Pages

Friday, June 17, 2016

AA အဖွဲ့နဲ့ ဆက်သွယ်မှု၊ လူငယ် ၁၃ ယောက် ထောင် ၃ နှစ်စီကျ


ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ ဆက်သွယ်ခဲ့တဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံ ထားရတဲ့ လူငယ် ၁၃ ယောက်ကို ဒီကနေ့မှာတော့ စစ်တွေမြို့နယ် တရားရုံးက ထောင်ဒဏ် ၃ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ ရခိုင်တပ်မတော် (AA) နဲ့ ဆက်သွယ်ခဲ့တဲ့ ရခိုင်လူငယ်တွေကိုတော့ မတရားသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) နဲ့ အပြစ်ပေးခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။
မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ မကြာခဏဆိုသလို ဆက်လက်ဖြစ်ပွားနေတဲ့ ရခိုင်တပ်မတော် (AA) ကို ဆက်သွယ်ခဲ့တယ်ဆိုပြီး လွန်ခဲ့တဲ့ ၄ လလောက် ကတည်းက ဖမ်းဆီးထားတဲ့ လူငယ်တွေကို အခုနောက်ဆုံး တရားရုံးက ထောင်ဒဏ် စီရင်ချက်တွေ ချမှတ်ခဲ့တာပါ။
စစ်တွေချက်ပှိုင့်မှာ လုံခြုံရေးတင်းကျပ်စွာရှာဖွေစစ်ဆေးနေစဉ်။
စစ်တွေချက်ပှိုင့်မှာ လုံခြုံရေးတင်းကျပ်စွာရှာဖွေစစ်ဆေးနေစဉ်။
စစ်တွေမြို့နယ် တရားရုံးမှာ ဒီကနေ့ပဲ ရခိုင်လူငယ် ၁၃ ယောက်ကို မတရားသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) အရ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့တာ ဖြစ်တဲ့အကြောင်း အကျိုးဆောင်ရှေ့နေ ဒေါ်အေးနုစိန် ကပြောပါတယ်။ အသက် ၃၀ အောက်အရွယ် လူငယ်တွေဟာ ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်သွယ်ခဲ့ကြောင်း ၀န်ခံခဲ့ကြပြီးနောက် အခုလို စီရင်ချက် ချလိုက်တာလို့လည်း အကျိုးဆောင်ရှေ့နေက ပြောပါတယ်။
" သူတို့ကို စွဲချက်တင်တဲ့အခါမှာ ဝန်ခံတယ်ဆိုတဲ့အနေအထားကိုရောက်သွားတယ်။ ဝန်ခံတော့ ပြစ်ဒဏ်ချမှတ်ခြင်း ခံရတဲ့သူတွေကတော့ အယူခံတက်ခွင့်မရှိတော့ဘူး။ သူတို့ကိုစွဲချက်တင်တာကတော့ AA ရခိုင့်တပ်မတော်နဲ့ဆက်သွယ်တယ်ဆိုပြီး စွဲတာပါ။ သူတို့ကတော့ ယုံကြည်ချက်နဲ့ လုပ်တဲ့အလုပ်အပေါ်မှာ ရဲရဲဝင့်ဝင့် ဝန်ခံမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ဝန်ခံလိုက်တဲ့သဘောပါ။ သူတို့ကိုစွဲချက်တင်တဲ့အခါမှာ ဒီလိုငြိစွန်းတဲ့အတွက် မတရားအသင်းနဲ့ဆက်သွယ်တဲ့ ပုဒ်မ ၁၇ (၁) အရ စွဲချက်တင်တယ်။ အပြစ်ရှိလားဆိုတော့ ရှိပါတယ် ပေါ့ ဒီလိုပဲ ပြောကြတာ။ "
ဒါပေမဲ့လည်း သက်ဆိုင်ရာမိသားစုတွေက အကူအညီတောင်းခံခဲ့ရင်တော့ အမှုသည်တွေ သက်သာရာရအောင် ဥပဒေကြောင်းအရ ဆက်လက်ကြိုးပမ်းသွား ဖို့ ပြင်ဆင်နေတယ်လို့လည်း အကျိုးဆောင်ရှေ့နေ ဒေါ်အေးနုစိန် ကပြောပါတယ်။
" အဲ့ကလေးတွေက ဒီလိုထောင်သုံးနှစ်ချမှတ်တာကို ဥပဒေနဲ့အညီ ပြစ်ဒဏ် ကို ပြင်ဆင်မှု တရပ်ပေးပါဆိုရင်တော့ ကျမတို့ ဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိ ပါတယ်။ အဲ့တာတော့ သူတို့ဆွေမျိုးတွေက မေးမြန်းပြီးတော့ လာပြီးတော့ ပြောကြပါလိမ့်မယ်။ ဒီပုဒ်မက အနည်းဆုံး ၂ နှစ် ၊ အများဆုံး ၃ နှစ်ဆိုတော့ ပြစ်ဒဏ်အပေါ်မှာ ပြင်ဆင်မှု တက်လို့ရပါတယ်။ ဝန်ခံထားတဲ့သူတွေက။"
အာဏာပိုင်တွေက တရားမ၀င် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ အသင်းအဖွဲ့တွေနဲ့ ဆက်နွယ်သူတွေအဖြစ် အရေးယူလေ့ရှိတဲ့ မတရားသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) ကိုတော့၊ စစ်အစိုးရတွေ အဆက်ဆက် လက်ထက်မှာ ကတည်းက ကျင့်သုံးလာခဲ့တာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံရဲ့ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည် ကတော့ တိုင်းပြည်မှာ ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းနေတဲ့ အချိန်မျိုးမှာ အခုလို အပြစ်ပေးအရေးယူတာဟာ နောက်ပြန်ဆွဲတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။
" နယ်ချဲ့အစိုးရကနေ မြန်မာနိုင်ငံမှာ သူတို့ကိုတော်လှန်မှာစိုးလို့မတော်လှန်ရဲအောင် ထုတ်ထားတဲ့ ဥပဒေပေါ့လေ။ ဒီဥပဒေမျိုးက အခုသွားနေတဲ့ ဒီမိုကရေစီစနစ်မျိုးနဲ့ဆို မကိုက်ညီတော့ပါဘူး။ ဆက်သုံးနေတာကိုက ဘာကို ပြနေလဲဆိုတော့ မြန်မာနိုင်ငံ မှာ အစိုးရက တော်လှန် တာကို မကြိုက်ဘူးဆိုတဲ့ဟာမျိုးကို သွားပြနေတာကို သက်ရောက်နေတယ်။ နောက်တခုက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး က ဒီဥပဒေက အနှောင့်အယှက် အများကြီးဖြစ်စေပါတယ်။ တိုင်းရင်းသားတွေရဲ့ယုံကြည်မှုကို လျော့ကျ သွားစေပါတယ်။ ဒါကြောင့်မို့လို့ ဒီဥပဒေမျိုးကို အခုအချိန်မှာတော့ မသုံးသင့်တော့ပါဘူး။ ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းမှာတော့ ဒါမျိုးတွေ ဆွေးနွေး တာတွေ ရှိတယ်။ ဒါပေမဲ့ ပြည်ထဲရေးဝန်ကြီးဌာနဘက်က တိုင်းပြည်မှာ မငြိမ်သက်မှုတွေရှိနေသရွေ့ ပုံစံမျိုးနဲ့ ဖြုတ်ဖို့အတွက်ကို ငြင်းထားတယ်။ အဲ့တော့ တကယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ကို တကယ်စဉ်းစားတယ် ဆိုရင် ဒီလိုမျိုး ထောင် ထပ် ချတာမျိုးတွေ လုပ်မယ့်အစား လွှတ်ပေးတာ မျိုးတွေ၊ နောက် ထောင်ထဲမှာ ရှိတဲ့ တခြားတိုင်းရင်းသား တွေ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာက အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူဖြစ်မှာပါ။ ဖမ်းဆီးထားခြင်းကတော့ အနှောင့်အယှက်ပဲဖြစ်စေပါတယ်။ "
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲမှာတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ် တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ခေါ် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) (RCSS/SSA-တောင်ပိုင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ နောက်ထပ် ကရင်လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့တို့ကို မတရားအသင်းအဖြစ်ကနေ အစိုးရက ပယ်ဖျက်ပေးခဲ့တာပါ။
ဒါပေမဲ့လည်း ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကတော့ မြန်မာအစိုးရနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ဖို့ လည်း မျှော်လင့်နေ တာ ဖြစ်ပါတယ်။
VOA

