Pages

Saturday, January 31, 2015

မြန်မာအလှမယ် သျှားထွဋ်အိန္ဒြာနဲ့ တွေ့ဆုံမေးမြန်းချက်

 ၆၃ ကြိမ်မြောက် မယ်စကြ်ာဠာပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စု ဖလော်ရေဒါပြည်နယ် မာယာမီမှာ ဇန်န၀ါရီလ ၂၅ ရက်နေ့က ကျင်းပပြီးစီးခဲ့ပါတယ်။ ဒီနှစ်အတွက် သရဖူကို ဆွတ်ခူးသွားသူကတော့ ကိုလံဘီယာနိုင်ငံက မစ် ပေါ်လီနာ ဘီကာ ဖြစ်ပါတယ်။ မယ်စကြ်ာဝဠာပြိုင်ပွဲမှာ ကမ္ဘာတ၀ှမ်းက အလှမယ်ပေါင်း ၈၈ ယောက် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြတဲ့အထဲ မြန်မာပြည် ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူက သျှားထွဋ်အိန္ဒြာဖြစ်ပါတယ်။ သျှားထွဋ်အိန္ဒြာရဲ့ မယ်စကြ်ာဝဠာပြိုင်ပွဲ အတွေ့အကြုံ အကြောင်းကိုတော့ ဒီပြိုင်ပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်းထားတာကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။


VOA

ကချင်ဆရာမနှစ်ဦး အသတ်ခံရမှု စုံစမ်းစစ်ဆေးရေး ကန် ကူညီဖို့ စဉ်းစားနေ

ရှမ်းပြည်နယ်မြောက်ပိုင်းက ကချင်ဆရာမနှစ်ဦးအသတ်ခံရမှုစုံစမ်းစစ်ဆေးရာမှာ မှုခင်းနည်းပညာ အကူအညီပေးနိုင်ဖို့ အမေရိကန်အစိုးရက စဉ်းစားနေတယ်လို့ အမေရိကန် ထိပ်တန်းအရာရှိတဦးကပြောကြောင်း အမေရိကန်အခြေစိုက် ကချင်အရေးလှုပ်ရှားသူတွေကပြောပါတယ်။ အမေရိကန်သမ္မတအိမ်ဖြူတော် ထိပ်တန်းအရာရှိတွေအပါအ၀င် လူ့အခွင့်အရေးဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တို့နဲ့ ဇန်န၀ါရီလ (၃၀)ရက်နေ့က ကချင် မဟာမိတ်အဖွဲ့ကိုယ်စားလှယ်တွေ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့တဲ့အကြောင်း မအင်ကြင်းနိုင်ကပြောပြမှာပါ။
အမေရိကန်အစိုးရအနေနဲ့ ကချင်ပြည်နယ်က လက်ရှိအခြေအနေနဲ့ပတ်သက်လို့ အထူးစိုရိမ်မကင်းဖြစ်နေတဲ့ အပေါ်မှာ ဒီရက်ပိုင်းအတွင်း အမေရိကန်ပြည်ထောင်စု က ကချင်အရေး လှုပ်ရှားသူတွေ နဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။
ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့်ခံရပြီး အသတ်ခံရမှုကို စုံစမ်းစစ်ဆေးရာမှာ ကျွမ်းကျင်သူတွေနဲ့အကူအညီပေးနိုင်တဲ့နည်းလမ်း အမေရိကန်ဘက်က စဉ်းစားနေကြောင်း လူ့အခွင့်အရေးဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး Tom Malinowski ကပြောဆိုခဲ့တယ်လို့ သောကြာနေ့က သူနဲ့တွေ့ဆုံခဲ့တဲ့ ကချင်မဟာမိတ်အဖွဲ့ဥက္ကဋ္ဌ Gum San ကပြောပါတယ်။
" သူတို့က စုံစမ်းရေးမှာ လိုအပ်မယ့် အရာတွေပေါ့။ သူတို့အကူအညီပေးနိုင်မယ့် ဟာကို ရှာဖွေပေးမယ်ပြောပါတယ်။ နောက်တခုကတော့ ဒုက္ခသည်တွေကို အချိန်အကြာကြီး အကူအညီဖြတ်တောက်မှု လုပ်တာကတော့ နိုင်ငံရေးပဲဖြစ်ဖြစ် စစ်ရေးပဲဖြစ်ဖြစ် ဒုက္ခသည်တွေကို ပေးတဲ့အကူအညီကို မဖြတ်တောက်ပဲ ဖွင့်ပေးဖို့ ကျနော်တို့ပြောဖြစ်ပါတယ်။  အဲ့တာကို သူတို့က တောင်းဆိုခဲ့ တယ်။ နောက်ထပ်လည်း တောင်းဆိုပါ့မယ်လို့ ပြောပါတယ်။ အစိုးရကလည်း ဖွင့်ပေးမယ်လို့ ကတိပေးခဲ့တယ်လို့ သူတို့ကပြောပါတယ်။"
အလားတူ အမေရိကန်သမ္မတအိမ်ဖြူတော်က အမျိုးသားလုံခြုံရေး- အာရှ ပစိဖိတ်ဆိုင်ရာ ထိပ်တန်းအရာရှိတွေနဲ့လည်း ကချင်ဆရာမနှစ်ဦး အသတ်ခံရတဲ့ကိစ္စကို ဆွေးနွေးပြောဆိုခဲ့တယ်လို့ Gum San ကပြောပါတယ်။
" အမျိုးသမီးတွေကို ရက်စက်သတ်ဖြတ်မှုနဲ့ အရေးယူမှုတွေမှာ အကူအညီပေးဖို့ ကျနော်တို့ အဓိက ပြောခဲ့တာပါ။ နောက်တခုက ဒီဟာနဲ့ပတ်သက်ပြီးမှ ထိတွေ့ဆက်ဆံမှုအပေါ်မှာ Sanctions ဆိုတဲ့အရာဟာ အရေးကြီးတဲ့ အကြောင်းလည်း ကျနော်တို့ပြောဖြစ်ပါတယ်ခင်ဗျ။"
မအင်ကြင်းနိုင်။   ။ အဲ့လိုပေါ့နော် ကချင်ဆရာမနှစ်ဦး အသတ်ခံရတဲ့ကိစ္စမှာ အချက်အလက်တွေ ခိုင်မာအောင် ဘယ်လိုပြောပြနိုင်ခဲ့လဲရှင့်။
"ဟုတ်ကဲ့။ ကျနော်တို့ပြောဖြစ်ခဲ့တဲ့ ဟာထဲမှာတော့ ရွာသားတွေကို မေးဖြစ်တဲ့ဟာတွေ ရှိတယ်။ မေးတဲ့အခါမှာ ဖြစ်ရိုးဖြစ်စဉ်တွေ အားလုံးကို ကျနော်တို့ ရှင်းပြတယ်။ ဥပမာ ဒီအမျိုးသမီးတွေက စစ်သားတွေ ရောက်လာတဲ့ အချိန်မှာ ရွာသားတွေရဲ့ အိမ်မှာ နေတယ်။ ဒီတစ်ညပဲ မအိပ်ဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မွေးနေ့တခုကအပြန် နောက်ကျသွားလို့ အိမ်ရှင်တွေကို ပြန်နှိုးရမှာ အားနာလို့ သူတို့က ဘုရားကျောင်းဝင်းထဲမှာ အိပ်လိုက်တာ။ အိပ်တဲ့ညမှာပဲ ဒီဟာဖြစ်တယ်။ နောက်တခုက အနီးဆုံး စစ်သားတွေ ကင်းစောင့်တာဖြစ်တဲ့ နေရာက ၆၅ကိုက် အကွာအဝေးမှာ ရှိတယ်။ နောက် ရွာတရွာလုံးမှာ စစ်သားတွေ ရှိတယ်။ နောက်တချို့ အချက်အလက်တွေ သူတို့ ပြောရရင် ပထမဆုံး တွေ့ရှိတဲ့အချိန်မှာ စစ်ဖိနပ် တွေ ကုတင်ပေါ်မှာ ရှိတာနဲ့ နောက်တခုက စစ်သားတွေ ပုံထားတဲ့နေရာ ရိုက်သတ်ထားတဲ့ သစ်ချောင်းရဲ့ပုံထားတဲ့ အနားမှာ စစ်ဖိနပ်ခြေရာတွေ မြင်ခဲ့တာ ကျနော်တို့ပြောဖြစ်ပါတယ်။ နောက်တခုကတော့ မိုးမလင်းခင် အချိန်မှာ စစ်သားအချို့ ကားနဲ့ ဆင်းသွားတယ်ဆိုတာ ကျနော်တို့ပြောဖြစ်တယ်။"
မအင်ကြင်းနိုင်။   ။ အခုလိုပေါ့နော် အမေရိကန်အစိုးရရော၊ အိမ်ဖြူတော်ရောပေါ့နော် နိုင်ငံခြားရေး တာဝန်ရှိသူတွေက ကချင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာကြောင့် အခုလို သူတို့တွေ့ဆုံပြီးတော့ ဆွေးနွေးတယ်လို့ ယူဆလဲရှင့်။
" အော် စိုးရိမ်မှုရှိလို့ပါ။ မငြိမ်မသက်ဖြစ်လာနိုင်တဲ့ အခြေအနေကို ရောက်နိုင် ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူသိန်းနဲ့ချီပြီး လမ်းပေါ်ထွက်လျှောက် လာတယ်ဆိုတာက ပြည်သူလူထုရဲ့ ပေါက်ကွဲလုမတတ် ခံစားမှုက အများကြီးဖော်ပြနေတဲ့ဟာကို သူတို့မြင်တွေ့ရတယ်။ အဲ့လိုဆိုတော့ အစိုးရကလည်း စိုးရိမ်တယ် ဘာဖြစ်လို့လဲဆိုတော့ ဒီဟာတွေက ငြိမ်းချမ်းရေး ဖြစ်စဉ်ဖြစ်ဖြစ် ကျနော်တို့ မြန်မာပြည်ရဲ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို ထိခိုက်လာနိုင်တယ်ဆိုတဲ့အမြင် သူတို့တွေက နားလည်ပုံ ကျနော်တို့ ခံစားရတယ်လေ။"
အမေရိကန်ပြည်ထောင်စုက ကချင်အရေးလှုပ်ရှားနေသူတွေဟာ ဇန်န၀ါရီ (၂၈)ရက်နေ့ကလည်း အရှေ့အာရှပစိဖိတ်ရေးရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Scott Marciel အပါအ၀င် အမေရိကန်နိုင်ငံခြားရေးဌာနက အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံပြီး ကချင်ပြည်နယ်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကို ဖြေရှင်းပေးရေး မြန်မာအစိုးရကို ဖိအားပေးဖို့ ဆွေးနွေးပြောဆိုခဲ့ပါတယ်။
VOA

Friday, January 30, 2015

(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့နှင့်ပတ်သက်၍ သဘောထား ထုတ်ပြန်ကြေငြာချက်




၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်

၁။ နှစ်စဉ်ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုနေ့သည် တိုင်းရင်းသားညီနောင်များ အားလုံး၏ လွတ်လပ်တရားမျှတ၍ သာယာဝပြောသော လူ့အဖွဲ့အစည်းတခုအတွင်း အတူတကွ ယှဉ်တွဲနေထိုင်နိုင်ကြစေရန် စိတ်ဆန္ဒ စေတနာအမှန်ဖြင့်  အဓိဌာန်ပြုခဲ့ကြပြီး ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် အတူတကွ ကတိကဝတ်ပြု သဘောတူစာချုပ် ချုပ်ဆိုခဲ့သော သမိုင်းဝင် နေ့ထူးနေ့မြတ်ဖြစ်သည်ဟု ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် အသိအမှတ်ပြုပါသည်။

၂။ သို့သော် မိမိတို့တိုင်းရင်းသားလူမျိုးအားလုံးတို့သည် ထိုသို့အဓိဌာန်ပြုသဘောတူစာချုပ် ချုပ်ဆိုခဲ့ကြသော်ငြားလည်း ကံမကောင်း၊ အကြောင်းမလှစွာဖြင့် နှစ်ပေါင်း(၆၀)ကျော် ပြည်တွင်းစစ်နှင့်အတူ ဒုက္ခဆင်းရဲမှုအပေါင်းနှင့် ဖြတ်သန်း ရင်ဆိုင် ကျော်လွှားလာခဲ့ကြရပါသည်။

၃။ ဤသို့တိုင်းရင်းသားညီနောင်များမှ နှစ်ကာလရှည်ကြာစွာ ခါးစည်းခံစားလာရသော ဒုက္ခဆင်းရဲအပေါင်းမှလွန်မြောက်ရန် ရည်သန်လျှက် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် တစိတ်တဝမ်းတည်း အဓိဌာန်ပြု၊ လက်မှတ်ရေးထိုးခဲ့ကြသည့် မိမိတို့ ခေါင်းဆောင်များ၏ မပြီးပြတ်သေးသောဆန္ဒနှင့်ကတိကဝတ်ပြုမှုတို့ကို အကောင်အထည်ဖော်ဖြည့်ဆည်းသွားရန် ကိုယ်စီတာဝန်ရှိကြသည်။

၎။ အဆိုပါတာဝန်ရှိမှုတို့အပေါ်အခြေခံ၍ သမ္မတဦးသိန်းစိန်နှင့် ၎င်း၏အစိုးရတို့သည် ကာလရှည်ကြာပြည်တွင်းစစ်ကြီးကို အဆုံးသတ်နိုင်ရေး အထောက်အကူပြုစေရန် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် တရပ်ဆီသို့ ရောက် ရှိနိုင်ရေးအတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့်အတူ ကြိုးပမ်းလုပ်ဆောင်လျှက်ရှိနေရာ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့တွင် တိုင်းပြည်သို့ မိန့်ကြားခဲ့သော လစဉ်ရေဒီယိုမိန့်ခွန်း၌ “ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေးသဘောတူညီချက်ကို ခိုင်မာစွာ ရရှိထားပြီး ဖြစ်ပါတယ်” ဟု အတိအလင်း အသိပေးခဲ့ပြီးလည်း ဖြစ်ပါသည်။

၅။ သို့ဖြစ်၍ လာမည့် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခါသမယတွင် သမ္မတကြီးဦးသိန်းစိန်အမှူးပြုသော အစိုးရနှင့်အတူတကွ ပြည်သူလူထုတရပ်လုံး၏ လိုလားတောင့်တ မှုနှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော အမျိုးသား ပြည်နယ်များ ကိုအခြေခံ၍ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို ဦးထိပ်ပန်ဆင်ကာ “ဖက်ဒရယ်ပြည် ထောင်စုတည် ဆောက်ရေးဆိုင်ရာ သဘောတူညီချက်တရပ်” ကို ကတိကဝတ်ပြု ပါဝင်လက်မှတ်ရေးထိုးသွားကြရန် အလုံးစုံဆန္ဒပြု အပ်ပါသည်။ ဤသို့သဘောတူညီချက်အား လက်မှတ်ရေးထိုးခြင်းအားဖြင့် သမ္မတကြီး နှင့် တိုင်းရင်းသားခေါင်းဆောင် များ၏ အပြန်အလှန်ယုံကြည်မှုကို ပိုမိုခိုင်မာစေပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကိုလည်း နှောင့် နှေးကြန့်ကြာမှုမရှိစေပဲ အဆုံးသတ်နိုင်ရေးကို ထပ်လောင်းကြိုပမ်းရာရောက်မည် ဖြစ်ပါကြောင်း သဘောထား ထုတ်ပြန် အပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)

ဆက်သွယ်ရန်
ခူဦးရယ် - အထွေထွေအတွင်းရေးမှူး ဖုန်း - +66(0)84-805-1344
ဗိုလ်မှူးကြီးခွန်ဥက္ကာ - တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဖုန်း - +66(0)81-950-2158
သျှမ်းတော်ဆင့်

(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့နှင့်ပတ်သက်၍ သဘောထား ထုတ်ပြန်ကြေငြာချက်




၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်

၁။ နှစ်စဉ်ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုနေ့သည် တိုင်းရင်းသားညီနောင်များ အားလုံး၏ လွတ်လပ်တရားမျှတ၍ သာယာဝပြောသော လူ့အဖွဲ့အစည်းတခုအတွင်း အတူတကွ ယှဉ်တွဲနေထိုင်နိုင်ကြစေရန် စိတ်ဆန္ဒ စေတနာအမှန်ဖြင့်  အဓိဌာန်ပြုခဲ့ကြပြီး ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် အတူတကွ ကတိကဝတ်ပြု သဘောတူစာချုပ် ချုပ်ဆိုခဲ့သော သမိုင်းဝင် နေ့ထူးနေ့မြတ်ဖြစ်သည်ဟု ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် အသိအမှတ်ပြုပါသည်။

၂။ သို့သော် မိမိတို့တိုင်းရင်းသားလူမျိုးအားလုံးတို့သည် ထိုသို့အဓိဌာန်ပြုသဘောတူစာချုပ် ချုပ်ဆိုခဲ့ကြသော်ငြားလည်း ကံမကောင်း၊ အကြောင်းမလှစွာဖြင့် နှစ်ပေါင်း(၆၀)ကျော် ပြည်တွင်းစစ်နှင့်အတူ ဒုက္ခဆင်းရဲမှုအပေါင်းနှင့် ဖြတ်သန်း ရင်ဆိုင် ကျော်လွှားလာခဲ့ကြရပါသည်။

၃။ ဤသို့တိုင်းရင်းသားညီနောင်များမှ နှစ်ကာလရှည်ကြာစွာ ခါးစည်းခံစားလာရသော ဒုက္ခဆင်းရဲအပေါင်းမှလွန်မြောက်ရန် ရည်သန်လျှက် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် တစိတ်တဝမ်းတည်း အဓိဌာန်ပြု၊ လက်မှတ်ရေးထိုးခဲ့ကြသည့် မိမိတို့ ခေါင်းဆောင်များ၏ မပြီးပြတ်သေးသောဆန္ဒနှင့်ကတိကဝတ်ပြုမှုတို့ကို အကောင်အထည်ဖော်ဖြည့်ဆည်းသွားရန် ကိုယ်စီတာဝန်ရှိကြသည်။

၎။ အဆိုပါတာဝန်ရှိမှုတို့အပေါ်အခြေခံ၍ သမ္မတဦးသိန်းစိန်နှင့် ၎င်း၏အစိုးရတို့သည် ကာလရှည်ကြာပြည်တွင်းစစ်ကြီးကို အဆုံးသတ်နိုင်ရေး အထောက်အကူပြုစေရန် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် တရပ်ဆီသို့ ရောက် ရှိနိုင်ရေးအတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့်အတူ ကြိုးပမ်းလုပ်ဆောင်လျှက်ရှိနေရာ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့တွင် တိုင်းပြည်သို့ မိန့်ကြားခဲ့သော လစဉ်ရေဒီယိုမိန့်ခွန်း၌ “ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေးသဘောတူညီချက်ကို ခိုင်မာစွာ ရရှိထားပြီး ဖြစ်ပါတယ်” ဟု အတိအလင်း အသိပေးခဲ့ပြီးလည်း ဖြစ်ပါသည်။

၅။ သို့ဖြစ်၍ လာမည့် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခါသမယတွင် သမ္မတကြီးဦးသိန်းစိန်အမှူးပြုသော အစိုးရနှင့်အတူတကွ ပြည်သူလူထုတရပ်လုံး၏ လိုလားတောင့်တ မှုနှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော အမျိုးသား ပြည်နယ်များ ကိုအခြေခံ၍ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို ဦးထိပ်ပန်ဆင်ကာ “ဖက်ဒရယ်ပြည် ထောင်စုတည် ဆောက်ရေးဆိုင်ရာ သဘောတူညီချက်တရပ်” ကို ကတိကဝတ်ပြု ပါဝင်လက်မှတ်ရေးထိုးသွားကြရန် အလုံးစုံဆန္ဒပြု အပ်ပါသည်။ ဤသို့သဘောတူညီချက်အား လက်မှတ်ရေးထိုးခြင်းအားဖြင့် သမ္မတကြီး နှင့် တိုင်းရင်းသားခေါင်းဆောင် များ၏ အပြန်အလှန်ယုံကြည်မှုကို ပိုမိုခိုင်မာစေပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကိုလည်း နှောင့် နှေးကြန့်ကြာမှုမရှိစေပဲ အဆုံးသတ်နိုင်ရေးကို ထပ်လောင်းကြိုပမ်းရာရောက်မည် ဖြစ်ပါကြောင်း သဘောထား ထုတ်ပြန် အပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)

ဆက်သွယ်ရန်
ခူဦးရယ် - အထွေထွေအတွင်းရေးမှူး ဖုန်း - +66(0)84-805-1344
ဗိုလ်မှူးကြီးခွန်ဥက္ကာ - တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဖုန်း - +66(0)81-950-2158
သျှမ်းတော်ဆင့်

ကျီစုစက်မှုဇုန်အတွင်း ကျူးကျော်တဲတွေကို အင်အားသုံးဖယ်ရှား

 
ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ကျီစုစက်မှုဇုန် စီမံကိန်း ထဲမှာရှိတဲ့ ကျူးကျော်တဲ ၁၀၀ ကျော်ကို မြို့နယ် အုပ်ချုပ်ရေးမှူး အမိန့်နဲ့ လူအင်အား ၂၀၀၀ လောက်က ဒီနေ့ အင်အားသုံး ဖယ်ရှား ခဲ့ပါ တယ်။

နှစ်ပေါင်းဆယ်စုနဲ့ချီ နေထိုင်လာခဲ့တဲ့ လူနေတဲတွေ ဖျက်ဆီး ခံရတဲ့ အပေါ် အဲဒီမှာနေထိုင်သူ ဒေါ်အေးက ဆုံးရှူံး နစ်နာမှုတွေနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

"သွပ်တွေလည်း အကုန်ယူသွားတယ်၊ ဒန်အိုးဒန်ခွက်တွေလည်း အကုန်ယူသွားတယ်၊ ကိုယ့်ကလေးတွေ ခိုက်မိမှာကြောင့်လို့၊ ကလေးတွေပဲခေါ်ပြီးတော့ ဘေးမှာထိုင်နေရတယ်၊ ဝါးလုံးလေးတွေ ဓနိလေးတွေ ကိုယ်ကကောက်ပြီးတော့ ပုံထားတာလေးတွေကအစ သူတို့ကကားပေါ်တင်သွားတယ်၊ ဘာမှစောင်စုတ်တစ်ခုတောင်မကျန်ခဲ့ဘူး၊ ချက်စားစရာဆို အိုးခွက်မရှိဘူး၊ ကျောင်းသားတွေလည်း ထမင်းမစားရဘူး"

အဲဒီကျူးကျော်တဲတွေကို ဖယ်ရှားပေးဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အကြောင်းကြားစာ ၃ ကြိမ် ပေးပို့ထားတယ်လို့ သိရပါတယ်။

