Pages

Saturday, November 7, 2015

ကြိုတင်မဲပေးမည့် စာအိတ်အတွင်း ဆန္ဒပြုပြီးသား မဲလက်မှတ် တစ်စောင် ပိုပါနေ


Dawei Watch၊ မြိတ်၊ နိုဝင်ဘာ ၆
မြိတ်ခရိုင် မြိတ်မြို့နယ် အလယ်ကျွန်းနယ်မြေတွင် နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွှဲ ၄ နာရီအချိန်ခန့်က ကြိုတင်မဲဆန္ဒပြုရာတွင် မဲစာအိတ်အတွင်း ဆန္ဒပြုပြီးသား မဲလက်မှတ်တစ်စောင် ပိုပါနေကြာင်း ယင်းနယ်မြေ ကော်မရှင်အဖွဲ့ခွဲနှင့် ကြိုတင် မဲဆန္ဒပြု သူများမှ သိရသည်။
“ကိုယ်ဆန္ဒပြုပြီး မဲလက်မှတ်ကို စာအိတ်ထဲထည့်မလို့ လုပ်တော့ စာအိတ်ထဲမှာ ဆန္ဒပြုပြီးသား မဲလက်မှတ် တစ်စောင်ကို လေး ခေါက်ချိုး ခေါက်ထားတာ တွေ့ရတယ်”ဟု ကြောင်ငယ်ရပ်ကွက်နေ ကိုငြိမ်းချမ်းက ပြောသည်။
ယင်းကဲ့သို့ ဆန္ဒပြုပြီးသား မဲလက်မှတ်တစ်စောင်ကို တွေ့ရှိခဲ့သဖြင့် ကြိုတင်မဲကောက်ယူနေသည့် ကော်မရှင်သို့ ပြန်လည် ပြောပြခဲ့ကြောင်း ကိုငြိမ်းချမ်းက ပြောပြသည်။
ကြောင်ငယ်ရပ်ကွက်နေ ကြိုတင်မဲ ဆန္ဒပြုသူ အမျိုးသမီးတစ်ဦးကလည်း ၄င်းဆန္ဒမဲ ထည့်သည့် စာအိတ်အတွင်း ခေါက်ထား သည့် လက်မှတ်တစ်စာင်တွေ့သည်ဟု ပြောသည်။
စာအိတ်အတွင်းမှ တွေ့ရှိရသည့် ဆန္ဒပြုပြီးသား မဲလက်မှတ်တွင် မည့်သည့်ပါတီကို ဆန္ဒပြုထားသည်ကိုမူ ကာယကံရှင် နှစ်ဦးစလုံးက ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိပေ။
“ကြိုတင်မဲ ကောက်ယူထားတဲ့ မဲလက်မှတ်စာအိတ်တွေနဲ့ စာအိတ်အလွတ်နဲ့ မှားသွားတဲ့ သဘောပါ”ဟု အလယ်ကျွန်းနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။
ကြိုတင်မဲကောက်ယူထားသည့် စာအိတ်များ မဲပုံထဲမရောက်ဘဲ အပြင်ရောက်နေခြင်း၊ ကော်ကပ်မထားခြင်းမှာ ကော်မရှင်၏ မရိုးသားမှုကို ပြနေသည်ဟု ကြောင်ငယ်ရပ်ကွက်နေ အသက်(၄၀)ရှိ မဲဆန္ဒရှင်အမျိုးသမီးတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ စာအိတ်အတွင်း ဆန္ဒပြုပြီးသားမဲလက်မှတ်အပိုပါနေသည့်ကိစ္စ၏ ဖြစ်စဉ်ကို မြို့နယ်ကော်မရှင်သို့ အစီရင်ခံစာ ရေးပြီး တင်ပို့ပေးမည်ဖြစ်ကာ မြို့နယ်ကော်မရှင်၏ ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာ ပါတီဝင်များကိုပြန်လည် ပြောကြားပေးမည်ဖြစ် ကြောင်း အလယ်ကျွန်းနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

Dawei Watch

Friday, November 6, 2015

ယခင်စာရင်းပါဖူးပြီး နောက်ဆုံးမဲစာရင်းတွင် မပါသူများ နိုဝင်ဘာ ၇ နေ့အထိ ပြန်လျှောက်နိုင်



