Pages

Saturday, January 23, 2016

သတင်းမီဒီယာဆက်သွယ်ရေးအတွက် NLD ဘာလုပ်မလဲ


 ဒေါ်အောင်ဆန်းစုကြည်က ပါတီရဲ့ တဦးတည်းသော ပြောခွင့်ရှိသူလို ဖြစ်လာပါတယ်
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က အခုအချိန်ဟာ သိမ်သိမ်မွေ့မွေ့ နဲ့လုပ်ကိုင် ဆောင်ရွက် နေရတဲ့ အချိန် ကာလ ဖြစ်တဲ့ အတွက် မူဝါဒနဲ့ အသွင် ကူးပြောင်းရေး ဆိုင်ရာ ကိစ္စရပ် တွေကို ဥက္ကဌဒေါ်အောင်ဆန်းစုကြည် တဦးတည်းသာ ပြောရေး ဆိုခွင့်ရှိတဲ့ အကြောင်း ကြေညာချက် ထုတ်ပြန် ထားလို့ သတင်းမီဒီယာ တွေအဖို့ အန်အယ်ဒီနဲ့ ဆက်သွယ်ရာမှာ အခက်အခဲရှိလာ ပါတယ်။

အဲဒီ အခက်အခဲကို ဖြေရှင်း ဖို့အတွက် အကောင်းဆုံး နည်းတခုက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သတင်းမီဒီယာ တွေကို ပုံမှန်တွေဆုံ သင့်တယ်လို့ သူနဲ့ နှစ်ပေါင်း များစွာ အတူလက်တွဲ အလုပ်လုပ် ခဲ့တဲ့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး က ဘီဘီစီ ကိုပြောပါတယ်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ တုန်းက အန်အယ်ဒီ ဟာ အပြတ်အသတ် နိုင်ခဲ့ပေမယ့် အဲဒီ အချိန်က ပါတီခေါင်းဆောင် တချို့ရဲ့ ပြောဆိုချက်တွေကို ထောက်ရှုပြီး လက်တုံ့ ပြန်မှာကို စိုးရိမ်တဲ့ အတွက် တပ်မတော် ဖက်က အာဏာ လွှဲပြောင်း မပေးခဲ့တာ ဆိုတဲ့ပြော ဆိုမှုတွေ ရှိခဲ့ပါတယ်။

အခုတကြိမ် မှာလည်း အလားတူ ဖြစ်မလာအောင် ကြိုတင်သတိထား ပြီး ဆောင်ရွက်နေတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြောင်း ဦးခွန်ထွန်းဦးက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အန်အယ်ဒီ လွှတ်တော် အမတ်တွေ အများစု ပါဝင်တဲ့ လွှတ်တော်သစ် ကိုခေါ်ယူမှာ ဖြစ်ပြီး အဲဒီလွှတ်တော်ကနေ ဒုတိယသမ္မတ နဲ့ သမ္မတ တို့ကို မဲပေး ရွေးချယ် မှာ ဖြစ်ပါတယ်။

BBC Burmese

စစ်တွေမြို့သို့ သယ်ဆောင်လာသည့် ကျပ်သန်းပေါင်း ၁,၅၂၉ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ



ရန်ကုန်မှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို သယ်ဆောင် လာသည့် ကျပ်သန်းပေါင်း ၁,၅၂၉.၈၈ တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား ငါးသိန်းကျော်ကို အမ်းမြို့နယ်၊ ပဲပဒုံစစ်ဆေးရေး ဂိတ်တွင် အမ်းမြို့နယ် မူးယစ်တပ်ဖွဲ့စုက ဖမ်းဆီးမိကြောင်း သိရှိရသည်။

စိတ်ကြွဆေးပြားများကို သယ်ဆောင်လာသူမှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် နေထိုင်သည့် ဦးကျော်မင်း ဆိုသူဖြစ်ပြီး ၎င်းကို ရန်ကုန်-စစ်တွေ အဝေးပြေး ခရီးသည်တင် ယာဉ်ပေါ်တွင် ဇန်နဝါရီ ၂၀ ရက် နေ့လယ် ၃ နာရီအချိန်၌ အမ်းမြို့နယ် ပဲပဒုံ ပူးပေါင်းစစ်ဆေးရေးဂိတ်၊ မူးယစ်တပ်ဖွဲ့စု ၄၇ က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“မူးယစ်ဆေးဝါးတွေကို ခရီးသည် ပစ္စည်းတွေထားတဲ့ ယာဉ်ရဲ့အောက် ဘောက်စ်အတွင်းမှာ တွေ့ရှိခဲ့တာပါ။ COSAS UNITED စာတန်းပါ အနက်ရောင် ခရီးဆောင်အိတ်ကို အနက်ရောင် တိတ်နဲ့ပတ်ပြီး မိုင်းကိုင်စက္ကူနဲ့ ထုပ်ထားတဲ့ အထုပ်တစ်ထုပ်စီမှာ အထုပ်ငယ် ငါးထုပ်ပါရှိပါတယ်။ ပလတ်စတစ် ကပ်ခွာ တစ်အိတ်ကို
WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၂၀၀ ပြားစီ ပါတယ်”ဟု ရခိုင်ပြည်နယ် မူးယစ်ဌာန ရဲတပ်ဖွဲ့မှူးက ပြောသည်။

COSAS UNITED စာတန်းပါ အနက်ရောင် ခရီးဆောင်အိတ်အတွင်း WY စာတမ်းပါဆေးပြား ၂.၇ သိန်း၊ Nanhiang စာတမ်းပါ နီညိုရောင် ခရီးဆောင်အိတ် အတွင်း WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၂.၃ သိန်းပြားကို ဖမ်းဆီးရမိခဲ့သည့်အပြင် အနက်ရောင်တိတ်ဖြင့် ပတ်လျက် မိုင်းကိုင်စက္ကူဖြင့် ထုပ်ထားသည့်အထုပ်ကြီး တစ်ထုပ်အတွင်း WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၉၉၆၀ပြားနှင့် ငွေကျပ် ၅၅၀,၀၀၀ ကျပ်တို့ကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးပြားများ၏ ပိုင်ရှင်မှာ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နေ မောင်ချေဝင်း (ခ) ဇော်ရဲလင်း ဖြစ်ကြောင်း ၊ ရန်ကုန်မှ စစ်တွေသို့ ပို့ဆောင်ရန် ဦးကျော်မင်းကို အခကြေးငွေပေး၍ သယ်ဆောင်ခိုင်းခဲ့ခြင်း ဖြစ်ကြောင်း အမ်းမြို့မ ရဲစခန်းမှ သိရသည်။

ခိုင်းစေခဲ့သူ မောင်ချေဝင်း (ခ) ဇော်ရဲလင်းမှာ လက်ရှိတွင် ထွက်ပြေး လွတ်မြောက်နေပြီး အမ်းမြို့မ ရဲစခန်းက မယ (ပ) ၂/၂၀၁၅၊ မူး / စိတ်ပုဒ်မ ၁၅/၁၉ (က)/၂၀(က) / ၂၁ တို့ဖြင့် အမှုဖွင့် အရေးယူကာ စုံစမ်းနေကြောင်း သိရသည်။

သတင်း - MMK
The Ladies News Journal

ခွင့်ပြုမိန့်မရှိပဲ အထပ်မြင့်တွေ ဆောက်နေတာ စည်ပင်က မတားနိုင်

ခွင့်ပြုချက်မရှိပဲ အထပ်မြင့်အဆောက်အဦးတွေ ဆောက်လုပ်နေတာနဲ့ပတ်သက်ပြီး မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးခင်လှိုင် ဟာ ရန်ကုန်မြို့ မြို့တော်ခန်းမမှာ ဇန်နဝါရီလ ၂၂ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo:Zar Ni Htun/RFA

ရန်ကုန်မြို့မှာ အထပ်မြင့်အဆောက်အအုံတွေ ဆောက်လုပ်နေတာဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ဆောက်လုပ်နေကြတာဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကန့်သတ်ပိုင်ခွင့် မရှိကြောင်း စည်ပင်ကော်မတီအဖွဲ့ဝင် ဦးခင်လှိုင်က ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ်အတွင်းမှာ ခွင့်ပြုချက်မရှိပဲ အထပ်မြင့်အဆောက်အဦးတွေ ဆောက်လုပ်နေ တာနဲ့ပတ်သက်ပြီး မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးခင်လှိုင်က ရန်ကုန်မြို့ မြို့တော်ခန်းမမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောတာဖြစ်ပါတယ်။
"ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ဖွဲ့စည်းပုံအရပြောမယ်ဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဆိုတာဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုအဖွဲ့ လက်ထက်တုန်းကဆိုရင် ရန်ကုန်မြို့ကြီးကို မြို့တော်ဝန် တိုက်ရိုက်စီမံခန့်ခွဲပြီး ဆောင်ရွက်တာဖြစ်တဲ့အတွက် အလျင်အမြန်နဲ့ အရှိန်အဟုန်နဲ့ လုပ်နိုင်ခဲ့တာဖြစ်ပါတယ်၊ ဒါပေမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲရဲ့နောက်ပိုင်း အစိုးရသစ် ရဲ့လက်ထက်မှာကျတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ လက်အောက်ကို  ရောက်ရှိသွားတာဖြစ်ပါတယ်၊ အဲ့လိုဆောင်ရွက်တဲ့အခါကျတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ ဆောင်ရွက်ရတဲ့ အချိန်မှာ ဘာပဲလုပ်လုပ် တိုင်းဒေသကြီးက ခွင့်ပြုချက်ကို တောင်းပါတယ်၊ ကျနော်တို့ သဘောနဲ့ဘာမှ လုပ်လို့မရပါဘူး၊ အဲ့ဒီလို မရတာဖြစ်တဲ့အတွက် ကျနော်တို့ ဒီကနေပြီးတော့ ဘယ်လောက်ပဲကန့်သတ် တိုင်းဒေသကြီးနေပြီးတော့ ခွင့်ပြုမိန့်ရှိလို့ရှိရင် ကျနော်တို့ ဘာမှလုပ်လို့မရပါဘူး၊ ကျနော်တို့ထက်မြင့်တဲ့ အဖွဲ့အစည်းက ကိုင်ထားတာဖြစ်တဲ့အတွက် ကျနော်တို့ ဒီမှာရှိတဲ့လူတွေကလည်း ခေါင်းညှိတ်ခဲ့ရတာတွေ ပဲရှိပါတယ်၊ မလွန်ဆန်နိုင်တာတွေပဲ ရှိပါတယ်"
ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်းမှာ အထပ်မြင့်အဆောက်အဦးတွေ မဆောက်လုပ်သင့်တဲ့ နေရာတွေ မှာ ဆောက်လုပ်နေတာ၊ ခွင့်ပြုမိန့်မရသေးပဲ ဆောက်လုပ်နေတာတွေ ရှိနေတယ်လို့လည်း ဦးခင်လှိုင်က ပြော ပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး အရာရှိတွေအပါအ၀င် ဝန်ထမ်းတွေမှာ စည်ပင်ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာမှု အားနည်းတာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အထပ်မြင့်အဆောက်အဦး အရေအတွက်ကို မြို့တော်စည်ပင်အနေနဲ့ အတိအကျထုတ်ပြန်ပေးနိုင်ခြင်း မရှိသေးပဲ စာရင်းကောက်ယူနေတယ်လို့ သိရပါတယ်။
ဒီလဆန်းပိုင်းလောက်က ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်က ရန်ကုန်မြို့မှာ ခွင့်ပြုချက်မရှိပဲ အထပ်မြင့်အဆောက်အဦးတွေ ဆောက်လုပ်နေတာကို ရပ်ဆိုင်းပေးဖို့ တင်ပြခဲ့ပါတယ်။
ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) က ပြန်ကြားရေးနဲ့ဆက်သွယ်ရေး အရာရှိ မရွှေယင်းမာဦး ကို RFA သတင်းထောက် မသီရိမင်းဇင် က တွေ့ဆုံမေးမြန်းထားပါတယ်။