ထိုင်းနိုင်ငံရောက် မြန်မာ ဒုက္ခသည်တွေနဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလ ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ ထိုင်းနိုင်ငံကို သုံးရက်ကြာ သွားရောက်မှာဖြစ်ပြီး ခရီးစဉ်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများစု လုပ်ကိုင်နေကြတဲ့ မဟာချိုင်နဲ့ ထိုင်း-မြန်မာ နယ်စပ် မယ်လဒုက္ခသည်စခန်းတွေကို သွားရောက်မှာဖြစ် ပါတယ်။

မြန်မာရွှေပြောင်းလုပ်သားတွေ၊ ဒုက္ခသည်တွေနဲ့ တွေ့ဆုံပြီးနောက်မှသာ ထိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ရဲ့ ဒါရိုက်တာ ဦးကျော်သောင်း က ပြော ပါတယ်။

"အလုပ်သမားစုစုဝေးဝေး အများကြီးရှိတဲ့နေရာဖြစ်တဲ့ မဟာချိုင်ကအလုပ်သမားတွေနဲ့ တွေ့မှာ ဆိုတာဖြစ်တဲ့အတွက် အဲ့ဒီမဟာချိုင်နယ်မြေမှာပဲ ကျနော်တို့ရှာထားရတာကိုး၊ ၂၃ ရက်နေ့ အလုပ်သမားတွေနဲ့တွေ့မယ်၊ ၂၄ ရက်နေ့ မြန်မာဒုက္ခသည်စခန်းတွေသွားမယ်၊ မလေးရှားအနီး ပတ်ဝန်းကျင် မယ်လဒုက္ခသည်စခန်းဘက်လို့တော့ အကြမ်းအားဖြင့်သိထားတယ်၊ ၂၅ ရက်နေ့မှာ ထိုင်းအစိုးရနဲ့ စကားပြောမယ်လို့ ပြောတယ်၊ ဒီအခင်းအကျင်းကို ကြည့်ခြင်းအားဖြင့် အလုပ်သမားတွေ ဆီကရရှိတဲ့ သတင်းအချက်အလက်ရယ်၊ အဲ့ဒီဒုက္ခသည်စခန်းတွေရဲ့ အခင်းအကျင်းတွေရယ်၊ အကုန်လုံး စုပြုံပြီးတော့မှ ထိုင်းအစိုးရနဲ့ စကားပြောမယ်လို့ ကျနော်တို့ခန့်မှန်းတယ်"

ဒေါ်အောင်ဆန်းစုကြည်နဲ့ မဟာချိုင်က မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံနိုင်ဖို့အတွက် အလုပ်သမား အရေး ဆောင်ရွက်နေသူတွေကို စီစဉ်ပေးဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင် က အကူ အညီတောင်းထားတာကြောင့် စီစဉ်ပေးနေတယ်လို့ ဦးကျော်သောင်းက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း ထိုင်းအစိုးရက မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ရှောင်တခင် ဖမ်းဆီးမှုတွေလည်း ဆက်တိုက်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေဟာ ဥပဒေအရ ထောင် ၄၈ ရက်ကျခံရပြီး လွတ်မြောက်လာတဲ့အခါ ထိုင်း-မြန်မာ နယ်စပ်ကို ပြန်လည်ပို့ဆောင်ခံကြရတယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သား ၅ သန်းခန့်ရှိပြီး တရားဝင်မှတ်ပုံတင်ပြီး အလုပ်လုပ်နေတဲ့ လုပ်သားပေါင်းဟာ ၁. ၅ သန်းသာ ရှိတာဖြစ်ပါတယ်။

RFA Burmese

Thursday, June 16, 2016

ဘန်ကောက် အထည်ချုပ်စက်ရုံ မြန်မာအလုပ်သမားတွေ နစ်နာကြေး ရမည်


ထိုင်းနိုင်ငံဘန်ကောက်မြို့က အထည်ချုပ်စက်ရုံတခုမှာ အလုပ်သမား အခွင့်အရေးတွေ ချိုးဖောက်ခံရတယ်ဆိုပြီး မြန်မာအလုပ်သမား <၄၀၀ ကျော် ဆန္ဒပြခဲ့ကြပြီးနောက် လုပ်ငန်းရှင်က ဘတ်ငွေ ၃ သန်းနီးပါး နစ်နာကြေးပေးဖို့ သဘောတူလိုက်ပါတယ်။ တရားဝင်သတ်မှတ်ထားတဲ့ လုပ်အားခနဲ့ အချိန်ပိုကြေး အပြည့်မရတဲ့ အတွက် မနေ့ကဆန္ဒပြခဲ့ပြီးနောက် အခုနောက်ဆုံး KH အထည်ချုပ် စက်ရုံက နစ်နာကြေးပေး ကျေအေးလိုက်တာပါ။ အပြည့်အစုံကိုတော့ ထိုင်းနိုင်ငံ အခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

