် ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။

By ဒီဗွီဘီ

လိပ်ကျွန်းလူသတ်မှု စုံစမ်းရေး ဗြိတိန်က ကူညီပေးမည်

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှု စုံစမ်းစစ်ဆေးရာမှာ ထိုင်းရဲတပ်ဖွဲ့ကို နည်းပညာ အကူအညီ ပေးဖို့ ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးမှာ ဗြိတိန်သံ အမတ်က ကမ်းလှမ်း ခဲ့တယ်လို့ အင်္ဂလိပ်ဘာသာနဲ့ ရေးသားတဲ့ ထိုင်းသတင်းဌာန ကော့ဆောင် သတင်းက ထုတ်ပြန်ပါတယ်။

ထိုင်းရဲတပ်ဖွဲ အကြီးအကဲနဲ့  ဗြိတိန် သံအမတ်တို့ အောက်တိုဘာ ၂ ရက်နေ့ တွေ့ဆုံရာမှာ ပစ္စည်းကိရိယာ ကျွမ်းကျင်သူနဲ့ တခြား အကူအညီ တွေပေးဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံ သား ဒေးဗစ်မေလာနဲ့ ဟန်နာ ၀ှစ်သာရစ်တို့က လိပ်ကျွန်းမှာ အသတ်ခံရပြီး ၂ ပတ်ကျော်အကြာ အခုလို ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့အကြီးအကဲက လူသတ်မှုအတွက် ထိုင်းရဲတပ်ဖွဲ့တွေက အစွမ်းကုန် ကြိုးစားဆောင်ရွက် နေသလို စုံစမ်း စစ်ဆေးမှုက အချိန်ယူရမယ်လို့ ပြောပါတယ်။

ဗြိတိန်က ကမ်းလှမ်းတဲ့ နည်းပညာအကူအညီ ယူ၊ မယူကိုတော့ တုံ့ပြန်ခဲ့ခြင်း မရှိပါဘူး။ ရှေ့နောက်မညီတဲ့ ထုတ်ပြန်ချက်ကြောင့် လူသတ်မှုအပေါ် ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုဟာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန် ခံနေရပါတယ်။

By ဒီဗွီဘီ

လိပ်ကျွန်းလူသတ်မှု အဓိကသက်သေ မောင်မောင်က စွပ်စွဲခံမြန်မာ ၂ဦး သတ်သည်ကို မြင်လည်းမမြင် သိလည်းမသိကြောင်း ပြောကြား

လိပ်ကျွန်း လူသတ်မှု အဓိကမျက်မြင်ဟု ထိုင်းအစိုးရက သက်သေအဖြစ် ရွေးထားသော မောင်မောင်က အဆိုပါ လူသတ်မှုကို မိမိအနေဖြင့် မြင်လည်းမမြင်၊ သိလည်း မသိကြောင်း ပြောကြားသည်ဟု ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံ သားများ အသင်း တာဝန်ရှိသူ ဦးကျော်သောင်းက News Watch ကို ပြောသည်။

ယနေ့ အောက်တိုဘာ ၈ ရက်နေ့ ထိုင်းစံတော်ချိန် နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်မှ ၁၂ နာရီ ၁၀ မိနစ်ခန့်ထိ မောင်မောင်နှင့်တွေ့ဆုံရခဲ့ခြင်းအပေါ် ယင်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

"မောင်မောင်ရဲ့ထွက်ဆိုချက်ကြောင့် ထောင်ထဲက စွပ်စွဲခံ ကလေးနှစ်ယောက်ဟာ လူသတ်ပါတယ်လို့ဖြစ်သွားမယ့် အား နည်းပါတယ်၊သူ့ရဲ့ ထွက်ဆိုမှုဟာ လူသတ်မှုမမြောက်နိုင်ဘူး"ဟု ယင်းကပြောသည်။

ယနေ့မောင်မောင်ကို သွားရောက်တွေ့ဆုံခဲ့သူများမှာ မြန်မာကောင်စစ်ဝန် ဦးထွန်းအေး၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း၊ တရားလွှတ်တော်ရှေ့နေများ ပါဝင်သော စုံစမ်းရေးအဖွဲ့ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်နဲ့အတူ အလုပ်အတူတူလုပ်တာ နှစ်နဲ့ချီကြာပါပြီ။ သူတို့ကအကျင့်စရိုက်က ရမ်းကားသူတွေမဟုတ်ဘူး။ဒါကြောင့်လုံးဝမဖြစ်နိုင်၊ ကျွန်တော်ကိုယ်တိုင်မယုံဘူး၊သူတို့ကို ကျွန်တော်တို့နဲ့ ဖမ်းတဲ့အခါ အရက်မူးမူးနဲ့ဖြစ်သွားတယ်ဆိုတဲ့ စကားကိုပဲ ကြားလိုက်တယ်။ကျန်တာ ကျွန်တော် မသိဘူး ဆိုးပြီးတော့ မောင်မောင်ကပြောပါတယ်"ဟုဦးကျော်သောင်း ကပြောပြသည်။

ထိုင်းနိုင်ငံ၊ စူရတ်နီဌာနီခရိုင်၊ ခိုတောင်ကျွန်း (လိပ်ကျွန်း) တွင် စက်တင်ဘာ ၁၅ ရက်နေ့ လပြည့်နေ့ ပွဲတော်ညက အသက် ၂၀ ကျော် ဗြိတိန်စုံတွဲတစ်တွဲ အသတ်ခံရမှုတွင် မြန်မာနိုင်ငံသား ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ကို သံသယရှိသူများအဖြစ် ထိုင်းရဲက ဖမ်းဆီးကာတရားစွဲဆိုထားသည်။

မေငယ် News Watch

Monday, October 6, 2014

ဒီကေဘီအေ သိမ်းဆည်းခဲ့သည့် လက်နက်များ အစိုးရတာဝန်ရှိသူများထံ ပြန်အပ်

ပြီးခဲ့တဲ့ လကုန်ပိုင်းက မွန်ပြည်နယ် ကျိုက်မရော မြို့နယ်အတွင်းမှာ ဒီမိုကရေ စီအကျိုးပြု ကရင် တပ်မတော် (ဒီကေဘီအေ)တပ်က သိမ်းဆည်း ခဲ့တဲ့ အစိုးရ တပ်ဖွဲ့ဝင်တွေရဲ့ လက်နက် တွေကို ဒီကနေ့ ပြန်လည် အပ်နှံ ခဲ့ပါတယ်။

လွန်ခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့က ဒီကေဘီအေ ကလိုထူးဘော ဗျူဟာဌာန လက်အောက် ဗိုလ်မှူး ၀င်းဇော်လင်း အခြေပြုရာနေရာကို အစိုးရတာဝန်ရှိသူ တွေက ၀င်စစ်ဆေး တဲ့အပေါ် ဗိုလ်မှူး ၀င်းဇော်လင်းက စစ်ဆေးတဲ့ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) နဲ့ ရဲ စုစုပေါင်း ၈ ဦးကို ဖမ်းဆီးခဲ့ကြောင်းပြီး သူတို့နဲ့အတူ ပါဝင်တဲ့ လက်နက်တွေကို သိမ်းဆည်း ခဲ့ပါတယ်။

