Pages

Saturday, November 22, 2014

သမ္မတ ဖြစ်ရေး ဦးရွှေမန်း တရားသဖြင့် ယှဉ်ပြိုင်မည်

 
အဖွဲ့ချုပ်ဥက္ကဋ္ဌ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နဲ့ လွှတ်တော် နာယက သူရဦးရွှေမန်း။

၅၉ (စ) မပြင်နိုင်လို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ရွေးချယ်ခံပိုင်ခွင့်မရှိဘူးဆိုရင် သူရဦးရွှေမန်း သမ္မတဖြစ်ရေး ထောက်ခံမယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့တော့ မဟုတ်မှန်တဲ့ အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဘက်က ငြင်းဆိုထားပါတယ်။
ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက သူ သမ္မတဖြစ်ရေး အတွက် ဘယ်သူကပဲ ထောက်ခံထောက်ခံ ကြိုဆိုမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ကြာသပတေးနေ့က နေပြည်တော်မှာ ဗွီအိုအေမြန်မာပိုင်းနဲ့ သီးသန့််တွေ့ဆုံ မေးမြန်းခန်း အတွင်း သူရဦးရွှေမန်းက အဲဒီလိုပြောတာပါ။ ဒါ့အပြင် ပြိုင်ဆိုင်ရမယ်ဆိုရင်လည်း တရားသော ယှဉ်ပြိုင်ခြင်းနဲ့ ယှဉ်ပြိုင်သွားမယ် လို့ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေးကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွေပြီးတော့မှပဲ လုပ်မယ်လို့ သူရဦးရွှေမန်းက ပြောပြီးတဲ့နောက် အဓိကအကျဆုံးပုဒ်မတွေဖြစ်တဲ့ ၄၃၆ နဲ့ ၅၉ (စ) တို့ကို ရွေးကောက်ပွဲ မတိုင်ခင် ပြင်နိုင်တော့မှာ မဟုတ်သလို ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် အလားအလာလည်း မှေးမှိန်သွားတာပါ။

၅၉ (စ) ကိုသာ အချိန်မီမပြင်နိုင်ဘူးဆိုရင် ဦးရွှေမန်း သမ္မတဖြစ်ရေး ဒေါ်အောင်ဆန်းစုကြည် က ထောက်ခံမယ့် အလားအလာနဲ့ ပတ်သက်ပြီး သူရဦးရွှေမန်းကို ဗွီအိုအေဌာနမှူး ဦးသန်းလွင်ထွန်းက မေးပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ပုဒ်မ ၅၉(စ) ကိုပြင်နိုင်ခဲ့ရင်ပေါ့နော်။ ပြင်နိုင်ခဲ့မယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်လည်း နာမည်စာရင်း တင်သွင်း ခံပိုင်ခွင့် ရှိလာပြီပေါ့နော်။ တကယ်လို့များ နာမည်စာရင်း တင်သွင်းခံပိုင်ခွင့် မရှိဘူးဆိုရင် အပြင်မှာ ထွက်နေတဲ့ ပြောဆိုမှုတွေအရ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဥက္ကဋ္ဌကြီးကို ထောက်ခံပေးမယ်ဆိုတဲ့ စကားမျိုး ထွက်လာတာတောင် ရှိတယ်လေ။ အဲ့တာတွေနဲ့ပတ်သက်လို့ရော ဥက္ကဋ္ဌကြီးအနေနဲ့ ဘာကြားထားတာ ရှိလဲခင်ဗျ။ အများပြောနေတာတော့ ဥက္ကဋ္ဌကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခင်မင်မှု ပိုလာတယ်။ ပူးပေါင်းဆောင်ရွက်မှုက ပိုလာတယ်ဆိုတော့ အဲ့ဒီ့လို ထောက်ခံပံ့ပိုးပေးမယ်ဆိုတဲ့ အဆင့်အထိရော ဖြစ်နိုင်မလား ခင်ဗျ။

သူရဦးရွှေမန်း။ ။ တကယ်လို့ ထောက်ခံလာမယ်ဆိုလည်း ကြိုဆိုတာပေါ့။ ဝမ်းမြောက်တာပေါ့။ ထောက်ခံခြင်း၊ မထောက်ခံခြင်းကလည်း အခုပြောလို့တော့ မဖြစ်နိုင်သေးပါဘူး။

ဦးသန်းလွင်ထွန်း။ ။ ဒီမေးခွန်းက ဒေါ်အောင်ဆန်းစုကြည် ကိုမေးရမယ့် မေးခွန်းပါ။ ထောက်ခံမယ်။ မထောက်ခံမယ်လို့ ဒါပေမဲ့လို့ ဒီအကြောင်းတွေကို ဥက္ကဋ္ဌကြီးအနေနဲ့ ကြားသလား။ ဘယ်လိုဆန္ဒရှိသလဲဆိုတာ ကျနော် သိချင်လို့ပါ။

သူရဦးရွှေမန်း။ ။ ကိုယ်တိုင်ကပြောတယ်။ ဘယ်သတင်းကထွက်လို့ ဘယ်လိုပြောတယ်ဆိုတာ ပြောနေကြတာပဲလေ။ ဒါပေမဲ့ သူတို့အပြောပဲလေ။ တကယ်လို့သာ ခုနက ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ်ရင် သူ့ရဲ့ပါတီ တခြားပုဂ္ဂိုလ်တွေက ထောက်ခံမယ်ဆိုလည်း တို့က ဝမ်းသာရမှာပေါ့။"

သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ဖို့အတွက် ဒုတိယသမ္မတသုံးဦးကို စစ်တပ် ကိုယ်စားလှယ်တွေက တဦး၊ ပြည်သူ့ လွှတ်တော်က တဦးနဲ့ အမျိုးသားလွှတ်တော်ကတဦးစီ ရွေးချယ်ပေးကြရတာဖြစ်ပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးလုပ်တဲ့အခါ ပုဒ်မ ၄၃၆ တို့၊ ၅၉ (စ) တို့ကို ပြင်နိုင်တယ်ဆိုရင် သူရဦးရွှေမန်းနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ အပြိုင်အဆိုင် ကြိုးပမ်းကြရမယ့် ပုံရှိနေတာပါ။ ဒီလိုပြိုင်ဆိုင်ဖို့အတွက်လည်း သူရဦးရွှေမန်းဘက်က အဆင်သင့် ရှိနေပုံရပါတယ်။

"ပြိုင်ဆိုင်ဖို့အတွက်ကတော့ ဒေါ်အောင်ဆန်းစုကြည်လည်း ပြိုင်ဆိုင်မှာပဲ။ ကျန်တဲ့ တခြားသူ ရှိမယ်ဆိုရင်လည်း ပြိုင်ဆိုင်မယ်။ ဒါက အခွင့်အရေးပါပဲ။ ပြိုင်ဆိုင်မှုအတွက် မိမိတို့ လိုလားတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောမယ် ဆိုရင်လည်း အခု ပါတီချင်းပြိုင်ဆိုင်နေတာပဲ။ လူချင်းလည်း ပြိုင်ဆိုင်ရမှာဖြစ်တယ်။ အဲဒီလို ပြိုင်ဆိုင်ဖို့အတွက် ဒီလို ရှိတဲ့နေရာမှာ တယောက်နဲ့တယောက် ရန်သူလို သဘောထား ဆောင်ရွက်မယ့်အချိန်လည်း မဟုတ်ဘူး။ ဟိုတုန်းကလို ပါတီချင်းအနေနဲ့လည်း အပြုတ်တိုက် အပြတ်ရှင်း လုပ်ရမယ့် အချိန်လည်း မဟုတ်ဘူး။ ဒီဟာသည် ခေတ်စနစ်နဲ့ ပေါ်ပေါက်လာတဲ့ကိစ္စ ဖြစ်တယ်။ ပြိုင်ဆိုင်မှုအတွက် လိုလားတယ်။ မည်သူမဆို ၀င်ရောက်ယှဉ်ပြိုင်နိုင်တယ်။ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ခင်ခင်မင်မင်နေပြီးတော့ ဆောင်ရွက်တဲ့ နေရာမှာလဲ နိုင်ငံနဲ့နိုင်ငံသား အကျိုးစီးပွားအတွက်ဆိုရင် အားလုံး ပူးပေါင်း ဆောင်ရွက်မယ်။ သို့သော် ရွေးကောက်ပွဲကျရင် ပြိုင်မယ်။ အနိုင်ရအောင်။ အဲဒီအတိုင်းပဲ ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်လာမယ့်ကိစ္စလည်း ပြိုင်မယ်။ ကောင်းသော ယှဉ်ပြိုင်ခြင်း၊ တရားသော ယှဉ်ပြိုင်ခြင်းအတွက် အားလုံး နှစ်ယောက်လုံးက သဘောတူပါတယ်။"

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဗွီအိုအေနဲ့ သီးသန်းတွေ့ဆုံမေးမြန်းခန်းအတွင်း ဖြေကြားသွားတာပါ။
၅၉ (စ) မပြင်နိုင်လို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ရွေးချယ်ခံပိုင်ခွင့်မရှိဘူးဆိုရင် သူရဦးရွှေမန်း သမ္မတဖြစ်ရေး ထောက်ခံမယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့တော့ မဟုတ်မှန်တဲ့ အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဘက်က ငြင်းဆိုထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

တရားမဝင် နေထိုင်သူတွေကို သတ်မှတ်ရက် နောက်ပိုင်း ဖမ်းဆီးမယ်လို့ မလေးရှား အာဏာပိုင်တွေ သတိပေး


မလေးရှားမှာ တရားမဝင် နေသူတွေကို ဖမ်းဆီးမိရင် အရင်က ထောင်ဒဏ် ၃ လ ချနေရာက နောက်ပိုင်း ၆ လထိ တိုးမြှင့် ချမှတ်လာပါတယ်။

မလေးရှားနိုင်ငံမှာ တရားမဝင် နေထိုင် နေသူတွေကို ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာကြဖို့နဲ့၊ သတ်မှတ်ရက် နောက်ပိုင်း ဖမ်းဆီး အရေးယူမှာ ဖြစ်တဲ့ အကြောင်း မလေးရှား အာဏာပိုင်တွေ က အခု ရက်ပိုင်းကပဲ ထပ်မံ ကြေညာခဲ့ ပြန်ပါတယ်။

ဒီ အခြေအနေမှာ မလေးရှားရောက် မြန်မာတွေ တချို့လည်း မြန်မာသံရုံးကနေ CI လို့ခေါ်တဲ့ သက်သေခံ ကဒ်ပြားတွေ ထုတ်ယူပြီး မြန်မာပြည်ကို ပြန်တဲ့ အရေအတွက်ဟာ အပတ်စဉ် အယောက် ၆၀ လောက် ရှိနေတယ် လို့ အမည် မဖော်လိုတဲ့ မြန်မာသံရုံး အရာရှိတဦး က ပြောပါတယ်။

ဒါပေမယ့် တဖက်မှာလည်း တရားဝင်ရော တရားမဝင်တဲ့ နည်းလမ်းတွေနဲ့ပါ မလေးရှား နိုင်ငံထဲကို မြန်မာပြည်က လူတွေ ဆက်လက် ဝင်ရောက် လာနေဆဲ ဖြစ်တယ် ဆိုပြီး မြန်မာသံရုံး က ပြောပါတယ်။

မလေးရှားရောက် မြန်မာတွေ အတွက် အထောက်အကူ ဖြစ်အောင် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ မရှိသူတွေကို နိုင်ငံသား စီစစ်ပြီး ထုတ်ပေးနေတယ် လို့လည်း မြန်မာသံရုံးက ဆိုပါတယ်။

ဒီလို ပတ်စ်ပို့ ထုတ်ယူထားသူတွေ ၃ သောင်းလောက် ရှိပေမယ့်၊ မလေးရှား နိုင်ငံမှာ တရားဝင် နေထိုင်ခွင့်နဲ့ အလုပ် လုပ်ကိုင်ခွင့် ရအောင် မလုပ်နိုင်တဲ့ အတွက် အဖမ်း ခံရနိုင်တဲ့ အန္တရာယ် ရှိဆဲပဲ ဆိုပြီး မလေးရှား နာရေး ကူညီမှုအသင်း က ဦးစန်းဝင်းက ပြောပါတယ်။

တရားမဝင် နေထိုင်သူတွေကို ဖယ်ရှားဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တဲ့ မလေးရှား အစိုးရ အနေနဲ့ ဒီတစ်ခေါက် ၂၀၁၅ နှစ်ဆန်းပိုင်းက စလို့ သူတို့ ကြေညာ ထားသလို ဖမ်းဆီး အရေးယူမှုတွေ ဆောင်ရွက် လာရင် မြန်မာနိုင်ငံသား တွေ အမြောက်အများ အပေါ် သက်ရောက်မှု တွေ ရှိလာမှာ ဖြစ်ပါတယ်။
BBC

လိုင်ဇာ ဖြစ်ရပ်ကို စစ်ရေးနဲ့ မတုန့်ပြန်ဘူးလို့ KIA ပြော

 
အစိုးရ စစ်စခန်းတွေကို ချောင်းမြောင်း ပစ်ခတ် တာမျိုး မရှိခဲ့ဘူးလို့ KIA ငြင်းဆို
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ရက်နေ့က ကချင်ပြည်နယ် လိုင်ဇာမြို့ KIA ကချင် လွတ်မြောက်ရေး တပ်မတော် ဌာနချုပ်နားက ဗိုလ်သင်တန်း ကျောင်းမှာ အစိုးရ စစ်တပ်က ပစ်လိုက်တဲ့ ကျည် ကျမှန်ပြီး ဗိုလ်လောင်းတွေ ထိခိုက်သေဆုံးခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တပ်မတော်ရဲ့ ကြေညာချက်ပါ ဖေါ်ပြချက်တွေဟာ မဟုတ်မမှန် မှားယွင်းနေတယ်လို့ KIA က ဘီဘီစီကို ပြောပါတယ်။

တပ်မတော်ရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ဒီဖြစ်ရပ်ဟာ တပ်မတော် စစ်ကြောင်းတွေကို KIA က ချောင်းမြောင်း ပစ်ခတ် တာမျိုးလို ဒေသတွင်း စစ်ရှိန် မြင့်မားစေတဲ့ လုပ်ရပ်တွေ လုပ်ခဲ့တဲ့အတွက် တပ်မတော်ဘက်က သတိပေး ပစ်ခတ် ခဲ့ရာကနေ ဖြစ်ပွားခဲ့တာလို့ ဖေါ်ပြထားပါတယ်။

KIA ပြောခွင့်ရ ပုဂ္ဂိုလ် ဉီးလာနန်းကတော့ ၂၀၁၃ခုနှစ် NCCT တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု ဖွဲ့စည်း ပြီးကတည်းက အစိုးရ စစ်စခန်းတွေကို ဝင်မစီးဖို့ KIA ရှေ့တန်း တပ်ဖွဲ့တွေကို ညွှန်ကြားထားပြီး တိုက်ပွဲတွေ မဖြစ်အောင် သတိထား နေလာတာ တနှစ်ကျော် ရှိသွားပြီ ဖြစ်တာမို့ KIA က နှောင့်ယှက် ပစ်ခတ်ခဲ့တယ် ဆိုတဲ့အချက်ဟာ လုံးဝ မဟုတ်ဘူးလို့ ပြောပါတယ်။

အခု ဖြစ်ခဲ့တဲ့ ဖြစ်ရပ်လိုမျိုး အစိုးရ ဘက်က တဘက်သတ် စစ်ရေးနည်းနဲ့ ဖိအားပေး ခြိမ်းခြောက်မှုတွေ လုပ်လာမယ် ဆိုရင် NCCT နဲ့ UWPC ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီတို့အကြား တွေ့ဆုံ ညှိနှိုင်းနေမှုတွေမှာ နှောင့်နှေး ကြန့်ကြာမှုတွေ ဖြစ်လာနိုင်တယ်လို့ သူက ပြောပါတယ်။

KIA အနေနဲ့ အခု ဖြစ်ရပ်ကို စစ်ရေးနည်းနဲ့ တုန့်ပြန်တာမျိုး လုပ်မှာ မဟုတ်ပဲ နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးတဲ့ နည်းနဲ့ အဖြေရှာရေး လမ်းကြောင်းပေါ်မှာပဲ သတိကြီးကြီးနဲ့ ဆက်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ KIA ပြောခွင့်ရ ပုဂ္ဂိုလ် ဉီးလာနန်းက ပြောပါတယ်။
BBC

ရိုဟင်ဂျာ နိုင်ငံသား ဖြစ်ခွင့် ပေးဖို့ ကုလ တောင်းဆို

un
ကုလ သမဂ္ဂ လူ့အခွင့်အရေး ကော်မတီ အစည်းအဝေး

၂ဝ၁၅ မြန်မာ နိုင်ငံ မှာ ကျင်းပမယ့် ရွေးကောက်ပွဲ တွေ သမာသမတ် ရှိဖို့၊ ဘာသာရေး နဲ့ လူမျိုးရေး လူနည်းစု တွေကို ခွဲခြား ဖိနှိပ် တာတွေ မလုပ်ဖို့ နဲ့ ရိုဟင်ဂျာ တွေကို တူညီတဲ့ အခြေခံ နဲ့ နိုင်ငံသား ဖြစ်ခွင့် အပြည့်အဝ ပေးဖို့ ကုလ သမဂ္ဂ လူ့အခွင့်အရေး ကော်မတီ ဆုံးဖြတ်ချက် က တောင်းဆို လိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ လူ့အခွင့်အရေး ကော်မီတီရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဆုံးဖြတ် ချက်တရပ်ကို မနေ့က တညီတညွတ် တည်း အတည်ပြု ခဲ့ကြပါတယ်။

အီးယူ ဥရောပ သမဂ္ဂက ဦးဆောင် မူကြမ်း ရေးဆွဲခဲ့တဲ့ ဒီ ဆုံးဖြတ် ပြဋ္ဌာန်းချက် ထဲမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာ အပြုသဘော တိုးတက် ပြောင်းလဲမှုတွေ ရှိနေတာနဲ့ ပတ်သက်လို့ ကြိုဆိုလိုက်ကြောင်း ဖေါ်ပြထားပါတယ်။

ဒါပေမဲ့ မြန်မာ နိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေ ဆက်ရှိနေတာ အထူးသဖြင့် ဘာသာရေး လူနည်းစုနဲ့ တိုင်းရင်းသား လူနည်းစုတွေအပေါ် ခွဲခြား ဆက်ဆံ ဖိနှိပ်မှုတွေ ရှိနေသေးဆဲ ဖြစ်တာအပေါ် အထူး စိုးရိမ်မိတယ်လို့ ဖေါ်ပြထားပါတယ်။

အထူး သဖြင့် ရခိုင်ဒေသ မှာ နေထိုင်နေတဲ့ ရိုဟင်ဂျာ တွေရဲ့ အခြေအနေနဲ့ပ တ်သက်လို့ စိုးရိမ်ကြောင်း ဖော်ပြ ထားပြီး ရခိုင် ပြည်နယ်မှာ တရားဝင် နေထိုင်ခွင့် ရှိ ရှိ မရှိရှိ နေထိုင်သူ အားလုံးရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံ ရပိုင်ခွင့်တွေကို အကာအကွယ် ပေးဖို့ အစိုးရ ကို တောင်းဆို ထားပါတယ်။

တူညီမှု အခြေခံနဲ့ ရိုဟင်ဂျာ တွေကို နိုင်ငံသား ဖြစ်ပိုင်ခွင့် အပြည့်အဝ ရရှိ အောင် ဆောင်ရွက်ဖို့လည်း တိုက်တွန်း ထားပါတယ်။

နောက်ပြီး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ ပေးအဖွဲ့တွေ ရခိုင်ပြည်နယ်ကို အဟန့်အတား မရှိ ဝင်ရောက် ကူညီခွင့်ပေးဖို့ကို လည်း တိုက်တွန်းထားပါတယ်။

နောက်ပြီး လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲကို အများ ယုံကြည် လက်ခံတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ဆောင်ရွက်ဖို့ နဲ့ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် တရပ်ကို ပြီးမြောက်အောင် အကောင်အထည် ဖော်ဖို့ တိုက်တွန်း ထားတာ တွေ့ရပါတယ်။

နောက်တခါ မြန်မာ အစိုးရက ၂ဝ၁၂ မှာ သဘောတူ ထားခဲ့တဲ့ အတိုင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး မြန်မာနိုင်ငံမှာ ဖွင့်လှစ်နိုင်ရေး ကိုလည်း အမြန်ဆုံး ဆောင်ရွက်ဖို့ ထပ်တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ကတော့ ဒီဆုံးဖြတ်ချက်မှာ ရိုဟင်ဂျာ လို့ သုံးနှုန်း ဖော်ပြထားတာ လက်ခံနိုင်စရာ မရှိဘူး၊ တချို့ အချက်တွေဟာ အဖြစ်မှန်က သွေဖီ လွဲချော်စေတဲ့ အချက်တွေဖြစ်တယ်လို့ ကန့်ကွက် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မွတ်ဆလင် နဲ့ တခြား ဘာသာရေး လူနည်းစု ကို ဆန့်ကျင် တိုက်ခိုက်မှု ဆိုပြီး ဖော်ပြ ထားတာဟာ ဟာ မှားယွင်းပြီး လွဲချော်စေတဲ့ အချက်လို့ ဆိုပါတယ်။
BBC

Friday, November 21, 2014

ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ၏ လွှမ်းမိုးမှုမရှိတော့ဟု အာဏာရပါတီခေါင်းဆောင်ပြော

 
ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ

  မြန်မာပြည်ရဲ့ အာဏာအရပ်ရပ်ကို နှစ်ပေါင်းများစွာ ချုပ်ကိုင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေဟာ နိုင်ငံရေးမှာ ဦးဆောင်လွှမ်းမိုးမှု မရှိတော့ဘူးလို့ လက်ရှိအာဏာရ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ထိပ်တန်း ခေါင်းဆောင်တဦးက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော် လွှတ်တော်အစည်းအဝေးပြင်ပမှာ သတင်းထောက်တွေရဲ့ အမေးကို ကြံ့ခိုင်ရေးပါတီ  ဒုဥက္ကဋ္ဌ ဦးဌေးဦးက ဖြေကြားသွားခဲ့တာပါ။

“လွှဲပြီးပြီပဲဗျာ။ လွှဲပြီးပြီဆိုရင် လွှဲပြီးတဲ့အတိုင်းပဲ ကျန်တဲ့လူတွေက ဆက်လုပ်ရမှာပေါ့ ဗျာ။ ကျနော်တို့သွား တယ်။ သို့သော်လည်း ဒါတွေနဲ့ပတ် သက်လို့တော့ ဘာမှသူမပြောဘူး။ ယုံယုံကြည်ကြည်နဲ့ လွှဲလိုက်ပြီးပြီ၊ လွှဲလိုက်တဲ့လူတွေ ဆက် လုပ်ပေါ့။ နိုင်ငံရေး မှာ လူတိုင်း ကတော့ ပါနေမှာပဲ။ သို့သော်လည်းပဲ သူဝင်ပြီးပါတယ်၊ လွှမ်းမိုးတယ် မလွှမ်းမိုးဘူး ဆိုတာပဲရှိတယ်။ အခုလုပ်နေရမယ့်လူတွေကတော့ လွှတ်တော်ထဲက လူတွေလုပ်ရမယ်။ အစိုးရဘက်က လူတွေလုပ်ရမယ်။ တပ်ကလူတွေလုပ်ရမယ်။ ပြည်သူတွေ လုပ်ရမယ် ဒါပဲလေ။ သူလည်း ပြည်သူပဲ။ သို့သော်လည်းပဲ ဆိုလိုတာကတော့ သူဦးဆောင်ပြီး လုပ်နေတဲ့ဥစ္စာ မရှိတော့ဘူးလေ” လို့ ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း  သန်းရွှေဟာ လက်ရှိအချိန်မှာ ဘာသာရေး လုပ်နေတယ်လို့လည်း  ပြောကြားသွားခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေဟာ  ၂၀၁၁ ခုနှစ် ရာထူးက အနားမယူခင်ထိ တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူခဲ့သလို နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီနဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းရဲ့ အကြီးအကဲအဖြစ် တာဝန်ယူခဲ့တာဖြစ်ပါတယ်။

