Pages

Tuesday, October 28, 2014

ဗြိတိန်ရဲဝန်ထမ်းများ လိပ်ကျွန်းကို သွားရောက်စစ်ဆေး


27 October 2014
ထိုင်းတောင်ပိုင်း ကော်ဖငန်းမြို့နယ် ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ သူတို့နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံက ရဲဝန်ထမ်း ၃ ဦးဟာ အခင်းဖြစ်ပွားရာ နေရာကို အောက်တိုဘာ ၂၅ ရက်နေ့က သွားရောက်စစ်ဆေးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ခိုတောင်ကျွန်းကို ဗြိတိန်ရဲတွေ လာရောက်စဉ် တာဝန်ကျထိုင်းရဲတွေက သူတို့ကို အမှုနဲ့ ပတ်သက်တဲ့ နေရာ ၄ ခုကို လိုက်ပို့ခဲ့ပြီး မသက်ဆိုင်သူတွေကို ဓာတ်ပုံရိုက်ခွင့် လုံးဝပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။

ဗြိတိန်ရဲတွေဟာ ခိုတောင်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့နေရာ၊ တရားခံတွေ ဂစ်တာထိုင်တီးတဲ့နေရာ၊ လူသတ်ရာမှာ အသုံးပြုတဲ့ ပေါက်ပြား တွေ့ရှိရာ နေရာနဲ့ အသတ်ခံရသူရဲ့ တယ်လီဖုန်းကို ဖျက်ဆီးလွှင့်ပစ်ခဲ့တဲ့ နေရာတွေကို အချိန် ၁ နာရီကြာ သွားရောက်စစ်ဆေးခဲ့ပါတယ်။

အဲဒီနောက် ၂ နိုင်ငံက ရဲတွေဟာ မိနစ် ၃၀ ကြာ ဆွေးနွေးခဲ့ကြကြောင်း၊ ဗြိတိန်ရဲတပ်ဖွဲ့တွေ သိလိုတဲ့မေးခွန်းကို ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ရဲချုပ်ကြီး ဆုမ်ယုဒ် ဖွန့်ဖမ်းမုန့်က ဖြေကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ထိုင်းရဲတွေရဲ့ ကိုင်တွယ်ဆောင်ရွက်မှုကို ဗြိတိန်ရဲတွေက ကျေနပ်မှုရှိခဲ့တယ်လို့   ရဲချုပ်ကြီးက သတင်းထောက်တွေကို ပြောသွားပါတယ်။

ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရပြီးတဲ့နောက် ခရီးသွား လုံခြုံရေးကို တိုးမြှင့်တဲ့အနေနဲ့  ကော်ဖငန်းကျွန်းတခုက လွဲပြီး ကျန်တဲ့ကျွန်းစုတွေမှာ လပြည့်ည တိုင်းကျင်းပလေ့ရှိတဲ့ ဖူးလ်မွန်းပါတီ ပျော်ပွဲရွှင်ပွဲကျင်းပခွင့်ကို ဆူရတ်ဌာနီခရိုင်အုပ်ချုပ်ရေးမှူးက ပိတ်ပင်လိုက်တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့က အသက်နှစ်ဆယ်ကျော် ဗြိတိသျှလူမျိုး လူငယ်အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်း (လိပ်ကျွန်း) ကမ်းစပ်မှာ သတ်ဖြတ်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး မြန်မာလူငယ် ၂ ဦး စွပ်စွဲဖမ်းဆီးခံနေရတာပါ။

ဗြိတိန် ၂ ဦးကို သတ်မှုနဲ့ ထိုင်းနိုင်ငံ ကော့စမွီခရိုင် တရားရုံးအချုပ်ခန်းမှာ စွပ်စွဲဖမ်းဆီး ခံထားရတဲ့ မြန်မာလူငယ် ၂ ဦးက သူတို့အနေနဲ့ လူသတ်မှုမှာ ပါဝင်ပတ်သက်ခြင်း မရှိဘဲ ထိုင်းရဲနဲ့ စကားပြန်က အတင်းဝန်ခံခိုင်းတာဖြစ်ပြီး ၀န်မခံရင် ဓာတ်ဆီလောင်းမီးရှို့ ခံရမယ်လို့ ခြိမ်းခြောက်ခံရတဲ့အကြောင်း အောက်တိုဘာ ၂၄ ရက်နေ့က မိဘတွေနဲ့ တွေ့ဆုံစဉ်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

