Pages

Saturday, May 23, 2015

ALP နှင့် ပတ်သက်မှုမရှိတော့ကြောင်း အတွင်းရေးမှူးဟောင်း ခိုင်သုခ ထုတ်ပြန်ကျေညာ

 K-thukha
မေလ ၂၃
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် မိမိမှာ တစ်စုံတစ်ရာ ဆက်နွယ်ပတ်သက်မှု မရှိတော့ကြောင်း ယင်းပါတီ၏ အထွေထွေအတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သူ ခိုင်သူခမှ မေလ ၂၁ ရက်နေ့က ထုတ်ပြန် ကြေငြာသည်။
ခိုင်သုခ ထုတ်ပြန်ကြေငြာချက်ထဲတွင် ယခုလို ဖော်ပြသည်။
“ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ ALP တွင်၂၁၀၅ မေလ အထိ အထွေထွေအတွင်းရေးမှူး တာဝန် ထမ်းဆောင်ခဲ့သည့် အကျွန်ခိုင်သုခသည် ပါတီပိုင်ရှင်များနှင့် အဆင်မပြေသည့် အတွက် ပါတီတာဝန်များမှ နုတ်ထွက်အနားယူနေခဲ့သည်မှာ တနှစ်တိတိ ရှိနေခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် အကျွန်ခိုင်သုခသည် ယခုအချိန်တွင် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)နှင့် လုံးဝ ဆက်စပ် ပတ်သက်မှု မရှိတော့ပါကြောင်း အများပြည်သူ သိရှိစေရန်နှင့် မိတ်ဆွေ အဖွဲ့အစည်းများအားလုံး သိရှိနိုင်စေရန် အသိပေး ထုတ်ပြန် ကြေငြာအပ်ကြောင်း”  ဖော်ပြသည်။
၎င်းပြင် ခိုင်သုခမှ မှတ်ချက်တွင် အောက်ပါအတိုင်းလည်း ရေးသားထားသည်။
“ ALP မှ နုတ်ထွက်ခဲ့သော်လည်း ရခိုင့်အမျိုးသား တော်လှန်ရေး လမ်းကြောင်းထက်တွင် ဆက်လက် ရပ်တည်ကာ ရခိုင်အမျိုးသား ရပိုင်ခွင့်များအတွက် စိတ်တူ ကိုယ်တူ မျိုးချစ်ညီအစ်ကိုများနှင့် လက်တွဲပြီး ဆက်လက် တိုက်ပွဲ ၀င်လားမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်” ဟု ပါရှိသည်။
ယခု ပါတီမှ နုတ်ထွက်ခဲ့သော ခိုင်သုခသည် ၁၉၉၀ ၀န်းကျင်ကတည်းက ALP ပါတီတွင် စတင် ၀င်ရောက် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ကြောင်း သိရှိရသည်။
နိရဉ္စရာ

ဆောက်လုပ်ရေး လုပ်ငန်းများ ဈေးကွက်ကို စနစ်တကျ တွက်ချက်မှုမရှိဘဲ လုပ်ဆောင်နေကြဟုဆို



“ဈေးကွက်မှာ ၀ယ်လိုအား၊ ရောင်းလိုအား တွက်ချက်နိုင်တဲ့ လုပ်ငန်းရှင်တွေပေါ်လာမှ ဒီပြဿနာတွေ အေးမယ်။ ငါးပွက်ရာ ငါးစာချဖြစ်နေသေးသရွေ့ ဒီလိုဖြစ်နေဦးမှာပဲ…”

  မြန်မာနိုင်ငံတွင် လက်ရှိတည်ဆောက်နေသော အထပ်မြင့်ကွန်ဒိုများ၊ တိုက်ခန်းများအား တည်ဆောက်သည့် Developer များအနေဖြင့် ဈေးကွက် ၀ယ်လိုအား၊ ရောင်းလိုအားကို စနစ်တကျတွက်ချက်မှုမရှိဘဲလုပ်ဆောင် နေကြကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ
အသင်း အဖွဲ့ဝင်တဦးက ပြောသည်။ ''တချို့ဆိုရင် ရွှေဆိုင်တွေပိတ်၊ အထည်ဆိုင်တွေ ပိတ်ပြီး ကန်ထရိုက်လုပ်တယ်။ လမ်းတခုတည်းမှာ အထပ်မြင့်တွေများလာ လို့၊ ကားရပ်စရာနေရာမရှိတော့လို့ ရန်ဖြစ်နေတာတွေလည်း ရှိတယ်။ အစိုးရက ဒါတွေကိုလုပ်ရမယ်။ ဈေးကွက်မှာ ၀ယ်လိုအား၊ ရောင်းလိုအား တွက်ချက်နိုင်တဲ့ လုပ်ငန်းရှင်တွေပေါ်လာမှ ဒီပြဿနာတွေ အေးမယ်။ ငါးပွက်ရာ ငါးစာချဖြစ်နေသေးသရွေ့ ဒီလိုဖြစ်နေဦးမှာပဲ''ဟု ယင်းကပြောသည်။

တည်ဆောက်သူများအနေဖြင့် အမှန်တကယ် ဈေးကွက်အတွင်း လိုအပ်မှသာ တည်ဆောက်သင့်ကြောင်း၊ တယောက်အောင်မြင်တိုင်း နောက်တယောက်ကလိုက်၍ တည်ဆောက်ခြင်းမျိုး မလုပ်သင့်ဟုလည်း ဆောက်လုပ်ရေးလုပ်ငန်းလုပ်ဆောင်နေသူများကြား ဝေဖန်မှုများရှိနေသည်။ ''ကွန်ဒိုတွေ တခန်းကို သိန်း ထောင်ဂဏန်း၊ သောင်းဂဏန်း ရှိတယ်။ ဒါတွေကိုဝယ်နိုင်သူ မြန်မာနိုင်ငံမှာ ဘယ်လောက်ရှိနေလဲ''ဟု ၀ါရင့်ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးက မေးခွန်းထုတ်၍ News Watch ၏အမေးကို ပြန်ပြောသည်။
တချို့လုပ်ငန်းရှင်များကလည်း မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးဈေးကွက်သည် ၁၀ စုနှစ်တစုခန့်အကြာတွင် အရောင်းကျဆင်းတတ်ကြောင်း၊ လွန်ခဲ့သော ၂၀၀၇ ခုနှစ်ခန့်ကဖြစ်ခဲ့ပြီး နောက်လာမည့် ၂၀၁၇ နှစ်တွင် ထပ်မံကျဆင်းနိုင်သော်လည်း ယင်းနှစ်မတိုင်မီ ၂၀၁၅ ကတည်းက ကျနေခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။ ''အခုလိုဖြစ်တာ အလေ့အထပါ။ ဒါကို ပြဿနာအနေနဲ့ မရှုမြင်ပါဘူး။ ကွန်ဒိုတွေကို တကယ်ဝယ်နိုင်သူ လူကုံ ထံတွေရှိမယ်။ နိုင်ငံခြားကပြန်လာပြီး ၀ယ်သူတွေရှိမယ်။ နိုင်ငံခြားရင်းနှီး မြှပ်နှံသူတွေရှိမယ်။ ဈေးကြီးလို့အရောင်းကျတယ်လို့ ပြောလို့မရဘူး''ဟု
 ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးက ပြောသည်။

သို့သော်လည်း ရန်ကုန်တွင် တည်ဆောက်နေသော လက်ရှိကွန်ဒိုတည်ဆောက်ရေးလုပ်ငန်း အများစုအနေဖြင့် ယခင်ကသတင်းစာ၊ ဂျာနယ်များတွင်ကြော်ငြာများ ထည့်သွင်းခဲ့သည်ကို တွေ့ရသော်လည်း ယခုအခါအရောင်းအ၀ယ် မကောင်းဟုဆိုကာ ရပ်နားထားကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောက်လုပ်နေသော အထပ်မြင့်အဆောက်အအုံများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က ကြီးကြပ်၍ ခွင့်ပြုလျက်ရှိသည်။

မေငယ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

NLD သာ အစိုးရဆိုရင် လူထုအားနဲ့ ငြိမ်းချမ်းရေးရယူမည်


ကချင်ပြည်နယ် ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်မှာကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မေလ ၂၃ ရက်နေ့က တွေ့ရစဉ် Photo: Kyaw Myo Min/RFA
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD သာ အစိုးရ ဖြစ်မယ်ဆိုရင်လည်း ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့အတွက် ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကို ရယူသွားရမှာ ဖြစ်ကြောင်း ပြည်သူမပါပဲ ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ကချင်ပြည်နယ် ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်မှာ ဒီနေ့ကျင်းပခဲ့တဲ့ လူထုတွေ့ဆုံပွဲမှာ မချမ်းဘော့ မြို့ခံတစ်ဦးက NLD သာ အစိုးရဆိုရင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားရှိပါသလဲလို့ မေးမြန်းရာမှာ ဒေါ်အာင်ဆန်းစုကြည်က

"စစ်ပွဲတွေနဲ့ တိုက်ပွဲတွေနဲ့ ဟိုနေရာ ဒီနေရာဖြစ်နေတာပဲ၊ ကျမတို့ နိုင်ငံဟာလည်း ငြိမ်းချမ်းမှုမရှိသေးဘူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖြစ်လို့ရှိရင်လည်း ငြိမ်းချမ်းဖို့ဆိုတာ ပြည်သူလူထုပါမှ ဖြစ်မယ်ဆိုတာ အခုကတည်းက ကျမပြောပါရစေ၊ အစိုးရတစ်ဖွဲ့တည်းကနေပြီးတော့ အားလုံးလုပ်ပေးမယ်လို့ ပြောတဲ့အဖွဲ့တွေကို ဘယ်တော့မှမဲမပေးနဲ့ အဲ့ဒါအာဏာရှင် အစိုးရပဲဖြစ်မှာပဲ၊ အစိုးရနဲ့ ငြိမ်းချမ်းရေးရဖို့ဆိုတာဟာ အများကြီးပိုပြီးတော့ခက်ခဲတယ်၊ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကျမတို့ရယူပြီးမှ ငြိမ်းချမ်းရေးရနိုင်မှာဆိုတာ အခုတော့ အားလုံးကိုနားလည်စေချင်တယ်"