RFA

မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေ များအသင်း ဖွဲ့စည်း

dassk-naypyidaw-620.jpg
ဒေါ်အောင်ဆန်းစုကြည် ဇန်နဝါရီလ ၁၉ ရက်နေ့က နေပြည်တော်တွင်ကျင်းပတဲ့ လွတ်လပ်သောရှေ့နေများအသင်းတရားဝင် ဖွင့်လှစ်ခြင်းအခမ်းအနားမှာ မိန့်ခွန်းပြောကြားနေစဉ်
Photo: Win Naung Toe/ RFA
မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး အမှန်တကယ်ရရှိနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ရှေ့နေ တစ်ရာကျော် တက်ရောက်တဲ့ ညီလာခံကနေ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းကို ဖွဲ့စည်းလိုက်ပါတယ်။
နေပြည်တော် Kempinski ဟိုတယ်မှာ ဇန်နဝါရီလ ၁၉ ရက်နေ့က စတင်ကျင်းပတဲ့ ရှေ့နေညီလာခံကနေ ဖွဲ့စည်းလိုက်တာဖြစ်ကြောင်း အသင်းဥက္ကဌ ရှေ့နေ ဦးစိန်ဝင်းချမ်းက ပြောပါတယ်။
"ဒီလုပ်ငန်းစဉ်တွေကို လုပ်လို့လုပ်ဆဲဖြစ်နေတယ်၊ ချမှတ်ထားတဲ့ နေအထားဘာညာကျတော့ ကျနော်တို့က ပြီးသွားတဲ့အခါကျရင် ပြန်ကြားရေးကနေပြီး သတင်းထုတ်ပြန်ပေးပါ့မယ်၊ လက်ရှိအနေအထားအရတော့ ကျနော်တို့က ဖွဲ့စည်းတဲ့အကြောင်းရယ်၊ ကျနော်တို့ တွေ့ဆုံတဲ့အစည်းအဝေးအကြောင်းလောက်ပဲ ကျနော်တို့က ပြောနိုင်ပါတယ်၊ လောလောဆယ်တော့ ကျနော်တို့က ရှေ့လုပ်ငန်းစဉ်အတွက်ပါ ဆုံးဖြတ်နိုင် တဲ့အနေအထားမျိုး မရှိသေးဘူး၊ ဘာကြောင့်မို့လို့ ဖွဲ့လိုက်တာလဲဆိုတာက တရားဥပဒေစိုးမိုးရေးအတွက်ကို လိုအပ်လို့ ကျနော်တို့ ဖွဲ့ခဲ့ရခြင်းဖြစ်ပါတယ်"
လွတ်လပ်သောရှေ့နေများအသင်းကို ဗဟိုအလုပ်အမှုဆောင် ၁၅ ဦးနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပြီး တစ်နိုင်ငံလုံးမှာ အသင်းဝင် နှစ်ထောင်ကျော်လောက် ရှိမယ်လို့လည်း သိရပါတယ်။
အသင်းရဲ့ ဥက္ကဌအဖြစ် ဦးစိန်ဝင်းချမ်း၊ ဒု- ဥက္ကဌ ဦးနေလ၊ အထွေထွေအတွင်းရေးမှူး ဦးသိန်းသန်းဦး တို့ဖြစ်ပြီး သတင်းပြန်ကြားရေး တာဝန်ခံအဖြစ် ဦးကိုနီတို့ ဖြစ်ကြပါတယ်။
မကြာခင်ရက်ပိုင်းအတွင်းမှာ အသင်းအဖွဲ့အနေနဲ့ ရပ်တည်နိုင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်သွားမယ်လို့ သိရပါတယ်။
အသင်းဖွဲ့စည်းနိုင်ဖို့ စတင်အစည်းအဝေးလုပ်တဲ့ ဇန်နဝါရီလ ၁၉ ရက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပါတယ်။
အဲဒီ ရှေ့နေများ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း (မိထ္တီလာ) ကို  အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

RFA

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကို Facebook မှာဖြန့်ဝေမှုနဲ့ ဦးခွန်ဂျာလီ ကို ထောင်ဒဏ် ၆ လ ချမှတ်

ဆက်သွယ်ရေးပုဒ်မ ၆၆ ဃ နဲ့ အမှုရင်ဆိုင်နေရတဲ့ ကချင်အမျိုးသား ဦးခွန်ဂျာလီကို ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တရားရုံးက ဇန်နဝါရီလ ၂၂ ရက်နေ့က ထောင်ဒဏ် ၆ လ အမိန့်ချလိုက်စဉ်

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကို ဖိနပ်နဲ့ နင်းထားတဲ့ပုံ Facebook စာမျက်နှာ မှာ ဖြန့်ဝေခဲ့တယ်ဆိုပြီး ဆက်သွယ်ရေးပုဒ်မ ၆၆ ဃ နဲ့ အမှုရင်ဆိုင်နေရတဲ့ ကချင်အမျိုးသား ဦးခွန်ဂျာလီကို ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ အမိန့်ချလိုက်ပါတယ်။
တရားရုံးက ချမှတ်လိုက်တဲ့ ပြစ်ဒဏ်ဟာ မတရားဘူးလို့ အမိန့်ချမှတ်ခံရတဲ့ ဦးခွန်ဂျာလီ က ဒီကနေ့ လှိုင်မြို့နယ် တရားရုံးမှာ ပြောပါတယ်။
"ကျနော်အနေနဲ့ကပေါ့နော် ဒီဖေ့ဘုတ်ဆိုတဲ့ဟာ ကျနော်တို့ဆီမှာ ဥပဒေလည်းမရှိဘူး၊ ဒါပေမဲ့ မရှိပေမယ့် အခုလိုမျိုး ၆ လ ချတယ်ဆိုတာ ကျနော်အတွက်ကတော့ ဒါမတရားဘူးလို့ပဲ ကျနော်ထင်တယ်၊ နောက်တစ်ခု က ဘာကိုပြောချင်မလဲဆိုလို့ရှိရင် ကျနော်ကတော့ ပေါ့ပေါ့ပါးပါးပါ၊ ရယ်ရယ်မောမောနဲ့ ပြောမယ်ဆိုရင် တကယ်တမ်းကျလို့ရှိရင် တရားသူကြီးအတွက်လည်း အရမ်းခက်ခဲပါတယ်၊ တရားသူကြီးတွေအနေနဲ့ သက်ဆိုင်ရာတွေကလည်း အကောင်းဆုံးလုပ်ပေးတယ်၊ ဒါပေမဲ့ နည်းဥပဒေမရှိတဲ့အခါကျရင် ကျနော်တို့ ဘာမှမလုပ်တတ်ပေမယ့် အခုကျနော် ပြစ်ဒဏ်ချခံရတယ်၊ ဘာနဲ့အလားသဏ္ဍန်တူလဲဆိုလို့ရှိရင် ဗိန္နောဆရာကို ECG စက်ဖတ်ခိုင်းသလိုပဲပေါ့၊ ဘယ်ကနေ ဘာဖတ်ရမယ်မှန်းမသိဘဲနဲ့ ကျနော်တို့ ထောင်ကျ ရတယ်ဆိုတာ ဒီလိုမျိုးအခြေအနေမျိုးကို နောက်လူတွေလည်းမဖြစ်အောင်လို့ ကျနော်တကယ်ဆုတောင်း ပါတယ်၊ အားလုံးလည်း လွတ်ငြိမ်းချမ်းသာနိုင်ပါစေ"
ဦးခွန်ဂျာလီဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဖမ်းဆီးခံရတာဖြစ်ပြီး ၃ လ အကြာမှာ ပြစ်ဒဏ်ချမှတ် ခံရတာ ဖြစ်ပါတယ်။ သူဟာ ပန်းနာရင်ကြပ်နဲ့ သွေးတိုးရောဂါတွေရှိတာကြောင့် ကျန်းမာရေးမကောင်းဘူး လို့လည်း သိရပါတယ်။
တရားရုံးကို အမေရိကန်သံရုံး၊ ဗြိတိန်သံရုံး၊ ဥရောပသမဂ္ဂ၊ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW နဲ့ ကချင်အရပ်ဘက်အဖွဲ့အစည်းတွေက လူပုဂ္ဂိုလ်တွေလည်း တက်ရောက်ခဲ့ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဓာတ်ပုံနဲ့ သရော်ထားတဲ့စာသားတွေကို ဖေ့ဘွတ်စ်မှာ တင်ခဲ့တဲ့ မအူပင်မြို့နယ်က မချောစန္ဒီထွန်းကိုလည်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဆက်သွယ်ရေးပုဒ်မနဲ့ ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပါတယ်။ နိုင်ငံတော် သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ အန်အယ်လ်ဒီပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဓာတ်ပုံတွေကိုပြုပြင်ပြီး ဖေ့ဘွတ်စ်မှာတင်ခဲ့တာကြောင့် ဖမ်းဆီးခံထားရသူ ၃ ဦး ကျန်ရှိနေပါတယ်။
မိသားစုကတော့ ဒီပြစ်ဒဏ်နဲ့ ပတ်သက်ပြီး အယူခံဝင်မယ်လို့ ပြောပါတယ်။ ဦးခွန်ဂျာလီရဲ့  ဇနီးဖြစ်တဲ့ မမေစပယ်ဖြူကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။
RFA

ဆီးနှင်းမုန်တိုင်းကြောင့် အမေရိကန်မြို့တော် လုပ်ငန်းရပ်ဆိုင်း

A pile of shoveled snow sits near the Capitol on Jan. 21, 2016, in Washington.
Photo by Chip Somodevilla/Getty Images

Washington DC မြို့ကြီးကို ဦးတည်ပြီး ဧရာမ ဆီးနှင်းမုန်တိုင်းကြီး ကျရောက်နေပြီး ရုံးတွေ ကျောင်းတွေ ပိတ်ထားရပါတယ်။
လောလောဆယ် သတင်းရေးနေချိန်မှာ ဆီးနှင်း သုံးလက်မကျော်ကျဆင်းနေပြီဖြစ်ပြီး မုန်တိုင်းလွန်သွားချိန်မှာ ဆီးနှင်းထု နှစ်ပေကျော် ရှိမယ်လို့ မိုးဇလပညာရှင်တွေက ခန့်မှန်းထားပါတယ်။
Washington DC မြို့ရှိ မြေပေါ် မြေအောက် မီးရထားတွေအကုန်လုံးနဲ့ ဘတ်စ်ကားလိုင်းအားလုံးကို သောကြာည ဘက်ပိုင်းကနေ တနင်္လာအထိ ရပ်ဆိုင်းသွားစေခဲ့ပါတယ်။
အရှေ့မြောက်ပိုင်း ပြည်နယ် တစ်ဒါဇင်လောက်ကို ဝင်တိုက်မှာဖြစ်ပြီိး လူ သန်း ၇ဝ လောက် ရင်ဆိုင်ကြရမှာ ဖြစ် ပါတယ်။ အာကင်ဆော၊ တယ်နယ်ဆီနဲ့ ကင်တတ်ကီပြည်နယ်တို့မှာ ဆီးနှင်း ငါးလက်မကျော်ကျော်ကျခဲ့ပြီး မြောက် ကယ်ရိုလိုင်းနားပြည်နယ်မှာ တစ်ပေလောက်အထိ ကျခဲ့ပါတယ်။
သောကြာနေ့ မွန်းလွဲပိုင်းကနေ စနေည သန်းခေါင်ကျော်အထိ ဆက်တိုက်ကြမှာမို့ လူတွေကို အိမ်ထဲက အိမ်ပြင် မထွက်ကြဖို့ သက်ဆိုင်ရာကနှိုးဆော်ထားပြီး အရံစစ်တပ်ဖွဲ့ဝင် ၉ဝဝ ကျော်ကို အရေးပေါ်ကယ်ဆယ်ရေး တာဝန်ချထားပါတယ်။
လေယာဉ်ခရီးစဉ်ပေါင်း ၆၂ဝဝ ကို မနေ့ညနေက ပယ်ဖျက်ခဲ့ပြီး နောက်နှစ်ရက်အတွက်လည်း မရေမရာ ဖြစ်နေ တယ်။
R

ရန်ကုန်မှာ ကျုးကျော်နေသူတွေကို စတင်ရှင်း၊ ဖေဖော်ဝါရီလကုန်မှာ အပြတ်ရှင်းမယ်ဟုဆို


ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ကျုးကျော်နေထိုင်သူ အိမ်ထောင်စု ၇၀လောက်ကို ဒီနေ့ စတင်ရှင်းလင်းဖယ်ရှားလိုက်ပါတယ်။
စစ်တပ်ပိုင် မြ၀တီသတင်းဌာနက ရန်ကုန်တိုင်းအတွင်း ကျုးကျော်နေထိုင်သူတွေကို ဒီနေ့ကစပြီး ဖေဖော်ဝါရီလကုန် နောက်ဆုံးထား ရှင်းလင်းဖယ်ရှားသွားမယ်လို့ ရန်ကုန်တိုင်းအစိုးရ တာဝန်ရှိသူတဦးကို ကိုးကားပြီး  ဇန်န၀ါရီ ၂၁ရက်က သတင်းထုတ်ပြန်ထားပါတယ်။
ရန်ကုန်မြို့ရှိ စက်မှုဇုန်များ၊ စက်မှုဇုန်များနဲ့  နီးကပ်တဲ့ နေရာများမှာ  ကျူးကျော် နေထိုင်သူ များစွာ ရှိနေပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ် ၃၃ မြို့နယ် အတွင်း ကျူးကျော် နေထိုင်သူ ၂၇ဝဝဝဝ ကျော် ရှိကာ လှိုင်သာယာမြို့နယ်မှာ ကျူးကျော် နေထိုင်သူ ၉၆ဝဝဝ ကျော်ဖြင့် အများဆုံး ဖြစ်တယ်လို့ မြ၀တီသတင်းမှာ ဖော်ပြထားပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ်က ရွေးကောက်ခံထားရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ဝင်းကတော့ ဒီနေ့ ဖယ်ရှား ရှင်းလင်းခဲ့တဲ့မြေနေရာဟာ ကုန်မဏီတခုပိုင်ဖြစ်လို့ ဖယ်ရှားရှင်းလင်ခဲ့တာဖြစ်တယ်။ ဖယ်ရှားခံရတဲ့ အိမ်ထောင်စုတွေကို ဒဂုံဆိပ်ကမ်း အန်အယ်လ်ဒီ အနေနဲ့ တတ်နိုင်သလောက် ၀ိုင်းဝန်းစောင့်ရှောက် ကူညီပေးနေတယ်လို့ ပြောပါတယ်။
မြ၀တီသတင်းမှာ ဖော်ပြခဲ့တဲ့အတိုင်း ဒီနေ့ ဇန်န၀ါရီ ၂၃ မှာ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ စတင်ရှင်းလင်းခဲ့တာဖြစ်ပြီး ဇန်န၀ါရီ ၂၆ ရက်နေ့မှာ မင်္ဂလာဒုံမြို့နယ်ထဲက ကျုးကျော်တွေကို ဆက်လက်ရှင်းလင်း ဖယ်ရှားသွားမယ်လို့လည်း သိရပါတယ်။
အစိုးရသစ်ကို တာဝန်လွှဲပြောင်းပေးရမယ့် အသွင်ကူးပြောင်းရေး ကြားကာလအတွင်း ရန်ကုန်မှာ အခုလို ကျုးကျော်နေသူတွေကို ဖယ်ရှားရှင်းလင်းနေတာဟာ ဆူပူမှုများဖြစ်ပွားအောင် တမင် လုပ်ဆောင်နေတာလားလို့ ဝေဖန်ပြစ်တင်မှုတွေလည်း  ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါ တယ်။
DVB