By ဒီဗွီဘီ

ကေအိုင်အေ ဗိုလ်သင်တန်းကျောင်း ပစ်ခတ်တိုက်ခိုက်ခံရမှု UNFC ပြစ်တင်ရှုတ်ချ

 
နိုဝင်ဘာ ၁၉ ရက်နေ့က ခရာဘွမ်အခြေစိုက် မြန်မာ့ တပ်မတော်တပ်ရင်း ၃၈၉ က ဝိုင်ကျိုင်ဘွမ် အခြေစိုက် ကချင်လွတ်လပ်ရေး တပ်မတော် KIA အရာရှိ သင်တန်းကျောင်းကို ပစ်ခတ်တိုက်ခိုက် ခဲ့တာဟာ ရည်ရွယ်ချက်ရှိရှိ ကြံစည်ဆာင်ရွက်မှုဖြစ်ပြီး သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချလိုက်ပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုဟာ ၂၀၁၅ ရွေးကောက်ပွဲအလွန်မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်လိမ့်မယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းရဲ့ ထုတ်ပြန်ရှင်းလင်းချက်နဲ့ တိုက်ဆိုင်နေတဲ့အတွက် စစ်ရေးနိုင်ငံရေးအရ ပူးပေါင်းကြံစည်မှုတစ်ရပ်အဖြစ် ယူဆနိုင်ကြောင်း UNFC အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်လို့ UNFC အထွေထွေအတွင်းရေးမှူး ဦးခူဦးရယ်က အခုလို ရှင်းပြပါတယ်။

"လွှတ်တော်ဥက္ကဌကြီး သူရဦးရွှေမန်းကလည်း ပြောခဲ့တာတွေရှိတယ်လေ၊ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ၂ဝ၁၅ ရွေးကောက်ပွဲအလွန်ကျမှ ပြင်ဆင်ဖို့ ဖြစ်ကောင်းဖြစ်လိမ့်မယ်ဆိုပြီးတော့ သဘောထားမျိုးတွေ ပြောတာရှိတယ်ဆိုတော့ ၂ဝ၁၅ ရွေးကောက်ပွဲအလွန်ကျမှ ဖြစ်မယ်ဆိုတဲ့အခါကျတော့ ဒါ ၂ဝ၁၅ ရွေးကောက်ပွဲက သမာသမတ်ကျပြီးတော့ လွတ်လပ်ပွင်းလင်းမယ့် ရွေးကောက်ပွဲဖြစ်ဖို့တော့ ကျနော်တို့ မျှော်မှန်းလို့မရတော့ဘူးပေါ့ဗျာ၊ ဒါကလည်း နိုင်ငံရေးအရ အကြံအစည်ရှိတယ်လို့ ကျနော်တို့ သုံးသပ်တာပေါ့၊ ဒါနဲ့မရှေးမနှောင်းမှာပဲ အခုလိုမျိုး စစ်ဘက်ကလည်းပဲ စစ်ရေးအရ အရေးယူဆောင်ရွက်မှုတွေ မမျှော်လင့်တဲ့အချိန်မှာ လုပ်တယ်ဆိုတော့ ဒါက စစ်ရေးအရ၊ နိုင်ငံရေးအရများ ချိန်ကိုက်ပြီးတော့ အကြံအစည်ရှိရှိလုပ်နေသလားဆိုတဲ့ ယူဆချက်တွေ ကျနော်တို့ကို ဖြစ်ပေါ်စေပါတယ်"

  မြန်မာ့တပ်မတော်က စစ်ရေးအရ KIA အရာရှိ ဗိုလ်လောင်းသင်တန်းကျောင်းကို မြန်မာ့တပ်မတော်က စစ်ရေးအရ အလစ်အငိုက် ဖိအားပေးတိုက်ခိုက်တာဟာ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ယုံကြည်မှုတည်ဆောက်နေတာကို ကြီးမားတဲ့အဟန့်အတားဖြစ်စေကြောင်းလည်း UNFC အဖွဲ့ရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။

အလားတူပဲ ABSDF ကျောင်းသားတပ်မတော်ကလည်း ဒီပစ်ခတ်မှုဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အကြီးကျယ်ထိခိုက်စေတဲ့အတွက် မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်မလာစေဖို့ ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေကို အရေယူပေးဖို့ ကြေညာချက်ထုတ် တိုက်တွန်းလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၂၃ ဦးထဲမှာ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော်က နှစ်ဦးပါဝင်ကြောင်း သိရပါတယ်။

ဒီအတောအတွင်း ကေအိုင်အေ ဗိုလ်သင်တန်းကျောင်း ပစ်ခတ်တိုက်ခိုက်ခံရမှုအပါအ၀င် လတ်တလော အစိုးရတပ်တွေနဲ့ ကချင်လက်နက်ကိုင်တပ်တွေကြားဖြစ်ပွားနေတဲ့ တင်းမာမှုတွေဟာ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး အကောင်အထည်မဖော်နိုင်သေးတဲ့ အတွက်ကြောင့်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြောကြားလိုက်ပါတယ်။

RFA Burmese

မဲဆောက်က မြန်မာ ရွှေ့ပြောင်းလုပ်သားတွေကို ယာယီ နေထိုင်ခွင့် ထုတ်ပေး

 _maesot_donation
                        မြန်မာ ပတ်စ်ပို့ ရအောင် ပြန်ယူမယ့်သူတွေကို အလုပ်လုပ်ခွင့် ဗီဇာပေးမယ်လို့ ထိုင်းဘက်က ပြော။
ထိုင်းအစိုးရ ဟာ မြန်မာနဲ့ နယ်စပ်မြို့ ဖြစ်တဲ့ မဲဆောက်မြို့ ကို အထူး စီးပွားရေးဇုံ သတ်မှတ်ဖို့ လုပ်ဆောင် နေရာမှာ၊ လိုအပ်တဲ့ တရားဝင် နိုင်ငံခြားသား အလုပ်သမားတွေ ရရှိရေး အတွက် အဲဒီ့မှာ တရားမဝင် နေထိုင် နေကြတဲ့ မြန်မာ အလုပ်သမား တွေကို ယာယီ နေထိုင်ခွင့် လက်မှတ် တွေ ထုတ်ပေး နေပါတယ်။

ထိုင်းမှာ ယာယီ နေထိုင်ခွင့် လက်မှတ်တွေ ရရှိပြီ ဆိုရင်၊ မြန်မာပြည် ဘက်က နိုင်ငံကူး လက်မှတ် ပတ်စ်ပို့ ရအောင် ပြန်ယူ နိုင်သူတွေကို၊ ထိုင်းကနေ တခါ၊ တရားဝင် အလုပ်လုပ်ခွင့် work permit ပေးမယ် ဆိုပြီး အလုပ်သမား ရေးရာ ၀န်ကြီး ဗိုလ်ချုပ်ကြီး စူရဆတ်က် ကန်ကျနာရတ် က ပြောပါတယ်။

ဒါ့အပြင် မြန်မာဘက်ခြမ်း ကနေ နေ့ချင်းပြန် လာရောက် အလုပ် လုပ်ချင်သူတွေ အတွက်လည်း အဆင်ပြေအောင် မြန်မာအစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက်ပေးဖို့ ရှိတယ်လို့လည်း ဗိုလ်ချုပ်ကြီး ကန်ကျနာရတ် က ဆိုပါတယ်။

ဒါဟာ ထိုင်းလုပ်ငန်းရှင်တွေ အတွက် တရားဝင် အလုပ်သမား အလွယ်တကူ ရရှိနိုင်ဖို့ ဖြစ်ပေမယ့်၊ မြန်မာ ရွှေ့ပြောင်း လုပ်သားတွေ အတွက်တော့ မြန်မာဘက်ခြမ်းမှာ နိုင်ငံကူး လက်မှတ် ပြန်လုပ်ဖို့ ဆိုတာ မလွယ်ဘူး ဆိုပြီး မြန်မာပြည်သားများ အရေး ပူးတွဲ လှုပ်ရှားမှု အဖွဲ့ရဲ့ ဥက္ကဌ ဦးမိုးကြိုး က သုံးသပ်ပါတယ်။

မြန်မာ နိုင်ငံကူးလက်မှတ် ရရှိဖို့ ကုန်ကျစားရိတ်၊ လိုအပ်တဲ့ မြန်မာ နိုင်ငံသား စီစစ်ရေးကတ်နဲ့ အိမ်ထောင်စု စာရင်း၊ အလုပ်ရှင် ဘယ်သူဆိုတာ ခိုင်လုံစွာ တင်ပြနိုင်မှု စတဲ့ အချက်တွေဟာ ရွှေ့ပြောင်း အလုပ်သမားတွေ အတွက် အခက်အခဲ ဖြစ်နေကြောင်း ဦးမိုးကြိုး က ပြောပါတယ်။

ဒီလို အခြေခံကျတဲ့ ပြဿနာတွေ လက်တွေ့ မဖြေရှင်း ပေးနိုင်ရင် တရားမဝင် အလုပ်သမား ပြဿနာ ကို ဖြေရှင်းလို့ မရနိုင်ကြောင်း အလုပ်သမား အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။
BBC

မြန်မာ့တပ်မတော်က လက်နက်ကြီးဖြင့် KIA ဗိုလ်သင်တန်းကျောင်းကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ဟုဆိုကာ အဆိုပါလုပ်ရပ်အပေါ် KIO ဗဟိုကော်မတီက ပြင်းပြင်းထန်ထန် ကန့်ကွက်


မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက် ကချင်နှစ်ခြင်း ခရစ်ယာန်သာသနာဝင်းအတွင်း ပြုလုပ်သော ဆုတောင်းပွဲကို နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)

မြန်မာ့တပ်မတော်က လက်နက်ကြီးဖြင့် ဗိုလ်သင်တန်းကျောင်းကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုကာ ထိုလုပ်ရပ်အပေါ် KIO  ဗဟိုကော်မတီက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း နိုဝင်ဘာ ၂ဝ ရက်က KIO  မှ ထုတ်ပြန်ကြေညာခဲ့သည်။
၂ဝ၁၄ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင်  KIA ဗိုလ်သင်တန်းကျောင်းသို့ KIO ဗဟိုဌာနချုပ်အနီးရှိ ခရာဘွမ်တောင်ကြောတစ်လျှောက် တပ်စွဲထားသော မြန်မာ့တပ်မတော် တပ်စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဗိုလ်သင်တန်းကျောင်းမှ သင်တန်းသား ၂၃ ဦး ကျဆုံးကာ သင်တန်းသားနှင့် သင်တန်းနည်းပြပေါင်း ၂ဝ ဒဏ်ရာရရှိခဲ့ကြောင်း၊ နှစ်ဖက်ဖြစ်ပွားနေသော ပြ ဿနာများကို ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့မှ လစဉ်ပုံမှန်တွေ့ဆုံဆွေးနွေးဖြေရှင်းကာ စစ်ရှိန်လျှော့ချနိုင်ရန် ကြိုးပမ်းနေစဉ်ကာလအတွင်း နိုဝင်ဘာ ၁၉ ရက်တွင် မြန်မာ့တပ်မတော်မှ လက်နက်ကြီးဖြင့် ဗိုလ်သင်တန်းကျောင်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်မှုကို  KIO ဗဟိုကော်မတီမှ ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါသည် ဟု KIO က ထုတ်ပြန်ကြေညာခဲ့သည်။
ဖြစ်ပွားခဲ့သော ဖြစ်စဉ်သည် KIO ဗဟိုဌာနချုပ် အနီးပတ်ဝန်းကျင်တွင် မြန်မာ့တပ်မတော် တပ်စခန်းများ အလွန်နီးကပ်စွာ တပ်စွဲထားသော လက်နက်ကြီးများ ဖြန့်ကြက်ချထားပြီး မိမိတပ်စခန်းဘက်သို့ ရန်လိုသောသဘောဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု ယူဆရသည်ဟုလည်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ချောမွေ့စွာအောင်မြင်နိုင်ရေးအတွက် မြန်မာ့တပ်မတော်ဘက်မှ KIO ဗဟိုဌာနချုပ်နှင့် နီးကပ်စွာဖြန့်ကြက်ထားသော ခရာဘွမ်တောင်ကြောတစ်လျှောက်မှ လက်နက်ကြီးများ ဖယ်ရှားပေးရန်နှင့် စစ်စခန်းများကို ရုပ်သိမ်းပေးရန် တောင်းဆိုကြောင်း KIO ၏ကြေညာချက်တွင် ပါဝင်သည်။
နိုင်ငံရေးဆွေးနွေးပွဲ ပေါ်ပေါက်လာရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် NCCT ၏ ကြိုးပမ်းဆောင်ရွက်မှုအားလုံးကို KIO ဗဟိုကော်မတီမှ ထောက်ခံပါဝင် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေစဉ်အတွင်း မြန်မာ့တပ်မတော်စစ်ကြောင်းတပ်ဖွဲ့များက KIA တပ်စခန်းများကို အကြောင်းမဲ့ပစ်ခတ်မှုများ၊ စခန်းသိမ်းတိုက်ပွဲများ၊ ချုံခိုတိုက်ခိုက်မှုများ အစီအစဉ်ရှိရှိ တိုးမြှင့်လုပ်ဆောင်လျက်ရှိနေသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ 
အစိုးရတပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများလျှော့ချနိုင်ရေးနှင့် ပဋိပက္ခများ ညှိနှိုင်းဖြေရှင်းနိုင်ရေးဖွဲ့စည်းထားသည့် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် KIO ကိုယ်စားလှယ် ဗိုလ်မှူးကြီး ခွန်နောင်က KIO မှ ကြေညာချက် ထုတ်ပြန်ထားသည်ကို အတည်ပြုပေးခဲ့ပြီး  ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်အောင်မြင်ရေး ကြိုးစားသွားမည်ဟု ပြောကြားသည်။
အစိုးရနှင့် KIO တို့အကြား  ငြိမ်းချမ်းရေးဆွေးနွေးမှုများ အကြိမ်ပေါင်းများစွာပြုလုပ်ထားပြီး ၂ဝ၁၄ ခုနှစ် မေလအတွင်းက တွေ့ဆုံခဲ့သည့် ဆွေးနွေးပွဲတွင် နှစ်ဖက်အကြား စစ်ရှိန်လျှော့ချရန်နှင့် ယုံကြည်မှုတည်ဆောက်ရန်အတွက် နှစ်ဖက်သဘောတူညီခဲ့ကြကာ နှစ်ဖက်အဖွဲ့အစည်းမှ ကိုယ်စားလှယ်များပါဝင်သည့် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
အစိုးရနှင့် KIO တို့အကြား အပစ်ရပ်စဲရေး သဘောတူညီမှုမရရှိသေးသော်လည်း အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆောင်ရွက်နိုင်ရန် အစိုးရနှင့် ညှိနှိုင်းနေသည့်  NCCT တွင် KIO မှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးညှိနှိုင်းလျက်ရှိနေပြီး အပစ်ရပ်စဲရေးညှိနှိုင်းမှု ဆွေးနွေးပွဲကို ယခု နိုဝင်ဘာလကုန် သို့မဟုတ် ဒီဇင်ဘာလဆန်းတွင် ဆောင်ရွက်နိုင်ရန် နှစ်ဖက်အဖွဲ့အစည်းများက ကြိုးစားလျက်ရှိသည်။
လိုင်ဇာ ဗိုလ်သင်တန်းကျောင်းဖြစ်စဉ်သည် UPWC နှင့် NCCT တို့အကြား ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်အပေါ် သက်ရောက်မှု ရှိ၊ မရှိ နှင့်ပတ်သက်ပြီး UPWC အလုပ်အဖွဲ့မှ ဦးလှမောင်ရွှေက “ဒီဖြစ်စဉ်က မနေ့ကမှ ဖြစ်တဲ့ ဖြစ်စဉ်ဖြစ်တဲ့အတွက် စောင့်ကြည့်ရမယ်။ နောက်တစ်ခုက ကျွန်တော်တို့ နားလည်ထားတာက NCCT အစည်းအဝေးက ထိုင်းမှာ ၂၄၊ ၂၅၊ ၂၆ သုံးရက် ဆောင်ရွက်မှာဖြစ်တော့ အခုထိ ဘာမှတော့အပြောင်းအလဲ မရှိသေးဘူးလို့ သိရတယ်။ 
အဲဒီအစည်းအဝေးပြီးမှပဲ ရက်ချိန်းရှိတော့ အခုထိတော့ ဘာမှပြောင်းလဲတယ်ဆိုတာ မတွေ့ရသေးပါဘူး” ဟု ပြောကြားသည်။
၂၃ ဦးသေဆုံးခဲ့ပြီး ၂ဝ ဒဏ်ရာရရှိခဲ့သည့် လိုင်ဇာ ဗိုလ်သင်တန်းကျောင်းဖြစ်စဉ်တွင် သေဆုံးခဲ့သည့် သင်တန်းသားများထဲတွင် KIA မှ သင်တန်းသားများသာမက  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အပါအဝင် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့မှ သင်တန်းသားများလည်း ပါဝင်ကြောင်း သတင်းများထွက်ပေါ်နေ သည်။
TNLA မှ ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က “လောလောဆယ်တော့ ဘာမှထုတ်ပြန်ပြောဆိုဖို့ မရှိသေးဘူးခင်ဗျ။ သင်တန်းတက်နေတာတော့ ရှိပါတယ်။ ဒါပေမယ့် တိတိကျကျတော့ သင့်တော်တဲ့အချိန်မှာ ကျွန်တော်တို့ ထုတ်ပြန်သွားမှာပါ” ဟု ပြောကြားသည်။
လိုင်ဇာရှိ KIA ဗိုလ်လောင်းသင်တန်းကျောင်း ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကလည်း နိုဝင်ဘာ ၂ဝ ရက်က ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ ကျဆုံးခဲ့သူများတွင်  ABSDF မှ သင်တန်းသားရဲဘော်နှစ်ဦး ပါဝင်ကြောင်း၊ ယင်းတိုက်ခိုက်မှုသည် လက်ရှိ ကြိုးပမ်းဆောင်ရွက်နေကြသည့် တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကြီးအကျယ်ထိခိုက်စေနိုင်ကြောင်း၊ မလိုလားအပ်သော နောက်ဆက်တွဲ အကျိုးဆက်များမဖြစ်စေလို၍ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူများကို အရေးယူဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။
ထို့ပြင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကလည်း ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုဝင်ဘာ ၂ဝ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့ရာ ဗိုလ်သင်တန်းကျောင်းအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းကို လုံးဝရှုတ်ချ ကန့်ကွက်ကြောင်း၊ ငြိမ်းချမ်းရေးတည်ဆောက်နေသောကာလတွင် တစ်ဖက် နှင့် တစ်ဖက် ပစ်မှတ်ထား တိုက်ခိုက်မှုများ လုံးဝမဖြစ်သင့်ကြောင်း၊ တိုင်းရင်းသားများအား စစ်အင်အားသုံး၍ တိုက်ခိုက်နေမှုအပေါ် လုံးဝရပ်တန့်ပါရန်နှင့် ဆွေးနွေးစရာရှိသည်များကို နိုင်ငံရေးစားပွဲဝိုင်းတွင်သာ ဆွေးနွေးပါရန်
 နိုင်ငံတော်အစိုးရကို တောင်းဆိုသည်ဟု ဖော်ပြပါရှိသည်။  
အောင်ဇော်ထွန်း EMG

KIA ဗိုလ်သင်တန်းကျောင်း လက်နက်ကြီးထိမှန်မှု ရည်ရွယ်ချက်ရှိရှိ ပစ်လိုက်ခြင်းမဟုတ်ကြောင်း ကချင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ရှင်းလင်း

KIA ဗိုလ်သင်တန်းကျောင်း လက်နက်ကြီးထိမှန်မှုမှာ ရည်ရွယ်ချက်ရှိရှိ ပစ်လိုက်ခြင်းမဟုတ်ကြောင်း ကချင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်က နိုဝင်ဘာ ၂ဝ ရက်တွင် မြစ်ကြီးနားမြို့၌ သတင်းထောက်များကို ရှင်းလင်းပြောကြားသည်။ 
 
နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၁၂ နာရီ ၂ဝ မိနစ်ခန့်က  KIO ဗဟိုဌာနချုပ် ရုံးစိုက်ရာ လိုင်ဇာမြို့အနီးရှိ KIA  ဗိုလ်သင်တန်းကျောင်းသို့ တပ်မတော်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး KIA ဗိုလ်လောင်းသင်တန်းသား ၂၃ ဦးသေဆုံးခဲ့ပြီး သင်တန်းနည်းပြ ၂ဝ ဦး ဒဏ်ရာရရှိခဲ့သည်။ 
 
ထိုကိစ္စရပ်အပေါ် ကချင်ပြည်နယ် ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး သန်းအောင်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီးမှူး ပထမတန်း ဗိုလ်မှူးကြီး အောင်ကျော်ထွန်းတို့ပါဝင်သောအဖွဲ့က ရှင်းလင်းခဲ့ရာ၌ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းမဟုတ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 
 
“မနေ့က ဖြစ်သွားတဲ့ အနေအထားကို ရှင်းပြချင်ပါတယ်။ ဆမား-ခါတ်ဂမ်လမ်းကြောင်းမှာ ဖြစ်ခဲ့တာပါ။ ၁၁ နာရီ ၄၅ မိနစ် မှာ လမ်းဖောက်နေတဲ့ ဒိုဇာနဲ့ လုံခြုံရေးတာဝန်ယူထားသူတွေကို လာရောက်ပစ်ခတ်တာ ရှိပါတယ်။ အဖွဲ့နှစ်ဖွဲ့ခွဲပြီး ပွိုင့် ၁၁ဝ၃၊  LH  ၆၄ဝ၇၅၅ ကနေပြီး တိုက်ခိုက်ခဲ့ပါတယ်။ တပ်မတော်ကလည်း လက်လှမ်းမီရာနေရာတွေကို လက်နက်ကြီးတွေနဲ့ သတိပေးပစ်ခတ်ရာကနေပြီးတော့ KIA  တပ်စခန်းတစ်ခုအတွင်းကို ကျရောက်ပေါက်ကွဲတယ်လို့ သိရပါတယ်။ ခါတ်ဂမ်းလမ်းက လမ်းဟောင်းရှိပြီးသား မြေသားလမ်းဖြစ်ပါတယ်။ တပ်စခန်းကို ဦးတည်တဲ့လမ်းလည်း မဟုတ်ပါဘူး။ လမ်းဖောက်တဲ့အခါ လာရောက်ပစ်ခတ် တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေရပါတယ်။ အောက်ခြေချင်းလည်း ညှိပါတယ်။ တပ်ပိုင်းဆိုင်ရာအနေနဲ့လာပြီး  တိုက်ခိုက်ခဲ့လို့ ပြန်ပစ်တာဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးသန်းအောင်က ဆိုသည်။ 
 