ကျီစုစက်မှုဇုန်စီမံကိန်းအတွက် မြေဧက ၁၀၀ ကျော်ကို ပြည်ထဲရေးဝန်ကြီးဌာနက လွန်ခဲ့တဲ့ ၁၉၉၃ ခုနှစ်လောက်က သိမ်းယူထားတာဖြစ်ပါတယ်။

အဲဒီမြေဧက ၁၀၀ ကျော်ကို ပိုင်ဆိုင်သူ ၁၉ ဦးကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ လျော်ကြေးအဖြစ် ငွေကျပ် ၂သိန်းစီ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ တဲအိမ်အဖျက်ခံရသူတွေဟာ စက်မှုဇုန်စီမံကိန်း အကောင်အထည်မဖော်ခင် အဲဒီမြေလွတ်ပေါ်မှာ ကျူးကျော်နေထိုင်ကြသူတွေဖြစ်ပါတယ်။

RFA Burmese

နိုင်ငံတော် အလံပေါ်တွင် လက်မှတ်ထိုးခြင်း၊ ရေးခြစ်ခြင်း ဥပဒေနှင့်ငြိစွန်း

ပုံစာ - သမ္မတဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
 မင်းအောင်လှိုင် လက်မှတ်ထိုးထားသည့် နိုင်ငံတော်အလံ

ရန်ကုန်၊ ဇန်န၀ါရီ ၂၈

  နိုင်ငံ၏ အမှတ်တံဆိပ် ဖြစ်သော နိုင်ငံတော် အလံပေါ်တွင် လက်မှတ် ထိုးခြင်း၊ ရေးခြစ်ခြင်းများ ပြုလုပ်ခြင်းသည် ဥပဒေနှင့် ငြိစွန်းကြောင်း တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ဇန်န၀ါရီ ၂၈ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်းက သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ်တို့၏ ပူတာအို ခရီးစဉ်အတွင်း ဧ၀ရက် တောင်တက်ရန် အတွက် ပြင်ဆင်နေသည့် မြန်မာနိုင်ငံ သား တောင်တက် သမားများကို နိုင်ငံတော် အလံပေါ်တွင် လက်မှတ်ထိုး ပေးအပ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဦးရောဘတ်စန်းအောင်က အထက်ပါ အတိုင်း ပြောကြားခြင်းဖြစ် သည်။

““အလံပေါ်မှာ လက်မှတ်ထိုးတာပဲဖြစ်ဖြစ်၊ ရေးခြစ်တာပဲဖြစ်ဖြစ် အဲဒါမလုပ်ရဘူးဗျ။ အဲဒါလုပ်ရင် ဥပဒေနဲ့ ငြိစွန်းတာပဲ။ အလံဆိုတာက တိုင်းပြည်နဲ့လူမျိုးအတွက် အမှတ်တရ အထိမ်းအမှတ် အလံတော်ကို ဘယ်လို နည်းနဲ့မှ မလုပ်ရဘူး။ အလံပေါ်မှာရေးခြစ်တာ၊ လက်မှတ်ထိုးတာ၊ သင်္ကေတတစ်ခုခုကို လုပ်တာ တွေဟာ ဒါဥပဒေနဲ့ ငြိစွန်းနေတယ်”” ဟုဦးရောဘတ်စန်းအောင်က ပြောသည်။ ၂၀၁၄ ခုနှစ် မတ်လအတွင်းက သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့၏ ပူတာအိုခရီးစဉ်အတွင်း ၎င်းတို့ လက်မှတ် ရေးထိုးထားသည့် နိုင်ငံတော် အလံ ကို တောင်တက်သမားများအား ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယင်း အဖွဲ့နှင့် အခမ်းအနားကို အစိုးရနှင့် နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ၏ ထူးဖောင်ဒေးရှင်က ပြုလုပ်ပေး ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အလံပေးအပ်မှုနှင့် ပတ်သက်၍ ““ပူတာအိုမှာ သမ္မတကြီး ခရီးစဉ်မှာ သမ္မတကြီးနဲ့ တပ်ချုပ်ကြီး ကနေပြီးတော့ မြန်မာနိုင်ငံတော် အလံပေါ်မှာ လက်မှတ်ထိုးပြီးတော့ အောင်နိုင်ရေး အလံအဖြစ်နဲ့ ပေးအပ် လိုက်ပါ တယ်။ ပေးအပ်တဲ့ အလံကို ကျွန်တော်တို့ ဒီနေ့ အခမ်းအနားမှာ လည်း တောင်တက်အဖွဲ့ ၅ ယောက်ကို အဲဒီအလံကို ပေးလိုက်ပါတယ်။ သူတို့က တောင်ပေါ်တက်ပြီးတော့ မြန်မာနိုင်ငံအလံ တပ်ချုပ်ကြီးနဲ့ သမ္မတကြီး ထိုးထားတဲ့ အလံကို သူတို့က အဲဒီမှာ စိုက်ထူမှာပါ””ဟု Htoo Foundation အမှုဆောင်အရာရှိချုပ် ဦီးပေါ်မြင့်ဦးက မီဒီယာများသို့ ပြောကြားခဲ့သည်။

၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့သည့် နိုင်ငံတော်အလံ ဥပဒေပုဒ်မ ၁၃ (က)တွင် နိုင်ငံတော် အလံပေါ်တွင် စာလုံး၊ ဂဏန်း၊ ရုပ်ပုံနှင့်သင်္ကေတ စသော အမှတ်အသားတစ်ခုခုကို ရေးသားခြယ်လှယ်ခြင်း၊ တွယ်ကပ်ခြင်း၊ ပုံနှိပ်ခြင်း သို့မဟုတ် တစ်ခုခုဖြင့် အရာထင်စေခြင်း စသည်တို့ကို မည်သူမျှ မပြုလုပ်ရန် တားမြစ်ထားပြီး သမ္မတနှင့် ကာချုပ်က နိုင်ငံတော် အလံပေါ်တွင် လက်မှတ်ထိုးခဲ့သည့် ဖြစ်ရပ်အပေါ် တရားဝင် ရှင်းလင်း ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

““ဒါသင့်လျော်ဘူးပေါ့ဗျာ။ ဦးစီးဦးဆောင် လုပ်နေတဲ့ ရှေ့ဆောင်တဲ့ ပုဂ္ဂိုလ်တွေက ရှောင်ကြဉ်သင့်တာပေါ့။ မရှောင်ကြဉ်ရင် ပြည်သူပြည်သားတွေ မှာ စံနမူနာလို ဖြစ်သွားရင် ရှင်းရခက်လိမ့်မယ်”” ဟု ဦးရောဘတ် စန်းအောင်က မှတ်ချက်ပြု ပြောကြားသည်။

နိုင်ငံတော် အလံပေါ်တွင် လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ ““အလံပေါ်မှာ လက်မှတ်ထိုးလို့ တော့ရတယ်။ မဖွယ်မရာ လုပ်တာ မဟုတ်ရင်။ နိုင်ငံတော် အလံ ဥပဒေရှိတယ်။ နိုင်ငံတော်အလံ ဥပဒေမှာ နိုင်ငံတော် အကြီးအကဲ အဲဒီလို လက်မှတ်ထိုးရုံနဲ့ အပြစ်ရှိတယ်လို့တော့ အဲဒီလို သတ်မှတ်မထားဘူး”” ဟု တရားလွှတ်တော်ရှေ့နေ ဦးဇော်လင်းက မှတ်ချက်ပေးသည်။

လတ်တလောတွင် အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်သည့် အနေဖြင့် မန္တလေးမြို့မှ ရန်ကုန်သို့ လမ်းလျှောက် လာနေသည့် ကျောင်းသားများက ဇန်န၀ါရီ ၂၆ ရက်က မြင်းခြံဒီဂရီ ကောလိပ် အတွင်းရှိ နိုင်ငံတော် အလံကို ဖြုတ်ချကာ ကျောင်းသားသမဂ္ဂအလံ လွှင့်ထူခဲ့သည့်အတွက် မြင်းခြံ ရဲစခန်းက နိုင်ငံတော် အလံဥပဒေ ပုဒ်မ ၁၆ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း ဇန်န၀ါရီ ၂၇ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများနှင့် တပ်မတော်က ထုတ်ဝေသည့် မြ၀တီသတင်းစာတို့တွင် ဖော်ပြပါရှိသည်။

ယင်းကဲ့သို့ နိုင်ငံတော်အလံအား ဖြုတ်ချ၍ ကျောင်းသားသမဂ္ဂအလံ လွှင့်ထူခဲ့ခြင်းမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ဘဲ အဆိုပါ ကျောင်းတာဝန်ရှိသူများက တားဆီးခြင်းနှင့် ယခင်ကတည်း ကပင် ကျောင်းသားသမဂ္ဂနှင့် သက်ဆိုင်သည့် ဆောင်ရွက်မှုများအား တင်းကြပ်စွာ တားမြစ်သည့် သတင်းများကြောင့် လုပ်ဆောင်ခဲ့မိခြင်းသာဖြစ်ကြောင်း အထက်ဗမာပြည် ဗကသအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ ရှင်းပြသည်။

““ကျောင်းတံခါးဖွင့်ပေးတာ တောင်မှ တချို့ဆရာ၊ ဆရာမတွေက လမ်းဖယ်မပေးဘူး။ နောက်နဂိုတည်းက ဒီကျောင်းက တင်းကျပ်တယ်ဆိုတဲ့ သတင်းတွေက အဲဒီကျောင်းမှာရှိတဲ့ သမဂ္ဂရဲဘော်တွေဆီက ကြားထား တာတွေက အကုန်လုံး ရောသွားတော့ ကျောင်းသားတွေမှာ ခံစားချက်များပြီး လုပ်လိုက်တဲ့ သဘောပဲ။ နောက်တစ်ခုကအလံကို ဖြုတ်ချပြီးတော့ နင်းချေပြီးတော့ လုပ်လိုက်တာ မဟုတ်ဘူး။ တရိုတသေ ခေါက်ပြီးတော့ ထားတာပဲ။ ဘာရည်ရွယ်ချက်နဲ့မှ လုပ်တာ မဟုတ်ဘူး””ဟု အထက်ဗမာပြည် ဗကသမှ ကိုအောင်မှိုင်းဆန်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယခု စွဲဆိုထားသည့် ပုဒ်မ ၁၆ မှာ ယင်းဥပဒေပါ ပုဒ်မ ၁၃၊ ၁၄၊ ၁၅ တို့မှ တစ်ခုခုအား ချိုးဖောက်ပါက ယင်းပုဒ်မဖြင့် စွဲဆိုရမည်ဟု ပြဋ္ဌာန်း ထားခြင်းဖြစ်ပြီး ပုဒ်မ ၁၃ တွင်““နိုင်ငံတော် အလံပေါ်တွင် စာလုံး၊ ဂဏန်း၊ ရုပ်ပုံနှင့် သင်္ကေတစသော အမှတ်အသားတစ်ခုခုကို ရေးသားခြယ်လှယ်ခြင်း၊ တွယ်ကပ်ခြင်း၊ ပုံနှိပ်ခြင်း သို့မဟုတ် တစ်ခုခုဖြင့် အရာထင်စေခြင်း”” ဟုပါရှိပြီး ယင်းအား မည်သူမျှ မလုပ်ရဟု ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။

“ဒီအလံကိုဖြုတ်ပြီးတော့ မီးရှို့လိုက်သလား၊ ဖျက်ဆီးသလား ကြည့်ရမယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ တစ်ဖက် သတ်ကြီး လိုရာစွဲရင်တော့ မကောင်းဘူးပေါ့။ ကျွန်တော် နားလည်တာကတော့ အလံဥပဒေ ပုဒ်မ ၁၃မှာ ဘာနဲ့ငြိလဲ။ ပုဒ်မ ၁၄ မှာကော ဘာနဲ့ငြိလဲ။ အဲဒီအကြောင်းအရာတွေနဲ့ ဖြုတ်ချတယ်ဆိုပြီး ပုဒ်မတပ်မယ် ဆိုရင်တော့ ဖြုတ်ချတယ် ဆိုတဲ့ စကားလုံးက ဥပဒေမှာ မပါဘူး။ ရမိရရာ ပုဒ်မတပ်ပြီးတော့ ကျောင်းသား သပိတ်စစ်ကြောင်းကို နှေးကွေး သွားအောင် လုပ်တာဆိုရင်တော့ မကောင်းဘူးပေါ့ဗျာ။ ပုဒ်မ (၁၆) က ပုဒ်မ (၁၃) (၁၄) (၁၅) ပါ ပြဋ္ဌာန်းချက်ကို ချိုးဖောက်ရင် ၁၆ နဲ့ စွဲတာပေါ့””ဟု တရားလွှတ်တော် ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က သုံးသပ်ပြောကြားသည်။
 နိုင်ငံတော်အလံ မီးရှို့မှုနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲအဖြစ် မြန်မာအသင်းနှင့် အင်ဒိုနီးရှား အသင်း ဘောလုံးကစားရာတွင် မြန်မာအသင်း ရှုံးနိမ့်ခဲ့သည့်အတွက် မကျေနပ်သည့် ပရိသတ်များက နိုင်ငံတော်အလံ မီးရှို့ခြင်း၊ ကွင်းအတွင်းရှိ ထိုင်ခုံများ ဖျက်ဆီးခြင်း၊ ဆီးဂိမ်းစ်ပိုစတာများ မီးရှို့ခြင်းများ ပြုလုပ်ခဲ့ဖူးသည်။

ယင်းသို့ ပြုလုပ်ခဲ့မှုကြောင့် ကွင်းအတွင်း ဆင်းသက်သူ သုံးဦးနှင့် သောင်းကျန်းသူ ၆ ဦးကို သင်္ဃန်းကျွန်း ရဲစခန်းက ဖမ်းဆီးခဲ့သော်လည်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဦးဇော်ဇော်၏ ညှိနှိုင်းမှုဖြင့် ဖမ်းဆီးထားသူ များအား ပြန်လွှတ်ပေးခဲ့သည့်အပြင် နေရပ်ပြန်ရန်အတွက် ခရီးစရိတ်များပင် ထုတ်ပေးခဲ့သေးသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၄ ရက်မှ ၁၇ ရက်အထိ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ကြံ့ခိုင်ရေးပါတီ၏ ပထမအကြိမ် ပါတီညီလာခံတွင်လည်း နိုင်ငံတော်အလံအား ပြောင်းပြန်စိုက်ထူမှု ဖြစ်ပွားခဲ့သေးရာ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သေးသည်။

MH-0030

  မြန်မာသံတော်ဆင့်သတင်းဌာန

ဧရာဝတီသပိတ်စစ်ကြောင်း ပုသိမ်မြို့တွင်း လှည့်လည်စည်းရုံး

 
ဓာတ်ပုံ – Zaw Yann facebook
 ဧရာဝတီတိုင်းက အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက်တဲ့ ကျောင်းသူ ကျောင်းသားတွေ ဒီကနေ့ မနက်ကစပြီး ပုသိမ်မြို့ပေါ်က ကျောင်းတွေကို လှည့်လည်ဆန္ဒထုတ်ဖော် နေကြပါတယ်။

ပညာပါရမီ ကျောင်းတိုက်ကနေပြီး ပုသိမ်မြို့တော်ခန်းမဆီကို ချီတက်ပြီး အဲဒီကနေဆင့် မြို့တွင်းက ကျောင်းတွေကို လှည့်လည်စည်းရုံးမယ်လို့ ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်း သားများ သမဂ္ဂအတွင်းရေးမှူး ကိုတေဇာက ပြောပါတယ်။

“သွားမှာက ကျနော်တို့ ပထမဦးဆုံး မြို့ကို ပတ်မယ်။  ပတ်ပြီးတော့ ကျနော်တို့ ကျောင်းကို သွားမယ်ပေါ့နော်။ ကျောင်းတွေရှေ့မှာ တရားဟောမယ်၊ မြို့တော်ခန်းမရှေ့မှာ တရားဟော မယ်။ ပြီးရင် ဒီနေ့ထွက်တဲ့စစ်ကြောင်းကို နားမယ်။ နောက် ၃၁ ရက်နေ့ ကျနော်တို့ ထပ်ထွက်မယ်။”

ဒီရက်ပိုင်းမှာ မြို့ထဲကနေ မထွက်ဘဲ ကျောင်းတွေကိုပတ်သွားမှာဖြစ်ပြီး လာမယ့် ၁ ရက်နေ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲအပေါ်မှာမူတည်ပြီး ထွက်ဖို့အစီစဉ်ရှိတယ်လို့လည်း ပြောပါတယ်။

ဧရာဝတီ သပိတ်စစ်ကြောင်းနဲ့အတူ မြေလတ်ဒေသ ကျောင်းသားသမဂ္ဂက လာရောက်ပူးပေါင်းသလို ညနေပိုင်းမှာလည်း ပခုက္ကူခရိုင်ကျောင်းသားသမဂ္ဂတွေ၊ မုံရွာနဲ့ ရန်ကုန်က ကျောင်းသားသမဂ္ဂတွေ လာရောက်ပူးပေါင်းမယ်လို့လည်း ကိုတေဇာက ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ထားတဲ့ ကျောင်းသားတွေဟာ အစိုးရနဲ့ တွေ့ဆုံ ညှိနှိုင်းအဖြေရှာရေးအတွက် သတ်မှတ်ကာလရက် ၆၀ အလွန် လှုပ်ရှားမှုကို ဇန်န၀ါရီ ၂၀ ရက်နေ့က မန္တလေးနဲ့ ထားဝယ်မြို့မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင် (အစိုးရ၊ လွှတ်တော်၊ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီနဲ့ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်တို့) ဆွေးနွေးပွဲကို လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်ဖို့ အစိုးရနဲ့ ကျောင်းသားသပိတ်ခေါင်းဆောင်တွေ ဇန်န၀ါရီ ၂၈ ရက်နေ့က နေပြည်တော်ဆွေးနွေးပွဲမှာ သဘောတူညီကြပြီးနောက် သပိတ်စစ်ကြောင်းအချို့ ခေတ္တရပ်နားခဲ့ပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)

Thursday, January 29, 2015

ကျောင်းသားသပိတ် ကျောက်ပန်းတောင်းသို့ ရောက်ရှိ (ဓါတ်ပုံ)

သပိတ်မှောက် ကျောင်းသားများကို ကျောက်ပန်းတောင်းမြို့မှ မြို့လုံးကျွတ်နီးပါးကြိုဆို
ကျောင်းသားသပိတ် ကျောက်ပန်းတောင်းသို့ ရောက်ရှိ





သပိတ်မှောက် ကျောင်းသားများကို ကြိုနေကြသော အခြေခံပညာ ကျောင်းသား ကျောင်းသူများ
ဓါတ်ပုံ - BBC Burmese

ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း လွှတ်တော်ဆွေးနွေး

 အမျိုးသားလွှတ်တော်
ပြည်တွင်းနဲ့ နိုင်ငံတကာက ဝေဖန်မှုတွေ ရှိနေတဲ့ ကြားက လွှတ်တော် ထဲကို ရောက်ရှိလာတဲ့ မျိုးစောင့် ဥပဒေတွေထဲက ၂ မျိုးကို အမျိုးသားလွှတ်တော် မှာ ကန့်ကွက်သူတွေ နဲ့ ထောက်ခံသူတွေ အကြား ဒီရက်ပိုင်းတွေ အတွင်း အကြေအလည် ဆွေးနွေးနေခဲ့ကြပါတယ်။ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ နဲ့ လူဦးရေ ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတွေ ကို ဆွေးနွေးခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ နဲ့ ဥပဒေကြမ်း ကော်မတီတို့ တွေ့ဆုံပြီး ပြင်ဆင်ဖြည့်စွက် တာတွေ ဒီရက်ပိုင်းအတွင်း လုပ်ဆောင်မှာ ဖြစ်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်း ထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြမှာပါ။
ဒီမိုကရေစံနှုန်းတွေ ပြီးတော့ လူ့အခွင့်အရေး ရပိုင်ခွင့်တွေ နဲ့ မကိုက်ညီဘူးလို့ အများဝေဖန်နေတဲ့ မျိုးစောင့် ဥပဒေတွေ ထဲက ၂ မျိုးဖြစ်တဲ့ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ ကြမ်း နဲ့ လူဦးရေ ထိန်းညှိခြင်းဆိုင်ရာ ဥပဒေကြမ်းတွေကို ဒီနေ့နဲ့ မနေ့တုန်းက အမျိုးသားလွှတ်တော် မှာ အခြေအတင် ဆွေးနွေးခဲ့ကြ တာပါ။ ဆွေးနွေးမှုတွေ ပြီးတဲ့နောက်မှာတော့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်တွေ နဲ့ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက တာဝန်ရှိသူတွေ တွေ့ဆုံပြီး ဒီဥပဒေကြမ်း ၂ ခု ကို ပြင်ဆင်ဖြည့်စွက်တာတွေ ဒီရက်ပိုင်းတွေ အတွင်း လုပ်ဖို့ ရှိတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က VOA ကို ပြောပါတယ်။
" ဘာသာကူးပြောင်းခြင်းက ကျနော်တို့ ဆွေးနွေးပြီးပြီ။ ဥပဒေကြမ်းကော်မတီနဲ့ ကျနော်တို့ဆွေးနွေးတဲ့ ၁၂ယောက်နဲ့ပြန်ဆွေးနွေးရမှာပေါ့နော်။ နောက်တခုက ဒီနေ့ဆွေးနွေးတာကတော့ အများစုက ခရစ်ယာန်တွေကတော့ ဆန့်ကျင်တယ်ပေါ့ဗျာ။ ဗုဒ္ဓဘာသာထဲမှာတော့ NLD က ဦးအောင်ကြည်ညွန့်တို့လည်း ဆန့်တော့ မဆန့်ကျင်ဘူး။ အားနည်းတဲ့အချက်တွေ ထောက်ပြတာပေါ့။ အခုဒီနေ့ လူဦးရေထိန်းသိမ်းရေးဥပဒေမှာတော့ NLD က ဒေါက်တာမြင့်နိုင်က ကန့်ကွက်တယ်ခင်ဗျ။ ပြီးတော့ ခရစ်ယာန်နှစ်ယောက်ကလည်း ကန့်ကွက်ပါတယ်။ ကျန်တဲ့သူက ထောက်ခံပါတယ်။"
မျိုးစောင့် ဥပဒေတွေ ထဲမှာ ပါဝင်တဲ့ ဒီဥပဒေ ၂ မျိုးကို လွှတ်တော် မှာ ဆွေးနွေးပြီး အတည်ပြဌာန်းဖို့ ပြင်ဆင်တာဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီ မှုမရှိဘူး ရှု့မြင်တဲ့ အကြောင်း စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီ ပါတီ (ကချင်ပြည်နယ်) ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန် က ပြောပါတယ်။
" ဒီနေ့ ဒီအချိန်အခါ ဒီမိုကရေစီ ကူးပြောင်းလာတဲ့အချိန်အခါမှာ ပိုပြီးတော့ လွတ်လပ်မှု၊ ပွင့်လင်းမှု ပိုပြီးတော့ ပေးလာတဲ့အချိန်အခါမှာ ဒီဟာကတော့ ဒီအချိန်အခါကတော့ မလိုအပ်သေးဘူးလို့ ထင်တာပဲ။ ဒီအချိန်အခါမှာ တယောက်နဲ့တယောက် ဝိဝါဒ ကွဲပြားစရာလေးတွေ၊ တယောက်နဲ့ တယောက် နားမလည်မှုလေးတွေ၊ ပိုပြီးတော့ ဖြစ်ပေါ်စေနိုင်တဲ့ အနေအထား များ ဖြစ်လာမလား။ အခက်အခဲ သူ့အတိုင်းအတာနဲ့သူ ဖြစ်လာမလား၊ အဲ့လိုသုံးသပ်တယ်ပေါ့လေ။"
၂ဝဝ၇ ရွှေဝါရောင် သံဃာအရေးအခင်း အပြီး မှာ ဖွဲ့စည်းခဲ့တဲ့ ရွှေဝါရောင် သံဃာတော်များ ကွန်ယက်ရဲ့ ဦးဆောင် ဆရာတော် ဘန္တဒ္ဒ ဦးပဏ္ဏဝံသ က တော့ ဘာသာရေး နဲ့ မိမိ ရဲ့ စိတ်နဲ့ သာ သက်ဆိုင်တာကြောင့် ဥပဒေ ပြဌာန်းပြီးတော့ ပြောင်းခိုင်းဖို့ မသင့်တော်ဘူးလို့ သူကမိန့်ပါတယ်။
" ဒီဘာသာကူးပြောင်းရေးနဲ့ပတ်သက်လို့က အရမ်းကို နက်ရှိုင်းတယ်ပေါ့။ ဘာလို့တုန်းဆိုတော့ ကျုပ်တို့တွေက ထေရဝါဒ ဗုဒ္ဓသာသနာ သွားပုံ စနစ်ကို ကြည့်မယ်ဆိုလို့ရှိရင် အိန္ဒိယကို နမူနာ ယူလို့ရတာပေါ့နော်။ သီရိဓမ္မာ အာသောက မင်းကြီးဟာ သူသြဇာ အာဏာညောင်းတဲ့အချိန်မှာ ဗြဟ္မဏတွေကို အမိန့်အာဏာနဲ့ ဗုဒ္ဓဘာသာထဲ ဝင်ဖို့ ဆိုပြီးတော့ သူကပြောတယ်။ မဝင်တဲ့သူ သတ်မယ်ဆိုတော့ အသတ်ဘေးအန္တရာယ်ကို စိုးရွံ့ပြီးတော့ ဗုဒ္ဓဘာသာ ထဲ ဝင်လာကြတယ်။ တကယ်တမ်းကျတော့ ရင်ထဲ နှလုံးထဲမှာ ဗုဒ္ဓဆိုတာ မရှိဘူးလေ။ ပြီးတော့ အိုမင်းပြီး အရွယ်ရင့်လာတော့ သူ့ရဲ့ သြဇာအာဏာ အချိန် ကျတဲ့အခါကျတော့ အဲ့ဒီ့ ဗြဟ္မဏတွေက သူ့ရဲ့သားကို ဘုရင်တင်လိုက်တယ်။ အဲ့ဒီ့အချိန်ကစလို့ ဇီးဖြူသီး တစ်လုံးပဲ သူ့ရဲ့ပိုင်ဆိုင်မှု ရှိတော့တယ်။ အဲ့ဒီ့အချိန်ကစလို့ အိန္ဒိယနိုင်ငံမှာ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာ ကွယ်ပျောက်ခဲ့တာဟာ အဓိက သေသေချာချာပြောမယ် ဆိုရင်တော့ အမိန့်အာဏာနဲ့ အတင်းအဓမ္မ ဘာသာကူးပြောင်းခိုင်း လို့ဖြစ်တယ်ဆိုတာကို အထောက်အထားရှိတယ်လေ။"
လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ချို့ကလည်း အခုလွှတ်တော်ထဲ ရောက်နေတဲ့ မျိုးစောင့် ဥပဒေ ကြမ်း ၄ မျိုးကို ဥပဒေ အဖြစ် အတည်ပြု သင့်မသင့် ပြန်လှန် သုံးသပ်ဖို့ လွှတ်တော်ကို ကန့်ကွက်စာတွေ ပေးပို့ထားတာတွေလည်း ရှိပါတယ်။
ကျား၊မ တန်းတူညီမျှရေးကွန်ယက်က ဒါရိုက်တာ တစ်ဦး ဖြစ်တဲ့ မမေစံပယ်ဖြူ ကတော့ အခုလွှတ်တော်ထဲမှာ ပြဌာန်းဖို့ လုပ်နေတဲ့ မျိုးစောင့် ဥပဒေကြမ်းတွေ နဲ့ ပတ်သက်ပြီး သူ့အမြင်ကို အခုလို ထုတ်ဖော်ပြောဆိုပါတယ်။
"ကိုးကွယ်ရာ ဘာသာပဲဖြစ်ဖြစ် သားသမီးဘယ်နှစ်ယောက် ယူမယ် မယူဘူးဆိုတာပဲဖြစ်ဖြစ်ပေါ့နော်။ ဘယ်သူနဲ့အိမ်ထောင်ပြုမယ် မပြုဘူးဆိုတာ ဖြစ်ဖြစ် လူတွေဟာ လူတစ်ဦးတစ်ယောက်ခြင်း နဲ့ပဲ ဆိုင်တယ်။ လူတစ်ဦးတစ်ယောက်ခြင်းစီရဲ့ Private Life ပဲဖြစ်တယ်။ အဲ့တာတွေကို ကျမတို့က ဥပဒေနဲ့ကန့်သတ်ပြဌာန်းလို့မရပါဘူး။"
မျိုးစောင့် ဥပဒေကြမ်း ၄ မျိုးထဲက ၂ မျိုးဖြစ်တဲ့ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေကြမ်း နဲ့ လူဦးရေ ထိန်းညှိခြင်းဆိုင်ရာ ဥပဒေကြမ်း တွေကို အမျိုးသား လွှတ်တော် မှာ ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် မှာ ဆွေးနွေးဖို့ ရှိတဲ့ နောက်ထပ် မျိုးစောင့် ဥပဒေ ၂ ခု ကတော့ တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့မြန်မာအမျိုးသမီးများ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းတွေဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြဌာန်းဖို့ လွှတ်တော်က စဉ်းစားနေတဲ့ မျိုးစောင့် ဥပဒေတွေ နဲ့ ပါတ်သက်ပြီး USCIRF နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ဆိုင်ရာ အမေရိကန် ကော်မရှင်က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ကြောင်း ဇန်နဝါရီလ ၂၂ ရက် ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့သလို၊ ကုသမဂ္ဂ အပါအဝင်၊ နိုင်ငံတကာလူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့တွေကလည်း ဒီဥပဒေ ပြဌာန်းဖို့ ပြင်ဆင်ကတည်းက ကန့်ကွက်ပြောဆိုနေကြတာပါ။

အောင်ရဲမောင်မောင်( VOA)

ပျောက်ဆုံး မလေးရှားလေယာဉ် မတော်တဆ ပျက်ကျမှုဟု ထုတ်ပြန်

မလေးရှားလေကြောင်းလိုင်းရဲ့ MH370 လေယာဉ် ပြီးခဲ့တဲ့နှစ်ထဲ ပျောက်ဆုံးမှုဟာ မတော်တဆမှု အဖြစ် တရားဝင် ကြေညာ လိုက်ပါတယ်။ ဒါဟာ ဆိုရင် လေယာဉ်ပေါ်မှာ လိုက်ပါသွားသူ ၂၃၉ ဦးစလုံးကို သေဆုံးပြီလို့ သတ်မှတ်လိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။ တနှစ်နီးပါးကြာ ရှာဖွေခဲ့ပေမဲ့ ပြန်မတွေ့ခဲ့တဲ့အဆုံး ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်ကြောင့် လက်တွေ့ အကျိုးဆက် အနေနဲ့ကတော့ ပျောက်ဆုံးလေယာဉ်ပေါ်မှာ ပါသွားသူတွေရဲ့ မိသားစုတွေ နစ်နာကြေး လျှောက်ထား နိုင်ကြတော့မှာပါ။
ဆုံးဖြတ်ချက်ကိုတော့ ရင်နာနာနဲ့ ချမှတ်ခဲ့ရတာ ဖြစ်တယ်လို့လည်း မလေးရှား အရပ်ဖက်လေကြောင်းဌာန အကြီးအကဲ Azharuddin Abdul Rahman က ရုပ်မြင်သံကြားမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ လေကြောင်းလိုင်း အနေနဲ့ နစ်နာကြေးပေးတဲ့ လုပ်ငန်းတွေကိုလည်း ချက်ခြင်းဆောင်ရွက်ပေးဖို့ အသင့်ရှိတဲ့အကြောင်လည်း ပြောဆိုခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် မတ်လ ၈ ရက်နေ့မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ဦးတည်ပျံသန်းနေစဉ် လေယာဉ်လမ်းကြောင်းကချော်ပြီး အိန္ဒိယသမုဒ္ဒရာပေါ်မှာ မလေးရှားလေကြောင်းလိုင်းရဲ့ Boeing-777 လေယာဉ် ရုတ်တရက် ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။
လေယာဉ်ပျောက်ဆုံးရတဲ့ အကြောင်းရင်းနဲ့ နေရာကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပေမဲ့ လေယာဉ် ပျံသန်းမှု မှတ်တမ်းတင် ကရိယာတွေလို အထောက်အထားတွေ မရှိတဲ့အတွက် ရှာဖွေရေးမှာ အကန့်အသတ်တွေ ရှိနေတယ်လို့လည်း မလေးရှား အရပ်ဖက် လေကြောင်းဌာန အကြီးအကဲက ပြောဆိုခဲ့တာပါ။ လေကြောင်းဆိုင်ရာ ဘေးကင်းလုံခြုံမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု ကနဦးအစီရင်ခံစာ တစောင်ကိုတော့ မကြာခင်ထုတ်ပြန်သွားမယ်လို့လည်း ပြောပါတယ်။

VOA

မြန်မာအစိုးရနှင့် အလှူရှင်များ အိပ်ရင်းလက်တွဲ လမ်းလျှောက်နေဟု လူ့အခွင့်အရေး အဖွဲ့ဝေဖန်


                                  အစီရင်ခံ မျက်နှာဖုံး
 
 မြန်မာနိုင်ငံမှာ ပြုပြုင်ပြောင်းလဲရေး ဖြစ်စဉ်တွေ စတင်ခဲ့တဲ့ ၃ နှစ်အတွင်း ၂၀၁၄ ခုနှစ်မှာ  လူ့အခွင့်အရေးအခြေအနေဟာ လျော့ပါးကျဆင်းခဲ့ပြီး တိုးတက်မှုတွေ နောက်ပြန်လှည့် နေတယ်လို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောပါတယ်။

၂၀၁၅ ကမ္ဘာ့လုံးဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာမှာ အခုလိုဖော်ပြထားတာဖြစ်ပြီး နိုင်ငံတကာအလှူရှင်တွေနဲ့ သြဇာညောင်းတဲ့ အစိုးရတွေက မြန်မာပြည် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းမှန်ပေါ်ရောက်ဖို့ စစ်တပ်နဲ့ အစိုးရကို အနည်းငယ်ပဲ ဖိအားပေးနိုင်တယ်လို့လည်း ထောက်ပြဝေဖန်လိုက်ပါတယ်။

HRW အာရှ ညွှန်ကြားရေးမှူး တိုနီအဒမ်က  “မြန်မာအစိုးရနဲ့ အလှူရှင်တွေဟာ အိပ်ပျော်လျက် လက်ချင်းချိတ်လမ်းလျှောက်ရင်း ၂၀၁၅ မှာ ရွေးကောက်ပွဲ ကပ်ဘေးဒုက္ခဆီကို ဦးတည်နေတယ်” လို့ ပြောပါတယ်။

အခြေခံ ဥပဒေကိုပြင်ဆင်တာ မလုပ်နိုင်ခဲ့ဘူးဆိုရင်တော့ ရွေးကောက်ပွဲအပြီး စစ်တပ်က ထိန်းချုပ်ထားတဲ့ အစိုးရတက်လာမှ အလှူရှင်တွေ လန့်နိုးလာမှာ ဖြစ်သလို စစ်မှန်တဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အခုဖိအားပေးဖို့လိုတယ်လို့လည်း  ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးနေပေမယ့် ခန့်မှန်းခြေ ၂၇ ဦး ကနေ ၇၂ ဦး အကျဉ်းကျနေဆဲ ဖြစ်သလို အထူးသဖြင့် မြေယာသိမ်းလို့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူတွေကို ဖမ်းဆီးတာကလည်း ပိုမိုများပြားလာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၁၄ ခုနှစ်မှာ တခြားဘာသာတွေထက် ဗုဒ္ဓဘာသာကို အထောက်အကူပြုတဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊  လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ဥပဒေ၊ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေတို့ကို မိတ်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဆိုပြုထားတဲ့ ဒီဥပဒေကို ဝေဖန်တဲ့သူတွေကို ခြိမ်းခြောက်ဖို့ အစွန်းရောက် သံဃာအဖွဲ့ကို ဖန်တီးခဲ့တယ်လို့လည်း ရေးပါတယ်။

စစ်တပ်ကချုပ်ကိုင်ထားတဲ့ အစိုးရက ရိုဟင်ဂျာ မွတ်စလင်တွေကို ဖိနှိပ်ခဲ့သလို မီဒီယာ လွတ်လပ်ခွင့်ကို ပြည်ဖုံးကားချပြီး ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ အရေးပါတဲ့ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးကို ပိတ်ပင်ခဲ့တယ်လို့ လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စာမျက်နှာ ၆၅၆ မျက်နှာပါတဲ့ ဒီအစီရင်ခံစာဟာ နိုင်ငံပေါင်း ၉၀က လူ့အခွင့်အရေး အခြေအနေတွေကို သုံးသပ် ရေးထားတာ ဖြစ်ပါတယ်။

By ဒီဗွီဘီ

၆ ပွင့်ဆိုင်ဆွေးနွေးပွဲ အမြန်ဆုံးစတင်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

 
 ပြည်ထောင်စု လွှတ်တော်က တောင်းဆိုထားတဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲကို အမြန်ဆုံး ကျင်းပသင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ဆန္ဒပြ ကျောင်းသားတွေ တောင်းဆိုနေတဲ့ လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲကို အစိုးရက မနေ့က လက်ခံလိုက်တဲ့အတွက် ပြည်ထောင်စု လွှတ်တော်က တောင်းဆိုထားတဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲကို အစိုးရဘက်က လက်ခံနိုင်ဖွယ်ရှိလားဆိုတဲ့ သတင်းထောက်တွေရဲ့မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"ခြောက်ပွင့်ဆိုင်ဆိုတာ လုပ်သင့်တယ်ပေါ့နော်၊ လုပ်မယ် မလုပ်မယ် ဆိုတာကတော့ထားလိုက်၊ အဓိကကတော့ သမ္မတအပေါ်မှာ မူတည်တယ်၊ ဒါပေမဲ့ ကျမကတော့ ရှင်းရှင်းလင်းလင်းပြောချင်တယ်၊ ဒီလိုဆွေးနွေးညှိနှိုင်းသင့်တဲ့ကိစ္စတွေကို စောစောစီးစီးလုပ်တာ အကောင်းဆုံးပဲ၊ အခုလိုဖိအားပေးမှ မကျေနပ်မှုတွေက အရှိန်တက်လာမှ ညှိနှိုင်းဆွေးနွေးတိုင်ပင်မှုတွေ လက်ခံတယ်ဆိုတာဟာ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ မကိုက်ဘူးလို့ပဲ ဒီလိုပဲမြင်တယ်"

  ပြည်ထောင်စုလွှတ်တော်က တောင်းဆိုထားတဲ့ ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲကို အမြန်ဆုံးကျင်းပပေးဖို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတထံ သ၀ဏ်လွှာပေးပို့ထားပါတယ်။

RFA Burmese

လာမည့် လဆန်း ဒေသခံအင်အား ၂၀၀၀ ဦး ထားဝယ်စီမံကိန်း ထောက်ခံ ဆန္ဒပြမည်


|Dawei Watch| ထားဝယ်၊ ဇန်န၀ါရီ ၂၇

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော်ရေးအတွက် နဘုလယ် ဒေသခံ အင်အား ၂၀၀၀ ဦးဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်မည့် ဦးရွှေဌေးက ပြောကြားသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းကို အမြန်ဆုံးဖြစ်စေချင်ပြီး ရေနက်ဆိပ်ကမ်းအကောင်အထည်ဖော်ဖြစ်လျှင် ဒေသတစ်လုံးနှင့်
တနင်္သာရီတိုင်းပါ ဖွံဖြိုးတိုးတက်လာမည်ဖြစ်၍ ဆန္ဒထုတ်ဖော်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။

“ရေနက်ဆိပ်ကမ်းဖြစ်လာရင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးပါ အားလုံးအဆင်ပြေလာမယ် လူနေမှု အ ဆင့်အတန်းကအစ အကုန်လုံးမြှင့်မားလာမယ်လို့ ထင်တယ်”ဟု ဦးရွှေဌေးက ဆိုသည်။

အဆိုပါစီမံကိန်းအတွက် အသုံးပြုရန် မြေတိုင်းတာခံထားရသူများက လျှော်ကြေးလိုချင်နေကြပြီး အလုပ်အကိုင်ရရှိရန်အတွက်
မျှော်နေသူများလည်း ရှိသကဲ့သို့ ရေနက်ဆိပ်ကမ်းအကောင်အထည်ဖော်လျှင် လျှပ်စစ်မီးရရှိမည်ဟု မျှော်လင့်ထားသူများ လည်းရှိကြောင်း ဦးရွှေဌေးက ပြောသည်။

“ရေနက်ဆိပ်ကမ်းစီမံကိန်းဝင်လာပြီး ရွာပြောင်းပေးရမယ်ဆိုရင်တော့ မလိုချင်ဘူး”ဟု ထိန်ကြီးကျေးရွာသားတစ်ဦးက ဆိုသည်။
ဆန္ဒထုတ်ဖော်မည့်သူများက ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်း အမြန်ဆုံးအကောင်အထည်ဖော်
နိုင်ရေး - ဒိုအရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်အား ဖျက်ဆီးသူ - တို့ရန်သူ၊ ထားဝယ်ရေနက်ဆိပ်ကမ်း နှင့် အထူးစီးပွားရေးဇုန်စီမံကိန်း-အောင်ရမည်ဟု ကြွေးကြော်ကာ ထားဝယ် -ကန်ချနပူရီလမ်းအူကြောင်းအပေါ်ရှိ ၄ ကီလို မီတာမှ ၀ ကီလိုမီတာအထိ စစ်ကြောင်း ၄ကြောင်းဖြင့် ချီတက်ကာ ဆန္ဒထုတ်ဖော်မည်ဟု စီစဉ်သူများထံမှ သိရသည်၊

“မည်သူမဆို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိတဲ့အတွက် ဆန္ဒထုတ်ဖော်မှုအပေါ် DDA (ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့) အနေနဲ့ မှတ်ချက် ပေးစရာ မရှိပါဘူး။ ဒါပေမယ့် မေးစရာမေးခွန်းတွေတော့ ရှိတယ်”ဟု ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ ရန်ကုန် ညှိနှိုင်းရေးမှူး ဦးဘိုဘိုအောင်က ယင်းအဖွဲ့၏ သဘောထားကို ပြောသည်။

စီမံကိန်းထောက်ခံ ဆန္ဒပြသူများအနေဖြင့် အထူးစီးပွားရေးဇုန်နှင့် ပတ်သက်ပြီး ရှင်းလင်းစွာ သိနားလည်ခြင်း ရှိမရှိ မေးခွန်းထုတ်လိုပြီး အမှန်တကယ် ရှင်းလင်းစွာသိလျက် ထောက်ခံသည်ဆိုပါက ယင်းအဖွဲ့အနေဖြင့် မှတ်ချက်ပေစရာ မရှိကြောင်းနှင့် ဆန္ဒပြသူများ အနေဖြင့် ထားဝယ်စီမံကိန်းနှင့် ဆက်စပ်ပြီး ရှင်းလင်းရန် ကျန်နေသည့် ပြဿနာများ ကိစ္စ မည်သို့ ဆောင်ရွက်ပေးပါဟု တောင်းဆိုရန် တိကျသည့် အစီအစဉ်ရှိမရှိ သိလိုပြီး ယင်းသို့ မရှိဘဲ စီမံကိန်းကိုသာ ဆက်လုပ်ရန် တောင်းဆိုပါက ပြဿနာများကိုသာ ထပ်ဖြစ်လာစေမည်ဟု မြင်ကြောင်း ယင်းအဖွဲ့က ပြောသည်။

“ထားဝယ်စီမံကိန်းကနေ ဘာအကျိုးကျေးဇူးတွေ မျော်လင့်ထားသလဲလို့လည်း မေးချင်တယ်”ဟု ဦးဘိုဘိုအောင်က ဆိုသည်။

DDA သည် ထားဝယ်စီမံကိန်းနှင့် ပတ်သက်ပြီး အစဉ်တစိုက် ထောက်ပြဝေဖန်လာသည့် ထားဝယ်အခြေစိုက် အဖွဲ့ဖြစ်ပြီး လက်ရှိ ရပ်နားထားသည့် ထားဝယ်စီမံကိန်းကို ပြန်မစမီ ယခင်ပြဿနာများကို အပြီးသတ်ရှင်းရန် တောင်းဆိုထားသည်။

ထောက်ခံ ဆန္ဒထုတ်ဖော်မည့်သူများက ၀ ကီလိုမီတာ၌ စုဝေးပြီး အဆိုတင်သွင်းခြင်း၊ ထောက်ခံခြင်း စီစဉ်များကိုပါ လုပ်ဆောင် မည်ဟု ၄င်းစီစဉ်သူများက ပြောဆိုသည်။

