Pages

Tuesday, May 1, 2012

နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသည့် နိုင်ယက္ခနှင့် နိုင်မျိုးသွေး



နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသည့် နိုင်ယက္ခနှင့် နိုင်မျိုးသွေး
မွန်ပြည်သစ်ပါတီ၏ အကျဉ်းကျ ခံနေရသော ပါတီဝင်များကို ပြန်လည် လွှတ်ပေးရန် တောင်းဆိုချက်အရ ပြစ်ဒဏ်ကျခံနေရသော ဗဟိုကော်မတီဝင် နိုင်ယက္ခ အပါအဝင် အကျဉ်းသားတစ်ဦး လွှဲပြောင်းပေးအပ်ပွဲကို ဧပြီလ ၃၀ ရက်နေ့ မွန်းလွှဲပိုင်းတွင် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ သိရသည်။ယခုလွတ်မြောက်လာသော မွန်ပြည်သစ်ပါတီမှ နိုင်ယက္ခနှင့် နိုင်မျိုးသွေး (ထောင်မှတ်တမ်းတွင် “ထွေး” ဟုမှားယွင်းထည့်သွင်းခဲ့) မှာ ဖောက်ခွဲမှုဖြင့်စွပ်စွဲ ခံရပြီး ၂၀၀၃ ခုနှစ်တွင် စတင်ဖမ်းဆီး ထောင်ချခံခဲ့ရသည်။

ကြိုးမိန့်ပေးခံ ခဲ့ရာမှ အယူခံအောင်မြင်၍ တသက်တကျွန်းအဖြစ်သို့ လွှဲ ပြောင်းကျခံခဲ့ရာမှ ၉ နှစ်အကြာ  သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် ဖြင့်လွတ်မြောက်လာခြင်းခြင်းဖြစ်သည်။


နိုင်ယက္ခမှာ မွန်ပြည်သစ်ပါတီဧ။်ခရိုင်စည်းရုံးရေးတာဝန်ခံအဖြစ်လည်းကောင်  နိုင်မျိုးသွေးမှာ စစ်ဘက်ဆိုင် ရာတွင် ဗိုလ်ကြီးအဆင့်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင် ခဲ့ကြသည်။


“ကျွန်တော်တို့ လွတ်တယ် ဆိုတာ ကြိုမသိခဲ့ဘူး ဒီမနက်မှသိရတာပါ ၊ကျွန်တော့်ကိုသာယာဝတီထောင်ကနေ အင်းစိန်ထောင်ကို ပြောင်းပေးတာ သုံးရက်ရှိပြီး ၊ဂျာနယ်တွေဖတ်ရကတည်းက လွတ်တော့မယ်ဆိုတာတော့ သိတယ်၊ ဘယ်တော့မှန်းတော့ သေချာမသိတာပါ” ဟု နိုင်မျိုးသွေးကဆိုသည်။


၎င်းတို့ကို ၀န်ကြီး ဦးဇော်မင်းက ဦးဆောင်သည့်အဖွဲ့မှ ခေါ်ဆောင်လာခြင်းဖြစ်ပြီး နေ့လယ် တနာရီဝန်းကျင်တွင် ရန်ကုန်မှ မော်လမြိုင်သို့ ရောက်ရှိလာခြင်းဖြစ်သည်။


မွန်ပြည်သစ်မှ နိုင်ငံရေး အကျဉ်းသားနှစ်ဦးကို လွှတ်ပေးရန် အတွက် ငြိမ်းချမ်းရေးအဆင့်စတင်ဆွေးနွေးစဉ်က မွန်ပြည်သစ်ပါတီဘက်မှ တောင်းဆိုခဲ့ကြပြီး ပြီးခဲ့သည့် ဧပြီ၁၁ ရက်နေ့က စတုတ္ထအကြိမ် အစိုးရနှင့်မွန်ပြည်သစ် ပါတီ ဆွေးနွေးစဉ် အဆိုပါကိစ္စကို ထပ်မ့ဆွေးနွေးခဲ့ရာ အစိုးရဘက်မှ လွှတ်ပေးရန် သဘောတူညီချက်ရရှိခဲ့ပြိး ၁၉ ရက်အကြာတွင် ယခုကဲ့သို့လွှတ်ပေးခဲ့ခြင်းဖြစ်သည်။


ယခုကဲ့သို့ မွန်ပြည်သစ်မှ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်လာခြင်းနှင့်ပတ်သက်၍ ဥက္ကဋ္ဌ နိုင်ထောမွန်က “အပစ်ခတ်ရပ်ပြီးနောက်ပိုင်းလွှတ်ပေးမယ် လွှတ်ပေးမယ်နဲ့ အတိအကျအချိန်မပေးနိုင်ဘူး၊ ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာ မသေချာဘူးဆိုရင် ယုံကြည်မှုကိုတည်ဆောင်တဲ့အခါမှလည်းအခက် အခဲဖြစ်တယ် ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို အခုလိုလွှတ်ပေးမယ်လို့ ဆွေးနွေးပြီးဆယ်ရက်အတွင်း ပြန်အပ်ပေးတာ ကျွန်တော်တို့ အနေနဲ့ ၀မ်းသာပါတယ်”ဟုဆိုသည်။


မွန်ပြည်သစ်ပါတီမှ ယနေ့လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို မွန်ပြည်သစ်အဖွဲ့ ၀င်များ ၊မွန်အမျိုးသားဒီမိုကရေစီပါတီမှ အဖွဲ့ ၀င်များ ငြိမ်းချမ်းရေး အကျိုးဆောင်များက သောင်းသောင်းဖျဖျကြို ဆိုခဲ့ကြသည်။         ။