“တပ်မတော်ကလည်း ဒီလမ်းလုပ်မယ်လို့ ပြောထားလျက်နဲ့ ပစ်ခတ်မှုတွေဖြစ်လာတော့ လိုအပ်တဲ့အနေအထားကို ပစ်ခတ်ရတဲ့အနေအထား ဖြစ်ပါတယ်။ လက်လှမ်းမီရာကို ပစ်ခတ်ရင်း KIA တပ်စခန်းတစ်ခုထဲကို ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ မလိုလားအပ်တဲ့ ဖြစ်စဉ်ဖြစ်သွားတာပါ။ ကျွန်တော်တို့လည်း စိတ်မကောင်းပါဘူး။ တမင်တကာ ရည်ရွယ်ပြီးလုပ်တာတော့ မဟုတ်ပါဘူး”ဟု ဗိုလ်မှူးကြီးသန်းအောင်က ဆိုသည်။ 
 
ဖြစ်စဉ်အသေးစိတ်အား ရှင်းလင်းပြောကြားပေးရန်  The Daily Eleven  မေးမြန်းခဲ့ရာ ဗိုလ်မှူးကြီးသန်းအောင်က လက်နက်ကြီး ဖြင့်ပစ်ခတ်ခြင်းဖြစ်ပြီး လက်နက်ကြီးအမည်ကို ထုတ်ဖော်မပြောနိုင်သေးကြောင်း၊ ခန့်မှန်းခြေအကွာအဝေးမှာ ခိုင်ယာဘွမ်စခန်းမှ နှစ်မိုင် ခန့်ဝေးနိုင်ကြောင်း၊ KIA ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့က နိုဝင်ဘာ ၁၉ ရက်တွင်  အကြောင်းကြားလာသဖြင့် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ကို စာဖြင့်ပြန်ကြားပေးရန် အကြောင်းပြန်ထားကြောင်း၊ ယခုဖြစ်ပွားခဲ့သော လမ်းပိုင်းအတွင် ပဋိပက္ခညှနှိုင်းရေးအဖွဲ့အချင်းချင်း လတ်တလောညှိနှိုင်းထားခြင်း မရှိသော်လည်း နှစ်စဉ်ပွင့်လင်းရာသီတွင် ဖောက်လုပ်နေကျဖြစ်ကြောင်း ပြောကြားသည်။ 
 
ဗိုလ်မှူးကြီးသန်းအောင်၏ ပြောကြားချက်အရ ၂ဝ၁၄ ခုနှစ်အတွင်း ဇွန်၌ တစ်ကြိမ်၊ စက်တင်ဘာတွင် နှစ်ကြိမ်၊ အောက်တိုဘာတွင် နှစ်ကြိမ်  KIA ဘက်က ပစ်ခတ်မှုများရှိခဲ့ ပြီး စာဖြင့်ညှိနှိုင်းခဲ့ကြောင်း၊  ယခုလအတွင်း၌လည်း ကချင်ပြည်နယ်အနှံ့ သုံးကြိမ်ထက်မနည်း  KIA ဘက်က ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့သည်ဟု ဆိုသည်။ ၎င်း၏ ဖြေရှင်းချက်များအရ ပစ်ခတ်တိုက်ခိုက်မှုများသည် KIA ဘက်က စတင်ပစ်ခတ်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသော်လည်း အဆိုပါဖြေရှင်းချက်များမှ KIA ဘက်မှ ပြောကြားချက်များနှင့် အချက်အလက်ကွဲပြားမှုများ ရှိနေသည်။ 
 
“လာမယ့် ပဋိပက္ခညှနှိုင်းရေးဆွေးနွေးပွဲမှာ ဆွေးနွေးကြမှာပါ။ ငြိမ်းချမ်းရေးကို တပ်မတော်ရော၊ KIA ပါ ကြိုးစားပမ်းစား တည်ဆောက်ခဲ့တာပါ။ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်တယ်လို့ မထင်ပါဘူး။ ဒီထက်ကြီးကျယ်တဲ့အရာတွေလည်း ဖြစ်ခဲ့ကြပါတယ်။  
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အပျက်မခံဘူးလို့ ယုံကြည်ပါတယ်”ဟု ဗိုလ်မှူးကြီး သန်းအောင်က ဆက်လက်ပြောကြားသည်။ 
 
နိုဝင်ဘာ ၁၉ ရက်က ဖြစ်ပွားခဲ့သောဖြစ်စဉ်နှင့် ပတ်သက်ပြီး  KIO  ဗဟိုဌာနချုပ် နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစု UNFC တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း နိုဝင်ဘာ ၂ဝ ရက်တွင် ကြေညာချက်အသီးသီး ထုတ်ပြန်ခဲ့သည်။
 EMG

လိုင်ဇာဌာနချုပ်နားက အစိုးရ စခန်းတွေ ဖယ်ဖို့ KIA တောင်းဆို


KIA ဗိုလ်သင်တန်းကျောင်းကို ကျည်ထိမှန် ခဲ့တာဟာ တမင် ရည်ရွယ် ပစ်ခတ်ခဲ့တာ မဟုတ်ဘူးလို့ အစိုးရဘက်က ငြင်းဆို
နိုဝင်ဘာလ ၁၉ရက်နေ့ တုန်းက KIA ကချင် လွတ်မြောက်ရေး တပ်မတော် ဌာနချုပ် ရှိရာ လိုင်ဇာ မြို့နားက KIA ဗိုလ်သင်တန်းကျောင်း တခုကို အစိုးရ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျည် ထိမှန်ပြီး ဗိုလ်လောင်း ၂၃ဉီး သေဆုံးခဲ့အပြီးမှာ KIA က သူတို့ ဌာနချုပ်နားမှာ တပ်စွဲထားတဲ့ အစိုးရ စစ်စခန်းတွေ အားလုံး ဖယ်ရှားပေးဖို့ ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။

ပြည်တွင်းစစ် ပြဿနာကို နိုင်ငံရေး နည်းလမ်း နဲ့ ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေစဉ် အတွင်း အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို အစီအစဉ် ရှိရှိ တိုးမြှင့် လုပ်လာနေတယ်လို့လည်း အဲဒီ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ကချင်ပြည်နယ် အစိုးရ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာ လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်ကတော့ အခု ဖြစ်ပွားမှုဟာ တပ်မတော် စစ်စခန်းက သတိပေး ပစ်ခတ်ရင်း KIA ဗိုလ်သင်တန်း ကျောင်းပေါ် မရည်ရွယ်ပဲ ကျည် ကျရောက်သွားခဲ့တာလို့ ဒီကနေ့ ကြာသပတေးနေ့ ညနေက မီဒီယာတွေကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။

၁၀၅ မမ လက်နက်ကြီးနဲ့ ပစ်တယ် ဆိုတာကိုလည်း အထောက်အထား ခိုင်ခိုင်လုံလုံ မရှိသေးလို့ လက်နက်ကြီးတခုလို့ပဲ ပြောနိုင်သေးတယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကိုတော့ ဆက်လုပ်သွားမယ်လို့ သူက ပြောသွားပါတယ်။

ပစ်ခတ်ခံရတဲ့ ဗိုလ်သင်တန်းကျောင်းမှာ KIA ဗိုလ်လောင်းတွေသာ မကပဲ ABSDF ကျောင်းသားတပ်မတော်နဲ့ တခြား တိုင်းရင်းသား မဟာမိတ် တပ်ဖွဲ့က ဗိုလ်လောင်းတွေပါ တက်ရောက်နေတယ်လို့ KIA တွဲဘက်အတွင်းရေးမှူး ဦးလနန်က ပြောပါတယ်။

KIA က အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ (UNFC) ကလည်း ဒီတိုက်ခိုက်မှုကို သူရဲဘော ကြောင်တဲ့ လုပ်ရပ်အဖြစ် ရှုတ်ချလိုက်ပြီး ဒီတိုက်ခိုက်မှုကြောင့် ယုံကြည်မှု တည်ဆောက်နေချိန်မျိုးမှာ အဟန့်အတား ကြီးမားစွာ ဖြစ်စေတဲ့ အကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။
BBC

နယူးယောက်ပြည်နယ်က စံချိန်ချိုးတဲ့ နှင်းမုန်တိုင်း

နှင်းမုန်တိုင်းတိုက်ခတ်ခံလိုက်ရတဲ့ နယူးယောက်ပြည်နယ် Buffalo မြို့ (နိုဝင်ဘာ ၂၀၊ ၂၀၁၄)
 နှင်းမုန်တိုင်းတိုက်ခတ်ခံလိုက်ရတဲ့ နယူးယောက်ပြည်နယ် Buffalo မြို့ (နိုဝင်ဘာ ၂၀၊ ၂၀၁၄)

၂၀၁၄ ခုနှစ်ရဲ့ ဆောင်းဦးပေါက် ရာသီမှာ နှင်းမုန်တိုင်းကြီးတခုဟာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်မှာ ဝင်ရောက် တိုက်ခတ်နေ ပါတယ်။ အခုအချိန် အထိ ဆိုရင် နှင်းမုန်တိုင်း တိုက်ခတ်မှု ခံနေရတဲ့ ဒေသတွေ မှာ နှင်းထု ဟာ ၆ပေ ဝန်းကျင် ရှိနေပြီး အဖျားခတ် တိုက်ခတ်မှု ခံရတဲ့ ဒေသတွေ မှာတော့ ၄ပေ ပတ်ဝန်းကျင်မှာ ရှိတယ်လို့ ဒေသခံ မြန်မာ တချို့က ပြောပြ ပါတယ်။ နှင်းမုန်တိုင်း တိုက်ခတ်ခံရတဲ့ ဒေသ မှာ နေထိုင်နေတဲ့ မြန်မာ လူမျိုးတွေရဲ့ နှင်းမုန်တိုင်း အတွေ့အကြုံတွေကို မခွာညိုက စုစည်းတင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ် အတွင်းက ဘတ်ဖဲလိုမြို့ဟာ ၂၄ နာရီကြာ နှင်းမုန်တိုင်းဒဏ်ကို ခံခဲ့ရပြီး တောင်ပိုင်းကျတဲ့ ဘက်တွေက ပိုပြီး ဆိုးဝါးတယ် လို့ ဒေသခံတွေက ပြောပါတယ်။ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo က စီရင်စု (၁၀) ခုကို အရေးပေါ်အခြေအနေ ကြေညာ ထားပြီး နှင်းမုန်တိုင်း အရေးပေါ် ကြေညာချက် ထုတ်ပြန်စဉ် အုပ်ချုပ်ရေးမှူးက အပြင်မထွက်ကြဖို့ အခုလို သတိပေးသွားပါတယ်။
"အခု ကျထားတဲ့ နှင်းထု ပမာဏကြောင့် အခြေအနေက တော်တော်ဆိုးနေပါတယ်။ လမ်းပေါ်မှာ ပျက်နေတဲ့ ကားတွေကြောင့် လမ်းရှင်း ရတာ ပိုပြီးတော့ ခက်ခဲစေ ပါတယ်။ ဒါကြောင့် လမ်းကိုလည်း သုံးလို့မရ၊ နှင်းတွေလည်း ဖယ်လို့မရ ဖြစ်နေပါ တယ်။ အခြေအနေ အားလုံးဟာ ကောင်း မလာဘဲ ပိုဆိုးဖို့ပဲ ရှိပါတယ်။ ဒါကြောင့် ဒီနေ့ နေ ထွက်လာလို့ အခြေအနေပိုကောင်းလာမယ်လို့တော့ မမျှော်လင့်ကြပါနဲ့၊ နေထွက်လာလို့ ပို ကောင်းလာအောင် လုပ်ပေးချင်ပေမယ့် နောက်ထပ် နှင်းထပ်ကျဖို့ ရှိနေပါတယ်။”
အခု မုန်တိုင်းအတွင်းကျနေတဲ့နှင်းထုပမာဏဟာ အရင်နှစ်တွေက တဆောင်းတွင်းလုံး ပုံမှန်ကျတဲ့နှင်းပမာဏနဲ့ ညီမျှတယ်လို့ ပြောကြပါတယ်။ လမ်းမတွေပေါ် ပိတ်ဆို့နေတဲ့ နှင်းထုကြောင့် အင်္ဂါနေ့ကတည်းက အလုပ်တွေ၊ ကျောင်းတွေကိုလည်း အင်္ဂါနေ့ကတည်းက ပိတ်ထားရပြီး အနည်းဆုံး နောက် ထပ် ၃-၄ ရက်လည်း ပိတ်ထားရဖွယ် ရှိတယ်လို့ထင်ကြောင်း ဘတ်ဖဲလိုမြို့မှာ နေထိုင်နေတဲ့ ကိုမျိုးသန့်က  ပြောပါတယ်။
"ကျောင်းတွေ ပိတ်ရတယ်။ အလုပ်တွေ အကုန်ပိတ်ရတယ်။ လမ်းတွေကို မထွက်ရဘူးဆိုပြီး အမိန့်ထုတ်ထားတယ်။ ဒီအစိုးရက ပြီးခဲ့တဲ့ ဒီနှင်းစကျတဲ့အချိန်မှာကတည်းက ဒါပေမဲ့ လူတွေက ထွက်တဲ့လူတွေက ရှိတယ်။"
ထူထပ်တဲ့နှင်းထုကြောင့် ကားဆက်မောင်းလို့ မရတော့ဘဲ ကားထဲမှာတင် အအေးဒဏ်ကြောင့် သေဆုံးသွားသူ တစ်ဦးအပါအဝင် နှင်း မုန်တိုင်းနဲ့ ဆက်စပ်ပြီး သေဆုံးသူ (၇ ) ဦး ရှိကြောင်းလည်း အာဏာပိုင်တွေက အတည်ပြုထားပါတယ်။ အုပ်ချုပ်ရေးမှူးနဲ့ အာဏာပိုင်တွေရဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ပြောကြားခဲ့တဲ့အကြောင်းကိုလည်း ပြောပြပါတယ်။
" ပြည်နယ်အုပ်ချုပ်ရေးမှူးရော၊ ခရိုင်အုပ်ချုပ်ရေးမှူးရော မြို့တော်ဝန် ရောပေါ့ သူတို့တွေ မနက်က သတင်းစာရှင်းလင်းပွဲ လုပ်တော့ ပြည်သူတွေက မထွက်နဲ့ဆို မထွက်နဲ့ပေါ့။ အရေးပေါ်ကြေညာတာကို မသိတာလည်း ပါတယ်။ တချို့ကလည်း သိလျက်နဲ့ ထွက်တာလည်း ပါတယ်။ ဟိုင်းဝေးတွေမှာ ကားတွေက ရာနဲ့ချီပြီး ပိတ်မိသွားတယ်။ ကျန်းမာရေးက အရေးပေါ် အခြေအနေဖြစ်တဲ့ အခြေအနေမှာ ဆေးရုံကားက ဝင်လို့မရဘူး။ လူတွေ  သေတာပေါ့နော်။ ၇ယောက်။ တချို့ကျတော့လည်း ကားထဲမှာ နေရင်းနဲ့ နှင်းထုက များလာတော့ ကားကို အုပ်သွားတဲ့အခါကျတော့ တစ်ယောက်က ကားထဲမှာ သေနေတယ်။"
အခုလို ဆောင်းဦးကာလမှာ နှင်းမုန်တိုင်းကျရောက်မှုဟာ ပုံမှန်အနေအထားမျိုး မဟုတ်တာကို သတိထားမိကြောင်းလည်း ဒေသခံတွေက ပြောနေကြတာပါ။
ကိုမျိုးသန့်ကတော့ သူနေတဲ့ နှစ်တွေအတွင်း ၂၀၀၁ ခုနှစ်က ပြင်းထန်တဲ့ မုန်တိုင်းတခုကို ခံခဲ့ရဖူးကြောင်း၊ ၂၀၀၆ ခုနှစ်မှာတော့ ရေခဲမုန်တိုင်းဒဏ်ကြောင့် လျှပ်စစ်မီးတွေပြတ်တောက်ပြီး အအေးဒဏ်ကို အပြင်းအထန် ခံခဲ့ရကြောင်းနဲ့ ပြီးခဲ့တဲ့ နှစ် ကတော့ ရေခဲမှတ်အောက် ၅၀ ဒီဂရီအထိ ကျသွားတာကို ကြုံခဲ့ရကြောင်း ပြောပြပါတယ်။
" မနှစ်ကကျတော့ လေတိုက်တာရယ်၊ ဆောင်းလယ်မှာ ဖြစ်တာပေါ့နော်။ ဒီနှစ်ကတော့ ဆောင်းတောင် မဝင်သေးဘူး။ ခရစ်စမတ်မတိုင်ခင် ဆောင်းတရားဝင် ဝင်မှာပေါ့နော်။ ဒါပေမဲ့ အခုက ဆောင်းတွင်းမဟုတ်သေးဘူး။ ဆောင်းဦးပေါက်ပဲ ရှိသေးတယ်။ "
ဒီညပိုင်းမှာ နှင်းထပ်ကျဖို့ ရှိကြောင်း မိုးလေဝသ သတင်းတွေမှာ ကြေညာ ထားပြီး ဒီတခါ နှင်းထပ်ကျမယ်ဆိုရင် နှင်းထုဟာ ၈ ပေအထိ ရှိလာနိုင်ကြောင်း လည်း ပြောထားပါတယ်။တနင်္ဂနွေနေ့မှာ နေရောင်ပြန်လည်မြင်ရဖွယ် ရှိပေမယ့် နေအပူရှိန်ကြောင့် နှင်းထုအရည်ပျော်ပြီး ရေကြီးဖွယ် ရှိတယ်လို့လည်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
VOA

ကချင် ပစ်ခတ်မှုဖြစ်စဉ် အမှန်အတိုင်း ဖေါ်ထုတ်ဖို့ သမ္မတ ညွှန်ကြား

ကချင် KIA ဌာနချုပ် လိုင်ဇာအနီးမှာ ရှိတဲ့ ဗိုလ်သင်တန်းကျောင်းကို မြန်မာစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကချင် အရာရှိလောင်း၂၀ကျော် သေဆုံးခဲ့ရ တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်က ဒီလို သွေးထွက်သံယို ပဋိပက္ခတွေ တားဆီးနိုင်ရေး အတွက် အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်မှု အဖွဲ့တွေနဲ့ ဆက်ဆံရေးရုံးတွေ ပိုမိုဖွင့်လှစ်သွားရမှာဖြစ်ကြောင်း ဒါ့အပြင် တပ်မတော် အနေနဲ့လည်း သတင်းထုတ်ပြန်မှုတွေ ပိုမိုလုပ်ဆောင်သွားရမှာဖြစ်ကြောင်း ဗွီအိုအေကို ပြောဆိုလိုက်ပါတယ်။ သမ္မတဦးသိန်းစိန်ကို ဗွီအိုအေမြန်မာပိုင်း အစီအစဉ် ဌာနမှူး ဦးသန်းလွင်ထွန်းက နေပြည်တော်မှာ သီးသန့်တွေ့ဆုံမေးမြန်းထားတာကို နားဆင်ကြည့်ပါ။
ဦးသန်းလွင်ထွန်း။ ။ အပစ်အခတ် ရပ်စဲရေးလို ကိစ္စမျိုးတွေပေါ့။ ဒီလို အပစ်အခတ်ရပ်စဲရေးလိုကိစ္စမျိုးတွေမှာဆိုရင် အစောပိုင်းက သမ္မတကြီး ပြောတဲ့အထဲမှာလည်း ပါပါတယ်။ ပထမဆုံး ဦးစားပေးအနေနဲ့က သွေးထွက်သံယိုမှုတွေ ရပ်စဲပြီးတော့ ဒါ…. အပစ်အခတ် ရပ်စဲရေးကနေပြီးတော့ နိုင်ငံရေး ဆွေးနွေးမှုတွေအထိ သွားမယ်ဆိုတာ ဒါ…. နိုင်ငံတော်ရဲ့ ဦးစားပေး မူဝါဒတရပ်အနေနဲ့ ချပြီးလုပ်နေတယ်ဆိုတာလည်း ကျနော်တို့ သိပါတယ်။
ဒါပေမယ့် အခု ဒီရက်ပိုင်းအတွင်းမှာပဲ ဒီလို လုပ်နေတဲ့ ကြားထဲကပဲ အထူးသဖြင့် ဒီရက်ပိုင်းအတွင်းမှာ အထူးသဖြင့် ကချင်အဖွဲ့တွေနဲ့ပေါ့နော်၊ KIO အဖွဲ့နဲ့ဆိုလို့ရှိရင် ကချင်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် တပ်မတော်ဖက်က ထိခိုက်တာကြားရသလို၊ မနေ့ကဆိုလို့ရှိရင်လည်း တပ်မတော်ရဲ့ ပစ်ခတ်မှုကြောင့် ကချင်အဖွဲ့က ဗိုလ်လောင်းသင်တန်းက လူငယ်လေးတွေ (၂၀) ကျော် သေဆုံးခဲ့ရတယ် ဆိုတဲ့ ဖြစ်ရပ်မျိုး ကျနော်တို့ ကြားရတယ်။ ကြားရတယ်ဆိုတော့ ဒီကိစ္စမျိုးတွေကို တားဆီးနိုင်ဖို့၊ ဒါမမှဟုတ် ဒီကိစ္စတွေကို ကာကွယ်နိုင်ဖို့ ဒီကိစ္စတွေကနေပြီးတော့ ပဋိပက္ခကြီးကြီး ထပ်ပြီးဖြစ်မသွားစေဖို့ဆိုလို့ရှိရင် သမ္မတကြီးအနေနဲ့ အရေးတကြီး ဘာများလုပ်ချင်သလဲ၊ အရေးတကြီး ဘာများပြောချင်တာရှိလဲခင်ဗျ။