 ထိုင်းအစိုးရက တရားဝင် သတ်မှတ်ထားတဲ့ လုပ်ခ နဲ့ ခံစားခွင့်တွေ မပေးဘူး ဆိုပြီး မြန်မာအလုပ်သမား ၄၀၀ ကျော် ဆန္ဒပြခဲ့တဲ့အတွက် လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရာက အခုနောက်ဆုံး စက်ရုံပိုင်ရှင်ဘက်က နစ်နာကြေးပေးဖို့ လက်ခံလိုက်တာ ဖြစ်ပါတယ်။ ထိုင်းအစိုးရက အလုပ်သမားတွေကို တနေ့လုပ်အားခ ထိုင်းဘတ်ငွေ ၃၀၀ နဲ့ တနာရီ အချိန်ပိုကြေး ၅၆ ဘတ်နှုန်း ပေးဖို့ သတ်မှတ် ထားပေမဲ့၊ ဒီအခွင့်အရေးအတိုင်း မပေးတဲ့အတွက် KH အထည်ချုပ် စက်ရုံက မြန်မာ အလုပ်သမားတွေ မနေ့က ဆန္ဒပြခဲ့ကြတာပါ။
ဒီနောက်မှာတော့ လုပ်ငန်းရှင်က နစ်နာကြေးပေးဖို့ ညတွင်းချင်းပဲ အလုပ်ရှင်ဘက်က သဘောတူခဲ့တာ ဖြစ်တဲ့အကြောင်း အလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေတဲ့ AAC အဖွဲ့ တာဝန်ခံ ကိုရဲမင်းက ပြောပါတယ်။
" ည ၈ နာရီ၊ ၉နာရီလောက်မှာ အလုပ်ရှင်နဲ့ အလုပ်သမားခေါင်းဆောင်တွေနဲ့ ကျနော်တို့အဖွဲ့နဲ့ပေါ့နော် ဒီဘက်က ထိုင်းဘက်က ခေါင်းဆောင်တွေ အားလုံး သဘောတူညီမှုအရ ထိုင်းဥပဒေအရ အရင်တုန်းက ၈ကျပ်၊ ၉ကျပ်လောက် ဖောက်ဖျက်ထားတယ်။ အဲ့တာတွေ အကုန်လုံးကို သူ့ဘက်က မှားတယ်ဝန်ခံပြီးတော့ အကုန်လုံးကို ဒီကနေ့ကစပြီးတော့ လုပ်အားခ အပြည့်အဝပေါ့နော်။ လုပ်အားခအပြည့်အဝနဲ့ ခံစားခွင့်တွေ စပေးပြီ။ တနေ့ကို ဘတ်သုံးရာ၊ တနာရီကို ၅၆ဘတ်၊ ပြီးတော့ ရုံးပိတ်ရက်တွေမှာ နှစ်ဆ မရတာတွေ ပြန်ပေးမယ်။ အရင်တုန်းက ဆရာဝန်လက်မှတ်မပါရင် ပိုက်ဆံမပေးဘူး။ နေ့စားခတွေ မပေးဘူး။ အခု ဆရာဝန်လက်မှတ် ပါရင် နေ့စားခတွေပေးမယ် စသည်ဖြင့် အရင်တုန်းက ဖောက်ဖျက်ထားတဲ့ အချက် (၉) ချက်ပြန်ရလာတာပေါ့။ အရေးကြီးတဲ့အချက်တွေ ပြန်ရလာတယ်။ အဲ့မှာ နေ့စားသမားတွေ နှစ်အလိုက်ပြန်ပေးတာ အားလုံး ဘတ်နှစ်သန်းကျော် ပြန်ရမယ်။ မနက်ဖြန်ဆို သူတို့ကိုပေးမယ်။ ငွေရမယ့်သူတွေပေါ့။ သူ့ငွေအချိုးအစား အလိုက်၊ နှစ်အလိုက် သူ့ရဲ့ ကုန်ဆုံးထားတဲ့ဟာ အလိုက်ပြန်ပေးမယ်။ အခုလက်ရှိက သုံးရာ၊ အရင်တုန်းက ၂၆၀ပဲ ပေးတယ်။ ၄၀ ထပ်ဖြည့်တယ်။ ပြီးရင် တနာရီ ၅၆ ။ အရင်တုန်းက ၃၇ ပဲပေးတာ။ ၅၆ ပြည့်အောင် ထပ်ဖြည့်တယ်။ အဲ့တာတွေကို ပေါင်းလိုက်တာပေါ့။ နောက်ကြောင်းပြန် နစ်နာကြေးလို့ ခေါ်တယ်။"
အလုပ်သမားတွေရဲ့ ပူးပေါင်းမှုနဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ တခြား အလုပ်သမား ဖြန်ဖြေရေးအဖွဲ့တွေနဲ့ လက်တွဲပြီး၊ နစ်နာမူတွေကို AAC အဖွဲ့က ကူညီဖြေရှင်းပေးခဲ့ရာမှာ၊ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ မြန်မာအလုပ်သမားတွေအတွက် နစ်နာကြေး ဘတ်ငွေ သိန်း ၈၀ကျော်အထိ ရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပြီ လို့လည်း ဆိုပါတယ်။
" ဒီနှစ်ထဲမှာတင်ပေါ့နော်။ ၂၀၁၅ ကျနော်တို့စကတည်းက ၂၀၁၆ ဒီလပိုင်းအထိပေါ့။ အလုပ်သမားတွေအတွက် နစ်နာကြေး အားလုံးပေါင်း ကျနော်တို့က ၈သန်းကျော်လောက်၊ ဘတ်သိန်း ၈၀ကျော်လောက် ရအောင် တောင်းပေး ထားပြီးပြီ။ နေရာစုံကပေါ့။ အိမ်ဖော်တွေ အိမ်လခမရတာတွေ၊ သူဌေးက လုပ်အားခ မပေးတာတွေ၊ လက်ပြတ်သွားလို့ အသက်သေဆုံးသွားလို့ နစ်နာကြေး မပေးတာတွေ အခုလိုမျိုး အလုပ်ထဲမှာ မတရားခိုင်းထားပြီးတော့ ငွေလျော့ပေး တာတွေကို နောက်ကြောင်းပြန် ပြန်တောင်းတာတွေ အားလုံးပေါင်းလိုက်ရင် ဘတ်သိန်း၈၀ကျော်လောက် ခန့်မှန်းရှိနေပြီပေါ့နော်။
ထိုင်းနိုင်ငံမှာတော့ မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းခြေ ၃ သန်းကျော်လောက် အလုပ်လုပ်ကိုင် နေတာဖြစ်ပြီး၊ မကြာခန အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေလည်း ကြုံရလေ့ ရှိပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဒီလနှောင်းပိုင်း ထိုင်းနိုင်ငံ ခရီးစဉ် အတွင်းမှာတော့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို သွားရောက်တွေ့ဆုံဖို့ ရှိပါတယ်။ အထူးသဖြင့် ကျေးကျွန်လို စေခိုင်းခံရတာတွေ ရှိတယ်လို့ သတင်းတွေ အကြီးအကျယ် ထွက်ပေါ်ခဲ့တဲ့ ပင်လယ်စာလုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ကို တွေ့ဆုံဖို့ ဆန္ဒရှိကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားပါတယ်။
VOA

နိုင်ငံဖွံ့ဖြိုးရေး ငွေပိုမိုသုံးစွဲမယ်လို့ သမ္မတပြောကြား


နိုင်ငံတော်ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးကို ဇွန်လ ၁၅ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ကျင်းပနေစဉ်
Photo: Myanmar President Office/ Facebook
နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြည်သူ့ဘဏ္ဍာငွေတွေကို ဘယ်နေရာမှာ ဘယ်လောက် သုံးနေသလဲဆိုတာ ပွင့်လင်းမြင်သာမှုရှိရှိ အသိပေးကြရန်လိုတယ် လို့ ပြောကြားလိုက်ပါတယ်။  သမ္မတအိမ်တော်မှာ ကျင်းပ တဲ့ နိုင်ငံတော်ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ ဒီကနေ့ သူက အခုလို ပြောကြားခဲ့တာပါ။
သမ္မတ ဦးထင်ကျော်က ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး ကဏ္ဍတွေမှာ တိုးမြှင့်သုံးစွဲသွား မယ့်အပြင် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လျှပ်စစ်မီးရရှိရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အခြေခံအဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်ရေးစတာတွေအတွက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ပြည်သူ လူထုက ရွေးချယ်ပေးလိုက်သည့် အစိုးရဖြစ်တဲ့အတွက် လူထုရဲ့ဘဏ္ဍာငွေကို အမှန်တကယ် အကျိုးရှိအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်းပြော ကြားပါတယ်။
ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး ကာရံခြင်းနဲ့ မြန်မာ-အိန္ဒိယ နယ်စပ်ခြံစည်းရိုး ကာရံခြင်းအတွက် ခွဲဝေပေးထားသည့် ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၅ ဘီလီယံခွဲကို တစ်စုံတစ်ရာ ပြင်ဆင်ခြင်းမပြုဘဲ ရေးဆွဲ ထားကြောင်း တင်ပြခဲ့ပါတယ်။
ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကတော့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အတွက် ပြည်ထောင်စုမှ တိုင်းဒေသ ကြီး/ ပြည်နယ်များသို့ ထောက်ပံ့ပေးရမည့် ငွေပမာဏ ကျပ် ၁၆၈၈ ဘီလီယံဖြစ်ကြောင်း တင်ပြပါတယ်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ၂ဝ၁၆ ခုနှစ်အတွက် ပြည်ထောင်စုဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ပြင်ဆင်သည့် ဥပဒေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းပြီးရင် ရသုံးခန့်မှန်းခြေ ငွေစာရင်းစာစောင် (Citizen's Budget) ကို ပြည်သူတွေ လက်လှမ်းမီအောင် ထုတ်ဝေမယ်လို့ ပြောကြားခဲ့ပါတယ်။
RFA