စစ်ကြောင်းကြီး ၄ကြောင်းဖြစ်သော ဦးဘဆွေစစ်ကြောင်းတွင် ထိန်ကြီး၊ မယင်းကြီး၊ ငပိတက်ကျေးရွာသူရွာသားများ၊  ဦးစိန်ဝင်းစစ်ကြောင်းတွင်  ပရဒတ်၊ ဘ၀ါ၊ ဘ၀ါပင်လယ်ကမ်းခြေနှင့် ထွက်ဝကျေးရွာသူရွာသားများ၊ သူရမချစ်ပိုစစ်ကြောင်းတွင် မူးဒူး၊ရလိုင်၊ ပုဂေါဇွန်း၊ မောင်းချောင်းနှင့် ၀က်ချောင်းကျေးရွာမှ ဒေသခံများ၊ ဗထူးစစ်ကြောင်းတွင် လဲရှောင်နှင့် ဧကနိကျေးရွာမှ ဒေသခံများ ချီတက်ကာ ဆန္ဒထုတ်ဖော်မည်ဟု သိရသည်။

Dawei Watch

ပထမဆုံး နိုင်ငံတကာခရီးစဉ်အဖြစ် ကင်ဂျုံအန်း ရုရှားသွားမည်

နိုင်ငံအကြီးအကဲအဖြစ် ၂၀၁၁ ခုနှစ်က တာဝန်ယူပြီးတဲ့နောက်ပိုင်း ပထမဆုံး နိုင်ငံတကာ ခရီးစဉ်အဖြစ် မေလမှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျံအန်း   ရုရှားကို သွားရောက်မှာ ဖြစ်ပါတယ်။

မေ ၉ ရက်မှာ ကျင်းပမယ့် ဒုတိယကမ္ဘာစစ် ဆိုဗီယက် ပြည်ထောင်စုက ဂျာမနီကို အောင်နိုင်ခဲ့တဲ့ အထိမ်းအမှတ် အခမ်းအနားမှာ ပါဝင်ဖို့အတွက် သွားရောက်တာလို့ ရုရှား သမ္မတအိမ်တော် ပြောခွင့်ရကို ကိုးကားပြီး တောင်ကိုရီးယား ယုံဟပ် သတင်းမှာ ရေးပါတယ်။

ဓာတ်ပုံ (ရိုက်တာ)
ဓာတ်ပုံ (ရိုက်တာ)

ကင်ဂျုံအန်းရဲ့ ဒုတိယမြောက် ခရီးစဉ်ဟာ တရုတ်နိုင်ငံ ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့လည်း သတင်းတွေက ရေးပါတယ်။

“နိုင်ငံခေါင်းဆောင် ၂၀ လောက်လာရောက်မှာဖြစ်ပြီး ဒီအထဲမှာ မြောက်ကိုရီးယား ခေါင်းဆောင်လည်း ပါမယ်”လို့ ရုရှား သမ္မတအိမ်တော်ပြောခွင့်ရကို ကိုးကားပြီး ယုံဟပ်သတင်းမှာ ရေးပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားက ဆက်ဆံရေး ကောင်းမွန်ဖို့ ကြိုးစားနေပါတယ်။ မြောက်ကိုးရီးယား နိုင်ငံအပေါ် ချမှတ်မယ့် ပိတ်ဆို့ ဒဏ်ခတ်မှုကို တရုတ်နဲ့ ရုရှားနိုင်ငံက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ကန့်ကွက်ခဲ့ပါတယ်။

ကင်ဂျုံအန်း အာဏာယူပြီးတဲ့နောက် တရုတ်နဲ့ ဆက်ဆံရေးက ဆိုးဝါးခဲ့သလို နိုင်ငံတကာရဲ့ သတိပေးချက်ကိုလည်း အာခံပြီး တတိယအကြိမ် နျူကလီးယား စမ်းသပ်ခဲ့ပါတယ်။
တရုတ်ကလည်း မြောက်ကိုရီးယားရဲ့ နျူကလီးယား ရည်မှန်းချက်နဲ့ ပတ်သက်ပြီး တင်းမာတဲ့ သဘောထားရှိနေပါတယ်။

http://burmese.dvb.no/archives/79066

အကြမ်းဖက်သမားနဲ့ ဓားစာခံလဲဖို့ ဂျော်ဒန်အသင့်

 
အစ္စလာမ်စစ်သွေးကြွအဖွဲ့ IS က ဖမ်းဆီးထားတဲ့ ဂျော်ဒန်လေယာဉ်မှူးကို အကြမ်းဖက်သမားအဖြစ် ဖမ်းဆီးထားသူတဦးနဲ့ အလဲအလှယ်လုပ် ပြန်လွှတ်ပေးဖို့ အသင့်ရှိတဲ့ အကြောင်း ဂျော်ဒန်ပြန်ကြားရေး ၀န်ကြီးက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ နောက်ဆုံး သတ်မှတ်ရက်ဖြစ်တဲ့ ဒီကနေ့မှာပဲ ဂျော်ဒန် ပြန်ကြားရေးဝန်ကြီး Mohammad al-Momani က နိုင်ငံပိုင်ရုပ်မြင်သံကြားမှာ ပြောဆိုခဲ့တာပါ။
ဂျော်ဒန်လေတပ်က ဒုဗိုလ် Mu'ath al-Kaseasbeh ကို ဘေးမသီ ရန်မခ ပြန်လွှတ်ပေးရင်၊ Amman မြို့တော်မှာ ၂၀၀၅ ခုနှစ်တုန်းက လူ ၆၀ သေဆုံးခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူအဖြစ် ထောင်ဒဏ်ကျ ခံနေရတဲ့ အီရတ်နိုင်ငံသူ Sajida al-Rishawi ကိုလည်း ပြန်လွှတ်ပေးမယ်လို့ ပြော ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံထားရတဲ့ နောက်ထပ် ဓားစာခံတဦးဖြစ်သူ ဂျပန်သတင်းထောက် Kenji Goto နဲ့ ပတ်သက်လို့တော့ တစုံတရာ ပြောဆိုခဲ့တာ မရှိပါဘူး။ ဂျပန်နိုင်ငံကတော့ သတင်းထောက် ပြန်လည် လွတ်မြောက်ရေး အကူအညီပေးဖို့ ဂျော်ဒန်ကို မေတ္တာရပ်ခံထားတာပါ။
ဂျပန်သတင်းထောက်ရဲ့ မိခင်ဖြစ်သူကတော့ ဒီကနေ့မှာပဲ သူ့သားကို ပြန်လွှတ်ပေးဖို့၊ ဂျပန်ဝန်ကြီးချုပ် Shinzo Abe အနေနဲ့ သားဖြစ်သူ လွတ်မြောက်ရေးအတွက် အစွမ်းကုန် ကြိုးစားပေးဖို့လည်း တောင်းပန်ခဲ့ပါတယ်။
စနေနေ့မှာတုန်းကတော့ ဖမ်းဆီးခံထားရပြီး ခေါင်းဖြတ်အသတ်ခံခဲ့ရပုံရတဲ့ ဂျပန်ဓားစာခံ နောက်တဦးဖြစ်တဲ့ Haruna Yukawa ရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ထားတဲ့ ဂျပန်သတင်းထောက်ရဲ့ ဗွီဒီယိုတခုကို IS စစ်သွေးကြွတွေက ပြသခဲ့တာပါ။ ဗွီဒီယိုထဲမှာတော့ ဂျပန်ဓားစာခံ Yukawa သေဆုံးရတဲ့ ကိစ္စမှာ ဂျပန်ဝန်ကြီးချုပ် တိုက်ရိုက် တာဝန်ရှိတယ်လို့လည်း စစ်သွေးကြွတွေက စွပ်စွဲခဲ့ပါတယ်။
VOA

သပိတ်မှောက်ကျောင်းသားတွေ ဘာတွေတောင်းဆိုထားသလဲ ..

 
ကျွန်တော်တို့ သပိတ်မှောက် ကျောင်းသားများ၏ တောင်းဆိုချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

(၁) ပညာရေးမူဝါဒနှင့် ဥပဒေများ၊ နည်းဥပဒေများ၊ ဆက်စပ်ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်များ၊ ဆရာ ဆရာမ ကိုယ်စားလှယ်များ ပါဝင်ရန်ကိစ္စ၊

(၂) ကျောင်းသားသမဂ္ဂများ ၊ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင် လှုပ်ရှားခွင့်နှင့် ၄င်းသမဂ္ဂများ တည်ရှိမှု အပေါ် တရားဝင်အသိအမှတ်ပြုရေးကိစ္စ။

(၃) လက်ရှိပြဌာန်းပြီးဖြစ်သော အမျိုးသားပညာရေး ဥပဒေတွင်ပါဝင်သည့် အမျိုးသားပညာရေး ကော်မရှင် နှင့် တက္ကသိုလ်များပေါင်းစပ်ညှိုနှိုင်းရေးကော်မတီ ဖွဲ့စည်းထားခြင်းကိစ္စ။

(၄) ဒေသအလိုက်နှင့် ကျောင်းအလိုက်လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့်ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဌာန်းခွင့် ကိစ္စ။

(၅) လက်ရှိကျင့်သုံးလျက်ရှိသော စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့်စနစ်များ ပြင်ဆင်ရန်ကိစ္စ။

(၆) ကျောင်းသားများ လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်ပြီး ၊ ကိုယ်တိုင်လေ့လာ စူးစမ်း သင်ယူနိုင်သည့် သင်ကြား နည်းစနစ်များ ပြောင်းလဲရန်ကိစ္စ။

(၇) တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကားလွတ်လပ်ခွင့်နှင့် မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံ ပညာရေးစနစ် ( mother tongue based multi-lingual education ) ကို အမျိုးသားပညာရေးဥပဒေတွင် ထည့်သွင်းပြဌာန်းရန်ကိစ္စ။

(၈) မသန်စွမ်းကလေးများအပါအ၀င် ကလေးအားလုံးအတွက် လူတိုင်းအကျူံးဝင်ပညာရေး (inclusive education) ကိစ္စ။

(၉) ကျောင်းသားအရေးအခင်းများကြောင့် ကျောင်းထုတ်ခံခဲ့ရသည့် ကျောင်းသားများ ကျောင်းပြန်လည်တက်ရောက် ခွင့် ကိစ္စ။

(၁၀) ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံးအသုံးစရိတ်၏ ၂၀% သတ်မှတ်နိုင်ရေးကိစ္စ။

(၁၁) အခမဲ့ မသင်မနေရ ပညာရေးစနစ်ကို မူလတန်းအဆင့်သာမက အလယ်တန်းအဆင့်အထိ တိုးမြှင့် ကျင့်သုံးရေး ကိစ္စ...

Ye yint kyaw

၎ ပွင့်ဆိုင်တွေ့ရက်ထိ ကျောင်းသားတွေ ဆက်လက်ချီတက်မည်

 
အငြင်းပွား စရာတွေ ဖြစ်နေတဲ့ အမျိုးသား ပညာရေး ဥပဒေနဲ့ ပတ်သက်ပြီး သပိတ်ဦးဆောင် ကျောင်းသား တွေနဲ့ အစိုးရအဖွဲ့ တာဝန်ရှိ သူတွေအကြား ဆွေးနွေးပွဲအပြီး သဘောတူညီမှုတွေ ရခဲ့ပေမဲ့ လမ်းလျှောက် ချီတက်နေကြတဲ့ ကျောင်းသားတွေရဲ့ အခြေအနေကရော ဘယ်လို ရှိနေ ပါသလဲ။ အကြောင်းစုံကိုတော့ မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

နေပြည်တော်မှာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ကျောင်းသားတွေ ဆွေးနွေးပွဲလုပ်အပြီးမှာ ကျောင်းသားတွေကတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ဆွေးနွေးပွဲတွေ လုပ်နေစဉ်မှာ ရောက်ရှိနေတဲ့မြို့ကနေ စောင့်ကြည်တဲ့အနေနဲ့ သပိတ်ရပ်နားမှာဖြစ်ပြီး သပိတ်လှန်လိုက်တာ မဟုတ်ဘူးလို့ သပိတ်မှောက် ကျောင်းသားတွေက ဆိုပါတယ်။

“သဘောတူညီချက်မှာလည်း ပါပါတယ်။ ကျနော်တို့ဆိုလိုတာက သပိတ်ရပ်နားထားတာ မဟုတ်သေးဘူးခင်ဗျ။ ကျနော်တို့က ဆွေးနွေးပွဲစတဲ့နေ့မှာ သပိတ်ကို ခဏ ရပ်နားမယ်လို့ပဲ ပြောတာပါ။ အဓိကက ကျနော်တို့ ဒီဆွေးနွေးပွဲစတဲ့အချိန်မှာ ဆွေးနွေးပွဲကို အပြုသဘောဆောင်တဲ့ အနေနဲ့ ဒီသပိတ်ကို ဆက်ပြီးတော့ ချီတက်တာ မလုပ်ဘဲ ခဏရပ်နားထားမှာ။ ကျနော်တို့ အဲ့ဒီဆွေးနွေးပွဲ မတိုင်ခင်အထိကတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့မတိုင်ခင်အထိကတော့ ကျနော်တို့က နဂိုစီစဉ်ထားတဲ့အတိုင်းပဲ ဆက်လက် ချီတက်နေမှာပဲခင်ဗျ။ သပိတ်ရပ်နားတယ်ဆိုတာကလည်း ကျနော်တို့က သပိတ်လှန်တာမဟုတ်ဘူး။ ကျနော်တို့ရဲ့ တောင်းဆိုချက်တွေကို အပြည့်အ၀ တင်းပြည့်ကျပ်ပြည့် မရဘူးဆိုလို့ရှိရင် ကျနော်တို့ ဒီထက် ပိုပြီးတော့ ပြင်းထန်တဲ့သပိတ်တွေ ဆက်လုပ်မယ်ဆိုပြီး ကျနော်တို့ ကြေညာထားပါတယ်။ ကျနော်တို့ ဒီဆွေးနွေးမယ့်ရက် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ၄ ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးနေတဲ့ အချိန်မှာ သပိတ်ရပ်နားထားမယ်လို့ ကျနော်တို့ သဘောတူညီချက်ရှိတယ်။ ဒါပေမဲ့ အဲ့ဒီလို သပိတ်ရပ်နားထားတာဟာ သပိတ်လှန်လိုက်တာ လုံးဝ မဟုတ်သေးပါဘူး။ ကျနော်တို့ ဒီဆွေးနွေးတဲ့ရလဒ်ကို စောင့်ကြည့်တဲ့အနေနဲ့သာ ကျနော်တို့ ချီတက်နေတဲ့ သပိတ်လမ်းကြောင်းတွေကို ခဏ ရောက်တဲ့နေရာမှာ ရပ်နားထားမှာကို ပြောတာပါ။”

ဆွေးနွေးပွဲမှာ သပိတ်စစ်ကြောင်းအနေနဲ့ ပါဝင်မယ့် ကိုယ်စားလှယ် ကျောင်းသားတဦး ပြောပြသွားတာပါ။ သူတို့အနေနဲ့ တောင်သာမြို့အ၀င် ပိတ်ဆို့ဟန့်တားမှုတွေ ကြုံရပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့မှာ တောင်သာကနေ ၀ဲလောင်မြို့ကို ရောက်ခဲ့ပါတယ်။ ၀ဲလောင်မြို့မှာ သူတို့အတွက် လုံခြုံမှုမရှိတဲ့အတွက် ပုပ္ပါးမှာ ညအိပ်နားမယ်လို့ ကျောင်းသားတွေက ဆိုပါတယ်။ ကျောင်းသားတွေနဲ့ အစိုးရဆွေးနွေးမှုတွေ လုပ်ခဲ့ပေမဲ့ သူတို့ကို အာဏာပိုင်တွေက နောက်ကနေလိုက်ပြီး စောင့်ကြည့်မှုတွေ ရှိနေသလို ရဲတပ်ရင်းတွေက ရုပ်သိမ်းသွားတာ မရှိသေးဘူးလို့လည်း ပြောပါတယ်။

“လုံခြုံရေးက တဘက်မှာ အစိုးရဘက်ကလည်း ကျနော်တို့ကို မနေ့က ခွင့်ပေးလိုက်တယ်ဆိုပေမဲ့ သူတို့ရဲ့တပ်တွေကို လုံးဝ ရုပ်သွားသေးတာ မဟုတ်ဘူး။ ဒီနေ့အချိန်မှာလည်း သူတို့က ပြင်ဆင်မှုတွေ ရှိနေသေးတယ်။ မြင်းခြံဘက်က တပ်ကိုလည်း ကျနော်တို့ရဲ့ သပိတ်စစ်ကြောင်းနောက်မှာ ---- လွှတ်ထားတယ်လို့ ကျနော်တို့ သတင်းရတယ်။ ဒါကြောင့်လည်း စိတ်ချရတဲ့နေရာမဟုတ်တဲ့အတွက် ပုပ္ပါးကို ဆက်လက် ချီတက်ဖို့ ဆုံးဖြတ်ထားတာပါ။”

ပုပ္ပါးအ၀င် မြင်စိုင်းတောင်ကြားမှာတော့ ကျောင်းသားတွေမလာခင် ရဲအင်အား ၂၀၀ လောက်က မီးသတ်ကားတွေနဲ့ လက်နက်တွေနဲ့ ပိတ်ဆို့ထားပြီး ရှေ့ပြေးလာတဲ့ ကားတစီးက နိုင်ငံရေး အကျဉ်းသားဟောင်းတဦးကို ထိန်းသိမ်းထားကြောင်း အဲဒီနေရာမှာရှိနေတဲ့ ဆဲဗင်းဒေးဂျာနယ် သတင်းထောက် ကိုငြိမ်းချမ်း က ပြောပါတယ်။

“အခု အခြေအနေကပေါ့ ၄ နာရီ ၅၀ ကနေ အာဏာပိုင်တွေ အယောက် ၂၀၀ လောက်ကနေပြီး ကျောင်းသားတွေ လာမယ့်လမ်းကို ပိတ်ဆို့ထားတယ်။ သူတို့ပိတ်ဆို့ထားတဲ့နေရာက ၀ဲလောင်မြို့အထွက် ပုပ္ပါးကိုသွားတဲ့လမ်းပေါ့နော် မြင်းစိုင်းတောင်ကြားနေရာမှာ ရဲတပ်ဖွဲ့တွေက ပိတ်ပင်ထားတယ်။ ကျောင်းသားတွေကတော့ အခုထိ ဒီနေရာကို မရောက်သေးဘူးပေါ့နော်။ အခု ရှေ့ပြေးတယောက်အနေနဲ့ ရောက်လာတဲ့ ကားတစီးကို ရဲတပ်ဖွဲ့တွေက စစ်ဆေးတယ်။ အဲ့ဒီအချိန်မှာ ကျောင်းသားသမဂ္ဂထဲမှာ ပါတယ်လို့ ယူဆတဲ့ လူတယောက်ပေါ့နော် အဲ့ဒီလူက မြင်းခြံကနေ လိုက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ----- သူ့ကိုတော့ ရဲတပ်ဖွဲ့ကနေ ခဏထိန်းသိမ်းထားတယ်။ အခုလက်ရှိ ကျောင်းသားတွေကတော့ ဒီနေရာကို မရောက်လာသေးဘူးခင်ဗျ။ ရှေ့မှာရော သူတို့ရဲ့နောက်မှာရော မီးသတ်ကား ၂ စီး၊ ရေကား ၂ စီး အဆင်သင့်ထားပါတယ်။ ဒီဘက်တောထဲမှာလည်း သူတို့ လက်နက်တွေကိုင်ဆောင်ထားတဲ့ ရဲတပ်ဖွဲ့တွေလည်း ဖြန့်ကျက်ထားတယ်။”

အမျိုးသားပညာရေးဥပဒေကို ဆန်ကျင်ကန့်ကွက်နေတဲ့ ကျောင်းသားတွေက မန္တလေးကနေ ရန်ကုန်ထိ ခရီးရှည် ချီတက်သပိတ်မှောက်နေတာ တပတ်ကျော်သွားပြီဖြစ်သလို သူတို့ရဲ့တောင်းဆိုချက်တွေအရ အစိုးရလွှတ်တော် ပညာရေးအဖွဲ့အစည်းဖြစ်တဲ့ NNER ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ကော်မတီတို့ ၄ ပွင့်ဆိုင်ဆွေးနွေးပွဲကို တောင်းဆိုထားသလို အစိုးရကတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဆွေးနွေးမယ်လို့ သဘောတူခဲ့ကြောင်း ကျောင်းသားတွေဘက်က ပြောဆိုပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)

ဆန္ဒပြ ကျောင်းသားတွေ ပုပ္ပါးမှာ စည်းဝေး


၎ ပွင့်ဆိုင် ဆွေးနွေးဖို့ သဘောတူညီမှု ရ
 ဖေဖော်ဝါရီလ ၁ ရက်နေ့ ရန်ကုန်မှာ အစိုးရနဲ့ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲ စဖို့ သဘောတူ ခဲ့တဲ့ သပိတ်မှောက် ကျောင်းသားတွေ အကြား ပုပ္ပါးက ရှေ့ဆက် ချီတက်ဖို့ ကိစ္စ ညှိနှိုင်း နေကြဆဲ ဖြစ်ပါတယ်။

  နေပြည်တော်မှာ အစိုးရ ဝန်ကြီး တွေနဲ့ ဆွေးနွေးခဲ့တဲ့ ကျောင်းသား ကိုယ်စားလှယ် တွေက ဆွေးနွေးတဲ့ နေ့ထိ ချီတက်မှု မလုပ်ဘဲ ရပ်နား ထားစေ လိုပြီး သပိတ် စစ်ကြောင်း က ကျောင်းသား တွေကတော့ ကျောက်ပန်းတောင်း က ဆက်ပြီး ရန်ကုန် ကို ချီတက် ဖို့ လိုလားကြပါတယ်။

အချိန် အကြာကြီး ရပ်နားပြီး လှုပ်ရှားမှု ငြိမ်သွားတာ မျိုး မဖြစ်စေလိုဘဲ ဆွေးနွေးပွဲ စတဲ့ နေ့ ရောက်မှ ရောက်တဲ့မြို့မှာ စစ်ကြောင်း ရပ်ပြီး ဟောပြော တာမျိုး လုပ်စေ လိုတယ် လို့ သိရပါတယ်။

အယူအဆ ကွဲပြားမှု ရှိပေမယ့် အများ သဘောတူ ဆုံးဖြတ်တဲ့ နောက်ကို အားလုံး မကွဲမပြား လိုက်နာ ကြမယ် လို့ ဆိုပါတယ်။

သပိတ်မှောက် ကောင်စီမှာ မပါတဲ့ တချို့ ကျောင်းသား တွေ ကလည်း အစိုးရနဲ့ စေ့စပ် ဆွေးနွေးမှု ကို အချိန်ဆွဲမှု လို့ ယူဆ နေကြပြီး တောင်းဆိုမှု တွေ မရလို့ မအောင်မမြင် ဖြစ်ခဲ့ရင် ဆက်လုပ်စရာ တွေ လုပ်ကြဖို့ လိုလား ကြတယ် လို့ သိရ ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ပညာရေးဥပဒေကိစ္စ ၄ ပွင့်ဆိုင်တွေ့မည်

အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ NNER ကိုယ်စားလှယ်တွေ နေပြည်တော်မှာ တွေ့ဆုံစဉ်
 (ဓာတ်ပုံ - MOI Webportal Myanmar)

အငြင်းပွားစရာတွေ ဖြစ်နေတဲ့ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး အစိုးရ၊ ကျောင်းသား၊ လွှတ်တော်နဲ့ NNER တို့ လေးပွင့်ဆိုင်တွေ့ဆုံပြီး ပညာရေးဥပဒေကြမ်းတရပ် အကောင်အထည် ပြန်ဖော်ဖို့ ညှိနှိုင်းမယ်လို့ သပိတ်ဦးဆောင်ကျောင်းသားတွေနဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေ တွေ့ဆုံအပြီး သဘောတူညီခဲ့ကြပါတယ်။
အစိုးရဘက်တော့ အခုလို ကျောင်းသားတွေနဲ့ သဘောတူညီမှု ရခဲ့တဲ့အပေါ် ကျေနပ် မှုရှိသလို ဆက်လက် တွေ့ဆုံညှိနှိုင်းရမယ့် ဆွေးနွေးပွဲတွေမှာ ကျောင်းသားတွေ ဘက်က တောင်းဆိုနေတဲ့ အဓိကအချက်တွေ ပြင်ဆင်ဖို့ အားစိုက်သွားမယ်လို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ခေါင်းဆောင်တဦးက ပြော ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။
အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး လတ်တလော အငြင်းပွားစရာတွေ ရှိနေတာတွေကို  တွေ့ဆုံညှိနှိုင်းပြီး သဘောတူညီမှုအချို့ ရရှိခဲ့တယ်လို့ ပြောရမှာပါ။ ဒီကနေ့ နေပြည်တော်မှာ အစိုးရ၊ လွှတ်တော်က ကိုယ်စားလှယ်တချို့နဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ခေါင်းဆောင်ပိုင်း ကျောင်းသား တချို့နဲ့ တွေ့ဆုံအပြီးမှာ ဒီဥပဒေပြင်ဆင်ရေးအတွက် တွေ့ဆုံညှိနှိုင်းရေးတွေ ဆက်လုပ်ဖို့ နှစ်ဘက်သဘောတူညီမှု ရခဲ့တာပါ။
ဆွေးနွေးပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီရဲ့ ခေါင်းဆောင်တဦးလည်းဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသာများသမဂ္ဂရဲ့ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်တဲ့ မဖြိုးဖြိုးအောင် က အခုလို ပြောပါတယ်။
“ကျမတို့ တောင်းဆိုခဲ့တယ်ပေါ့နော်။ ကျမတို့ တောင်းဆိုခဲ့တယ်။ ၄ ပွင့်ဆိုင်ကိစ္စ ဆွေးနွေးတယ်။ လွှတ်တော်ရယ်၊ အစိုးရရယ်၊ NNER ရယ်၊ နောက်ပြီးတော့ ကျမတို့ သပိတ်ကော်မတီရယ်၊ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး၊ အဲဒါကို လက်ခံသဘောတူတယ်၊ အဲဒီ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို ကျမတို့ ဖေဖော်ဝါရီလ ၁ ရက်နေ့ပေါ့နော်၊ တနင်္ဂနွေနေ့မှာ စပြီးတော့ ကျမတို့ ရန်ကုန်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်ရှင့်။”
ကျောင်းသားတွေဘက်ကတော့ ပြဌာန်းအတည်ပြုပြီးဖြစ်တဲ့ အမျိုးသားပညာရေးဥပဒေကြမ်းထဲက အဓိက တောင်းဆိုထားတဲ့ အချက် ၁၁ ချက် ကို ၄ ပွင့် တွေ့ဆုံကြတဲ့အခါ ပြင်ဆင်နိုင်ဖို့အတွက် ဖေဖော်ဝါရီလ ၁ ရက်နေ့ တွေ့ဆုံပွဲတွေမှာ တောင်းဆိုမယ်လို့ သူက ဆက်ပြောပါတယ်။
“ဒုတိယအချက်ကတော့ အဲဒီ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာ၊ ကျမတို့ အဓိက တောင်းဆိုခဲ့တဲ့ အချက် ၁၁ ချက်ပေါ့နော်။ အဲဒီ ၁၁ ချက်ကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ အဲဒီ ၁၁ ချက်ကို ဒီဥပဒေထဲမှာ ဘယ်လိုမျိုးပြင်ဆင်မလဲ။ တချို့အချက်တွေကို ဘယ်လိုမျိုးထည့်သွင်းမလဲ ဆိုတာကို အဲဒါတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။”
နေပြည်တော်တွေ့ဆုံပွဲအပြီး တက်ရောက်ခဲ့တဲ့သူတွေထဲက အချက် ၄ ချက်ပါတဲ့ နှစ်ဘက် သဘောတူညီချက်ကိုလည်း ပူးတွဲကြေညာချက် ထုတ်ခဲ့တာပါ။ ညှိနှိုင်းမှုတွေ လုပ်နေတဲ့ နေ့ကစပြီး မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားတွေ အနေနဲ့ သပိတ်တွေ ရပ်နားထားရမယ်လို့လည်း ဒီကြေညာချက်မှာ ပါရှိပါတယ်။ အစိုးရဘက်ကတော့ အငြင်းပွားစရာတွေ အမျိုးသား ပညာရေး ဥပဒေကြောင့် သပိတ်မှောက်နေတဲ့ ကျောင်းသားတွေနဲ့ အခုလို တွေ့ဆုံညှိနှိုင်းပြီး ရှေ့ဆက်သွားရမယ့် အချက်တွေကို ပြေပြေလည်လည် ဆွေးနွေးနိုင်ခဲ့တဲ့အတွက် အားရကျေနပ်တဲ့အကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ပြောခွင့်ရှိသူလည်းဖြစ်၊ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ် က အခုလို ပြောပါတယ်။
“ကျနော်တို့တော့ဗျာ ဒီအမျိုးသား ပညာရေး ဥပဒေနဲ့ ပတ်သက်လို့ အရင်ထဲက တွေ့ဆုံတဲ့ကိစ္စတွေကို လုပ်ခဲ့တာရှိပါတယ်။ သို့သော် အကြောင်းကြောင်းကြောင့် ဟိုဘက်က ကျောင်းသားတွေက လက်မခံတာရှိတယ်၊ ကျနော်တို့လည်း လွှတ်တော်မစသေးတဲ့အခါကျတော့ လွှတ်တော်ကို သ၀ဏ်လွှာပို့ဖို့ စောင့်ရတာတွေလည်း ရှိတယ်။ အခုတော့ လွှတ်တော်ရဲ့ ပြန်ကြားချက်လည်း ရပြီဆိုတဲ့အခါကျတော့ ကျနော်တို့က ကျောင်းသားတွေကို တွေ့ဆုံဖို့ ဖိတ်ခေါ်တယ်။ သူတို့ လာပြီး ဆွေးနွေးတဲ့အတွက်ကြောင့်မို့ အောင်မြင်တဲ့ သဘောတူညီမှု ရတဲ့အတွက် ကျနော်တို့ ၀မ်းသားပါတယ်။”
မေး။             ။ သမ္မတကရော လတ်တလော ဖြစ်နေတဲ့ ပညာရေးဥပဒေနဲ့ ပတ်သက်ပြီး ဖြစ်နေတဲ့ သပိတ်တွေနဲ့ ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထား ရှိတာကို တွေ့ရလဲခင်ဗျ။
ဖြေ။              ။ “သမ္မတကြီးက သူ့သ၀ဏ်လွှာထဲမှာလည်း ဖော်ပြခဲ့ပြီးပြီလေ၊ ကျနော်တို့ စပြီး ဒီဥပဒေကို ပြုစုထဲကိုက တတ်နိုင်သမျှ အကြံဥာဏ်တွေ ရယူပြီးတော့ လုပ်ခဲ့တယ်။ ဥပဒေတင်တဲ့အခါ ကျနော်ဘက်က တင်လိုက်တာနဲ့ လွှတ်တော်ဘက်က ပြန်ပြင်တာတွေ ရှိတယ်။ သို့သော် ဒါကို ကျောင်းသားတွေ လက်မခံနိုင်ဘူး ဆိုတဲ့အခါမှာ ပြင်သင့်ပြင်အပ်တာတွေ ပြန်ပြင်နိုင်ဖို့အတွက် လွှတ်တော်နဲ့ ညှိတဲ့အခါ နှစ်ဘက်သဘောတူတဲ့အတွက် သမ္မတကြီးကပဲ ဒီအစီအစဉ်ကို အကောင်အထည် ဖော်ခိုင်းတာ ဖြစ်ပါတယ်။”
ဇန်န၀ါရီ ၁၉ ရက်နေ့တုန်းက ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွေ ပြန်စတဲ့အချိန်မှာ အငြင်းပွားစရာတွေ ဖြစ်နေတဲ့ ဒီပညာရေး ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပြင်ဆင်မှုတွေ လုပ်နိုင်အောင် လွှတ်တော်ဘက်က ပြင်ဆင်ပေးဖို့ သ၀ဏ်လွှာတစောင် ပေးဖို့ခဲ့ပါတယ်။ ဒါပေမဲ့ လွှတ်တော်ဘက်ကတော့ ဒီဥပဒေကို ပြန်ပြင်ဖို့အတွက် အစိုးရ ပညာရေး ၀န်ကြီးဌာနဘက်က လွှတ်တော်ကို ပြန်တင်ဖို့ လိုတယ်ဆိုပြီးတော့ သမ္မတက ပြန်အကြောင်းပြန်ခဲ့ပါတယ်။ ကျောင်းသားတွေဘက်ကတော့ ဒီဥပဒေ ပြန်ပြင်ဆင်ရေးအတွက် အစိုးရနဲ့ သဘောတူထားတဲ့ ရက်ပေါင်း ၆၀ အတွင်း ဘာမှအကြောင်းမပြန်တဲ့အတွက်  ဒီမိုကရေစီ ပညာရေးနဲ့ မကိုက်ညီတဲ့ အချက်တွေ ပြင်ဆင်ရေး တောင်းဆိုမှုတွေနဲ့အတူ မန္တလေးမြို့ကနေ သပိတ်စစ်ကြောင်းတွေနဲ့ နေ့စဉ် သပိတ်မှောက်ပြီး ရန်ကုန်ကို ချီတက်နေတာလည်း ဖြစ်ပါတယ်။
VOA

သပိတ်မှောက်ကျောင်းသားများနှင့် အစိုးရ ပဏာမဆွေးနွေးပွဲ စတင်

 
ဓာတ်ပုံ – အောင်ကြီး
အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ သပိတ်မှောက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ အစိုးရ တာဝန်ရှိ သူတွေ အကြား ပဏာမအဆင့် ဆွေးနွေးပွဲကို  နေပြည်တော်မှာ ဒီမနက်စတင်ပါတယ်။

ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီရဲ့ ပြန်ကြားရေးတာခံ ကိုရဲရင့်ကျော်က “ပညာရေးဝန်ကြီးတွေအပါအ၀င်  အစိုးရ ၀န်ကြီးတွေနဲ့ အကြိုတွေ့ဆုံ ဆွေးနွေးတဲ့ သဘောပါ။  ကျနော်တို့ တောင်းဆိုထားတဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံရေး မဟုတ်ပါဘူး။ ဒီ ၄ ပွင့်ဆိုင် တွေ့ဆုံဖို့ အတွက် ပဏာမအဆင့် အကြိုတွေ့တဲ့သဘောပါ။” လို့   ပြောပါတယ်။

  လေးပွင့်ဆိုင်ထဲမှာ အစိုးရ၊ လွှတ်တော်၊ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီနဲ့  
 မြန်မာနိုင်ငံပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံး ဆိုင်ရာကွန်ရက်တို့ တွေ့ဆုံဆွေးနွေး ဖို့ဖြစ်ပါတယ်။

ဒီတွေ့ဆုံမှုမှာ ကျောင်းသားခေါင်းဆောင်တွေဘက်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်(ဗကသ)၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)နဲ့ မြေလတ် ကျောင်းသားခေါင်းဆောင် စုစုပေါင်း ၁၀ ဦးတက်ရောက်ပြီး  အစိုးရဘက်က သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ပညာရေးဝန်ကြီးအပါအ၀င် တခြားဝန်ကြီးတွေလည်း တက်ရောက်ဆွေးနွေးကြပါတယ်။

မနေ့ညနေက ပညာရေးဝန်ကြီးဒေါက်တာဒေါ်ခင်စန်းရီ၊ ပြည်ထောင်စုလွှတ်တော် ဒုနာယက ဦးနန္ဒကျော်စွာ၊  ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ ချမ်းငြိမ်းနဲ့ လွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌတွေဟာ နေပြည်တော်မှာ တွေ့ဆုံပြီး ကျောင်းသားတွေ သပိတ်မှောက်နေတဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး  တွေ့ဆုံဆွေးနွေး ခဲ့ကြသလို အစိုးရဘက်က ကျောင်းသားတွေနဲ့ ဆွေးနွေးမယ်လို့ ညွှန်ကြားရေးမှူးချုပ်အဆင့် တာဝန်ရှိသူတွေကို စေလွှတ်ကမ်းလှမ်းခဲ့ပြီးနောက် ဒီတွေ့ဆုံမှု ဖြစ်လာတာ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနမှာကျင်းပတဲ့ ဆွေးနွေးပွဲမှာ သတင်းရယူနေတဲ့ ဒီဗွီဘီ သတင်းထောက် ကိုအောင်ကြီးက “၄ ပွင့်ဆိုင်ဆွေးနွေးဖို့ အကြိုညှိနှိုင်းဆွေးနွေးတာဖြစ်တယ်လို့ ၀န်ကြီးဦးအောင်မင်းက ပြောတယ်။ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအတွက်ကို ပညာရေးဌာနက တာဝန်ခံပြီး တာဝန်ယူဆောင်ရွက်သွားမယ်လို့ ဦးသန့်ရှင်း (ပညာရေး ၀န်ကြီးဌာန ဒု-၀န်ကြီး)က ပြောတယ်” လို့ပြောပါတယ်။

  ဆွေးနွေးပွဲမစတင်ခင်မှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင် ကိုမင်းကိုနိုင်လည်း ဆွေးနွေးပွဲကျင်းပရာအဆောက်အဦကို ရောက်ရှိတာတွေ့ရတယ်လို့ သူက ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် ကျောင်းသားတွေက ဗဟိုချုပ်ကိုင်မှု လျော့ချရေး၊ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး၊ ပညာရေးအသုံးစရိတ်ကို ဘတ်ဂျက်ရဲ့ ၂၀ ရာခိုင်နှုန်းထိ တိုးမြှင့်သုံးစွဲရေးအပါအ၀င် အချက် ၁၁ ချက်ပါ တောင်းဆိုချက်ကို တောင်းဆိုထားကြပါတယ်။

ဒီကနေ့ ပညာရေးဝန်ကြီးတွေနဲ့ ကျောင်းသားခေါင်းဆောင်တွေ ညှိနှိုင်းမှု စတင်ပေမယ့် ချီတက်သပိတ်မှောက်တဲ့ ကျောင်းသားတွေကတော့ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ဧရာဝတီ တိုင်းနဲ့ မကွေးတိုင်းက စစ်ကြောင်းတွေဟာ ရန်ကုန်မှာ ပေါင်းစည်းဖို့ စီစဉ်လုပ်ဆောင် နေကြပါတယ်။

မနေ့ညနေပိုင်းအထိကတော့ မြင်းခြံကနေထွက်ခွာလာတဲ့ သပိတ်စစ်ကြောင်းကို သက်ဆိုင်ရာက တောင်သာမြို့တွင်းကို အ၀င်မခံဘဲ နာရီအတန်ကြာ တားမြစ်ကန့် သတ်ခဲ့ပါတယ်။ ဒီအပေါ် ကျောင်းသားတွေနဲ့ အစိုးရက စေလွှတ်တဲ့ကိုယ်စားလှယ်တွေ ညှိနှိုင်းကျော်ဖြတ်ပြီးနောက် နေပြည်တော်မှာ ဆွေးနွေးပွဲစားပွဲဆီ ရောက်ခဲ့ကြတာဖြစ်ပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)

မြန်မာ့သယံဇာတတွေ ထုတ်ယူနေကြောင်း အမေရိကန် သတင်းစာ ရေးသားချက် တရုတ်အစိုးရပယ်ချ

 
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက သဘာဝ သယံဇာတတွေကို အလုအယက် ရယူနေကြောင်း အမေရိကန် New York Times သတင်းစာကြီးရဲ့ ရေးသားချက်ကို တရုတ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာန က လက်မခံနိုင်ကြောင်း တုံ့ပြန်ပြောကြား လိုက်ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကနေ ကျားသတ္တ၀ါကစလို့ ကြေးနီသတ္တုအဆုံး အရာမှန်သမျှ လိုချင်နေတာ ဟာ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ နိုင်ငံရေး တည်ငြိမ်မှုကို ခြိမ်းခြောက်နေကြောင်း၊ မြန်မာနိုင်ငံရဲ့ သဘာဝ သယံဇာတတွေ လုယက်ရယူ ရောင်းချနေမှုအတွက် တရုတ်အစိုးရမှာ တာဝန်ရှိကြောင်း၊ မြန်မာပြည်သူတွေဟာ တရုတ်ရဲ့ အဲဒီလိုချင်တပ်မက်မှုတွေအားလုံးကို ရပ်တန့်သွားစေလိုတဲ့ သဘောထားရှိကြောင်း New York Times သတင်းစာက ခေါင်းကြီးပိုင်းမှာ မနေ့က ရေးသားဖော်ပြခဲ့တာပါ။

တရုတ်အစိုးရကတော့ ဒီရေးသားချက်ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ဖျက်လိုဖျက်ဆီး သဘောနဲ့ ရေးထားတာဖြစ်တဲ့အတွက် လုံးဝသဘောမတူကြောင်း၊ တရုတ်အစိုးရ အနေနဲ့ တရားမ၀င် သစ်ခုတ်လှဲမှု၊ သတ္တုတူးဖော်မှု၊ ကုန်သွယ်မှုတွေကို အမြဲဆန့်ကျင်နေသလို အိမ်နီးချင်းမြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေးတို့ အတွက် ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားဖို့ ဆုံးဖြတ်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီးက ပြောဆိုပါတယ်။

RFA Burmese

လက်ပံတောင်းဆန္ဒပြပွဲ အကြမ်းဖက်နှိမ်နင်းခဲ့မှု ရဲတွေကို စတင်စစ်ဆေး



  တောင်သူဒေါ်ခင်ဝင်း သေဆုံးခဲ့တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခမှာ လုံခြုံရေး တာဝန်ကျခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်အားလုံးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်က မနေ့ကစပြီး စစ်ဆေး မေးမြန်း နေပါတယ်။

ယင်းမာပင်မြို့နယ် ရဲတပ်ရင်း ၂၈ ကို စတင်စစ်ဆေးနေပြီလို့ ယင်းမာပင်ခရိုင် ရဲမှူးကြီးတင်မိုးက ပြောပါတယ်။

"တပ်ရင်းကအဖွဲ့တွေကို အရင်မေးနေတယ်လို့သိရတယ်၊ ဦးတို့ကအဖွဲ့မတူဘူးလေ၊ ဦးတို့ကခရိုင်ကိုး၊ ခုစစ်တာက ရဲတပ်ရင်းတွေလည်းပါတာပေါ့၊ ပူးပေါင်းအဖွဲ့တွေလည်းပါတာပေါ့၊ သူတို့အဖွဲ့တွေကိုတော့ စစ်နေတယ်လို့ကြားတယ်၊ ဦးတို့အဖွဲ့ အလှည့်တော့ရောက်သေးဘူး၊ ဦးတို့ထဲက အရန်တပ်ခွဲတစ်ခွဲကတော့ပါတယ်၊ ဦးတို့အဖွဲ့ကို စစ်မယ်လို့တော့သိရပါတယ်၊ ဦးတို့ကိုစစ်တယ်ဆိုရင်တော့ ဘာစစ်တယ်ဆိုတာ သိရမှာပေါ့နော်၊ အသေးစိတ်စစ်တဲ့အတွက် အကုန်လုံးကိုစစ်ပါလိမ့်မယ်"

ဒီဇင်ဘာလ ၂၂ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး လိပ်ခွံတောင်ခြေမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ယင်းမာပင်ခရိုင်ရဲတပ်ဖွဲ့နဲ့ ယင်းမာပင်မြို့နယ် ရဲတပ်ရင်း ၂၈ က ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော် ပါဝင်ခဲ့ပါတယ်။

  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က ရဲမှူးချုပ် ခင်မောင်ဝင်း ဦးဆောင်တဲ့အဖွဲ့က အဲဒီရဲတပ်ဖွဲ့ဝင်အားလုံးကို မုံရွာမြို့ မြို့မရဲစခန်းဝင်းအတွင်းမှာ စစ်ဆေးနေတာဖြစ်ပါတယ်။

အဲ့ဒီပဋိပက္ခမှာ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်နှိမ်နင်းရေးလက်နက်တွေကို စနစ်တကျ ကိုင်တွယ်အသုံးပြုခြင်း မရှိကြောင်းနဲ့ လုံခြုံရေးစီမံချက်မှာပါတဲ့ ညွှန်ကြားချက်တွေကို စနစ်တကျ လိုက်နာခြင်းမရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကို ဖော်ထုတ်အရေးယူဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဒီလ ၁၄ ရက်နေ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

RFA Burmese

တောင်သာမှာ ကျောင်းသား သပိတ်စစ်ကြောင်းနှင့် စွမ်းအားရှင် ထိပ်တိုက်ရင်ဆိုင်



မြင်းခြံကနေ ဒီမနက်ထွက်တဲ့ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး သပိတ်စစ်ကြောင်းဟာ တောင်သာမြို့အနီး ကားလမ်းမှာ စွမ်းအားရှင်တွေရဲ့ တားမြစ်လမ်းပိတ်ဆို့မှုနဲ့ ကြုံတွေ့နေရတယ်လို့ ကျောင်းသားကျောင်းသူတွေက ပြောပါတယ်။

မန္တလေးက ပညာရေးဝန်ကြီးဌာန ညွန်ချုပ်အဆင့်တာဝန်ရှိသူတဦး လာရောက်ပြီး ကျောင်းသားတွေနဲ့ ဆွေးနွေးနေသလို လမ်းပိတ်ဆို့ထားတဲ့ အရပ်ဝတ်တွေကလည်း လက်နက် ဒိုင်းတွေ ကိုင်ဆောင်ထားကြတယ်လို့ ဆိုပါတယ်။