သမ္မတ ဦးသိန်းစိန်။ ။ အဲဒီတော့ ဒီဟာလေး ရှင်းရမယ်ဆိုရင်၊ အခြေခံကတော့ ခုနကလို ငြိမ်းချမ်းရေး ရရှိရေးကိစ္စဟာ ကျနော်တို့ရဲ့ ဒီ….. ပြည်သူ အများစုရဲ့ ဆန္ဒပေါ့လေ၊ ပြောကြမယ်ဆိုရင် ပြည်သူအားလုံးရဲ့ ဆန္ဒဖြစ်ပါတယ်။ ပြည်သူအားလုံးရဲ့ ဆန္ဒဖြစ်တဲ့အတွက်ကြောင့် ငြိမ်းချမ်းရေး ရရှိဖို့အတွက်ကို ကျနော်တို့ အစိုးရကနေပြီးတော့ ပြည်သူ အများစု ဆန္ဒဖြစ်သလို၊ ကျနော်တို့ အစိုးရရဲ့ ဆန္ဒလည်းဖြစ်တယ်။ ဒါကို ကျနော်တို့ ကြိုးပမ်းပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်နေတာပါ။ အဲဒီတော့ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲကြဖို့အတွက်လည်း နှစ်ဖက်က အကြိမ်ပေါင်းများစွာ ကျနော်တို့ ဒါ….. တွေ့ဆုံပြီးတော့ ကျနော်တို့ ဆွေးနွေးကြတယ်။
သို့သော်လည်း တချို့အပိုင်းလေးတွေက ကျနော်တို့ အလျှော့ အတင်းလေးတွေ ရှိတယ်။ အလျှော့အတင်းလေးတွေလည်း တချို့ လျှော့ပေးနိုင်တာတွေ လျှော့ပေးနိုင်တယ်။ တချို့ မပေးနိုင်တဲ့ဟာလေးတွေလည်း ပြန်ပြီးတော့ စဉ်းစားကြ ပြုကြတယ်။ အဲဒီတော့ ကျနော်တို့ရဲ့ ဆန္ဒကတော့ ပစ်ခတ် တိုက်ခိုက်မှုတွေကို ကျနော်တို့ ရပ်အောင်လုပ်ချင်တယ်။ ရပ်စဲချင်တယ်။ ရပ်စဲချင်တယ်။ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်တယ်ဆိုတာလည်း ဟို….. တစ်ဖက်ထဲကြောင့် ဖြစ်တာတော့ မဟုတ်ပါဘူး။ နှစ်ဖက်မှာ ဒါ…. ပြဿနာလေးတွေ ရှိပါတယ်။ နှစ်ဖက်မှာ ပြဿနာတွေ ရှိတယ်။ အဲဒီတော့ သူ့ဖက် ကိုယ့်ဖက်၊ ဟိုလူကလွန်တယ်၊ ဒီလူကလွန်တယ်နဲ့ ဒါတွေကို ကျနော်တို့ ပြောနေလို့ရှိရင်လည်း ကျနော်တို့ ပြီးဆုံးမှာ မဟုတ်တော့ဘူး။ သို့သော်လည်း ဒီကနေ့အထိကတော့ ခင်ဗျားပြောသလိုပဲ ပစ်ခတ် တိုက်ခိုက်မှုလေးတွေ ရှိသေးလို့ ဒီလိုတွေ ကျနော်တို့ ဖြစ်နေတာ။
ကျနော်တို့ ရည်ရွယ်ချက်ကတော့ ပစ်ခတ် တိုက်ခိုက်မှုကို ရပ်စဲချင်တယ်။ ပစ်ခတ် တိုက်ခိုက်မှုကို ရပ်စဲဖို့အတွက် ကျနော်တို့ နည်းလမ်းတွေ ရှာကြတယ်။ ဘယ်လိုတွေ လုပ်ကြမလဲ။ တပ်ကိုလည်း ကျနော်တို့ ပြောတာပါပဲ။ တဖက်ကိုလည်း ကျနော်တို့ ညှိတာပါပဲ။ တပ်ကိုဆိုလို့ရှိရင်လည်း မင်းတို့ စခန်းတွေကိုသွားပြီးတော့ တိုက်တာ ပြုတာ ဘာညာ မင်းတို့လုံးဝ မလုပ်နဲ့။ သို့သောလည်းပဲ၊ လူဆိုတာကတော့ ကိုယ့်အသက်တော့ ကိုယ်က ကာကွယ်ပိုင်ခွင့်တော့ ရှိရမှာကိုး။ ကိုယ့်ရဲ့ လုံခြုံရေးအတွက် ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်ယုံမှအပ ကျန်တာ ဘာမှမလုပ်နဲ့။ ဒါတွေလည်း တပ်အပိုင်းက သူတို့ လိုက်နာပြီးတော့ ဆောင်ရွက်နေပါတယ်။
သို့သော်လည်း မြေပြင်မှာ အောက်ခြေမှာကျတော့ တချို့ကိစ္စလေးတွေက ဟိုလူကစပစ်တယ်၊ ဒီလူက စပစ်တယ်နဲ့ ဒီပြဿနာလေးတွေ ဖြစ်တယ်။ အဲဒီတော့ ဒါတွေကိုရှင်းနိုင်ဖို့အတွက်က စောင့်ကြည့် လေ့လာတဲ့အဖွဲ့ ကျနော်တို့က ဒါကို တည်ဆောက်ရမယ်။ နောက်တခုက ကျနော်တို့ ခုနကလို ဆက်ဆံရေးစခန်းတွေ ထားရမယ်။ အဲဒီတော့ ဆက်ဆံရေးစခန်းတွေလည်း ကျနော်တို့ ဒါ…. ထားဖို့အတွက် ဒါတွေလည်း ကျနော်တို့ နှစ်ဖက် ဆုံးဖြတ်ထားပြီးပါပြီ။
စောင့်ကြည့်လေ့လာတဲ့အဖွဲ့နဲ့ စောင့်ကြည့်ပြီးတော့ သူကတော့လွန်တယ်၊ သူကမှားတာ၊ အဲဒီတော့ နောက်တခါ ဒါမျိုးမဖြစ်အောင် ဂရုစိုက်မယ်၊ စသည်အားဖြင့် ဒီအဖွဲ့တွေလည်း ဖွဲ့စည်းပြီးတော့ ကျနော်တို့က လုပ်ထားပြီးပြီ။ လုပ်ထားပြီးပြီဆိုတော့ ဒါတွေနဲ့ ကျနော်တို့က မဖြစ်အောင် ထိန်းသွားရမှာပါ။ အဲဒီတော့ ပစ်ခတ် တိုက်ခိုက်မှုတွေ ကျနော်တို့ကလည်း မဖြစ်စေချင်ဘူး။ တစ်ဖက်ကလည်း ခုနကလို ဟုတ်လား….. ထိခိုက် ကျဆုံးမှု ဘာညာ ရှိတယ် ပြုတယ်ဆိုရင် ဟို….. တိုင်းပြည်အတွက်ဘဲ နစ်နာတာကို။ တစ်ဖက်ကလည်း ထိခိုက် ကျဆုံးမှုတွေ ရှိတယ် ပြုတယ်ဆိုရင် တိုင်းပြည်ကဘဲ နစ်နာတယ်။

ဦးသန်းလွင်ထွန်း။ ။ ဒါနိုင်ငံသားတွေဘဲ။

သမ္မတ ဦးသိန်းစိန်။ ။ နှစ်ဖက်စလုံးက မဖြစ်စေချင်ဘူး။ အဲဒီတော့ တပ်ကိုတော့ ကျနော်ပြောပါတယ်။ အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ခုနကလို ဖြစ်တဲ့ ပြုတဲ့ကိစ္စတွေကို ခင်ဗျားတို့ ခုနကလို အင်တာဗြူးလုပ်လိုက်ပါ။ မှန်မှန် ကန်ကန်နဲ့ ပြည်သူတွေလည်း သိသွားရအောင်။ ဖြစ်တယ် ဆိုတာ နှစ်ဖက်မှာ ပြဿနာရှိလို့ ဖြစ်ကြတာကိုး။ တစ်ဖက်ထဲ ပစ်ယုံနဲ့မဟုတ်ဘူး၊ နှစ်ဖက်ပစ်လို့ ဒါ…. ပြဿနာ ဖြစ်ကြတာကိုး။ ဒီလိုဖြစ်တာတွေက ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ဟာတွေကို သွားပြီးတော့ ခုနကလို အနှောက်အယှက်ဖြစ်စေတယ်။ ကျနော်တို့ရဲ့ ခုနကလို ပထမခြေလှမ်းဖြစ်တဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုတဲ့ ကျနော်တို့ ရည်မှန်းချက်ကို သွားပြီးတော့ ဒါ…...ခုနက အကျိုးသက်ရောက်မှုတွေ ရှိစေတယ်။ အတတ်နိုင်ဆုံး ကျနော်တို့ကတော့ မဖြစ်စေချင်ဘူး၊ နှစ်ဖက်ကို။

  မြန်မာသမ္မတ ဦးသိန်းစိန်ကို ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်း က နေပြည်တော်၊ သမ္မတအိမ်တော်မှာ သီးသန့် တွေ့ဆုံ မေးမြန်း ထားတာဖြစ်ပါတယ်။
VOA

Thursday, November 20, 2014

ဖမ်းဆီးခံ မြန်မာ ၂ ဦးကို ရမန်ထပ်ယူချုပ်နှောင်ထားမှု ကန့်ကွက်မည်

 
ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန် ၂ ဦးကို သတ်ဖြတ်မှုနဲ့ စွပ်စွဲ ဖမ်းဆီး ထားတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ဦးရဲ့ ပဉ္စမမြောက် ရမန်ကို ကန့်ကွက်သွားမယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

ဒီကနေ့ မနက် ဒီဗွီဘီက ဆက်သွယ် မေးမြန်းတဲ့ အချိန်မှာတော့ ဖမ်းဆီးခံ ထားရတဲ့ လူငယ် ၂ ဦးဟာ အကျဉ်းဦးစီး ဌာနကားနဲ့ ပါလာပြီး  တရားရုံးအချုပ်ကို ရောက်ရှိလာပြီလို့ ပြောပါတယ်။

“စွပ်စွဲသူတွေအနေနဲ့ လုပ်မယ့်အလုပ်ကတော့ ပဉ္စမမြောက်ရမန်ယူမယ်၊ ဒါမှမဟုတ်ရင် တရားရုံးတင်ရင် တင်မယ်ဆိုတဲ့ ၂ ချက်ရှိပါတယ်။ ကလေးတွေရဲ့ ပဉ္စမမြောက် ရမန်ယူတာကို ကန့်ကွက်ဖို့ပါ။ ပဉ္စမမြောက်ရမန်ကို ကန့်ကွက်လို့ မရဘူးဆိုရင် ကလေးတွေကို အပြင်ကနေ အမှုစစ်ဆေးခံခွင့် လျှောက်ထားဖို့ ကျနော်တို့ လုပ်ထားပါတယ်။ တရားရုံးတင်သည်ဖြစ်စေ၊ ရမန်ယူသည်ဖြစ်စေ ကျနော်တို့က ၄၈ ရက်ဖြစ်တဲ့ စတုတ္ထ ရမန် ပြီးမြောက် ပြီးတဲ့အတွက်ကြောင့် ဒီလို အချုပ်နှောင်ခံရတဲ့ ကလေးတွေဟာ နောက်ဆုံး အမှု မပြီးသေးရင်လည်း အပြင်ကနေပြီးတော့ ဖြေရှင်းခွင့်ရဖို့အတွက် စာရွက်စာတမ်းလုပ်ထားပါတယ်” လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။

မနေ့က တွေ့ဆုံစဉ်မှာတော့ ကလေး ၂ ဦးရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်သလို အမှုမှာ ပါဝင်ပတ်သက်ခြင်း မရှိလို့   မြန်မာသံရုံးဦးစီးတဲ့အဖွဲ့က ပြန်လွတ်လာအောင် ကူညီပေးဖို့ အထပ်ထပ်ခါခါပြောဆိုခဲ့တယ်လို့  ရှေ့နေကပြောပါတယ်။

ထိုင်းနိုင်ငံဥပဒေအရ ဖမ်းဆီးခံရသူတွေကို ၁၂ ရက် ၁ ကြိမ် ရမန်ယူကာ စုစုပေါင်း ရမန် ၇ ကြိမ်ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် သံသယရှိသူကို ၈၄ ရက် ဖမ်းဆီးထိန်းသိမ်းထားနိုင်သလို လက်ရှိမှာတော့  မြန်မာ လူငယ် ၂ ဦး ကို ချုပ်နှောင်ထားတာ  ၄၈ ရက် မြောက် ရှိပြီဖြစ်ပါတယ်။

By ကို​ထွေး​ (ဒီဗွီဘီ)

မယ်ကမ္ဘာပြိုင်ပွဲ ဝင်ပြိုင်မည့် ဟွန်ဒူးရပ်စ် အလှမယ် အသတ်ခံရ

 
လန်ဒန်မှာ ကျင်းပမယ့် မယ်ကမ္ဘာပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ရက်ပိုင်းအလိုမှာ ပျောက်ဆုံးနေတဲ့ ဟွန်ဒူးရပ်စ် အလှမယ်ကို သူ့ညီမနဲ့အတူ အသတ်ခံထားရတာကို ပြန်တွေ့ပြီလို့ ရဲက နိုဝင်ဘာလ ၁၉ ရက်နေ့က ပြောပါတယ်။

အသက် ၁၉ နှစ်အရွယ် မာရီယာ ဟိုဆေး အယ်လ်ဗာရာဒိုကို သူ့ညီမ ဆိုဖီယာနဲ့အတူ တောင်ထူတဲ့ စန်တာဘာဘရာဒေသ မြစ်တခုဘေးမှာ မြုပ်ထားတာ တွေ့ခဲ့တာလို့ ရာဇဝတ်မှု စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ခေါင်းဆောင် လေအန်ဒရို အိုစိုရီယိုက ပြောပါတယ်။

သူတို့နဲ့ အတူ လူသတ်ပစ္စည်းနဲ့ သူတို့ကိုမြုပ်မယ့်နေရာကို သယ်လာတဲ့ ကားတို့နဲ့အတူ တွေ့ခဲ့တာလို့ အာဏာပိုင်တွေက မီဒီယာကို ပြောပါတယ်။ ဒီရာဇဝတ်မှုကို အလှမယ်ရဲ့ ညီမဖြစ်သူရဲ့ ရည်းစား ပလူတာကို ရူးအိစ်က လုပ်ခဲ့တာလို့ ပြည်ထဲရေးဝန်ကြီး အာတူရို ကော်ရေးစ်က ဟွန်ဒူရပ်စ်မီဒီယာကိုပြောပါတယ်။

ရဲတွေက ရူးအိစ်နဲ့ အာရစ် မာလ်ဒိုနာဒိုလို့ခေါ်တဲ့ တခြားယောက်ျားတယောက်ကို နိုဝင်ဘာ ၁၈ ရက်နေ့က ပစ္စတိုသေနတ် ၂ လက်နဲ့အတူ ဖမ်းခဲ့ပါတယ်။

“ပါတီပွဲမှာ သူတို့ညီအမနဲ့ အနီးဆုံးမှာ ရှိတဲ့လူအဖြစ် စဉ်းစား ဖော်ထုတ်နိုင်ခဲ့တယ်၊ ဒီအမှုကို နက်နက်ရှိုင်းရှိုင်း စုံစမ်းစစ်ဆေးနေတုန်းပဲ” လို့ ဒုရဲမင်းကြီး ရိုလန်ဒို ကက်စ်ကိုက ပြောပါတယ်။

ဟွန်ဒူးရပ်စ်အလှမယ်ဟာ ဧပြီလက မယ်ကမ္ဘာပြိုင်ပွဲဝင်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ သံတမန် ဖြစ်ချင်သူ ကျောင်းသူတယောက်ပါ။

ဟွန်ဒူးရပ်စ်နိုင်ငံဟာ ကမ္ဘာ့လူသတ်မှု အမြင့်ဆုံးနိုင်ငံတွေထဲက တနိုင်ငံပါ။ လူအယောက် ၁ သိန်းမှာ အယောက် ၉၀ အသတ်ခံရလေ့ရှိပြီး ဗင်နီဇွဲလား၊ ဘေလိုက်ဇ်နဲ့ အယ်လ်ဆာဗေဒို နိုင်ငံတွေရဲ့ လူသတ်မှုနှုန်းထက် ၂ ဆ ရှိပါတယ်။

ဆင်းရဲနွမ်းပါးတဲ့ အလယ်အမေရိကနိုင်ငံ ဟွန်ဒူးရပ်စ်အထဲကို မက်ဆီကို မူးယစ်ဂိုဏ်းတွေ လတ်တလောနှစ်တွေအတွင်း နယ်ချဲ့ခဲ့တာပါ။ တောင်အမေရိကက ကိုကင်းတွေ အမေရိကန်နိုင်ငံဆီ တင်ပို့ ကုန်ကူးခဲ့လို့ အကြမ်းဖက်မှုတွေ ပိုတိုးလာခဲ့ပါတယ်။

By ဒီဗွီဘီ

UWSA မှာ တရုတ်လုပ် ခေတ်မီ ဒုံးကျည်တွေ ရှိနေကြောင်း စစ်ရေးမဂ္ဂဇင်း ဖော်ပြ

 
UWSA ဝပြည် သွေးစည်းလုံး ညီညွတ်ရေး တပ်မတော် မှာ တရုတ်နိုင်ငံလုပ် အနီအောက် ရောင်ခြည်သုံး FN-6 ပခုံးထမ်း လေယာဉ်ပစ် ဒုံးကျည်တွေ ပိုင်ဆိုင်နေပြီလို့  ဂျိမ်းစ် စစ်ရေးမဂ္ဂဇင်းက ဖော်ပြပါတယ်။ တတိယ မျိုးဆက် နည်းပညာနဲ့ ထုတ်လုပ်ထား တဲ့ လေကြောင်း ရန်ကာကွယ်ရေး FN-6 ဒုံးကျည်တွေကို UWSA တပ်မှာ မြင်တွေ့ ခဲ့ရသူ တစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားရေးသား ထားတာဖြစ်ပါတယ်။

အဲ့ဒီဒုံးကျည်ဟာ အမြင့်မီတာ ၃၅၀၀ အထိ ပစ်ခတ် နိုင်ပြီး၊ ပစ်လွှတ်လိုက်တဲ့အခါမှာ နေရောင်ခြည် သက်ရောက် မှု၊ လောင်ကျွမ်းမှု နဲ့  လေထုတွင်းပွတ် တိုက်အားအပူတွေကို ခံနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

ပုံမှန်တပ်အင်အား ၂ သောင်းလောက်ရှိမယ် လို့ ခန့် မှန်းရတဲ့ UWSA အဖွဲ့ က ဒီလက်နက်ကို ဘယ်ကာလလောက်ကတည်းက ရရှိနေခဲ့တာလဲဆိုတာ မသိရပေမဲ့၊ အဲ့ဒီအဖွဲ့ မှာ အပေါ့စားလက်နက်ငယ်တွေ အမြောက်အများနဲ့  လက်နက်ကြီးတွေလည်းရှိနေသလို၊ တရုတ်နိုင်ငံလုပ် သံချပ်ကာယာဉ်တွေ၊ ရဟတ်ယာဉ် အသေးစားတွေလည်း ပိုင်ဆိုင်ထားတယ်လို့  ဆိုပါတယ်။FN-6 လေယဉ်ပစ်ဒုံးတွေကို ဆီးရီးယားသူပုန်တွေက ၂၀၁၃ အစောပိုင်းလောက်မှာအသုံးပြုခဲ့တယ် လို့သိရပါတယ်။

RFA Burmese

တရုတ်ချေးငွေအပေါ် အားကိုးမှု ကမ္ဘောဒီးယား အတိုက်အခံဝေဖန်

ကမ္ဘောဒီးယား နိုင်ငံအနေနဲ့ တရုတ်နိုင်ငံ အကူအညီပေးတဲ့ ငွေအပေါ်မှာ အကြီးအကျယ် မှီခိုနေရတာကို စိုးရိမ်ပူပန်မှု ဖြစ်ရကြောင်း ကမ္ဘောဒီးယား အတိုက်အခံတွေက ပြောဆိုလိုက်ပါတယ်။
မကြာခင်ကပဲ တရုတ်နိုင်ငံက ကမ္ဘောဒီးယားကို အကူအညီ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ပေးမယ်လို့ ကတိပြုလိုက်ပါတယ်။ ကမ္ဘောဒီးယားအစိုးရ လည်ပတ်ဖို့အတွက် နိုင်ငံရပ်ခြားအကူအညီ တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၁ ထောင် လိုအပ်တယ်လို့ ဆိုပါတယ်။
ကမ္ဘောဒီးယားအစိုးရမှာ နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ သန်း ၉ ထောင်လောက် တင်နေပါတယ်။ ကမ္ဘောဒီးယား အတိုက်အခံတွေ ပါတီဝင် အရာရှိတွေအနေနဲ့ တရုတ် အပါအ၀င် နိုင်ငံခြားတိုင်းပြည်တွေထံမှာ လွန်လွန်ကဲကဲ အကြွေးတွေ တင်နေတာကြောင့် တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ကျသွားမှာ စိုးရိမ်ပူပန်နေကြတယ်လို့ Cambodia National Rescue Party ရဲ့ ဥပဒေပြုအမတ် Son Chhay က ပြောပါတယ်။
တိုင်းပြည်ကို အုပ်ချုပ်ဖို့ တနေရာက ငွေကို မှီနေရ တည်နေရတယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ ကျနော်တို့နိုင်ငံရဲ့ စီးပွားရေးလွတ်လပ်ခွင့်ကို ဆုံးရှုံးတယ်ဆိုတာနဲ့ အတူတူပါပဲလို့ Son Chhay က ပြောပါတယ်။
VOA

အမျိုးသားပညာရေး ဥပဒေအပေါ် သပိတ်မှောက်နေသော ကျောင်းသားများကို နားလည်ပေးနိုင်ပြီး ပွင့်ပွင့်လင်းလင်း လာရောက်ဆွေးနွေးစေလိုကြောင်း ပညာရေးပြည်ထောင်စုဝန်ကြီး ပြောကြား

အမျိုးသားပညာရေး ဥပဒေအပေါ် သပိတ်မှောက်ဆန္ဒပြ တောင်းဆိုနေမှုများကို နားလည်ပေးနိုင်ပြီး ပွင့်ပွင့်လင်းလင်း လာရောက်ဆွေးနွေးစေလိုကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ပြောကြားသည်။

ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ်နယ်မြေရှိ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) ၌ နိုဝင်ဘာ ၁၈ ရက်က ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ၏ အစည်းအဝေးတွင် မီဒီယာများ၏ မေးမြန်းမှုအား ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခြင်း ဖြစ်သည်။

“ကျွန်မ သူတို့ကို နားလည်ပေးနိုင်ပါတယ်။ ပွင့်ပွင့်လင်းလင်း လာဆွေးနွေးချင်တာပဲ ရှိတယ်။ သူတို့လိုချင်တာ ဘာလဲလို့ သိလို့ရှိရင် မိဘတိုင်းကတော့ သားသမီးပူဆာရင် အကုန်မပေးနိုင်ဘူး။ အဲဒီတော့ မိဘလိုပဲ လာပူဆာပါ။ ပြောကြည့်မယ် လုပ်ကြည့်မယ်။ ဒါပေမဲ့ မိဘမတတ်နိုင်တဲ့ဟာကိုတော့ သားသမီးက နားလည်ပေးနိုင်ရမယ်။ အဲဒါလောက်ပါပဲ” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ပြောကြားသည်။

ထို့အတူ ကျောင်းသားများဖြစ်သည့်အတွက် ၎င်းတို့နားလည်အောင် ရှင်းပြပေးရန်ရှိပြီး တားဆီးမှုမရှိကြောင်း၊ ဥပဒေတွင် ကျောင်းသားများမကြိုက်သည့် အချက်များကို နားထောင်ရန် အဆင်သင့်ရှိကြောင်း၊ သို့ရာတွင် နားထောင်ပေးမည်ဖြစ်သော်လည်း တောင်းဆိုချက်အားလုံးကို လုပ်ပေးနိုင်သည်၊ မလုပ်ပေးနိုင်သည်ကို ဒီမိုကရေစီနိုင်ငံ ဖြစ်သည့်အတွက် တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုက ဆုံးဖြတ်၍မရဘဲ ဥပဒေပြုသည့် နေရာအထိ ပြန်လည်တင်ပြပေးရမည် ဖြစ်သောကြောင့် လာမည့်ရှေ့အပတ်တွင် တင်ပြပေးရန်ရှိကြောင်းနှင့် ယခုပြုလုပ်သည့် အစည်းအဝေးသည်လည်း ကျောင်းသားများပြောကြားမှုကို ချေပမှုထက် ရှေ့လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးရန် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ဒေါက်တာဒေါ်ခင်စန်းရီက ပြောကြားသည်။