By ဒီဗွီဘီ

Sunday, October 26, 2014

အမေရိကန်နဲ့ ဗြိတိန် Afghan တိုက်ခိုက်ရေးတာဝန် ပြီးဆုံး

အာဖဂန်နစ္စတန်မှာ တိုက်ခိုက်ရေးတာဝန်ယူထားတဲ့ အမေရိကန် ကမ်းတက်တပ်ဖွဲ့ဝင်တွေက အာဖဂန်စစ်တပ်ဖွဲ့ဆီ တာဝန်လွှဲပြောင်း၊ အလံလွှဲပြောင်းအခမ်းအနားကျင်းပစဉ်။ (အောက်တိုဘာ ၂၆၊ ၂၀၁၄)
Afghanistan နိုင်ငံတောင်ပိုင်း Helmand ပြည်နယ်မှာ အမေရိကန်နဲ့ ဗြိတိန်တပ်တွေရဲ့ တိုက်ခိုက်ရေးတာဝန်တွေအဆုံးသပ်တဲ့ အခမ်းအနားကို ဒီကနေ့
ကျင်းပခဲ့ပါတယ်။
Bastion စစ်အခြေစိုက်စခန်းမှာကျင်းပတဲ့ တာဝန်လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားမှာ စစ်စခန်းမှာလွှင့်ထူထားတဲ့ ဗြိတိန်အလံကိုချခဲ့ပြီး ၁၃ နှစ်တာ အာဖဂန်စစ်ပွဲမှာ ဗြိတိန်တပ်တွေရဲ့ပါဝင်မှုကို အဆုံးသတ်ခဲ့ပါတယ်။ အမေရိကန်တပ်တွေ အခြေစိုက်တဲ့ မျက်နှာချင်းဆိုင် Leatherneck စစ်စခန်းမှာလည်း
အမေရိကန်အလံကိုချခဲ့ပြီး Afghan တပ်ဖွဲ့လက်ကို အုပ်ချုပ်မှု လွှဲပြောင်းပေးခဲ့ပါတယ်။ Bastion စစ်အခြေစိုက်စခန်းဟာ ၂၀၀၅ ခုနှစ်ကတည်းက အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ ဗြိတိန်တပ်တွေရဲ့ အဓိက အခြေစိုက်စခန်းဖြစ်ပါတယ်။
ဒီကနေ့ တာဝန်လွှဲပြောင်းပေးတဲ့အခမ်းအနားမှာ အမေရိကန် Marine ကမ်းတက်တပ်သားတွေနဲ့ Afghan စစ်သားတွေက ဂုဏ်ပြုတပ်ဖွဲ့အဖြစ် အာဖဂန်၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတော်သီချင်းတွေ ဖွင့်လှစ်စဉ် အလေးပြုခဲ့ကြပါတယ်။
Bastion စစ်အခြေစိုက်စခန်းဟာ တချိန်မှာ ပူးပေါင်းတပ်ဖွဲ့ဝင်ပေါင်း ၄ သောင်းအထိရှိခဲ့တဲ့ စစ်စခန်းဖြစ်ပါတယ်။ အာဖဂန်နစ္စတန်စစ်ပွဲမှာ ၂၀၀၁ ခုနှစ် ကတည်းက ဗြိတိန်တပ်တွေ ပါဝင်ခဲ့ပြီး ဗြိတိန်တပ်ဖွဲ့ဝင် ၄၅၃ ယောက် ကျဆုံးခဲ့ပါတယ်။ အာဖဂန်ပြည်သူတွေအတွက် တည်ငြိမ်တဲ့အနာဂါတ် ဖြစ်ဖို့ အတတ်နိုင်ဆုံး ကူညီပေးခဲ့တဲ့အတွက် ဗြိတိန်တိုက်ခိုက်ရေးတပ်တွေရဲ့ တာဝန်ပြီးဆုံးသွားပြီဆိုတာကို ဂုဏ်ယူစွာနဲ့ ကြေညာနိုင်တဲ့အကြောင်း ဗြိတိန် ကာကွယ်ရေးဝန်ကြီး Michael Fallon ကပြောကြားခဲ့ပါတယ်။
ဒီနှစ် မကုန်ခင် အမေရိကန်၊ ဗြိတိန်အပါအဝင် နိုင်ငံခြားတပ်တွေ ရုပ်သိမ်းပြီးသွားရင်တော့ Afghan တပ်တွေကို သင်တန်းပေး အကြံပေးမှုတွေအတွက် အာဖဂန်နစ္စတန်နိုင်ငံထဲမှာ နိုင်ငံခြားသားတပ်ဖွဲ့ဝင် စုစုပေါင်း ၁ သောင်း ၂ ထောင်ပဲကျန်တော့မှာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