အကြမ်းဖက်ခြိမ်းခြောက်မှုကြောင့် ရှမ်းပြည်နယ်တွင်း လုံခြုံရေးတိုးမြှင့်


ရှမ်းပြည်နယ် လားရှိုးမြို့အတွင်း ရဲနဲ့စစ်တပ်လုံခြုံရေး တိုးမြှင့်ချထားစဉ်က။ (မေ ၂၉၊ ၂၀၁၃)
လက်နက်ကိုင်အဖွဲ့တခုက ပြည်ထောင်စုလမ်းမပေါ်က မြို့ကြီး တစ်မြို့ကို ဗုံးခွဲတိုက်ခိုက်မယ် ဆိုတဲ့ သတင်းကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ် ၁၉မြို့နယ်မှာ လုံခြုံရေး တိုးမြှင့်ထားတယ်လို့ လားရှိုးမြို့က ပြည်နယ်ရဲတပ်ဖွဲ့က အကြီးတန်းအရာရှိတဦးက ပြောပါတယ်။ အဓိကအားဖြင့် ကားဂိတ်၊ ဘူတာ၊ဈေးနဲ့ ဆေးရုံစတဲ့ လူစည်ကားရာနေရာတွေကို ဦးစားပေးဆောင်ရွက်နေကြောင်း ပြောဆိုပေမဲ့ မြို့ကြီး အတော်များများ က ဒေသခံတချို့ကတော့ ထူးခြားတဲ့အခြေအနေတွေ မတွေ့ရကြောင်း ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရသစ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအရှိန်မြှင့်ဆောင်ရွက်နေချိန်၊ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်းအကြား ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မှာ ဒီရက်ပိုင်းမှာ ဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာနေတာဖြစ်ပါတယ်။

ဒီသတင်းကြောင့် လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေး တင်းကျပ် ထားတဲ့ အခြေအနေကို လားရှိုးမြို့က ပြည်နယ်ရဲတပ်ဖွဲ့က အကြီးတန်းအရာရှိ တဦးက အခုလို ပြောပါတယ်။

" ပြည်ထောင်စုလမ်းမကြီးပေါ်က မြို့ကြီးတမြို့မြို့ ကို သောင်းကျန်းသူ အဖွဲ့အစည်း တခုခုက လက်နက်ကိုင်အဖွဲ့အစည်းတခုက လုပ်မယ်ဆိုတဲ့ အတည်ပြုဆဲ သတင်းတရပ်အရ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်လိုတဲ့ သဘောနဲ့ ဒါ လုံခြုံရေးတိုးမြှင့်တာပါ။ ခရိုင်အားဖြင့် ခြောက်ခရိုင်၊ မြို့နယ်အားဖြင့် ၁၉မြို့နယ်ပေါ့နော် လုံခြုံရေးတိုးမြှင့်တာပါ။"

လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေကို အခုလို ဆက်ပြောပါတယ်။

" ရဲတပ်ဖွဲ့ရဲ့လုပ်ငန်းစဉ်တွေ ရှိပါတယ်။ အဲ့တာက ဘာလဲဆိုတော့ မြို့အဝင်အထွက်တွေမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ပါတယ်။ နောက် နေ့ရော ညရော မော်တော်ယာဉ်လှည့်ကင်းတွေနဲ့ လုပ်ပါတယ်။ ဆိုင်ကယ် လှည့်ကင်းတွေ လုပ်ပါတယ်။ တည်းခိုခန်းတွေ ၊ ပျံကျတွေ နေတဲ့ ရပ်ကွက်တွေမှာ ကျနော်တို့က လူအဝင်အထွက်တွေကို စောင့်ကြည့်ပါတယ်။ အဲ့ဒီ့တော့ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေမှာ လှည့်လည်သွားလာပြီးတော့မှ သတင်းရရှိအောင်အတွက် စုံစမ်းပါတယ်။ ကျနော်တို့က မြို့အားလုံးမှာ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေတယ် အထူးသဖြင့် လူစည်ကားတဲ့ ဈေး မြို့မဈေးကြီးတို့ အဝေးပြေးကားဝင်းတွေ၊ ဘူတာရုံတွေ၊ ဆေးရုံလိုဟာမျိုးတွေ လူစည်ကားတဲ့နေရာတွေ။"

ပြည်နယ်ရဲတပ်ဖွဲ့အနေနဲ့ မိုင်းအသိ မိုင်းသတိရှိဖို့ကို ပညာပေး လုပ်ငန်းဆောင်ရွက်နေ သလို ပြည်သူလူထုက ပူးပေါင်းဆောင်ရွက် လာအောင် လည်း ဆောင်ရွက်နေကြောင်း ပြောပါတယ်။

လားရှိုးမြို့ခံတဦးကတော့ ဗုံးခွဲတိုက်ခိုက်မယ့်သတင်းမကြားသိရသေးသလို သူတို့မြို့မှာ ထူးခြားတဲ့ အခြေအနေတွေလည်း မတွေ့ရဘူးလို့ ပြောပါတယ်။

" ကျနော်တို့တော့ ဒီကနေ့အထိ အဲ့တာကို မကြားမိသေးဘူးခင်ဗျ။ အဲ့ဒီ့ဟာကို။ ကျနော်တို့လည်း သွားလာနေတာပဲ။ တင်းကျပ်တဲ့အနေအထားလည်း ဘာမှတော့ ထူးထူးခြားခြားတော့ မတွေ့မိပါဘူးခင်ဗျ။ ဒီအတိုင်းသွားလာ လုပ်ကိုင်နေကြတာပါပဲ။ ကျနော်တို့ အပြင်မှာတော့ သွားလာလှုပ်ရှားနေတာ ပုံမှန်ပါပဲခင်ဗျ။ "

ကျောက်မဲမြို့က လုံခြုံရေးဆိုင်ရာ ဝန်ထမ်းတဦးကလည်း အခုလို ပြောပါတယ်။

" ကျနော်တို့ဆီတော့ ပုံမှန်ပဲ ဘာမှ မရှိဘူး။ တင်းကျပ်တာလည်း မရှိဘူး။ ကျပ်တာလည်း မရှိဘူး။ လျော့တာလည်း မရှိဘူး။ အရင်အတိုင်းပဲ။"