ဖမ်ဆီးထားသူတွေကို နောက်တနေ့မှာ ပြန်လွတ်ပေမယ့် လက်နက်တွေကိုပြန်မပေးဘဲ သိမ်းဆည်းထားခဲ့ပါတယ်။ ဒီလက်နက်တွေကို ပြန်အပ်ဖို့ ဒီကေဘီအေက ဗိုလ်မှူးစောဆန်း အောင်နဲ့ အစိုးရတပ်ဘက်က ဗျူဟာမှူးအပါအ၀င် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က တာဝန်ရှိသူတွေ တွေ့ဆုံပြီး လက်နက်တွေပြန်လည်း အပေးအပ်ဖို့ သဘောတူညီခဲ့ပါတယ်။

ဒီကနေ့မှာတော့ စကခ ၁၂ မှူးကို ပြန်လည်အပ်နှံမှာဖြစ်တယ်လို့ ဒီကေဘီအေ မြ၀တီရုံး ဆက်ဆံရေးတာဝန်ခံ ဗိုလ်ကြီးစောမိုးမြင့်က ပြောပါတယ်။

“ကျနော်တို့ ဒုတိယ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စောမူစေးကတော့ ကော့ဂရိတ်တပ်မ စကခ ၁၂ ကို ရောက်ရှိနေပါပြီး။ လက်နက်တွေ ပြန်လည် ပေးအပ်ရန်အတွက် သဘော တူညီချက်တွေနဲ့ အားလုံးပြန်လည် ပေးအပ်မှာဖစ်တယ်။ အဖိုး (ဗိုလ်ချုပ်ကြီးစောလားဘွယ်) ကတော့ သူများလက်နက်တွေကို ငါတို့ မယူဘူး ပြန်ပေးမှာပါ။ အဖိုးကလည်း ညွန်ကြားထားပြီး ပါပြီ။ အားလုံးကိုလည်း စစ်ပွဲထပ်မဖြစ်ပေါ်ရေး၊ တဖက်နဲ့တဖက် သဘောထားမှန်စွာနဲ့ ပြန်လည် သင့်မြတ်အောင် ဆောင်ရွက်ကြဖို့ အဖိုးက မှာကြားပါတယ်။”

အောက်တိုဘာလ ၄ ရက်နေ့က ဒီကေဘီအေ ဗိုလ်မှူးစောဆန်းအောင် အပါအ၀င် ဒုစစ်ဦးစီးချုပ်နဲ့ တပ်မမှူးတို့ဟာ အစိုးရတပ်နဲ့ တွေ့ဆုံပြီး ဒီကေဘီအေက သိမ်းယူထားတဲ့ လက်နက်တွေကို ပြန်လည်ပေးအပ်ဖို့အတွက် အစိုးရတပ်က ကမ်းလှမ်းထားပါတယ်။

ဒီနောက်အခုလို လက်နက်တွေပြန်အပ်ပြီး မိမိအခြေနေရာကို နေထိုင်နိုင်ဖို့ သဘောတူညီကြတာ ဖြစ်ပါတယ်။

ဒီလို ညှိနှိုင်းဆောင်ရွက်ပြီး လာမယ့် ရက်ပိုင်းတွေမှာလည်း ဒီကေဘီအေ တာဝန်ရှိသူတွေ အနေနဲ့ နိုင်ငံတော်အကြီးအကဲတွေနဲ့ သွားရောက်တွေ့ဆုံဖို့ရှိတယ်လို့လည်း ဗိုလ်ကြီး စောမိုးမြင့် က ပြောပါတယ်။ တွေ့ဆုံမယ့် ရက်ကိုတော့ နောက်ပိုင်းမှာ ထုတ်ပြန်သွားမယ်လို့ပြောပါတယ်။

ဒီကေဘီအေ အဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့ဖြစ်ပြီး လက်ရှိမှာ အစိုးရနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ဖို့ ပါဝင်ဆွေးနွေး နေပါတယ်။

By ဒီဗွီဘီ

ဟောင်ကောင်ဆန္ဒပြပွဲ အရှိန်လျော့ကျ

ဟောင်ကောင်က အစိုးရရုံးချုပ် တည်ရှိရာမှာ ပိတ်ဆို့ပြီး သီတင်းတပတ်ကျော်ပြီဖြစ်တဲ့ ဆန္ဒပြပွဲတွေ အရှိန်လျော့ကျသွားတဲ့အလျောက် အစိုးရရုံးဝန်ထမ်းတွေ အလုပ်ခွင်ကို ပြန်လာကြပါပြီ။ ရုံးတက်လာကြသူတွေကို ဆန္ဒပြသူတွေက မတားဆီးဘဲ အရံအတားတွေကနေ ဖြတ်သန်းခွင့် ပြုပါတယ်။
မနေ့ညမှာပဲ ဆန္ဒပြသူအရေအတွက် ရာဂဏန်းအထိ ထိုးကျသွားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကတော့ လူထောင်သောင်းချီ လမ်းမတွေပေါ်မှာ နေရာယူထားခဲ့ပြီး ရဲတွေနဲ့လည်း မကြာခဏဆိုသလို ထိပ်တိုက် တွေ့ခဲ့တာပါ။ ကျောင်းတွေ၊ အစိုးရရုံးတွေ ပြန်ဖွင့်လှစ်နိုင်အောင် အာဏာပိုင်တွေက ဒီတနင်္လာနေ့ကို နောက်ဆုံးထားပြီး ဆန္ဒပြသူတွေ ဖယ်ပေးဖို့ ပြောထားပါတယ်။
ဆန္ဒပြသူတွေကလည်း မြို့လည်က အစိုးရရုံးချုပ်နေရာမှာ ပိတ်ဆို့ထားတဲ့ အရံအတားတချို့ကို တနင်္ဂနွေနေ့ထဲက ဖယ်ရှားပေးခဲ့ပြီး ထွက်ခွာသွားခဲ့တာပါ။ တချို့ကတော့ ဒါကိုသဘောမတူဘဲ ဆက်နေရာယူထားဖို့ ဆုံးဖြတ်ထားပါတယ်။
ကျောင်းသားတွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး Leung Chun- ying အရင်တပတ်မှာ ခန့်အပ်ခဲ့တဲ့ ဟောင်ကောင် အတွင်းဝန်ချုပ် Carrie Lam နဲ့ တရားဝင် ဆွေးနွေးမှု လုပ်ဆောင်နိုင်ဖို့ ဆန္ဒပြကျောင်းသားခေါင်းဆောင်တွေ အစိုးရအရာရှိတွေနဲ့ စကားပြောနေတယ်လို့ ဆိုပါတယ်။
VOA

ဗြိတိသျှစုံတွဲကိုသတ်တယ်လို့ ကြောက်ကြောက်နဲ့ ၀န်ခံကြောင်း တရားစွဲခံထားရသူများပြော

                                  အဆင်ပြေလျှင်ကြော်ငြာများကိုဝင်ကြည့်ပါ

6 October 2014
ဗြိတိသျှ ကမ္ဘာလှည့်စုံတွဲကို သတ်ပါတယ်လို့ ကြောက်ကြောက်နဲ့ ၀န်ခံခဲ့တာလို့ တရားစွဲ ခံထားရတဲ့ မြန်မာ အမျိုးသားနှစ်ဦးက ပြောတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့က ညွှန်ကြားရေးမှုး ဦးကျော်သောင်းက News Watch ကိုပြောပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်ကစုံစမ်းပေးဖို့ တာဝန်ပေးတဲ့အတွက်ကြောင့် လူသတ်မှုဖြစ်တဲ့နေရာမှာ တရားခံလို့ စွပ်စွဲခံထားရတဲ့ မြန်မာ အလုပ်သမား စောလင်း နဲ့ ၀င်းဇော်ထွန်းကို ဒီကနေ့ အောက်တိုဘာ ၆ ရက်နေ့မှာ သွားရောက်တွေ့ဆုံလို့ ရလာခဲ့တဲ့ အချက်အလက်အပေါ် သူကပြောပြတာ ဖြစ်ပါတယ်။