တစ်ဖက်နိုင်ငံသားသုံးဦး ရွှေပြည်သာ(ထ/၁၆)ရပ်ကွက်၌ ဖမ်းဆီးရမိမလေးရှားသို့ပို့ရန် အိမ်အောက်ထပ်၌ဝှက်သိမ်းထားခြင်းဖြစ်



ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေ ပြည်သာမြို့နယ် (ထ/၁၆) ရပ် ကွက်သီတာ(၇)လမ်း အမှတ် (၁၁၉၈-ခ) နေအိမ်တွင် မြန်မာ စကားမပြောတတ်သော တစ်ဖက် နိုင်ငံသားသုံးဦးအား နေအိမ်၏ နောက်ဘက် ပျဉ်ခင်း၊ ပျဉ်ကာ အခန်းငယ်တွင် ဝှက်သိမ်းထား သည်ကို ယခုလ ၂၁ရက် ည၁၁ နာရီက တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ ယခုလ ၂၁ ရက် တွင် အမာခံသတင်းပေးသူတစ်ဦး ၏ သတင်းပေးပို့မှုမှတစ်ဆင့် ရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်၊ ရပ်မိရပ်ဖ ဦးသန်းမြင့်နှင့် လှော် ကားနယ်မြေရဲတပ်ဖွဲ့စခန်း စခန်း မှူး ရဲအုပ်လှမြင့်နှင့်အဖွဲ့သည် ည ဘက်ဧည့်စာရင်း စစ်ဆေး၍ ဝင် ရောက်ကြည့်ရှုခဲ့ရာမှ လူတစ်ဦး မှာ ထွက်ပြေးသွားသဖြင့် ဖမ်းဆီး စစ်ဆေးရာ တစ်ဖက်နိုင်ငံသား သုံးဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်။ ဖမ်းဆီးခံရသူများမှာ အနူ ရောဇော (၁၉နှစ်) (ဘ) ဦးဟာ လာ(ဘင်္ဂါလီ/ အစ္စလာမ်) ဖိုးလာ လောင်းကျေးရွာ မြောက်ဦးမြို့ နယ်၊ မာမွတ်စလင်(၁၆နှစ်) (ဘ) ဦးမာကိုနီ(ဘင်္ဂါလီ/ အစ္စလာမ်) ဟော်လီဖာဒါရွာ မင်းပြားမြို့နယ်၊ နိုဘာအာမွတ် (၁၆နှစ်) (ဘ) ဦးမာမွတ်သော်ဒီယာ (ဘင်္ဂါလီ/ အစ္စလာမ်)ကတီကျေးရွာ မင်းပြား မြို့နယ် ရခိုင်ပြည်နယ်တွင်နေသူ သုံးဦးတို့ဖြစ်သည်။

၎င်းတို့ကိုစစ်မေးရာ ယခုလ ၂၁ ရက် ည ၈နာရီက အမှတ် (၁၁၉၈-ခ)နေ ဦးမောင်လှ(ခ) ဦးမူဆီတာကာနှင့် ဇနီး ဒေါ်လှလှ ဝင်း(ခ)မမေနီဟာခါဘူးတို့ လင် မယားကခေါ်ယူ၍လာခဲ့ကြောင်း၊ မလေးရှားသို့ပို့ဆောင်ရန်အတွက် အိမ်အနောက်ဘက် သုံးခန်း မြောက်အခန်းပေ(၇x၄)အကျယ် အခန်းငယ်တွင် ဝှက်သိမ်းထား ခဲ့ကြောင်း သိရသည်။

သို့ပါ၍ တရားမဝင်နိုင်ငံခြား သားများကို တစ်ဖက်နိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်နေ သော ဦးမောင်လှ(ခ)မူဆီတာကာ နှင့်ဇနီးအပါအဝင် ဖမ်းဆီးရမိသူ စုစုပေါင်းငါးဦးတို့အား (ပ)၂၃/ ၂ဝ၁၆ ပြစ်မှုဥပဒေပုဒ်မ ၃၈၆၊ ၃၇ဝတို့ဖြင့် စခန်းမှူးရဲအုပ်လှမြင့် က တရားလိုပြုလုပ်ကာ အမှုဖွင့် အရေးယူထားကြောင်းသိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယမန်နေ့ နံနက် ၈ နာရီခွဲတွင် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် စိမ်းလန်းအားမေးမြန်းခဲ့ရာ ''ကျွန် တော်တို့က မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးကြီးသိန်းဝင်းဆီကို သတင်း ရရချင်းပဲ တင်ပြပါတယ်။ သူ့ရဲ့ ညွှန်ကြားချက်အရ ဖမ်းဆီးရတာ ပဲဖြစ်ပါတယ်။ ဥပဒေပုဒ်မ ၃၈၆၊ ၃၇ဝ က လူခိုးရောင်းစား ခြင်းနဲ့ တစ်ဖက်နိုင်ငံကို ကျွန်ပြု အစေခံ အဖြစ်ခိုင်းစေမှုပဲဖြစ်ပါတယ်။ လဝကအက်ဥပဒေနဲ့လည်း ဆက် လက်အရေးယူမယ်လို့ သိထား ပါ တယ်''ဟုပြောကြားခဲ့သည်။

ကိုကိုနိုင်(ရွှေပြည်သာ)
The Union Daily

လူထု ဘိန်းခင်း တိုက်ဖျက်ရေးအဖွဲ့ ကန်ပိုင်တီဒေသ သို့ ထွက်ခွာ



လူထု ဘိန်းခင်း တိုက်ဖျက်ရေးအဖွဲ့ ကန်ပိုင်တီဒေသ သို့ ထွက်ခွာသွားစဉ်၊ ဇန်န၀ါရီ ၂၃၊ ၂၀၁၆
KNG၊ ၀ိုင်းမော် — အစိုးရ နယ်ခြားစောင့်တပ် BGF ထိန်းချုပ်ရာ ကန်ပိုင်တီဒေသတွင်း ဘိန်းခင်းများ ဖျက်ဆီးရေး အစီအစဉ်နှင့် ၀ိုင်းမော်မြို့တွင် စုရုံးရောက်ရှိနေကြသော ကချင်လူထု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ သည် ဒီနေ့မနက် ၁၀ နာရီတွင် ထွက်ခွာကြပြီဖြစ်သည်။

ကချင်ပြည်နယ် ဒေသအသီးသီးမှ လူထုအင်အား ၁၆၀၀ ကျော်ပါဝင်သော ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့သည် ကားအစီး ၆၀ ကျော်ဖြင့် ကန်ပိုင်တီဒေသကို အဓိက ပစ်မှတ်ထားကာ ချီဖွေ ဒေသဘက်လည်း အုပ်စုခွဲ၍ တက်လာပြီဖြစ်သည်။

ပြည်နယ်အစိုးရ ရဲတပ်ဖွဲ့ အင်အား ၅၀ ခန့်လည်း လိုက်ပါ၍ လုံခြုံရေးပေးနေကြောင်း သိရသည်။

အဖွဲ့ငယ် (၁၂)ဖွဲ့ ခွဲကာ ဘိန်းခင်းများဖျက်ဆီးသွားမည်ဖြစ်ပြီး ၄င်း အဖွဲ့ခွဲ အမည်များကို ‘Dap Dung ni’ (မြန်မာလို တပ်ရင်းများ) ဟု ပေးထားသည်။ ဘိန်းခင်းဖျက်ဆီးမည့် အစီအစဉ်ကို ဇန်န၀ါရီ (၁၈)မှ ကချင်တော်လှန်ရေးနေ့ အကြို ဖေဖော်ဝါရီ (၄) ရက်ထိ လုပ်ဆောင်သွားမည်ဖြစ်သည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ယခု အစိုးရ နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာ ကန်ပိုင်တီဒေသသည် ကချင်ပြည်နယ်တွင်း ဘိန်းအများဆုံး စိုက်ပျိုးသောဒေသ ဖြစ်သည်။

ဘိန်းခင်းပိုင်ရှင်များက တုတ်ချောင်းများကိုင်စွဲကာ ကားလမ်းမ ပိတ်ဆို့ ဆန့်ကျင်ခဲ့ခြင်းကြောင့် ပြည်နယ်အစိုးရ ကြားဝင်၍ ဘိန်းခင်းဖျက်ဆီး အစီအစဉ် ခေတ္တဟန့်တားထားရာမှ ဇန်န၀ါရီ ၂၁ နေ့ ပြန်လည် ခွင့်ပြုခဲ့သည်။

Kachin News Group

ထိုင်းတွင် ရွှေဆိုင်ဓားပြတိုက်ပြီး မြန်မာနိုင်ငံတိမ်းရှောင်သူကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး


ထိုင်းနိုင်ငံ ရွှေဆိုင်တဆိုင်မှာ ရွှေ ၆၀ ကျပ်သား ဓားပြတိုက်ပြီး မြန်မာနိုင်ငံထဲ တိမ်းရှောင်နေသူကို ဖမ်းမိထားတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ပြစ်မှုကျူးလွန်သူဟာ ထိုင်းနိုင်ငံအယုဒ္ဓယမြို့နယ်ထဲ ပြန်လည်ရောက်ရှိတယ်လို့ သတင်းရရှိပြီး ထိုင်းအာဏာပိုင်တွေက ယခုလ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ထိုင်း မန်နေဂျာအွန်လိုင်း သတင်းမှာ ဖော်ပြထားပါတယ်။
ကန်ချနဘူရီ နယ်စပ် တဖက်ကမ်း မြန်မာနိုင်ငံထဲမှာ သွားရောက်တိမ်းရှောင်နေတယ်လို့ သတင်းထဲမှာ ရေးထားပေမယ့် မြန်မာပြည် ဘယ်မြို့နယ်ဆိုတာ ဖော်ပြထားတာ မရှိပါဘူး။
ပြစ်မှု ကျူးလွန်သူ ထိုင်းနိုင်ငံသား နိုင်မေထရီ ထွက်ဆိုချက်အရ ရွှေ ၁၃ ကျပ်သားကိုသာ ယူသွာတာဖြစ်ပြီး သတင်းတွေ ထွက်ပေါ်နေတဲ့ ၆၀ ကျပ်သားယူသွာတယ်ဆိုတာ မဟုတ်ကြောင်း ဆိုပါတယ်။
ရွှေ ၁၃ ကျပ်သားကိုလည်း ရနောင်းမြို့နယ်မှာ ၆ ကျပ်သား ရောင်းလိုက်သလို မြန်မာပြည်ထဲမှာ ၇ ကျပ်သား ရောင်းခဲ့ပါတယ်။
၂၀၁၅ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ရွှေဆိုင်ရဲ့ မှန်တွေကို ထုခွဲပြီး ဓားပြတိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖမ်းဆီးမှုနဲ့ ပတ်သက်ပြီးတော့လည်း ထိုင်းအာဏပိုင်တွေက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ကိုးကား – မန်နေဂျာအွန်လိုင်း

နိုင်ငံရေးအကျဉ်းသား ၅ဝ ကျော် သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာ


သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အင်းစိန်ထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဇန်နဝါရီလ ၂၂ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA
နိုင်ငံတော်သမ္မတအမိန့်နဲ့ အကျဉ်းထောင် အသီသီးကနေ လွတ်မြောက်လာတဲ့ အကျဉ်းသား ၁၀၁ ဦးရှိပြီး အဲ့ဒီအထဲ မှာ နိုင်ငံရေးအကျဉ်းသား ၅၂ ယောက်ပါရှိကြောင်း  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း  AAPP က ပြောပါတယ်။

လွတ်မြောက်လာတဲ့အထဲက နိုင်ငံရေးအကျဉ်းသားဦးရေကို AAPP ပြန်ကြားရေးတာဝန်ခံ ကိုအောင်မျိုးကျော်က အခုလို ပြောပါတယ်။