မူဆယ်မြို့ကကားဂိတ်တွေရဲ့အခြေအနေကိုတော့ ဒေသခံတယောက်က အခုလို ပြောပါတယ်။

" ဒီမှာတော့ ဘာမှ မကြားမိဘူး။ ဂိတ်တွေ ဘာတွေ လာစစ်ဆေးတာ၊ ရဲတွေ ဘာတွေ မတွေ့ဘူး။ ပုံမှန်ပဲ ခါတိုင်းလိုပုံမှန်ပဲနေကြတယ်။ "

ဒီလ ၁၅ရက်နေ့ကတော့ နမ့်ဖတ်ကာအနီး မန်လွယ်ရွာမှာ လက်နက်ကိုင်အဖွဲ့တခုက ကားတွေကို ဆက်ကြေးကောက်ယူတာရှိကြောင်း ပြောပါတယ်။

ရဲမှတ်တမ်းအရ ၂၀၁၅ခုနှစ် နှစ်လည်ပိုင်းက ကျောက်မဲမြို့ဓါတ်ဆီဆိုင်မှာ ချိန်ကိုက်မိုင်းတစ်လုံး၊ လားရှိုးဘူတာအနီးမှာ မိုင်းတစ်လုံး ဒီနှစ် ဧပြီလကုန်က မူဆယ်မြို့မှာ မိုင်း၂လုံးဖော်ထုတ် ရရှိခဲ့ကြောင်း သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြို့တွင်းပစ်ခတ်တိုက်ခိုက်တာ၊ ဗုံးဖောက်ခွဲတာတွေဟာ အများအားဖြင့် အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ချိန်တွေမှာ ဖြစ်ပွားလေ့ရှိပါတယ်။

 ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)

Monday, June 13, 2016

ကျောင်းဆရာ၊ ဆရာမများ၏ လစာကို ATM ကတ်များဖြင့် ပေးချေတော့မည်

ပညာရေးဌာနက ဆရာ၊ ဆရာမတွေရဲ့လစာကို ATM ကတ်တွေနဲ့ ပေးချေသွားဖို့အတွက် ရန်ကုန်မြို့က ကျောင်းငါးကျောင်းမှာ စမ်းသပ်အသုံးပြုသွားဖို့အတွက် ပြင်ဆင်နေပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ ရက် ၁၀၀ ရာစီမံချက်ထဲမှာပါတဲ့ အချက်တခုဖြစ်တဲ့ ဆရာ၊ ဆရာမ တွေရဲ့ဝန်ထမ်းလစာ အပြည့်အဝ ရရှိဖို့အတွက် ပညာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက လမ်းညွန်ချက်တာကြောင့် အခုလိုဆောင်ရွက်တာဖြစ်တယ်လို့ ဗဟန်းမြို့နယ် အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးက ဆိုပါတယ်။
ရန်ကုန်မြို့တွင်းမှာရှိတဲ့ အခြေခံပညာကျောင်းတွေထဲက စမ်းချောင်းမြို့နယ်၊ လသာမြို့နယ်၊ ဗဟန်းမြို့နယ်တွေမှာရှိတဲ့ စာသင်ကျောင်းတွေမှာစတင် အသုံးပြုသွားမှာဖြစ်ပြီး ကမ္ဘောဇဘဏ်နဲ့ ချိတ်ဆက် အသုံးပြုထားတာဖြစ်တယ်လို့ ပြောပါတယ်။
အခုလို ATM ကတ်တွေအသုံးပြုပြီး လစာထုတ်ခွင့်ပေးတာကြောင့် ဆရာ၊ ဆရာမတွေအနေနဲ့ လစာငွေကို အပြည့်အဝအသုံးပြုခွင့်ရမယ့်အပြင် အချိန်ကုန်၊ လူပန်းသက်သာစေမှာဖြစ်တယ်လို့ ပြောပါတယ်။
DVB

ဘိုကလေးတွင် အမျိုးသမီးတဦး မိကျောင်းကိုက်ခံရ၍ သေဆုံး

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ကြိမ်ချောင်းကြီးကျေးရွာအုပ်စု ဆင်အိုင်ကျေးရွာမှာ အမျိုးသမီးတဦး မိကျောင်းကိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။
ဇွန် ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲက ဆင်အိုင်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၉ နှစ်အရွယ် မခိုင်ခိုင်ဦးဟာ ချောင်းထဲ ရေစပ်အနီး ဘဲခြံမှာ ဘဲစာကျွေးပြီး ဘဲစာပုံးကို ရေစပ်သို့ ဆင်းအဆေးတွင် မိကျောင်းကိုက်ချီသွားခဲ့တာလို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
မခိုင်ခိုင်ဦးရဲ့ အမျိုးသားဟာ လယ်ယာလုပ်ငန်းနဲ့ ဘဲမွေးလုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပြီး ၃ နှစ်အရွယ်သား ၁ ဦးနဲ့ ၄၈ ရက်သား ၁ ဦး တို့ ကျန်ရှိခဲ့ပါတယ်။
အခုလို မိကျောင်းကိုက်မှု ဖြစ်စဉ်မျိုး နှစ်စဉ်ဖြစ်ပွားခဲ့ပြီး ၂ဝ၁၃ ခုနှစ်မှာ ရွှေပြည်အေးကျေးရွာမှ တတိယတန်း ကျောင်းသား ၁ ဦးနဲ့ ၂ဝ၁၄ ခုနှစ်မှာလည်း ဆတ်ကျွန်းရန်မခကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ကိုရင်လေး ၁ ပါး၊ ၂ဝ၁၅ ခုနှစ်မှာ ဆတ်ကျွန်း ရေကမြင်းကျေးရွာမှ ကိုကုလားကြီးတို့ မိကျောင်းကိုက်ခံခဲ့ရတဲ့အတွက် သတိပြုနေထိုင်ဖို့ ဆင်အိုင်ကျေးရွာ ဒေသခံတဦးရဲ့ပြောဆိုချက်ကို ကိုးကားပြီး အစိုးရသတင်းမှာဖော်ပြထားပါတယ်။
DVB

အင်္ဂလန်နှင့် ရုရှား ပရိသတ်များ ထိန်းမနိုင်သိမ်းမရ ဆက်ဖြစ်နေပါက ပြိုင်ပွဲမှ ထုတ်ပစ်မည်ဟု သတိပေး

ယူရို ၂၀၁၆ ရုရှားနှင့်ပွဲတွင် ရဲတပ်ဖွဲ့နှင့် ပဋိပက္ခဖြစ်နေသည့် အင်္ဂလန်ပရိသတ်များ။ (ဓာတ်ပုံ - Getty)