"အကျဉ်းထောင်မှာ ကလေးနှစ်ယောက်ကို သွားတွေ့ခဲ့ပါတယ်။ တွေ့ခွင့်ရပါတယ်။ အရက်မူးမူးနဲ့ဖြစ်သွားတယ်လို့ပြောတယ်။ မင်းတို့ ဘာလက်နက်နဲ့အသုံးပြုလဲမေးတော့ ပေါက်တူးခေါင်း ဖက်နဲ့ တစ်ယောက်စီ တစ်ချက် နှစ်ချက်စီ ရိုက်လိုက်တယ်လို့လည်းပြောတယ်။ ကျွန်တော်တို့ရိုက်တာ သေလောက်အောင် မဖြစ်လောက်ဘူးလို့လည်း ပြောတယ်။ အခန်းမှာ ဖိနပ်သွားယူတော့ အင်္ဂလိပ်က ထိုင်နေပြီး ကောင်မလေးက ငိုနေတာကို မြင်ခဲ့တယ်လို့လည်း ပြောတယ်။ သူပြောနေတဲ့ပုံစံက အိပ်မက်နဲ့ယောင်သလိုပြောနေတာမျိုး ဖြစ်နေတယ်။နောက်ပြီး အင်္ဂလိပ်မလေးကို အင်္ဂလိပ်က မတရားလုပ်လို့ အော်ဟစ်တဲ့ပုံမျိုးကို ကူညီချင်လို့ လိုက်သွားတာကနေ လူသတ်မှု ဖြစ်တဲ့ ပုံစံမျိုး ပြောတယ်။"လို့ သူကဆိုပါတယ်။

လူသတ်မှုဆိုတာ ဒေါသထဲမှာ အဆင့်အမြင့်ဆုံးဖြစ်တဲ့အတွက် သူတို့စုံစမ်းထားတဲ့အချက်တွေအရတော့ ဒီအခြေအနေမျိုးထိမဖြစ်လောက်ဘူးလို့ သူက သုံးသပ်ပြောဆိုပါတယ်။ ပြီးတော့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ရဲ့ ထင်မြင်ချက်တွေထဲမှာ ဒီဖြစ်စဉ်ဟာ အခြားလူတွေပါဝင်ပတ်သက်နေပြီး တစ်ယောက်ယောက်ကို ကြောက်လို့ ၀န်ခံတယ်ဆိုတာကိုလည်း ယုံကြည်တယ်လို့ လည်း ဦးကျော်သောင်းက ပြောပါတယ်။

"သူတို့ကို ဘာသာပြန်တဲ့သူတွေနဲ့ ရဲတွေက ဖနောင့်နဲ့ပေါက်တယ်။ ပါးရိုက်တယ်။ ရင်ဝကို ကန်တယ်။ ဒါတွေကြောင့် ကြောက်လို့ သူတို့ သတ်တာလို့ ၀န်ခံလိုက်တာလို့လည်း ပြောတယ်။"လို့ သူကဆက်လက်ပြောပြပါတယ်။

သူသတ်တာမဟုတ်ဘူးလို့ ငြင်းဆန်နေတယ်ဆိုတဲ့ မောင်မောင်နဲ့ တွေ့ဖို့ကြိုးစားခဲ့ပေမယ့် ထိုင်းအာဏာပိုင်တွေက တွေ့ခွင့်မပေးခဲ့ပါဘူး။ ဒါကြောင့် မနက်ဖြန်အောက်တိုဘာ ၇ ရက်နေ့မှာတာ့ တွေ့ခွင့်ရအောင်ဆောင်ရွက်မှာဖြစ်တဲ့အပြင် စွပ်စွဲ ခံနေရတဲ့သူတွေရဲ့ သူငယ်ချင်းတွေကိုပါ တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ် ဖို့ ရှိတယ်လို့ သိရပါတယ်။

ကိစ္စနှင့်ပတ်သက်ပြီး သေဆုံးသူအမျိုးသမီး ခန္ဓာကိုယ်ကရတဲ့ ဒီအင်အေ နမူနာနဲ့ တရားစွဲခံထားရတဲ့ သူတွေရဲ့ ဒီအင်အေ တူညီတယ်လို့ ထိုင်းရဲမင်းကြီးက ပြောဆိုခဲ့ပြီး တရား စွဲခံထားရသူတွေကို လူသတ်ပုံအဆင့်ဆင့်အတွက် သရုပ်ဆောင်ပြသခိုင်းခဲ့တယ်လို့ ကမ္ဘာ့မီဒီယာအသီးသီးမှာ ပုံနဲ့တကွရေးသားဖေါ်ပြခဲ့တာ ဖြစ်ပါတယ်။

ဗြိတိသျှစုံတွဲဟာ ပြီးခဲ့သည့်စက်တင်ဘာလ(၁၅)ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်းမှာ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။

မေငယ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဗြိတိသျှစုံတွဲ အသတ်ခံရမှု မြန်မာအစိုးရ လိုက်ပါဆောင်ရွက်မည်

                                  အဆင်ပြေလျှင်ကြော်ငြာများကိုဝင်ကြည့်ပါ

ထိုင်းနိုင်ငံတောင်ပိုင်း (လိပ်ကျွန်း) မှာ ဗြိတိသျှလူမျိုးနှစ်ဦးကို သတ်ဖြတ်မှုနဲ့ ချုပ်နှောင်ခံထားရသူ မြန်မာပြည်သား ရခိုင်လူငယ်နှစ်ဦးက သူတို့အမှုကို လိုက်ပါဆောင်ရွက်ပေးဖို့ မြန်မာ ကိုယ်စားလှယ်တွေကို ဒီကနေ့ ကိုယ်စားလှယ်လွှဲလိုက်ပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးဒုတိယအတွင်းဝန် ဦးထွန်းအေးဦးဆောင်ပြီး မြန်မာရှေ့နေ၊ ထိုင်းရှေ့နေ၊ သံအမှုထမ်းနဲ့ မြန်မာအလုပ်သမားရေး လုပ်ဆောင်သူတချို့ဟာ ဒီကနေ့ ထိုင်းတောင်ပိုင်း ကော့စမွီအကျဉ်းထောင်မှာ ချုပ်နှောင်ထားတဲ့ မြန်မာလူငယ်နှစ်ဦးနဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီး ကိုယ်စားလှယ်လွှဲစာမှာ ကာယကံရှင်လူငယ်နှစ်ဦးက လက်မှတ်ရေးထိုး ပေးခဲ့တာပါ။

ဦးထွန်းအေးတို့ အဖွဲ့မှာ လိုက်ပါသွားတဲ့ ဥပဒေအကြံပေး ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ ကျနော်တို့နိုင်ငံသားအတွက် ကူညီနိုင်တဲ့ဘက်ကနေ ကူညီပေးဖို့၊ ဥပဒေရှုထောင့်ကနေ ကူညီပေးဖို့ လူကြီးတွေနဲ့ ညှိပြီးတော့ တင်ပြပြီးလို့ရှိရင် အဲဒါကို စီစဉ်ဆောင်ရွက်ပေးပါမယ့်။ သူတို့တတွေဆီက ကိုယ်စားလှယ်လွှဲစာ ရခဲ့ပါတယ်ခင်ဗျ” လို့ပြောပါတယ်။

