Pages

Sunday, May 6, 2012

ဘိလပ်မြေလုပ်ငန်းတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် အီတလီ၊ ပြင်သစ်စသည့် ဥရောပနိုင်ငံအချို့နှင့် ထိုင်း၊ မလေးရှား၊ ဗီယက်နမ်တို့မှ စိတ်ဝင်စားနေ

Sunday, 06 May 2012 16:22

လက်ရှိအချိန်တွင် ဥရောပနိုင်ငံများ ဖြစ်သည့် အီတလီ၊ ပြင်သစ်၊ ဂျာမနီစသည့် နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံများမှ လုပ်ငန်းရှင်များက မြန်မာ့ ဘိလပ်မြေ လုပ်ငန်းတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု ရှိနေကြကြောင်း သိရှိရပါသည်။
ထိုကဲ့သို့ မြန်မာ့ဘိလပ်မြေ လုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပါက တိုင်းရင်းသားလုပ်ငန်းရှင်များ လုပ်ငန်းရပ်ဆိုင်း ရနိုင်ခြေ ရှိနေသည်ဟု သတင်း ရရှိပါသည်။
“အခုချိန်မှာ ငွေကြေးအင်အား တောင့်တင်းတဲ့ နိုင်ငံအချို့က မြန်မာ့ ဘိလပ်မြေလုပ်ငန်းမှာ လာပြီး ရင်းနှီး မြှုပ်နှံဖို့ စိတ်ဝင်စားနေကြတယ်။ သူတို့တွေလာပြီး တစ်နေ့ကို တန်ချိန်ငါးထောင်ကနေ တစ်သောင်းထိ ထုတ်နိုင်တဲ့ စက်ရုံကြီးတွေကို ရင်းနှီးမြှုပ်နှံမယ်ဆိုရင် မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေအနေနဲ့ ဘယ်လိုမှ ပြိုင်ပြီး ထုတ်လုပ်နိုင်မှာမဟုတ်ပါဘူး”ဟု ဘိလပ်မြေ ထုတ်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ဘိလပ်မြေစက်ရုံ ၁၅ရုံလည်ပတ် ထုတ်လုပ်လျက်ရှိနေပြီး ဈေးကွက်၌ ထုတ်လုပ်မှုစရိတ်နှင့် သယ်ယူပို့ဆောင်မှုစရိတ် မြင့်မားခြင်းကြောင့် ဘိလပ်မြေ စက်ရုံတည်ရှိရာနေရာတွင် သာ ဈေးကွက်ရှိနေပြီး၊ မြန်မာပြည်တွင်း၌ပင် အခြားနေရာများသို့ တင်ပို့ ရောင်းချနိုင်ခြင်း မရှိသည့် အနေအထားဖြစ်နေကြောင်း သိရသည်။
“အထက်မြန်မာပြည်စက်ရုံတွေက ထုတ်တဲ့ဘိလပ်မြေတွေက အဲ့ဒီအနီးတ၀ိုက်မှာပဲ ဈေးကွက်ရှိတယ်။ ကျန်တဲ့နေရာတွေကို တင်ပို့လို့ မရဘူး။ ရှမ်းပြည်နယ်ဘက် က စက်ရုံတွေဆိုလို့ ရှိရင်လည်း ရှမ်းပြည်နယ် ဘက်မှာပဲ ရောင်းလို့ ရတယ်။ ရန်ကုန်မပြောနဲ့ မန္တလေး ဈေးကွက်ကိုတောင် တင်မရောင်းနိုင်ဘူး။ ထုတ်လုပ်မှုစရိတ်ကို လျော့ချနိုင်အောင် လုပ်နေပေမယ့် သယ်ယူပို့ဆောင်စရိတ်ကြီးတော့ အခြားနယ်တွေကို တင်ပို့ပြီးရောင်းနိုင်တဲ့ အခြေအနေတောင်မရှိဘူး” ဟု ဘိလပ်မြေလုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်းရှင်တစ်ဦးကပြောပါသည်။