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲနိုင်ပြီး အစိုးရဖွဲ့နိုင်ခဲ့ရင် ဒီမိုကရေစီအစိုးရ တင်မကပဲ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်တဲ့ အစိုးရဖြစ်ဖို့အတွက် တခြားပါတီတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားရမှာ ဖြစ်တယ်လို့လည်း ပရိသတ်တစ်ဦးရဲ့ မေးခွန်းကို ဖြေကြားခဲ့ပါတယ်။

လူထုတွေ့ဆုံပွဲကို ပူတာအိုခရိုင်အပြင် မြစ်ကြီးနား၊ မိုးကောင်း၊ ဖားကန့်မြို့နယ်တွေက NLDပါတီဝင်တွေနဲ့ ဒေသခံတွေစုစုပေါင်း နှစ်သောင်းဝန်းကျင် တက်ရောက်ခဲ့ပါတယ်။

RFA သတင်းထောက် ကိုကျော်မျိုးမင်း ပူတာအိုမြို့ကနေ ပေးပို့ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲက အချက်တစ်ချို့ကို မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။

RFA Burmese

အမြန်လမ်းမှာ တိုက်ရော့ပြုတ်သောယာဉ် တိမ်းမှောက်၍ (၈)ဦးဒဏ်ရာရ

 
တိုက်ရော့ပြုတ်သောယာဉ်  အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်၍ (၈)ဦးဒဏ်ရာရ
 ၂၀၁၅ ခုနှစ်၊ မေလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန် နေပြည်တော်၊ တပ်ကုန်း မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၃၉/၂-၃)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ ဘုရားတောင်အမြန်လမ်းမကြီး ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ပခုက္ကူမှ နေပြည်တော်သို့ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၂)ရပ်ကွက်နေ သက်နိုင်ဦး(၄၂)နှစ်မောင်းနှင်လာသော 2J/×××× STARAEX  "ယောရွှေပြည်''ခရီးသည်တင် ယာဉ်မှာ တိုက်ရော့ပြုတ်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်မြေသားလမ်းပေါ်သို့ ရောက်ရှိ တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများ အနက် ယာဉ်မောင်း သက်နိုင်ဦးနှင့် တစ်ရပ်ကွက်တည်းနေ ဦးခင်အေးမောင်(၅၃)နှစ်ပါ(၇)ဦး တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးသို့ ကူညီ ပို့ဆောင်ပေးခဲ့ပြီး သက်နိုင်ဦးအား ဘုရားတောင်အမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ဗြိတိန် ကျောင်းသား သမဂ္ဂတွေကို လာလေ့လာ



 ဗြိတိန် ကျောင်းသား သမဂ္ဂတွေကို လာလေ့လာ
ဗြိတိန် က ကျောင်းသား သမဂ္ဂ တွေ ဖွဲ့စည်း လှုပ်ရှားမှု တွေ ကို လေ့လာဖို့ ဒေါ် အောင်ဆန်း စုကြည် အစီ အစဉ် နဲ့ မြန်မာ တက္ကသိုလ် ၄ ခု က ကျောင်းသား သမဂ္ဂ ကိုယ်စားလှယ် ၄ ယောက် ဗြိတိန် ကို တပတ် ကြာ လာ လေ့လာ ခဲ့ ကြ ပါတယ်။

မြန်မာ နိုင်ငံ မှာ ရေးဆွဲ နေတဲ့ အဆင့်မြင့် ပညာရေး ဥပဒေ မှာ ထည့်သွင်း ဆွေးနွေး နိုင် ဖို့ ဗြိတိန် တက္ကသိုလ် သမဂ္ဂ တွေရဲ့ လှုပ်ရှားမှု တွေကို လာလေ့လာ ခဲ့တာ လို့ ရန်ကုန် စီးပွားရေး တက္ကသိုလ် ကျောင်းသား များ သမဂ္ဂ ဥက္ကဋ္ဌ ကိုဇေယျာလွင် က ပြောပါတယ်။

ဒီခရီးစဉ် အတွင်း မြန်မာ နိုင်ငံမှာ ဖြစ်ပွား ခဲ့တဲ့ ကျောင်းသား ဆန္ဒပြပွဲ တွေ ဖြိုခွဲ ခံရမှု နဲ့ ပတ်သက်ပြီး အောက်စဖို့ဒ် နဲ့ တခြား တက္ကသိုလ် သမဂ္ဂတွေမှာ ဆွေးနွေး ပြောကြား ခဲ့ပြီး ဖမ်းဆီး ခံရသူတွေ လွတ်မြောက် ဖို့ လှုပ်ရှား ဆောင်ရွက် လိုကြောင်း တချို့ သမဂ္ဂ တွေက ပြောကြား ပါတယ်။

ဗြိတိန် တက္ကသိုလ် တွေ မှာ သမဂ္ဂ တွေက ကျောင်းသား အရေး ကိစ္စတွေမှာ တက်တက် ကြွကြွ ဆောင်ရွက် နေတာ တွေ့ရပြီး စီမံ ဆောင်ရွက်ခွင့် တွေ လည်း ရနေကြတယ်၊ မြန်မာ နိုင်ငံ မှာတော့ သမဂ္ဂတွေ ရပ်တည်ဖို့ ကြိုးစား နေရဆဲ မို့ ဒီလို ဖြစ်လာ ဖို့ လိုသေးတယ် လို့လည်း ကို ဇေယျာလွင် က ပြောပါတယ်။

BBC Burmese

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပူတာအိုခရီးစဉ်

 
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆိုင်ရာ၊၂၀၁၅ ရွေးကောက်ပွဲ အခြေအနေ အပါအဝင် မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အခင်းအကျင်းတွေနဲ့ ပတ်သက်လို့ ကချင်ပြည်သူလူထုနဲ့ တိုက်ရိုက် တွေ့ဆုံဆွေးနွေးနေပါတယ်။ ကချင်ပြည်နယ်ခရီးစဉ်တွင်း ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်သူလူထုနဲ့တွေ့ဆုံမှုအပေါ် ကြိုဆိုပေမဲ့၂၀၁၅ ရွေးကောက်ပွဲအတွင်း ပါတီကြီးတွေအနေနဲ့ ဒေသခံ တိုင်းရင်းသားပါတီတွေကို ဦးစားပေးစေချင်ပါတယ်လို့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီက ပြောပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် တိုင်းရင်းဒေသတွေဆီ ခရီးဆက်နေတဲ့ NLD ပါတီရဲ့ ပါတီစည်းရုံးရေးခရီးစဉ် နောက်ဆုံးရသတင်းကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ရွေးကောက်ပွဲကျင်းပဖို့ အချိန်ကာလ နီးကပ်လာချိန်မှာပဲ တိုင်းရင်းဒေသတွေဖြစ်တဲ့ ပြည်နယ်နဲ့ တိုင်းတွေကို ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် သွားရောက်နေခဲ့ရာက ဒီကနေ့ မေလ ၂၃ရက်နေ့ စနေနေ့မှာတော့ ကချင်ပြည်နယ်ကို ရောက်ရှိလာခဲ့ပါတယ်။ ကချင်ပြည်နယ် ပူတာအိုခရိုင် ပူတာအိုမြို့ကို စနေ မနက်ပိုင်းက ရောက်ရှိခဲ့ပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံကချင်ပြည်သူလူထုက တိုင်းရင်းရိုးရာဝတ်စုံပြည့်တွေ ဝတ်ဆင်ပြီး သူမ ဆိုက်ရောက်လာရာလေဆိပ်ကနေစလို့ မြို့အဝင်လမ်း တလျောက် သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။

ပါတီရဲ့စည်းရုံးရေးခရီးစဉ်လည်းဖြစ်သလို လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းတွေကို ပါတီအနေနဲ့ ပြည်သူတွေသိရှိအောင် ရှင်းလင်းပြဖို့ဖြစ် ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်နဲ့ပတ်သက်ပြီး အဖွဲ့ချုပ်ပြောခွင့်ရ ဦးဉာဏ်ဝင်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကျနော်သိတာကတော့ အဲဒီဒေသကလူတွေက အန်တီ အဲဒီကိုတခါမှ မရောက်ဖူးလို့ ပြီးခဲ့တဲ့နှစ်ပတ်လောက်က ဖိတ်ပါတယ်။ ပါတီ စည်းရုံးရေးလို့ ပြောရင်ရပါတယ်။ ရွေးကောက်ပွဲအခြေအနေ၊ ပြုပြင်ပြောင်းလဲမှု၊ ဒီမိုကရေစီရရှိမှု ဒါတွေဟာ ဘယ်လို အခြေအနေ၊ အခြေခံဥပဒေက ဘယ်လိုရှိတယ်၊ ဒါမျိုး- အမျိုးစုံ၊ ကျနော်တို့၊ ဒီလို ခရီးစဉ်မျိုး ပြည်သူလူထုကို ရှင်းပြရတာပေါ့ဗျာ။”

အခုလို ၂၀၁၅ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်တွင်း ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် ကချင်ပြည်သူလူထုနဲ့ တိုက်ရိုက် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်တဲ့အပေါ် ကချင်ခေါင်းဆောင်တယောက်အနေနဲ့ ကြိုဆိုပါတယ်လို့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောပါတယ်။

“ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုနဲ့တွေ့တယ်ဆိုတာတော့ ရွေးကောက်ပွဲလည်း နီးကပ်လာပြီဆိုတော့ ရွေးကောက်ပွဲ မဲအောင်နိုင်ရေး ခရီးစဉ်ဆိုတော့ အထိုက်အလျှောက်တော့ အကျိုးရှိမှာပါ။ အောင်မြင်မှာပါ။ ကျနော် အဲလိုပဲမြင်ပါတယ်ဗျ။”

ဒါပေမဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပါတီစည်းရုံးရေး ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်ဆောင်နေမှုတွေ အပေါ်မှာတော့ ကချင်ပြည်နယ် အပါအဝင် တိုင်းရင်းဒေသတွေမှာ NLD ပါတီလို ပါတီကြီးအနေနဲ့ တိုင်းရင်းသားပါတီတွေကို ဦးစားပေးသင့်ပါတယ်လို့ ၂၀၁၅ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မှာဖြစ်တဲ့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌက အကြံပြုပါတယ်။

“၂၀၁၅ ရွေးကောက်ပွဲမှာတော့ တိုင်းရင်းသားပြည်နယ်တွေမှာ ပါတီကြီးတွေအနေနဲ့ ဒေသပါတီတွေကို ဦးစားပေးစေချင်တယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် လာမယ့်အချိန်အခါတွေမှာ ကျနော်တို့က ဖက်ဒရယ်ယူနီယံကို ….အချိန်အခါဖြစ်တယ်၊ နောက်ပြီးတော့မှ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူအခွင့်အရေးကို သွားနေတဲ့အချိန်အခါဖြစ်တယ်ပေါ့။ နောင် ရရှိလာမှာပဲဒီအခွင့်အရေးတွေ၊ အဲဒီအခါကျတော့ အခုကစပြီးတော့မှ တိုင်းရင်းသားပြည်နယ်တွေမှာ ပြည်နယ်သူ ပြည်နယ်သားများ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်တဲ့အခွင့်အရေးပေါ့- တိုင်းရင်းသားပါတီတွေအနေနဲ့၊ ဒေသပါတီအနေနဲ့ ကိုယ့်ရဲ့ ဒေသသားတွေကို စည်းစည်းလုံးလုံးနဲ့ ဒေသသားတွေ ဦးဆောင်မှုပေးနိုင်တဲ့အနေအထားမျိုး၊ ဒီ ဒေသရဲ့ကံကြမ္မာကို ဖန်တီးပေးနိုင်မယ့် အနေအထားမျိုး အစပြုသင့်တယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့လို့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီကြီးတွေအနေနဲ့ တိုင်းရင်းသားပါတီတွေမှာ လွှမ်းမိုးမှု မရှိဘဲနဲ့ တိုင်းရင်းသားပါတီတွေကို ဦးစားပေးသင့်တယ်လို့ မြင်ပါတယ်။”


ဒေါ်အောင်ဆန်းစုကြည် ပူတာအိုခရီးစဉ်။ (ဓာတ်ပုံ/NLD Chairperson. May 23rd, 2015)
ရွေးကောက်ပွဲအတွင်း တိုင်းရင်းဒေသတွေမှာ တိုင်းရင်းပါတီတွေအပေါ် ဦးစားပေးသင့်ပါတယ်လို့ တိုင်းရင်းသားပါတီတွေဘက်က အကြံပြုချက်အပေါ်မှာတော့ NLD ပြောခွင့်ရဦးညဏ်ဝင်းက အခုလိုတုံ့ပြန်ပါတယ်။

“သူတို့ပြောတာကို တုံ့ပြန်ပြောဆိုခြင်းတော့ အန်ကယ်လ်တို့မလုပ်ပါဘူး။ ဒါပေမယ့်လို့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု တကယ်လုပ်နိုင်ဖို့က တကယ် အင်အားကြီးတဲ့ပါတီရှိဖို့လိုပါတယ်။ အဲဒီတော့ လက်ရှိအားဖြင့်တော့ အင်အားကြီးပါတီဖြစ်နိုင်တာလည်း အဖွဲ့ချုပ်ပဲဖြစ်တဲ့အတွက် ကျနော်တို့ကတော့ အင်အားကြီးမှ ပြုပြင်ပြောင်းလဲမှုကို ကိုယ်တိုင်ဆောင်ရွက်နိုင်ဖို့ အခွင့်အရေးကို မျှော်နေပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ် စည်းရုံးရေးခရီးစဉ်အတွင်း ပူတာအိုမြို့မှာ ဒေသခံပြည်သူလူထုနဲ့ တွေ့ဆုံပွဲကို နေ့လည်ပိုင်းမှာ ကျင်းပပြီး ညနေပိုင်းမှာတော့ ပူတာအိုဒေသခံ လီဆူး၊ ရဝမ်၊ ကချင်စတဲ့ ဒေသခံ တိုင်းရင်းသားအဖွဲ့အစည်းခေါင်းဆောင်တွေ၊ ခရစ်ယာန်အသင်းတော်အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

လှေစီးပြေး အကြောင်းရင်းကို ဖြေရှင်းဖို့ ကုလအတွင်းရေးမှူး တိုက်တွန်း


အင်ဒိုနီးရှားနိုင်ငံကို မကြာခင်က လှေစီးရောက်လာသူတွေထဲက အမျိုးသမီးတဦး မလေးရှားက မိခင်ဖြစ်သူကို ဖုန်းနဲ့ဆက်သွယ်စကားပြောနေစဉ်။ (မေ ၂၂၊ ၂၀၁၅)
မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ Bangladesh နိုင်ငံကနိုင်ငံပြောင်း အခြေချဖို့ ကြိုးစားသူတွေ ဘာကြောင့် သူတို့နိုင်ငံတွေကနေ ထွက်လာရသလဲဆိုတဲ့ အကြောင်းရင်း ဇစ်မြစ်ကို ဖြေရှင်းဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားခဲ့ပါတယ်။

ဒီကိစ္စဟာ ဒေသတွင်းမှာ လက်ရှိဖြစ်နေတဲ့ ကိစ္စတခုဖြစ်နေတာကြောင့် ဘာကြောင့် ခုလို သူတို့နိုင်ငံတွေကနေ လူတွေ ထွက်လာရသလဲဆိုတဲ့ အကြောင်းရင်းကို ပြတ်ပြတ်သားသား ဖြေရှင်းသင့်ပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီကနေ့ Vietnam နိုင်ငံရောက်နေစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ မြန်မာ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံခေါင်းဆောင်တွေအပြင် တခြားဒေသတွင်းတာဝန်ရှိသူတွေကို ဆက်သွယ်ပြီး ပင်လယ်ထဲမှာ မြောနေနိုင်မဲ့ လှေစီးဒုက္ခသည်တွေကို ကယ်တင်ဖို့နဲ့ လူသားချင်းစာနာပြီး လိုအပ်တဲ့ အကူအညီတွေ အရင်ပေးဖို့ တိုက်တွန်းခဲ့သလို နေရာပြန်လည်ချထားရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့လည်း ဟနွိုင်းမြို့တော်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောကြားခဲ့ပါတယ်။

ခုလို လှေစီးဒုက္ခသည်တွေ ရှိနေရတဲ့ ပြဿနာအရင်းအမြစ်ကို ဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံကို ၂ ရက်ကြာလာသွားတဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Antony Blinken ကလည်း အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ တိုက်တွန်းခဲ့ပါတယ်။

ထိုင်းနိုင်ငံကို ဖြတ်ပြီး မလေးရှားနိုင်ငံဘက်ကို လူတွေ ခိုးသွင်းနေတဲ့ လူမှောင်ခိုဂိုဏ်းတွေကို ထိုင်းနိုင်ငံက စတင်နှိမ်နှင်းလာပြီးနောက်မှာ တရားမဝင် နိုင်ငံထဲဝင်ဖို့ ကြိုးစားသူထောင်ပေါင်းများစွာနဲ့ စက်လှေတွေကို လူမှောင်ခိုတွေက ပင်လယ်ထဲမှာ ပစ်ထားခဲ့ကြတာဖြစ်ပါတယ်။

မေလလယ်လောက်ကစပြီး မလေးရှား အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံကမ်းခြေတွေဆီ ရောက်လာကြတဲ့ လှေစီးဒုက္ခသည် ၃ ထောင်ကျော်လောက်ရှိပါတယ်။ အဲဒီထဲက ထက်ဝက်လောက်ဟာ မြန်မာနိုင်ငံကလို့ဆိုတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေဖြစ်ကြပြီး ကျန်တဲ့ ထက်ဝက်လောက်ကတော့ Bangladesh နိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေဖြစ်ကြပါတယ်။ နောက်ထပ် ၃ ထောင်ကျော်လောက်လည်း ပင်လယ်ထဲမှာ ရှိနေနိုင်သေးတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက ခန့်မှန်းထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

လှေစီးဒုက္ခသည်များကို ကုလကိုယ်စားလှယ် သွားရောက်တွေ့ဆုံ




ဗီဂျေနမ်ဘီးယား
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ နိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားနဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ်၊ မောင်တောမြို့အနီး မြန်မာ့ပင်လယ်ပြင်က ဖမ်းဆီး ကယ်တင်ထားတဲ့ လှေစီးဒုက္ခသည်တွေကို ဒီနေ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

အလယ်သံကျော်ကျေးရွာ ယာယီစခန်းမှာ ထိမ်းသိမ်းစောင့်ရှောက်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၀ ကျော်ကို ကုလအထူးသံ၊ ပြည်နယ်ဝန်ကြီးချုပ်တို့အဖွဲ့ သွားရောက်တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး ဒုကသည်တွေက သူတို့နိုင်ငံ ပြန်လိုကြောင်းဆန္ဒပြုတဲ့အတွက် ပြန်ပို့ပေးမယ့်အကြောင်း ပြောဆိုခဲ့ကြတာ တွေ့ရတယ်လို့ ခရီးမှာ လိုက်ပါသွားတဲ့ သတင်းထောက်တယောက်က ပြောပါတယ်။

“ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်ပြောတာက သူတို့တွေအားလုံးကို စခန်းဖွင့်ပြီး လက်ခံထားပေးမှာ မဟုတ်ပါဘူးတဲ့၊ ဟိုဘက်အစိုးရနဲ့ ဆက်သွယ်ပြီး ပြန်ပို့သွားပေးမှာပါပေါ့၊ ဒုက္ခသည်တွေကလည်း သူတို့ အိမ်ပြန်ချင်တယ်ပဲ ပြောတာပါ၊ နမ်ဘီးယားကို ပြောတာ၊ သူတို့ကို အိမ်ပြန်ပို့ပေးပါ၊ သူကလည်း ပြန်ပို့ပေးမယ်ပဲ ပြောပါတယ်။”

လှေစီးဒုက္ခသည် ၂၀၀ ကျော်အနက် ၈ ယောက်က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကလို့ သိရပြီး သူတို့ကို နိုင်ငံသား ဟုတ် မဟုတ် စိစစ်နေတယ်လို့ ပြောပါတယ်။

အခု ယာယီစခန်းထဲရောက်နေတဲ့ လှေစီးဒုက္ခသည်တွေဟာ ပင်လယ်ပြင်ထဲ ရက်ပေါင်း ၁၀၀ ကျော် မျောပါနေခဲ့ကြတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ပြန်လှည့်လာတုန်း အဖမ်းအဆီးရှိလို့ မြန်မာရေပိုင်နက်ထဲအရောက် အဖမ်းခံခဲ့ကြတာ ဖြစ်ပါတယ်။

လှေစီးဒုက္ခသည်တွေ ပြောဆိုချက်အရ သူတို့အားလုံး လူကုန်ကူးခံခဲ့ကြရတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေချည်းဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ ပြောဆိုတဲ့စကားနဲ့ ဒေသခံဘင်္ဂလီတွေပြောတဲ့စကား မတူလို့ ကုလအဖွဲ့သွားရောက်ရာမှာ စကားပြန်အတော်ရှာယူခဲ့ရတယ်လို့လည်း သိရပါတယ်။

အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားက မြန်မာအစိုးရအနေနဲ့ လှေစီးဒုက္ခသည်တွေကို လူသားချင်းစာနာမှုနဲ့ အခုလို ကယ်ဆယ်စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောသွားတယ်လို့လည်း ခရီးမှာလိုက်ပါသွားတဲ့ သတင်းထောက်က ပြောပါတယ်။

ကပ္ပလီပင်လယ်ပြင်အတွင်း လှေစီးဒုက္ခသည်တွေ ထောင်နဲ့ချီ သောင်တင်နေကြတယ်ဆိုတဲ့
 ဒေသတွင်းသတင်းတွေ ထွက်ပေါ်နေချိန်အတွင်း မေ ၂၁ ရက်က မြန်မာ့ပင်လယ်ပြင်မှာ လှေစီးဒုက္ခသည်တစီး ပထမဆုံးဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)

အမှားကို ၀န်ချတောင်းပန်ရန် ၀န်လေးနေတတ်သူများအတွက် (သို့မဟုတ်) တပ်မတော်အစိုးရ လက်ထက် ကြံ့ခိုင်ရေး ၀ါရင်းတုတ်တပ်ဖွဲ့ဝင်တစ်ဦးမှ NLD နာယက သူရဦးတင်ဦးကို ၀န်ချတောင်းပန်ခြင်း – တာမွေအောင်ကို


  နေပြည်တော် ပုဗ္ဗသီရိမြို့နယ် စံချိန်ဟိုတယ်၌ မေလ ၁၂ ရက်နေ့တွင် တပ်မတော်အစိုးရလက်ထက် ကြံ့ခိုင်ရေး ၀ါးရင်းတုတ်တပ်ဖွဲ့ဝင်တစ်ဦးမှ NLD နာယက သူရဦးတင်ဦး ကို ယခင်က အမှားကို ၀န်ချတောင်းပန်နေစဉ် (ဓာတ်ပုံ-ဆန်းဝင်းထွန်း)
“အေး ဟိုတုန်းက အဘတို့ စာဖတ်ဝိုင်းတွေ မြို့နယ်တွေမှာဖွင့်ဖို့ လမ်းကြောင်းတွေ ဆင်းတဲ့ အခါ ဒေါ်စုကြည်နဲ့ အဘနဲ့ စီးတဲ့ ကားတွေကို ၀ါးရင်းတုတ်အဖွဲ့ ကြံ့ခိုင်ရေးတွေက ပိတ်ဆို့နှောင့်ယှက် ဖျက်ဆီးခဲ့ကြတယ်။ ကံကောင်းလို့ပေါ့။ ကားတော့ နည်းနည်း ထိသွားတယ်။ အဲဒါတွေ ကြုံတွေ့ခဲ့ကြတယ်။ အဘတို့ကတော့ အရေးယူပေးဖို့ ပြောပါသေးတယ်။ ဘာမှအရေးမယူပေးခဲ့ကြဘူး။ အဘတို့ကတော့ အခုထိ ခွင့်လွှတ် သည်းခံခဲ့ကြရတယ် . . .” သူရဦးတင်ဦး

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

““ကားတွေ ထွက်လာကြပြီဟေ့၊ အားလုံးသတိ””ဟု ခေါင်းဆောင်လုပ်သူ၏ အမိန့်ပေး အော်ဟစ်သံကြောင့် ကျွန်တော်တို့အားလုံး သတိအနေအထားနှင့် ငြိမ်သက်လျက် ရှိနေကြသည်။ ၁၉၉၈ ခုနှစ် ၀န်းကျင် ကာလ လောက်ကဖြစ် မည်။ ကျွန်တော်တို့ ၀ါးရင်းတုတ်အဖွဲ့တွေ ချင်းချောင်း တရုတ်ဘုရား ကျောင်း ၀င်းထဲမှာ စခန်းချ နေရာယူ ထားခဲ့ကြသည်မှာ ၂ ရက်၊ ၃ ရက်ခန့် ရှိပြီဖြစ်သည်။ ဒေါ်စုကြည်နေအိမ် တက္ကသိုလ်ရိပ်သာလမ်းမှ ထွက်လာသော ကားတန်းကြီးက တဖြည်းဖြည်း နီးကပ်လာချေပြီ။ လက်၌ကိုင်ထားကြသော ၀ါးရင်းတုတ်များ ကိုယ်စီ အသင့်အနေအထားဖြင့် ကမ္ဘာအေး ဘုရားလမ်းနေအိမ်များရှိ ခြံဝများတွင် ၀ပ်နေကြရသည်။ တဖြည်းဖြည်း လာချေပြီလေ။ နီးသည်ထက် နီးကပ်လာပြီ။…

ပထမဆုံး ရှေ့မှထွက်လာသည့် မာဇဒါဆီဒင်အပြာ နုရောင်ကား ကို ရှေ့မှတားဆီး၍ လက်ထဲကိုင်ထားသော ၀ါးရင်းတုတ် ကိုယ်စီဖြင့် ၀ိုင်းသမ ကြလေတော့သည်။ တစ်ခဏအတွင်းမှာပင် မာဇဒါဆီဒင် အပြာနုရောင်ကားလေးခမျာ စိစိညက်ညက် ကြေမွသွားလေသည်။ အနီးရှိ ထောက်လှမ်းရေး တာဝန်ရှိသူများက ““ဟာ သွားပါပြီဗျာ၊ မှားကုန်ပြီဗျ။ အဲဒီကားက ငါတို့ဆီက လုံခြုံရေး သတင်းကား။ ပစ်မှတ်က နောက်ကကား”” ဟု မျက်စိပျက်၊ မျက်နှာပျက်နှင့် ပြော ဆိုနေတော့သည်။ မှားပြီး ၀ါးရင်းတုတ်အဖွဲ့၏ လက်သံ ပြောင်မြောက်စွာ အရိုက်ခံလိုက်ရသည့် ဆီဒင်ကားလေးခမျာ လေးဖက်လေး တန် ပြတင်းပေါက်မှန်များ အားလုံးကွဲကြေ၍ တွန့်လိမ် ပိန်ချိုင့်စွာဖြင့် မောင်းထွက်သွားပြီး ပစ်မှတ်ကားက နောက်က ကားဟု မကြားတကြား ပြောလိုက်သည့် အသံကြောင့် စွမ်းအားရှင် လူစွမ်းကောင်းများ စမ်းတ၀ါးဝါးနှင့် ထပ်မံ၍ ၀ိုင်းဝန်း ရိုက်နှက်ကြရာ ဒေါ်စုကြည်နှင့် ဦးတင်ဦးတို့ ပါလာသည်ထင်သည့် အဖြူရောင်ကားလေး အမြန်မောင်း ထွက်လာရာ နောက်သို့ ပြေးလိုက် ရိုက်လိုက်နှင့် ၀ါးရင်းတုတ်များဖြင့် ပစ်ပေါက်သူကပေါက်၊ မျက်စိထဲ အခုထိ မြင်ယောင်နေမိသည်။

အဲဒီအချိန်က မိမိတို့သည် ဒေါ်စုကြည်၊ ဦးတင်ဦးနှင့် NLD ပါတီကို အမုန်းကြီး မုန်းနေခဲ့မိ တာကတော့ အမှန်ပင်ဖြစ်သည်။ NLD ဆန့်ကျင်ရေး ၀ါဒဖြန့် လုပ်ငန်းစဉ်များ ခေါင်းထဲရိုက်သွင်း ခံခဲ့ကြရ လေ သည်။ ဒေါ်စုကြည်သည် ကုလားမ၊ ဦးတင်ဦးသည် လူဆိုးဓားပြကြီးဟု ထင်မြင်နေမိသည်။ ကြံ့ခိုင်ရေး အသင်းကြီး သည် လူမှုရေးအသင်းကြီးဟု ဆိုထားခဲ့သော်လည်း အခုလို သဲထိတ်ရင်ဖို ဇာတ်လမ်းဆန်ဆန် ကြမ်းတမ်းသည့် လုပ်ငန်းစဉ်များလည်း ကိုယ်တိုင် လုပ်ဆောင်ခဲ့ကြရလေသည်။ ကြံ့ခိုင်ရေး အမည်ဖျောက် ပြည်သူအသွင်ရောက် သဘောဖြင့် စွမ်းအားရှင်ဟုလည်း ခေါ်ဝေါ်ခဲ့ကြသည်။ အများအမြင်မှာကတော့ ၀ါးရင်းတုတ် တပ်ဖွဲ့ဟု အမည်ကမ္ပည်း တပ်ပေးခဲ့ကြသည်။ ဒီလို ဖြစ်ပျက် ကြုံတွေ့ခဲ့ရသည်များကို ပြန်လည် နှိုးဆွ သတိတရ ဖော်ထုတ်ရေးသားရခြင်း အကြောင်းက ဖန်လာခဲ့သည်။