တားမြစ်သူတွေဘက်က ကျောင်သားတွေကို အာဖဂန်နစ္စတန်လို့ ဖြစ်သွားနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ကျောင်းသားတွေရဲ့သပိတ်စစ်ကြောင်းဟာ ပိတ်ဆို့တဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ရောက်ရှိနေပါတယ်။

ဒီစစ်ကြောင်းမှာပါဝင်တဲ့ ကျောင်းသား ၂ ဦးနဲ့ ကျောင်းသူတဦးကို ညနေ ၃ နာရီခွဲမှာ ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

By အေးနိုင် (ဒီဗွီဘီ)

Tuesday, January 27, 2015

ဇီဝနဲ့ ဓာတုလက်နက်ဖျက်သိမ်းရေး ကူညီဖို့ မြန်မာကိုကမ်းလှမ်း


ဒေါ်ခင်စိုးဝင်း
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ လက်နက်ထိန်းချုပ်ရေး၊ ခွဲခြားစိစစ်ရေးနဲ့ ဥပဒေအတိုင်း လိုက်နာကျင့်သုံးရေးဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Frank Rose ဟာ မြန်မာဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်နဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ဇီဝနဲ့ ဓာတုလက်နက် ဖျက်သိမ်းရေးစာချုပ်တွေ အတည်ပြုနိုင်ခဲ့တဲ့အတွက် အမေရိကန် ပြည်ထောင်စုက အားရသလို၊ အကောင်အထည် ဖော်နိုင်ရေးအတွက် လိုအပ်တာ ကူညီပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဒုဝန်ကြီး ဦးသန့်ကျော်က ဆိုပါတယ်။
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Frank Rose နဲ့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်က အခုလို ပြောပါတယ်။
“အမေရိကန် အနေနဲ့ ဒီမြန်မာက ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ ကျနော်တို့က လက်နက်ဖျက်သိမ်းရေးနဲ့ ပတ်သက်တဲ့ စာချုပ် ၃ ခု အပေါ်မှာ ကျနော်တို့က ပါဝင်ပြီးတော့ အတည်ပြုခဲ့တာပေါ့။ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ သူတို့က မြန်မာနိုင်ငံရဲ့ ဆောင်ရွက်ချက် အပေါ်မှာ အားရကျေနပ်တယ်၊ အားရကျေနပ်သလိုပဲ၊ မြန်မာနိုင်ငံက လိုအပ်တဲ့ အကူအညီတွေပေါ့နော်၊ မြန်မာနိုင်ငံက စာချုပ်တွေမှာ အတည်ပြုပြီးလို့ရှိရင် ဒီစာချုပ်ကို အကောင်အထည်ဖော်ဖို့ အပိုင်းပေါ့။ အကောင်အထည်ဖော်ဖို့ အပိုင်းမှာ မြန်မာနိုင်ငံက လိုအပ်တဲ့ အပိုင်းတွေကို ကူညီချင်တယ်။ အဲဒီအပိုင်းမှာ သူတို့ဘယ်လို ကူညီစေချင်သလဲ၊ မြန်မာက ဘာတွေ လိုအပ်သလဲ၊ ဒါတွေကို အဓိက ၂ ဘက်ဆွေးနွေးပါတယ်။”
မေး - “ဟုတ်ကဲ့၊ ဒုဝန်ကြီး အခုပြောတဲ့ လက်နက်ဖျက်သိမ်းရေး စာချုပ် ၃ ခု ဆိုတာကို နည်းနည်းလောက် ရှင်းပြပေးလို့ ရမလားရှင်။”
ဖြေ - “အဓိကကတော့ ဇီဝလက်နက်နဲ့ ပတ်သက်တဲ့ ပိတ်ပင်တဲ့စာချုပ်၊ နောက် ဓာတုဗေဒ လက်နက်နဲ့ ပိတ်ပင်တဲ့စာချုပ်ပေါ့လေ။ ဓာတုဗေဒတို့ ဘာတို့ကတော့ ကျနော်တို့ မနေ့တနေ့ကပဲ လွှတ်တော်ကနေပြီး အတည်ပြုတဲ့အတွက် ကျနော်တို့က မကြာခင်မှာ ဒီဟာကို နယူးယောက်မှာရှိတဲ့ မြန်မာအမြဲတမ်း ကိုယ်စားလှယ်က လက်မှတ်ထိုးဖို့ စီစဉ်မှာ ဖြစ်ပါတယ်။”
မေး - “ဟုတ်ကဲ့၊ နျူကလီးယားနဲ့ ပတ်သက်ပြီးတော့ရော ဆွေးနွေးဖြစ်ပါသလားရှင့်။”
ဖြေ - “နျူကလီးယားနဲ့ ပတ်သက်တဲ့ ဥစ္စာကတော့ ဒီနေ့ ထူးထူးခြားခြား ဆွေးနွေးတဲ့ အထဲမှာ မပါပါဘူး။ သို့သော်လည်း ကျနော်တို့က နျူကလီးယားနဲ့ ပတ်သက်တဲ့ ကျနော်တို့ နောက်ဆက်တွဲ Protocol ပေါ့နော်၊ အဲဒီအပေါ်မှာ ကျနော်တို့က ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကတည်းက ကျနော်တို့က လက်မှတ်ထိုးထားပြီးတော့ ဒီဟာအပေါ်မှာ သူတို့အနေနဲ့ ဘာမှ ထူးထူးခြားခြား ပါဝင်ဆွေးနွေးသွားတာ မရှိပါဘူး။ သူနဲ့အတူ လိုက်ပါလာတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ၂ ယောက်ကလည်း တယောက်က ဓာတုဗေဒ လက်နက်နဲ့ ပတ်သက်တဲ့ အထူးကျွမ်းကျင်တဲ့သူတယောက် ပါပါတယ်။ ထို့အတူ နောက်တယောက်ကလည်း ဇီဝလက်နက်နဲ့ ပတ်သက်ပြီးတော့ စာချုပ်နဲ့ ပတ်သက်ပြီး အထူးကျွမ်းကျင်တဲ့သူ ပါတဲ့အတွက် ကျနော်ထင်တာတော့ သူက ဒီ ၂ ခုကိုပဲ အဓိကဦးတည်ပြီး ဆွေးနွေးသွားခြင်း ဖြစ်ပါတယ်။”
မေး - “ဟုတ်ကဲ့ပါ။ သူတို့ဒီ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီးတော့ရော၊ ဆက်စပ်ပြီးတော့ ဘာတွေများ ပြောသွားတာ ရှိပါသလဲရှင့်”
ဖြေ - “ဘာမှဆွေးနွေးတာတော့ မရှိပါဘူး။ ကျနော်တို့နဲ့ မြောက်ကိုရီးယားနဲ့ ကြားထဲမှာလည်း ဘာမှ ဒီအချိန်အခါမှာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အတိုင်း မြန်မာကလိုက်နာနေတယ်ဆိုတာ သူတို့သိတဲ့အတွက် ဘာမှ အထူးတလည် ထည့်သွင်းပြီးတော့ ပြောသွားတာ၊ တိုက်တွန်းသွားတာ၊ ဆွေးနွေးသွားတာ မရှိပါဘူး။”
ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်ကို VOA ရန်ကုန်ရုံးခွဲ အယ်ဒီတာ ဒေါ်ခင်စိုးဝင်းက သီးသန့် ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
VOA

ဆန္ဒပြကျောင်းသားတွေနဲ့ အစိုးရ တွေ့ဆုံညှိနှိုင်းမည်


အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ကျောင်းသား ခေါင်းဆောင်တွေနဲ့ အစိုးရတာဝန်ရှိသူတချို့ မနက်ဖြန် နေပြည်တော်မှာ တွေ့ဆုံညှိနှိုင်းဖို့ ရှိနေပါတယ်။ ဒီကနေ့မှာတော့ ကျောင်းသားသပိတ်စစ်ကြောင်းကို မန္တလေးတိုင်း တောင်သာမြို့ အ၀င်မှာ ရဲအာဏာပိုင်တွေရဲ့ ယာယီပိတ်ဆို့ခံရပေမဲ့ တာဝန်ရှိသူတွေ ညှိနှိုင်းပြီးနောက် အတားအဆီးတွေကို လုံခြုံရေးအာဏာပိုင်တွေက ဖယ်ရှားပေးခဲ့ပါတယ်။
အခုဆိုရင် ကျောင်းသားသပိတ်စစ်ကြောင်းဟာ တောင်သာမြို့တွင်းကို ရောက်ရှိပြီး
 ဒေသခံပြည်သူတွေကလည်း ကျောင်းသားတွေကို ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။ အပြည့်အစုံကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ မန္တလေးမြို့ကနေ ရန်ကုန်အထိ ချီတက်သပိတ်မှောက်နေတဲ့ ကျောင်သားတွေနဲ့ အစိုးရကြားမှာ အကြိုညှိနှိုင်းတဲ့အနေနဲ့ မနက်ဖြန် နေပြည်တော်မှာ တွေ့ဆုံမယ်လို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီရဲ့  ခေါင်းဆောင်တဦးဖြစ်တဲ့ မဖြိုးဖြိုးအောင်က ပြောဆိုပါတယ်။
“နေပြည်တော်ကိုက ကျမတို့ရဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ကိုယ်စားလှယ်အချို့သွားပြီးတော့ ဒီမှာစကားပြောမှာပေါ့နော် မနက်ဖြန်အတွက်။ အကြိုဆွေးနွေးမှုပုံစံမျိုးပေါ့။ မနက်ဖြန် တွေ့မှာကတော့ ကျမတို့ အကြမ်းမျဉ်းသိထားတာက ဦးအောင်မင်းနဲ့ ပညာရေးဝန်ကြီးဌာနဘက်က တာဝန်ရှိသူတချို့လို့ အကြမ်းမျဉ်းကြားထားတယ်ရှင့်။ ကျမတို့တောင်းထားတဲ့ ၄ ပွင့်ဆိုင်နဲ့လည်း ဆိုင်ပါတယ်ရှင့်။ ကျမတို့လိုချင်တာကို ကျမတို့ တိတိကျကျ တောင်းဆိုတာပေါ့။ ကျမတို့ အဓိက ဒါ ၄ ပွင့်ဆိုင်ကို သွားဖို့အတွက် ဒါ အကြိုဆွေးနွေးမှုပုံစံပါ။ ပိတ်ဆို့မှုကြောင့်လည်း ထပ်ပြီးတော့ ဒီတောင်းဆိုမှုက ပိုပြီးတော့ ဖြစ်လာတာဆိုတော့လေ။ နှစ်ခုလုံးကတော့ ဆက်စပ်မှုရှိပါတယ်။ ဒီကလှုပ်ရှားမှုတခုတည်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှုအပေါ်မှာ မူတည်ပြီးတော့ ဖြစ်လာတဲ့ ဆွေးနွေးပွဲဖြစ်တဲ့အတွက်ကြောင့် အဲ့ဒီပိတ်ဆို့မှုနဲ့လည်း သက်ဆိုင်ပါတယ်။”
အင်္ဂါနေ့မှာတော့ မြင်းခြံမြို့ကနေ တောင်သာမြို့ကို ချီတက်လာတဲ့ ကျောင်းသားတွေကို တောင်သာမြို့ရဲ့ နန်းမြင့်တောင်ကြားမှာ အာဏာပိုင်တွေက ပိတ်ဆို့ထားတဲ့အတွက် တင်းမာမှုတွေဖြစ်ခဲ့ပြီး ညနေ ၅ နာရီကျော်တဲ့အချိန်ကျမှ တားဆီးနေတဲ့နေရာကို အာဏာပိုင်တွေက ဖယ်ရှားပေးလိုက်ပါတယ်။ အတားအဆီးတွေ လုပ်ခဲ့တာနဲ့ပတ်သက်လို့ သပိတ်မှောက် ကျောင်းသားတဦးဖြစ်တဲ့ ရမည်းသင်း နည်းပညာကောလိပ် ကျောင်းသား ကိုအောင်ထက်နိုင်က အခုလို ပြောဆိုပါတယ်။
“တောင်သာအ၀င်က နန်းမြင့်တောင်ကြားမှာ ကျနော်တို့ သပိတ်မှောက်ကျောင်းသားတွေကို လမ်းပိတ်ထား၊ တားထားတဲ့ လုံထိန်းတွေနားကို ရောက်နေပါတယ်။ ကျနော်တို့ သပိတ်မှောက် ကျောင်းသားတွေကတော့ နဂိုတောင်းဆိုထားတဲ့ ဒီ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို တရားဝင် မလုပ်သေးဘဲနဲ့တော့ ဒီကြားထဲက တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုတွေကို လက်ခံမှာမဟုတ်ဘူး။ အခုအချိန်မှာရှိတဲ့ တွေ့ဆုံညှိနှိုင်းမှုက ကျနော်တို့ သပိတ်စစ်ကြောင်း လျှောလျှောမောမော ချီတက်နိုင်ဖို့ပဲ ကျနော်တို့က ညှိနှိုင်းမှာပါ။”
ညနေ ၅ နာရီခွဲကျော်အချိန်လောက်မှာ တောင်သာမြို့ကို လုံလုံခြုံခြုံနဲ့ ၀င်ရောက်နိုင်ရေးအတွက် ကျောင်းသားတွေနဲ့ အာဏာပိုင်တွေကြား ဆွေးနွေးမှုတွေလုပ်အပြီး  အတားအဆီးတွေကို ဖယ်ရှားပေးခဲ့တာပါ။ အခုအခါမှာတော့ တောင်သာမြို့က တည်းခိုတဲ့ဘုန်းကြီးကျောင်းကို ကျောင်းသားတွေ ရောက်ရှိနေပြီလို့ သပိတ်မှောက် ကျောင်သားတဦးက ဆိုပါတယ်။
“ဒီကနေ့ ညှိနှိုင်းတဲ့အခြေအနေက ကျနော်တို့ သပိတ်စစ်ကြောင်း တောင်သာမြို့ထဲကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အောင်အောင်မြင်မြင် ၀င်နိုင်ရေးကိုပဲ ကျနော်တို့ ညှိနှိုင်းတာ။ အဲ့ဒီအတွက် သူတို့ဘက်က ရဲတပ်ဖွဲ့တွေ၊ ချထားတဲ့လုံထိန်းတွေကို ပြန်ရုပ်သိမ်းပေးဖို့ပဲ ကျနော်တို့ ညှိနှိုင်းတာ။ နောက်ထပ်တော့ ဘာအတားအဆီး အနှောင့်အယှက်မှ မရှိတော့ဘူးခင်ဗျ။ အခု ကျနော်တို့ တည်းခိုမယ့် ဘုန်းကြီးကျောင်းတော့ ရောက်ပါပြီခင်ဗျ။”
ကျောင်းသားတွေနဲ့ အာဏာပိုင်တွေ ထိပ်တိုက်တွေ့နေစဉ်အတွင်းမှာ အထက်မြန်မာပြည်၊ အောက်မြန်မာပြည်က အဆင့်မြင့်ပညာရေးဦးစီးဌာန ညွှန်ချုပ် ၂ ဦးနဲ့အတူ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်နဲ့ မြင်းခြံတက္ကသိုလ် ပါမောက္ခချုပ်တို့က ကြားဝင်ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ တနင်္လာနေ့ညကတော့ မြင်းခြံမြို့မှာ ကျောင်းသားတွေတည်းခိုနေတဲ့ စွန်းလွန်းဂူဘုန်းကြီးကျောင်းတ၀ိုက် လုံခြုံရေးအင်အား ချလာတာတွေ တောင်သာလမ်းတလျှောက် ပိတ်ဆို့တားဆီးဖို့ လုပ်ဆောင်နေတာတွေကို ရှေ့ပြေးသွားတဲ့ကျောင်းသားတွေက သိရှိခဲ့ပြီး တောင်သာခရီးစဉ်အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေတာပါ။ တောင်သာလမ်းမှာ ရဲတပ်ရင်းအင်အား အလုံးအရင်း ချထားတဲ့အပေါ် မြင်းခြံလူထုတွေက စိုရိမ်းမှုတွေရှိတဲ့အတွက်  ကျောင်းသားတွေနဲ့အတူ တောင်သာလမ်းတလျှောက်ကို ချီတက်လမ်းလျှောက်ပြီး ကူညီပေးခဲ့ပါတယ်။
ရန်ကုန်နာရေးကူညီမှုအသင်းနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ကားတွေကလည်း ဆေးဝါးနဲ့ အစားအစာတွေအတွက် လိုက်ပါကူညီခဲ့ပေးခဲ့ပါတယ်။ မြင်းခြံဒေသခံတွေရဲ့ ကားတွေကိုတော့ နေ့လည်ပိုင်းမှာ တားမြစ်ထားတဲ့အတွက် တောလမ်းကနေ အစားအသောက်တွေ သယ်ဆောင်ပေးခဲ့ကြရတယ်လို့ ဆိုပါတယ်။ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန့်ကျင်တဲ့ ကျောင်းသားသပိတ် စစ်ကြောင်းတွေဟာ နယ်မြို့အသီးသီးကနေ ချီတက်လာနေကြပြီး မန္တလေးမြို့ကနေ ရန်ကုန်အထိ ချီတက်လာတဲ့ ကျောင်သားတွေရှိသလို ထားဝယ်ကနေ ရန်ကုန်ကို ချီတက်လာကြတဲ့ ကျောင်းသားတွေကတော့ လမ်းခရီးတလျှောက်မှာ မြို့ရွာတွေမရှိတဲ့အတွက် အစာရေစာတွ ပြတ်နေကြောင်း သိရပါတယ်။
အလားတူပဲ ဧရာဝတီတိုင်း၊ မကွေးတိုင်း ပခုက္ကူ၊ ရေနံချောင်း၊ ချောက် စတဲ့ နေရာတွေက ကျောင်းသားတွေလည်း အမျိုးသားပညာရေးဥပဒေကို ပြီးခဲ့တဲ့ရက်တွေကစပြီး ဆန့်ကျင်ကန့်ကွက်နေကြပါတယ်။
VOA

သပိတ်မှောက် ကျောင်းသားတို့ကို ပိတ်ဆို့ထားမှု အစိုးရ ရုပ်သိမ်း၊ နေပြည်တော်တွင် ညှိနှိုင်းရန် ကမ်းလှမ်း

 
ရန်ကုန်မှ မန္တလေးသို့ ချီတက်နေသော သပိတ်မှောက်ကျောင်းသားများ (ဓာတ်ပုံ - ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ)

ဗဟိုချုပ်ကိုင်မှုများသောပညာရေးဥပဒေကို ပြင်ဆင်ရန် တောင်းဆိုဆန္ဒပြ ချီတက်နေသည့် ကျောင်းသားများ အင်္ဂါနေ့က မန္တလေးတိုင်း တောင်သာမြို့အ၀င်တွင် အကြမ်းဖက်ဖြိုခွင်းရန် အသင့်ဖြစ်နေသည့် ရာနှင့်ချီသော လုံထိန်းရဲတို့နှင့် ရင်ဆိုင်ခဲ့ရသော်လည်း အစိုးရက ကျောင်းသားကိုယ်စားလှယ်တို့ကို တွေ့ဆုံရန် ညှိနှိုင်း သဘောတူလိုက်ပြီး လုံထိန်းရဲအင်အားဖြင့် ပိတ်ဆို့ထားမှုကိုလည်း ဖယ်ရှားပေးလိုက်သည်။

ဇန်န၀ါရီ ၂၀ ရက်မှ စတင်ပြီး အနီရောင်ခွပ်ဒေါင်းအလံများ ကိုင်ဆောင်ကာ မန္တလေးမှ ရန်ကုန်သို့ ခြေလျင်ခရီးချီတက်နေသော ကျောင်းသားများကို ကျောက်ဆည်၊ နွားထိုးကြီးမြို့တို့တွင် အာဏာပိုင်များက ဟန့်တားခဲ့ပြီး တောင်သာမြို့တွင် အင်အားသုံး၍ တားဆီးမည့် အရိပ်အယောင် ပြလိုက်ခြင်း ဖြစ်သည်။

ယနေ့နံနက်ပိုင်း မြင်းခြံ-တောင်သာ ကားလမ်းမရှိ နန်းမြင့်ကုန်းနေရာတွင် ရာနှင့်ချီသော လုံထိန်းရဲများက မီးသတ်ကား ၂ စီးခြံရံ၍ လမ်းအား သံဆူးကြိုးများဖြင့် ပိတ်ဆို့ကာ သပိတ်အဖွဲ့အား စောင့်ဆိုင်းနေခဲ့သည်။

ပိတ်ဆို့မှုကို သိရှိသော်လည်း အင်အား ၅၀၀ ခန့် ရှိသော သပိတ်မှောက် ကျောင်းသားများသည် အနီရောင် ခွပ်ဒေါင်းအလံများ ကိုင်ဆောင်ပြီး “မီးဒုတ် မီးဒုတ် ရှို့ရှို့။ အရေးတော်ပုံအောင်ရမည်၊ အောင်ရမည်။ ဒို့ကျောင်းသားတွေ ညီသလားဟေ့၊ ညီတယ်ဟေ့ ညီတယ်ဟေ့" ဟူသော ကြွေးကြော်သံများကို အော်ဟစ်ကာ မြင်းခြံမြို့မှ တောင်သာမြို့သို့ နံနက် ၉ နာရီခွဲခန့်တွင် ချီတက်ခဲ့သည်။

မြင်းခြံမှ ၈ မိုင်ခန့်အကွာသို့ ကျောင်းသားများရောက်ရှိချိန်တွင် ရဲတပ်ဖွဲ့က လမ်းပိတ်ဆို့လိုက်ပြီဖြစ်ကြောင်း၊ သပိတ်အဖွဲ့ညှပ်ပိတ်ခံထားရပြီးဖြစ်ကြောင်း ဆန္ဒပြရာတွင် ပါဝင်သူ ကိုမြတ်သူက ပြောကြားသည်။

နေ့လလယ် ၁ နာရီကျော်ခန့်တွင် ပညာရေးဝန်ကြီးဌာနမှ ညွန်ချုပ် ဒေါက်တာစိုးဝင်း၊ မန္တလေး အနောက်ပိုင်း တက္ကသိုလ် ပါမောက္ခမောင်သင်းတို့ ရောက်လာပြီး ကျောင်းသား ကိုယ်စားလှယ်များ နှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း နေပြည်တော်တွင် တွေ့ဆုံ ညှိနှိုင်းကြရေးအတွက် ကမ်းလှမ်းပြောဆိုရာ ကျောင်းသားများက လက်ခံခဲ့သည်။