ဒီမြန်မာလူငယ်နှစ်ဦးရဲ့ အမှုတွဲကို ကော့စမွီရဲစခန်းမှာ မိတ်တူကူးခွင့် တောင်းကြည့်ခဲ့ရာမှာ အမှုတွဲကို မပြည့်စုံသေးလို့ မပေးသေးဘူးလို့ ဦးထွန်းအေးက ပြောပါတယ်။

“ကျနော်တို့ တောင်းဆိုတဲ့အခါ ရဲစခန်းကို တောင်းဆိုတဲ့အခါကျတော့ အမှုတွဲတွေ ဘာတွေက အဆင်သင့် မဖြစ်သေးဘူး။ မပြည့်စုံသေးဘူး ဆိုပြီးမှ ကျနော်တို့ တောင်းဆိုတာ မရသေးပါဘူး ခင်ဗျ၊ ကျနော်တို့က ဒီကလေးတွေ ထွက်ဆိုတာနဲ့ ဒီဟာမှာ သူတို့ ရေးသားထားတာနဲ့ကျနော်တို့ တိုက်ဆိုင်ပြီး ကြည့်ချင်လို့ပေါ့။ တတ်နိုင်သလောက် အစွမ်းကုန်ဆောင်ရွက်တာပေါ့ဗျာ။ တဘက်ကလည်း ထိုင်းနိုင်ငံဥပဒေကို ကျနော်တို့က လေးစားရမယ်လေ၊ သူ့ ဥပဒေဘောင်အတွင်းက ကျနော်တို့ ကြိုးစားပြီး ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

ဒီနှစ်ဦးအပြင် သက်သေတဦးဖြစ်တဲ့ မောင်မောင်ကို တွေ့ခွင့်ရဖို့ သံအရာရှိက ကော့စမွီရဲစခန်းမှာ တင်ပြတောင်းဆိုတဲ့အခါ ကောင်းကောင်းမွန်မွန်ထားရှိကြောင်းနဲ့ တွေ့ခွင့်မပေးနိုင်ကြောင်း ပြန်ကြားတယ်လို့ဆိုပါတယ်။

တွေ့ဆုံရာမှာ ဒီလူငယ်နှစ်ဦးက သူတို့အနေနဲ့ ပေါက်တူးရိုးနဲ့ ရိုက်ရင်း သေသွားကြတာ ဖြစ်တယ်လို့ ပြောကြားကြောင်းနဲ့ သူတို့ရဲ့အဖြေတွေဟာ တစုံတရာလွဲချော်နေတယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“ကျနော်တို့ သိရသလောက်က ဒီအချက်အလက်တွေဟာ ဆေးပညာရှုထောင့်ကသော် လည်းကောင်း၊ သက်သေခံပစ္စည်းရဲ့ ရှုထောင့်ကသော်လည်းကောင်း သူတို့ ပြောချက်တွေနဲ့ ကွဲလွဲတာရှိတယ်။ ကွဲလွဲရုံတင်မကဘဲ ဒီကလေးတွေဟာ အဲဒီညမှာ တော်တော်များများ မူးနေပါတယ် ဆိုတဲ့အနေအထားမျိုးနဲ့ ပြောပါတယ်။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် အမှုတွဲတခုလုံးသည် ဘယ်လိုခေါ်မလဲ အတိအကျ မဟုတ်ဘဲနဲ့ ဒီလိုပေါ့ အမှုဖြစ်အောင် လုပ်ထားတဲ့ပုံစံ ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

အခင်းဖြစ်ပျက်ပုံတွေဟာ နိုင်ငံတကာ သတင်းတွေမှာလည်း ဖော်ပြနေကြပြီး ထိုင်းရဲတွေ အပေါ်မှာ မေးခွန်းထုတ်နေကြတာပါ။

မနက်ဖြန်မနက် ၁၀ နာရီမှာ ထိုင်းရဲတပ်ဖွဲ့က ဒီအမှုနဲ့ပတ်သက်လို့ ရဲချုပ်ရုံးမှာ သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်လို့ ကြားသိရပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းက လိပ်ကျွန်း ခေါ် ကော့တောင်ကျွန်းကမ်းခြေမှာ စက်တင်ဘာ ၁၅ ရက်နေ့က အသက်နှစ်ဆယ်ကျော်အရွယ် ဗြိတိသျှခရီးသည်နှစ်ဦးဖြစ်တဲ့ Hannah Witheridge နဲ့ David Miller တို့ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့သတင်းပတ်မှာ ထိုင်းရဲက ကျူးလွန်သူနှစ်ဦးက ဖြောင့်ချက်ပေးတယ်လို့ ကြေညာပြီး တရားစွဲဖို့ ပြင်နေတာပါ။

By အေးနိုင် (ဒီဗွီဘီ)

ဆေးပညာဆိုင်ရာ နိုဘဲလ်ဆု ပညာရှင်သုံးဦး ချီးမြှင့်ခံရ

John O'Keefe,                     Edvard Moser,                         May-Britt Moser

06.10.2014
ဒီကနေ့ ကြေညာသွားတဲ့ နိုဘဲလ်ဆေးပညာဆုကို အမေရိကန်နိုင်ငံဖွား ဗြိတိန်နိုင်ငံသား John O'Keefe နဲ့ နော်ဝေးနိုင်ငံသား May-Britt Moser နဲ့ Edvard Moser တို့က ရရှိသွားပါတယ်။ ဦးနှောက်ရဲ့ ဘယ်လိုအစိတ်အပိုင်းကနေ ကိုယ်ခန္ဒာအစိတ်အပိုင်းတွေကို ဘယ်လို ထိန်းချုပ်လုပ်ဆောင်သလဲဆိုတဲ့ စနစ်ကို အသေးစိတ် ရှာဖွေ တွေ့ရှိခဲ့ကြလို့ အခုလို ဆုချီးမြှင့်ခံရတာ ဖြစ်ပါတယ်။

ရှုတ်ထွေးတဲ့ အနေအထားမှာ ဦးနှောက်ကနေ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ဘယ်လို ညွှန်ကြားသလဲဆိုတာကို သူတို့ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆွီဒင်နိုင်ငံ Karolinska သိပံ္ပမှာရှိတဲ့ နိုဘဲလ်ဆု ရွေးချယ်ရေးအဖွဲ့က ပြောပါတယ်။ Mr. O’Keefe ဟာ ကြွက်ရဲ့ဦးနှောက်မှာ အာရုံကြောဆိုင်ရာ ဆဲလ်တချို့ ဘယ်လို အလုပ်လုပ်သလဲ ဆိုတဲ့စနစ်ကို ၁၉၇၁ ခုနှစ်မှာ တွေ့ရှိခဲ့တာပါ။

ဦးနှောက်ရဲ့အကန့်တခုမှာရှိတဲ့ ဆဲလ်က၊ နောက်အကန့်ထဲက ဆဲလ်ကို ဘယ်လိုစေခိုင်းသလဲဆိုတာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာတော့ Mosers ဇနီးမောင်နှံက ကြွက်ဦးနှောက်ရဲ့ ဆဲလ်တခုဟာ ကိုယ်ခန္ဒာ အစိတ်အပိုင်းတွေကို အမိန့်ပေးတဲ့ အနားက ဆဲလ်ကို ဘယ်လို ဆက်သွယ် လုပ်ဆောင်သလဲ ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