"၁ဝ၁ ဦးဆိုတာကတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေပြီးတော့ ထုတ်ပြန်တဲ့သတင်းကို ကျနော်တို့ ဖေ့ဘုတ်ပေါ်ကနေတွေ့ရတယ်၊ အန်းစိန်ထောင်က ၁၉ ယောက်ပါ၊ တောင်ငူထောင်က ၃ ယောက်ပါ၊ ပြည်ထောင်က ၄ ယောက်ပါ၊ မန္တလေးထောင်က ၁ ယောက်ပါ၊ ညောင်ဦးထောင် ၂ ယောက်ပါ၊ မြစ်ကြီးနားထောင် ၂ ယောက်ပါ၊ ၊ ပူတာအိုထောင် ၁ ယောက်ပါ၊ ဘားအံထောင်က ၁၉ ယောက်ပါ၊ မိတ္ထီလာထောင်က ၁ ယောက်တိုးပါတယ်၊ ၅၂ ယောက်ရှိသွားပါပြီ"

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်က လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၉ ယောက်၊ ဘားအံအကျဉ်းထောင်က ၁၉ ယောက်၊ ပြည်အကျဉ်းထောင်က ၄ ယောက်၊  တောင်ငူအကျဉ်းထောင်က ၃ ယောက်၊  ညောင်ဦးအကျဉ်းထောင် ၂ ယောက်၊ မြစ်ကြီးနားအကျဉ်းထောင် ၂ ယောက်၊ ပူတာအိုအကျဉ်းထောင် ၁ ယောက်၊ မန္တလေးအကျဉ်းထောင်က ၁ ယောက်နဲ့ မိတ္ထီလာအကျဉ်းထောင်က ၁ ယောက် ဖြစ်ပါတယ်။

လွတ်မြောက်လာသူအများစုဟာ တရားမ၀င် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ၊ ခွင့်ပြုချက်မပေးတဲ့နေရာမှာ ဆန္ဒပြမှု ပုဒ်မ ၁၉ စတဲ့ ပုဒ်မတွေနဲ့ ပြစ်ဒဏ်ချခံရသူတွေ ဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့ကြတဲ့အတွက် အမှုရင်ဆိုင်နေရဆဲ လက်ပံတန်းထောင် က ကျောင်းသူ ကျောင်းသား ၅၀ ၀န်းကျင်လောက်တော့ လွတ်မြောက်လာခြင်း မရှိသေးပါဘူး။

ဒါ့အပြင် အမှုစစ်ဆေးလို့ ပြီးစီးသွားပြီဖြစ်တဲ့ နော်အုန်းလှ၊ ကိုထင်ကျော်၊ စာရေးဆရာ ထင်လင်းဦးနဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်တို့လည်း လွတ်မြောက်လာသူတွေထဲ မပါသေးပါဘူး။
AAPP အဖွဲ့ရဲ့စာရင်းအရ လက်ရှိနိုင်ငံရေး ပြစ်မှုတွေနဲ့ အမှုရင်ဆိုင်နေရသူ ၄၀၈ ဦးရှိပြီး အမှုရင်ဆိုင်ပြီးပေမယ့် အကျဉ်းထောင်တွေထဲမှာ ကျန်နေသူ ၇၈ ယောက်ရှိတယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။

အစိုးရက အကျဉ်းသားလွတ်ပေးမှုနဲ့ ပတ်သက်ပြီး လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းပြုစုနေ တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဦးဘိုကြည်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာကို တဆက်ထဲ နားဆင်နိုင်ပါတယ်။

အလားတူပဲ လက်ပံတောင်း ကြေးနီစီမံကိန်းဒေသမှာ တောင်သူဒေါ်ခင်ဝင်း အသတ်ခံရတာကို မျှတတဲ့တရားစီရင်ရေးရဖို့နဲ့ အခြားမြေသိမ်းယာသိမ်းခံရသူတွေ မနစ်နာအောင်ဆောင်ရွက်ပေးဖို့ အကြိမ်ကြိမ်ဆန္ဒပြတောင်းဆိုလို့ ထောင်ချခံလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဘမြင့်ဟာ အင်းစိန်ထောင်ကနေ ဒီနေ့ပြန်လွတ်လာပါတယ်။
ဦးဘမြင့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

RFA

ဇန်န၀ါရီလ (၂၃) ရက်နေ့ ထုတ် သတင်းစာ နှင့်ဂျာနယ်

ဇန်န၀ါရီလ (၂၃) ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

ဇန်န၀ါရီလ (၂၃) ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

ဇန်န၀ါရီလ (၂၃) ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

ဇန်န၀ါရီလ (၂၃) ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

ဇန်န၀ါရီလ (၂၂)ရက်နေ့ ထုတ် မော်ဒန် သတင်းဂျာနယ် အမှတ် ၄၉၄

ဇန်န၀ါရီလ (၂၂)ရက်နေ့ ထုတ် မော်ဒန် သတင်းဂျာနယ် အမှတ် ၄၉၄ ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

ကွန်ဒိုတိုက်ခန်းတွေကို နိုင်ငံခြားသားတွေ ဝယ်ခွင့်ပေးလိုက်ပြီ


လက်ရှိ မှာလည်း နိုင်ငံခြားသား တချို့က မြန်မာနိုင်ငံသားတွေကို အမည်ခံခိုင်းပြီး ဝယ်ယူတာ တွေ ရှိနေ။
ပြည်ထောင်စု လွှတ်တော်မှာ ဇန်နဝါရီ ၂၂ ရက် နေ့ တုန်းက အတည် ပြုလိုက်တဲ့ စုပေါင်းပိုင် အဆောက်အအုံ ဆိုင်ရာ ဥပဒေ အရ ကွန်ဒို တိုက်ခန်း တွေကို နိုင်ငံ ခြားသား တွေ ဆီ ရောင်းချ ခွင့် ပေးလိုက် ပါတယ်။

၆ ထပ် နဲ့ အထက် မြင့်တဲ့ အဆောက်အဦ တွေ မှာ ရှိတဲ့ စုစုပေါင်း တိုက်ခန်း အရေ အတွက် ရဲ့ ၄၀ % အထိ နိုင်ငံ ခြားသား တွေ ကို ရောင်းချ နိုင်ပြီ ဖြစ်ပါတယ်။

လက်ရှိ အိမ်မြေ တိုက်တာ ဈေးနှုန်း ကြီးမြင့် နေပြီး ရေရှည် အထိ အခုလို ဈေး ပေါက် နေနိုင် ဦးမှာ လား ဆိုတဲ့ တွက်ဆ မှု နဲ့ တကယ်တမ်း ကွန်ဒို တိုက်ခန်း တွေ အပိုင်ဝယ် မယ့် နိုင်ငံခြားသား အရေအတွက် နည်း နိုင်တယ် လို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှု ကျွမ်းကျင်သူ အကြံပေး တစ်ဦး က ဆိုပါတယ်။

ဒါပေမယ့် လက်ရှိ မှာလည်း နိုင်ငံခြားသား တချို့က မြန်မာနိုင်ငံသားတွေကို အမည်ခံခိုင်းပြီး ဝယ်ယူတာ တွေ ရှိနေတဲ့ အတွက် အခုလို တရားဝင် ဝယ်ခွင့် ပေးလိုက် တဲ့ အခါ တိုင်းပြည် အတွက် အခွန် ဘဏ္ဍာ ပိုရလာမယ့် အပြင် အရောင်းအဝယ် ဈေးကွက် လည်း ပိုပြီး သွက်လာ လိမ့်မယ် ဆိုပြီး ဆောက်လုပ်ရေး လုပ်ငန်းရှင် တော်တော် များများ က မျှော်လင့် နေကြ ပါတယ်။

တစ်ဘက်မှာလည်း အခုလို နိုင်ငံခြားသားတွေ ပါ ဝယ်ယူခွင့် ရလာလို့ အိမ်ခြံ မြေဈေးတွေ ပိုတက်လာ မှာကို စိုးရိမ် သူတွေ လည်း ရှိနေပါတယ်။

တစ်နှစ် ခွဲကျော် ကြာ ဥပဒေကြမ်း ကို ဆွေးနွေး ခဲ့ပြီးတဲ့ နောက် အခုလို ဥပဒေ အခိုင်အမာ အနေနဲ့ ပေါ်ထွက် လာတဲ့ နောက် ကွန်ဒို တိုက်ခန်း တွေ ခိုင်မှာ မှု ရှိတာ ရယ်၊ ဘဏ်တွေ မှာ ပေါင်ခွင့် ရရှိ မှာရယ် စတဲ့ အချက် တွေ ကြောင့် ကွန်ဒို တိုက်ခန်း ကို စိတ်ဝင်စားသူ တွေ များလာ နိုင်တယ် ဆိုပြီး သုံးသပ် သူတွေ လည်း ရှိ နေ ကြပါတယ်။

BBC Burmese

ဆရာဝန်တွေရဲ့ ဖဲကြိုးနက်လှုပ်ရှားမှု ပြန်စမည်


ကျန်းမာရေးဝန်ကြီးဌာနမှာ တပ်မတော်အရာရှိတွေ ခန့်ထားမယ့် အစီအစဉ်ကို ဆန့်ကျင်တဲ့အနေနဲ့ Black Ribbon Movement အနက်ရောင် ဖဲကြိုးလှုပ်ရှားမှုတွေ ပြုလုပ်စဉ် ။ Photo: Black Ribbon Movement Myanmar 2015 Facebook
တပ်မတော်ဆရာဝန်တွေကို အရပ်ဘက် ပြောင်းရွေ့ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာန ဆေးဝန်ထမ်းညွှန်ကြား မှု ဦးစီးဌာနက ထုတ်ပြန်တဲ့စာနဲ့ ပတ်သက်ပြီး ဖဲကြိုးနက် ဆရာဝန်များလှုပ်ရှားမှုအဖွဲ့က ကန့်ကွက်လိုက်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန(ကြည်း) ဆေးဝန်ထမ်းညွှန်ကြားမှုဦးစီးဌာနက ဇန်န၀ါရီလ ၁၅ ရက်နေ့ နေ့စွဲနဲ့ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်သင်တန်းဆင်း ပါရဂူဆေးမှူးတွေကို ချင်းပြည်နယ်နဲ့ နာဂဒေသမှာ တာဝန်ထမ်းဆောင်ဖို့ ကျမ်းမာရေးဝန်ကြီးဌာနကို ဆန္ဒအလျောက် ပြောင်းရွေ့လိုသူစာရင်းပေးပို့ဖို့ တောင်းခံစာကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဖဲကြိုးနက်ဆရာဝန်များအဖွဲ့က ဇန်နဝါရီလ ၂ဝ ရက်နေ့ က ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ အဖွဲ့က ဦးဆောင်လှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ အလင်္ကာ ကပြောပါတယ်။

"ကျမတို့ဘက်က တောင်းဆိုချင်တာက ဒီကတိကို တည်စေချင်ပါတယ်၊ တည်ဖို့လည်းမျှော်လင့်တယ်၊ အစိုးရသစ် နဲ့ စပ်ကူးမတ်ကူးကြားမှာ ဒီလိုမျိုးကို မလုပ်စေချင်ပါဘူး၊ ကျမတို့ အဲ့ဟာနဲ့ပတ်သက်ပြီး ကြေညာချက်တွေ ထုတ်ခဲ့ပါတယ်၊ တည်တည်ငြိမ်ငြိမ်လေးနဲ့ ဖြတ်သန်းရအောင်ပေါ့နော်၊ တပ်မတော်အနေနဲ့လည်း ကျမတို့နဲ့ တပ်မတော်ကြားမှာ၊ ပြည်သူနဲ့ တပ်မတော်ကြားမှာ အင်မတန်ကို နွေးနွေးထွေးထွေး ဆက်ဆံချင်တာပါ၊ ယုံကြည်မှုတွေ ချစ်ခင်မှုတွေ အပြန်အလှန် တည်ဆောက်နေတဲ့အချိန်မှာ ဒီလိုမျိုးလုပ်လိုက်တယ်ဆိုရင် တပ်မတော်ရဲ့ ပုံရိပ်ကျသွားပါလိမ့်မယ်"

ပြီးခဲ့တဲ့ နှစ်ကလည်း အလားတူ ပြဿနာပေါ်ပေါက်ခဲ့ပြီး ဆန္ဒပြခဲ့ကြတဲ့အတွက် ကျန်းမာရေးဝန်ကြီးက နောင်အခုလို စီစဉ်ဆောင်ရွက်ခြင်းမပြုပါလို့ မီဒီယာတွေကတဆင့် နှုတ်ကတိပေးခဲ့တာဖြစ်ပါတယ်။

ဖဲကြိုးနက်လှုပ်ရှားမှုအဖွဲ့ရဲ့ ကြေညာချက်မှာ မိမိတို့ ရပ်တည်ချက်ဖြစ်တဲ့ တရားမဲ့မူဝါဒနဲ့ လွဲမှားသော စီမံခန့်ခွဲမှုများနဲ့ ပတ်သက်ပြီး ဆက်လက် ဆန့်ကျင်လှုပ်ရှားသွားမယ်လို့ ဆိုပါတယ်။