Dawei Watch| ထားဝယ်၊ နိုဝင်ဘာ ၆

ပထမအကြိမ်နှင့် ဒုတိယအကြိမ် မဲစာရင်းကပ်ချိန်က ပါဝင်ဖူးပြီး နောက်ဆုံးအကြိမ်မဲစာရင်းတွင် မပါဝင်သူများအနေနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများတွင် လျှောက်ထားနိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိ ဦးထိန်လင်းဦးက ပြောကြားသည်။

ထားဝယ်မြို့နယ်ရှိ နိုဝင်ဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်သည့် နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်းတွင် မဲစာရင်းပါဖူးသူများနှင့် ပြင်ဆင်၊ လျှောက်ထားဖူးသူများပြန်မပါဝင်သည့် ရပ်ကွက်အချို့ရှိနေပြီး ယင်းသို့မပါဝင်သူများ မဲပေးခွင့်မရှိဟု ရပ်ကျေးကော်မရှင်များက ပြောဆိုနေကြသည့်သော်လည်း အထက်ပါရွေးကောက်ပွဲအရာရှိက ရပ်/ကျေးများကော်မရှင်များတွင် လျှောက်နိုင်ကြောင်း ၎င်းကပြောသည်။

“ရပ်ကျေးကို စာနဲ့ လျှောက်ရမယ်။ ရပ်/ကျေးက စစ်ပြီး မြို့နယ်ကို တင်ပြရမယ်။ မြို့နယ်က ခွင့်ပြုရင်ရတယ်” ဟု ဦးထိန်လင်းဦးက ဆိုသည်။

ပထမအကြိမ်နှင့် ဒုတိယအကြိမ်မဲစာရင်းကြေညာစဉ်က ပါခဲ့ဖူးသော်လည်း နောက်ဆုံးအကြိမ်မဲစာရင်းတွင် အိမ်ထောင်စုတစ်ခုလုံး မပါဝင်သည့်အတွက် ရပ်/ကျေးကော်မရှင်သို့ သွားရောက်ပြောဆိုရာ ရပ်/ကျေးကော်မရှင်က မဲပေးခွင့်မရှိတော့ဟု ပြောဆိုပြီး မြို့နယ်ကော်မရှင်သို့ သွားရောက်ပြောဆိုရန် ပြောခဲ့သည်ဟု ထားဝယ်မြို့၊ ၀ဲကျွန်းထိန်သစ်ရပ်ကွက်အုပ်စုက မဲစာရင်းမပါသူ တစ်ဦးက ပြောသည်။

“ခရိုင်ကော်မရှင်ကတော့ ရပ်/ကျေးကို ကိုယ့်ဟာကိုယ်စာရေးပြီးလျှောက်လို့ရတယ်လို့ ပြောတယ်။ ဒီလိုမဲစာရင်းမပါတဲ့သူတွေ တော်တော်များများရှိတယ်” ဟု ၎င်းက ဆိုသည်။

ပထမအကြိမ် နှင့် ဒုတိယအကြိမ်တွင် တစ်ကြိမ်ပါဖူးရုံဖြင့် မဲပေးခွင့်ရှိပြီး နိုဝင်ဘာလ ၇ ရက်နေ့အထိ သက်ဆိုင်ရာရပ်/ကျေးကော်မရှင်တွင် လျှောက်ထားနိုင်သည်ဟု ထားဝယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးလွင်က ပြောသည်။

ပထမအကြိမ်နှင့် ဒုတိယအကြိမ်မဲစာရင်းတွင် မပါဝင်ဖူးသူများနှင့် လျှောက်ထားခြင်းမရှိသူများမှာမူ မဲပေးခွင့်မရှိတော့ကြောင်း တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

မဲဆန္ဒရှင် သက်သေခံ လက်မှတ်များ ဖောင်းပွနေခြင်းနှင့် ပတ်သက်သော ကော်မရှင် ထုတ်ပြန်ချက်၌ မှန်ကန်သော မဲစာရင်း မဖြစ်ခဲ့ခြင်းအတွက် နိုင်ငံရေး ပါတီများကို အပြစ်တင်ခဲ့

 
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာတွင်
 နိုဝင်ဘာ ၂ ရက် နောက်ဆုံးမဲစာရင်း ကြည့်ရှုနေကြသူများ