မိမိတို့မြန်မာသံတော်ဆင့် သတင်း ဂျာနယ်အား အများပြည်သူ သိကြသည့်အတိုင်း သမ္မတနှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟု ဆိုကာ အယ်ဒီတာချုပ်နှင့် ဖြန့်ချိရေး ၀န်ထမ်းအထိ ၁၁ ဦးကို တရားစွဲဆိုထားသည့် ၁၄ ကြိမ်မြောက် ရုံးချိန်း တွင် ၊ NLD နာယကကြီး သူရဦးတင်ဦးက အမှန်တရားအတွက် တရားပြိုင်ဘက် မှ နေပြည်တော် ပုဗ္ဗသီရိ တရားရုံးသို့ သက်သေလိုက်လံ ထွက်ဆိုပေးခဲ့ခြင်းဖြစ်သည်။ အဘသူရဦးတင်ဦး အား မြန်မာသံတော်ဆင့် အမှုဆောင် အရာရှိချုပ်နှင့် စီမံခန့်ခွဲရေး အဖွဲ့ဝင်များက နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ မေ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက် ကြိုဆိုခဲ့ကြကာ ခေတ္တတည်းခိုမည့် ဟိုတယ်သို့ ကြိုပို့ဆောင်ခဲ့ကြသည်။ အဘသူရ ဦးတင်ဦးအတွက် သီးသန့် ရွေးချယ်ထားသည့် အခန်းတွင် ပုဗ္ဗသီရိမြို့နယ် တရားရုံးသို့ မသွားရောက်မီ အချိန်တိုကာလ အတွင်း ခေတ္တနားနေစေခဲ့သည်။ အဘခေတ္တ နားနေသည့် အခန်းတွင် မြန်မာသံတော်ဆင့် အဖွဲ့သားများနှင့် နှုတ်ဆက် မိတ်ဆက်စကားပြော ဖြစ်ခဲ့ကြသည်။

အမှုဆောင်အရာရှိ ချုပ်က မိမိတို့ တရားစွဲခံထားရသည့် မြန်မာသံတော်ဆင့် အဖွဲ့သား ၁၁ ဦးနှင့် မိတ်ဆက် ပေးခဲ့သည်။ ထိုသို့ မိတ်ဆက်ပေးခဲ့ရာတွင် အမှုဆောင်အရာရှိချုပ်က““အဘ ဒါတာမွေအောင်ကိုလေ အဘ။ အရင်ကြံ့ခိုင်ရေး ၀ါးရင်းတုတ် တပ်ဖွဲ့မှာ ပါခဲ့တဲ့သူပါ။ ကိုယ်တွေ့ကြုံခဲ့ရတဲ့ အကြောင်းတွေ ရေးနေတဲ့သူပါ””၊ အဘသူရ ဦးတင်ဦးက““အေးဟိုတုန်းက အဘတို့ စာဖတ်ဝိုင်းတွေ မြို့နယ်တွေမှာဖွင့်ဖို့ လမ်းကြောင်းတွေ ဆင်းတဲ့အခါ ဒေါ်စုကြည်နဲ့ အဘနဲ့စီးတဲ့ ကားတွေကို ၀ါးရင်းတုတ်အဖွဲ့ ကြံ့ခိုင်ရေးတွေက ပိတ်ဆို့နှောင့်ယှက် ဖျက်ဆီး ခဲ့ကြတယ်။ အဲဒီအခါ ငါတို့ကားနဲ့ ထောက်လှမ်းရေး လုံခြုံရေးကားမှားပြီး ၀ိုင်းရိုက်ကြတာ အဲဒီ လုံခြုံရေးကား စိစိညက်ညက်ကို ကြေသွားတာပဲ။ ဘယ်လိုမှားပြီး ရိုက်မိကြလဲမသိဘူး။ အဘတို့ရဲ့ကားက နောက်ရောက်သွား တဲ့အခါ ကားမှားပြီး ရိုက်ကြတာ။

နောက်တော့ သူတို့ကားမှားပြီး ရိုက်ခဲ့မိကြတာသိရော အဘနဲ့ ဒေါ်စုကြည် စီးလာတဲ့ကားကိုပါ ထပ်ရိုက်ကြတာ။ ကံကောင်းလို့ပေါ့။ ကားတော့ နည်းနည်းထိသွားတယ်။ အဲဒါတွေ ကြုံတွေ့ခဲ့ကြတယ်။ အဘတို့ကတော့ အရေးယူပေးဖို့ ပြောပါသေးတယ်။ ဘာမှ အရေးမယူပေးခဲ့ကြဘူး။ အဘတို့ကတော့ အခုထိ ခွင့်လွှတ် သည်းခံခဲ့ကြရတယ်။ သဘောထား ကြီးခဲ့ကြရတယ်””။ အဘ သူရဦးတင်ဦးက အဲဒီလိုပွင့်လင်းစွာ ဖြစ်ပျက်ခဲ့ သည်များကို မိမိတို့ရှေ့မှာ ပြောချလိုက်တော့ အဲဒီအချိန်က ကြံ့ခိုင်ရေး ၀ါးရင်းတုတ် တပ်ဖွဲ့တွင် ကိုယ်တိုင် ပါဝင်ခဲ့သည့်သူ မိမိအနေဖြင့် အဘဦးတင်ဦး၏ရှေ့မှာ မတ်တတ် ရပ်နေနိုင်စွမ်းမရှိတော့ဘဲ အတွေးထဲ ၀င်လာခဲ့သည်က အဘကို ယခုကြုံကြိုက်သည့် အချိန်အခါတွင် ကိုယ်တိုင် ကိုယ်ကျ တောင်းပန်စကား ဆိုမှ ဖြစ်ပေတော့မည်ဟု ရှက်စိတ် စိုးရွံ့စိတ်များဖယ်၍ ဆုံးဖြတ်ချက် ချလိုက် မိတော့သည်။

ကျွန်တော် တောင်းပန်မှဖြစ်တော့မည် ဆုံးဖြတ်၍ မိမိက အဘဦးတင်ဦး ရှေ့နားတိုးကာ လက်အုပ်ချီ၍ ““အဘ ကျွန်တော် အဘအပေါ် ကာယကံ၊ ၀စီကံ၊ မနောကံတို့နဲ့ ပြစ်မှားခဲ့ မိတာတွေ ခွင့်လွှတ်ပေးပါ””ဟု တုန်ရင်သော အသံဖြင့် လက်အုပ်ချီတောင်းပန်စကား ဆိုလိုက်မိတော့သည်။ အဘဦးတင်ဦးက အံ့သြသည့် မျက်လုံးများဖြင့် ကြည့်လျက် အမှုဆောင်အရာရှိချုပ်က ““အဘခုနပြောတဲ့ ၀ါးရင်းတုတ်တွေနဲ့ ကြံ့ခိုင်ရေးတွေ အဘတို့ကားကို ၀ိုင်းရိုက်ခဲ့တဲ့အထဲမှာ အဲဒီတာမွေအောင်ကိုကြီးလည်း ပါခဲ့တယ်အဘ။ အဲဒါအခုအဘက အဲဒါတွေ ပြန်ပြောပြတော့ သူလည်း စိတ်မကောင်းဖြစ်ပြီး အဘကို အခုလို ၀န်ချ တောင်းပန်နေတာပါ””။ ““ဟာ … ခွင့်လွှတ်တာပေါ့ကွာ။ ခွင့်လွှတ်ပါတယ်””ဟု ပြုံးရွှင်စွာဖြင့် ခွင့်လွှတ် စကား အဘပါးစပ်က ထွက်လာသည့်အခါမှ ပြုံးပျော်နိုင်ခဲ့ လေတော့ သည်။

အစဟိုးအရင်တုန်းက အဘတို့ကို လူဆိုးလူမိုက်ကြီးတွေလို့ ကျွန်တော်တို့က ထင်မြင်ယူဆခဲ့မိတာတွေဟာ အခု အဘနှင့် ကိုယ်တွေ့ကြုံဆုံ ခွင့်ရရှိခဲ့သောအခါမှ ထင်မြင်ချက်တွေဟာ တလွဲစီဖြစ်နေတာကိုသိခဲ့ ရပါသည်။ အဘ ဒီလို ခွင့်လွှတ်စကား ကြားရတာ ကျွန်တော့် စိတ်ထဲ တင်ကျန်နေတဲ့ အကြွေးတစ်ခု ဆပ်လိုက်ရသလို ရင်ထဲခံစား ပေါ့ပါးစေခဲ့ပါတယ် ဟု တွေးနေခဲ့မိသည်။ အဘခုနက ပြောခဲ့တဲ့ အဘတို့ကားနဲ့ လုံခြုံရေးကားမှားပြီး ရိုက်ခဲ့မိတဲ့ အဖြစ်အပျက်ဟာ ကျွန်တော်တို့ လုပ်ဆောင်ခဲ့ကြရတဲ့ ဖြစ်စဉ်နဲ့ တစ်ထပ်တည်း ဖြစ်ပျက်ခဲ့တဲ့ အတိတ်က ဇာတ်လမ်း တစ်ပုဒ်ပါ အဘ။ အဲဒီအချိန်အခါက ကြံ့ခိုင်ရေး အသင်းဝင်များဟာ တော်လှန်ရေးတစ်ရပ် ဆင်နွှဲနေကြရသည်ဟု ထင်မြင် ခဲ့ရပါသည်။ နိုင်ငံရေးနှင့် လူမှုရေးရောယှက်ကာ လုပ်ဆောင်ခဲ့ကြရသည့် မြေစာ ပင် လက်ကိုင်တုတ်တွေ ဖြစ်မှန်း မသိ ဖြစ်ခဲ့ကြရသည်။