ပိတ်ဆို့ထားသော လမ်းအား မိနစ် ၂၀ အတွင်း ဖွင့်ပေးရေး တောင်းဆိုချက်မှာ သတ်မှတ်ချိန်ကျော်လွန်သွား၍ ဆက်လက် ချီတက်မည်ပြုရာတွင် ပညာရေးဌာနတာဝန်ရှိသူများက ခေတ္တစောင့်ဆိုင်းရန် ပန်ကြားပြီးနောက် ညနေ ၅ နာရီ ၁၅ တွင် တောင်သာလမ်းအား ဖွင့်ပေးလိုက်သဖြင့် အခြေအနေမှာ ပြေလည်သွားပြီး သပိတ်အဖွဲ့များ တောင်သာမြို့သို့ ဆက်လက်ထွက်ခွာခဲ့သည်။

နေပြည်တော်သို့ သွားမည့် ကိုယ်စားလှယ်အဖွဲ့တွင် အနည်းဆုံး ၅ ဦး ပါဝင်ဖွယ်ရှိသည်ဟု ဆန္ဒပြရာတွင် ပါဝင်သူ ကိုအောင်နေပိုင်က ပြောကြားသည်။

“မနက်ဖန်ဦးအောင်မင်းနဲ့ တွေဆုံတဲ့အခါမှာ ကျွန်တော်တို့ တောင်းဆိုထားတဲ့(၁၁)ချက်လုံးကို ဆွေးနွေးမယ်။ အခု ၀န်ကြီးဌာနတွေနဲ့ တွေဆုံတာက အကြိုတွေ ဆုံတာပဲ ဖြစ်တယ်။ တရားဝင် ကျွန်တော်တို့ လုပ်ငန်းစဉ်ကြီး အောင်မြင်အောင် တွေ့ဆုံတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့က အစိုးဘက်က လူတွေနဲ့လည်း ညှိုနှိုင်း ဆွေးနွေးပြီး တစ်ဖက်က ကျွန်တော်စစ်ကြောင်းက ဆက်လက် ချီတက်သွားမှာပါ” ဟု ကိုအောင်နေပိုင်က ပြောကြားသည်။

ရဲအင်အား အများအပြားချလိုက်ခြင်းမှာ တနင်္လာနေ့က မြင်းခြံဒီဂရီကောလိပ်ရှိ နိုင်ငံတော်အလံကို ဖြုတ်ချပြီး ဒေါင်းအလံလွှင့်ထူမှုဖြစ်ခဲ့ခြင်းကြောင့် အလားတူဥပဒေမဲ့လုပ်ရပ်များ ပေါ်ပေါက်လာလုပ်မည်စိုးရိမ်သောကြောင့် ဖြစ်သည်ဟု မြင်းခြံခရိုင်ရဲမှုးကြီးမောင်ဝင်းက ရန်ကုန်ဂလုပ်ကို ပြောကြားသည်။ အလံဖြုတ်ချခဲ့မှုအတွက် အမှုဖွင့်ထားခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးခြင်းမရှိကြောင်း ၄င်းကဆိုသည်။

သို့ရာတွင် ကျောင်းသားများကမူ သပိတ်အဖွဲ့ အင်အားများပြားလာမည်ကို အာဏာပိုင်များက စိုးရိမ်သောကြောင့် ယခုကဲ့သို့ တားဆီးရန်ကြိုးပမ်းခဲ့ခြင်းဖြစ်မည်ဟု ကိုအောင်နေပိုင်ကဆိုသည်။

ရန်ကုန်မှ မန္တလေးသို့ ချီတက်နေသော သပိတ်မှောက်ကျောင်းသားများ ဖြတ်သန်းသွားသည့် မြို့များတွင် ဒေသခံတို့က ထောက်ခံအားပေးလျက်ရှိပြီး သံဃာတချို့ကလည်း ပူးပေါင်း ပါဝင်လျက်ရှိသည်ကို တွေ့ရသည်။

ပြည်ထောင်စုလွှတ်တော်က ၂၀၁၄ တွင် ပြဋ္ဌာန်းခဲ့သည် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ပေးရန် ကျောင်းသားများ တောင်းဆိုထားသည့် အချက်ထဲတွင် ပညာရေးမူဝါဒများရေးဆွဲရာတွင် ကျောင်းသား၊ ဆရာကိုယ်စားလှယ်များ ပါဝင်ရေး၊ ကျောင်းသားနှင့်ဆရာ သမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့်ရရေး၊ တိုင်းရင်းသားမျိုးနွယ်စု ဘာသာစကားများလွတ်လပ်ခွင့်၊ ပညာရေး အသုံးစရိတ်ကို တစ်နိုင်ငံလုံးအသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်း တိုးမြှင့်ပေးရေး၊ ကျောင်းသားအရေးအခင်းများတွင် ကျောင်းထုတ်ခံခဲ့ရသည့်ကျောင်းသားတို့ ကျောင်းပြန်တက်ခွင့်ရရှိရေးတို့ ပါဝင်သည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အကောင်းဆုံးပညာရေးစနစ်ထွန်းကားခဲ့သော်လည်း ၁၉၆၂ မှ ယနေ့တိုင် စစ်အာဏာရှင်အစိုးရအဆက်ဆက်က ပညာရေး ကဏ္ဍကို ရည်ရွယ်ချက်ချက်ရှိရှိ စနစ် တကျ ဖျက်ဆီးခဲ့သည့်ဟု ဝေဖန်ခံနေရသည်။

ဆန္ဒပြသပိတ်အဖွဲ.သည် တောင်သာမြို.ရှိမုန်းပင်ဘုန်းတော်ကြီးကျောင်းတွင် တစ်ညတာတည်းခိုကာ၊ ဗုဒ္ဓဟူးနေ့တွင် ၀ဲလောင်သို့ ခြေကျင်ဆက်လက်ချီတက်မည်ဖြစ်သည်။

The Yangon Globe

၂၀၁၅ ရွေးကောက်ပွဲပြိုင်ဖို့ NLD ပြင်ဆင်

၂ဝ၁၅ အထွေထွေရွေးကောက်ပွဲဝင်ပြိုင်ဖို့ အတိုက်အခံ အင်အားကြီးပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စတင် ပြင်ဆင်နေပါပြီ။ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဖွဲ့စည်းမှုတွေကို ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲမှာပဲ ဖွဲ့စည်းလိုက်ပြီလို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။ အာဏာရပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအပါအဝင် တိုင်းရင်းသားအင်အားကြီးပါတီတွေကလည်း ဒီ ၂ဝ၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပြင်ဆင်မှုတွေ စတင်နေပြီလို့ ပြောခွင့်ရှိသူတွေက ပြောပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေရဲ့ ပြင်ဆင်လှုပ်ရှားမှုတွေအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင် စုံစမ်းတင်ပြပေးထားပါတယ်။
အတိုင်အခံ အင်အားကြီးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအောင်နိုင်ရေး ပြင်ဆင်မှုတွေ လုပ်နေပြီလို့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က ပြောပါတယ်။ ဇန်နဝါရီလ ၂၄ ရက်နေ့က ၂ဝ၁၅ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီကို NLD ပါတီ ခေါင်းဆောင်ပိုင်းတွေ ဦးစီးပြီးဖွဲ့စည်းလိုက်ကြောင်း ဗဟို အလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်က ဗွီအိုအေကို ပြောပါတယ်။
“ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီတွေကတော့ ဗဟိုအဆင့်တော့ စပြီးဖွဲ့နေပါပြီ။ ၂၄ ရက်နေ့မှပဲ ကျနော်တို့က CEC ဆုံးဖြတ်ချက်ရတာ။ ဒီအတောအတွင်းမှာပဲ ကျနော်တို့ ကြေညာချက်ထုတ်ထားပေးတာ ရှိပါတယ်ခင်ဗျ။ များသောအားဖြင့် ကျနော်မှတ်မိသလောက်ပေါ့နော်- အန်ကယ်လ်ဦးတင်ဦးတို့၊ ဦးဉာဏ်ဝင်းတို့၊ ဒေါ်နန်းခင်ထွေးမြင့်တို့ ပါကြပါတယ်။ တိုင်းနဲ့ပြည်နယ် တာဝန်ယူထားတဲ့သူတွေ ပြန်ပါတာ များပါတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ အဖွဲ့ချုပ်အနေနဲ့ လတ်တလော မြန်မာ့နိုင်ငံရေး အခြေအနေကို လေ့လာပြီးမှ ၂၀၁၅ ရွေးကောက်ပွဲ ဝင်မယ်၊ မဝင်ဘူးဆိုတာကို ဆုံးဖြတ်မှာဖြစ်ကြောင်း ဒီဇင်ဘာလ ၃၀ ရက်နေ့က အဖွဲ့ချုပ်ရုံးမှာ လုပ်တဲ့ သတင်းစာ ရှင်လင်းပွဲအတွင်းမှာ ပြောဆိုခဲ့တာပါ။
တစ်ချိန်တည်းမှာပဲ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လက်ရှိ အာဏာရပါတီကြီးဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌ လည်းဖြစ်၊ ပြည်ထောင်စုလွှတ်တော်နာယကလည်းဖြစ်တဲ့ သူရဦးရွှေမန်းဦးဆောင်ပြီး ဗဟိုအောင်နိုင်ရေးကော်မတီကို ဒီလထဲမှာပဲဖွဲ့စည်းခဲ့ပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြောင်းကိုပြည်ခိုင်ဖြိုးပါတီ၊ ဗဟိုကော်မတီဝင် ဦးလှဆွေက ဗွီအိုအေကို ပြောပါတယ်။
“ပါတီညီလာခံလုပ်ပါတယ်။ ပါတီညီလာခံမှာ ကျနော်တို့ အောင်နိုင်ရေးကော်မတီဖွဲ့စည်းတဲ့အကြောင်းကို ကြေညာပေးတယ်ပေါ့လေ။ ဥက္ကဋ္ဌကတော့ ဦးသူရရွှေမန်းပေါ့။ အောက်က ပါဝင်တဲ့သူတွေကတော့ လူ ၃၀ ကျော်တယ်။ ဗိုလ်မှူးအောင်သောင်းတို့၊ ဦးသိန်းဇော်တို့၊ ထုံးစံအတိုင်းပေါ့၊ လူကြီးတွေပါပဲ။ တိုင်းနဲ့ပြည်နယ်တွေမှာလည်း အကုန်လုံးအသီးသီးဖွဲ့မှာပေါ့။ ဒီအောင်နိုင်ရေးကော်မတီက အဲဒါကို ပြောတာပါ။ လက်ရှိကတော့ ပါတီအောင်နိုင်ရေး အတွက် ကျနော်တို့က စည်းရုံးတဲ့အနေနဲ့ အလုပ်သုံးခု လုပ်တာပေါ့။ အလုပ်သမား၊ လယ်သမား၊ လူငယ်ပေါ့နော်-”
တိုင်းရင်းသားပါတီတွေဘက်ကလည်း ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေပါတယ်။ ရှမ်းပြည်မှာ အင်အားကြီးတဲ့ ကျားဖြူပါတီ (SNLD) ကလည်း ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေသလို ကျားခေါင်းပါတီလို့ လူသိများတဲ့ (SNDP ) ကလည်း ရှမ်းပြည်တစ်ပြည်လုံး လွှမ်းခြုံနိုင်အောင် ပြင်ဆင်နေပြီလို့ ပါတီရဲ့ ပြောခွင့်ရှိသူတွေက ပြောပါတယ်။ နောက်ထပ် အင်အားကြီး တိုင်းရင်းသားပါတီတခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ALP) ကလည်း ရခိုင်ပြည်နယ်တစ်ခုလုံးကို လွမ်းခြုံပြီး ရွေးကောက်ပွဲဝင်မှာဖြစ်သလို အဲဒီအတွက် မဟာဗျူဟာတွေလည်း ချမှတ်ထားပြီးဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဗွီအိုအေကို ပြောပါတယ်။
“ကျနော်တို့ကတော့ ရခိုင်တပြည်လုံးကို ပြိုင်မှာပေါ့လေ။ ကျနော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လောက်အထိ တိုင်းရင်းသားများ လိုလားတဲ့အထိ ပြင်နိုင်သလဲပေါ့နော်။ အဲဒီအပေါ်မူတည်ပြီးမှ ကျနော်တို့ရဲ့အာရုံစူးစိုက်မှုက ရခိုင်ပြည်နယ်၊ ပါလီမန်ဖြစ်မလား၊ သို့မဟုတ် ပြည်ထောင်စုပါလီမန်ဖြစ်မလား ဆိုတာကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှု အခြေအနေပေါ်မူတည်ပြီးတော့မှ ကျနော်တို့က သုံးသပ်ပြီး ဆုံးဖြတ်ချက်ချမယ်။”
၂ဝ၁ဝ ရွေးကောက်ပွဲမှာ အင်အားကြီးပါတီကြီးဖြစ်ခဲ့တဲ့ရွေးကောက်ပွဲဝင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီကလည်း လက်ရှိအချိန်မှာ UDP လို့ ခေါ်တဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီနဲ့ မဟာမိတ်ဖွဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၃ဝဝ နီးပါး ဝင်ပြိုင်မယ်လို့ NDF ပါတီရဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။
“လျာထားချက်တွေပေါ့။ ကုန်ကျစရိတ်လျာထားချက်တွေကိုလည်း နှစ်ပါတီ ပူးပေါင်းစဉ်းစားပြီးတော့ ဘယ်လိုလုပ်ကြမလဲဆိုတာကို ငွေရေးကြေးရေး ပိုင်းလည်း ကျနော်တို့ ထည့်သွင်းစဉ်းစားပြီးတော့ကာ ရှေ့ခရီးသွားကြဖို့ပါပဲ။ ကျနော်တို့ပါတီကတော့ နေရာ ၂၀၀ လောက်ပေါ့။ UDP ပါတီက ၁၀၀ လောက်တာဝန်ယူမယ်ဆိုပြီးတော့ နေရာ ၃၀၀ လောက်ကို ညီနောင်ပါတီနှစ်ပါတီကတော့ စဉ်းစားထားတဲ့အပိုင်းရှိပါတယ်။”
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲ ကျင်းပမဲ့ရက်ကို အတိအကျ ကြေညာတာမျိုးမရှိပေမယ့် ဒီလထဲမှာ ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ပါတီတွေဘက်က အချိန်ယူပြီး စတင်ပြင်ဆင်လာတာလည်း ဖြစ်ပါတယ်။ ၂ဝ၁၅ ဇန်နဝါရီလကစပြီး ကိုယ်စားလှယ်လောင်းတွေ အတွက် စည်းရုံးရေးမဟုတ်တဲ့ ပါတီစည်းရုံးရေးလုပ်ခွင့်တွေကိုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုပေးထားတာပါ။
ကြိုတင်မဲစာရင်းတွေကိုလည်း ရွေးကောက်ပွဲမတိုင်ခင် ကြိုတင် ထုတ်ပြန်ပေးမယ်လို့လည်း ရွေးကောက်ပွဲကော်မရှင်ဘက်က ထုတ်ပြန် ထားပါတယ်။ ပြည်တွင်းနဲ့နိုင်ငံတကာက ရွေးကောက်ပွဲ စောင့်ကြည့်သူတွေလည်း ၂ဝ၁၅ ရွေးကောက်ပွဲ ဘယ်လောက် လွတ်လပ်ပြီး မျှတမလဲဆိုတာကို စိတ်ဝင်စားနေကြတာပါ ခင်ဗျား။

VOA

နိုင်ငံတော်အလံအား ဖြုတ်ချ၍ ကျောင်းသားသမဂ္ဂအလံအား လွှင့်ထူခဲ့သည့် ကိစ္စ နှင့်ပတ်သက်၍ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိ




 မြင်းခြံ ဇန်န၀ါရီ ၂၆
အမျိုးသားပညာရေး ဥပဒေနှင့်ပတ်သက်ပြီး လမ်းလျှောက် ဆန္ဒပြ လျက် ရှိသော ကျောင်းသား အဖွဲ့သည် ဇန်န၀ါရီ(၂၅)ရက် နံနက်(၈)နာရီ မိနစ်(၄၀)တွင် ညအိပ် ရပ်နား ခဲ့သည့် နွားထိုးကြီးမြို့ သိမ်တော်ကျောင်းတိုက်မှ ထွက်ခွာ၍ မြင်းခြံမြို့သို့ ဆက်လက် လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။
အဆိုပါ လမ်းလျှောက်ဆန္ဒပြသည့်အဖွဲ့တွင် (၆၅)ဦး ရှိလာခဲ့ပြီး ၄င်းတွင် ချောက် မြို့ ရဟန်းပျိုသမဂ္ဂအဖွဲ့မှ ဦးဝိသုဒ္ဓနှင့် သံဃာငါးပါး၊ ပခုက္ကူမြို့မှ သံဃာတစ်ပါး စုစုပေါင်း သံဃာခြောက်ပါးမှာ နွားထိုးကြီးမြို့တွင် ပူးပေါင်း ပါဝင် လာခြင်း ဖြစ် သည်။
ထိုအဖွဲ့သည် မြင်းခြံမြို့သို့ ညနေ(၆)နာရီခန့်တွင် ရောက်ရှိလာရာ ၄င်းမြို့နယ်ရှိ အဖွဲ့ အစည်းအချို့မှလည်း ပူးပေါင်းပါဝင်၍ မြို့တွင်းသို့လှည့်လည်ခဲ့ကြပြီးနောက် အဆိုပါ အဖွဲ့သည် မြင်းခြံမြို့ စွန်းလွန်းဂူကျောင်းတွင် ညအိပ် ရပ်နားခဲ့သည်။
ယနေ့ နေ့လယ်ပိုင်းတွင် ဗကသမှ အောင်မှိုင်းဆန်းဦးဆောင်သည့် အဖွဲ့နှင့် ၄င်းမြို့ နယ်ရှိ အဖွဲ့အစည်းအချို့ပူးပေါင်း အင်အား(၂၇၅)ဦးသည် မြင်းခြံမြို့တွင်း လှည့်လည် လမ်းလျှောက်ခဲ့ပြီး ရွာစည်ကျေးရွာ အနီးရှိ မြင်းခြံ ဒီဂရီကောလိပ် သို့ ရောက်ရှိခဲ့ရာ မြင်းခြံဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာကိုကိုမြင့်နှင့် ဆရာ၊ ဆရာမများက ကျောင်းတွင်း မ၀င်ရန် တားမြစ်ခဲ့သော်လည်း ပိတ် ထားသော ကျောင်း တံခါးအား အတင်းတွန်း ဖွင့်ဝင်ရောက်ခဲ့ကြောင်း၊ ပင်မကျောင်းဆောင်ရှေ့သို့ ရောက်ရှိပြီး ပင်မကျောင်း ဆောင်ရှေ့ရှိ လွှင့်ထူ ထားသော နိုင်ငံတော်အလံအားဖြုတ်ချ ကာ ကျောင်းသား သမဂ္ဂအလံအား လွှင့်ထူခဲ့ကြောင်း၊ ထိုသို့ လွှင့်ထူစဉ် ကျောင်းစောင့် (၃)ဦးက တားမြစ်သော် လည်း ကျောင်းသားများက တွန်းဖယ်ပြီး ဆက်လက်ဆောင် ရွက်ခဲ့ ကြောင်း သိရှိရသည်။
  နိုင်ငံတော်အလံအား ဖြုတ်ချ၍ ကျောင်းသားသမဂ္ဂအလံအား လွှင့်ထူခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ မြင်းခြံမြို့မရဲစခန်းက နိုင်ငံတော်အလံဥပဒေ ပုဒ်မ ၁၆ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းနှင့် ဓာတ်ပုံ - https://www.facebook.com/MOIWebportalMyanmar  မှ

Monday, January 26, 2015

ကြေးနီစီမံကိန်းက ရေဆိုး များကြောင့် လယ်မြေဧက ၃၀ နီးပါး ပျက်စီး

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက စီးဆင်းလာတဲ့ ရေဆိုးတွေကြောင့် ဆားလင်းကြီးမြို့နယ် ဖောင်းကား နဲ့ တောင်ပလူကျေးရွာက လယ်မြေဧက ၃၀ နီးပါး ပျက်စီးနေတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

ရေဆိုးတွေကြောင့် စိုက်ပျိုးလို့မရတော့တဲ့ လယ်မြေတွေအတွက် လျော်ကြေးပေးဖို့ ၀မ်ပေါင်ကုမ္ပဏီနဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ထံ စာတင်ပြပြီးတောင်းဆိုထားပေမဲ့ အကြောင်းပြန်တာမရှိဘူးလို့ လယ် ၅ ဧက ပျက်စီးသွားတဲ့ တောင်ပလူကျေးရွာက တောင်သူ ဦးထွန်းနိုင်ဦးက ပြောပါတယ်။

"၂ဝ၁၃ ခုနှစ်ကနေဝင်တာဗျ၊ မိုးရေတွေနဲ့ပျော်ဝင်ပြီးတော့ ကျနော်တို့လယ်ထဲမှာကျန်နေခဲ့တာ၊ စိုက်ပျိုးလို့မရလို့ ဒီအတိုင်းပဲထားခဲ့ရတယ်ဗျ၊ သူတို့ကြောင့် မဟုတ်ဘူးလိုလိုငြင်းပြီးတော့ ဘာမှလည်းကွင်းမဆင်းပဲ နေလိုက်တော့ တာဗျ၊ ကျနော်တို့က ဓါတ်ပုံနဲ့တင်ပြတာပဲရှိတယ်၊ သူတို့လုပ်ပေးမှရမှာခင်ဗျ၊ ကျနော်တို့က မြို့နယ်ကိုလည်း တင်တယ်ဗျ၊ ဝမ်ပေါင်ရုံးကိုလည်းတင်တယ်ဗျ"

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်မှာ အကောင်အထည်ဖော်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ ဖောင်းကားကျေးရွာ၊ တောင်ပလူကျေးရွာနဲ့ ပေ ၃၀၀ လောက်သာ ကွာဝေးတယ်လို့ သိရပါတယ်။
အဲဒီကျေးရွာ ၂ ရွာမှာ စပါးနဲ့ ပဲကို စိုက်ပျိုးတာဖြစ်ပြီး ပျက်စီးသွားတဲ့မြေဧက ၃၀ ကို တောင်သူ ၁၁ ဦးက ပိုင်ဆိုင်တာဖြစ်ပါတယ်။

ဒေသခံ ဆည်တည်းရွာသားတစ်ဦးဖြစ်သူ ကိုအောင်ကြီးကို RFA အဖွဲ့သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
RFA