မဲဆန္ဒရှင် သက်သေခံ လက်မှတ်များ ဖောင်းပွခြင်းနှင့် ပတ်သက်သော ကော်မရှင် ထုတ်ပြန်ချက်၌ မှန်ကန်သော မဲစာရင်း မဖြစ်ခဲ့ခြင်းအတွက် နိုင်ငံရေး ပါတီများကို အပြစ်တင်ခဲ့ကြောင်း သိရှိရပါသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၅ ရက် ညပိုင်းတွင် မဲဆန္ဒရှင် သက်သေခံ လက်မှတ်နှင့် စပ်လျဉ်းသော အသိပေး ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကြေညာချက်၌ ထိုကဲ့သို့ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။
ကော်မရှင်၏ အသိပေး ကြေညာချက် အပိုဒ် ၃ တွင် “အကြိုမဲစာရင်းများအား ပြုစုပြီး မြို့နယ်အလိုက် ခွဲ၍ (၄) ကြိမ် ကပ်ထား ကြေညာခဲ့ပါသည်။ မဲစာရင်း ကပ်ချိန်တွင် မှားနေသော မဲစာရင်းအား ပြစ်တင်ဝေဖန်ပြီး မဲဆန္ဒရှင်များအား မဲစာရင်း မှန်ကန်ရေး ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံရေး ပါတီများမှ ပြောဆိုစည်းရုံးမှု မရှိခဲ့သဖြင့် မှန်ကန်သော မဲစာရင်း ဖြစ်ပေါ်မလာပါ” ဟု ဖော်ပြခဲ့သည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို ရည်ညွှန်းသည်ဟု ယူဆရသော စာပိုဒ်တစ်ခုကိုလည်း ကော်မရှင်က ထည့်သွင်းရေးသားခဲ့သည်။
“၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းအား စက်တင်ဘာ (၇) ရက်မှ (၁၄) ရက်အထိ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်တည်း ကပ်ထား ကြေညာခဲ့သော်လည်း ပါတီကြီးတစ်ခု၏ ဝေဖန် ပြစ်တင်မှုကြောင့် သတ်မှတ်ကာလအတွင်း လာရောက်ကြည့်ရှုသူ နည်းပါးခဲ့ပြီး မဲဆန္ဒရှင်များ အတည်ပြုထားသော မဲစာရင်း အမှန်များ မဖြစ်ပေါ်ခဲ့ပါ” ဟု ကော်မရှင်က ရေးသားခဲ့သည်။
မဲဆန္ဒရှင် သက်သေခံလက်မှတ်များ ဖောင်းပွနေခြင်းမှာလည်း မဲစာရင်းတွင် အမည်စာရင်း ထပ်နေသူများ ပါရှိနေသောကြောင့်ဟု ကော်မရှင်က ဆိုပါသည်။
"ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် အလွယ်တကူ မဲပေးနိုင်ရန် ရည်ရွယ်ပြီး ယခုအခါ မဲဆန္ဒရှင် လက်မှတ်များ ထုတ်ပေးလျက် ရှိပါသည်။ မဲဆန္ဒရှင်များမှလည်း မဲပေးလိုသော ဆန္ဒဖြင့် သက်သေခံ လက်မှတ်များအား လာရောက် ထုတ်ယူလျက် ရှိပါသည်။ မဲဆန္ဒရှင် သက်သေခံလက်မှတ်သည် မဲစာရင်းပေါ်တွင် အခြေခံပြုစု ထုတ်ပေးသဖြင့် မဲစာရင်းတွင် အမည်စာရင်း ထပ်နေသူများ ပါရှိနေသောကြောင့် မဲဆန္ဒရှင် သက်သေခံလက်မှတ်များ ဖောင်းပွလျက်ရှိကြောင်း သိရှိရပါသည်” ဟု ၎င်းတို့က ဆိုပါသည်။