မိမိတို့ကိုယ်၌ကလည်း လူစွမ်းကောင်းကြီးတွေလို ထင်မြင်နေခဲ့သည်။ အဘ ဦးတင်ဦး ပြောခဲ့သည့် အဖြစ်အပျက်များသည် အမှန်တကယ် ဖြစ်ပျက်ခဲ့တာဖြစ်ပြီး အဲဒီအချိန်က မိမိတို့ တစ်တွေ ၀ါးရင်းတုတ်တွေကို ဆာလာအိတ်တွေထဲထည့်၊ တစ်မြို့နယ်လျှင် အယောက် ၂၀၊ ဒိုင်နာကားများဖြင့် ချင်းချောင်း ရိပ်သာဝင်းထဲ အသင့်အနေအထားဖြင့် တပ်စွဲခဲ့ကြရခြင်းဖြစ်သည်။ တချို့မြို့နယ်များဆိုလျှင် လောက်လေးခွ၊ ဂျင်ဂလိများပင် ယူဆောင်လာခဲ့ကြတာကို တွေ့ခဲ့ကြရသည်။ အမိန့်တစ်စုံတစ်ရာ မရမချင်း အပြင်ကို မထွက်ရ၊ ညမှောင်ရီပျိုး ချိန်ကျမှ လူမသိအောင် တိတ်ဆိတ်စွာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အိမ်ပြန်ခဲ့ကြရသည်။ အခုတော့ အဘဦးတင်ဦးနှင့် ဆုံတွေ့ခိုက် ကိုယ်တိုင်ကိုယ်ကျ အမှားကို ၀န်ချတောင်းပန် လိုက်ရသဖြင့် စိတ်ထဲ ပေါ့ပါးလန်းဆန်း လျက် ကျေနပ် ယူနေမိသည်။

NLD နာယက အဘသူရဦးတင်ဦးကို ကြံ့ခိုင်ရေး ၀ါးရင်းတုတ် တပ်ဖွဲ့တွင် ပါဝင်ခဲ့ဘူးသူ တာမွေအောင်ကို က တောင်းပန်စကားဆိုလို့ အဘဦးတင်ဦးက ခွင့်လွှတ်သည့် စကားဆိုလိုက်သည့်အတွက် ၀မ်းသာကြည်နူး ပီတိဖြစ်ခဲ့ရပြီး အထိုက်တန်ဆုံး လုပ်ရပ်တစ်ခုဟု မြန်မာ သံတော်ဆင့် CEO ၏ ဂုဏ်ပြုစကား ပြောကြားခဲ့ခြင်းကို မိမိကိုယ်မိမိ ကျေနပ်နှစ်သက် နေမိသည်။ အခု အဘဦးတင်ဦး၏ ခန္တီသည်းခံခြင်းတရား၏ သဘောတရားကို နားလည်ခဲ့ရသည်။ သည်းခံခြင်းတရားက အများသူငါ၏ မေတ္တာကို ရယူနိုင်ခဲ့ရုံမက ကျွန်တော်တို့လို ဆန့်ကျင်ဘက် ဖြစ်ခဲ့သူများ၏ မေတ္တာကိုပါ သိမ်းပိုက် ရယူနိုင်ခဲ့လေပြီ ဖြစ်သည်။ မိမိအနေဖြင့် ဂါရ၀မင်္ဂလာ ရိုသေထိုက်သူကို ရိုသေရခြင်းနှင့် အမှားကိုသိ၍ အမှန်ကိုမြင် ၀န်ချတောင်းပန်ခြင်း အမှုကို ပြုလုပ်ခဲ့ခြင်း သည် ကောင်းမြတ်သည့် အလုပ်တစ်ခု ဖြစ်သည် ဟု ဆိုလိုက်ချင်ပါသည်။

×××××××× ------- ××××××××
မြန်မာသံတော်ဆင့်သတင်းဌာန

နိုင်ငံတကာချေးငွေ လေလွင့်မှုဖြစ်မှာ လွှတ်တော် အမတ်တွေ စိုးရိမ်

မြန်မာအစိုးရ ဝန်ကြီးဌာန ၄ခုမှ နိုင်ငံတကာကနေ နှစ်ရှည်ချေးငွေရယူဖို့အတွက် ဒီကနေ့ပြည်ထောင်စု လွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့တဲ့ အပေါ်မှာ လွှတ်တော် အမတ်တွေက ဝေဖန်လိုက်ပါတယ်။ အစိုးရသက်တမ်းကုန်ခါနီးမှာ ဒီလိုချေးငွေတွေ ရယူသုံးစွဲတာက နောက် လာမယ့်ရွေးကောက်ပွဲမှာ မဲဆွယ် စည်းရုံး ဖို့အတွက် အသုံးချမှုတွေ ရှိနေနိုင်တယ် လို့လည်း ထောက်ပြပြောဆို မှုတွေရှိပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းက မမေခ က သတင်း ပေးပို့ထားပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ အစိုးရဝန်ကြီးဌာန (၄) ခုက ကိုရီးယား၊ ဂျပန် စတဲ့နိုင်ငံတွေကနေ အမေရိကန် သန်း (၄၀၀) နီးပါး ချေးယူဖို့ လွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့ ပါတယ်။ ချေးယူမယ့် ဝန်ကြီးဌာနတွေ ကတော့ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာန နဲ့ဘဏ္ဍာရေးဝန်ကြီးဌာန တို့ဖြစ်ပါတယ်။ ဒီလိုအမေရိကန် ဒေါ်လာသန်း (၄၀၀) နီးပါး ချေးယူမယ့် အပေါ်မှာ လွှတ်တော် အမတ်အချို့က ခုလိုဝေဖန်ပြောဆို ခဲ့တာပါ။ လွှတ်တော်ကိုတင်ပြလာတဲ့ချေးငွေတွေအပေါ်မှာ လွှတ်တော်အမတ်တွေ ကထောက်ပြမှုတွေလုပ်ခဲ့ပေမယ့် နောက်ဆုံးမှာ မဲခွဲဆုံးဖြတ်မှုကြောင့် လွှတ်တော် အမတ်တွေရဲ့ထောက်ပြချက်တွေက အရာမထင် လာခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးခိုင်မောင် ရည်က ခုလိုပြောပါတယ်။
"ချေးငွေတွေနဲ့ ပါတ်သက်ပြီးတော့မှ အငြင်းအခုန် ဘယ်လောက်ပဲပြောပြော ကိုယ့်ဖက်က ငြင်းပိုင်ခွင့်အင်အားနည်းတယ်ဆိုတာကို ကျနော်တို့က ကောင်းကောင်း သိလာပါတယ်။ ဒါဟာ ဘာလည်းဆိုရင် ကျနော်တို့က အနိုင်ရပါတီ မဟုတ်ဘူး။ နောက်ပြီးတော့ အနိုင်ရ အဖွဲ့အစည်းတစ်ဖွဲ့ မဟုတ်တဲ့ အတွက် ကျနော်တို့ လူနည်းစုကပဲ ထပြီးတော့ ကန့်ကွက်ပြော ဆိုကြရတာ ဖြစ်ပါတယ်"
ချေးငွေရယူတာမှာ နှစ်ရှည်ချေးငွေတွေဖြစ်ပေမယ့် ဒီလိုချေးယူမှုဟာ ပြည်သူ့ဘဏ္ဍာ မှပြန်လည်ပေးဆပ်နေရတာဖြစ်ကြောင်း၊ ချေး ငွေယူလုပ်ဆောင်တာမှာလဲ အလေအလွင့်တွေရှိနိုင်ကြောင်း၊ တရားဥပဒေစိုးမိုးမှု အနိမ့်ဆုံးကာလ၊ အဂတိလိုက်စားမှုမြင့်မားနေ တယ်လို့နိုင်ငံတကာထောက်ပြမှုတွေရှိနေတဲ့ကာလနဲ့ ခုလက်ရှိမြန်မာနိုင်ငံအနေနဲ့ချေးငွေရယူမှုဟာလေလွင့်မှုများ နေကြောင်း ဒီလိုချေးငွေတွေရယူသုံးစွဲတာက နောက် လာ မယ့်ရွေးကောက်ပွဲမှာ မဲဆွယ် စည်းရုံး ဖို့အတွက် အသုံးချမှုတွေ ရှိနေနိုင်တယ်လို့လည်း ပြည်သူတွေ ကထောက်ပြနေကြတယ် လို့လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်မိုး ညိုက အခုလိုပြောပါတယ်။

"ဘယ်တုန်းကမှ လျှပ်စစ်မီး မရနိုင်တဲ့နေရာတွေမှာ လျှပ်စစ်မီးပေးမယ်တို့ ရွာတိုင်းရွာတိုင်း ပိုက်ဆံဘယ်လောက်ချီးမယ်တို့ ဘာတို့ညာတို့ဆိုတာတွေဟာ ဒါတွေကို မဲဆွယ်စည်းရုံးတဲ့နေရာမှာ သုံးနေကြသလားပေါ့နော်။ ဖွံ့ဖြိုးရေးလုပ်တယ် ဒေါ်အောင်ဆန်းစုကြည်ပိုက်ဆံမဟုတ်သလို ဦးသိန်းစိန်တို့ ဦးရွှေမန်းတို့ ပိုက်ဆံလည်းမဟုတ်ဘူး ဒါ နိုင်ငံတော်ရဲ့ ပိုက်ဆံတွေ ပြည်သူလူထုရဲ့ ပိုက်ဆံတွေ ပြည်သူလူထုရဲ့ ဘဏ္ဍာ နဲ့ အခွန်အထုတ်ကရတဲ့ ငွေတွေနဲ့ ကျနော်တို့က အခုလိုမျိုး ဖွံ့ဖြိုးရေးတွေ လုပ်ပေးတာ"