RFA Burmese

အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်းကို နှင်းမုန်တိုင်း ၀င်နေပြီ


အမေရိကန် ပြည်ထောင်စု ရဲ့ အရှေ့ဘက် ကမ်းရိုးတန်း တလွှားပြည် နယ် တွေ မှာ နှင်းမုန်တိုင်း အကြီးအကျယ် စတင် ကျရောက် နေပြီ ဖြစ်ပါတယ်။

နှစ်တစ်ရာ အတွင်း အဆိုးရွားဆုံး နှင်းကျတဲ့ ဒဏ်ကို ဝါရှင်တန် ကနေ နယူးယောက် အထိ ခံရနိုင်တယ် ဆိုပြီး ခန့်မှန်း ထားကြပါတယ်။

လေယာဉ် ခရီးစဉ် ထောင်ပေါင်း များစွာ ဖျက်သိမ်း ထားပြီး လာမယ့် နာရီ အနည်းငယ် အတွင်း နှင်းတွေ ၂၃ လက်မ ကျော် ကျ တဲ့ ဒဏ်ကို လူ သန်း ၅၀ ကျော် တွေ့ကြုံ ရလိမ့်မယ် လို့ သတိ ပေး ထားပါတယ်။

အမေရိကန် တောင်ပိုင်း အာကင်ဆော ပြည်နယ် ကနေ အရှေ့မြောက်ဘက် မက်ဆာချူးဆက် ပြည်နယ် အထိ အခု နှင်းမုန်းတိုင်း ဒဏ် တွေ့ကြုံ ရမှာ ဖြစ်ပါတယ်။

ဆိုးရွားတဲ့ ရာသီ ဥတု ဒဏ်ကြောင့် ပြည်နယ် အနှံ့ ယာဉ် မတော် တဆ မှုတွေ ဖြစ်ခဲ့လို့ လူ ၈ ဦး အသက် ဆုံးရှုံး ခဲ့ရပြီး ဖြစ်ပါတယ်။

BBC Burmese

ကျောက်မျက် တူးဖော်သူတွေ နေရပ်ပြန်ဖို့ သပိတ်ကျင်းမြို့နယ် အမိန့်ထုတ်

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ၄ မိုင်ကျေးရွာအနီးမှာ အနယ်နယ်အရပ်ရပ်ကနေ တရားမဝင် တပိုင်တနိုင်ကျောက်တူးဖော်နေသူ တစ်ထောင်ဝန်းကျင် ရှိနေတဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးက ဒီလ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး နေရပ်ပြန်ကြဖို့ သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။

အရင်က အဲဒီနေရာမှာ ကျောက်တူးဖော်သူ သိပ်မရှိဘဲ အခုနောက်ပိုင်းမှာ တန်ဖိုးကြီးကျောက်တွေ ထွက်တယ်ဆိုပြီး စက်ယန္တရားတွေနဲ့ လာရောက်တူးဖော်ကြတဲ့သူတွေ များလာတာလို့ ဒေသခံ ကိုမောင်ညိုက ပြောပါတယ်။

"မိုးကာတဲလေးတွေ ဘာလေးတွေနဲ့ ကိုယ့်နေရာလေးတွေမှာနေပြီး တူးကြတာပေါ့၊ ကျောက်ကွက်က ကျနော်တို့မရောက်ခင် လွန်ခဲ့တဲ့နှစ် ၂ဝကျော်လောက်ကတည်းက ထွက်ခဲ့တာပေါ့၊ အဲ့တုန်းကတော့ အဖိုးမတန်ဘူးပေါ့ဗျာ၊ အခုကတော့ တဖြေးဖြေးအဖိုးတန်လာတယ်၊ ကျနော်တို့အကွက်က မဖယ်ပေးရဘူး၊ ဧည့်သည်တွေကိုပဲ ဖယ်ခိုင်းတာ"

ကျောက်မျက်ထွက်တဲ့နေရာကို ဒူးဆစ်ချောင်းကွက်ရပ်လို့ ခေါ်ပြီး ပတ္တမြားနဲ့ နီလာကျောက်တွေ ထွက်ရှိတယ်လို့ သိရပါတယ်။

အဲဒီနေရာမှာ သပိတ်ကျင်းမြို့ နယ်အတွင်းက ဒေသခံတွေအပြင် မုံရွာ၊ ပြင်ဦးလွင် နဲ့ မိုးကုတ်မြို့နယ်ကနေ လာရောက်တူးဖော်သူတွေလည်း ရှိနေတာဖြစ်ပါတယ်။

တရားမဝင်ကျောက်မျက် လာရောက်တူးဖော်သူတွေအနေနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ သတိပေးချက်ကို မလိုက်နာရင် သတ္တုတွင်းဥပဒေအရ အရေးယူသွားမယ်လို့ သတိပေးစာမှာ ပါရှိပါတယ်။

သတ္တုတွင်းဥပဒေအရ တရားမဝင် ကျောက်မျက်ရှာဖွေတာ၊ စမ်းသပ်တိုင်းတာနဲ့ ထုတ်လုပ်တာတွေကို ပြုလုပ်မယ်ဆိုရင် ထောင်ဒဏ် ၇ နှစ်နဲ့ ငွေဒဏ် ငါးသောင်း ကျခံရမှာဖြစ်ပါတယ်။

RFA Burmese

အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် လူမှုရေးအဖွဲများ တွေ့ဆုံပွဲ လွှတ်တော်ကိုယ်စားလှယ် ၃ ဦးသာတက်


|Dawei Watch| မော်လမြိုင်၊ ဇန်န၀ါရီ ၂၁
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဇန်နဝါရီ ၂၁ ရက်က ကျင်းပခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စား လှယ်များနှင့် လူထုအခြေပြု အရပ်ဘက်လူမှုအဖွဲ့အစည်း(CSO)များ တွေ့ဆုံပွဲသို့ လွှတ်တော် ကိုယ်စားလှယ် ၃ ဦးသာ တက်ရောက်ခဲ့သည်။
တွေ့ဆုံပွဲသို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် လေ့လာသူ ၇၀ ကျော် တက်ရောက်ခဲ့ကြသော်လည်း ဖိတ်ကြား ထားသည့် လွှတ်တော်ကိုယ်စားလှယ်များအနက်မှ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေပါတီမှ တစ်ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တစ်ဦးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်ပါတီမှ တစ်ဦး စုစုပေါင်း ကိုယ်စားလှယ် ၃ ဦးသာ တက်ရောက်ခဲ့ ကြသည်။
ယင်းတွေ့ဆုံပွဲအတွက် အနိုင်ရ ကိုယ်စားလှယ် အားလုံးကို ဖိတ်ထားသည်ဟု ဖွံ့ဖြိုးမှုမဏ္ဍိုင်အဖွဲ့မှ Program Coordinator ကိုမင်းဝင်းဗိုလ်က ပြောသည်။
“ဒီနေ့ပွဲမှာတော့ လူထုတွေက ကိုယ်စားလှယ်အားလုံး ပြည့်ပြည့်စုံစုံ မတက်ရောက်တဲ့အတွက် မြင်တာကတော့ သိပ်စိတ်မ ကောင်း ဖြစ်တဲ့အနေအထားမျိုးတော့ တွေ့ရတယ်၊ ကျွန်တော့်အနေနဲ့ ကိုယ်စားလှယ်တွေအနေနဲ့လည်း CSOတွေ တင်ပြချက် တွေ၊ ချိတ်ဆက်ဆောင်ရွက်မှုတွေ အလေးထားဆောင်ရွက်ဖို့ အင်မတန်အရေးကြီးတယ်လို့ မြင်တယ်၊ NLD အနေနဲ့လည်း နောက်နောင် CSO တွေနဲ့ ဒီထက်မက ပိုပြီးတော့ ချိတ်ဆက်ဆောင်ရွက်နိုင်အောင်လည်း လုပ်သင့်တယ်လို့ မြင်တယ်” ဟု အရွေးချယ်ခံရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ ရွေးကောက်ခံကိုယ်စားလှယ် ၄၅ နေရာရှိသည့်အနက်  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ  ကိုယ်စားလှယ် ၄၀ နေရာ အများဆုံးအနိုင်ရရှိထားပြီး မွန်အမျိုးသားပါတီက ၃ နေရာ၊ မွန်ဒေသလုံးဆိုင်ရာဒီ မိုကရေစီပါတီက ၁ နေရာနှင့် ပြည်ခိုင်ဖြိုးပါတီက ၁ နေရာ အနိုင်ရရှိထားကြသည်။
မွန်ပြည်နယ်အတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် လာမည့်အစိုးရသစ် လွှတ်တော်အသစ်တွင် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုရရှိနိုင်ရန်အတွက် ရည်ရွယ်ကာ အရွေးချယ်ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်တို့နှင့် တွေ့ဆုံခြင်း ဖြစ်သည်ဟု ကိုမင်းဝင်းဗိုလ်က ပြောသည်။
ယခုတွေ့ဆုံပွဲတွင် တက်ရောက်သူ အားနည်း ခဲ့သော်လည်း နောင်တွင် ကျင်းပပြုလုပ်မည့် တွေ့ဆုံပွဲများတွင် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်လာနိုင်ရန် ဆက်လက် ကြိုးပမ်းသွားမည်ဟု ကိုမင်းဝင်းဗိုလ်က ပြောသည်။
ယခုတွေ့ဆုံပွဲသည် လွှတ်တော်နှင့် ပြည်သူကြား အစိုးရနှင့် ပြည်သူကြား ချိတ်ဆက်ဆောင်ရွက်မည့် လမ်းစတစ်ခုဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးအဖြေရှာ သုံးသပ်ကြမည်ဆိုပါက ပိုပြီးကောင်းမွန်သည့် လမ်းကြောင်းတစ်ခုရရှိလာမည်ဟုလည်း ၄င်းက ပြောသည်။

Dawei Watch

အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် လူမှုရေးအဖွဲများ တွေ့ဆုံပွဲ လွှတ်တော်ကိုယ်စားလှယ် ၃ ဦးသာတက်


|Dawei Watch| မော်လမြိုင်၊ ဇန်န၀ါရီ ၂၁
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဇန်နဝါရီ ၂၁ ရက်က ကျင်းပခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စား လှယ်များနှင့် လူထုအခြေပြု အရပ်ဘက်လူမှုအဖွဲ့အစည်း(CSO)များ တွေ့ဆုံပွဲသို့ လွှတ်တော် ကိုယ်စားလှယ် ၃ ဦးသာ တက်ရောက်ခဲ့သည်။
တွေ့ဆုံပွဲသို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် လေ့လာသူ ၇၀ ကျော် တက်ရောက်ခဲ့ကြသော်လည်း ဖိတ်ကြား ထားသည့် လွှတ်တော်ကိုယ်စားလှယ်များအနက်မှ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေပါတီမှ တစ်ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တစ်ဦးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်ပါတီမှ တစ်ဦး စုစုပေါင်း ကိုယ်စားလှယ် ၃ ဦးသာ တက်ရောက်ခဲ့ ကြသည်။
ယင်းတွေ့ဆုံပွဲအတွက် အနိုင်ရ ကိုယ်စားလှယ် အားလုံးကို ဖိတ်ထားသည်ဟု ဖွံ့ဖြိုးမှုမဏ္ဍိုင်အဖွဲ့မှ Program Coordinator ကိုမင်းဝင်းဗိုလ်က ပြောသည်။
“ဒီနေ့ပွဲမှာတော့ လူထုတွေက ကိုယ်စားလှယ်အားလုံး ပြည့်ပြည့်စုံစုံ မတက်ရောက်တဲ့အတွက် မြင်တာကတော့ သိပ်စိတ်မ ကောင်း ဖြစ်တဲ့အနေအထားမျိုးတော့ တွေ့ရတယ်၊ ကျွန်တော့်အနေနဲ့ ကိုယ်စားလှယ်တွေအနေနဲ့လည်း CSOတွေ တင်ပြချက် တွေ၊ ချိတ်ဆက်ဆောင်ရွက်မှုတွေ အလေးထားဆောင်ရွက်ဖို့ အင်မတန်အရေးကြီးတယ်လို့ မြင်တယ်၊ NLD အနေနဲ့လည်း နောက်နောင် CSO တွေနဲ့ ဒီထက်မက ပိုပြီးတော့ ချိတ်ဆက်ဆောင်ရွက်နိုင်အောင်လည်း လုပ်သင့်တယ်လို့ မြင်တယ်” ဟု အရွေးချယ်ခံရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ ရွေးကောက်ခံကိုယ်စားလှယ် ၄၅ နေရာရှိသည့်အနက်  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ  ကိုယ်စားလှယ် ၄၀ နေရာ အများဆုံးအနိုင်ရရှိထားပြီး မွန်အမျိုးသားပါတီက ၃ နေရာ၊ မွန်ဒေသလုံးဆိုင်ရာဒီ မိုကရေစီပါတီက ၁ နေရာနှင့် ပြည်ခိုင်ဖြိုးပါတီက ၁ နေရာ အနိုင်ရရှိထားကြသည်။
မွန်ပြည်နယ်အတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် လာမည့်အစိုးရသစ် လွှတ်တော်အသစ်တွင် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုရရှိနိုင်ရန်အတွက် ရည်ရွယ်ကာ အရွေးချယ်ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်တို့နှင့် တွေ့ဆုံခြင်း ဖြစ်သည်ဟု ကိုမင်းဝင်းဗိုလ်က ပြောသည်။
ယခုတွေ့ဆုံပွဲတွင် တက်ရောက်သူ အားနည်း ခဲ့သော်လည်း နောင်တွင် ကျင်းပပြုလုပ်မည့် တွေ့ဆုံပွဲများတွင် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်လာနိုင်ရန် ဆက်လက် ကြိုးပမ်းသွားမည်ဟု ကိုမင်းဝင်းဗိုလ်က ပြောသည်။
ယခုတွေ့ဆုံပွဲသည် လွှတ်တော်နှင့် ပြည်သူကြား အစိုးရနှင့် ပြည်သူကြား ချိတ်ဆက်ဆောင်ရွက်မည့် လမ်းစတစ်ခုဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးအဖြေရှာ သုံးသပ်ကြမည်ဆိုပါက ပိုပြီးကောင်းမွန်သည့် လမ်းကြောင်းတစ်ခုရရှိလာမည်ဟုလည်း ၄င်းက ပြောသည်။