ထပ်ဆင့် သုတေသနပြုချက်တွေအရ လူဦးနှောက်မှာလည်း အဲလို အလားတူ ဆဲလ်တွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာကို အထောက်အထားနဲ့ သက်သေပြနိုင်ခဲ့ပါတယ်။

ဒီရှာဖွေတွေ့ရှိမှုအရ မှတ်ဥာဏ်၊ တွေးခေါ်ပုံနဲ့ အစီအစဉ် ပြုလုပ်ပုံတွေကို နားလည်နိုင်ဖို့ နည်းလမ်းသစ်တွေ ဖွင့်ပေးလိုက်တယ်လို့ နိုဘဲလ်ဆု ရွေးချယ်ရေးအဖွဲ့က ပြောပါတယ်။ ဆုကြေးက ဒေါ်လာ ၁.၁ သန်းဖြစ်ပြီး၊ မစ္စတာ O'Keefe က တဝက်နဲ့ Mosers ဇနီးမောင်နှံက တဝက် ရရှိမှာပါ။

အင်္ဂါနေ့မှာတော့ ရူပဗေဒပညာရပ်အတွက် နိုဘဲလ်ဆု၊ ဗုဒ္ဓဟူးနေ့မှာ ရူပဗေဒပညာရပ်၊ ကြာသပတေးနေ့မှာ စာပေနဲ့ သောကြာနေ့မှာတော့ နိုဘဲလ်ငြိမ်းချမ်းရေးဆု တို့ကို ကြေညာမှာပါ။ နိုဘဲလ်ငြိမ်းချမ်းရေးဆုအတွက် တစ် ကြိုရွေးခံရသူတွေထဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Ki-moon လည်း ပါဝင်ပါတယ်။
VOA

Sunday, October 5, 2014

ဗြိတိသျှ ဓါးစာခံ အသတ်ခံရမှု ဝန်ကြီးချုပ် ရှုတ်ချ

အများအကျိုး ဆောင်ရွက်ခဲ့တဲ့ Alan Henningကို အမြဲ ဂုဏ်ယူ အမှတ်ရ နေမယ်လို့ ကျန်ရစ်သူ မိသားစု ပြော

ဗြိတိသျှလူမျိုး Alan Henning ကို IS အစ္စလာမစ် နိုင်ငံ လက်နက်ကိုင် အဖွဲ့က ခေါင်းဖြတ် သတ်ခဲ့တာဟာ ဆင်ခြင်တုံ တရား ကင်းမဲ့တဲ့ စက်ဆုတ် ရွံရှာစရာ လုပ်ရပ် ဖြစ်တယ်လို့ ဗြိတိသျှ အစိုးရက ရှုတ်ချ ပြောဆိုလိုက်ပါတယ်။

အင်္ဂ္လန်နိုင်ငံ မြောက်ပိုင်းမှာ နေထိုင်တဲ့ ကယ်ဆယ်ရေး ဝန်ထမ်း Alan Henning ကို သတ်ခဲ့သူတွေကို ဗြိတိသျှ အစိုးရအနေနဲ့ နည်းမျိုးစုံ သုံးပြီး လိုက်လံ ရှာဖွေ မယ်လို့ ဗြိတိသျှ ဝန်ကြီးချုပ် David Cameron က ပြောပါတယ်။

Alan Henning ရဲ့ ကျန်ရစ်သူ မိသားစု ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာတော့ Alan Henning အန္တရာယ် ရှိတဲ့ အခြေအနေမှာ ရောက်နေပေမယ့် ပြန်လွတ် လာမယ်လို့ သူတို့ မျှော်လင့်ခဲ့ကြောင်း၊ အများအကျိုးအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်ခဲ့တဲ့ သူ့လုပ်ရပ်တွေအတွက် အမြဲ ဂုဏ်ယူ အမှတ်ရနေမှာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

သောကြာနေ့တုန်းက မစ္စတာ Henning ကို မျက်နှာဖုံး စွပ်ထားတဲ့ ဂျီဟာ့ဒ် ဝါဒီတဉီးက ခေါင်းဖြတ်သတ်နေပုံလို့ ယူဆရတဲ့ ဗီဒီယိုရုပ်ပုံကို IS အဖွဲ့က အင်တာနက်ပေါ် တင်ခဲ့ပါတယ်။

သတ်ခဲ့သူရဲ့ လေယူလေသိမ်းဟာ အရင် ခေါင်းဖြတ်သတ်မှုတွေကို ကျူးလွန်ခဲ့သူလို့ ယူဆရတဲ့ အစ္စလာမစ် လက်နက်ကိုင်ရဲ့ လေယူလေသိမ်းလိုပဲ ထပ်တူ ဗြိတိသျှ လေသံ ပေါက်နေတာ တွေ့ရပါတယ်။

ဗီဒီယို အဆုံးမှာတော့ IS က သူတို့ ထိန်းသိမ်းထားတဲ့ နောက်အနောက်နိုင်ငံသား တဉီးကို သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက် ပြောဆိုသွားခဲ့ပါတယ်။

အဲဒီလူဟာ အမေရိကန် ကယ်ဆယ်ရေး ဝန်ထမ်း Peter Kassig လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်းး)

နေပြည်တော်အနီး ရွှေတူးဖော်သူ ရွာသား၂၀ ဦး ထောင်ချခံရ

 နေပြည်တော် ဇေယျာသီရိမြို့အနီး ရွှေသတ္ထုတွေ့ရှိတဲ့ရှိအတွက် နာမည်ကျော်နေတဲ့ ကကြားတောင်တစ်ဝိုက်က ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့နေရာကို ၀င်ရောက်ပြီး ရွှေတူးခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရတဲ့ ကြည်တောင်၊ ခေါမနဲ့ ၀ဲစုရွာတွေက ရွာသား ၂၀ ဦးကို မနေ့က ထောင်ဒဏ်တစ်လစီ အပြစ်ပေးလိုက်တယ်လို့ သိရပါတယ်။

ရွာသားတွေ အဖမ်းခံခဲ့ရတာနဲ့ ပတ်သက်လို့ ကြည်တောင်ကျေးရွာသူ မလီလီကျော်ဝင်းက RFA ကို ပြောပါတယ်။

"တရားရုံးကို တခါတည်းခေါ်သွားပြီး ပုဒ်မ ၁၈ နဲ့ ထောင် ၁ လချလိုက်တာပါ၊ ရမည်းသင်းထောင်ကို တခါတည်းပို့လိုက်တာပါ"

ကကြားတောင်မှာ ရွှေထွက်တာကို ပြီးခဲ့တဲ့ စက်တင်ဘာလ၂၁ရက်နေ့က သစ်ခုတ်ဝါးခုတ်တဲ့ ဒေသခံတွေက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီအနားက ပေါင်းလောင်းရေလှောင်တမံနဲ့ ရေအားလျှပ်စစ်ဝင်း လုံခြုံရေးအတွက်ဆိုပြီး ဇေယျာသီရိမြို့နယ် အုပ်ချုပ်ရေးမှူးက စက်တင်ဘာလ ၂၇ ရက်နေ့မှာ တားမြစ်နယ်မြေအဖြစ် ပုဒ်မ၁၄၄ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