အမျိုးသားပညာရေးဥပဒေကို နှစ်နှစ်ခန့်အချိန်ယူ ရေးဆွဲခဲ့ရပြီး လွှတ်တော်တွင် အသေးစိတ်ဆွေးနွေးကာ အတည်ပြုပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း၊ ဥပဒေပြုရေးသည် လွှတ်တော်တွင်သာရှိသောကြောင့် မိမိတို့အနေဖြင့် ကျောင်းသားများ တောင်းဆိုနေသည့် အချက်ခြောက်ချက်သည် ဆက်စပ်ဥပဒေများတွင် ပါသွားမည့်အချက်များ ရှိသော်လည်း နောက်ဆုံးအမျိုးသားပညာရေးဥပဒေ ပြင်ရေးဟု ပြောဆိုပါက ဥပဒေပြုသူများနှင့်သာ ဆက်စပ်ပေးရန်သာရှိကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် အမျိုးသားပညာရေးဥပဒေကို မကျင့်သုံးရသေးဘဲ ပြင်ဆင်ရန်ဆိုသည်မှာ အဆင့်တစ်ဆင့် ကျော်နေသည့်ပုံစံဖြစ်နေကြောင်း၊ အမျိုးသားပညာရေး ဥပဒေတွင် အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရပ် သုံးခုစလုံးပါဝင်ပြီး အခြေခံပညာအား နိုင်ငံတော်နှင့် ပညာရေးဝန်ကြီးဌာနမှ ပံ့ပိုးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ပြောကြားသည်။

“အဆင့်မြင့်ပညာကိုတော့ ကျွန်မတို့က အကုန်လုံးလွတ်လပ်ခွင့်ပေးမယ်ဆိုပြီး ဥပဒေပုဒ်မ ၂၆ မှာ အတိအလင်း ဖော်ပြထားပြီးဖြစ်တဲ့အတွက် ဆက်စပ်ဥပဒေ ရေးဆွဲရမှာဖြစ်ပါတယ်။ လွတ်လပ်စွာ ဘယ်လိုစီမံခန့်ခွဲမလဲလို့ပြောရင် အဆင့်မြင့်ပညာဥပဒေ ဒါမှမဟုတ် တက္ကသိုလ်များနဲ့ဆိုင်တဲ့ ဥပဒေတစ်ခု ထွက်ပါမယ်။ အဲဒီဥပဒေအောက်မှာ ဘာပြန်ပါလာမလဲဆိုရင် တက္ကသိုလ်တစ်ခုချင်းရဲ့ပဋိညာဉ်။ တက္ကသိုလ်တစ်ခုချင်းရဲ့ လွတ်လပ်စွာစီမံခန့်ခွဲခွင့်ဆိုတာ ပြန်လာမှာဖြစ်တဲ့အတွက် အဲဒါတွေကို ရေးနေပါတယ်” ဟု ဒေါက်တာဒေါ်ခင်စန်းရီက ပြောကြားသည်။

ထို့ပြင် အမျိုးသားပညာရေးဥပဒေနှင့် ဆက်စပ်ဥပဒေများဖြစ်သည့် အမျိုးသားပညာရေးနည်းဥပဒေ၊ အဆင့်မြင့်ပညာဥပဒေ၊ ဆရာအတတ်သင်ပညာဥပဒေ၊ အခြေခံပညာဥပဒေများ ရေးဆွဲနေခြင်းမှာ ပြီးစီးတော့မည်ဖြစ်သဖြင့် အဆိုပါ ဆက်စပ်ဥပဒေများအား တိုင်းဒေသကြီးနှင့်ပြည်နယ်၊ တက္ကသိုလ်များ၊ ပညာရေးနှင့် ဆက်စပ်သူများအားလုံးအား ဖိတ်ခေါ်၍ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်ဝင်း EMG

Wednesday, November 19, 2014

သူရဦးရွှေမန်း၏ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြောဆိုချက် ဒေါ်အောင်ဆန်းစုကြည် လက်ခံ

 
၂၀၁၅ ရွေးကောက်ပွဲပြီးမှ အခြေခံ ဥပဒေ ပြင်ဆင်မယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းရဲ့ ပြောဆိုချက်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ခံကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့ လွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန် သတင်းမီဒီယာ တွေရဲ့ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က “သူက Process (လုပ်ငန်းစဉ်)ကို ပြောတာပါ။ Process က ဒီလိုပဲ သွားရမှာပဲလေ၊ ဘာဖြစ်လိုလဲ ဆိုတော့ ဆိုပါတော့ ဒီ ၄၃၆ ကို ပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ်တယ်ဆိုပါတော့ ၄၃၆ ပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ်ပြီးမှသာလျှင် တချို့ကိစ္စတွေ ပြောင်းလို့ရမယ်လေ အဲ့တော့ အဲ့ဒီဟာ တွေကျတော့ တကယ်လို့ အချိန်အရရော အခုလက်ရှိသွားနေတဲ့ လုပ်ငန်းတွေအရရော ဒါ process အရတော့ ဒါဒီလိုပဲလုပ်ရမှာပဲ”လို့ ဖြေကြားခဲ့ပါတယ်။

ဒါ့ပြင် ဖွဲ့စည်းပုံပုဒ်မ ၅၉/စ ပြင်ဆင်ဖို့ အတွက်လည်း သူ့ Process အရသူသွားရမှာ ဖြစ်သလို ၅၉/စလုံးကို မပြင်ခင် ၄၃၆ ကိုပြင်ရမှာဖြစ်တဲ့အတွက် သူ့အဆင့်နဲ့သူရှိသလို လုပ်ငန်းစဉ်အရ ဒီလိုဖြစ်ဖို့ သဘာဝကျတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

လွှတ်တော်အကြီးအကဲ သူရဦးရွှေမန်းက ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြင်နိုင်တော့မှာမဟုတ်ပဲ လာမယ့် ရွေးကောက်ပွဲအပြီးမှာသာပြင်နိုင်တော့မယ်လို့ နေပြည်တော်မှာ မနေ့က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့တာပါ။

နိုင်ငံရေး ဆောင်းပါးတွေကို ရေးသားတဲ့ ဒေါက်တာ ရန်မျိုးသိမ်းကတော့ ဒေါ်အောင်ဆန်းစုကြည် သတင်းမီဒီယာတွေကို တုံ့ပြန်မှုနဲ့ သူရဦးရွှေမန်းရဲ့ ပြောဆိုချက်ကို ကြည့်ရင်တော့ ၂ ဦး သဘောတူညီချက်ရယူပြီး ဒေါ်အောင်ဆန်းစုကြည်က ကြိုတင် သိရှိထားတဲ့ အငွေ့အသက်တွေ ကို တွေ့နေရတယ်လို့ ပြောပါတယ်။

“လက်ရှိ အခြေအနေမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး အင်တိုက်အားတိုက် လုပ်နေတဲ့ နိုင်ငံရေး ပါတီခေါင်းဆောင်တွေရော၊ လတ်မှတ်ကောက်ခံခဲ့တဲ့ နိုင်ငံရေး ပါတီဝင်တွေကော၊ လက်မှတ်ထိုးခဲ့တဲ့ လူ ၅ သန်းရော အားလုံးအနေနဲ့ဆိုရင် ဒီအသံတွေ ဒီအမြင်တွေကို သိရဖတ်ရတဲ့အခါမှာ အနည်းနဲ့ အများတော့ စိတ်ဓာတ်ကျနိုင်တယ်”လို့ သူက ပြောပါတယ်။

“လက်ရှိကြုံတွေနေရတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကြပ်အတည်းကို ကျော်လွှားနိုင်ဖို့ ဆိုရင် ကျနော်အမြင်ကတော့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြည်သူလူထု ထောက်ခံမှုကို ပြန်ပြီးတော့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြန်လုပ်တဲ့ နည်းလမ်းတခုပဲ ရှိတယ်လို့ ကျနော်က မြင်တယ်။ ၂၀၀၈ တုန်းက စစ်အစိုးရလက်အောက်မှာ ၅/၉၆ ဥပဒေလက်အောက်မှာ လုပ်ခဲ့တဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ရလဒ်ဟာ ပြည်သူလူထုရဲ့ ဆန္ဒသဘောထား အမှန်ကို ကိုယ်စားပြုတယ်လို့ ပြောဖို့ခက်တယ်။ အဲဒီအခါကျတော့ ဆန္ဒခံယူပွဲပြန်လုပ်ပြီးတော့ ထောက်ခံတဲ့သူ ၅၀ ရာခိုင်နှုန်းကျော် ရှိရင် ပြင်ဆင်ရေး လမ်းကြောင်းကို ဆက်သွား ထောက်ခံတဲ့သူ ၅၀ ရာခိုင်နှုန်း မပြည့်ဘူးဆိုရင် အသစ်ပြန်လည်ရေးဆွဲရေး လမ်းကြောင်းကို သွားဆိုတဲ့ ဒီနိုင်ငံရေး လမ်းကြောင်းတခုသာလျှင် ကျနော်တို့တိုင်းရင်းသား ပြည်သူတွေအတွက် ထွက်ပေါက်ဖြစ်လိမ့်မယ်လို့ ကျနော်အနေနဲ့ မြင်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။

နိုင်ငံတကာသတင်းတွေမှာတော့ အခြေခံ ဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်မှာ ကြိုးပမ်းရာမှာ အန်အယ်လ်ဒီက အနိုင်မရနိုင်ဘူးလို့ ပြောခွင့်ရ ဦးဉာဏ်ဝင်းကို ကိုးကားပြီး ရေးပါတယ်။

By ဒီဗွီဘီ

မယ်ကမ္ဘာပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ဟွန်ဒူးရပ်စ်အလှမယ် ပျောက်ဆုံးနေ

 
မယ်ကမ္ဘာပြိုင်ပွဲ ဝင်ပြိုင်ဖို့ လန်ဒန်ကို ခရီးမထွက်မီ နိုဝင်ဘာ ၁၃ ရက်နေ့ကတည်းက ပျောက်နေတဲ့ ဟွန်ဒူးရပ်စ်အလှမယ်အတွက် စိုးရိမ်မှုတွေ တိုးနေပါတယ်။

ဟွန်ဒူးရပ်စ်အလှမယ် မာရီယာ ဟိုဆေး အယ်လ်ဗာရာဒို ဟာ ရာဇဝတ်ဂိုဏ်းတွေ ထိန်းချုပ်ထားတဲ့ ဟွန်ဒူးရပ်စ် အနောက်ပိုင်းစန်တာ ဘာဘာရာဒေသတွင်းမှာ သူ ညီမနဲ့အတူ ပျောက်ဆုံးခဲ့တာပါ။

သူအမေကတော့ သမီး ၂ ယောက်ကို ဖမ်းထားတဲ့သူတွေ လွှတ်ပေးဖို့ အသနားခံခဲ့ပါ တယ်။ သူတို့ ညီအမပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ရဲတွေက လူ ၄ ယောက်ကို စစ်မေးခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ် မယ်ကမ္ဘာပြိုင်ပွဲဝင်ဟာ သူညီမနဲ့ အတူ ပါတီတခုက အပြန် ကားလိုင်စင်ပြား မပါတဲ့ ကားတစီးနဲ့ ထွက်သွားတာ နောက်ဆုံးမြင်ခဲ့တယ်လို့ ဒေသခံရုပ်သံက ဆိုပါတယ်။

အလှမယ်အတွက် ပထမဆုံးပွဲစဉ်က နိုဝင်ဘာ ၂၂ ရက်နေ့မှာ စမှာပါ။ နိုဝင်ဘာ ၁၉ ရက်နေ့မှာမှ အချိန်မီ မတွေ့ခဲ့ရင် မယ်ကမ္ဘာပြိုင်ပွဲ ကိုယ်စားပြုမှုကို ဟွန်ဒူးရပ်စ်နိုင်ငံက ရုပ်သိမ်းမှာ ဖြစ်ပါတယ်။ ဟွန်ဒူးရပ်စ်နိုင်ငံဟာ ကမ္ဘာ့လူသတ်မှု အမြင့်ဆုံးနိုင်ငံတွေထဲက တနိုင်ငံပါ။

လူအယောက် ၁ သိန်းမှာ အယောက် ၉၀ အသတ်ခံရလေ့ရှိပြီး ဗင်နီဇွဲလား၊ ဘေလိုက်ဇ်နဲ့ အယ်လ်ဆာဗေဒိုနိုင်ငံတွေရဲ့ လူသတ်မှုနှုန်းထက် ၂ ဆ ရှိပါတယ်။

ဆင်းရဲနွမ်းပါးတဲ့ အလယ်အမေရိက နိုင်ငံဟွန်ဒူးရပ်စ် အထဲကို မက်ဆီကိုမူးယစ်ဂိုဏ်းတွေ လတ်တလောနှစ်တွေအတွင်း နယ်ချဲ့ ခဲ့တာပါ။

တောင်အမေရိကက ကိုကင်းတွေ အမေရိကန်နိုင်ငံဆီ တင်ပို့ ကုန်ကူးခဲ့လို့ အကြမ်းဖက်မှု တွေ ပိုတိုးလာခဲ့ပါတယ်။

By ဒီဗွီဘီ

မြန်မာနယ်စပ် လူ ၆၀၀ ကျော် လူမှောင်ခိုလက်မှ ဘင်္ဂလားကယ်တင်

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကလို့ဆိုတဲ့ လူမှောင်ခိုကူးခံရသူ ၆၀၀ ကျော်ကို တောင်အာရှဒေသ ကမ်းလွန်ပင်လယ်မှာ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ကယ်တင်လိုက်ပါတယ်။ ဒါဟာဖြင့် လူမှောင်ခိုကူးခံရသူတွေကို ကယ်တင်တာမှာ တကြိမ်ထဲနဲ့ အရေအတွက်အများဆုံး ကယ်တင်မှုဖြစ်ပါတယ်။
အဲဒီလူတွေကို မြန်မာအလံလွှင့်ထူထားတဲ့ ပေ ၇၀ ကျော်ရှည် သင်္ဘောပေါ်မှာတွေ့ရတာပါ။ သင်္ဘောဝန်ထမ်း ၁၄ ဦးကို  လူ မှောင်ခိုကူးတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးထားပါတယ်။ လူမှောင်ခိုကူးခံရသူတွေဟာ မလေးရှားနိုင်ငံဆီ သူတို့သွားနေတယ်လို့ မျှော်လင့်ကြပေမယ့် မကြာခနဆိုသလို ပြန်ပေးဆွဲခံရ၊ ထိုင်းနိုင်ငံထဲက တောတွေထဲဆီ ခေါ်သွားခံကြရပါတယ်။
ပုံမှန်အားဖြင့်တော့ သူတို့ မိသားစုဆွေမျိုးသားချင်းတွေက ငွေပေးတဲ့အထိ ထိန်းခံထားကြရတာပါ။ ပြန်ပေးငွေမပေးဘူးဆိုရင် တော့ လူမှောင်ခိုကူးသူတွေက သူတို့ကို သတ်ပစ်တာ ဒါမှမဟုတ် ကျွန်တွေလို ရောင်းစားတာ ခံကြရပါတယ်။
VOA

ဟာင်ကောင်ဆန္ဒပြသမားတွေ လွှတ်တော်ထဲ ရိုက်ချိုးဝင်ရောက်

ဟောင်ကောင်လွှတ်တော် အဆောက်အဦးထဲကို ဒီကနေ့ မနက်အစောပိုင်းက ၀င်ဖို့ကြိုးစားတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပါတယ်။
ဆန္ဒပြသူတွေက လွှတ်တော်အဆောက်အဦးရဲ့ ပြတင်းပေါက်တွေကို သံထည်အတားအဆီးတွေနဲ့ ရိုက်ခွဲကြပါတယ်။ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် ၁၀၀ လောက်က ငရုပ်ကောင်းရည်တွေ၊ နံပတ်တွေသုံးပြီး ဆန္ဒပြသူတွေကို ဖြိုခွဲပါတယ်။ ဆန္ဒပြသူ လေးယောက်ထက်မနည်း အဖမ်းခံရပြီး ရဲတပ်ဖွဲ့ဝင် သုံးဦးထက်မနည်း ဒဏ်ရာရသွားပါတယ်။
လွှတ်တော်အဆောက်အဦးမှာ လုပ်ငန်းတချို့ကို ဖျက်လိုက်တယ်လို့ အစိုးရထုတ်ပြန်ချက် တခုထဲမှာ ဖော်ပြထားပေမဲ့ ဒီကနေ့ နှောင်းပိုင်းမှာတော့ အခြေအနေ ငြိမ်သက်သွားပါတယ်။ ဒီဖြစ်ရပ်ဟာဖြင့် နေရာအတော်များများကို နှစ်လနီးပါးကြာ သိမ်းပိုက်ထားဖူးတဲ့ အများအားဖြင့် ကျောင်းသားဆန္ဒပြသူတွေရဲ့ ပုံမှန်လုပ်ရပ်နဲ့ ကွာခြားပါတယ်။
အခုလို လွှတ်တော်ထဲဝင်ရောက်ဖို့ အတင်းကြိုးစားတာကို ဆန္ဒပြသူတွေအနေနဲ့ အကြမ်းမဖက်ကြဖို့ တိုက်တွန်းတဲ့ Civic ပါတီ ခေါင်းဆောင် Alan Leong အပါအ၀င် ဒီမိုကရေစီရေးလိုလားတဲ့ လွှတ်တော်ကိုယ်စားလှယ် အများအပြားနဲ့ ဆန္ဒပြခေါင်းဆောင် အများအပြားက ရှုတ်ချကြပါတယ်။ အင်္ဂါနေ့တုန်းကတော့ ဆန္ဒပြသူတွေ စက်တင်ဘာလကတည်းက သိမ်းထားတဲ့ နေရာတခုကို အာဏာပိုင်တွေက ၀င်ရှင်းချိန်မှာ ဆန္ဒပြသူတွေက ငြိမ်းငြိမ်းချမ်းချမ်းပဲ နေခဲ့ကြပါတယ်။
 VOA

ဦးအောင်သောင်း၏ ပြည်နယ်အမည်ပြောင်းခြင်းအဆို စိတ်ဝမ်းကွဲမှုပိုများနိုင်ဟု သျှမ်းအမတ်ပြော

ပြည်နယ်များနာမည်ကို မြို့များနာမည်ဖြင့်ပြောင်းလဲရန်လွှတ်တော်တွင်း ဦးအောင်သောင်း၏ အကြံပြု ချက်သည် တိုင်းရင်းသားအကြား အမြင်မတူစေမှုများပြားလာနိုင်စေပြီး စိတ်ဝမ်းကွဲမှုလည်း ပိုမိုဖြစ်စေ နိုင်ကြောင်း သျှမ်းပါတီများကပြောသည်။


(SNDP) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော်


ပြည်နယ် ၇ ခု၏နာမည်ကို လက်ရှိလူမျိုးစုနာမည်အစား မြို့တော်များ၏ နာမည်အဖြင့် ပြောင်းလဲရန် နိုဝင်ဘာ ၁၇ ရက် ပြည်ထောင်စုလွှတ်တော်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက အကြံပြုချက်တင်သွင်းလိုက်ခြင်းဖြစ်သည်။

“တိုင်းရင်းသားတွေကြားထဲမှာပိုပြီးသွေးဝမ်းကွဲတာဖြစ်မယ်။ အမြင်မတူတာတွေဖြစ်လာမယ်။ စိတ် ဝမ်းကွဲမှုတွေ ပိုမိုကြီးထွားလာစေတဲ့ အတွက်ကြောင့် တိုင်းရင်းသားစည်းလုံးညီမှုကို ထိခိုက်စေ နိုင်တဲ့ အတွက် မတင်သင့်ဘူးလို့ ကျနော့်အနေနဲ့ ယူဆတယ်” ဟု  သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော်က ပြောသည်။

စိုင်းသီဟကျော်၏ ကန့်ကွက်စာ


လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးပြဿနာသည် တိုင်းရင်းသားလူမျိုးနာမည်တွေကြောင့် ဖြစ်သည့် ပြဿနာမဟုတ်သည့်အတွက် လတ်တလောအခြေအနေမှာ နာမည်ပြဿနာထက် ပြည်နယ်နှင့်တိုင်း ခွဲခြားထားသည့် ကိစ္စကို ပြောသင့်ကြောင်း ဦးအောင်သောင်း၏ အကြံပြုချက်ကို လွှတ်တော်တွင် ကန့်ကွက်ထားသည့် စိုင်းသီဟကျော်ကဆိုသည်။

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှုးဦးစိုင်းညွန့်လွင်က “ သူ့ သမိုင်းနဲ့သူလာတယ်။ ဒေသတွေကသျှမ်းဆိုလည်းသျှမ်း ၊ကချင်ဆိုလည်းကချင်ပေါ့။   ပြည်ထောင်စု ပေါင်းတုန်းကလဲ သျှမ်းပြည်နယ်ပေါင်းခဲ့တာပဲ။ အခုကျမှ ဒါတွေကိုဖျောက်ဖျက်ပစ်လို့မရဘူးလေ ပြဿနာတွေ အများကြီးဖြစ်ကုန်မှာပေါ့ ” ဟု ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ၊ ပုဒ်မ ၄၉ တွင်ပါရှိသော ပြည် နယ် ၇ ခု ၊တိုင်း ၇ ခုနှင့်ပြည်ထောင်စုနယ်မြေများကို ပိုင်ခြားသတ်မှတ်ခြင်း တွင်  ဦးအောင်သောင်း က ပြည်နယ်ခုနစ်ကို လူမျိုးစုအမည်အစားမြို့တော်အမည်များဖြင့်ပြောင်းလဲရန် အကြံပြုထားကြောင်း အောက်တိုဘာ ၂၂ ရက် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာပါရှိသည်ဟု 7 day နေ့စဉ် သတင်းစာတွင် ဖော်ပြထား သည်။

“ဖွဲ့စည်းပုံကိုပြင်ပြီးမှ ဖြစ်မှာပါ ဖွဲ့စည်းပုံမပြင်ဘဲနဲ့ ဒီကိစ္စကိုလုပ်လို့မရပါဘူး။ ဖွဲ့စည်းပုံထဲမှာလဲ ပါပြီးသား။ ဒေသတွေရဲ့ နာမည်ပြောင်းမယ်ဆိုရင် ပြည်သူတွေရဲ့ ဆန္ဒကိုရယူမှသာ ပြင်ရမယ်ဆိုတဲ့ အချက်ပါပြီးသား။ ဒါပြင်နိုင်တယ် မပြင်နိုင်ဘူးဆိုတာ ပြည်သူတွေရဲ့ သဘောကိုယူသင့်တယ်” စိုင်းသီဟကျော်က ဆိုသည်။

၂၀၀၈ အခြေခံဥပဒေ၊ အခန်း ၁ ပုဒ်မ ၉ (ဂ) တွင် တိုင်းဒေသကြီးတစ်ခုခု၏အမည်ကိုဖြစ်စေ၊ ပြည်နယ်တစ်ခုခု၏အမည်ကိုဖြစ်စေပြောင်းလဲသတ်မှတ်လိုလျှင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းနေထိုင်ကြသော နိုင်ငံသားများ၏ ဆန္ဒရယူပြီးဥပဒေပြဌာန်းခြင်းဖြင့် ပြောင်းလဲသတ်မှတ်ရမည်ဟုဖော်ပြထားသည်။
သျှမ်းသံတော်ဆင့်

