Pages

Tuesday, May 15, 2012

အခြေခံပညာကျောင်း အချို့၌ ကျောင်းအပ် လက်ခံခြင်းများကို စတင်ဆောင်ရွက်လျက်ရှိ၊ မသင်မနေရ မူလတန်း ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေချိန်၌ အလှူငွေ ကောက်ခံခြင်းအပြင် အခြားသော ခေါင်းစဉ်များဖြင့် ရန်ပုံငွေရှာဖွေခြင်းမျိုးလည်း မပြုလုပ်ကြရန် ညွှန်ကြားထား




Tuesday, 15 May 2012 12:02


အခြေခံပညာကျောင်း အချို့၌ ကျောင်းအပ် လက်ခံခြင်းများကို မေလဆန်းပိုင်းကပင် စတင်ဆောင်ရွက် လျက်ရှိနေပြီဖြစ်ပြီး ကျောင်းအပ်နှံ ရာသီဖြစ်သည့် မေလ သီတင်းနောက်ဆုံးပတ်အထိ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ယင်းသို့ ကျောင်းအပ်လက်ခံရာတွင် မသင်မနေရ မူလတန်းပညာရေး စနစ်အရ မူလတန်းအဆင့် ကျောင်းသားကျောင်းသူများအတွက် ကျောင်းအပ်နှံမှုမှာအခမဲ့ဖြစ်ပြီး အလယ်တန်း နှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းအပ်နှံမှုအတွက် သက်ဆိုင်ရာအတန်း အလိုက် မိဘဆရာ အသင်းကြေးတို့သာ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
“အခြေခံပညာမူလတန်း အဆင့်မှာ တက်ရောက်သင်ကြားကြမယ့် ကျောင်းသားကျောင်းသူတွေ အတွက် တစ်ဦးကို ကျောင်းသုံးစာအုပ် အပြည့်အစုံနှင့် လေ့ကျင့်ခန်းစာအုပ်(၆) အုပ်စီတို့ကို အခကြေးငွေပေးစရာမလိုပဲ အခမဲ့ဖြန့်ဝေပေးမှာဖြစ်ပါတယ်။ မသင်မနေရ မူလတန်းပညာရေးစနစ် အရ မူလတန်းအဆင့် ကျောင်းသား အားလုံးကို ပေးသွားမှာဖြစ်ပါတယ်”ဟု သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အခြေခံ ပညာအထက်တန်းကျောင်းမှ ဆရာမ တစ်ဦးက ပြောပြခဲ့ပါသည်။
“ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားတဲ့အတိုင်း ဆောင်ရွက်သွား ကြမှာပါ။ ရန်ပုံငွေနှင့် အလှူငွေတွေကိုလည်း စေတနာအလျောက် လှူဒါန်းကြတာမျိုးကလွဲပြီး မည်သည့် ငွေကြေး တစ်စုံတစ်ရာမျှ ကောက်ခံသွားမှာ မဟုတ်ပါဘူး”ဟုအထက(၁)ဒဂုံမှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာ အောင်ကိုကိုက ပြောပြခဲ့ပါသည်။
မသင်မနေရ မူတန်းပညာရေးစနစ်အား အကောင်အထည်ဖော် ဆောင်ရွက်နေချိန်တွင် ကျောင်းသားမိဘများအား အလှူငွေကောက်ခံခြင်းများ အပြင် အခြားသော ခေါင်းစဉ်များဖြင့် ငွေကြေး ကောက်ခံခြင်း၊ ပြင်ပမှထုတ်ဝေသည့် Student's Guide များ၊ မှတ်စုတိုများ၊ လေ့ကျင့်ခန်းစာအုပ်များ ရောင်းချ  ခြင်းများကိုလည်း မပြုလုပ်ကြပဲ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျောင်းရန်ပုံငွေများနှင့် ကျောင်းလခကောက်ခံရန် သတ်မှတ်ထားသည့် နှုန်းထားအတိုင်းသာ ကောက်ခံသွားကြရမည်ဟု ပြည်ထောင်စုဝန်ကြီးအဖွဲ့ ဥက္ကဌ ဦးကျော်သူက၂၀၁၂ခုနှစ်၊ မေလ(၇)ရက်နေ့၌ အထက်မြန်မာပြည်၊ ဗဟိုဝန်ထမ်း တက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် အခြေခံပညာဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၄၆) သင်တန်းဖွင့်ပွဲ အခမ်း အနား၌ ညွှန်ကြားထားရှိခဲ့သည့် အတိုင်း အခြေခံပညာကျောင်းများ အားလုံး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း သိရှိရပါသည်။
အခြေခံပညာ ကျောင်းအများစု၌ ကျောင်းအပ်လက်ခံခြင်းကို မေလ (၂၅)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။