RFA Burmese

ရှမ်းပြည်အရေး ဆွေးနွေးပွဲ ပြီးဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင်များတွေ့ဆုံဆွေးနွေးပွဲက ရှမ်းပြည်နယ်ကို ရှမ်းပြည်သူတွေပဲပိုင်ပြီး ရှမ်းပြည် လုံခြုံရေးကို ရှမ်းပြည်သူတွေပဲ ကာကွယ်သင့်တယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့အတူ ရှမ်းပြည်ထူထောင်ရေးအခြေခံမူ (၁၂) ချက်ကို ပဏာမသဘောတူညီခဲ့ကြတယ်လို့ဆိုပါတယ်။  မအင်ကြင်းနိုင်က အကြောင်းစုံတင်ပြပေးထားပါတယ်။
ရှမ်းထိပ်တန်းခေါင်းဆောင်တွေ အခုလို တွေ့ဆုံဆွေးနွေးကြတာဟာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ပြည်တွင်းနဲ့ပြည်ပအခြေစိုက် ရှမ်းတိုင်းရင်းသားအဖွဲ့ အစည်းတွေရဲ့ဆွေးနွေးပွဲကနေ ရှမ်းပြည်နယ် အနာဂတ်ကံကြမ္မာနဲ့ပတ်သက်လို့ လက်တွဲဆောင်ရွက်ဖို့ သဘောတူညီခဲ့တဲ့ အချက်တွေကို EBO မြန်မာအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဦးဟန်ညောင်ဝေက အခုလိုပြောပါတယ်။
“အုပ်ချုပ်ရေးအာဏာပေါ့၊ လူထုဆီကလာရမယ်။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းမယ်၊ ရှမ်းပြည်မှာရှိတဲ့လူမျိုးစုံက တန်းတူရမယ်။ minority ဖြစ်တဲ့ အဖွဲ့တွေကို အကာအကွယ်ပေးရမယ်ဆိုတာ ပါတယ်။ ရှမ်းပြည်အနေနဲ့က သူ့လူထုတို့ ဘာတို့က လုံခြုံရေးကိစ္စမှာ ကိုယ့်အိမ်ကို Defense လုပ်ဖို့၊ ကိုယ့်အိမ်ကိုကာကွယ်ဖို့ Rights ရှိရမယ်။ အခြေခံဥပဒေမှာ ရေးထားတဲ့အတိုင်းပေါ့။ မြေပေါ်မြေအောက်မှာရှိတဲ့ပစ္စည်းတွေ အကုန်လုံးက ရှမ်းပြည်ထဲမှာရှိတဲ့ပစ္စည်းတွေဟာ ရှမ်းပြည်လူမျိုးပိုင်တယ်ဆိုတဲ့သဘောတော့ ရေးထားတာ ရှိတယ်။”
ဒီဆွေးနွေးပွဲရဲ့ အဓိကအကြောင်းရင်းက ရှမ်းလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေကြား နားလည်မှု၊ ယုံကြည်မှုတွေခိုင်မာအောင် တည်ဆောက်ဖို့ ဖြစ်တယ်လို့လည်း ဦးဟန်ညောင်ဝေက ဆိုပါတယ်။
“အခု ငြိမ်းချမ်းရေးလုပ်မယ်ဆိုတော့ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး တပြည်လုံးလုပ်ပြီးရင် နိုင်ငံရေးဆွေးနွေးမယ်ဆိုတော့ အရေးကြီးလာပါတယ်။ အဖွဲ့အစည်းတွေအကုန်လုံးက ဘယ်လို မြင်သလဲ၊ ဆက်ပြီးတော့မှ သူတို့ သဘောတူလား၊ မတူဘူးလားဆိုတာ- အဲဒီဟာလေး ဆွေးနွေးကြတာ ဖြစ်ပါတယ်။ အခု ထွက်လာတဲ့ရလဒ်ကတော့ အကုန်လုံးသဘောတူတာက ဒီဟာက နိုင်ငံရေးပြဿနာဖြစ်တယ်။ နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းသင့်တယ်ဆိုတာ ထွက်လာပါတယ်။”
ဘန်ကောက်မြို့မှာ ရှမ်းခေါင်းဆောင်တွေ စုံစုံညီညီ တွေ့ဆုံဆွေးနွေးနေတဲ့အချိန်ကာလအတွင်း မြန်မာအစိုးရတပ်တွေက ရှမ်းလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ရာနယ်မြေတွေမှာ ထိုးစစ် ဆင်နေတာပါ။ ဒီအပေါ်မှာ ရှမ်းခေါင်းဆောင်တွေအနေနဲ့ အခြေအနေတွေကို စိုးရိမ်နေတယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အတွင်းရေးမှူး စိုင်းညွန့်လွင်က ပြောပါတယ်။
“အစိုးရဘက်ကကြေညာတာ ခြုံခိုပြီးတိုက်လို့ ပြန်တိုက်ရတယ်လို့ ပြောတယ်။ ကျနော်တို့သိသလောက် သတင်းအရကတော့ တိုင်းစစ်ဌာနချုပ်ရုံး နှစ်ခုကနေ စစ်ကြောင်းကြီးငါးကြောင်းနဲ့ တောင်ပိုင်းနဲ့မြောက်ပိုင်းပေါ့- နှစ်ခုညှပ်ပြီးတိုက်နေတယ်ဆိုတော့ အော်ပရေးရှင်းတစ်ခုပဲဖြစ်တယ်ဗျ။ ဒီလိုပဲ ကျနော်တို့ သုံးသပ်တယ်လေ။ ဆိုတော့ - ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဒီဘက်မှာလည်း စိုးရိမ်ပူပန်မှုတွေဖြစ်ကြတယ်။ ဒီအတွက်လည်း သမ္မတကြီးဆီကို ဒီမှာ တက်လာတဲ့အဖွဲ့အစည်း ငါးခုကနေပြီးတော့ သမ္မတကြီးအနေနဲ့ ဒါကို တားဆီးပေးဖို့ မေတ္တာရပ်ခံတဲ့စာ ပေးပို့ထားတာတွေ ရှိတယ်ဗျ။”
ဘန်ကောက်မြို့မှာ ကျင်းပတဲ့ဆွေးနွေးပွဲကို SNLD အပါဝင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီ (SNDP) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA)၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့ စိန်ကျော့ဌာနေပြည်သူ့စစ်တို့ရဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတာပါ။ အခုလို ရှမ်းခေါင်းဆောင်တွေရဲ့အစည်းအဝေး ဘန်ကောက်မြို့မှာ ကျင်းပရတာဟာ လုံခြုံရေးအရ မြန်မာအစိုးရနဲ့ ထိုင်းအစိုးရ နှစ်ဘက်သဘောတူညီချက်ကြောင့် ဖြစ်ပါတယ်ရှင်။
အင်ကြင်းနိုင်VOA