အင်္ဂလန်နဲ့ ရုရှားအသင်း ပရိသတ်တွေ အရင်ရက်တွေတုန်းကလိုပဲ ထိန်းမနိုင်သိမ်းမရ ဆက်ဖြစ်နေမယ်ဆိုရင် နှစ်သင်းစလုံးကို ပြိုင်ပွဲကနေ ထုတ်ပယ်ပစ်တဲ့အထိ အရေးယူမယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်က သတိပေးထားပါတယ်။
ဒါကို ပြင်သစ်ပြည်ထဲရေးဝန်ကြီးကလည်း ထောက်ခံတယ်လို့ ပြောပါတယ်။
ဘောလုံးကွင်းအတွင်းမှာဖြစ်ဖြစ်၊ အပြင်မှာဖြစ်ဖြစ် ဒီလို ရုတ်ရုတ်သဲသဲ ဖြစ်လာရင် အပြစ်ပေးဖို့ လိုအပ်တယ်လို့ ၀န်ကြီး ဘားနက် ကာဇန်နူဗီးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မာဆေးလ်မြို့မှာ ဖြစ်ပွားတဲ့ ကိစ္စလိုမျိုး ဘောလုံးပွဲ လက်ခံကျင်းပနေတဲ့ ၉ မြို့စလုံးမှာ မဖြစ်မခံကြဖို့ မြို့အသီးသီးက ရဲအဖွဲ့တွေကို မှာကြားထားတယ်လို့လည်း ပြောပါတယ်။
ဝရုန်းသုန်းကား ဖြစ်ပြီးနောက် ဖမ်းဆီးထားသူတွေကိုလည်း ဘောလုံးပွဲကြည့်ခွင့် ပိတ်ပစ်မယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့က မျက်နှာဖုံးစွပ်ထားတဲ့ ရုရှားပရိသတ်တွေက အင်္ဂလန်အသင်း ပရိသတ်တွေကို ထိုးကြိတ် ကန်ကြောက်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်မှာ လူမျိုးရေး ရန်လိုမှုတွေ ပါဝင်နေသလားဆိုတာကို စုံစမ်းနေတယ်လို့ ပြောပါတယ်။
ဘောလုံးကွင်းမှာ ရုတ်ရုတ်သဲသဲ မဖြစ်ခင်ကတည်းက အင်္ဂလိပ်၊ ရုရှားနဲ့ အိမ်ရှင် ပြင်သစ်ပရိသတ်တွေ မာဆေးမြို့မှာ ၃ ရက်ဆက်တိုက် ထိပ်တိုက်တွေ့ခဲ့ကြလို့ ရဲက အင်အားသုံး လူစုခွဲခဲ့ရပါတယ်။
DVB

ပထမဆုံး ဒီမိုကရက်ပါတီသမ္မတလောင်းနဲ့ ထိပ်ဆုံး မဟာအင်အားကြီးနိုင်ငံရဲ့ သမ္မတလောင်း ဟီလာရီကလင်တန်