လက်ရှိမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ရန်ကုန်-ဒလ လူကူးကြိုးတံတား အရှည် (၆၀၀၀) ကျော်ရှိတဲ့ တံတားဆောက်လုပ်ရေး အတွက် ကိုရီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း (၁၃၀) ကျော်ချေးယူမှာဖြစ်ပြီး၊ ဒီလိုလုပ်ဆောင်ဖို့ အတွက်လည်း စစ်တမ်း ကောက်ယူထားပြီးကြောင်း၊ တံတားဆောက် လုပ်ဖို့အတွက် ဒလဘက် ကမ်းမှာ ရှိနေတဲ့နေရာ အချို့ကိုဖယ်ရှားမယ် လို့လည်းပြောဆိုလိုက်ပါ တယ်။ ဒီလိုဖယ်ရှားတာမှာလျော်ကြေးငွေပေး သွားမယ်လို့လည်း ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လွင်က ခုလိုပြောပါတယ်။

"စီမံကိန်းနယ်နဲ့ ပါတ်သက်ပြီးတော့ မလွတ်ကင်းတဲ့ အဆောက်အဦးတွေများ အကြမ်းဖျင်း တင်ပြရင် ရန်ကုန်ဖက်ကမ်းမှာ စီမံကိန်းနယ်အတွင်း အဆောက်အဦးများ ထိခိုက်မှုတွေ မရှိပါဘူး။ ဒလဖက်ကမ်းမှာတော့ ဗိုလ်မင်းရောင်လမ်းနဲ့ စီမံကိန်းနယ်မြေအတွင်း အဆောက်အဦးအချို့ စာသင်ကျောင်း ဗုဒ္ဓရုပ်ပွါးတော် လမ်းဘေးဈေးဆိုင်များ ရှိပါတယ်။ အဲဒီတော့ ဒီဟာနဲ့ ပါတ်သတ်ပြီးတော့ အနည်းဆုံးမလွတ်ကင်းတဲ့ ဟာကိုပဲ ကျနော်တို့ဖျက်သိမ်းတာမျိုးနဲ့ ပြန်လည်နေရာချထားတာမျိုး လုပ်မှာဖြစ်ပြီးတော့ ဒီဟာနဲ့ပါတ်သက်တဲ့ နစ်နာကြေးများကိုလည်း ထိုက်သင့်သလို ကော်မတီ အဆင့်ဆင့်ဖွဲ့စည်းပြီးတော့ ပေးသွားမှာဖြစ်ပါတယ်"

လျှပ်စစ်ဝန်ကြီးဌာနက ရန်ကုန်မြို့လျှပ်စစ်ဓါတ်အားဖွံ့ဖြိုးရေး ပြုပြင်ဖို့အတွက် ဂျပန်ကနေ အမေရိကန်ဒေါ်လာသန်း (၆၀) နီးပါးချေး ယူမှာ ဖြစ်ပြီး ရန်ကုန် မြို့ (၁၆) မြို့နယ်မှာ လျှပ်စစ်ဖွံ့ဖြိုးရေးလုပ်ဆောင်မယ်လို့ လျှပ်စစ်ဒုဝန်ကြီး ဦးအောင်သန်းဦးက ဒီကနေ့လွှတ် တော်မှာ ပြောပါတယ်။
ပို့ဆောင်ရေးဝန်ကြီးဌာနကလည်း သီလဝါအထူးစီးပွားရေးဇုံအတွက် ဆိပ်ကမ်း တည်ဆောက်ဖို့ ဂျပန်က နေ အမေရိကန်ဒေါ်လာ သန်း (၁၀၀) ကျော်ချေးမှာပါ။ ဒီဆိပ်ကမ်းကို လာမယ့်ဇွန်လမှာ စတင်ဆောက် လုပ်မှာဖြစ်ပြီး အရင်က လည်း ဆိပ်ကမ်းဆောက်ဖို့ အတွက် ပထမအရစ် အနေနဲ့ အမေရိကန်ဒေါ် လာ သန်း (၈၀) နီးပါးဂျပန် ကနေချေးယူထားတယ်လို့ ပို့ဆောင်ရေးဒုဝန်ကြီးဦးဟန် စိန်ကပြောဆိုလိုက်ပါတယ်။

လက်တလောမှာ ငွေကြေးလည်ပတ်မှုအခက်ခဲကြောင့် မဖွံ့ဖြိုးနိုင်သေးတဲ့ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ချေးငွေ ထုတ်ချေးနိုင်ဖို့အတွက် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ဂျပန်နိုင်ငံကနေ အမေရိကန်ဒေါ်လာ သန်း (၄၀) ကျော်ချေးယူမယ်လို့ လွှတ်တော်မှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဝန်ကြီးဌာန အသီးသီးကချေးငွေတွေရယူတာနဲ့ ပါတ်သတ်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာလင်းအောင် က ချေးငွေတွေရယူတာနဲ့ပါတ်သက်ပြီး ခုလိုပြောပါတယ်။

"ဒီချေးငွေပေးအပ်တဲ့ အဖွဲ့အစည်းများရဲ့ မူဝါဒ ရည်မှန်းချက် စည်းကမ်း သတ်မှတ်ချက်များနဲ့ ကိုက်ညီပြီးတော့မှ ချေးငွေပေးအပ်မယ့် အဖွဲ့အစည်းတွေရဲ့ လိုအပ်ချက် စည်းကမ်းသတ်မှတ်ချက်တွေကို လက်ခံနိုင်မှု ချေးငွေပေးတဲ့ လူတွေကလည်း ချေးငွေရယူတဲ့ အပေါ်မှာ ယုံကြည်မှုတို့ ပြည့်စုံမှသာ ချေးငွေတွေ ရယူနိုင်တာဖြစ်ပါတယ်"

ဒီကနေ့လွှတ်တော်မှာ တင်သွင်းမှုအရ ဝန်ကြီးဌာန (၄) ခုက ချေးယူမယ့် အမေရိကန်ဒေါ်လာ သန်း (၄၀၀) နီးပါးဟာ အတိုးနှုန်း ၀.၀၁ နှုန်းနဲ့ နှစ်ရှည်နှစ် (၄၀) နီးပါးပေးဆပ်ရမယ့် နှစ်ရှည်ချေးငွေတွေဖြစ်ပါတယ်။ ဒီချေးငွေတွေနဲ့ ပတ်သတ်ပြီး ပြည်ထောင်စု လွှတ်တော်မှာ လာမယ့်တနင်္လာနေ့ ၂၅ရက်နေ့မှာ လွှတ်တော်အမတ်တွေ က အသေးစိတ်ဆွေးနွေးကြမှာဖြစ်ပါတယ်။
VOA