အစိုးရသတိပေးချက်ထွက်အပြီး ကောင်ကောင်မှာ ဆန္ဒပြပွဲကြီး ဆက်ဖြစ်

အစိုးရဆန့်ကျင်သူတွေက ဟောင်ကောင်မြို့ Mongkok ခရိုင်မှာ လမ်းဆုံပိတ်ပြီး ဆန္ဒပြနေကြစဉ်။ (အောက်တိုဘာ၊ ၄၊ ၂၀၁၄)
ဟောင်ကောင်ကျွန်းမှာ ဆန္ဒပြသူတွေ သိမ်းပိုက်ထားတဲ့  စီးပွားရေး အချက်အခြာကျတဲ့ မြို့လည်လမ်းမတွေကို တနင်္လာနေ့ မနက်ခင်းမှာ ပြန်လည် ဖွင့်လှစ်ရမယ်လို့ ဟောင်ကောင်အုပ်ချုပ်ရေးမှုးက ကြေညာလိုက်ပြီး မကြာခင်မှာပဲ  စနေနေ့မှာ ဒီမိုကရေစီရေး လိုလားသူ လူအုပ်ကြီးက လမ်းမတွေပေါ်မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။
ရှေ့သီတင်းပတ်ကစပြီး အစိုးရအလုပ်သမားတွေ ရုံးပြန်တက်နိုင်ဖို့  လိုအပ်သလို အရေးယူဆောင်ရွက်မယ်လို့ ဟောင်ကောင်အုပ်အုပ်ရေးမှူး Leung Chun- ying  က သတိပေးလိုက်တာနဲ့ မရှေးမနှောင်းမှာပဲ  အစိုးရအဖွဲ့ဌာနချုပ် အဆောက်အဦးတွေ အပြင်ဘက်မှာ ဆန္ဒပြသူ သောင်းနဲ့ချီပြီး လာရောက် စုဝေးခဲ့ကြတာဖြစ်ပါတယ်။
တကယ်လို့  ဟောင်ကောင်က Mong Kok  ရပ်ကွက်မှာ သောကြာနေ့က အတိုက်ခိုက်ခံခဲ့ရတဲ့ ဆန္ဒပြသူတွေကို ရဲအကာကွယ်ပေးဖို့ အစိုးရက လုပ်ပေးမယ်ဆိုရင် ဟောင်ကောင်က ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေက အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆွေးနွေးမှု အသစ်တွေလုပ်မယ်လို့ အစိုးရက စနေနေ့ ညနေပိုင်းတုန်းက သဘောတူခဲ့တာပါ။ ဒါ့အပြင် အစိုးရအလုပ်သမားတွေ အလုပ်ပြန်လုပ်ခွင့်လည်း ပေးမယ်လို့လည်း သူတို့က အာမခံခဲ့ပါတယ်။
 သောကြာနေ့က ဖြစ်ပွားတဲ့ အကြမ်းဘက်မှုကို တဖက်က စလုပ်တယ်လို့  နောက်တဖက်က အပြန်အလှန် စွပ်စွဲနေကြပါတယ်။ ရဲဝန်ထမ်း အများအပြား အပါအဝင်  လူပေါင်း  ၁၈ ယောက်လောက် ဒဏ်ရာရခဲ့တဲ့  ဒီအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး  ရဲက လူ ၁၉ ဦးကို ဖမ်းဆီးထားပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

အိုက်အက်စ်အကြမ်းဖက်အဖွဲ့ အမေရိကန်လူမျိုး ဓားစာခံ တဦးကို ထုတ်ပြ

                              ဓာတ်ပုံ - ရိုက်တာ

အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အကြမ်းဖက်အဖွဲ့က အမေရိကန် လူမျိုးတယောက်လို့ ယူဆရတဲ့ ဓားစာခံ တယောက်ကို အောက်တိုဘာလ ၃ ရက်နေ့မှာ ထုတ်ပြပြန်ပါတယ်။ အိုက်အက်စ်အဖွဲ့ကို ထောက်ခံတဲ့ တွစ်တာ အကောင့်တွေက တဆင့် ယူကျူပေါ်မှာ တက်လာတဲ့ ဗီဒီယိုမှာ ဗြိတိန်လူမျိုး အေလန် ဟန်းနေးကို ခေါင်းဖြတ်သတ်ဖြတ်တယ်ပုံကို ရိုက်ကူးထားပါတယ်။ ၁ မိနစ်ကြာ ဗီဒီယိုရဲ့ အဆုံးမှာတော့ အမေရိကန် လူမျိုး ပီတာ အတ်ဒ၀ပ် ကက်ဆင်း ကို ထုတ်ပြထားပါတယ်။

အမေရိကန် အရာရှိတွေကတော့ အဲဒီ နာမည်နဲ့ အမေရိကန်တယောက်ကို စစ်သွေးကြွတွေက ဖမ်းထားတယ်လို့ အတည်ပြုပါတယ်။ ဗီဒီယိုရဲ့ စစ်မှန်မှုကိုလည်း အရာရှိတွေက သံသယမရှိပါဘူး။
ဗြိတိန်လူမျိုး အေလန် ဟန်းနေးဟာ အိုင်အက်စ်အဖွဲ့က ဒီလို ခေါင်းဖြတ်သတ်ဖြတ်တာကို ခံရတဲ့ လေးယောက်မြောက် ဖြစ်ပါတယ်။ ဒီမတိုင်ခင်က အမေရိကန် သတင်းထောက်နှစ်ယောက်နဲ့ ဗြိတိန် အကူအညီပေးရေး လုပ်သားတယောက်တို့ကို ဒီလိုပဲ ခေါင်းဖြတ် သတ်ဖြတ်ခဲ့တာပါ။

အင်္ဂလန်မြောက်ပိုင်းသား ဟန်းနေးဟာ အသက် ၄၇ နှစ်အရွယ် ကားဒရိုင်ဘာ ဖြစ်ပြီး မနှစ် ဒီဇင်ဘာလက ဆီရီးယားနိုင်ငံ အနောက်မြောက်ဒေသမှာ ဆေးဝါးအထောက်အပံ့တွေ တင်သွားတဲ့ ယာဉ်တန်းအတူ လိုက်ပါသွားရင်း အဖမ်းခံခဲ့တာဖြစ်ပါတယ်။
အိုင်အက်စ်အဖွဲ့ဟာ ဆီရီးယားမှာ အနောက်နိုင်ငံတွေက လူ ၁၀ လောက်အထိ ဖမ်းထားတယ်လို့ ယူဆရပါတယ်။ ကျန်နေသေးတဲ့ တခြားလူတွေကတော့ ဗြိတိသျှ သတင်းသမား ဂျွန်ကန့်တလိုင်း လည်း ပါဝင်ပါတယ်။

By ဒီဗွီဘီ

ပျောက်ဆုံးနေသော တောင်တက် သမား နှစ်ဦး ပြန်လည်တွေ့ရှိရန် မျှော်လင့်ချက်မရှိတော့ ဟုဆို

ပျောက်ဆုံးနေသော တောင်တတ်သမားနှစ်ဦး အား ပြန်လည်တွေ့ရှိရန် မျှော်လင့်ချက်မရှိတော့ ဟု ထူးဖောင် ဒေးရှင်း၏ အမှုဆောင်အရာရှိချုပ် ဦးပေါ်မြင့်ဦးက အောက်တိုဘာ ၄ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ မီဒီယာသမားများ၏ မေးမြန်မှုအပေါ် ယင်းကဲ့သို့ ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

“ပျောက်ဆုံးသွားတာတစ်လကျော်ကြာပြီဆိုတော့ တောင်တတ်သမားနှစ်ယောက် ရှာဖွေမှု အခြေအနေက မျှော်လင့်ချက်သိပ်မရှိတော့ဘူး”ဟု ဦးပေါ်မြင့်ဦး ကဆိုသည်။