အမေရိကန်ပြည်ထောင်စုအတွက် အရေးကြီးလာပြီဖြစ်တဲ့အတွက် ဒီမိုကရက်တွေ သွေးစည်းကြဖို့ ကြာသပတေးနေ့က သမ္မတ ဘားရက်အိုဘားမားက ပြောကြားရင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်ကို ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းအဖြစ် အဆိုတင်သွင်းခဲ့တယ်လို့ ၀မ်းသာစရာ သိရပါတယ်။
ဟီလာရီနဲ့ အပြိုင်ဖြစ်နေသူ ဘာနီဆင်းဒါးကို ညှိနှိုင်းဆွေးနွေးအပြီးမှာ ဘာနီဆင်းဒါးက သဘောတူ လက်ခံခဲ့တာလည်း ဖြစ်ပါတယ်။ ၀ါရှင်တန်မှာ စဉ်ဆက်နီးပါး ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်တွေအပြီး သမ္မတ ဘားရက် အိုဘားမားက ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးအပြီးမှာ သူဟာ ဟီလာရီကလင်တန်နဲ့ ဆွေးနွေးပြီး အလုပ်အတူ လုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အင်္ဂါနေ့ အောက်ခြေရွေးကောက်ပွဲမှာ သူ ရှုံးနိမ့်ခဲ့ပြီးတဲ့အချိန်လည်း ဖြစ်ပါတယ်။
ဘာနီဆင်းဒါးက “အင်္ဂါနေ့ညက ကျနော် ၀န်ကြီး ဟီလာရီကလင်တန်နဲ့ စကားပြောပြီး သူ့ရဲ့ အင်မတန်အားကောင်းတဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် ဂုဏ်ပြု ချီးကျူးခဲ့ပါတယ်။ ဒေါ်နယ်လ်ထရမ့်ကို အနိုင်ရဖို့ ကျနော်တို့ ဘယ်လို အလုပ်အတူ လုပ်ကြမယ်ဆိုတာလည်း မကြာခင် ဆွေးနွေးနိုင်မယ်ထင်ပါတယ်။ ၁ ရာခိုင်နှုန်းလောက်ပဲ မဟုတ်တဲ့ ကျနော်တို့ အားလုံးအတွက် ကိုယ်စားပြုမယ့်အစိုးရ ဖွဲ့စည်းနိုင်ဖို့ပေါ့ဗျာ။”လို့ ပြောကြားခဲ့ပါတယ်။
သမ္မတ အိုဘားမားကတော့ အင်္ဂါနေ့က “ကျနော်က သူ့ဘက်က ရှိပါတယ်။ ဒီရာထူးနေရာ အတွက် သူလိုအရည်အချင်းရှိတဲ့ သူ ရှိမယ်လို့ ကျနော်မထင်ပါဘူး။ သူ့မှာ သတ္တိရှိတယ်။ စေတနာ ရှိတယ်။ ဒီအလုပ်ကို ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်မယ့်စိတ်လည်း ရှိတယ်။ သူ့ရဲ့ အဆုံးအဖြတ် မှန်ကန်မှုကိုလည်း ကျနော်တွေ့ခဲ့ရပြီ။ သူ့ရဲ့မာကြောမှုကို တွေ့ခဲ့ရပြီးသလို ကျနော်တို့ရဲ့ တန်ဖိုးတွေကို သူမြှင့်တင်နိုင်မယ်ဆိုတာလည်း တွေ့ခဲ့ရပြီး အမေရိကန်ပြည်သူတိုင်းအတွက် မျှတတဲ့ အခွင့်အရေးတွေကို ပေးနိုင်ဖို့ ဘယ်လောက်ပဲ တိုက်ရတိုက်ရ ရအောင်လုပ်ပေးမယ်ဆိုတဲ့ သူ့ရဲ့ သန္နိဋ္ဌာန်တွေကို ကျနော်တွေ့ခဲ့ရပြီ။ သူ အဲဒီအားနဲ့ သွားနေတာပဲ။ သွားနေတုန်းပဲ” လို့ ပြောကြားခဲ့ပါတယ်။
မက်ဆာချူးဆက်ပြည်နယ် အထက်လွှတ်တော်အမတ် အဲလီဇဘက် ၀ါရင်းကလည်း အင်္ဂါနေ့ကပဲ ဟီလာရီကို အမည်စာရင်း တင်သွင်းပေးခဲ့ပါတယ်။ သူက “အမေရိကန်နိုင်ငံရဲ့ နောက်သမ္မတဟာ ဟီလာရီ ကလင်တန်ဖြစ်လာဖို့ ဒေါ်နယ်လ်ထရမ့် အိမ်ဖြူတော်နား ဘယ်တော့မှ မကပ်နိုင်အောင် ကျမရင်ထဲ အသည်းထဲကနေ ကြိုးစားတိုက်ပွဲဝင်သွားဖို့ အဆင်သင့်ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
သမ္မတ အိုဘားမားကတော့ “ဒီ အခြေခံမဲဆွယ်စည်းရုံးရေးတွေမှာ ၀န်ကြီး ဟီလာရီ ကလင်တန်နဲ့ အထက်လွှတ်တော်အမတ် ဆင်းဒါးတို့ဟာ ပြိုင်ဘက်တွေဖြစ်ပေမယ့် တိုင်းပြည်ကို ချစ်တဲ့နေရာမှာ အမေရိကန်ပြည်ထောင်စုဟာ ဘယ်လိုဖြစ်ရမယ်လို့ ကျနော်တို့ ယုံကြည်ထား တာတွေမှာတော့ အမြင်ချင်း တူကြပါတယ်” လို့ သမ္မတ အိုဘားမားရဲ့ တွစ်တာ စာမျက်နှာမှာ ရေးသားထားခဲ့ပါတယ်။
စာဖတ်သူတွေ သိပြီးကြတဲ့အတိုင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားနဲ့ အထက်လွှတ်တော်အမတ် ဟီလာရီကလင်တန်တို့ လွန်ခဲ့တဲ့ ၈ နှစ်က သမ္မတရွေးကောက်ပွဲမှာ တယောက်နဲ့တယောက် အပြိုင်အဆိုင် မဲဆွယ်စည်းရုံးကြ၊ စကားစစ်ထိုးကြ လုပ်ခဲ့ပေမယ့် ဘားရက်အိုဘားမား အနိုင်ရအပြီး သမ္မတဖြစ်အပြီးမှာ သူ့ရဲ့ ထိပ်တန်းပြိုင်ဘက် ဟီလာရီ ကလင်တန်ကို နိုင်ငံခြားရေးဌာန ၀န်ကြီးတာဝန် ပေးအပ်ခဲ့တာကို တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ အရည်အချင်းအရ သူဟာ ဒီရာထူးနဲ့ ထိုက်တန်တဲ့သူဖြစ်တယ်လို့ အိုဘားမားက သိပါတယ်။ လူချင်းမမုန်းခဲ့ကြပါဘူး။ ပြိုင်ခဲ့ကြတာပါ။
ခု သူ သမ္မတသက်တမ်း ၂ ဆက်အပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဆက်လုပ်လို့ မရနိုင်တော့တဲ့ အချိန်မှာလည်း ဘယ်သူဟာ ဘာအရည်အချင်းရှိတယ်ဆိုတာ သိတဲ့ သမ္မတ အိုဘားမားက ဒေါ်နယ်လ်ထရမ့်ထက် စာရင်တော့ ဟီလာရီက အများကြီး အမေရိကန် ပြည်ထောင်စု အကျိုးစီးပွားနဲ့ နိုင်ငံတကာ အကျိုးစီးပွားကို သယ်ပိုးထမ်းဆောင်နိုင်မယ့်သူ ဖြစ်တယ်လို့ ယုံကြည်ပြီး ဟီလာရီကလင်တန်ကို ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းအဖြစ် သူက အမည်စာရင်း တင်သွင်းပေးလိုက်ပြီလို့ ပြောရမှာပါပဲ။
ပြဿနာက အမေရိကန်ပြည်သူတချို့က ရီပတ်ဗလစ်ကန်ပါတီရဲ့ သမ္မတလောင်းကို ဒီလို အမျိုးသားရေး အစွန်းရောက် မဲဆွယ်စည်းရုံးမှုတွေ လုပ်နေ၊ အမေရိကန်ပြည်သူတချို့နဲ့ ပဋိပက္ခတွေ ဖြစ်နေမှန်း သိရဲ့နဲ့ ဒီနောက်ဆုံးအဆင့် အမေရိကန် ရီပတ်ဗလစ်ကန်ပါတီကြီးရဲ့ သမ္မတလောင်းအဖြစ် ရွေးချယ်လိုက်တဲ့ ပြဿနာပါပဲ။
ဗီယက်နမ်စစ်ကို ဆန့်ကျင်ခဲ့တဲ့ အမေရိကန်ပြည်သူတွေ လူမျိုးခွဲခြားရေး၊ အသားအရောင် ခွဲခြားရေးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့တဲ့ အမေရိကန်ပြည်သူတွေ ဒုက္ခသည်တွေအရေးမှာ စိတ်ဓာတ်တွေ ပျက်စီး ဖောက်ပြန်ကုန်ကြပြီလား။ ကိုယ့်အမျိုးသားရေးနဲ့ (Protectionism) ကိုပဲ ဂရုစိုက်ကြတော့မယ့် သဘောလားဆိုတာ မေးခွန်းထုတ်ရမယ့်သဘော ပြလာပါပြီ။
ကံကောင်းချင်တော့ အခြေခံစည်းရုံးရေး နယ်တွေမှာ ရတဲ့ မဲအရေအတွက်အရ အမေရိကန် ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းအဖြစ် နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ သမ္မတကတော်ဟောင်း ဟီလာရီကလင်တန်က အနိုင်ရခဲ့တာကို သိရလို့ ၀မ်းသာပီတိ ဖြစ်ရပါတယ်။ ဒါပေမယ့် တကယ့် သမ္မတ ရွေးချယ်တင်မြှောက်ပွဲမှာ တဘက် ရီပတ်ဘလီကန် သမ္မတလောင်းဖြစ်တဲ့ ဒေါ်နယ်လ် ထရမ့်ကိုများ မဲအများစုပေးလိုက်ကြရင် ဘယ်လိုဖြစ်လာမလဲ။ ကမ္ဘာကြီးရဲ့ ချိန်ခွင်လျှာတွေများ လွဲချော်တိမ်းပါးကုန်မလား။ စစ်ပွဲတွေ ပိုများလာလေမလားလို့ စိုးရိမ်နေမိရတဲ့ကာလလို့ ပြောရမှာပါပဲ။
ပုဂ္ဂိုလ်ရေးအရ ပြောရရင် ဒေါ်နယ်လ်ထရမ့်ဟာ နိုင်ငံရေးသမား မဟုတ်ဘဲ တကယ့် စီးပွားရေးသမား ဖြစ်တယ်ဆိုတာ စာဖတ်သူတွေ သိပြီးဖြစ်မှာပါ။ ကျနော်တို့ကတော့ နိုင်ငံရေးသမား ဘယ်တုန်းကမှ မဖြစ်ခဲ့၊ မလုပ်ခဲ့ဘူးသူတွေ နိုင်ငံရေးလောကထဲရောက်၊ နိုင်ငံရေးတာဝန်တွေ ထမ်းလာမှာကို အရမ်းစိုးရိမ်ပါတယ်။
ဘာလို့ဆိုတော့ သူတို့မှာ လုံလောက်တဲ့ နိုင်ငံရေးအတွေးအခေါ်နဲ့ အတွေ့အကြုံ မရှိကြသေးလို့ပါ။ ဗမာပြည်မှာကတော့ ထောင်တခါလောက် (နိုင်ငံရေးနဲ့ သိပ်မပတ်သက်လည်း) ကျဖူးရင် ဟုတ်ပြီ။ နိုင်ငံရေးအကျဉ်းသားဟောင်းပဲဆိုပြီး လူရာဝင်ချင်သူတွေ (ဒါကလည်း အစိုးရကြောင့်ပါ)၊ (ခင်ညွန့်တို့အပါ) က များနေတော့ နိုင်ငံအရေး၊ နိုင်ငံတကာအရေး စဉ်းစားပြီး ရင်လေးနေမိတယ်လို့ ပြောရမှာပါပဲ။ မြန်မာနိုင်ငံမှာကတော့ နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ်လို့ အလွန်ခေါ်ရခက်တဲ့ ရာထူးယူထားသူကလည်း စစ်တပ်ကို မလွန်ဆန်နိုင် ဖြစ်နေတော့… နိုင်ငံတကာအရေးကိစ္စ၊ ဗမာ့အရေးကိစ္စတွေဟာ မစ္စစ် ဟီလာရီ ကလင်တန် အမေရိကန် သမ္မတ ဖြစ်လာရင် အတော်တန် အဆင်ပြေချောမွေ့နိုင်လာမလား။ မလား … မလားတွေနဲ့ပဲ။   ။
စိုးနေလင်းDVB