Dawei Watch

လိပ်ကျွန်း လူသတ်မှု အယူခံ အချိန်တစ်လ တိုးရ


၆၃ မျက်နှာ ပါ သေဒဏ် စီရင်ချက် ကို အကောင်းဆုံး ဖြေရှင်း တုံ့ပြန် နိုင်ဖို့ အချိန် ထပ်မံ လိုအပ် ရတာ ဖြစ်။
ထိုင်း နိုင်ငံ တောင်ပိုင်း ကော်တောင်ကျွန်း ပေါ် ဗြိတိန် နိုင်ငံသား ၂ ဦး အသတ် ခံခဲ့ရမှုမှာ သေဒဏ် ချမှတ် ခံထားရတဲ့ မြန်မာ နိုင်ငံသား နှစ် ဦး ကို စီရင် ချက် ချပြီး တစ်လ အတွင်း အယူ ခံ ဝင်ရမယ်လို့ သတ်မှတ် ထားခဲ့ ပေမယ့် အခုတော့ အယူခံ ဝင်နိုင်တဲ့ နောက်ဆုံးရက် သတ်မှတ် ချက် ကို ထိုင်း တရားရုံးက နောက်ထပ် တစ်လ အချိန် တိုး ပေး လိုက် ပါတယ်။

အယူခံ မှာ တင်ပြမယ့် အချက် အလက် တွေ အပြည့်အစုံ ပြင်ဆင် နိုင်ဖို့ရာ ထိုင်း တရားရုံး ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့က လျှောက်ထား ခဲ့တာ မှာ အခုလို အချိန် တစ်လ ပိုရရှိ လာတာ ဖြစ်တယ် လို့ အယူ ခံ တင်မယ့် ဇော်လင်းနဲ့ ဝင်းဇော်ထွန်း တို့ရဲ့ ရှေ့နေ အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်နေသူ ဦးစိန်ဌေး က ဘီဘီစီ ကို ပြောပါတယ်။

၆၃ မျက်နှာ ပါရှိတဲ့ သေဒဏ် စီရင်ချက် ကို အကောင်းဆုံး ဖြေရှင်း တုံ့ပြန် နိုင်ဖို့ အခုလို အချိန် ထပ်မံ လိုအပ် ရတာ ဖြစ်ပြီး၊ အချိန် တစ်လ ပိုရလာ တဲ့ အတွက် ဒီအဲန် အေ စမ်းစစ်ချက် အပါအဝင် မှုခင်း ဆေးသိပ္ပံ ဆိုင်ရာ ကျွမ်းကျင်သူ တွေ နဲ့ ရှေ့နေ အဖွဲ့ ပိုပြီး အချိန်ယူ ဆွေးနွေး တိုင်ပင် လာနိုင် မှာ ဖြစ်တယ်လို့လည်း ဦးစိန်ဌေး က ဆိုပါတယ်။

ကနဦး အယူခံ တစ်လ သတ်မှတ်ချက် ဟာ အခုလ ၂၄ ရက် နေ့ ဆိုရင် ပြည့်ပြီ ဖြစ်ပြီး အခုတော့ နောက်တပ် တစ်လ အချိန် ပို ရလာ တာ ဖြစ်ပါတယ်။

BBC Burmese

Friday, January 22, 2016

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ မူဝါဒနှင့် အသွင် ကူးပြောင်းရေး ကိစ္စများကို ဒေါ်အောင်ဆန်းစုကြည်မှ တပါး အခြား ပြောရေး ဆိုခွင့်မရှိဟု ထုတ်ပြန်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အားတွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

    အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ မူဝါဒနှင့် အသွင်ကူးပြောင်းရေး ကိစ္စများကို အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ တပါး အခြား ပုဂ္ဂိုလ်များအနေဖြင့် ပြောရေး ဆိုခွင့်မရှိဟု ယနေ့ ဇန်နဝါရီလ ၂၂ ရက်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန် ကြေညာလိုက်သည်။

အဆိုပါ အဖွဲ့ချုပ်သည် လက်ရှိ အခြေအနေတွင် သိမ်သိမ်မွေ့မွေ့ဖြင့် လုပ်ကိုင် ဆောင်ရွက်နေသည့် အချိန်ကာလဖြစ်သဖြင့် မူဝါဒနှင့် အသွင်ကူးပြောင်းရေး ကိစ္စများကို အခြား ပုဂ္ဂိုလ်များအနေဖြင့် ပြောရေး ဆိုခွင့်မရှိဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ နေရာအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဝင်းမြင့်နှင့်  အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ နေရာအတွက် ကရင်တိုင်းရင်းသား မန်းဝင်းခိုင်သန်း ကို လျာထားကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ယခု ထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

(Xinhua)

Thursday, January 21, 2016

ထားဝယ်မြို့တွင် ပစ္စတိုသေနတ်(၁)လက်နှင့် စိတ်ကြွရူးသွပ်ဆေးပြား (၁၄၃၆)ပြား၊ ICE(၁၂)ဂရမ် ဖမ်းဆီးရမိ





တနင်္သာရီ၊ ဇန်န၀ါရီ- ၂၁
ဇန်န၀ါရီ ၂၀ ရက် ၂၂၃၀ ချိန်က ထားဝယ်မြို့နယ်ရဲတပ်ဖွှဲ့မှူး ဦးစီးတပ်ဖွှဲ့ဝင် များသည် သတင်းအရ သက်သေများနှင့်အတူ ထားဝယ်မြို့၊ ဥဿရံရပ်ကွက်၊ မြို့ပတ်လမ်းရှိ သီဟနိုင်(ခ)ညီငယ် (၂၃)နှစ် ၏ နေအိမ်သို့ဝင်ရောက်ရှာဖွေခဲ့ရာ သီဟနိုင်(ခ)ညီငယ် အားမတွေ့ရှိ ရဘဲ နေအိမ်အပေါ်ထပ် တွင် လောင်းလုံးမြို့နယ်၊ မောင်းမကန် ရွာနေသူများဖြစ်သည့် ဇော်သန်းထိုက်၊ (၂၂)နှစ်နှင့် မောင်လွှမ်း (၂၆)နှစ်၊ ထားဝယ်မြို့နယ်၊ ကြက်စားပြင်ရပ်ကွှက်နေ မျိုးလင်းဟန်(၃၂)နှစ်နှင့် သီဟနိုင်၏ ဇနီး မကေသီစိုး (၂၁)နှစ်တို့(၄)ဦး အားတွေ့ ရှိရသည်။
၎င်းင်းနေအိမ်အပေါ်ထပ် နောက်မီးဖိုဆောင်ခန်းမှ စက္ကူဗူးအတွင်း ပလပ်စတစ် ကပ်ခွါအိတ် အပြာရောင်ဖြင့်ထည့်ထားသော WYစာတမ်းပါ ပန်းရောင် စိတ်ကြွှရူးသွပ် ဆေးပြား (၂၀၀)ပြားပါ(၆)ထုပ်၊ (၁၃၅)ပြား ပါ(၁)ထုပ်နှင့် ပလပ်စတစ် အဖြူရောင် ဖြင့်ပတ်လျက် မျက်မှန်ဗူးခွံအတွင်းမှ မက်သာအဖက်တမင်း (အိုက်စ်) ဟုယူဆရသော အဖြူရာင်ပုံဆောင်ခဲ (၁၆)တောင့် (၁၂)ဂရမ်၊ ငွေစက္ကူရောရာ (၁ ,၁၇၀ ,၀၀၀)ကျပ်၊ .45 ကျည် (၁၂)တောင့်နှင့် နေအိမ်အောက်ရှိ ခရီးဆောင် အနီရောင်လွှယ်အိတ် အတွင်းမှ (USA) ထုတ် COLT-45-AUTO စတီးရောင် ပစ္စတိုသေနတ် (၁)လက် (ကျည်အိမ် အတွှင်း ကျည် ၇ တောင့်ပါ)၊ ပလတ်စတစ် ကပ်ခွါအိတ်အကြည်ဖြင့် ထည့်ထားသည့် WYစာတမ်းပါ စိတ်ကြွှရူး သွပ်ဆေးပြား (၁၀၁)ပြား ထပ်မံတွေ့ရှိသဖြင့် စုစုပေါင်း စိတ်ကြွှရူးသွပ်ဆေးပြား (၁၄၃၆)ပြားနှင့် နေအိမ်အောက်မှ မူးယစ်ဆေးဝါးများ ရောင်းချရာတွှင် အသုံးပြုသည့် ဆိုင်ကယ်(၄)စီး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
လက်နက်ခဲယမ်းအသုံးပြုပီး စိတ်ကြွှရူးသွှပ်ဆေးပြား များ အား ရောင်းချရန် လက်ဝယ်ထားရှိသူ ဇော်သန်းထိုက်၊ မောင်လွှမ်း၊ မျိုးလင်းဟန်၊ မကေသီစိုး (ဖမ်းမိ)တို့(၄)ဦးနှင့် သီဟနိုင် (ခ)ညီငယ် (တိမ်းရှောင်)တို့အား မမစ(ထ၀) မယ(ပ) ၄/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁/၂၂(ခ)အရ အရေးယူ ဆောင်ရွှက် ထားရှိကြောင်း သတင်းရရှိသည်။
(Tanintharyi Police Facebook )

တရုတ်တွင် မြူနှင်းများကျပြီး အအေးဒဏ် အပြင်းအထန် ခံစားနေရ (ရုပ်သံ)



တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလောင်းကျန်းပြည်နယ်အတွင်း တချို့ဒေသတွေမှာ အပူချိန်က ရေခဲမှတ်အောက် အနုတ် ၄၅ ဒီဂရီ စဲလ်စီးယပ်ထိ ကျဆင်းနေလို့ ဒေသခံတွေက ကိုက်ခဲနေအောင် အေးတဲ့ အအေးဒဏ်နဲ့ နှင်းကျတာတွေကို ခံစားနေရပါတယ်။
ခင်ဂံတောင်ဒေသ ဟူကျိုးခရိုင်ထဲမှာ ဇန်န၀ါရီ ၂၀ ရက်နေ့က အပူချိန် ရေခဲမှတ်အောက် အနုတ် ၄၅ ဒသမ ၄ ဒီဂရီ စဲလ်စီးယပ်ရှိပြီး မြူတွေ ကျဆင်းနေပါတယ်။
အေးခဲနေတဲ့ ရာသီဥတုထဲမှာ ရေပန်းကထွက်တဲ့ ရေနွေးတွေ ချက်ချင်း ရေခဲမြူ ဖြစ်သွားခဲ့တာပါ။
တရုတ်နိုင်ငံရဲ့ အအေးဆုံးနေရာတွေထဲက တခုအဖြစ် သိကြတဲ့ ဒီခရိုင်ထဲမှာ နှစ်စဉ် ရေခဲမှတ်အောက် အနုတ် ၄၀ ဒီဂရီ စဲလ်စီးယပ်စ်အောက် အပူချိန် ကျဆင်းတဲ့ရက် ပျမ်းမျှ တနှစ်ကို ရက် ၃၀ လောက် ရှိပါတယ်။
လောလောဆယ်တော့ တရုတ်အနောက်ပိုင်း ရှင်းကျင်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော် အုရမ်းကီးမှာ ဇန်န၀ါရီ ၁၈ နဲ့ ၁၉ ရက်နေ့တွေက နှင်းကျခဲ့လို့ ယာဉ်ကြော အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။
သောင်တင်နေတဲ့ ကားတွေကို ကူညီဖို့ နှင်းဖုံးတောင်တလျှောက်က အမှတ် ၂၁၆ အမျိုးသား အဝေးပြေးလမ်းပိုင်းကို ဒေသခံရဲတွေက ကင်းလှည့်နေခဲ့ရပါတယ်။
ီDVB

ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးညီလာခံ မနက်ဖြန် စတင်မည်






ဘာသာရေးအဆုံးအမနဲ့ အေးချမ်းတဲ့ ကမ္ဘာကိုဖော်ဆောင်ဖို့ ရည်ရွယ်တဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးညီလာခံကို စစ်ကိုင်းမြို့ရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ မနက်ဖြန် စတင်ကျင်းပဖို့ ရှိနေပါတယ်။
ဇန်န၀ါရီ ၂၂ရက်ကနေ ၂၅ ရက်ထိကျင်းပမယ့် ၄ ရက်ကြာ  ဒီညီလာခံမှာ နိုင်ငံပေါင်း ၅၀ ကျော်က ဘာသာရေးပညာရှင် ၂၀၀ လောက်နဲ့ လေ့လာသူတွေအပါအ၀င် ၇၀၀ လောက်တက်ရောက်မယ်လို့ နိုင်ငံပိုင်မီဒီယာတွေမှာ သတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – သီတဂူသာသနာပြုအဖွဲ့ဝင်များ

စတုတ္ထတန်းနှင့် အဋ္ဌမတန်းအတန်း၏ ကုစားသည့်စနစ်ကို ယခုနှစ်မှစတင်ပြီး မထားရှိတော့ရန် ပညာရေးဝန်ကြီးဌာနက တရားဝင်ညွှန်ကြား



အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင်စာမေးပွဲတွင် ကျရှုံးပါက ပြန်လည် ကုစားသည့်စနစ်ကို ယခုပညာသင်နှစ်မှ စတင်ပြီး မထားရှိတော့ရန် ပညာရေးဝန်ကြီးဌာနက တရားဝင် ညွှန်ကြားလိုက်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွ င်ဇန်န၀ါရီလ ၈ ရက်နေ့က ကျင်းပခဲ့သော ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး မှတ်တမ်း (၁/၂၀၁၆) အကြောင်းအရာ (၆) သဘောတူညီချက်အရ စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကုစားစစ်ဆေးခြင်းကို ၂၀၁၅-၁၆ ပညာသင်နှစ်မှ စတင်ပြီး ဆောင်ရွက်ခြင်း မပြုရန် တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေး မှူးရုံးများ သို့ ယခုလ ၁၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ညွှန်ကြားထားကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“ပညာရှင်တွေနဲ့ ညှိနှိုင်းပြီးတော့မှ ထုတ်ပြန်တာ ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူ တွေရဲ့ ပညာရေး အရည်အသွေးအတွက် ကုစားကို မထားရှိဖို့ ပညာရှင်တွေက ဆွေးနွေး အကြံပြုကြပါတယ်။ ပထမတစ်နှစ်မှ ထားလိုက်တယ် ဆိုတာကလည်း လုပ်ခါစနှစ်ဖြစ်တဲ့အတွက် ကလေးတွေ နစ်နာမှာစိုးတဲ့အတွက် ကုစားကို ထားရှိပေးလိုက်တာပါ။ အခုနှစ်ကတော့ ဆရာတွေရဲ့ သင်ကြားမှု ကျောင်းသားတွေရဲ့ ကြိုးစားမှုတွေက အများကြီး တိုးတက်ဖို့ လိုသွားပါပြီ” ဟု ပညာရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌမတန်းတို့ကို ကုစား ဖြေဆိုမှု မထားရှိတော့သည့်အတွက် ကျောင်းသားကျောင်းသူများသည် အတန်းတင် စာမေးပွဲတွင် အဆင့်သတ်မှတ်ချက်ဖြစ်သည့် အဆင့် A, B, C, D တွင် အဆင့် D ရရှိပါက စာမေးပွဲကျရှုံးမည် ဖြစ်ကြောင်း သိရသည်။

စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲများကို အခြေခံပညာ စတုတ္ထတန်း နှင့် အဋ္ဌမတန်းတို့၏ နှစ်ဆုံး စာမေးပွဲရက်မှာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၉ နာရီမှစတင် ကျင်းပမည်ဖြစ်ပြီး ၂၀ ရက်နေ့အထိ ဖြေဆိုရန် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

သတင်း - သူရိယ
The Ladies News Journal

ဟိမ၀န္တာဒေသတွင် ကိန်းဝပ်စံပယ်သော ဗုဒ္ဓမြတ်စွာ၏ အရိုးဓါတ်တော်များ မန္တလေးသို့ ရောက်ရှိ




ဇန်န၀ါရီ ၂၁ ။

ဟိမ၀န္တာဒေသတွင် ကိန်းဝပ်စံပယ်သော ဗုဒ္ဓမြတ်စွာ၏ အရိုးဓါတ်တော်များသည် ယနေ့ဇန်န၀ါရီ ၂၁-ရက်မွန်း လွဲပိုင်းက မန္တလေးသို့ အိန္ဒိယနိုင်ငံမှ လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိလာပြီး Hotel United Mandalayတွင်ခေတ္တသီတင်းသုံး တော်မူပြီးနောက် စစ်ကိုင်းသီတဂူ ဗုဒ္ဓတက္ကသိုလ်သို့ ပင့်ဆောင်ခဲ့ကြောင်းသိရသည်။

အရိုးဓါတ်တော်ကို ဖူးမျှော်နိုင်ရန်အတွက် အပူဇော်ခံမည်ဖြစ်ပြီး ၂၁-ရက်နှင့်၂၂-ရက်တွင် စစ်ကိုင်း ဗုဒ္ဓ တက္ကသိုလ်၊ ၂၂-ရက်နေ့ ညနေပိုင်းတွင် စစ်ကိုင်းကောင်းမှုတော်၊ ၂၃-ရက်နေ့တွင် မန္တလေး မဟာမြတ်မုနိ၊မိုးကောင်းဓမ္မာရုံ၊ ၂၄-ရက်နေ့တွင် မန္တလေးသုဓမ္မာကျောင်းတော်၊၂၅-ရက်တွင် နေပြည်တော် ဥပါတသန္တိ စေတီတော်၊၂၆-ရက်နေ့တွင် တောင်ငူမြို့ရွှေဆံတော်ဘုရား၊၂၇-၂၈-ရက်နေ့များတွင် ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော်တို့တွင် သီတင်းသုံး ပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းမြို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် တိဗက်ဘုန်းတော်ကြီးများနှင့် နိုင်ငံအသီးသီးမှ ဘာသာရေး ခေါင်းဆောင်များတက်ရောက်ကြမည့် ကမ္ဘာ့ဗုဒ္ဓဘာသာငြိမ်းချမ်းရေးညီလာခံကို ၂၂-ရက်မှ ၂၃-ရက်နေ့ထိ
သုံးရက်ကြာကျင်းပမည်ဖြစ်ပြီး ဗုဒ္ဓအရိုးဓါတ်တော်များ ပင့်ဆောင်ပူဇော်ခံခြင်း ဖြစ်သည်ဟုဆိုသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

လက်ပံတောင်းတောင် ဒေသခံများ သီးနှံလျော်ကြေးပေးရန် ကျိန်စာတိုက်ကာ ဆန္ဒထုတ်ဖော်


 စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ်တွင် တည်ရှိသည် လက်ပံတောင်းတောင်တွင် ကြေးနီတူးဖော်ရေး စီမံကိန်း ပြုလုပ်နေသည့် ဝမ်ပေါင်ကုမ္ပဏီနှင့် ဦးပိုင်ကုမ္ပဏီတို့အား ဒေသခံ ၁၂၀ ကျော်က သီးနှံလျော်ကြေးမပေးသည့်အတွက် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ထပ်မံဆန္ဒထုတ်ဖော်ကြသည်။

“၃၇ မင်း ဒီနေရာ ဒီဌာနတို့ ကြွရောက်ပြီး ကျွန်မတို့ လယ်ယာမြေတွေကို သိမ်းဆည်းထားတဲ့ တရုတ် ဝမ်ပေါင်နဲ့ ဦးပိုင်တို့မှ လူတွေကို စီရင်ပေးပါ။ ကျွန်မတို့ ဒုက္ခရောက်ခဲ့သလို ဒီလူတွေလည်း ဒုက္ခနဲ့ ကြုံတွေ့ပါစေ။ မြေယာနဲ့ တောင်တွေကိုဖြိုကျနေတဲ့ သူတွေကိုလည်း ဒုက္ခနဲ့ ကြုံပါစေ” ဟု ဆန္ဒထုတ်ဖော်သူများက
ပြောခဲ့ကြသည်။

တရုတ်ဝမ်ပေါင် ကုမ္ပဏီနှင့် ဦးပိုင်ကုမ္ပဏီတို့ ဘက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းလိုကြောင်း တောင်းဆို နေကြသော်လည်း ထူးခြားမှုမရှိကြောင်းဒေသခံများထံမှ သိရသည်။

"ကျွန်မတို့က သီးနှံလျော်ကြေးငွေ လိုချင်တာပါ။ တစ်နှစ်တစ်ကြိမ် ပေးပါမယ်လို့စာချုပ်မှာ ပါတယ်။ ဒါကို ဦးပိုင်နဲ့ တရုတ်ဝမ်ပေါင်က ပျက်ကွက်တာပါ။ ဒါကြောင့်မို့အခုလို ဆန္ဒဖော်ထုတ်ပြီး တောင်းဆိုရတာ ဖြစ်ပါတယ် " ဟု တုံရွာမှ ဒေါ်မာချိုကပြောသည်။

လက်ပံတောင်းတောင် ဒေသခံများ၏ ဆန္ဒထုတ်ဖော်ပွဲကို ဇန်နဝါရီ ၂၀ ရက်နေ့နေ့လယ် ၂ နာရီ ၃၀ မိနစ်အချိန်တွင် ပြုလုပ်ခဲ့ပြီး ဆင်တည်းရွာ၊ တုံရွာမ၊ တုံအလယ်တော၊ တုံတောကျောင်း၊ တုံရွာမ၊ တုံရွာသစ်၊ တုံလယ်တီ၊ရွှေလှေကျေးရွာတို့မှ တောင်သူ ၁၂၀ ကျော်ပါဝင်ကြောင်း သိရသည်။

အဆိုပါ ဒေသခံများသည် ဇန်နဝါရီလ ၁၈ ရက်က စတင်ဆန္ဒထုတ်ဖော် နေကြခြင်းဖြစ်သည်။

သတင်း - MMK
The Ladies News Journal

KIO ခေါင်းဆောင်ပိုင်း အပြောင်းအလဲအတွက် အရေးပါသည့် ဗဟိုကော်မတီ အစည်းအဝေး ယနေ့စတင်

ယာစွန် ဗိုလ်ချုပ်ကြီးအန်ဘန်လ ၊ ဘယ်စွန် စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဂမ်ရှောင်
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ ခေါင်းဆောင်ပိုင်း အပြောင်းအလဲအတွက် အရေးပါသော ဗဟိုကော်မတီ အစည်းအဝေး တစ်ရပ်ကို ဇန်န၀ါရီ ၂၁ ရက် (ယနေ့တွင်) စတင်ကျင်းပ လျက်ရှိကြောင်း အမည်မဖော်လိုသူ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ အကြံပေးပုဂ္ဂိုလ် တစ်ဦးက The Ladies သို့ပြောသည်။

" ဒီကနေ့ ဇန်န၀ါရီလ ၂၁ မှာ အစည်းဝေး စနေပြီ " ဟု အဆိုပါ အမည်မဖော်လိုသည့် အကြံပေးပုဂ္ဂိုလ်က ပြောသည်။

ဌာနချုပ်လိုင်ဇာတွင် ကျင်းပသည့် ယင်းအစည်းဝေးသို့ ချင်းမိုင် UNFC တိုင်းရင်းသား တပ်ပေါင်းစု ရုံးသို့ နေရာခေတ္တ ပြောင်းရွှေ့ခံထားရသည့် ဗိုလ်ချုပ်ဂွန်မော်ပါ တက်ရောက်နေသည်ဟု သိရသည်။

လက်ရှိ ဥက္ကဋ္ဌဖြစ်သူ ဦးဇောင်းဟရားမှာ အသက်ရွယ် ကြီးမြင့်လှပြီ ဖြစ်သောကြောင့် မူလကတည်းက အနားယူရန် အစီအစဉ်ရှိသည်ဟု သိရပြီး ၄င်း၏နေရာကို မည်သူဆက်ခံမည် ဆိုသည်ကို ယခု အစည်းဝေးတွင် တရားဝင် ဆုံးဖြတ်သွားဖွယ်ရှိနေသည်။

ယင်းအပြင် မကြာသေးခင်က ကေအိုင်အေအတွက် စစ်ဦးချုပ်နှစ်ဦးကို ခန့်အပ်ခဲ့သည့် အတွက် လက်ရှိစစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးဂမ်ရှောင်က မည်သို့ဖြစ်မည် ၊ ယခင် ဒုတိယ စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်ဂွန်မော်က မည်သည့် ရာထူးသို့ ပြောင်းရမည် ဆိုသည်ကို ယခုအစည်းဝေးတွင် ဆုံးဖြတ်ရမည် ဖြစ်သည်။

