Pages

Tuesday, May 22, 2012

မန္တလေးမြို့ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှုနှင့်ပတ်သက်ပြီး အထူသတင်းတပ်ဖွဲ့မှ လူဦးရေ ၅၀ထက်မနည်းကို ခေါ်ယူမေးမြန်းခဲ့ကြောင်း သိရ


mdyfire
မန္တလေးမြို့ လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖေါ်မှုပြုလုပ်နေခြင်းကို မေလ ၂၁ ရက်နေ့ ညနေပိုင်းက တွေ့ရစဉ်

11:30 AM 22 May 2012 မန္တလေးမြို့ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှုနှင့်ပတ်သက်ပြီး စာရေးဆရာ ညီပုလေး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်ခင်သန်းမြင့်နှင့်အဖွဲ့၊ ကဗျာဆရာ ဥက္ကာကျော် အစရှိသူတို့ အပါအ၀င် ဆန္ဒထုတ်ဖော်သူ အများစုအား အထူးသတင်းတပ်ဖွဲ့က ခေါ်ယူစစ်ဆေး မေးမြန်းမှုကို ယနေ့ နံနက်ပိုင်းစတင်ပြီး လုပ်ဆောင်ခဲ့ကြောင်း မန္တလေး ဒေသခံများ၏ ပြောကြားချက်အရ သိရှိရပါသည်။ ခေါ်ယူစစ်ဆေးမေးမြန်း ခံရသူများ၏ အခြေအနေနှင့် ပတ်သက်ပြီး လက်ရှိအခြေအနေကို မသိရှိရသေးပဲ ခေတ္တဟုပြောဆိုပြီး ခေါ်ယူသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့၌ လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒပြထုတ်ဖော်မှုများကို မေလ ၂၀ရက်နေ့က စတင်လုပ်ဆောင်ခဲ့ပြီး မေလ ၂၁ ရက်နေ့ ဒုတိယနေ့ ဆန္ဒထုတ်ဖော်မှုတွင် လူအမြောက်အမြား ပါဝင်လာခဲ့သည်။ ယနေ့တွင် တတိယနေ့အဖြစ် ဆက်လက်ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားပြီး ခေါ်ယူစစ်ဆေးမှုများ ရှိနေသည့်တိုင် ဆန္ဒထုတ်ဖော်မှုကို မူလအစီအစဉ်အတိုင်း လုပ်ဆောင်သွားမည်ဟု မန္တလေးဒေသခံများက ပြောကြားခဲ့ပါသည်။
11:55 AM 22 May 2012
မန္တလေးမြို့၌ လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒပြထုတ်ဖော်မှုနှင့် ပတ်သက်ပြီး ခေါ်ယူမေးမြန်းခံရသူ အရေအတွက်မှာ လူဦးရေ ၅၀ ထက်မနည်းရှိပြီ ဖြစ်ကြောင်း သိရသည်။ ထပ်မံသိရှိရသော သတင်းများအရ ခေါ်ယူ မေးမြန်းခံရသူအချို့မှာ ဆန္ဒပြထုတ်ဖော်မှုတွင် တိုက်ရိုက်ပါဝင် ပတ်သက်သူများ မဟုတ်ကြောင်း သိရပါသည်။ ခေါ်ယူမေးမြန်းမှုများကို
နံနက် ၅ နာရီ၊ နံနက် ၇ နာရီ၊ နံနက် ၁၁ နာရီအချိန်များတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးဒေသခံများက ပြောဆိုခဲ့ပါသည်။ လတ်တလောသိရှိရသော သတင်းများအရ တရားဝင်အနေဖြင့် ဖမ်းဆီးခြင်းမဟုတ်ဘဲ ခေါ်ယူမေးမြန်းခြင်းသာ ဖြစ်ကြောင်းသိရပါသည်။ စာရေးဆရာ ညီပုလေးကိုမူ နံနက် ၇နာရီအချိန်က မေးမြန်းရန် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး မိမိကိုယ်ပိုင်ယာဉ်ဖြင့် လိုက်ပါနိုင်ကြောင်း ပြောဆိုသဖြင့် ၄င်း၏ ကိုယ်ပိုင်ယာဉ်ဖြင့်သာ လိုက်ပါသွားခြင်းဖြစ်ကြောင်း သိရပါသည်။
1:25 AM 22 May 2012
မန္တလေးမြို့၌ လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်ပြီး ခေါ်ယူမေးမြန်းခံရသူအနက် ဆရာညီပုလေးနှင့် ခေါ်ယူမေးမြန်းခံရသူ အားလုံးနီးပါး  နေအိမ်သို့ ပြန်လည် ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရပါသည်။
ခေါ်ယူစစ်ဆေး မေးမြန်းခံရမှုနှင့် ပတ်သက်ပြီး ဆရာညီပုလေးက ပြောကြားခဲ့ရာတွင် နံနက် ၇ နာရီ ၄၅ မိနစ်မှာ ၁၂ နာရီ ၁၅ မိနစ်အချိန်အထိ ၄ နာရီဝန်းကျင်ခန့် ခေါ်ယူမေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း၊ ကောင်းကောင်းမွန်မွန် ဧည့်ခံပြီးမှ မေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း၊ မနားတမ်း မေးမြန်းခြင်းမျိုး မဟုတ်ကြောင်း၊ ဆန္ဒပြမှုမှာ အခြေခံဥပဒေတွင် ပြဌာန်းခြင်း မပြုရသေးဟု မေးမြန်းသူများက ပြောကြားခဲ့ကြောင်း၊ ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်ပြီး သူ၏ အမြင်ကို တောင်းခံခဲ့ကြောင်း၊ သူ့အနေဖြင့်မူ ယခုကဲ့သို့ လိုအပ်သည့်အချိန်တွင် တောင်းဆိုမှုကို လက်ခံကြောင်းနှင့် အလွန်အကျွံ ပြုလုပ်မှုများ မဖြစ်စေလိုဟု ပြောဆိုခဲ့ကြောင်း၊ ယခင်က သူဖြတ်သန်းခဲ့ရသော စစ်ကြေားရေးပုံစံမျိုးဖြင့် မေးမြန်းခံခဲ့ရခြင်း မဟုတ်ဘဲ လူကြီး လူကောင်း ပုံစံဖြင့်သာ မေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း အစရှိသဖြင့် ပြောဆိုခဲ့ပါသည်။