ကိုပါကြီးဖြစ်ရပ် တရားမျှတမှု ၈၈ နဲ့ အရပ်ဖက်အဖွဲ့တွေ တောင်းဆို

စစ်တပ်ကဖမ်းဆီးပြီး သေဆုံးသွားပြီလို့ သတင်းထုတ်ပြန်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်၊ အလွတ်တန်းသတင်းထောက်လည်းဖြစ်တဲ့ ကိုပါကြီးရဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ဖို့ တာဝန်ရှိသူတွေက စုံစမ်းရေး ကော်မရှင်တရပ်ဖွဲ့ပေးဖို့ ဒီကနေ့မှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူမှုအဖွဲ့အစည်းက ခေါင်းဆောင်ပိုင်းတွေက ဆန္ဒဖော်ထုတ် တောင်းဆိုလိုက်ပါတယ်။ ကိုပါကြီးဖြစ်ရပ်ကို အမှုမှန်အတိုင်း မဖော်ထုတ်နိုင်ခဲ့ရင် ပြည်သူတွေအပေါ်မှာ စစ်တပ်က တရားမဲ့လုပ်ရပ်တွေ ထပ်ပြီး လုပ်လာနိုင်တဲ့အတွက် ငုံ့မခံကြဖို့ကိုလည်း ၈၈ ကျောင်းသားတွေက တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဆူးလေမြို့တော်ခန်းမရှေ့မှာ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က ကိုယ်တိုင် သွားရောက် သတင်းယူထားပါတယ်။
…နိုင်ငံသားအတွက် လုံခြုံရေး၊ တို့အရေး၊ တို့အရေး…
…နိုင်ငံသားများ လုံခြုံရေး၊ တို့အရေး၊ တို့အရေး…
တက်ကြွလှုပ်ရှားသူလည်းဖြစ်၊ အလွတ်တန်းသတင်းထောက်တစ်ဦးလည်းဖြစ်တဲ့ ကိုအောင်ကျော်နိုင် (ခေါ်) ကိုပါကြီးဟာ စစ်တပ်က ဖမ်းဆီးထားရာကနေ ထွက်ပြေးဖို့ သေနတ်လုတာကြောင့် ပစ်ခတ်မှုအတွင်း သေဆုံးသွားခဲ့တဲ့အကြောင်း ကာကွယ်ရေးဝန်ကြီးဌာနဘက်က သတင်းထုတ်ပြန်ခဲ့တာပါ။ အခုလို ကိုပါကြီးသေဆုံးခဲ့မှုနဲ့ပတ်သက်ပြီးတော့ စစ်တပ်ဘက်က ထုတ်ပြန်မှုအပိုင်းမှာ လိုအပ်ချက်တွေ ရှိနေသလို ကိုပါကြီးရဲ့ဖြစ်ရပ်ဟာ လူသတ်၊ အလောင်းဖျောက်ပုံစံ ဖြစ်နေတဲ့အတွက် တရားမျှမျှတတဖြစ်ဖို့ စုံစမ်းရေးကော်မရှင်တရပ်ကို စစ်တပ်ဘက်ကရော အုပ်ချုပ်ရေးဘက်ကပါ အမြန်ဖွဲ့ပေးဖို့ ဒီကနေ့ ဆူးလေခန်းမရှေ့မှာ တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၃၀ ကျော်က တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
 အလွတ်သတင်းထောက် ကိုပါကြီးအတွက် တရားမျှတစွာ စုံစမ်းစစ်ဆေးဖို့ ဆူးလေးစေတီအနီး ဆန္ဒပြတောင်းဆိုနေတဲ့ပြည်သူများ။ (ဓာတ်ပုံအောင်ရဲမောင်မောင်၊ အောက်တိုဘာ ၂၆၊ ၂၀၁၄)
အလွတ်သတင်းထောက်ကိုပါကြီးအတွက်တရားမျှတစွာစုံစမ်းစစ်ဆေးဖို့ဆူးလေးစေတီအနီး ဆန္ဒပြတောင်းဆိုနေတဲ့ပြည်သူများ။(ဓာတ်ပုံအောင်ရဲမောင်မောင်၊ အောက်တိုဘာ၂၆၊၂၀၁၄)
စစ်တပ်ဘက်ကတော့ ကိုပါကြီးရဲ့ရုပ်အလောင်းကို မြေမြှုပ်သင်္ဂြိုဟ်ပြီးဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမယ့် ဒီကနေ့ ဆန္ဒထုတ်ဖော်ပွဲမှာတော့ ကိုပါကြီးရဲ့ ရုပ်အလောင်းကို စုံစမ်းစစ်ဆေးမှုတွေ မျှမျှတတလုပ်ဆောင်ဖို့ (၈၈) ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က တောင်းဆိုလိုက်ပါတယ်။
အလွတ်သတင်းထောက် ကိုပါကြီး ပျောက်ဆုံး၊ သေဆုံးမှု တရားမျှတစွာ ဖြေရှင်းဖို့ တောင်းဆိုဆန္ဒဖော်ထုတ်နေတဲ့ ၈၈ မျိုးဆက် မင်းကိုနိုင် (အောက်တိုဘာ ၂၆၊ ၁၄) ဓာတ်ပုံ အံ့ဘွယ်ကျော်
အလွတ်သတင်းထောက်ကိုပါကြီး ပျောက်ဆုံး၊ သေဆုံးမှုတရားမျှတစွာ ဖြေရှင်းဖို့
 တောင်းဆိုဆန္ဒဖော်ထုတ်နေတဲ့၈၈မျိုးဆက်မင်းကိုနိုင်(အောက်တိုဘာ၂၆၊၁၄) ဓာတ်ပုံ အံ့ဘွယ်ကျော်
“ဒီအလောင်းကို အခုနောက်ဆုံး ပြန်အပ်ပြီးတော့ စုံစမ်းစစ်ဆေးတဲ့ကော်မရှင်က လွတ်လပ်မျှတရမယ်၊ ကျွမ်းကျင်မှု ရှိရမယ်၊ ကျနော်တို့က မျက်ခြေမပြတ်အောင်လည်း စောင့်ကြည့်မယ်။ နောက်ဆုံးအနှစ်ချုပ်ကို ကျနော်တို့ ပြောပါမယ်၊ ယခုလို စုဝေးရခြင်းဟာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းအတွက် မကပါဘူး၊ ကျနော်တို့တိုင်းပြည်ဟာ အထက်ကနေပြီးတော့ ဆိုင်းဘုတ်လှလှတွေတင်တယ်၊ အသံကောင်းကောင်းတွေ လွှင့်တယ်။ ပြောင်းလဲနေပြီ၊ ပြောင်းလဲနေပြီလို့ ပြောသော်ငြားလည်း တကယ့်တကယ်ကျတော့ အထူးသဖြင့် လက်နက်ကိုင်ထားတဲ့ တပ်ဖွဲ့တွေဟာ စိတ်ကြိုက်လုပ်ဖို့ ကြိုးစားနေတုန်းပဲ၊ လွယ်လွယ်ကူကူနဲ့ အနိုင်ကျင့်နေတုန်းပဲဆိုတာကို ကျနော်တို့ နံပါတ် (၁) ဖော်ထုတ်တယ်၊ အဲဒါအားလုံးဟာ တရားဥပဒေစိုးမိုးမှု ကင်းနေတယ်ဆိုတာ ဖော်ထုတ်တယ်။”
(၈၈) ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှုအဖွဲ့အစည်းအပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်း  (၃၀) ကျော်တို့ ဒီကနေ့ ဆန္ဒထုတ်ဖော်ရတာဟာ ကိုပါကြီး အသတ်ခံရမှု ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးအတွက် ဖြစ်တယ်လို့ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကလည်း ပြောပါတယ်။
“ကိုပါကြီးဟာ ကျနော်တို့ ဖော်ထုတ်နိုင်လို့၊ ကျနော်တို့သိရှိလို့ အခုလို စုဝေးခွင့်ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲဖြစ်ပါတယ်။ သူ့လိုမျိုး ဖော်ထုတ်ခွင့်မရဘဲနဲ့ လူမသိ သူမသိ အဲသလို သေကြေသွားတဲ့၊ အဲသလို ညှင်းပမ်းနှိပ်စက်ခံရတဲ့ နိုင်ငံသားအားလုံးကို ကိုယ်စားပြုပြီးတော့ ကျနော်တို့ ကန့်ကွက် ဆန့်ကျင် နေတာ ဖြစ်ပါတယ်။”
သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို သွားနေတယ်လို့ ပြောနေပေမယ့် လက်တွေ့မှာ သူ့ရဲ့လုပ်ရပ်တွေကတော့ ဘာမှ မပြောင်းလဲဘူးလို့ ကိုကိုကြီးက ဆက်ပြောပါတယ်။
 အလွတ်သတင်းထောက် ကိုပါကြီး ပျောက်ဆုံး၊ သေဆုံးမှု တရားမျှတစွာ ဖြေရှင်းဖို့ တောင်းဆိုဆန္ဒဖော်ထုတ်နေတဲ့ ၈၈ မျိုးဆက် ကိုကိုကြီး (အောက်တိုဘာ ၂၆၊ ၁၄) ဓာတ်ပုံ အံ့ဘွယ်ကျော်
အလွတ်သတင်းထောက်ကိုပါကြီး ပျောက်ဆုံး၊ သေဆုံးမှုတရားမျှတစွာ ဖြေရှင်းဖို့ တောင်းဆိုဆန္ဒဖော်ထုတ်နေတဲ့ ၈၈ မျိုးဆက် ကိုကိုကြီး (အောက်တိုဘာ ၂၆၊ ၁၄) ဓာတ်ပုံ အံ့ဘွယ်ကျော်
“ဒီကနေ့ ကျနော်တို့နိုင်ငံဟာ နိုင်ငံတကာအလယ်မှာ ကျနော်တို့နိုင်ငံက ဒီမိုကရေစီပြောင်းလဲရေးဟာ စံပြပုံစံပဲဖြစ်သလို လိုမျိုး အလွန်အကျွံ ချီးကျူးနေကြတာတွေ ရှိတယ်။ အဲဒီအချိန်မှာ ကျနော်တို့ နှစ်ပေါင်းများစွာအထိ ထောင်ထဲမှာ နေထိုင်ခဲ့ရတဲ့ (၈၈) မျိုးဆက်တွေ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်တွေကလည်းပဲ ကျနော်တို့ခံစားခဲ့ရတာတွေကို မျိုသိပ်ပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတတ်နိုင်ဆုံး တွေ့ဆုံဆွေးနွေးဖို့ ကျနော်တို့ ကြိုးစားနေတဲ့အချိန်မှာ အခုလိုမျိုး ချိုးဖောက်မှုတွေ၊ သတ်ဖြတ်မှုတွေဟာ ဆက်ပြီးတော့ ဖြစ်နေဆဲဖြစ်တယ်ဆိုတာကို ပေါ်ပေါ်ထင်ထင် ထင်ထင်ရှားရှာ ဖော်ပြနေတာ ဖြစ်ပါတယ်။”
ဒီကနေ့ ဆန္ဒထုတ်ဖော်ပွဲကို လေးနာရီကနေ ငါးနာရီအထိ ၁ နာရီနီးပါးကြာအောင် ထုတ်ဖော်ခဲ့ကြတာပါ။ ဒီလိုဆန္ဒပြမယ်ဆိုတာကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို စာတင်အကြောင်းကြားထားပေမယ့်လည်း ဆန္ဒပြပွဲလုပ်နေရာကို ရဲအရာရှိတွေက လာရောက်တားမြစ်ဖို့ ကြိုးစားတဲ့အတွက် ဆန္ဒထုတ်ဖော်သူတွေက သူတို့ကို ထိပ်တိုက်ရင်ဆိုင်ခဲ့ကြပါတယ်။ ဒါကြောင့် လာရောက်တားဆီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပြန်လည်ထွက်ခွာသွားခဲ့ရပါတယ်။ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကတော့ (၈) လေးလုံးအရေးတော်ပုံကြီးဖြစ်ခဲ့တုန်းက ကိုဘုန်းမော်ရဲ့ဖြစ်ရပ်နဲ့ အခု ကိုပါကြီးရဲ့ ဖြစ်ရပ်တို့ကို နှိုင်းယှဉ်ပြီး ပြောခဲ့ကြပါတယ်။
၁၉၈၈ အရေးတော်ပုံတုန်းကလို ဖြစ်ရပ်မျိုးပြန်မရောက်ဖို့ ဒီကိစ္စကို ကျူးလွန်သူကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူပြဖို့လိုတယ်လို့လည်း သူတို့က တောင်းဆိုခဲ့ပါတယ်။ ၈၈ တုန်းကလို ဖြစ်ရပ်မျိုး ထပ်ဖြစ်မလာဖို့ တာဝန်အရှိဆုံးကတော့ လက်ရှိ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့အစိုးရနဲ့ စစ်တပ်ခေါင်းဆောင်တွေ ကောင်းကောင်း ကိုင်တွယ်နိုင်မှုက အရေးအကြီးဆုံးဖြစ်တယ်လို့ ရှုမြင်တဲ့အကြောင်း Generation Wave အဖွဲ့က ကိုမိုးသွေးက ပြောပါတယ်။ ၈၈ အပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ ဒီကနေ့ ဆန္ဒပြထုတ်ဖော်မှုဟာဆိုရင် သမ္မတဦးသိန်းစိန်သက်တမ်းအတွင်း အပြင်းထန်ဆုံး တောင်းဆိုတဲ့ ဆန္ဒပြပွဲတခုလည်း ဖြစ်ပါတယ်။
အလွတ်သတင်းထောက် ကိုပါကြီး ပျောက်ဆုံး၊ သေဆုံးမှု တရားမျှတစွာ ဖြေရှင်းဖို့ တောင်းဆိုဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူများ (အောက်တိုဘာ ၂၆၊ ၁၄) ဓာတ်ပုံ အံ့ဘွယ်ကျော်
အလွတ်သတင်းထောက်ကိုပါကြီး ပျောက်ဆုံး၊ သေဆုံးမှု တရားမျှတစွာ ဖြေရှင်းဖို့ တောင်းဆိုဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူများ (အောက်တိုဘာ ၂၆၊ ၁၄) ဓာတ်ပုံ အံ့ဘွယ်ကျော်
အောင်ရဲမောင်မောင် ​VOA