ပျောက်ဆုံးခဲ့သောတောင်တတ်သမားနှစ်ဦးအား ရှာဖွေမှုတွင် မြန်မာနိုင်ငံမြောက်ပိုင်း၏ ဆိုးရွာသောရာသီဥတု ကြောင့် ရှာဖွေရာတွင် အခက်အခဲများစွာဖြစ်ခဲ့ရကြောင်းနှင့်အီတလီနိုင်ငံတွင် တောင်တတ်လူငယ်များအနေဖြင့် ပျောက်ဆုံးမှု မရှိသလောက်နည်းပါးပြီး၊ပျောက်ဆုံးခဲ့ပါက Report ၀င်လာသည့်အချိန်မှစ၍ ၁၅ မိနစ်အတွင်း သက်ဆိုင်ရာ ဆရာဝန်များ၊ အသက်ကယ်အဖွဲ့အစည်းများဖြင့် ပြန်လည်ရှာဖွေမှုများ ချက်ချင်းပြုလုပ်ကာရှာဖွေခဲ့ရာတွင် အဆင်ပြေမှုများရှိခဲ့သော်လည်း ယခုမြန်မာနိုင်ငံ၏ ပျောက်ဆုံးနေသောတောင်တက်သမားနှစ်ဦးအားရှာဖွေမှုတွင် မလွယ်ကူကြောင်း ကယ်ဆယ်ရေးအဖွဲ့မှ ရှာဖွေမှုတွင် အဓိကပါဝင်ခဲ့သည့် အီတလီနိုင်ငံသား Pilot တဦးက သတင်းစာရှင်လင်းပွဲတွင် သုံးသပ်ပြောကြားခဲ့သည်။

ယခုအခါတွင် ပျောက်ဆုံးနေသော တောင်တက်သမား ကိုအောင်မြင့်မြတ် နှင့် ကိုဝေယံမင်းသူ တို့ ၏ မိဘများကို ပူတာအို တွင် ထူးဖောင်ဒေးရှင်းအဖွဲ့မှ စောင့်ရှောက်ထားလျက်ရှိကြောင်း ထူးဖောင်ဒေးရှင်း၏ အမှုဆောင်အရာရှိချုပ် ဦးပေါ်မြင့်ဦးက ဆိုသည်။

အဆိုပါ တောင်တက်သမား ၂ ဦး ပျောက်ဆုံးနေခြင်းကို ရှာဖွေရန် ပူးပေါင်းဆောင်ရွက်ရန် ရောက်ရှိလာသည့် ထိုင်းနိုင်ငံ Advance Aviation မှ ထူးဖောင်ဒေးရှင်းနှင့် B4 အမျိုးအစား ရဟတ်ယာဉ် မှာလည်း စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဆက်သွယ်ရေး ရေဒါများပြတ်တောက်ကာပျောက်ဆုံးသွားခဲ့ပြီး ၎င်းရဟတ်ယာဉ်အား ဆက်လက်ရှာဖွေမှုများပြုလုပ်ရန် လက်ရှိအနေအထား တွင် ရာသီဥတု ဆိုးရွာနေသောကြောင့် ခေတ္တရပ်ဆိုင်းမည်ဖြစ်ပြီး၊ အောက်တိုဘာလတွင် ပျောက်ဆုံးနေသော
 တောင်တတ်သမားနှစ်ဦးနှင့်အတူ အဆိုပါ ရဟတ်ယာဉ်အားရှာဖွေမှုအားပြန်လည် စတင်မည်ဖြစ်ကြောင်း လည်းသိရသည်။

“အမြန်ဆုံးပြန်တွေ့စေချင်တယ် ၊ ဒီလောက်မြင့်တဲ့ တောင်ကို တက်ခိုင်းခဲ့တယ်၊ တတ်ခွင့်ပေးခဲ့တဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တော်တော်အံသြမိတယ်။ မြန်မာနိုင်ငံမှာက တောင်တက်တဲ့ အားကစားနဲ့ပတ်သတ်ပြီးတော်တော် ဗဟုသုတ နည်းပါးနေတာကိုတွေ့ရတယ်။”ဟု သတင်းစာရှင်းလင်းပွဲသို့ တက်လာရောက်သူ တဦးက ဆိုသည်။

ယခင်စစ်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၏အမြင့်ဆုံးတောင်များတွင်တစ်ခုပါဝင်သည့် ခါကာဘိုရာဇီတောင်ကို တောင်တတ်ခွင့်တောင်လာသည့် မည်သည့် တောင်တက်သမားမဆို သက်ဆိုင်ရာ CV တောင်းကာ တောင်တက်အတွေ့အကြုံ၊ တောင်တက်ရာတွင် တွေ့ကြုံနိုင်သည့်အန္တာရာယ်များအား ရှင်းလင်းပြီးတတ်ခွင့်ပြုခဲ့သော်လည်း ယခု အစိုးရလက်ထက်တွင် ယခင်းကဲ့သို့ စစ်ဆေးမှုများပြုလုပ်ခြင်းမရှိတော့ကြောင်း မြန်မာနိုင်ငံတောင်တက်သမားအသင်းအဖွဲ့မှ တာဝန်ရှိအရာရှိတစ်ဦးကဆိုသည်။
ေေ  တောင်တက်သမားနှစ်ဦးပျောက်ဆုံးမှုတွင်လူပျောက်စာရင်းမှတ်တမ်းများသာသက်ဆိုင်ရာရဲစခန်းမှ
 ကောက်ယူထားရှိကာ အမှုဖွင့်တစ်စုံတစ်ရာဖွင့်ထားခြင်းမရှိကြောင်းလည်းသိရသည်။

မိုးမင်း၊ နေမင်းခ

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဟောင်ကောင် ဒီမိုကရေစီရေးနဲ့ တသားတည်းရှိကြောင်း လှုပ်ရှားမှုပြုလုပ်

ဟောင်ကောင်က ကျောင်းသားပြည်သူတွေရဲ့ ဒီမိုကရေစီ အရေး လှုပ်ရှားမှုကို အားပေးထောက်ခံတဲ့ လှုပ်ရှားမှုတစ်ခုကို ကျောင်းသား၊ ကျောင်းသူအယောက် ၅၀ လောက်က ဒီကနေ့ညနေမှာ ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံထဲမှာ ပြုလုပ်ခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့  လှုပ်ရှားမှုမှာပါဝင်တဲ့ ကျောင်းသူ မပိုပိုက RFA ကို အခုလိုပြောပါတယ်။

"ဟောင်ကောင် ကျောင်းသားတွေရဲ့ ဆန္ဒပြမှုကို ကျမတို့ကလည်း သူတို့နဲ့ တသားတည်းရှိတယ်ဆိုတဲ့ ပုံစံကိုပြတာပါရှင့်၊ ကျမတို့ ပညာရေးဥပဒေကိုလည်း လက်မခံဘူးဆိုတာကိုလည်းပြတယ်၊ ပြီးတော့ မဖြူနှင်းထွေးကိစ္စကိုလည်း ဆိုင်းပုဒ်လေးတွေကိုင်ပြီး ဆန္ဒပြတယ်ရှင့်"

အဲဒီလှုပ်ရှားမှုမှာ တကသနဲ့ ဗကသများအဖွဲ့ချုပ်က ကျောင်းသားတွေလဲ ပါဝင်ပြီး၊ လွတ်လပ်ခွင့်ကိုတောင်းနေတဲ့ ဟောင်ကောင်ကျောင်းသားတွေနဲ့ တသားတည်းရှိတဲ့အကြောင်းတွေ ရေးသားထားတဲ့ ပိုစတာတွေကို ကိုင်ဆောင်ထားကြပါတယ်။