အစိုးရလက်နက်ကြီးကြောင့် KIA ဗိုလ်လောင်း ၂၀ သေဆုံး

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ဌာနချုပ် လိုင်ဇာအနီးက ဗိုလ်သင်တန်းကျောင်းကို အစိုးရတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဆံ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အနည်းဆုံး သင်တန်းသား ၂၀ သေဆုံးခဲ့တယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်က ပြောပါတယ်။
လောလောဆယ်မှာ ကချင်ပြည်နယ် မန်စီမြို့နယ်နဲ့ ဟိုပင်မြို့နယ်ဘက်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး နှစ်ဘက်အကြား ညှိနှိုင်းနိုင်ဖို့ ကြိုးစားနေပေမဲ့ အလားအလာ မကောင်းဘူးလို့လည်း သုံးသပ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။
အစိုးရတပ်နဲ့ KIA အကြား ကာလအတော်ကြာ တိုက်ပွဲတွေ ငြိမ်သက်နေရာက ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပြီး ဒီကနေ့မှာတော့ KIA ဌာနချုပ် လိုင်ဇာမြို့အနီးကို လက်နက်ကြီးနဲ့ စတင် ပစ်ခတ်တိုက်ခိုက်လာတာ ဖြစ်ပါတယ်။ ဒီကနေ့ အစိုးရတပ်က တိုက်ခိုက်တာကြောင့် ထိခိုက်တဲ့အခြေအနေကို ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွမ်ဂျာက အခုလို ပြောပါတယ်။
“ဒီနေ့ ၁၁ နာရီ မိနစ် ၂၀ မှာ ခရာတောင်ကနေပြီးတော့မှ ဒီ KIO-KIA ဗိုလ်လောင်းသင်တန်းကျောင်းကို လက်နက်ကြီး ၁၀၅ နဲ့ ၂ လုံး လှမ်းပစ်တယ်ခင်ဗျ။ လှမ်းပစ်တဲ့နေရာမှာ သူတို့ KIO ဘက်ကတော့ သင်တန်းသားတွေပေါ့လေ ဗိုလ်လောင်းသင်တန်းသားတွေ အယောက် ၂၀ သေပြီးတော့မှ ၁၆ ယောက် ဒဏ်ရာရသွားတယ်ဆိုတာ သိရတယ်ဗျ။”
ခရာတောင်ဟာ လိုင်ဇာဒေသမှာ အမြင့်ဆုံးတောင်ဖြစ်ပြီး ဒီတောင်ကုန်းကို ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းက အစိုးရတပ်တွေက သိမ်းယူခဲ့တာလည်း ဖြစ်ပါတယ်။ ဒီကနေ့မနက် အစောပိုင်းက ဟိုပင်မြို့နယ် အင်းတော်ကြီးဒေသဘက်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။
“လုံးသိုဘက်ပေါ့လေ မိုင်းလောင်ဘက် KIA ရဲ့ တပ်ရင်း ၂၆ ရှိတဲ့ နေရာအနီးတ၀ိုက်မှာရှိတဲ့ ရှေ့တန်း Post တခုမှာလည်းပဲ ဒီမနက် ၃ နာရီမှာ တပ်ကနေပြီးတော့မှ တိုက်ပွဲဖြစ်လို့ အဲ့ဒီ Post ကိုလည်း တပ်က မီးရှို့ပစ်လိုက်ပြီဆိုတာ သတင်းတော့ ကြားရတယ်။”
ဒီလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေက မန်စီမြို့နယ်အတွင်းမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီကနေ့ ဖြစ်ပွားတဲ့ အခြေအနေကို ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က အစိုးရဘက်ကို အကြောင်းကြားထားပေမဲ့ နှစ်ဘက် ညှိနှိုင်းဆွေးနွေးဖို့ကတော့ မသေချာသေးပါဘူး။
“ဟုတ်ကဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့လည်း အခု လောလောဆယ်မှာ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်မှူးကြီး သန်းအောင်ကိုလည်း ကျနော်တို့က အကြောင်းကြားပြီးပြီဗျ။ နောက်ပြီး တိုင်းကိုလည်း ကျနော်တို့က အကြောင်းကြားပြီးပါပြီ။ ဒီကနေ့ဖြစ်ခဲ့တဲ့ ပြဿနာ ဖြစ်စဉ်တွေကို။ MPC ဖက်မှာလည်း ဦးအောင်မင်းတို့ဆီမှာလည်းပဲ အကြောင်းကြားထားတာ ရှိတယ်ဗျ။ အဲ မကြာခင်မှာတော့ ပဋိပက္ခညှိနှိုင်းရေး တွေ့ဆုံဖို့ အစီအစဉ် ရှိမလား။ သို့မဟုတ်လို့ ရှိရင်လည်း နေရာအနှံ့မှာ အခုလိုပဲ တိုက်ပွဲတွေ ပြန်ထပ်ဖြစ်နေမယ် ဆိုလို့ကတော့ တွေ့ဆုံဆွေးနွေးဖို့ကိစ္စ ဘာညာလည်းပဲ သိပ်တော့ အလားအလာတော့ မကောင်းသေးပါဘူးပေါ့ဗျာ။”
ဒီကနေ့ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။ KIO ရဲ့ ဒုက္ခသည်ရေးရာ ကော်မတီ တာဝန်ခံ ဦးဒွဲပီဆာကတော့ -
“ကျနော်တို့ တပ်ကိုပေါ့ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။”
ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဆက်သွယ် မေးမြန်းရာမှာတော့ တာဝန်ကျအရာရှိ မရှိကြောင်းသာ ပြန်ကြားပါတယ်။ KIO အဖွဲ့ဟာ ၁၉၉၄ ခုနှစ်က စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ လက်ရှိ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရတက်လာပြီးနောက်မှာ အစိုးရတပ်နဲ့ KIO အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီး နှစ်ဘက် ကိုယ်စားလှယ်တွေ အကြိမ်ကြိမ် ဆွေးနွေးခဲ့ပေမဲ့ တိုက်ခိုက်တာတွေ မရပ်ဆိုင်းနိုင်ခဲ့ပါဘူး။
လက်ရှိ ၃ နှစ်ကျော်ကြာ တိုက်ပွဲကာလအတွင်းမှာတော့ ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည် ၁ သိန်းကျော်ဟာ မြစ်ကြီးနား၊ ဗန်းမော်၊ ၀ိုင်းမော် စတဲ့ မြို့တွေအပြင် တရုတ်မြန်မာနယ်စပ်က KIO ထိန်းချုပ်ရာ စခန်းတွေမှာပါ ထွက်ပြေးခိုလှုံနေရပါတယ်။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား တပြည်လုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲဟာလည်း ၂ လနီးပါးကြာ ရပ်တန့်နေခဲ့ပြီး ဒီလမကုန်ခင်မှာတော့ နှစ်ဘက်ကိုယ်စားလှယ်တွေ ပြန်လည်တွေ့ဆုံ ဆွေးနွေးဖို့ ရှိနေပါတယ်။
VOA

Tuesday, November 18, 2014

တိုင်းရင်းသားကျေးရွာတွေ ထူထောင်ပေးရေး ရခိုင်ပြည်နယ်လွှတ်တော် အတည်ပြု

 
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်မြို့တွေဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ ရခိုင်တိုင်းရင်းသားကျေးရွာတွေ ထူထောင်ပေးဖို့ ရခိုင်ပြည်နယ် အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်ပါတယ်။

ဘူးသီးတောင်၊ မောင်တောဒေသမှာရှိတဲ့ ရခိုင်တိုင်းရင်းသားအရေအတွက်ဟာ ၄ ရာခိုင်နှုန်းခန့်သာရှိတာကြောင့် အဲဒီ့ဒေသမှာ ရခိုင်တိုင်းရင်းသားတွေ ပျောက်ကွယ်မသွားဖို့ရည်ရွယ်ပြီး အစိုးရကို တိုက်တွန်းတာလို့ အဆိုတင်သွင်းသူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောပါတယ်။

"ရခိုင်ပြည်နယ်ရဲ့ ပထဝီအအနေအထားနဲ့ လုံခြုံရေးအရ ကာကွယ်လို့လဲ ရနိုင်မယ့်အနေအထား မရှိဘူးပေါ့နော်၊ ဒီနေ့ ဘင်္ဂါလီတွေဟာ ဘူးသီးတောင်၊ မောင်တောနယ်မြေတွေမှာ ရခိုင်လူမျိုးတွေထက် ရာနှုန်းအများကြီး နေထိုင်ကြတယ်၊ ဒီအတိုင်းသာဆိုရင် မကြာမီ ရခိုင်လူမျိုးပျောက်ပြီးတော့ ဒီနယ်မြေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ရောက်သွားမှာပေါ့နော်၊ ဒါကို ရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ ရခိုင်ပြည်နယ်အစိုးရကို အဆိုတင်ရခြင်းဖြစ်တယ်"

ရခိုင်ပြည်နယ်မှာ ကိုလိုနီနယ်ချဲ့တွေ အုပ်ချုပ်ခဲ့တဲ့အချိန်ကစပြီး ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ခေတ်အဆက်ဆက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့အတွက် ရခိုင်တိုင်းရင်းသားတွေက နီးစပ်ရာမြို့နယ်တွေကို ထွက်ပြေးနေထိုင်ခဲ့ကြရတယ်လို့လည်း ဦးတက်ထွန်းအောင်က ပြောခဲ့ပါတယ်။

အဲဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက ထောက်ခံဆွေးနွေးပြီး ကန့်ကွက်တဲ့သူမရှိတဲ့အတွက် လွှတ်တော်က အတည်ပြုလိုက်တာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်ရဲ့ ရခိုင်ပြည်အနှံ့မှာနေထိုင်နေကြတဲ့ ရခိုင်တိုင်းရင်းသားတွေကို စုဆောင်းပြီး ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ ရခိုင်တိုင်းရင်းသားကျေးရွာတွေ ထူထောင်တည်ဆောက်ပေးဖို့ ဆိုတဲ့အဆိုဟာ အမှန်တကယ်မှာ လက်တွေ့မကျဘူးလို့ ရခိုင်ဒေသခံတွေက ပြောကြပါတယ်။

RFA Burmese

ဂျေရုဆလင်မှာ ဂျူး ဝတ်ပြုသူတွေကို ပါလက်စတိုင်း ၂ဦးက သတ်ဖြတ်


နှစ်ပေါင်း များစွာအတွင်း ဂျေရူဆလင်မှာ အဆိုးရွားဆုံး တိုက်ခိုက်မှု ဖြစ်
ဂျေရူဆလင်မြို့ အနောက်ပိုင်းက ဂျူး ဘာသာရေး ဝတ်ကျောင်းတော် တစ်ခုမှာ သေနတ်တွေ၊ ဓားတွေ၊ ပုဆိန်တွေ ကိုင်ဆောင် ထားတဲ့ ပါလက်စတိုင်း ၂ ဦး တို့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေး ၄ ဦး သေဆုံး သွားပြီး ၈ ဦး ဒဏ်ရာ အပြင်းအထန် ရသွားပါတယ်။

တိုက်ခိုက် ခဲ့သူတွေလည်း အစ္စရေး ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံး သွားပါတယ်။

ဒါဟာ နှစ်ပေါင်း များစွာ အတွင်း ဂျေရူဆလင်မှာ အဆိုးရွားဆုံး တိုက်ခိုက် ခံရမှု ဖြစ်ပါတယ်။

ပါလက်စတိုင်း ဟားမတ်စ် အဖွဲ့နဲ့ ပါလက်စတိုင်း သမ္မတ မာမွတ် အက်ဘာ့စ် တို့ရဲ့ လှုံ့ဆော် သွေးထိုး မှုတွေကြောင့် အခုလို အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပေါ် ရတာလို့ အစ္စရေး ဝန်ကြီးချူပ် ဘင်ဂျမန် နေတန်ညာဟု က စွပ်စွဲ လိုက်ပါတယ်။

ဂျေရူဆလင်မ် မြို့တော်ဝန် နာ ဘာကတ် ကလည်း ဒီ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပြောရာမှာ ဝတ်ကျောင်းတော် တစ်ခုထဲကို ဝင်ပြီး ဝတ်ပြု ဆုတောင်း နေသူတွေကို သားသတ်ဓားနဲ့ သတ်ဖြတ်တယ် ဆိုတဲ့ အပြု အမူမျိုးကို လူသား စင်စစ်တွေ မကျူးလွန်ဘူးလို့ ပြောပါတယ်။

ပါလက်စတိုင်း တွေရော အစ္စရေးတွေပါ သေဆုံး ကြရတဲ့ အခုလို အကြမ်းဖက်မှုတွေ ပေါက်ကွဲ ထွက်ပေါ်လာတာဟာ အစ္စရေး ဝန်ကြီးချူပ် နေတန်ညာဟုရဲ့ အပြုအမူ တွေကြောင့် ဖြစ်တယ်လို့ ပါလက်စတိုင်း ဘက်က ထိပ်တန်း အရာရှိ တစ်ဦးဖြစ်တဲ့ မာစတာဖာ ဘာဂေါက်တီ ကတော့ တုန့်ပြန် ပြောဆို ထားပါတယ်။
BBC

ဗုံးကွဲမှုနဲ့ ပတ်သက်ပြီး မြန်မာဘက်က လူတစ်ဦး ဖမ်းဆီးထားကြောင်း အိန္ဒိယရဲ ဆို

burdwan_blast
အိန္ဒိယ ရဲ့ အနောက်ဘင်္ဂလား ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပေါက်ကွဲမှု တစ်ခုနဲ့ ပတ်သက်ပြီး၊ မြန်မာ နိုင်ငံဘက်က လူတစ်ဦးကို ဖမ်းဆီးထားတယ် ဆိုပြီး အိန္ဒိယရဲ့ အကြမ်းဖက် တိုက်ဖျက် ရေး ဌာန က ပြောပါတယ်။

အဲဒီ့ ခါလစ် မိုဟာမက် ဆိုသူဟာ လက်လုပ်ဗုံး ပြုလုပ်ခဲ့တယ် ဆိုပြီး သံသယ အရှိခံရသလို၊ ရိုဟင်ဂျာ မွတ်ဆလင်မ် သွေးစည်းညီညွတ်ရေး အဖွဲ့ RSO ရဲ့ အဖွဲ့ဝင်တစ်ဦး ဆိုပြီးတော့ လည်း စွပ်စွဲ ခံထား ရပါတယ်။

အသက်၂၈ နှစ်အရွယ် ခါလစ်ဒ် မိုဟာမက်ဒ်ဟာ မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ် အခြေစိုက် RSO အဖွဲ့ရဲ့ လေ့ကျင့်ရေး စခန်းတွေကို ဦးဆောင် လှုပ်ရှားနေသူ ဖြစ်ပြီး၊ ဖောက်ခွဲရေး ပစ္စည်း ကျွမ်းကျင်သူ တဦး ဖြစ်တယ် လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ အဖွဲ့က ပြောကြောင်း IBN အိန္ဒိယ ရုပ်မြင်သံကြား သတင်းဌာန မှာ ဖော်ပြ ထားပါတယ်။

သူဟာ စာရွက်စာတမ်း အတုတွေနဲ့ အိန္ဒိယနိုင်ငံမှာ နေထိုင်နေပြီး ပါကစ္စတန် အခြေစိုက် လက်နက်ကိုင် အုပ်စုတွေ ဆီမှာ သင်တန်းတွေ တက်နေတယ် ကြောင်း အစောပိုင်း စုံစမ်း စစ်ဆေးချက်တွေ အရ သိရတယ် လို့လည်း ဆိုပါတယ်။

သူ့ကို ဖမ်းဆီးမိစဉ် IS အစ္စလာမစ် လက်နက်ကိုင် အဖွဲ့ အပါအဝင် ဂျီဟာ့ဒ် ဝါဒီတွေ နဲ့ ဆိုင်တဲ့ စာရွက် စာတမ်းတွေ၊ ဖောက်ခွဲရေး ပစ္စည်း ထုတ်လုပ်နည်း စာရွက် စာတမ်းတွေ လည်း တွေ့ခဲ့ကြောင်း ရဲက ပြောပါတယ်။

သူ့ကို ဖမ်းဆီးခဲ့တဲ့ အကြောင်းအရင်း ဖြစ်တဲ့ ဘာ့ဒ်ဝန် ခရိုင်က အိမ်တစ်လုံး ပေါက်ကွဲမှုဟာ အကြမ်းဖက် အဖွဲ့တဖွဲ့ နဲ့ ဆက်စပ် နေတဲ့သူတွေ လက်လုပ်ဗုံးတွေ လုပ်နေရင်း ဖြစ်ပွားခဲ့တာ လို့ ရဲက ပြောပါတယ်။

ပေါက်ကွဲမှု အတွင်း လူ၂ ဦး သေဆုံးခဲ့ပြီး ဒီပေါက်ကွဲမှု နဲ့ ပတ်သက်လို့ လောလောဆယ် လူ ၁၂ဦး ကို ထိန်းသိမ်း ထားပါတယ်။

ဒီလူတွေဟာ ဘင်္ဂလားဒေ့ရှ် အခြေစိုက် မတရားသင်း ကြေညာ ခံထားရတဲ့ ဂျမာတူလ် မူဂျာဟေဒီးန် ဘင်္ဂလားဒေ့ရှ် အဖွဲ့နဲ့ ဆက်နွယ် နေတယ် လို့လည်း ရဲက ပြောပါတယ်။
BBC

ရွေးကောက်ပွဲထိ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ပဲ သွားမယ်

Thura Shwe Mann
   ပြည်ထောင်စု လွှတ်တော်နာယက သူရ ဦးရွှေမန်း

၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် အခြေခံဥပဒေပြင်ဆင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြောလိုက်ပါတယ်။

နေပြည်တော်က ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီး သူရ ဦးရွှေမန်းက သတင်းစာရှင်းလင်းပွဲလုပ်ရာမှာ သတင်းထောက်တွေကို ပြောကြားလိုက်တာပါ။

လာမယ့် နိုဝင်ဘာ ၂၅ ရက်နေ့မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ အပြီးသတ် ဆုံးဖြတ်ဖို့ ရှိပြီး၊ အဲဒီရလဒ်ကတဆင့် နောက်လွှတ်တော်မှာ ဥပဒေကြမ်းတွေ ထွက်လာမယ်၊ အဲဒီဥပဒေတွေထဲက တချို့အတွက် ၂၀၁၅ မေလမှာ လူထု ဆန္ဒခံယူပွဲ လုပ်မယ်၊ ပြင်ဆင်ချက်တွေ အသက်ဝင်ဖို့ဆိုရင်တော့ ရွေးကောက်ပွဲနောက်ပိုင်း လွှတ်တော်ကနေသာ လုပ်နိုင်မယ်လို့ ဦးရွှေမန်းက ပြောပါတယ်။

ကြံခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဌလည်း ဖြစ်တဲ့ သူရ ဉီးရွှေမန်းက သူ့ပါတီအနေနဲ့လည်း အခြေခံဥပဒေပြင်ဆင်ရေးကို ကြိုးပမ်းနေပေမယ့် အထူးသဖြင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ လက်တွေ့မှာတော့ တပ်မတော်က ခွင့်ပြုသလောက်သာ ဖြစ်လာမှာလို့လည်း သူက ပြောပါတယ်။

''အောင်မြင်ဖို့အတွက်ကတော့ တပ်မတော်သားကိုယ်စားလှယ်တွေ၊ တပ်မတော်သားကိုယ်စားလှယ်တွေကို ဦးဆောင်တဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြီးတဲ့အခါမှာ အစိုးရအဖွဲ့၊ အစိုးရအဖွဲ့ကို ခေါင်းဆောင်တဲ့ နိုင်ငံတော်သမ္မတကြီး၊ နိုင်ငံတော်သမ္မတကြီးအနေနဲ့လည်း တကယ်တမ်း ကျတော့ တပ်မတော်အပေါ်မှာ ထိုက်သင့်တဲ့ ဩဇာရှိသူ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် အောင်မြင်ရေး မအောင်မြင်ရေးဟာ သူတို့အပေါ် တည်တယ်လို့ပဲ ပြောချင်ပါတယ်။''

ပုဒ်မ ၄၃၆ ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးမှာ အဓိကအကျဆုံး ပုဒ်မတစ်ခုလည်း ဖြစ်ပါတယ်။

NLD အပါအဝင် နိုင်ငံရေးအင်အားစု အများအပြားက ၄၃၆ လို အရေးကြီးတဲ့ ပုဒ်မတွေကို ရွေးကောက်ပွဲ မတိုင်ခင်မှာ ပြင်ဆင်နိုင်ဖို့လိုတယ်လို့ ပြောထားကြပါတယ်။

NLD ပါတီက ကျောက်ပန်းတောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်ကတော့ တကယ်လို့သာ ၂၀၁၅ ရွေးကောက်ပွဲပြီးမှ ပြင်နိုင်မယ်ဆိုရင် လက်ရှိ ကြိုးပမ်းနေမှုတွေက အလဟဿ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ တွေ့ဆုံဆွေးနွေးနိုင်ရင်၊ ၄၃၆ ပြင်နိုင်ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အမြန် မပြင်ဆင်နိုင်စရာ အကြောင်းမရှိဘူးလို့လည်း ဆိုပါတယ်။

သူရ ဦးရွှေမန်းက ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း သူကိုယ်တိုင်လည်း သမ္မတဖြစ်ဖို့ ကြိုးပမ်းသွားမယ်လို့လည်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
BBC

Monday, November 17, 2014

နတ္တလင်းမြို့နယ်က လယ်ယာမြေတွေပြန်ပေးဖို့ လယ်သမားတွေ ဆန္ဒပြ

 
ပဲခူးတိုင်းဒေသကြီး နတ္တလင်းမြို့နယ် ဒါးမာငယ်ကျေးရွာမှာ လယ်ယာမြေဧက ၅၀၀ လောက်ကို ပြန်ပေးဖို့အတွက် ဒေသခံလယ်သမား ၂၀၀လောက် ဒီကနေ့ နတ္တလင်းမြို့ မြေစာရင်းဦးစီးဌာနရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက တစ်ထောင်ခန့်ကို စစ်တပ်ကပြန်ပေးခဲ့ပေမဲ့ ဒါးမာငယ်ကျေးရွာက လယ်မြေဧက ၅၀၀ခန့်ကို မြေစာရင်းဦးစီးဌာနက ပြန်မပေးသေးတာကြောင့် အခုလို ဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ နတ္တလင်းမြို့နယ် လယ်သမားအရေးဆောင်ရွက်သူ ကိုတင်မောင်လင်းက ပြောပါတယ်။

"သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၁ဝဝဝ ရှိပါတယ်၊ အဲဒီ့ထဲက ၅၅ဝ ကို ပြန်ပေးပြီးပါပြီ၊ နှစ်တော်တော်ကြာ သိမ်းဆည်းထားတယ်ပေါ့၊ လယ်ယာမြေတွေက ဆုံးရှုံးသွားတော့ ကျပန်းပဲလုပ်စားရတာပေါ့၊ ကျနော်တို့ နိုင်ငံတော်အကြီးအကဲတွေအထိ အဆင့်ဆင့်တိုင်ကြားတယ်၊ အကြောင်းကြားတယ်၊ ဘာမှထူးခြားမလာလို့ အခုလိုဆန္ဒပြရခြင်းဖြစ်တယ်"

ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ်က ဒါးမာငယ်ကျေးရွာက လယ်သမား ၁၃၀ ကျော် လုပ်ကိုင်နေတဲ့ လယ်ယာမြေဧက ၁၀၀၀ ခန့်ကို တပ်မတော် ခမရ ၄ တပ်ရင်းက သိမ်းဆည်းခဲ့တာလို့ ဆိုပါတယ်။

RFA Burmese

အကြမ်းဖက် ဖေါက်ခွဲမယ့်သူ ၄ ဦးကို ရှမ်းပြည်နယ်မှာ ဖမ်းဆီးမိ

သိန္နီ ကနေ ကွတ်ခိုင် သွားတဲ့ ဂိတ် တခုမှာ ဖမ်းဆီး မိခဲ့ တာ ဖြစ်ပါတယ်

မြန်မာ နိုင်ငံမှာ အကြမ်းဖက် ဖေါက်ခွဲမှု တွေ လုပ်ဖို့ သံသယ ရှိသူ ၄ ဦးကို ရှမ်းပြည် မြောက်ပိုင်း သိန္နီ မြို့မှာ ဖမ်းဆီး ရမိ ခဲ့တယ်လို့ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့က ပြောပါတယ်။