မျက်နှာဖုံးစွပ်လူငယ်များ ရန်ကုန်မှာ လှုံ့ဆော်စာဖြန့်

 
တနင်္ဂနွေနေ့ ညနေပိုင်းက ရန်ကုန်မြို့၊ ဗဟန်းရွှေဂုံတိုင်မှာ မျက်နှာဖုံးစွပ်လူငယ်များက လူထုတော်လှန်ရေးကြီး စတင်ကြ ဆိုတဲ့ လှုံ့ဆော်စာတွေကို တံတားပေါ်တက်ပြီး ကြဲချခဲ့ကြတာ တွေ့ရပါတယ်။

မွန်ပြည်နယ်အတွင်း စစ်တပ်က  ဖမ်းဆီးစစ်ဆေးနေသူ ကိုပါကြီး ပစ်သတ်ခံရမှုကြောင့် ဘောင်းဘီချွတ်အစိုးရရဲ့ တရားဥပဒေစိုးမိုးရေး၊ စစ်တပ်ရဲ့ အခန်းကဏ္ဍတို့ကို အကြီးအကျယ် မေးခွန်းထုတ်နေချိန်၊ ဆန္ဒပြနေကြချိန်မှာ ဒီလှုပ်ရှားမှု ပေါ်ပေါက်လာတာဖြစ်ပါတယ်။

မျက်နှာ အမြင်ခံပြီး ဆန္ဒပြနေတဲ့ ခေတ်မှာ မျက်နှာဖုံးစွပ်ဆန္ဒပြတဲ့  သူတို့ကို သံသယဖြစ်သူ အများအပြား ရှိနေပါတယ်။

ဆန္ဒပြရင် အဖမ်းသွက်တဲ့ အာဏာပိုင်တွေကတော့ သူတို့တွေ ဘယ်သူဘယ်ဝါ ဖြစ်နိုင်တယ် ဆိုတာ ခန့်မှန်းနိုင်ရင်တာင်မှ သူတို့ကို အရေးယူရေး ဆိုတာက ပုံမှန်နည်းလမ်းတွေ သုံးဖို့ ခက်ပါလိမ့်မယ်။

အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဒီလို ဆန္ဒပြနည်းက အများရဲ့အာရုံစိုက်မှုကိုတော့ သေချာပေါက် ရနေပါတယ်။


(ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)


နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် ရခိုင်ဝန်ကြီးချုပ် ရှင်းလင်း

umaungmaungohn-sittwe-305.jpg
စစ်တွေမြို့၊ ပြည်နယ်အရေးပေါ် ပူးပေါင်းဆောင်ရွက်ရေး စင်တာ ECC ရုံးမှာ အောက်တိုဘာ ၂၄ ရက်နေ့က ရပ်မိရပ်ဖတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ စိစစ်ရေး ဆွေးနွေးစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ နိုင်ငံသားဟုတ်မဟုတ် စိစစ်ဖို့ လိုအပ်သူတွေကို ထပ်မံစိစစ်တော့မှာ မဟုတ် ဘဲ နိုင်ငံသား မှတ်ပုံတင် စိစစ်ရေး စီမံချက်တွေမှာ တစ်ပါတည်း ထည့်သွင်းဆောင်ရွက်သွားဖို့ စီစဉ်နေ တယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း က ပြောပါတယ်။
စစ်တွေမြို့ ပြည်နယ်အရေးပေါ် ပူးပေါင်းဆောင် ရွက်ရေးဌာန ECC ရုံးခန်းမှာ သောကြာနေ့ကပြုလုပ်တဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ ဆွေးနွေး ပွဲမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
"လာမယ့်အနာဂါတ်မှာ စိစစ်တဲ့အခါ ကျနော်သိရသလောက်က Pilot Project တွေ ကျနော်တို့ မလုပ်တော့ဘူး၊ တစ်နိုင်ငံလုံးမှာရှိတဲ့ တရုတ်တွေ ကုလားတွေ အကုန်လုံးပေါ့၊ နိုင်ငံခြားသားတွေကို တစ်ဖက်နိုင်ငံကနေ ကျနော်တို့နိုင်ငံမှာ ရောက်နေတဲ့လူတွေကို လဝက က တစ်နှစ်ကို ပုံမှန်နှစ်ကြိမ် စိစစ်ရေးလုပ်ပါတယ်၊ တစ်နိုင်ငံလုံးကို နိုင်ငံသားစိစစ်ရေးလုပ်ငန်းမှာပဲ ပါဝင်ဆက်စပ်ဆောင်ရွက်သွားဖို့ဆိုတဲ့ အနေ အထားလေးတွေနဲ့ ဖြစ်လာပါမယ်"
နိုင်ငံသား စိစစ်ဖို့လိုအပ်သူတွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ သီးသန့်ဧရိယာတွေသတ်မှတ်ပြီး စိစစ်ခဲ့ပါတယ်။ အခုတော့ အဲ့ဒီ စိစစ်ရေးလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ဦးစီးဌာနက တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်နေတဲ့ နိုင်ငံသား မှတ်ပုံတင်စိစစ်ရေး စီမံချက်တွေမှာ တစ်ပါတည်း ထည့်သွင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။နိုင်ငံသား စိစစ်ဖို့လိုအပ်သူတွေအများစုဟာ အစ္စလာမ်ဘာသာ ဝင်တွေဖြစ်ကြပါတယ်။
ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကစပြီး နိုင်ငံသားစိစစ်မှုတွေဆောင်ရွက်ခဲ့ရာမှာ မွတ်စလင် ၂ဝ၉ ဦးကို နိုင်ငံသားနဲ့ နိုင်ငံသား လက်မှတ်တွေ အသီးသီးထုတ်ပေးခဲ့ပါတယ်။ အဲ့ဒီအထဲမှာ အထောက်အထား မပြည့်စုံသူတွေ ပါဝင်နေတယ်ဆိုပြီး မြေပုံမြို့ခံတွေအကြား ကန့်ကွက်မှုတွေ ပေါ်ပေါက်ခဲ့ ပါတယ်။
ဒီအတွင်း မြန်မာနိုင်ငံရခိုင်ပြည်နယ်ကနေ လှေတွေနဲ့ ပင်လယ်ဖြတ်ထွက်ပြေးခဲ့ကြသူ ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေ အခုရက်ပိုင်း အတွင်း ပိုပြီးများပြားလာနေတယ်လို့ Arakan Project အဖွဲ့ က ပြောပါတယ်။
အောက်တိုဘာလ ၁၅ ရက်ကစပြီး ကုန်တင်လှေတွေနဲ့ ထွက်ခွာခဲ့ကြသူ တစ်ရက်ကို ပျမ်းမျှ အရေအတွက် လူ ၉ဝဝ ဝန်းကျင်ရှိခဲ့တဲ့အတွက် သီတင်းနှစ်ပတ်နီးပါးအတွင်း ထွက်ပြေးသူ တစ်သိန်း နီးပါးရှိခဲ့တယ်လို့ အဲ့ဒီအဖွဲ့က ပြော ပါတယ်။ ဒါ့ပြင် ရခိုင်ပြည်နယ် အာဏာပိုင်တွေက RSO ခေါ် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်ပတ်သက်မှုရှိတယ်ဆိုပြီး လူအတော်များများကို ဖမ်းဆီးခဲ့တာဟာလည်း၊ အဲသလို အလုံးအရင်း နဲ့ ထွက်ပြေးကြအောင်ရည်ရွယ်ဆောင်ရွက်ခဲ့တာလို့ မိမိတို့ ယုံကြည်လာကြောင်း Arakan Project အဖွဲ့ က ပြောပါတယ်။
ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရသူ ဦးဝင်းမြိုင် ကတော့ RSO သံသယရှိမှုနဲ့ ဖမ်းဆီးတာမျိုး မကြားမိကြောင်း အေပီ သတင်းကို ပြောဆိုပါတယ်။
RFA

ရန်ကုန် စည်ပင် ရွေးကောက်ပွဲ ဦးဝင်းချို ဝင်ပြိုင်မည်

 
လာမယ့် ဒီဇင်ဘာလကုန်ပိုင်းမှာ ကျင်းပမယ့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ရွေးကောက်ပွဲ မှာ လယ်သမားအရေး ကူညီ ဆောင်ရွက် ပေးနေတဲ့ ဦးဝင်းချိုက အနောက်ပိုင်း ခရိုင်ကိုယ်စားပြု ကော်မတီဝင် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူတွေထံ ပွင့်လင်းမြင်သာစွာ ချပြနိုင်ဖို့အတွက် အခုလို ပါဝင်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ဦးဝင်းချိုက ပြောပါတယ်။

"လက်ရှိအချိန်မှာလည်း မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်တွေ တာဝန်ကျေအောင် ထမ်းဆောင်နေသလား၊ မထမ်းဆောင်သလားဆိုတာကိုလည်း ပြည်သူတွေဘာမှမသိဘူး၊ လုံးဝကို ပွင့်လင်းမြင်သာမှု မရှိတဲ့ဘဝနဲ့နေလာခဲ့ရတဲ့အခါကျတော့ ပြည်သူတွေအနေနဲ့ သိသင့်တယ်လို့ ယူဆတဲ့အတွက် သာမန်ပြည်သူတွေထဲကနေ ရွေးချယ်ခဲ့ရင် ကျနော်တို့ဟာ ပွင့်လင်းမြင်သာပါမယ်၊ တာဝန်ယူမှု တာဝန်ခံမှုရှိစွာနဲ့ အလုပ်လုပ်မယ်ဆိုတာကို ပြချင်လို့ဝင်အရွေးခံပါမယ်"

ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးသွင်းထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို ရန်ကုန် မြို့တော်စည်ပင်သာယာ ရေး ကော်မတီက လာမယ့် ၂၉ ရက်နေ့မှာ လူတွေ့စစ်ဆေးမှာဖြစ်ပြီး၊ အဲ့ဒီစစ်ဆေးမှုမှာ ရွေးချယ်ခံရမှသာ စည်ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမှာ ဖြစ်ပါတယ်။