ထိုကဲ့သို့ မဲဆန္ဒရှင် သက်သေခံလက်မှတ် ဖောင်းပွနေသော်လည်း တစ်ကြိမ်ထက် မဲ ပိုမပေးနိုင်စေရန်၊ မဲပေးပြီးချိန်တွင် လက်ချောင်းပေါ်၌ ဖျက်မရသော မင်တို့ရေး ဆောင်ရွက်ထားကြောင်းနှင့် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ (၄၄) အရလည်း တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲ မပေးစေရဟု ပြဋ္ဌာန်းထားသဖြင့် တစ်ကြိမ်ထက်ပိုပြီး မဲပေးလာပါက ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့ပါသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲ ဥပဒေများအရ မဲစာရင်း ပြုစုရန် အဓိက တာဝန်ရှိသူ ဖြစ်သော်လည်း ရွေးကောက်ပွဲ ပြုလုပ်ရန် ရက်ပိုင်းအလိုအထိ မှန်ကန်သော မဲစာရင်း ဖြစ်အောင် လုပ်ဆောင်ပေးနိုင်ခြင်း မရှိကြောင်း တွေ့ရသည်။ ထို့ပြင် လေးကြိမ်အထိ ထုတ်ပြန်ခဲ့သော်လည်း မှန်ကန်သော မဲစာရင်း မဖြစ်ခဲ့ခြင်းနှင့် ပတ်သက်၍လည်း အောက်ခြေအမှား၊ နည်းပညာအမှား၊ မဲစာရင်း လာမစစ်သူများကြောင့်ဟု ဆိုကာ ၎င်းတို့၏ တာဝန်ရှိမှုအပေါ် လွှဲချမှုများ ပြုလုပ်နေရာ၌ ယခု တစ်ကြိမ်တွင် နိုင်ငံရေး ပါတီများအပေါ် လွှဲချခဲ့ခြင်း ဖြစ်ပါသည်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲများတွင် မဲစာရင်းများနှင့် ပတ်သက်၍ ကော်မရှင်ကသာ တာဝန်ယူခဲ့ပြီး မဲစာရင်း ပြဿနာများ ပေါ်ပေါက်ခဲ့ခြင်း မရှိပါ။ ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများကို တတိယအကြိမ် ပြင်ဆင်ခဲ့ပြီး ဥပဒေ ပုဒ်မ (၉) ၌ “ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများသည် သက်ဆိုင်ရာ မဲစာရင်းတွင် မိမိအမည် ပါဝင်ခြင်း ရှိ၊ မရှိကို လာရောက် ကြည့်ရှုရန် တာဝန်ရှိသည်။ မိမိအမည် ပါဝင်ခြင်း မရှိသေးပါက မဲစာရင်းတွင် ထည့်သွင်းပေးရန် တောင်းဆိုလွှာကို ပုံစံ (၃) ဖြင့် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲသို့ တင်သွင်းနိုင်သည်” ဟူသော စာသားကို ဖြည့်စွက်ထည့်သွင်းခဲ့ပါသည်။ ထိုသို့ ထည့်သွင်းခဲ့ပြီးနောက်ပိုင်း မှန်ကန်သော မဲစာရင်း ဖြစ်မလာချိန်တွင် ကော်မရှင်က မဲဆန္ဒရှင် ပြည်သူများအား တာဝန်လွှဲချခဲ့ခြင်း ဖြစ်ပါသည်။
သို့သော် မဲစာရင်းကို သွားရောက် စစ်ဆေးခဲ့ပြီး နောက်ဆုံးအကြိမ် ထုတ်ပြန်ချိန်အထိ မဲစာရင်းတွင် အမည်ပါဝင်ခြင်း မရှိသေးသူများ၊ အကြိမ်ကြိမ် ပြင်ဆင်ခဲ့သော်လည်း နောက်ဆုံး မဲစာရင်း ထုတ်ပြန်ချိန်တွင် မူလအမှားအတိုင်း ဆက်ဖြစ်နေခြင်း၊ သက်ဆိုင်ရာ မဲဆန္ဒနယ်တွင် အမှန်တကယ် နေထိုင်ခြင်း မရှိသော လူပိုများ ပါဝင်နေခြင်း၊ မဲစာရင်း တစ်ခုတည်းမှာပင် အမည်ထပ်ခြင်းများအပြင် လူတစ်ဦးတည်းက မဲရုံတစ်ခုတည်းမှာပင် မဲနံပါတ် သုံးခုဖြင့် သက်သေခံလက်မှတ် သုံးစောင်ရသည်အထိ ဖောင်းပွနေခြင်းများ၊ မဲစာရင်း ထုတ်ပြန်ရာ၌ မဲဆန္ဒရှင်များ မဲစာရင်း၌ အမည်မပါခြင်း၊ မဲစာရင်း ရှာမရခြင်း၊ မူလ မဲစာရင်းနံပါတ် အစီအစဉ် ပျက်ယွင်းခြင်း စသည်တို့ ဖြစ်ခဲ့သော်လည်း ထိုကိစ္စရပ်များနှင့် ပတ်သက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုထားခြင်း မရှိသေးကြောင်း သိရသည်။
Eleven Media Group