မကြာသေးခင်က ဖမ်းဆီးမိ ခဲ့တဲ့ ဒီလူတွေဟာ မူဂျာဟစ်ဒင် အဖွဲ့နဲ့ ဆက်စပ် နေတယ် သူတွေ ဖြစ်ပြီး သူတို့ ကို သိန္နီ ကနေ ကွတ်ခိုင် သွားတဲ့ ဂိတ် တခုမှာ ဖမ်းဆီး မိခဲ့ တာလို့ မြန်မာ နိုင်ငံ ရဲဦးစီး အရာရှိ ချုပ် ရဲမှူးချုပ် ဝင်းခေါင်က ဘီဘီစီကို ပြောပါတယ်။

ဘင်္ဂ္လားဒေ့ရှ် နိုင်ငံမှာ တရား မဝင် အခြေစိုက် တဲ့ မူဂျာဟစ်ဒင် အဖွဲ့ ကနေ လူသစ် စုစောင်း ထားသူတွေ ဖြစ်ပြီး၊ သူတို့ဟာ မြဝတီ ဘက် တောတွင်း တနေ ရာမှာ အကြမ်းဖက် သင်တန်းတွေ တက်လာ ခဲ့တာလို့ ရဲမှူးချုပ် ဝင်းခေါင်က ပြောပါတယ်။

အားလုံးဟာ မြန်မာ နိုင်ငံသားတွေ ဖြစ်ကြပြီး၊ အကြမ်းဖက် မှုတွေ ဖေါက်ခွဲ မှုတွေ လုပ်ဖို့ သင်တန်းတွေ တက်လာ ခဲ့တယ် ဆိုတာကို ဒီ ၄ ဦးက ဝန်ခံ တယ်လို့ လည်း ရဲမှူးချုပ်က ပြောပါတယ်။

မကြာသေး ခင်က မော်လမြိုင်မှာ ဓာတ်ပုံ တွေနဲ့ တကွ ထုတ်ပြန် ထားခဲ့တဲ့ အကြမ်းဖက် ဖေါက်ခွဲ ဖို့ ကြံစည်သူ ၄ ဦး နဲ့ အခု ဖမ်းဆီးမိ သူတွေဟာ ဆက်စပ်မှု ရှိမရှိ ကိုတော့ အတည် ပြုနိုင်ခြင်း မရှိသေး ဘူးလို့လည်း ရဲမှူးချုပ်က ပြောကြား သွားခဲ့ ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

တာလီဘန်ဆန့်ကျင်ရေးစစ်ပွဲအတွင်း ပါကစ္စတန်စစ်တပ်က စစ်သွေးကြွ ၁၂၀၀ ကို သတ်ခဲ့ဟု ဆို

 
ပါကစ္စတန်စစ်တပ်ဟာ ကျန်ခဲ့တဲ့ ၅ လအတွင်း တာလီဘန်ဆန့်ကျင်ရေး ခုခံစစ်ပွဲအတွင်း စစ်သွေးကြွလို့ သံသယရှိသူ အယောက် ၁၂၀၀ ကို သတ်ခဲ့တယ်လို့ အကြီးတန်း အရာရှိတွေက နိုဝင်ဘာလ ၁၅ ရက်နေ့က ပြောပါတယ်။

စစ်သွေးကြွတွေရဲ့ တိုက်ခိုက်နိုင်စွမ်းကို အသည်းအသန် လျှော့ချဖို့ ခုလိုလုပ်တာလို့ ပဋိပက္ခ ဖြစ်ရာဒေသကို ရှားရှားပါးပါး ခရီးစဉ်အတွင်းမှာ ပြောပါတယ်။

ဇွန်လကစတဲ့ စစ်ဆင်ရေးဟာ နိုင်ငံမြောက်ပိုင်း တောင်တန်းပေါရာ ဝါဇီရစ္စတန်ဒေသမှာ ခြေကုပ်ယူထားတဲ့ စစ်သွေးကြွခြေကုပ်စခန်းကို ပစ်မှတ်ထားခဲ့တာပါ။ ဒီဒေသဟာ အာဖဂန် နစ္စတန်နဲ့ နယ်စပ်ဖြစ်ပြီး ၂ နိုင်ငံလုံးက လူသေစေတဲ့ တိုက်ခိုက်မှုတွေအတွက် အခြေစိုက် တပ်စခန်းလည်း ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်ကနေ အနောက်မဟာမိတ်တပ်တွေ ဆုတ်ခွာချိန်မှာ ခုခံစစ်ကို ဆင်နွှဲတာပါ။

ဒေသတွင်း ဒုတိယအကြီးဆုံးမြို့ မီယာအလီမှာတော့ တိုက်ခိုက်မှုမခံရတဲ့ အဆောက်အဦ မရှိသလောက် ဖြစ်ခဲ့ပါတယ်။  မြောက်ဝါဇီရစ်စတန် တပ်တာဝန်ခံအရာရှိ ဗိုလ်ချုပ်ကြီး ဇဖာရူလာ ခန်းကတော့ သိသာထင်ရှားတဲ့အောင်မြင်မှုတွေ ရခဲ့တယ် ထောက်လှမ်းရေး အခြေပြု စစ်ဆင်ရေးပေါင်း ၂ ထောင်လောက် လုပ်ခဲ့တယ်လို့ ပြောပါတယ်။

စစ်ဆင်ရေးမစခင်မှာ မြောက်ဝါဇီရစ္စတန်က အရပ်သားအများစု ခန့်မှန်းခြေ လူ ၁ သန်း လောက်ကို ဒေသတွင်းက ထွက်သွားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ သူတို့ ပြန်လာဖို့ ဘေးကင်းတာ ရာနှုံးပြည့်သေချာရမှာ ဖြစ်လို့ ခုတော့ ပြန်လာဖို့ ခွင့်မပြုရသေးဘူးလို့လည်း ပြောပါတယ်။

ဥပဒေမဲ့ဒေသတွင်းက ထောင်သောင်းချီနေတဲ့ လူတွေဟာ ခုတော့ သူတို့အိမ်နဲ့အဝေးမှာ ဆိုးရွားပြင်းထန်တဲ့ ဆောင်းရာသီကို ရင်ဆိုင်နေရပါတယ်။ အိမ်ပြန်ရောက်ရင်လည်း အများအပြားက တိုက်ပွဲတွေကြောင့် ပျက်စီးနေတဲ့ အိမ်တွေကိုပဲ ရှာရတော့မှာ ဖြစ်ပါတယ်။

By ဒီဗွီဘီ

နယ်သာလန်နိုင်ငံရှိ မွေးမြူရေးခြံတစ်ခြံတွင် ကြက် ငှက်တုပ်ကွေး ရောဂါကူးစက်မှုကြောင့် ကြက်ကောင်ရေ ၁၅၀၀၀၀ ကို သုတ်သင်ရှင်းလင်း




အမ်စတာဒမ် ၊ ၁၇-၁၁-၂၀၁၄

နယ်သာလန် နိုင်ငံရှိ မွေးမြူရေး ခြံတစ်ခြံတွင် လူသားများ ထံသို့ ကူးစက်နိုင်သည့် ကြက်၊ ငှက်တုပ်ကွေး ရောဂါကူးစက် မှုကြောင့် အဆိုပါ မွေးမြူရေးခြံမှ ကြက်ကောင်ရေ ၁၅ဝဝဝဝ (ပုံ) ကို သုတ်သင် ရှင်းလင်းလျက် ရှိကြောင်း အဆိုပါ နိုင်ငံမှ စီးပွားရေး ဝန်ကြီးဌာန က ယမန်နေ့တွင် ထုတ်ပြန် ခဲ့သည်။
ထို့ပြင် အာဏာပိုင် များသည် အဆိုပါ မွေးမြူရေးခြံမှ ထွက်ရှိသည့် ကြက်ဥနှင့် အခြား ထွက်ကုန်များကို ဈေးကွက် အတွင်းသို့ တင်ပို့ ရောင်းချခြင်းကို တားမြစ် ထားကြောင်း အဆိုပါ ဝန်ကြီးဌာနမှ
ပြောရေးဆိုခွင့် ရှိသူ ဂျန်ဗန်ဒီပင် က ပြောကြား ထားသည်။

ကြက်၊ ငှက်တုပ်ကွေး ကူးစက်မှု ဖြစ်ပွားသည့် မွေးမြူရေးခြံ မှာ မြို့တော် အမ်စတာဒမ် တောင်ပိုင်းမှ ၆၅ ကီလိုမီတာ အကွာရှိ ဟီကင်ဒေါ့ပ် မွေးမြူရေး ခြံတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ရောဂါပိုး မည်သို့မည်ပုံ စတင်ကူးစက် ခဲ့သည်ကို အတိအကျ မသိရ သေးကြောင်း အာဏာပိုင် များက ပြောကြား ခဲ့သည်။

လက်ရှိအချိန်တွင် အာဏာပိုင် များသည် အဆိုပါ မွေးမြူရေး ခြံမှ ထွက်ရှိသည့် ဓာတ်မြေသြဇာ နှင့် မြက်ခြောက် များကို နိုင်ငံအတွင်းရှိ အခြားဒေသသို့ သယ်ယူ ပို့ဆောင်ခြင်းကို တားမြစ်ထားပြီး ရောဂါ စတင်ကူးစက်မှု ဖြစ်ပွားရသည့် အကြောင်းရင်း ကို စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

#PyiChitThar

ဖမ်းဆီးပြန်ပေးဆွဲခြင်း ခံခဲ့ရသော ကျောင်းသူများ၏ မြို့ဖြစ်သည့် ချီဘော့မြို့ကို နိုင်ဂျီးရီးယား စစ်ဘက်က ပြန်လည် သိမ်းပိုက်


အာနူဂျာ ၊ ၁၆-၁၁-၂၀၁၄

နိုင်ဂျီးရီးယား စစ်ဘက်သည် ဘိုကိုဟာရမ် စစ်သွေးကြွ များ၏ ဖမ်းဆီး ပြန်ပေးဆွဲခြင်း ကို ခံခဲ့ရသော ကျောင်းသူများ၏ မြို့ဖြစ်သည့် ချီဘော့မြို့ကို ယမန်နေ့တွင် ပြန်လည် သိမ်းပိုက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

အစိုးရတပ် များသည် အဆိုပါမြို့ကို နိုဝင်ဘာ ၁၅ ရက် ညနေပိုင်း က ဘိုကိုဟာရမ် စစ်သွေးကြွ များထံမှ ပြန်လည် တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဘက်မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ်ကြီး အိုလာဂျီဒေး အိုလာလေယေး က ပြောကြားခဲ့သည်။

ဘိုကိုဟာရမ် အဖွဲ့သည့် နိုင်ဂျီးရီးယားနိုင်ငံ အတွင်း အစ္စလာမ္မစ် နိုင်ငံ တစ်နိုင်ငံကို တည်ထောင်နိုင်ရေး အတွက် ဘော်နိုပြည်နယ် အတွင်းရှိ ကျေးရွာများကို သိမ်းပိုက် နိုင်ရန် လွန်ခဲ့သည့် လများအတွင်းမှ စ၍ ကြိုးပမ်း လာခဲ့ပြီး အဆိုပါမြို့ကို စစ်သွေးကြွ များထံမှ ပြန်လည် သိမ်းပိုက်နိုင်ရန် စစ်ဘက်က ဒေသတွင်းရှိ စေတနာ့ဝန်ထမ်း တပ်ဖွဲ့ များ၏ အကူအညီဖြင့် တိုက်ခိုက်ခဲ့ ရခြင်းဖြစ်သည်။

ဘိုကိုဟာရမ် စစ်သွေးကြွ များသည် ယခုနှစ် ဧပြီလအတွင်းက အဆိုပါ ဘော်နိုပြည်နယ် ချီဘော့မြို့မှ ကျောင်းသူ ၂၁၉ ဦးကို ဖမ်းဆီး ပြန်ပေးဆွဲခဲ့ရာ ယင်းကျောင်းသူ များကို အတင်းအကျပ် ဘာသာ ကူးပြောင်းခြင်း များကို လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် အနီးအနားရှိ မြို့များဖြစ်သော ဟုန်၊ ယိုလာ နှင့် ဂွန်ဘီ မြို့များအတွင်း တိုက်ခိုက်မှုများ တိုးမြှင့်ပြုလုပ် ခဲ့ကြကြောင်း သိရသည်။

#PyiChitThar

ISIS စစ်သွေးကြွက လပေါင်းများစွာ ထိန်းချုပ်ထားသည့် နိုင်ငံ၏ အကြီးဆုံး ရေနံသန့်စင်စက်ရုံတစ်ခုကို အီရတ်စစ်ဘက် မှ ပြန်လည်သိမ်းပိုက်

 
ဘဂ္ဂဒက် ၊ ၁၇-၁၁-၂၀၁၄

အီရတ် အစိုးရတပ်ဖွဲ့ များသည် ISIS စစ်သွေးကြွ များက လပေါင်းများစွာ ထိန်းချုပ် ထားသည့် နိုင်ငံ၏ အကြီးဆုံး ရေနံသန့်စင် စက်ရုံတစ်ခုကို ယမန်နေ့တွင် ပြန်လည် သိမ်းပိုက် နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

အစိုးရ စစ်ဘက်သည် ဒေသခံ တိုက်ခိုက်ရေး သမားများနှင့် အတူ ဆာလာဟူဒင် ပြည်နယ် အတွင်းရှိ ရေနံသန့်စင် စက်ရုံကို တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ် အာဏာပိုင် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ထားသည်။

ယခုအခါ အီရတ်စစ်ဘက် က သံချပ်ကာ ကားများကို ရေနံစက်ရုံ အတွင်းသို့ ဖြန့်ကြက် ချထားပြီး စက်ရုံ အနီးအနားရှိ ဒေသများ အတွင်းသို့လည်း တိုးချဲ့ ဖြန့်ကြက် ချထားရန် စီစဉ်နိုင် ခဲ့သည်။ ထို့ပြင် အစိုးရ တပ်ဖွဲ့ဝင်များ
သည် ISIS စစ်သွေးကြွ များက အဆိုပါ စက်ရုံအနီး ထောင်ထား ခဲ့သည့် လမ်းဘေးဗုံးနှင့် ဖောက်ခွဲရေး ပစ္စည်းများကို အချိန်မီ စနက်တံ ဖြုတ်နိုင် ခဲ့ကြောင်း အမည်မဖော် လိုသူ အရာရှိတစ်ဦး က ပြောကြား ထားသည်။

ယခုအခါ အစိုးရ တပ်ဖွဲ့များသည် ရေနံသန့်စင် စက်ရုံကို သိမ်းပိုက် လိုက်ခြင်းကြောင့် ISIS စစ်သွေးကြွ များကို တီကရစ်မြို့ အတွင်းမှ တိုက်ထုတ် နိုင်ရန် အခွင့်သာ ခဲ့ပြီဖြစ်သည်ဟု ဆိုသည်။ စစ်သွေးကြွ များသည် အဆိုပါမြို့ကို ယခုနှစ် ဇွန် ၁၁ ရက်မှ စတင်၍ သိမ်းပိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
#PyiChitThar

သြစတြေးလျနှင့် မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးတက်လာ

မြန်မာသမ္မတ ဦးသိန်းစိန် ညစာစားပွဲ တက်ရောက်စဉ် (ဓာတ်ပုံ - MOI)

သြစတြေးလျ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၃၀ ခန့် ရှိနေပြီး ၃၈ ရာခိုင်နှုန်းကျော် တိုးတက်လာ ခဲ့တယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

ဂျီ ၂၀ ထိပ်သီး အစည်းအဝေးပွဲကို တက်ရောက်ဖို့ သြစတြေးလျနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာသမ္မတက  ဘရစ္စဘိန်းမြို့မှာ ကျင်းပတဲ့ နှစ်နိုင်ငံ ကုန်သည်ကြီးများအသင်း ညစာစားပွဲ မိန့်ခွန်းမှာ ခုလို ထည့်သွင်းပြောကြားသွားတာပါ။

သြစတြေးလျနိုင်ငံရဲ့  မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏဟာလည်း   အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းကျော် ရှိနေပြီး နိုင်ငံအလိုက် အဆင့် ၂၀ မှာ ရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ အချက်အချာကျတဲ့ တည်နေရာ၊ ကောင်းမွန်တဲ့ ဈေးကွက်အနေအထားနဲ့ စွမ်းအားမြင့် လုပ်သားအင်အားတွေသာမက အစိုးရက ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေကြောင့် အာရှတိုက်မှာ နောက်ဆုံး ထွက်ပေါ်လာတဲ့ စီးပွားရေးနယ်မြေ တခု ဖြစ်တယ်လို့လည်း ပြောတဲ့အကြောင်းလည်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

သြစတြေးလျနိုင်ငံဟာ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေကို ၂၀၁၂ ဧပြီလက စတင် ဖယ်ရှားပေးခဲ့တာ ဖြစ်ပါတယ်။

By ဒီဗွီဘီ

ချောက်မြို့ အနီး ဗဟိုပြုပြီး ငလျှင်လှုပ်ခတ်

 
ယနေ့ ၁၇-၁၁-၂၀၁၄ နံနက် ၁၁ နာရီ ၄ မိနစ် ၁၃ စက္ကန့် က မကွေးတိုင်း ဒေသကြီး ချောက်မြို့ နဲ့  ၃၀ မိုင် ၊ ရေနံချောင်းမြို့ နဲ့ ၃၅ မိုင်၊ မင်းဘူးမြို့ နဲ့  ၄၇ မိုင်၊ မကွေးမြို့ နဲ့ ၅၀ မိုင်၊ နေပြည်တော်နဲ့  ၁၃၀ မိုင် အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်ျ)တာစကေး (၅.၄)အဆင့်ရှိ ငလျှင်လှုပ်ခတ် ခဲ့ကြောင်း သစ်ထူးလွင်မှ သတင်းရရှိပါတယ်။

အဆိုပါ ငလျှင်ကြောင့် မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး နဲ့ နေပြည်တော်တိုင်း ဒေသတွင်းရှိ ဒေသခံများ ငလျှင်လှုပ်ခတ် မှုကို သိရှိခံစား လိုက်ရကြောင်း သိရပါတယ်။

BY THIT HTOO LWIN
http://earthquake.usgs.gov/earthquakes/eventpage/usc000sy0y#dyfi

ယခုနှစ် ၁၀ လအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ခိုက်ရန်ဖြစ်မှုများ၊ လူသတ်မှုများအပါအ၀င် ပြည်တွင်း၌ အမှုပေါင်း ၁၃၀၀၀ ကျော် ဖြစ်ပွားခဲ့


ရန်ကုန်မြို့အတွင်း မော်တော်ယာဉ်များအား ပိတ်ဆို့စစ်ဆေးနေသည်ကို နိုဝင်ဘာ ၁၀ ရက် ည ၁၁ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
၂၀၁၄ ခုနှစ် ၁၀ လအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှုများ၊ လူသတ်မှုများ၊ ခိုးမှုဖြစ်စဉ်များ အပါအ၀င် ပြည်တွင်း၌ အမှုပေါင်း ၁၃၀၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ နိုဝင်ဘာ ၁၅ ရက်တွင် သိရသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ အောက်တိုဘာလကုန်အထိ ပြည်တွင်း၌ လူသတ်မှု ၁၁၂၇ မှု၊ မုဒိမ်းမှု ၆၃၀၊ ခိုးမှုငါးမျိုး၊ ၄၃၆၅ မှု၊ နာကျင် (ရိုးရိုး) ၅၇၁၇ မှု၊ ယာဉ်တိုက်မှု ၁၂၁၈၁ မှု စုစုပေါင်း ၁၃၁၂၀ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ ယခုနှစ်အတွင်း မြို့လယ်ကောင်တွင် မင်းမဲ့စရိုက်ဆန်စွာ နှစ်ဖက်အပြန်အလှန် ရိုက်မှုဖြစ်စဉ် အပါအ၀င် အုပ်စုဖွဲ့အပြန် အလှန်ရိုက်နှက်မှုများ မကြာခဏ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ် ဆယ်တောင် ၁၃ ရပ်ကွက် ခိုင်ရွှေဝါလမ်းမကြီးပေါ်တွင် သြဂုတ် ၂၈ ရက် နံနက်ပိုင်းက လူအုပ်စုနှစ်ဖွဲ့ အပြန်အလှန်ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်။

အလားတူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၁၀၇ ရပ်ကွက်ရှိ ဘိလိယက်ခုံရှိသော နေအိမ်တစ်အိမ်သို့ မင်းမဲ့စရိုက်ဆန်စွာ ရပ်ကွက်နေလူမိုက်ဆိုသူ နှစ်ဦးက လှံ၊ ဓားများကိုင်ဆောင်ကာ ၀င်ခုတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဖက်အပြန်အလှန် အမှုဖွင့်ထားကြောင်း တောင်ဒဂုံမြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။

ထို့ပြင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်ပင် စက်တင်ဘာ ၃ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင်လည်း ၁၀၇ ရပ်ကွက်နေ ကျော်သူဇင်ဆိုသူက ၁၀၅ ရပ်ကွက်နေ စိုးမြိုင်၊ ခွေးပု တို့ပါဝင်သည့် လူမိုက်အဖွဲ့ဟုဆိုသည့် အဖွဲ့အား ဓားဖြင့်လိုက်ခုတ်ခဲ့ပြီး စိုးမြိုင်တို့မှ ထွက်ပြေးခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ဒုရဲမှူးပြည့်စုံက “ဒီလို ပြည်သူတွေ အထိတ်တလန့်ဖြစ်စေမယ့် ခိုက်ရန်ဖြစ်ပွားမှုတွေနဲ့ ပတ်သက်ပြီးတော့ ဥပဒေအတိုင်းပဲ ထိရောက်စွာဆောင်ရွက်နေပါတယ်။ အခုရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ခရိုင်လေးခုလုံးမှာ မှုခင်းကျဆင်းရေး ကြိုတင်ကာကွယ်မှုနဲ့ ပတ်သက်ပြီးတော့ စီမံချက်တွေ ချမှတ်ပြီးတော့ ဆောင်ရွက်နေပါတယ်။ ဒုစရိုက်သမားတွေကို ဖမ်းဆီးတာ တရားခံပြေးတွေ ပြေးလေးပြေးတွေကို ဖမ်းဆီးတာတွေ လုပ်နေတယ်။ အလောင်းကစားမှုတွေ၊ ပြည်တန်ဆာတွေကိုလည်း စီမံချက်နဲ့ ဖမ်းဆီးနေပါတယ်” ဟု နိုဝင်ဘာ ၁၅ ရက်က ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလကုန်အထိ ပြည်တွင်း၌ မိမိကိုယ်မိမိ အဆုံးစီရင်မှုကို အမျိုးသား ၇၉၇ ဦး၊ အမျိုးသမီး ၃၀၂ ဦး စုစုပေါင်း ၁၀၉၉ ဦး ပြုလုပ်ခဲ့ရာ ၁၀၂၇ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ယင်းကဲ့သို့ မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့ရသည့် အကြောင်းအရင်းများမှာ စီးပွားရေးမပြေလည်မှုကြောင့် ၂၂၁ ကြိမ်၊ လူမှုရေး ၆၃ ကြိမ်၊ ကျန်းမာရေး ၂၆၁ ကြိမ်နှင့် အခြားအကြောင်းအရာများဖြင့် ၄၅၄ ကြိမ်တို့ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။  