RFA Burmese

နိုင်ငံသားတစ်ဦးဖြစ်သူ ကိုပါကြီး(ခ)ကိုအောင်ကျော်နိုင် သေဆုံးခဲ့ရခြင်းအတွက် ဒီမိုကရက်တစ်အင်အားစုများ၏ စုပေါင်းသဘောထား ထုတ်ပြန်ကြေညာချက်





နိုင်ငံသားတစ်ဦးဖြစ်သူ ကိုပါကြီး(ခ)ကိုအောင်ကျော်နိုင် သေဆုံးခဲ့ရခြင်းအတွက် ဒီမိုကရက်တစ်အင်အားစုများ၏ စုပေါင်းသဘောထား ထုတ်ပြန်ကြေညာချက်

ရက်စွဲ ။ ။ ၂၆ ရက်၊ အောက်တိုဘာလ၊ ၂၀၁၄ ခုနှစ်

၂၀၁၄ ခုနှစ်၊ အောက်တိုဘာ (၂၃) ရက်နေ့တွင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)သို့ တစ်လကြာ အဖမ်းခံထားရသော ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်သည် (၄၊၁ဝ၊၂ဝ၁၄) ရက်နေ့ ညနေ၌ ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အကြောင်းကြားလာခြင်းနှင့် ပတ်သက်ပြီး ဒီမိုကရက်တစ်အင်အားစုများ စုပေါင်း၍ အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။
မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသည်ဟု နိုင်ငံတော်အကြီးအကဲများက
 ပြောကြားနေချိန်တွင် နိုင်ငံသားတိုင်း မူလအခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အသက်အိုးအိမ် မလုံခြုံမှုများ ဒေသအနှံအပြားတွင် ဖြစ်ပေါ်နေဆဲဖြစ်ပါသည်။
ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင် သေဆုံးရခြင်းနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်သည် သတင်းထိန်ချန်မှုများ၊ သံသယဖြစ်စရာများ များစွာရှိနေပြီး နိုင်ငံသားတစ်ဦးချင်းအနေဖြင့် ဥပဒေ၏အကာအကွယ်ကို ရရှိရန်လိုအပ်ကြောင်း ယင်းဖြစ်ရပ်က ထင်ရှားစွာပြသနေပါသည်။
ယခုဖြစ်ရပ်သည် တိုင်းပြည်နှင့် နိုင်ငံသားတို့၏ ပုံရိပ်နှင့် ဂုဏ်သိက္ခာကို ထိခိုက်စေသည့်လုပ်ရပ်ဟု ကျွန်ုပ်တို့က ယုံကြည်သဖြင့် ပြင်းထန်စွာ ရှုတ်ချလိုက်ပါသည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ အမှုအမှန်တိုင်းပေါ်ပေါက်လာစေရန် လွတ်လပ်ပြီး ကျွမ်းကျင်သည့် ပညာရှင်များပါဝင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို အမြန်ဆုံးဖွဲ့စည်းဖော်ထုတ်ပေးရန်နှင့်
 ပြစ်မှု ကျူးလွန်သူများအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန် အောက်ပါ ဒီမိုကရက်တစ် အဖွဲ့အစည်း များက လေးနက်စွာတောင်းဆိုလိုက်သည်။

၁။ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
၂။ Generation Wave
၃။ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့
၎။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ
၅။ အ.က.သ. ( ၈၈မျိုးဆက် )
၆။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ
၇။ မြန်မာနိုင်ငံကဗျာဆရာများ သမဂ္ဂ
၈။ 141 Plus နိုင်ငံရေး အင်အားစု
၉။ နိုဗယ် ငြိမ်းချမ်းရေးလှုပ်ရှားမှုအဖွဲ့ ( 10 D )
၁၀။ မြန်မာ့လူမှုဘဝတိုးတက် မြင့်မားရေးအသင်း
၁၁။ အဖြူရောင်တွဲလက်များအဖွဲ့
၁၂။ Triangle Women
၁၃။ ၇၄/၇၅/၇၆ အင်အားစုများ
၁၄။ သုံးရောင်ခြယ်ကျောင်းသားများအဖွဲ့
၁၅။ Yangon School of Political Science
၁၆။ တောင်သူလယ်သမားများနှင့် မြေယာလုပ်သားများသမဂ္ဂ
၁၇။ Myanmar Institute for Democracy
၁၈။ အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်ရေးအဖွဲ့
၁၉။ ရန်ကုန် - လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့
၂၀။ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများကွန်ရက်
၂၁။ Generation Youths
၂၂။ အမျိုးသမီးငြိမ်းချမ်းရေးရှေ့ဆောင်ကွန်ရက်
၂၃။ ကရင်အမျိုးသမီးအဖွဲ့
၂၄။ ဒီမိုကရေစီအင်အားစု
၂၅။ New Myanmar Foundation
၂၆။ ကြည့်မြင်တိုင် လူမှုဖွံ့ဖြိုးရေးကွန်ရက်
၂၇။ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်
၂၈။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးကွန်ရက်
၂၉။ Badei Moe CSO
၃၀။ Land In Our Hands
၃၁။ ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့
၃၂။ Youth Development Network
၃၃။ ငြိမ်းချမ်းရေးလူငယ်အဖွဲ့ 
၃၄။ ABSDF ( မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး)
၃၅။ မြန်မာနိုင်ငံ အလုပ်သမား သွေးစည်းညီညွတ်ရေး အစည်းအရုံး (BLSO)
၃၆။ Center for Youth and Social Harmony
၃၇။ Kachin Peace Network ( ကချင်ငြိမ်းချမ်းရေးကွန်ယက်)
၃၈။ Kachin Women Union (ကချင် အမျိုးသမီးသမဂ္ဂ)
၃၉။ Research and Translation Consultancy Cluster
၄၀။ မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂ
၄၁။ Myanmar Institute 0f Peace and Security Study
၄၂။ Women’s Organizations Network
၄၃။ Women Peace and Security Initiatives
၄၄။ Genuine People’s Servants
၄၅။ Myanmar Farmer Union ( မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂ )
၄၆။ Women Galaxy

Ant Bwe Kyaw

ဂျပန်အဘိုးအိုအား သတ်ဖြတ်ခဲ့သည့် ထိုင်းစုံတွဲ အခြားလူသတ်မှုဖြင့် ထပ်မံစွဲချက်တင်ခံရ



ဂျပန်အဘိုးအိုတစ်ဦးကို သတ်ဖြတ်မှုဖြင့် ဖမ်းဆီးထားသည့် ထိုင်းလင်မယားအား ထိုင်းရဲများက အခြားလူသတ်မှုများဖြင့် ထပ်မံ၍ စွဲချက်တင်လိုက်ကြောင်း သိရ သည်။