စည်ပင်သာယာဝန်ထမ်းပျောက်ဆုံးနေမှု ၊ ဌာနပေါ်မကျေနပ်မှုများ တောင်ကြီး၌ရှင်းလင်းပွဲလုပ်

သျှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှတာဝန်ယူမှုမပေးနိုင်သဖြင့် နစ်နာဆုံးရှုံးခဲ့ရသည့် ၀န်ထမ်း များ၏မိသားစုဝင်များက သတင်းစာရှင်းလင်းပွဲတရပ်ကို သျှမ်းပြည်နယ်မြို့တော်တောင်ကြီး စိန်ပန်း ရပ်ရှိ အောင်မြေဘုံစံကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည် ။



ယမန်နှစ်က သီပေါမြို့နယ် စည်ပင်ဝန်ထမ်းနှစ်ဦး  မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဝင်းနှင့် အငယ်တန်း စာရေး ကိုနိုင်လင်းတို့သည် သျှမ်းပြည်နယ် တောင်ပိုင်း  မိုင်းနောင် မှ ကျေးသီးတွင် လစာ ထုတ်ပြီး အပြန်လမ်းတွင်  ပျောက်ဆုံးသွားခြင်း အပေါ်  တာဝန်ယူ ဖြေရှင်းပေးမှုမရှိခြင်း ၊ စည်ပင်သာယာရေး ဌာနတွင်အင်ဂျင်နီယာအဖြစ်အနှစ် (၂၀) တာဝန်ထမ်းဆောင် လာသော စည်ပင်ဝန် ထမ်း တစ်ဦးအား အပြစ်ရှာ၍ အလုပ်ထုတ်ခဲ့ပစ်ခြင်း ၊ ၄င်းဝန်ထမ်း၏အမျိုးသားဖြစ်သူကိုလည်းဆက်သွယ် ရေးပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခြင်း၊ သျှမ်းပြည်နယ်စည်ပင် သာယာရေးဌာနမှဘတ်ဂျက်ရန်ပုံငွေများအား နှစ်ပေါင်းများစွာ အလွဲသုံးစားပြုခဲ့ခြင်းစသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ထိခိုက်နစ်နာသူ ၀န်ထမ်း မိသားစုများမှသတင်းစာရှင်း လင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည် ။


“ စည်ပင်ဌာနကစာထွက်ပါတယ် ။  ဒီပျောက်သွားတဲ့ဝန်ထမ်း ၂ ဦးက သေသွားသလိုလို၊ နယ်စပ် ဘက် နွားသွားရောင်းတဲ့သူတွေနဲ့အတူ ဖမ်းတဲ့ထဲပါသွားတယ် ပြောလိုက် ၊ သစ်ဖမ်းတဲ့အထဲပါသွား တယ်ပြောလိုက် ၊ ဖမ်းခံရာကနေ ထွက်ပြေးလို့ လက်နက်ကိုင်အုပ်စုက ပစ်သတ်တယ်ပြောလိုက်နဲ့ အမျိုးမျိုးပြောတယ် ။ သူတို့ကိုယ်သူတို့ကာကွယ် တဲ့စာတွေပဲ ။ ဘာမှတိတိကျကျ မသိရဘူး ။ နောက်ဆုံး တာဝန်က ရပ်ဆိုင်းလိုက်ပါတယ်ဆိုတဲ့စာ ထွက်လာတယ် ” ဟု ၂၀၁၅ ဂျူလိုင်လ တွင် မိုင်းနောင်မှ လစာထုတ်ပြီး ကျေးသီးအပြန်လမ်း တွင်ပျောက်ဆုံးသွားသော အငယ်တန်းစာရေး ကိုနိုင်လင်း၏ အစ်ကိုဖြစ်သူ ကပြောသည် ။
သျှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ အာဏာရှင်ဆန်ဆန် မမှန်မကန်တရားဆောင်ရွက်မှုများကြောင့် နစ်နာနေရသည့်ဝန်ထမ်းများ၏သတင်းစာရှင်းလင်းပွဲ ဟုအမည်ပေးကာ ဂျွန်လ ၁၁ ရက်နေ့တွင်ပြုလုပ်ရာ တက်ရောက်နားထောင်သူနှင့်သတင်း သမား များ စုစုပေါင်း ၅၀ ကျော် ရှိပါသည် ။


“ ပျောက်ဆုံးသွားတာနဲ့ပတ်သက်ပြီး ဌာနကဘာမှ ဆောင်ရွက်ပေးခြင်း မရှိသေးပါဘူး ။ မိသားစုဝင် တွေက မိုင်းနောင်ကိုလိုက်သွားပြီးစုံ စမ်းခဲ့ပါသေးတယ်။ ဘာမှတိတိကျကျမသိရပါဘူး ”  ဟုလည်း လစာထုတ်ရာမှ ကျေးသီးအပြန် လမ်းတွင်ပျောက်ဆုံးသွားသော ဦးစီးမှူး ဦးအောင်နိုင်ဝင်း၏ဇနီး ဒေါ်ခင်သန္တာဝင်းကရှင်းပြသည် ။


ထို့ပြင် စည်ပင်သာယာရေးဌာနတွင်အင်ဂျင်နီယာ အဖြစ်အနှစ် (၂၀) ခန့်တာဝန် ထမ်းဆောင်ခဲ့သော ဒေါ်မြင့်မြင့်မော်သည်လည်း နေရာပြောင်းရွှေ့ခွင့်တောင်းခံရာတွင်  သျှမ်းပြည်နယ်စည်ပင်ဌာနမှ ညွှန်ကြားရေးမှူးက တောင်းဆိုသည့်အတိုင်းအလဲအလှယ်မလုပ်ပေးနိုင်သဖြင့် ရာထူးနှင့်နေရာ အဆင့်ဆင့် ပြောင်းရွှေ့ကာ အလုပ်မှထုတ်ပယ်ခဲ့သည်အထိဖြစ်ခဲ့ရကြောင်း ကာယကံရှင်က အဆိုပါသတင်းစာရှင်းလင်းပွဲတွင်ရှင်းလင်းပြောပြသည် ။


ထို့အပြင် ခင်ပွန်း ဖြစ်သူ ဦးဇော်မျိုးဝင်း ကိုလည်းဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ဖြင့်တရားစွဲဆိုသေး ထားကြောင်း  ၄င်းကဆက်လက်ပြောပြသည် ။


ယင်းကိစ္စများနှင့်ပတ်သက်၍ ကာယာကံရှင်မိသားစုများမှ သျှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် သမ္မတရုံး  ထံသို့ မေလကတည်းက တိုင်ကြားပြီးဖြစ်သည်ဟုသိရသည် ။ အထက်ပါသတင်းစာရှင်းလင်းပွဲနှင့်ပတ်သက်၍ ဂျွန်လ (၁၂) ရက်နေ့တွင် ပြည်နယ်စည်ပင် ညွှန်မှုး ဦးစိုင်းထွန်းထွန်း ထံ သွားရောက်မေးမြန်းခဲ့ရာ တိတိကျကျပြန်လည် ဖြေကြားခြင်းမရှိခဲ့ပေ ။
သျှမ်းသံတော်ဆင့်