လှေစီးပြေး အရေး မြန်မာကို ကန် ဆက်လက် ဖိအားပေး

ဒေသတွင်းမှာ လူကုန်ကူးမှုပြဿနာတွေ ကြီးထွားလာနေ တာကြောင့် မြန်မာအစိုးရ အနေ နဲ့ ရွှေ့ပြောင်း အခြေချနေထိုင်သူတွေနဲ့ လူမှောင်ခိုကူးမှု ပြဿနာကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်း ဖို့ လိုအပ်နေပြီလို့ - အမေရိကန်အစိုးရ က သောကြာနေ့ မှာ ပြောကြား လိုက်ပါတယ်။ လက်ရှိ ဒေသတွင်းနိုင်ငံတွေမှာပါ ဂယက် ရိုက်ခတ်မှုတွေ ဖြစ်စေခဲ့ တဲ့ လှေစီးပြေး ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ၀ိုင်းဝန်းဖြေရှင်းကြ ဖို့ ကုလသမဂ္ဂ အပါ အ၀င် နိုင်ငံ တကာက တိုက် တွန်းပြောဆိုနေချိန်မှာပဲ - ပထမဆုံး အကြိမ် အနေနဲ့ မြန်မာရေ တပ်ကနေ - ဘင်္ဂလား ပင်လယ်အော် အတွင်း က မြန်မာရေပိုင်နက် ထဲမှာ လှေစီးပြေးဒုက္ခသည် ၂၀၀ ကျော် ကို ကယ်တင်လိုက်ပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက ဆက်ပြောပြပေးပါမယ်။
ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို သွားရောက်ကြမယ့် လှေစီးပြေးဒုက္ခသည် ၂၀၈ ယောက်ကို တင်ဆောင်လာတဲ့ စက်လှေ ၂ စင်းကို မနေ့ သောကြာနေ့က ရခိုင်ပြည်နယ် မောင်တောမြို့ အနီးက မြန်မာရေပိုင်နက်အတွင်းမှာ မြန်မာရေတပ်ကကယ်တင်ခဲ့ပြီး လောလောဆယ် သူတို့ကို မောင်တောမြို့တောင်ဘက်မှာရှိတဲ့ ယာယီဒုက္ခသည်စခန်းမှာ အရေးပေါ် အကူအညီတွေကို ပေးအပ်ထားပါတယ်။
အခုလို ပြောင်းရွှေ့အခြေချနေထိုင်မှုတွေ ဖြစ်စေတဲ့ အခြေခံ အကြောင်းရင်းတွေ ကို မြန်မာ အစိုးရအနေနဲ့ ချက်ခြင်း ကိုင်တွယ်ဖြေရှင်းသွားဖို့ အမေရိကန်အစိုးရက ဆက်လက် ဖိအားပေးသွားမယ် ဆိုတဲ့အကြောင်းကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တဦးက အခုလို ပြောဆိုခဲ့ပါတယ်။
 “အမေရိကန် ပြည်ထောင်စု အနေနဲ့ စိုးရိမ်မကင်းဖြစ်နေရတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ အများ သိအောင်ပဲဖြစ်ဖြစ်၊ တိုးတိုး တိတ်တိတ်ပဲ ဖြစ်ဖြစ် မြန်မာ အစိုးရကို တလျှောက်လုံး ပြောဆိုနေ တာ ဖြစ်ပါတယ်။ ရွှေ့ပြောင်းနေထိုင် မှုတွေ ဖြစ်ပွားရတဲ့ အကြောင်းရင်း ဇစ်မြစ်ကို ဖြေရှင်းဖို့ ကတိပြုထားတဲ့အတိုင်း အရေးတကြီးဆောင်ရွက်ဖို့လိုအပ်နေတာတွေ ရခိုင်ပြည်နယ်မှာ နိုင်ငံရေး၊ လူမှုရေးနဲ့လူသားချင်း စာနာရမယ့် ကိစတွေကြောင့် ရိုက်ခတ်လာတဲ့ အခြေအနေတွေကို တိုးတက်အောင်လုပ်ဖို့တွေကိုလည်း အလေးထား ပြောဆိုနေတာပါ။”
ဒါ့အပြင် လူမှောင်ခိုကူးမှုပြဿနာတွေကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ကိုလည်း အမေရိကန်အစိုးရအနေနဲ့ ဆက်ပြီး ဖိအားပေး သွားမှာဖြစ်တဲ့အကြောင်းလည်း သူက အခုလို ပြောကြားခဲ့ပါတယ်။
“ကျနော်တို့အနေနဲ့ လူမှောင်ခိုကူးသူတွေအပေါ် ထိထိရောက်ရောက် အရေးယူသွားဖို့အတွက် မြန်မာအစိုးရကို ဆက်ပြီး ဖိအားပေးသွားမှာပါ။ ရခိုင်ပြည်နယ်က လိုအပ်နေတဲ့သူတွေ လူသားချင်းစာနာမှု အကူအညီတွေကို လွတ်လွတ်လပ်လပ် ခံစားခွင့်ရဖို့၊ ရခိုင်ပြည်နယ်နဲ့ တခြားနေရာတွေမှာ ရှိကြတဲ့ နိုင်ငံမဲ့ဖြစ်နေသူတွေကို နိုင်ငံသားဖြစ်ခွင့်ရအောင် လမ်းဖွင့်ပေးဖို့၊ ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြု လက်ခံဖို့ကိုလည်း မြန်မာအစိုးရကို ထပ်တလဲလဲ တိုက်တွန်းခဲ့ပါတယ်။”
ဒါ့အပြင် မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး အန်သနီ ဘလင်ကန် (Antony Blinken) ကလည်း - အမေရိကန်စင်တာမှာ မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း - လက်ရှိ ဒေသတွင်းနိုင်ငံတွေ ရင်ဆိုင်နေရတဲ့ လှေစီးပြေးဒုက္ခသည်တွေအရေးဟာ ဒေသတွင်းနိုင်ငံတွေအားလုံးနဲ့ သက်ဆိုင်တာကြောင့် - အတူဝိုင်းဝန်းဖြေရှင်းပြီး တာဝန်ခွဲဝေယူကြဖို့ လိုအပ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
အလားတူ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကလည်း - မြန်မာရေပိုင်နက်အတွင်းမှာ လှေစီးပြေးဒုက္ခသည် ၂၀၈ ယောက် ကို မြန်မာအစိုးရက ကယ်တင်ခဲ့တဲ့ကိစ္စအပေါ် ကြိုဆိုခဲ့ပြီး၊ ရခိုင်ပြည်နယ်မှာရှိတဲ့ UNHCR ရုံးအနေနဲ့လည်း ဒီဒုက္ခသည်တွေအတွက် ရေ၊ အစားအစာ၊ ဆေးဝါးနဲ့ လုံခြုံရေးအတွက် လိုအပ်တဲ့ အရေးပေါ်အကူအညီတွေ ပေးအပ်နိုင် ဖို့ မြန်မာ တာဝန်ရှိသူတွေနဲ့ နီးနီးကပ်ကပ် လုပ်ဆောင်နေတဲ့ အကြောင်း ကြေညာချက် မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပင်လယ်ပြင်ထဲမှာ လှေစီးပြေးဒုက္ခသည် ၃၅၀၀ လောက် ရှိနေနိုင်သေးတယ်လို့ UNHCR က ခန့်မှန်းထားပြီး၊ ဒီလူတွေကို မကြာခင် ကျရောက်တော့မယ့် မိုးရာသီမတိုင်ခင် အချိန်မီ ကယ်တင်နိုင်ဖို့ လိုအပ်တယ်လို့လည်း UNHCR ရဲ့ သောကြာနေ့ က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဆီးရီးယားနဲ့ အီရတ်မှာ IS အောင်ပွဲခံနေ


Palmyra ရှေးဟောင်းအမွေအနှစ်မြို့နားအထိ IS အဖွဲ့တွေ ရောက်နေပြီ ဖြစ်ပါတယ်။ (Credit: AFP)

  အီရတ်နိုင်ငံ ​ရာမာဒီမြို့နဲ့ ​ဆီးရီးယားနိုင်ငံက ​ရှေးဟောင်းမြို့ဖြစ်တဲ့ ​Palmyra ​မြို့ကို ​IS ​အဖွဲ့က ​သိမ်းပိုက်လိုက်ပြီ ​ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံက ​ကမ္ဘာ့အမွေအနှစ် ​စာရင်းဝင် ​Palmyra ​မြို့ကို ​IS ​အဖွဲ့က ​သိမ်းပိုက်နေတဲ့ ​ဗီဒီယိုတွေ၊ ​မြို့ခံ ​တချို့ကို ​သတ်ပစ်တဲ့ ​ဗီဒီယိုတွေ ​ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီမြို့က ​လူ ​သုံးပုံ ​တစ်ပုံလောက် ​အချိန်မှီ ​ထွက်ပြေးနိုင်ခဲ့ပါတယ်။

IS ​ရဲ့ ​ရန်ကို ​ကြောက်လို့ ​သယ်ထုတ်လို့ရတဲ့ ​ရှေးဟောင်း ​ပစ္စည်းတွေကို ​သယ်ထုတ်ခဲ့ကြပေမယ့် ​ကြီးမားတဲ့ ​အရာဝတ္တုတွေကို ​မသယ်နိုင်တာကြောင့် ​အဲဒီ ​မြို့ဟောင်းမှာပဲ ​ချန်ခဲ့ရပါတယ်။

Palmyra ​မြို့ကို ​စကြာင်္ဝဠာရဲ့ ​အမွေအနှစ်အဖြစ် ​ကုလသမဂ္ဂက ​သတ်မှတ်ထားတာဖြစ်ပြီး ​ခရစ်တော်မတိုင်ခင် ​ကာလကတည်းက ​မှတ်တမ်းဝင်နေခဲ့တဲ့ ​မြို့လည်း ​ဖြစ်ပါတယ်။

အဲဒီနေရာဟာ ​ရောမလူမျိုးတွေ၊ ​ဂရိတွေနဲ့ ​အာရပ်တွေ ​ဆုံတဲ့နေရာ ​ဖြစ်တာကြောင့် ​ကမ္ဘာရဲ့ ​ဆုံမှတ်အဖြစ် ​အသိအမှတ်ပြုခဲ့ကြပါတယ်။

အစ္စလာမ် ​ဝါဒီ ​မပြန့်ပွားခင်ကတည်းက ​တည်ရှိတဲ့ ​မြို့ဖြစ်ပါတယ်။

အဲဒီမြို့ဟာ ​Damascus ​မြို့၊ ​Homs ​မြို့နဲ့ ​အီရတ်အရှေ့ပိုင်းကို ​ဆက်သွယ်ပေးတဲ့ ​အချက်အချာကြတဲ့မြို့ ​ဖြစ်သလို ​ကမ္ဘာ့အမွေအနှစ်အဖြစ် ​သတ်မှတ်ခံရတဲ့အတွက် ​ကမ္ဘာက ​အကာအကွယ်ပေးရမယ်လို့ ​ရှေးဟောင်းအမွေအနှစ် ​ထိန်းသိမ်းသူတွေက ​ပြောလိုက်တာ ​ဖြစ်ပါတယ်။
ရာမာဒီမြို့ကိုလည်း ​IS ​သိမ်းပိုက်ဆဲ

တဆက်တည်းမှာပဲ ​အီရတ်နိုင်ငံက ​ရာမာဒီမြို့ကိုလည်း ​IS ​အဖွဲ့ရဲ့ ​လက်ထဲကနေ ​ပြန်လည် ​ရယူဖို့ ​အမေရိကန် ​ဦးဆောင်တဲ့ ​ဝေဟင်တပ်တွေ၊ ​အီရတ်တပ်နဲ့ ​ရှီရိုက်လူမျိုး ​စစ်သားတွေ ​ကြိုးစားခဲ့ပေမယ့် ​အောင်မြင်မှု ​မရခဲ့ပါဘူး။

ရာမာဒီမြို့ကို ​ပြန်ရယူနိုင်လိမ့်မယ်လို့ ​အမေရိကန် ​သမ္မတနဲ့ ​နိုင်ငံခြားရေး ​ဝန်ကြီးတို့က ​ယုံကြည်ခဲ့ကြတာပါ။

အခုလို ​အရေးကြီးတဲ့ ​မြို့ ​၂ ​မြို့ကို ​အီရတ်က ​သိမ်းပိုက်နိုင်ပေမယ့် ​အမေရိကန်အနေနဲ့ ​IS ​ကို ​မရှုံးသေးဘူးလို့ ​သမ္မတ ​အိုဘားမားက ​ပြောလိုက်ပါတယ်။

ABC Radio Australia