ဖနာချန်နော့ချိုင်ယာပါနှင့် ဆွမ်ချိုင်းကွယ်ဘန်ယန်တို့သည် အသက် ၇၉ နှစ်အရွယ် ဂျပန်အဘိုးအို ယိုရှီနိုရီရှီမာတိုအား သတ်ဖြတ်မှုဖြင့် ကြာသပတေး နေ့က အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါအဘိုးအို ပျောက်ဆုံးပြီးနောက် တစ်လအကြာတွင် ခုတ်ထစ်ဖြတ်တောက်ထားသည့် အဘိုးအို၏အလောင်းအား ဗန်ကောက်မြို့ တော်အနီး တူးမြောင်းတစ်ခုအတွင်း ရှာဖွေတွေ့ရှိခဲ့သည်။

ထိုင်းရဲများက ၂၀၀၃ ခုနှစ်အတွင်း အသတ်ခံခဲ့ရသည့် ဂျပန်အမျိုးသား ကာဆူတိုရှီတာနာကာ အမှုနှင့်ပတ်သက်၍လည်း လူသတ်မှု ကျူးလွန်သည်ဟု ယူဆရသူနှစ်ဦးကို မေးခွန်းများ မေးမြန်းခဲ့သည်။ တာနာကာသည် ချိုင်ယာပါ အား လက်ထပ်ပြီးနောက် တစ်နှစ်အကြာတွင် နေအိမ်လှေကားမှပြုတ်ကျကာ သေဆုံး ခဲ့သည်ဟု ထိုစဉ်က သတင်းများထွက်ပေါ်ခဲ့သည်။ ကွယ်ဘန်ယန်ကမူ တာနာကာ အား လှေကားမှတွန်းချကြောင်းနှင့် သေသည်အထိ ကန်ကျောက်ခဲ့ ကြောင်း ၀န်ခံထားသည်။ အမျိုးသမီးဖြစ်သူကမူ လူသတ်မှုတွင် တစ်စုံတစ်ရာပါဝင်ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။

သူမအနေဖြင့် တာနာကာသေဆုံးပြီးနောက် အာမခံကြေးအမြောက်အများ ရရှိခဲ့ သည်ဟု nhk သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Ref:NHK

စည်သူကျော်စွာ
https://www.facebook.com/NewsWatchJournal

သတင်းထောက်ကိုပါကြီးသေဆုံးမှု အဖွဲ့ ၃ဝ ကျော် သဘောထားထုတ်ဖေါ်မည်

အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် သေဆုံး ခဲ့ရတဲ့ အပေါ် နိုင်ငံသား အခွင့်အရေး ချိုးဖေါက်ခံရမူနဲ့ တရားမဲ့ သတ်ဖြတ်အနိုင်ကျင့်ခံရမူအဖြစ် အရပ်ဘက်အဖွဲ့အစည်း ၃ဝ ဝန်းကျင်က ဒီကနေ့ သဘောထားထုတ်ဖေါ်ကြမယ်လို့ သိရပါတယ်။

ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အစိုးရစစ်တပ် နဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေအကြား ပစ်ခတ်မှုတွေကို သတင်းလိုက်ယူနေစဉ်အတွင်း ပျောက်ဆုံးသွားခဲ့လို့ လိုက်လံစုံစမ်းရာမှာ စစ်တပ်က ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ဇနီးဖြစ်သူက ပြောဆိုခဲ့ပြီး၊ လူပျောက်မှုနဲ့ အမှုဖွင့်ခဲ့သလို၊ သတင်းစာရှင်းလင်းပွဲလည်းကျင်းပခဲ့ပါတယ်။

သတင်းမီဒီယာနဲ့ အင်တာနက် လူမှုကွန်ရက်တွေမှာလည်း ဒီသတင်းပျံ့နှံ့သွားခဲ့ပါတယ်။ အဲ့ဒီနောက် စစ်တက်က သတင်းထုတ်ပြန်ခဲ့ရာမှာ ကိုပါကြီးဟာ KKO အဖွဲ့လို့ ခေါ်တဲ့ ဗိုလ်မှူးစောဆန်းအောင်အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိကြောင်း၊ စက်တင်ဘာလ ၃ဝ ရက်နေ့က သူ့ကိုဖမ်းမိခဲ့ပြီး ထိန်းသိမ်းထားစဉ်မှာ အောက်တိုဘာလ ၄ ရက်နေ့ညက သေနတ်လုပြီး ထွက်ပြေးဖို့ကြိုးစားခဲ့ရာမှာ ပစ်ခတ်ဖမ်းဆီးရင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့လို့ မြှုပ်နှံ သဂြိုလ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ သတင်းမီဒီယာတွေနဲ့ အဖွဲ့အစည်းတွေကတော့ ကိုပါကြီးသေဆုံးမှုနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာတွေရှိကြောင်း၊ နိုင်ငံသားတစ်ဦးအပေါ် တရားဥပဒေမဲ့လုပ်ရပ်တစ်ခုဖြစ်ကြောင်း ဝေဖန်ပြောဆိုနေကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အောက်တိုဘာလ ၂၅ ရက် မနေ့က ရန်ကုန်မြို့ ၈၈မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်းရုံးခန်းမှာ နိုင်ငံရေးအင်အားစုတွေ၊ လူမူရေးအဖွဲ့အစည်းတွေစတဲ့ အဖွဲ့ ၁၉ ဖွဲ့က ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ မျိုးဆက်သစ်လူငယ်များအစည်းအရုံး Generation wave အဖွဲ့က ကိုမိုးသွေးက အခုလိုပြောပါတယ်။

"၈၈ မျိုးဆက် အခြေခံကျောင်းသားများသမဂ္ဂပေါ့နော်၊ နောက်ပြီးတော့ လူ့ဘောင်သစ်ပါတီတို့ စသည်ဖြင့် အင်အားစုတွေအားလုံး ကျနော်တို့ Generation wave အပါအဝင်ပေါ့၊ အင်အားစုတွေ အများကြီးတက်ကြတယ်လေ၊ တက်ပြီးတော့ အဓိကတော့ ကျနော်တို့ ကိုပါကြီး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့တွေ ဘယ်လိုပြန်ပြီးတော့မှ ကျနော်တို့ရဲ့ သဘောထားတွေဘယ်လိုလဲ ဆိုတာကို ဆွေးနွေးတယ်၊ ကျနော်တို့ တရားမျှတမှုတွေ ပေါ်ပေါက်အောင် ဘယ်လိုဆောင်ရွက်မလဲဆိုတာကို ဆွေးနွေးတယ်"