ယခုနှစ် ဇန်န၀ါရီမှ အောက်တိုဘာအထိ ပြည်တွင်း၌ ဖြစ်ပွားခဲ့သော အမှုစာရင်း 
လအမည် လူသတ်မှု  မုဒိမ်းမှု ခိုးမှု (ငါးမျိုး) နာကျင် (ရိုးရိုး) ယာဉ်တိုက်မှု
ဇန်န၀ါရီ ၈၉ ၆၃ ၃၉၈ ၄၉၃ ၁၁၅၉
ဖေဖော်ဝါရီ ၁၀၇ ၆၄ ၃၅၄ ၅၅၉ ၁၂၇၉
မတ် ၁၂၃ ၇၄ ၄၁၄ ၅၇၆ ၁၃၁၀
ဧပြီ ၁၄၀ ၈၈ ၃၅၇ ၈၄၆ ၁၆၂၅
မေ ၁၂၀ ၅၃ ၄၆၇ ၅၉၂ ၁၂၆၀
ဇွန် ၉၂ ၅၇ ၄၂၈ ၅၅၇ ၁၁၁၅
ဇူလိုင် ၁၁၁ ၆၅ ၄၉၈ ၅၄၈ ၁၁၂၅
သြဂုတ် ၁၀၉ ၅၆ ၄၉၇ ၄၆၇ ၉၄၇
စက်တင်ဘာ ၁၂၃ ၅၉ ၄၆၇ ၅၁၁ ၁၁၁၇
အောက်တိုဘာ ၁၁၃ ၅၂ ၄၈၅ ၅၆၈ ၁၂၄၄


ဝင်းမြင့်ကျော်Eleven Media Group

အမျိုးသားပညာရေးဥပဒေအပေါ် ဆန္ဒပြမှုတတိယနေ့အဖြစ် ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့

အမျိုးသားပညာရေးဥပဒေအပေါ် ဆန္ဒပြမှုတတိယနေ့အဖြစ် ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့

ပညာရေးဥပဒေအသစ် ပြန်ရေးပေးရန် ဆန္ဒပြမှု အမျိုးသားနေ့တွင် ပိုမိုမြင့်တက်လာပြီး ကျောင်းသားသမဂ္ဂများက ရွှေတိဂုံစေတီ၊ ဦးအရိယကျောင်းစသော ကိုလိုနီပညာရေးကို ဆန့်ကျင်ခဲ့သည့် သမိုင်းဝင်နေရာများသို့ သွားရောက်


ပညာရေးဥပဒေအသစ် ပြန်ရေးပေးရန် အမျိုးသားနေ့တွင် ဆန္ဒပြနေသည့် ကျောင်းသားကျောင်းသူများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
အမျိုးသားပညာရေး ဥပဒေအသစ် ပြန်ရေးပေးရန် ဆန္ဒပြမှုမှာ အမျိုးသားနေ့တွင် ပိုမိုမြင့်တက်လာခဲ့ပြီး ကျောင်းသားသမဂ္ဂများက ရွှေတိဂုံစေတီ၊ ဦးအရိယဘုန်းကြီးကျောင်း စသောကိုလိုနီခေတ် ကျွန်ပညာရေးစနစ်ကို သပိတ်မှောက်ဆန္ဒပြခဲ့သည့် သမိုင်းဝင်အထိမ်းအမှတ် နေရာများသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက် ၉၄ နှစ်မြောက်အမျိုးသားနေ့တွင် အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်နေသော ဆန္ဒပြကျောင်းသား ၅၀၀ ခန့်က ၎င်းတို့သပိတ်မှောက် ဆန္ဒပြမှု ၃ ရက်မြောက် အစီအစဉ်အနေဖြင့် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြေးသွန်းဘုရားအနီးတွင် လူစုဝေးကာ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကြောင်း ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။

ထိုသို့ဟောပြောနေစဉ်အတွင်း ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ကော်မတီ(သပိတ်မှောက် ကျောင်းသားခေါင်းဆောင်) ၁၅ ဦးကို အဆင့်မြင့်ပညာဦးစီးဌာန အောက်မြန်မာပြည်၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် ရန်ကုန်မြို့ တက္ကသိုလ်အသီးသီးရှိ ပါမောက္ခချုပ်များသည် ဆွေးနွေးရန်ရှိသည်ဆိုသောကြောင့် ၎င်းတို့မှာ ကြေးသွန်းဘုရားထဲတွင် သွားရောက်တွေ့ဆုံခဲ့သည်။

“ကျွန်တော်တို့ကို ဆွေးနွေးမှုတွေလုပ်ပေမယ့် သူတို့ဟာ ဒီဥပဒေအတွက် ဆုံးဖြတ်ချက်ချနိုင်တဲ့သူတွေ မဟုတ်ပါဘူး။ သမဂ္ဂဖွဲ့စည်းခွင့် တရားဝင်ရရေး၊ ပညာရေးဘတ်ဂျက် တိတိကျကျ ဖော်ပြပေးဖို့၊ ဗဟိုချုပ်ကိုင်မှုများနေတဲ့အချက် စတာတွေကို ဒီဥပဒေမှာပဲ ပြန်ပြင်ပေးဖို့ရာ သူတို့အာမခံ မပေးနိုင်ပါဘူး။ ဒါကြောင့် ဆွေးနွေးမှုကို ရပ်နားလိုက်ရတာပါ” ဟု ဒီမိုကရေစီပညာရေး လှုပ်ရှားမှုကော်မတီမှ ဒဂုံတက္ကသိုလ်ကျောင်းသား ကိုနန်းလင်းက ပြောကြားသည်။

ထိုသို့ဆွေးနွေးမှု ရပ်နားလိုက်ပြီးနောက် ကျောင်းသားသမဂ္ဂများသည် ရွှေတိဂုံဘုရားပေါ်သို့ တက်ရောက်ဖူးမြော်ခဲ့ကြပြီး ၁၉၂၀ ခုနှစ် ဒီဇင်ဘာ ၁ ရက်(တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်) က ကိုလိုနီခေတ် ကျွန်ပညာရေးစနစ်နှင့် ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို ဆန့်ကျင်သပိတ်မှောက်ရန် ကျောင်းသားကြီး ၁၁ ဦး သစ္စာဓိဋ္ဌာန်ပြုခဲ့ရာ စနေနံထောင့်ရှိ အထိမ်းအမှတ်ကျောက်တိုင်သို့ သွားရောက်ပြီး ၎င်းတို့ကလည်း ဒီမိုကရေစီ ပညာရေးအတွက် ဆက်လက်တောင်းဆို တိုက်ပွဲဝင်သွားမည်ဟု သစ္စာဓိဋ္ဌာန်ပြုခဲ့သည်။

“ပထမကျောင်းသားသပိတ်ကတော့ ကိုလိုနီခေတ် ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်တာပေါ့။ ကိုလိုနီတွေက တစ်မျိုးသားလုံးကို အစစအရာရာ ဖိနှိပ်ထားတယ်လေ။ အခုအနေအထားကျတော့ တိုင်းတစ်ပါးသားမဟုတ်တဲ့ ကိုယ့်အစိုးရကပဲ အာဏာတည်မြဲရေးအတွက် ပညာရေးကိုနှိမ့် ချထားတာကို ဆန့်ကျင်တာပါ။ ပညာရေးဘတ်ဂျက်လို ကိစ္စမျိုးတွေဆိုရင် မိခင်ဥပဒေဆိုပြီး မူဝါဒပြဋ္ဌာန်းချမှတ်တဲ့ ဥပဒေမှာကိုက ပါရမယ်။ ဒါမျိုးတွေပါမလာဘူး။ ပြောလည်းမရတဲ့ အနေအထားတွေ။ အစိုးရပဲ မတူတော့တာပါ။ ဖိနှိပ်ပုံချင်းတော့ ၁၉၂၀ ကနဲ့ အတူတူပါပဲ” ဟု ဗကသများအဖွဲ့ချုပ်မှ ကိုမင်းသွေးသစ်က ပြောကြားသည်။

ထို့နောက် ရွှေတိဂုံစေတီပေါ်မှဆင်းပြီး ၁၉၂၀ ပထမကျောင်းသား သပိတ်ကကျောင်းသားများ တပ်စွဲပြီးတော်လှန်ခဲ့ရာ ဦးအရိယဘုန်းကြီးကျောင်းသို့ သွားရောက်လေ့လာပြီး ခေတ္တနားနေမှုများ ပြုလုပ်ခဲ့သည်။

“ပထမကျောင်းသားသပိတ်က ကျောင်းသားကြီးတွေ ကွန်းခိုခဲ့ရာ မြေမှာခေတ္တခိုလှုံရင်း သူတို့ရဲ့ ၀ိညာဉ်တွေကို ကျွန်တော်တို့ ကျောင်းသားတွေဆီ ၀င်ပူးနိုင်အောင် ဒီလိုအထိမ်းအမှတ် နေရာတွေကို လာရတာပါ” ဟု ကိုနန်းလင်းက ပြောကြားသည်။

ထို့နောက် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များသည် သခင်ကိုယ်တော်မှိုင်းအုတ်ဂူ အထိမ်းအမှတ်နေရာသို့ သွားရောက်ကာ ဦးညွှတ်ဂါရ၀ပြုမှုများ ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းလွှတ်တော်ရှေ့တွင်လည်း အမျိုးသားပညာရေး ဥပဒေကိုဆန့်ကျင်ကြောင်း သပိတ်မှောက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
သက်မင်း EMG

အီဘိုလာရောဂါတိုက်ဖျက်ရေး လိုင်ဘေးရီးယားတိုးမြှင့်ဆောင်ရွက်

လိုင်ဘေးရီးယားသမ္မတ Ellen Johnson-Sirleaf.
လိုင်ဘေးရီးယားသမ္မတ Ellen Johnson-Sirleaf.
အီဘိုလာရောဂါဒဏ်ကိုအပြင်းထန်ဆုံးခံခဲ့ရတဲ့ လိုင်ဘေးရီးယားနိုင်ငံက လာမယ့် ဒီဇင်ဘာလ ၂၅ ရက် ခရစ်စမတ်နေ့ရောက်တဲ့အထိ နောက်ထပ် ရောဂါပိုး အကူးစက်ခံရသူမရှိအောင် နိုင်ငံ့ရဲ့ရည်မှန်းချက်အဖြစ် ချမှတ်ဆောင်ရွက်ဖို့ ကြေညာလိုက်ပါတယ်။
လိုင်ဘေးရီးယား သမ္မတ Ellen Johnson Sirleaf က တနင်္ဂနွေနေ့ နိုင်ငံတော် မိန့်ခွန်းပြောကြားရာမှာ အီဘိုလာရောဂါဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ လိုင်ဘေးရီးယားနိုင်ငံအတွက် ပြန်လည်ထူထောင်ရေးလုပ်ဆောင်တဲ့ လမ်းကြောင်းဟာ ခက်ခဲမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
နောင်မှာ အခုလို ကူးစက်ရောဂါမျိုးဖြစ်ပွားခဲ့ရင် ရင်ဆိုင်နိုင်အောင် နိုင်ငံ့ကျန်းမာရေး ပြုစုစောင့်ရှောက်မှုအပိုင်းမှာ ပိုကောင်းအောင်လုပ်ဆောင်ဖို့ပါ လိုအပ်တယ်လို့ ပြောပါတယ်။
သမ္မတ Sirleaf က သူ့အစိုးရဝန်ကြီးများအဖွဲ့ထဲက အဖွဲ့ဝင်အတော်များများကို အပြောင်းအလဲတွေ လုပ်ခဲ့ပြီး နိုင်ငံ့ရဲ့ စိန်ခေါ်မှုတွေကို နားလည်မယ့် အရာရှိတွေကို ခန့်အပ်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အနောက်အာဖရိက ဒေသမှာ အီဘိုလာကြောင့် သေဆုံးသူ ၅ ထောင်ကျော် ရှိတဲ့ထဲက လူပေါင်း ၂၈၀၀ ကျော်က လိုင်ဘေးရီးယား နိုင်ငံက ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

ရုရှားအရေး ယူကရိန်းမပါဖို့ G-20 ခေါင်းဆောင်တွေ ဖိအားပေး

 ပြင်သစ်သမ္မတ Francois Hollande၊ အမေရိကန်သမ္မတ Barack Obama နဲ့ ဗြိတိန်ဝန်ကြိးချုပ် David Cameron
 17.11.2014
ယူကရိန်းမှာ တိုက်ပွဲတွေအဆုံးသတ်စေဖို့ ရည်ရွယ်ပြီး ချမှတ်ထားတဲ့ နိုင်ငံတကာဥပဒေနဲ့ သဘောတူညီချက်တွေကို ရုရှားက ဆက်လက် ချိုးဖောက်နေမယ်ဆိုရင် ရုရှားဟာ နိုင်ငံတကာအသိုက်အဝိုင်းရဲ့ ဝိုင်းကျဉ်တာကို ဆက်ခံနေရမှာဖြစ်တယ်လို့ အမေရိကန်သမ္မတ Barack Obama က ပြောပါတယ်။

ယူကရိန်းအရှေ့ပိုင်းဒေသက သူပုန်တွေကို ရုရှားက ပံ့ပိုးကူညီနေတာကြောင့် အနောက်နိုင်ငံတွေဘက်က လောလောဆယ်ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေဟာ ထိရောက်တာ ပြနေတယ်လို့ Australia နိုင်ငံ Brisbane မှာ ကျင်းပတဲ့ G20 စက်မှုထိပ်သီးနိုင်ငံ ၂၀ ထိပ်သီးအစည်းအဝေးမှာ တနင်္ဂနွေနေ့က သမ္မတအိုဘားမားက ပြောကြားခဲ့တာပါ။

ယူကရိန်းပြဿနာမှာ ရုရှားရဲ့ပါဝင်မှုနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေကလိုအပ်ရင် ရုရှားနယ်စပ်ဒေသနားက တိုက်ပွဲတွေအဆုံးသတ်အောင် ရုရှားသမ္မတ Vladimir Putin ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရလာတဲ့အထိ ဖိအားပိုတိုးပေးဖို့ပါပြင်နေတယ်လို့ဆိုပါတယ်။

ယူကရိန်းအရေးအတွက် သမ္မတအိုဘားမားအပြင် ကနေဒါဝန်ကြီးချုပ် Stephen Harper နဲ့ Australia ဝန်ကြီးချုပ် Tony Abbott တို့ကလည်း သတိပေးနေကြသလို ယူကရိန်းအစိုးရသစ်အဖွဲ့ကလည်း ယူကရိန်းအရှေ့ပိုင်းဒေသက ရုရှားလိုလားတဲ့ သူပုန်တွေရဲ့လှုပ်ရှားမှုကို အရေးယူဖို့ လုပ်ဆောင်နေပါတယ်။

VOA

Sunday, November 16, 2014

ကေအဲန်ယူ ရဲတပ်ဖွဲ့ဝင်ငါးဦး အသတ်ခံရမှု ကျူးလွန်သူကို ခရိုင်အဆင့် စစ်ဆေးနေဆဲ

 
 (KNLA တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမန်းတင်လှိုင်)
အောက်တိုဘာ ၁၅ရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသား ရဲတပ်ဖွဲ့ဝင် ဒုရဲမှူးစောသိန်းဦးနှင့် အဖွဲ့ဝင် ၄ဦးကို ကရင်ပြည်နယ်၊ ကြာအင်း ဆိပ်ကြီး မြို့နယ်၊ နှစ်အိမ်ရွာ၌ ပစ် သတ်ခဲ့မှုနှင့်ပတ်သက်၍ ကျူးလွန်သူ ဗိုလ်အဆင့်ရှိ စောဖိုးစေးအား ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ)၊ ဒူးပလာယာ ခရိုင်ရုံးတွင် စစ်ဆေး နေဆဲ ဖြစ်ကြောင်း ကေအဲန်ယူ လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(ကေအဲန် အယ်လ်အေ)၊ တပ်မဟာ(၆)၊ တပ်ရင်း(၁၆) တပ်ရင်းမှူးက ကေအိုင်စီသို့ ပြောသည်။

“အခုကတော့ ပြစ်မှုကျူးလွန်သူကို ခရိုင်၊ တပ်မဟာအဆင့် စစ်ဆေးနေဆဲဖြစ်ပါတယ်။ သူ့အစစ်ခံ ထွက်ဆိုချက်ထဲမှာတော့ သေဆုံးသွားသူတွေဟာ တရားခံကို မလွတ်အောင်ထိန်းမထားနိုင်လို့ နောက် ဒီလိုမဖြစ်အောင် တခါတည်း ဆုံးမလိုက်တာဖြစ် တယ်လို့ စောဖိုးစေးက အဲလို ပြောတယ်။ ကျနော်တို့ တွေ့ရှိချက်အရ သူ့စိတ်နည်းနည်းဖောက်ချင်တယ်”ဟု ဒုဗိုလ်မှူးကြီးမန်း တင်လှိုင်က နိုဝင်ဘာလ ၁၁ရက်နေ့က ကေအိုင်စီသို့ ပြောသည်။

ပစ်သတ်ခံခဲ့ရသူများဖြစ်ကြသည့် ဒုရဲမှူးစောသိန်းဦးနှင့် တပ်ဖွဲ့ဝင် စောဝင်းကြိုင်၊ စောတာ့ဆိ၊ စောဆိဆိ၊ စောဘွေဝါးတို့မှာ မူး ယစ်၊ လူကုန်ကူးမှုများဖြင့် ၎င်းတို့ချုပ်နှောင်ထားသော တရားခံ လွတ်မြောက်သွားသည့် တာဝန်ပေါ့လျော့မှုကြောင့် ဒုဗိုလ်မှူးကြီး မန်းတင်လှိုင်က အောက်တိုဘာလ ၁၈ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းထားရန်သာ ညွှန်ကြားပြောဆိုခဲ့သော်လည်း အောက်တို ဘာ ၂၃ရက်နေ့တွင် ဗိုလ်စောဖိုးစေးက သွားရောက်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတပ်ရင်းမှူးက ပြောဆိုသည်။

ထို့အပြင် ဒုဗိုလ်မှူးကြီးမန်းတင်လှိုင်က ၎င်းသည် ကေအဲန်ယူ ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ် အစည်းအဝေး တက်ရောက် ရန်ရှိသည့်အတွက် ဒုရဲမှူးနှင့်အဖွဲ့ကို တစ်ပတ်ခန့် ဖမ်းဆီးထိန်းသိမ်းကာ သြဝါဒပေးပြီး ပြန်လွှတ်ပေးရန် တပ်ရင်း(၁၆) ထောက် လှမ်းရေးဌာနမှ ဒုတာဝန်ခံ ဗိုလ်မြတ်ထွန်းနှင့် ဝင်းရေးမြို့နယ် အတွင်းရေးမှူး ပဒိုစောမောင်ရွှေတို့အား မှာကြားခဲ့သည်ဟု ဖြည့် စွက်ပြောဆိုခဲ့သည်။

၎င်းဒုရဲမှူးနှင့်အဖွဲ့ကို သုံးဦးတစ်နေရာ၊ နှစ်ဦးတစ်နေရာခွဲ၍ ထိန်းသိမ်းထားချိန်တွင် ဗိုလ်စောဖိုးစေးသည် အဖော်စစ်သည်နှစ်ဦး တားမြစ်ခဲ့သည့်ကြားက သွားရောက်ပစ်သတ်ခဲ့ပြီးနောက်တွင် ဗိုလ်စောမြတ်ထွန်းထံသို့ သွားရောက် အဖမ်းခံခဲ့သည်ဟု သိရ သည်။

သေဆုံးသွားခဲ့သူ စောသိန်းဦး၏မိခင် နန်းမူ့လုံးတင်က “ကျမသားက တိုက်ပွဲမှာ ရန်သူလက်ချက်နဲ့ ကျသွားရင်လည်းပဲ ဖြေသိမ့် လို့ရတယ်။ အခုက သူ့မှာ ဘာအပြစ်ရှိလို့ သတ်လဲလို့ သက်ဆိုင်ရာတွေကို မေးတာ ဘာမှမပြောကြဘူး။ လူတစ်ယောက်က အပြစ်ရှိရင် ရာထူးဖြုတ်ချင်ရင်ဖြုတ်ပြီး၊ မောင်းထုတ်ချင်ရင် မောင်းထုတ်လိုက်ပါ။ ဒါမှမဟုတ်လို့ရှိရင် ထောင်ဒဏ်ရှိမယ်။ ငွေ ဒဏ်၊ ကြိမ်ဒဏ်ရှိမယ်။ အဲဒီအပြစ်တွေ ပေးလိုက်လို့ရတယ်။ အဲဒါမှမရရင် ရပ်မိရပ်ဖနဲ့ မိဘကို အကြောင်းကြားပြီး အာမခံ တောင်းပေါ့။ အပြစ်ကြီးလို့ မိဘက အာမခံတောင်းလို့ မရဘူးဆိုရင် ကျေနပ်တယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

ပစ်သတ်သူမှာ ၎င်း၏စိတ်ဖောက်ပြန်မှုကြောင့် ပြစ်မှုကျူးလွန်သည်ထက် အခြားနောက်ခံအကြောင်းအရာများ ရှိနေသကဲ့သို့ သံသယဖြစ်မိကြောင်း၊ သူမအနေဖြင့် ယခုဖြစ်စဉ်အမှန်ကို သိလိုပြီး တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး ဖော်ထုတ်ပေးရန် တောင်းဆိုကြောင်း နန်းမူ့လုံးတင်က ဆက်လက် ပြောဆိုသည်။

ယင်းအမှုနှင့် ပတ်သက်၍ ကေအဲန်ယူ ဗဟိုတရားသူကြီးချုပ် ပဒိုစောဒေါ့လေးမူက “ဒီကိစ္စက ရာဇဝတ်မှုဖြစ်တဲ့အတွက် ကျနော် တို့ရဲ့ ရာဇဝတ်မှု လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ရမယ်။ ကော်သူးလေမှာ ရာဇဝတ်ပြစ်မှု ကျူးလွန်လို့ရှိရင် အရင်ဆုံး အမှုလိုက် တွေက ဘယ်အချိန် အမှုဖြစ်လဲဆိုတာ စုံစမ်းဖော်ထုတ်ပြီးတော့ တရားသူကြီးဆီမှာ တင်ပြပြီးတော့ တရားစွဲဆိုတယ်။ တရားသူ ကြီး ခုံရုံးအဖွဲ့ကို ဖွဲ့ပြီးတော့ တရားစီရင်ဆုံးဖြတ်တယ်။ ရာဇဝတ်လမ်းကြောင်းနဲ့ သွားရမှာ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောဆို သည်။

ပြစ်မှုကျူးလွန်သူ စောဖိုးစေးသည် ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆)မှဖြစ်ပြီး အပတ်စဉ်(၈) ဗိုလ်သင်တန်းဆင်းတစ်ဦးဖြစ်သ လို တပ်ရင်းမှူး၏ ကိုယ်ရေးအရာရှိလည်းဖြစ်သည်။ လက်ရှိတွင် ၎င်းအား ခရိုင်အဆင့် မှုခင်းစုံစမ်းရေးအဖွဲ့က ဆက်လက်စုံစမ်း လျှက်ရှိပြီး ထိုမှတဆင့် သက်ဆိုင်ရာ တရားသူကြီးကို တင်ပြသွားမည်ဖြစ်သော်လည်း ကေအဲန်ယူ ဗဟိုတရားစီရင်ရေးဌာနအ နေဖြင့် ယခုအချိန်ထိ ညွန်ကြားချက် တစုံတရာပေးခြင်း မရှိသေးကြောင်း သိရသည်။

ေ ကေအိုင်စီ - KIC News