ဗိုလ်ချုပ် ဂွန်မော်မှာမူ ပေါင်းသင်း ဆက်ဆံရေးကောင်းမွန်မှု ၊ ပညာတတ်ဖြစ်မှုတို့ကြောင့် နောက်ပိုင်း နှစ်များအတွင်း ကချင်လူထုအတွင်း သြဇာကြီးမားလာသည့် ပညာတတ် ခေါင်းဆောင် တစ်ဦးဖြစ်ပြီး မြန်မာပြည်မ နိုင်ငံရေး အသိုင်းဝိုင်းတွင် သာမက နိုင်ငံတကာနှင့်ပါ ၀င်ဆံ့လာနိုင်သော ခေါင်းဆောင်တစ်ဦး ဖြစ်လာနေသူတစ်ဦးလည်း ဖြစ်သည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ကေအိုင်အေ ခေါင်းဆောင်ပိုင်း အတွင်းသဘောထား ကွဲလွဲမှုများ ရှိသည်ဆိုသည့် ကောလာဟလများ ထွက်ပေါ်ခဲ့ဖူးပြီး အဆိုပါ ကောလာဟလ ထွက်ပေါ်နေချိန်တွင် ကေအိုင်အို ဒုတိယ ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအန်ဘန်လမှာ “၀” ဌာနချုပ် ပန်ဆန်းတွင် ရှိနေသလို ဒုတိယ စစ်ဦးစီးချုပ်
ဗိုလ်ချုပ်ဂွန်မော်မှာ ထိုင်းနိုင်ငံ ချင်းမိုင်တွင် ရောက်ရှိနေခဲ့သည်။

ယခုနောက်ပိုင်း နိုင်ငံတကာ ဆက်ဆံရေးနှင့် ပထ၀ီနိုင်ငံရေး အခြေနေအရ တရုတ်နှင့် နီးစပ်သော အုပ်စုနှင့် အမေရိကန် အပါအ၀င် အနောက်နှင့်နီးစပ်သော တိုင်းရင်းသားအုပ်စုဟူ၍ ရှိနေရာ ယခု ဗဟိုကော်မတီ အစည်းဝေးတွင်လည်း ကေအိုင်အေ အနေနှင့် ရေရှည်ရပ်တည်ရေးအတွက် မည်သည့် အုပ်စုနှင့် အဓိကထား ဆက်ဆံမည်ဆိုသည်ကို ဆုံးဖြတ်ဖွယ် ရှိသည်ဟု ကေအိုင်အိုနှင့် နီးစပ်သည့် တိုင်းရင်းသားအရေး လေ့လာနေသူတစ်ဦးက ပြောသည်။

"အခုနောက်ပိုင်းမှာ တရုတ်နဲ့နီးသူ အနောက်အုပ်စုနဲ့ နီးတဲ့အဖွဲ့ဆိုပြီး ရှိလာတယ် ။ “၀” ရဲ့ ကြွယ်ဝ မှုအခြေအနေအရ ပန်ဆန်းဗဟိုပြု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ လှုပ်ရှားမှုကလည်း ရှိလာတယ်။ ပြီးတော့ ကေအိုင်အိုက တိုင်းရင်းသား တပ်ပေါင်းစု UNFC မှာခေါင်းဆောင်လည်းဖြစ်တော့ ကေအိုင်အို ခေါင်းဆောင် အပြောင်းအလဲက တိုင်းရင်းသားအရေး အတွက်ပါလာပြီး အဆုံးဖြတ်ပေးမယ့် သဘော ရှိနေတဲ့အပြင် သူတို့ထဲမှာတင်ဖြစ်တဲ့ လက်မှတ်ထိုးတဲ့ အုပ်စု မထိုးသေးတဲ့ အုပ်စုနှစ်စုအကြား သဘောထား ၊ အရှေ့အုပ်စုလား အနောက်အုပ်စုလား ဆိုတဲ့ သဘောထားတွေကို ဒီအစည်းဝေးက အဆုံးအဖြတ် ပေးသွားမယ်ထင်တယ် " ဟု အဆိုပါ အမည်မဖော်လိုသည့် ပုဂ္ဂိုလ်က ပြောသည်။

ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်ဂွန်မော်မှာ ၂၀၁၄ ခုနစ်က အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ခဲ့ဖူးသည်။ ၂၀၀၅ခုနစ်က စစ်အစိုးရ၏ အမျိုးသား ညီလာခံကို လက်ခံပြီး တပ်ဖွဲ့အား နိုင်နင်း အောင်ကိုင်တွယ်နိုင်မှု မရှိဟုဆိုတာ ယင်းကာလတွင် ကေအိုင်အို ဥက္ကဋ္ဌ အဖြစ်
တာဝန်ထမ်းဆောင်နေသူ ဗိုလ်ချုပ်ကြီးဇော်မိုင် နှင့် အဖွဲ့အား ဗိုလ်ချုပ်အန်ဘန်လ ဦးဆောင်သည့် အဖွဲ့က အာဏာသိမ်းမှု ဖြစ်ပွားခဲ့ဖူးပြီး ယင်းနာက်ပိုင်းတွင် ရှေ့မီနောက်မီ ဖြစ်သည့် ဦးဇောင်းဟရားအား ကေအိုင်အို ဥက္ကဋ္ဌအဖြစ် အာဏာသိမ်းပွဲ ဦးဆောင်သူများမှ တင်မြှောက်ထားခြင်း ဖြစ်သည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal

ကြိုတင် ပေါ်ထွက်လာသည့် လွှတ်တော် ဥက္ကဌ အမည်စာရင်း NLD ပါတီ၏ဗဟိုကော်မတီ ဆုံးဖြတ်ချက်မဟုတ်ဟုဆို


နေပြည်တော်၊ ဇန်နဝါရီ ၂၁

အမျိုးသားဒီမိုကရေစိအဖွဲ့ ချုပ် မှ အနိုင်ရကိုယ်စားလှယ်အများစုတက်ရောက်ရမည့် အမျိုးသားလွှတ်တော် နှင့် ပြည်သူ့ လွှတ်တော် အတွက် ဥက္ကဌနေရာရာထူးများ ကြိုတင်ထွက်ပေါ်နေသည့် အမည်စာရင်းမှာ ပါတီ၏ ဗဟိုကော်မတီဆုံးဖြတ်ချက်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှု ဆောင် ဦးဝင်းထိန်က ပြောသည်။

ယခုကဲ့သို့ ပါတီဗဟိုကော်မတီ၏ဆုံးဖြတ်ချက် မပါသည့် လွှတ်တော်ဥက္ကဌ နှင့် ဒုတိယဥက္ကဌနေရာ စုစုပေါင်း လေးနေရာအတွက် အမည်စာရင်းထွက်ပေါ်လာမှုအပေါ် သတင်းထုတ်ပြန်ခဲ့သည့် မီဒီယာအဖွဲ့ ထံ ပြန်လည်မေးထားသည်ဟု ဦးဝင်းထိန်ကပြောသည်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးဥာဏ်ဝင်းကြေငြာတာနဲ့ ပတ်သက်လို့ သဘောထားကတော့ CEC ရဲ့ ဆုံးဖြတ်ချက် မပါတဲ့အတွက်ကြောင့် ဘယ်လိုဖြစ်သလဲဆိုတာ ပြန်မေး ထားပြီးပြီ” ဟု ၄င်းကဆိုသည်။

ပြည်သူ့လွှတ်တော်ဥက္ကဌ နေရာအတွက် လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တာမွေမြို့နယ်မှ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်နေရာတွင် ရွေးချယ်ခံထားရသည့် ဦးဝင်းမြင့် ဒုတိယဥက္ကဌ နေရာအတွက် ကချင်တိုင်းရင်းသားရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် တစ်ဦး နှင့် အမျိုးသားလွှတ်တော်ဥက္ကဌ နေရာအတွက် ဦးမန်းဝင်းခိုင်သန်း ၊ဒုတိယဥက္ကဌနေရာအတွက် ရခိုင်အမျိုးသားပါတီ မှ ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦး ရွေးချယ် ထားသည်ဟု ပြည်ပ မီဒီယာ တစ်ခုက သတင်းထုတ်လွှင့်မှုခဲ့သည့် အပေါ် ဦးဝင်းထိန်ကတုံ့ ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဒီလိုရာထူးကို CEC ဆုံးဖြတ်ချက် နဲ့ လွှတ်တော်ဥက္ကဌတွေကို အသိပေးပြီးတော့မှ ကြေငြာမယ်” ဟု ဦးဝင်းထိန် က ပြောသည်။

ရာထူးတာဝန် နေရာ အတွက် လူရွေးချယ်ရာတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ကာ ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီများ သေချာစွာ စိစစ်ရွေးချယ်ထားသည် ဟုဦးဝင်းထိန်ကပြောသည်။

“ရွေးပုံရွေးနည်းကလည်း အမျိုးသားရင်ကြားစေ့ရေးရယ်၊ တိုင်းရင်းသားနဲ့ တိုင်းပြည်အကျိုးပြုမယ့် အခြားပါတီ က ဖြစ်ဖြစ် အပြင်ကပဲဖြစ်ဖြစ် အဲ့ဒီလိုရွေးတာ၊ ရွေးတဲ့အခါမှာ တော်တော်သတိထားပြီးရွေးတာ၊ ကြေငြာဖို့ဆို တာ တိုင်ပင်ရတယ်” ဟု ဦးဝင်းထိန်က ပြောသည်။

ထွက်ပေါ်လာခဲ့သည့် သတင်းများ နှင့် ပက်သက်၍ အမျိုးသားဒိမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမစတင်မီ သတင်းထောက်များက မေးမြန်းရာတွင် “ပြောတဲ့သူကိုပဲမေးပါ၊ အဲ့ ဒီကိစ္စအတွက် ပြောစရာမရှိပါဘူး” ဟု ပြန်လည်ဖြေကြားသည်။

ထွက်ပေါ်ခဲ့သည့် သတင်းများတွင် ပြည်သူ့ လွှတ်တော်ဥက္ကဌအဖြစ် လက်ရှိပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တာဝန်ထမ်းဆောင်နေသည့် ဦးဝင်းမြင့် နှင့် အမျိုးသားလွှတ်တော် ဥက္ကဌအဖြစ် ၂၀၁၅ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့သည့် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမန်းဝင်းခိုင်သန်း ဟု အမည်အတိအကျဖြင့် နှစ်ဦးပါဝင်ခဲ့ပြီး ဦးမန်းဝင်းခိုင်သန်းသည် ရာနှင့်ချီသော NLD ပါတီ၏ အနိုင်ရကိုယ်စားလှယ်များအနက် တစ်ဦးတည်း လွှတ်တော်အစည်းအဝေးများသို့  လာရောက်လေ့လာလျက်ရှိသည်။

The Street View

ဦးအေးသာအောင်ကို အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌနေရာအား NLD မှ ကမ်းလှမ်း

 
နိရဉ္စရာ၊ ဇန်န၀ါရီလ ၂၁

ရခိုင်အမျိုးသားပါတီမှ အမျိုးသား လွှတ်တော် နေရာတွင် အနိုင်ရရှိခဲ့သော ဦးအေးသာအောင်အား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသား လွှတ်တော် ဒုဥက္ကဋ္ဌ နေရာအား ကမ်းလှမ်းလိုက်သည်ဟု သိရသည်။

ဤသို့ ကမ်းလှမ်းမှု အပေါ် ရခိုင်အမျိုးသား ပါတီမှ သဘောတူ မတူကို မသိရသေးသော်လည်း များမကြာမီ အကြောင်းပြန်လိမ့် မည်ဟု မျှော်လင့်ကြောင်း အမည် မဖော်လိုသူ NLD တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက AFP သတင်းဌာနသို့ ဇန်န၀ါရီလ ၂၀ ရက်နေ့က ပြောကြား ရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နေရာအား NLD မှ အနိုင်ရထားကြသည့် ဦးဝင်းမြင့် အား ရွေးချယ်ထားသလို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နေရာအား ဦးမန်းဝင်းခိုင်သန်းကို ရွေးချယ် လျာထားကြောင်း ပြောကြားသည်။

လွှတ်တော် ဒုဥက္ကဋ္ဌ နေရာအား တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးကို လျာထားရာ တစ်ဦးမှာ ကချင်တိုင်းရင်းသား တစ်ဦးဖြစ်ပြီး နောက်တစ်ဦးမှာ ရခိုင်အမျိုးသားပါတီမှ ရခိုင်တိုင်းရင်းသား တစ်ဦး ဖြစ်သည်ဟု သိရသည်။

ယင်းနောက်ပိုင်းတွင် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်အား အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ အဖြစ် ကမ်းလှမ်းမှု ထွက်ပေါ် လာခြင်း ဖြစ်သည်။

စစ်တွေတွင် ရောက်ရှိနေသော ဦးအေးသာအောင်အား နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ သူ့အနေဖြင့် ဘာမျှ မသိရသေးကြောင်းနှင့် ယခု ရန်ကုန်သို့ ပြန်ရန် စစ်တွေ လေဆိပ် သို့ ရောက်နေကြောင်း ပြောကြား သည်။

(ဓာတ်ပုံ- နိရဉ္စရာ)
Arakan State