အစည်းအဝေးဆုံးဖြတ်ချက်အရ အောက်တိုဘာလ ၂၆ ရက်၊ ညနေလေးနာရီ၊ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ “ နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံရမှုနှင့် တရားမဲ့အနိုင်ကျင့် သတ်ဖြတ်ခံရမှုတို့အတွက် သဘောထားထုတ်ဖော်သည့်လှုပ်ရှားမှု ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်ရွက်ကြဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလှုပ်ရှားမူမှာ အစည်းအဝေးတက်ရောက်ခဲ့တဲ့အဖွဲ့ ၁၉ ဖွဲ့အပြင်၊ တခြားအဖွဲ့တွေပါ ပူးပေါင်းပါဝင်မှာ ဖြစ်လို့ စုစုပေါင်း အဖွဲ့ ၃၃ ဖွဲ့က သဘောထားဖေါ်ထုတ်ကြမယ်လို့ သိရပါတယ်။

RFA Burmese

ထိုင်းနိုင်ငံမှာ ကြော်ကြားနေတဲ့ နောက်ထပ် လူသတ်မှု

ထိုင်းနိုင်ငံက စိတ်ဝင်စားဖွယ် ဂျပန် အမျိုးသား ၂ ဦး သေဆုံးမှုပါ။ သေဆုံးသွားသူ ဂျပန် အမျိုးသား ၂ ဦး လုံး ဟာ ထိုင်း အမျိုးသမီး အသက် ၄၇ နှစ်ရှိတဲ့ မစ္စ Pornchanok Chaiyapa နဲ့ ပေါင်းသင်းခဲ့ကြသူတွေ ချည်းပါဘဲ။ 


 ဓာတ်ပုံ- Khaosod

အဲဒီ ဂျပန် အမျိုးသားကြီး ၂ ဦးလုံး သေဆုံးမှုဟာ ထိုင်းအမျိုးသမီး မစ္စ Pornchanok Chaiyapa က အဓိက လူသတ်မှုကိစ္စ သံသယရှိသူဖြစ်ပါတယ်။ 

 မစ္စ Pornchanok Chaiyapa ရဲ့ ခင်ပွန်း တက္ကစီကားမောင်းသူ မစ္စတာ Somchai Kaewbangyang က အသက် ၇၉ နှစ်ရှိ ဂျပန်ဆရာ မစ္စတာ ယိုရှိနိုရိ ရှိမာတို ကို သူတို့ လင်းမယားက သတ်ခဲ့တယ်လို့ ဝန်ခံထား တာကို ဘန်ကောက်ပို့စ်က ရေးပါ တယ်။ 

အသက် ၇၉ နှစ်ရှိ ဂျပန်လူမျိုး မစ္စတာ ယိုရှိနိုရိ ရှိမာတို ဟာ လွန်ခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့က တည်း က ပျောက် ဆုံးနေခဲ့တာပါ။ 

လွန်ခဲ့တဲ့ သတင်းပတ်က ဘန်ကောက်မြို့ ရေမြောင်းတခုထဲမှာ ပိုင်ရှင်မဲ့ လူခန္ဓာကိုယ်အစိပ်အပိုင်းတွေ ထည့်ထားတဲ့ အထုပ်ကို တွေ့ခဲ့ရပါတယ်။ 

အဲဒီကိစ္စကနေ မစ္စတာ ယိုရှိနိုရိ ရှိမာတို အသတ်ခံရတာကို ပေါ်ပေါက်ခဲ့ရပါတော့တယ်။ 

မစ္စ Pornchanok Chaiyapa ရဲ့ ခင်ပွန်း မစ္စတာ Somchai Kaewbangyang တို့က မစ္စတာ ယိုရှိနိုရိ ရှိမာတို ကို သတ်ပြီး အပိုင်းပိုင်းလုပ်ကာ အိတ် ၄ ခုထဲ ထည့်၊ ရေမြောင်းကြီးတခုထဲ စွန့်ပစ်မှုကို သူတို့ ကျူးလွန်ခဲ့တာလို့ ခင်ပွန်းသည်ဆုန်ချိုင်း က ဝန်ခံ ထွက်ဆိုလိုက်ပါတယ်။ 

သူတို့ လင်မယားဟာ ဂျပန် အဘိုးကြီးရဲ့ ATM ကတ်ကနေ တဆင့် အဘိုးကြီးရဲ့ ဘဏ် ထဲက ပိုက်ဆံ ထိုင်းဘတ်ငွေ အနည်းဆုံး ၇ သိန်းကို ထုတ်ယူထားတယ်လို့လည်း ထိုင်းရဲက ဆိုထားပါတယ်။ 

ဒီမှာပဲ မစ္စ Pornchanok နဲ့ ပေါင်းသင်းရင်း လွန်ခဲ့တဲ့ ၁၁ နှစ်ကာလက မတော်တဆ လှေကားပေါ်က ပြုတ် ကျသေဆုံးခဲ့တယ် ဆိုတဲ့ ဂျပန် အမျိုးသား မစ္စတာ Kasitosi Tanaka ရဲ့ သမီးဖြစ်သူက သူ့ဖခင်ဟာ သူ တို့ ပြောသလို မတော်တဆ သေဆုံးခဲ့ တာလို့ မယုံကြည်ပါဘူးတဲ့။ 



သူ့ဖခင်ဖြစ်သူကို ဒီအမျိုးသမီး သတ်လို့ သေဆုံးတယ်လို့ ယူဆပြီး ပြန်လည်စုံစမ်း စစ်ဆေးပေးဖို့ ထိုင်းရဲကို 
တောင်းဆိုခဲ့ပါတယ်။ 

၂ဝဝ၃ ခုနှစ်က မစ္စတာ တာနာကာကိုလည်း ဆုန်ချိုင်က လှေကားထိပ်က တွန်းချပြီး အသက်ရှုလမ်း
ကြောင်း ပိတ်အောင် လုပ်ကာ သတ်ခဲ့တယ်လို့ အခုတော့ ပေါ်ပေါက်လာခဲ့ပါတယ်။ 

သေဆုံးမှု ၂ ခုလုံးမှာ ဂျပန်အမျိုးသားကြီးတွေနဲ့ ပေါင်းဖက် နေထိုင်ခဲ့သူ မစ္စ Pornchanok က အဓိက ဖြစ် တယ်လို့ ထိုင်းသတင်းတွေက ရေးကြပါတယ်။ 

အခုတော့ သူတို့ လင်မယားနဲ့ အပေါင်းအပါတချို့ကို ဂျပန် ၂ ဦးသတ်မှု၊ အလောင်းဖျောက်မှု စတဲ့ ပုဒ်မတွေနဲ့ ထိုင်းရဲက တရားစွဲဆိုဖမ်းဆီးထားပါတယ်။ 

အိမ့်သံစဉ် ~ ဧရာဝတီ blog