အစိုးရက တရားဝင်ကမ်းလှမ်းတဲ့အထိ ချီတက်သပိတ်မှောက်မယ် – ကိုသီဟ၀င်းတင်


ပြည်ထောင်စုအစိုးရက အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်လို့ တွေ့ဆုံဆွေးနွေးဖို့ တရားဝင် ဆက်သွယ်ညှိနှိုင်းတဲ့အထိ ဆက်လက်ချီတက်မယ်လို့ မြင်းခြံမြို့ကို ရောက်ရှိနေတဲ့ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းရဲ့ သတင်းပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းဟာ မြင်းခြံနည်းပညာကောလိပ်နဲ့ မြင်းခြံမြို့ရှိ ကျောင်းအားလုံးကို ချီတက်ပြီးနောက် မြင်းခြံမြို့မှ တောင်သာမြို့သို့ (မြင်းခြံ-တောင်သာ- ကျောက်ပန်းတောင် လမ်းပိုင်း အတိုင်း) ဆက်လက် ချီတက်မယ်လို့ ကြေညာထားပါတယ်။
ဒီသပိတ်စစ်ကြောင်းဟာ ဧရာဝတီတိုင်းဘက်က လာမယ့် သပိတ်စစ်ကြောင်းနဲ့ တနင်္သာရီတိုင်းဘက်က လာမယ့် သပိတ်စစ်ကြောင်းတို့နဲ့ ရန်ကုန်မြို့မှာ ပူးပေါင်းဖို့ စီစဉ် ထားတယ်လို့ ကျောင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။
မြင်းခြံမြို့ကို ရောက်ရှိနေတဲ့ သပိတ်စစ်ကြောင်းအတွက် ဒေသခံတွေက မြို့လုံးကျွတ် အားပေး ခဲ့ကြပြီး ရန်ကုန်မြို့ကနေ နာရေးကူညီမှုအသင်း(ရန်ကုန်)က ဦးကျော်သူလည်း သွားရောက် ကူညီပေးနေပါတယ်။
ဒေသခံတွေက စားစရာ၊ နေစရာ၊ ဆေးဝါးကူညီမှုတွေနဲ့အတူ ငွေသားတွေပါ ကူညီ ထောက်ပံ့ကြပါတယ်။
ဒီသပိတ်စစ်ကြောင်းဟာ မန္တလေးကနေ မြစ်ငယ်၊ ပလိပ်၊ စစ်ကိုင်း၊ ကျောက်ဆည်၊ မြစ်သားနဲ့ နွားထိုးကြီးစတဲ့မြို့တွေကို ဖြတ်သန်းရာမှာ ဒေသခံလူထုတွေက ကြိုဆိုကြပြီး စားသောက်နေ ထိုင်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်ခဲ့ကြပါတယ်။
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်ထားတဲ့ ကျောင်းသားတွေက တွေ့ဆုံ ဆွေးနွေးဖို့ ကမ်းလှမ်းတဲ့ ရက်ပေါင်း ၆၀ အလွန်မှာ အစိုးရမှ တစုံတရာ တုံ့ပြန်လာခြင်း မရှိတဲ့အတွက် နဂို ကြေညာထားတဲ့အတိုင်း မန္တလေး – ရန်ကုန် ခရီးရှည်ချီတက် သပိတ်ကို ဇန်န၀ါရီ ၂၀ ရက်နေ့မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားပညာရေးဥပဒေကို ညှိနှိုင်းပြင်ဆင်နိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ နိုင်ငံလုံး ဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှု ကွန်ရက်(အန်အန်အီးအာရ်)နဲ့ သပိတ်မှောက် ကျောင်းသား တွေရဲ့ ဒီမိုကရေစီ ပညာရေး ဖော်ဆောင်မှု ဦးဆောင်ကော်မတီတို့ ၄ ပွင့်ဆိုင် တွေ့ဆုံရေးကို တောင်းဆိုထားကြတာပါ။
မြင်းခြံမြို့ကို ရောက်ရှိနေတဲ့ သပိတ်စစ်ကြောင်းမှာ ပါတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ သတင်းနဲ့ ပြန်ကြားရေးကော်မတီဝင် ကိုသီဟ၀င်းတင်ကို ဒီဗွီဘီက ဒီမနက်မှာ ဆက်သွယ်မေးမြန်းထားပါတယ်။
ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းကို မြင်းခြံမြို့ခံ ပြည်သူတွေက ဘယ်လို တုံ့ပြန်ကြလဲ။ မြင်းခြံမြို့မှာ တခြားဘာထူးလဲ။
“မြင်းခြံအနေနဲ့ ကြိုဆိုတာ အားရဖို့ ကောင်းတာပေါ့။ မြို့လုံးကျွတ်ပုံစံနဲ့ ကြိုဆိုတယ်။ ကျန်တာတော့ ထွေထွေထူးထူး မရှိပါဘူး။ အတားအဆီးအနှောင့်အယှက်ကတော့ ကျနော်တို့ မြင်းခြံ ရောက်တဲ့အချိန်မှာ ဘာမှ ပြသနာမရှိဘူး။ မြင်းခြံမရောက်ခင်အချိန်မှာ ကျနော်တို့ မြင်းခြံခရိုင်မှူးတို့ မြို့နယ်မှူးတို့ က လာပြီးတော့ တားတာတွေ ရှိတယ်။”
အခု ကျောင်းသားတွေ သွားမှာက တောင်သာနယ်ဆိုတော့ အဲဒီဘက်က အခြေအနေ (ဖေ့စ်ဘွတ်တွေအဆိုအရ အန္တာယ်တစုံတရာရှိနိုင်ဟု ပျံ့နှံ့နေ)နဲ့ ပတ်သက်လို့ သပိတ်စစ်ကြောင်းက ဘာတွေ ပြင်ဆင်ထားလဲ။ သပိတ်စစ်ကြောင်းကရော ကျောင်းသားအင်အား ဘယ်လောက်ရှိလဲ။
“အခုဆိုရင် သပိတ်စစ်ကြောင်းက လူ ၂၀၀ နီးပါးလောက်ရှိပြီ။ နောက်တခုက ကျနော်တို့က တောင်သာနယ်မှ မဟုတ်ပါဘူး။ ဒီတိုက်ပွဲကို စတိုက်ကတည်းက အသက်တွေ၊ ဘ၀တွေ အားလုံးကို ဂရုမစိုက်ဘဲနဲ့ ပေးဆပ်ပြီး တိုက်ပွဲဝင်တာဆိုတော့ တောင်သာနယ်နဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ ထွေထွေထူးထူး ပြောစရာမလိုပါဘူး။ အဲဒါကို ပိုပြီးတော့ သေချာသွားအောင် အတွက် လည်း ကိုယ့်အသက်တွေ အားလုံး သပိတ်စစ်ကြောင်းမှာ ပါတဲ့ ကျောင်းသားတွေအကုန်လုံးက သရဏဂုံလည်း တင်ထားတယ်ဆိုတော့ တောင်သာလည်း ဂရုမစိုက်ဘူး။ ကျနော်တို့က ဘယ်လို အနေအထားမျိုးပဲဖြစ်ဖြစ် ကျနော်တို့ ဖြစ်ချင်တဲ့တိုက်ပွဲကို ဖြစ်အောင်တော့ တိုက်သွားကြ ရမှာပဲလေ။ မြို့ခံတွေကလည်း ကျနော်တို့ကို လိုက်ပို့မယ် ပြောတယ်။ ၀န်းရံပြီး လိုက်ပို့ပေးကြမယ်။ ပြီးတော့ တချို့မြို့ခံကျောင်းသားတွေပေါ့နော်။ ကျနော်တို့ ဗကသ အဖွဲ့ဝင်တွေလည်း ပါတယ်။ တခြားဝိဇ္ဇာသိပ္ပံက ကျောင်းသားတွေလည်း ပါတယ်။ တခြား ဂျီတီစီကျောင်းသားတွေလည်းပါတယ်။ အဲဒါတွေကလည်း ၀န်းရံပြီး လိုက်ပို့ပေးမယ်လို့ ပြောတယ်။”
အဲဒီဘက်ကနေ ရန်ကုန်ဘက်ကို ပတ်ချီတက်မှာလား။ ခရီးစဉ်အခြေအနေက ဘယ်လိုလဲ။
“ဟုတ်ကဲ့။ ရန်ကုန်ဘက်ကို ပတ်ချီတက်မှာ ခင်ဗျ။ တောင်သာကနေ ၀ဲလောင်တို့၊ ကျောက်ပန်းတောင်းတို့ ညောင်ဦးတို့ပေါ့နော်။ အဲလိုဘက်ကနေပတ်ပြီး ရန်ကုန်ရောက်အောင် ချီတက်မှာ။”
လွန်ခဲ့တဲ့ရက်ပိုင်းက သမ္မတက ဒီဥပဒေကို ပြန်ပြင်ရေးမယ့်အကြောင်း ပြောတယ်။ လွှတ်တော်ဘက်ကရော အစိုးရဘက်ကရော တစုံတရာ သဘောတူတယ်ဆိုတော့ ဘာဖြစ်လို့ ဆက်လက်ချီတက်သပိတ်မှောက်တာဆိုတာ ဘယ်လိုရှင်းအောင် ပြောပြမလဲ။
“အဓိကကတော့ ကျနော်တို့အနေနဲ့ အစိုးရဘက်ကတော့ ရိုးသားဖို့လိုတယ်လို့ ပြောချင် ပါတယ်။ တကယ်လို့သာ ဒီဥစ္စာနဲ့ ပတ်သက်ပြီးတော့ အစိုးရဘက်ကရိုးသားတယ်ဆိုရင် ရက်ပေါင်း ၆၀ မှာကတည်းက ကမ်းလှမ်းဖို့အတွက်ကို ကျနော်တို့အနေနဲ့ ဆွေးနွေးမှုတံခါးကို ဖွင့်ထားတယ်။ အခုလည်း ကျနော်တို့ ဆွေးနွေးမှုတံခါးကို ဖွင့်ထားပါတယ်။ ပြီးတော့ ကျနော်တို့ ၁၁ ချက်ကိုလည်း တောင်းဆိုထားတာ ရှိပါတယ်။ ဒါပေမယ့် သမ္မတအနေနဲ့က သူက အဲလိုမျိုး စာတင်တာတို့။ လွှတ်တော်အနေနဲ့ ဒီလို ပြောပေမယ့် တရားဝင် ပြုလုပ်တာလည်း မရှိသေးသလို ကျနော်တို့ကို ကမ်းလှမ်းပြီးတော့ ဆွေးနွေးမှုတွေလည်း မရှိသေးပါဘူ။ တရားဝင်ကမ်းလှမ်းတာလည်း မရှိပါဘူး။ အဲဒီတော့ ဒါက ကျနော်တို့ရဲ့ သပိတ်စစ်ကြောင်းပေါ့နော်။ ဒါကို ရပ်တန့်သွားအောင် အာရုံလွှဲတဲ့ အနေအထားတခုလို့ပဲ ကျနော်တို့က မြင်တယ်လေ။ အဲဒီအတွက် ကျနော်တို့က ဒါကို သူတို့အနေနဲ့ မပြုလုပ် ပေးမချင်း ကျနော်တို့ကို ကမ်းလှမ်းမှု တရားဝင်မပြုလုပ်မချင်းတော့ ကျနော်တို့က ဆက်လက်ပြီးတော့ တိုက်ပွဲဝင်နေရမှာပဲပေါ့။”
အစိုးရဘက်က စေတနာမှန်ရင် ရက်ပေါင်း ၆၀ အတွင်းကမ်းလှမ်းရမယ်။ အခုလည်း ဆွေးနွေးဖို့ တံခါးဖွင့်ထားပေမယ့် မကမ်းလှမ်းသေးဘဲ လိုက်လျောထားတာပဲဆိုပြီး အစိုးရဘက်က ပြောနေတယ် အဲလိုဖြစ်နေတဲ့သဘောလား။ အစိုးရဘက်က လုံးဝ မကမ်းလှမ်းဘူးလား။
“ဘာမှကို မပြောတာ။ အဓိက ကျနော်တို့ ပြောချင်တာကပေါ့နော်။ ကြားက ပွဲစားတော့ မလိုဘူးပေါ့။ တခါ တခါကျလို့ရှိရင် သူတို့အနေနဲ့က ပြည်သူကြားထဲမှာ ချပြလို့ရအောင်ဆိုတဲ့ပုံစံမျိုးနဲ့ တခါတလေကျလို့ရှိရင် ပါမောက္ခချုပ်တို့ဘာတို့ကို လွှတ်တာတွေ ရှိတယ်။ ဒါပေမယ့် ကျနော်တို့တွေက မေးလိုက်လို့ ရှိရင် သူတို့အနေနဲ့က ဒါက သူတို့က နိုင်ငံသားအနေနဲ့ လာတာ၊ အစိုးရကို ကိုယ်စားပြုပြီးလာတာ မဟုတ်ဘူးဆိုတဲ့ ပုံစံပြောတော့ ကျနော်တို့အနေနဲ့ လက်ခံ ဆွေးနွေးတဲ့ အနေအထားမျိုးမှာ အရမ်းအခက်အခဲ ရှိပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ သူ့နိုင်ငံပိုင်သတင်းစာမှာ ထုတ်ပြန်လိုက်တဲ့အနေအထားမျိုးမှာ ဒီလူ၊ ဒီလူတွေက လာဆွေးနွေး တယ်ဆိုပြီး ပြောတယ်။ အဲဒီလိုပုံစံမျိုးလေးတွေပေါ့နော်။ သတင်းကို ဟိုဘက်ဒီဘက် လှည့်တာရှိတယ်။ ကျနော်တို့အနေနဲ့က ‘တရားဝင်ကမ်းလှမ်းပါ’ ‘တရားဝင်ဆွေးနွေးပါ’ ‘ကျနော်တို့ လူထုအကြားမှာ ဆွေးနွေးမယ်။ ပြည်သူလူထုအကြားမှာ ဆွေးနွေးမယ်’ ‘ကျနော်တို့ကို လာဆွေးနွေးတဲ့သူကလည်း အစိုးရကို ကိုယ်စားပြုမှုရှိရမယ်’ ‘ကျနော်တို့ကလည်း ကျောင်းသားထုကို ကိုယ်စားပြုတဲ့သူနဲ့ ဆွေးနွေးမယ်’ ‘ပြည်သူလူထုရှေ့မှာဆွေးနွေးမယ်’‘မီဒီယာရှေ့မှာဆွေးနွေးမယ်’။ ကျနော်တို့က အဲဒီလို ကမ်းလှမ်းထားပါတယ်။ အဲဒီလို ကမ်းလှမ်းမှုမျိုးကို သူတို့ဘက်က တခါမှ မကမ်းလှမ်းတဲ့အတွက် ကျနော်တို့အနေနဲ့ ဆွေးနွေးဖို့ အခက်အခဲ အရမ်းဖြစ်နေပါတယ်။”
အခု အစိုးရဘက်က တစုံတရာလိုက်လျောမှုဟာ ကျောင်းသားတွေဘက်က တောင်းဆိုတဲ့ အချက်နဲ့ ဘယ်လောက်နီးစပ်သလဲ။ ဘယ်လောက်ကွာဟသလဲ။
“အခုထက်ထိ သူတို့အနေနဲ့ တရားဝင်ပြောတာမဟုတ်တဲ့အတွက် ဘာမဆို ဖြစ်သွားနိုင်တဲ့ အနေအထား ရှိတယ်ဆိုတာက ပွင့်ပွင့်လင်းလင်းပြောရလို့ရှိရင် ကျနော်တို့တောင်းဆိုထားတာ ၁၁ ချက်ပေါ့နော်။ ၁၁ ချက်စလုံးကို mother law (ပင်မဥပဒေ) ထဲမှာ ပါမှ ရမယ်။ တချို့ကိစ္စလေးတွေကို သူတို့က နည်းဥပဒေထဲ ထည့်ချင်လား မသိဘူး။ ဘာဖြစ်လို့ mother law မှာ ပါမှ ရမယ်လို့ ပြောတာ လည်းဆိုတော့ အခြေခံဥပဒေကိုကြည့်ပြီးတော့ အဓိကပြောတာပါ။ အခြေခံဥပဒေ ကျနော်တို့ Mother Law မှာပါတဲ့ တချို့ဥစ္စာတွေက နည်းဥပဒေတွေနဲ့ ပြန်ချုပ်ပြီးတော့ ကျနော်တို့ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့တာ အများကြီးပဲ။ အခုဆိုလို့ရှိရင် အခြေခံဥပဒေက ဥစ္စာကို ကျနော်တို့ ကျောင်းသားတွေကိုယ်တိုင် ပြန်ခံစားနေရတယ်ပေါ့နော်။ ငြိမ်းစုစီ ဆိုတဲ့ပုံစံမျိုး ကျနော်တို့ အခြေခံဥပဒေ mother law ထဲမှာ ပါတယ်ဗျာ။ လွတ်လပ်စွာ စီတန်းခွင့်တို့၊ လွတ်လပ်စွာ စည်းရုံးခွင့်၊ လွတ်လပ်စွာ ဟောပြောခွင့်ဆိုတာ ပါတယ်။ ဒါ mother law ထဲမှာပါတယ်။ ဒါပေမယ့် ကျနော်တို့ကို ပြန်ချုပ်တာက နည်းဥပဒေအရ ပုဒ်မ ၁၈ ပုဒ်မ ၁၉ အရဆိုပြီး ပြန်ချုပ်တယ်။ အဲဒီအတွက် mother law တောင်မှ မသေချာတဲ့ အနေအထားမျိုးမှာ နည်းဥပဒေဆိုရင် ကျနော်တို့ အမျိုးသားပညာရေး ဥပဒေက သေချာမှာမဟုတ်ဘူး။ အဲဒီအတွက် ကျနော်တို့က Mother Law ထဲပါဖို့ အဓိကပြောတယ်။ ဒါပေမယ့် အစိုးရဘက်ကတော့ အခုထက်ထိ တရားဝင် တိတိကျကျ ပြောတဲ့ဥစ္စာမဟုတ်ဘဲ ပရိယာယ်တခုနဲ့ ကျနော်တို့ကို ဆက်ဆံနေတာ ဖြစ်တဲ့အတွက်၊ မရိုးသားတဲ့အတွက် ကျနော်တို့အနေနဲ့ ပြောဖို့ တော်တော်ခက်တယ်ဗျ။ သူ့အနေနဲ့ ကျနော်တို့ရဲ့ တောင်းဆိုချက်နဲ့ နီးစပ်တယ်၊ မနီးစပ်ဘူး ဆိုတာကိုပေါ့။”
အခု မန္တလေးက ချီတက်တဲ့စစ်ကြောင်းက တနင်္သာရီတိုင်း ထားဝယ်ဘက်က စစ်ကြောင်းနဲ့ ဘယ်လို ပေါင်းစပ်ကြမလဲ။
“အဓိကကတော့ ကျနော်တို့တွေ ဖုန်းတွေနဲ့ ပြောဖြစ်တာတွေပဲ ရှိတယ်။ ထားဝယ်ဘက်မှာကလည်း သူတို့ဘက်မှာကလည်း လှုပ်ရှားတာတွေ ရှိတယ်။ ဒါပေမယ့် သူတို့ဘက်က ဘယ်အချိန် ရန်ကုန်ဘက်ကို ဘယ်လိုတက်မလဲ။ အဲဒါတွေတော့ တိုင်ပင်တုန်းပဲ ရှိတယ်။”
မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ သတင်းနဲ့ ပြန်ကြားရေးကော်မတီဝင် ကိုသီဟ၀င်းတင်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ သတင်းနဲ့ ပြန်ကြားရေးကော်မတီဝင် ကိုသီဟ၀င်းတင်
မန္တလေးကနေ မြင်းခြံအထိ ခရီးစဉ်အတွင်း ဒေသခံပြည်သူကျောင်းသားတွေရဲ့ အားပေးကူညီမှုအခြေအနေ ပြောပြပါ။
“ဒေသခံတွေရဲ့ တုံ့ပြန်မှုကတော့ ဘယ်လိုပြောရမလဲဆိုတော့ မြို့လုံးကျွတ်နီးပါးပါပဲ။ ကျနော်တို့ တခါမှ မကြုံဘူးတဲ့ဥစ္စာပေါ့နော်။ ကြုံဆုံရတာပေါ့။ တချို့ ဈေးရောင်းနေတဲ့ အဒေါ်ကြီးတွေဆိုရင် ရှိသမျှမုန့်တွေ ဈေးမရောင်းတော့ပဲနဲ့ ချကျွေးလိုက်တာတို့၊ ပြီးတော့ အသက်ကြီးတဲ့ အဖိုးကြီး၊ အဖွားကြီးတွေက ထွက်လာပြီးတော့ ပန်းကုန်းစွပ်တာတို့၊ မနေ့ညကဆို မြင်းခြံ ဆိုလို့ရှိရင် မြို့လုံးကျွတ် လုံးဝမကြုံဖူးတဲ့အနေအထားနဲ့ ကြုံတွေ့ရပါတယ်။ ကျောင်းသားပိုင်း ကကျတော့ တချို့မြို့တွေမှာ သာမန်ကျောင်းသားတွေပေါ့နော်၊ ဗကသ မဟုတ်တဲ့ ကျောင်းသားတွေ ထွက်လာတာ မရှိဘူးမဟုတ်ဘူး ရှိပါတယ်။ ကျောင်းနဲ့ နှိုင်းယှဉ်ရင်တော့ နည်းတယ်လို့ ဆိုလို့ရတယ် ခင်ဗျ။ အဲဒါတွေကျတော့လည်း ဘာဖြစ်လို့လည်းဆိုတော့ တချို့ကိစ္စတွေက မိဘတွေရဲ့ စိုးရိမ်ပူပန်မှု ပေါ့နော်။ ပြီးတော့ အစိုးရနေပြီးတော့ ကျနော်တို့ကို အမြဲတမ်းပဲ တရားဝင်သူတို့အနေနဲ့ ထုတ်ပြန် ကြေညာမှု မရှိဘူး။ ဥပမာ အခြေခံဥပဒေဆိုရင် ပြည်သူသိအောင် ကြေညာပေးရမယ်။ အခု အမျိုးသားပညာရေးဥပဒေဆိုရင် ကျောင်းသားတွေ သိအောင် ကြေညာပေးရမယ်။ အဲဒီလို ကြေညာမှုမရှိတဲ့အတွက် တချို့တွေဆိုရင် ကျနော်တို့ ဘာကို ဆန္ဒပြလို့ ပြမှန်းမသိဘူး ဖြစ်နေတယ်။ ဒါပေမယ့် ကျနော်တို့ ကျောင်းရှေ့တွေမှာ ရှင်းပြလိုက်ရင်တော့ တချို့ကျောင်းသားတွေ တော်တော်များများထွက်လာပါတယ်။ ဒါပေမယ့် အစိုးရရဲ့ စနစ်တကျ ဖျက်ဆီးခံထားရမှုအောက်မှာတော့ အနည်းအကျဉ်းတော့ ၀င်နေတော့ ကျောင်းသားတွေ ထွက်ဖို့ အတွက်ကိုတော့ ကျနော်တို့ တော်တော်လေး ကြိုးစားနေရတယ်။”
ေေ  အေးနိုင် (DVB)