Pages

Saturday, May 26, 2012

ပြည်တွင်းစစ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ရရှိရေး လူငယ် လှုပ်ရှားမှု စတင်




ရန်ကုန်၊ မေ ၂၅

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးချိန်မှ စ၍ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ပွဲများ ထာဝရ ရပ်တန့်သွားစေရန်နှင့် ငြိမ်းချမ်းမှု ရရှိရန် သမ္မတကြီး ဦးသိန်းစိန်၊ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသို့ ပန်ကြားမည့် “ထာဝရ ငြိမ်းချမ်း 67” အမည်ရှိ လက်မှတ်ရေးထိုး တောင်းဆိုသည့် လှုပ်ရှားမှုကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းလှုပ်ရှားမှုကို ဦးဆောင် လှုပ်ရှားသည့် မျိုးဆက်သစ် လူငယ်များ အဖွဲ့က ပြောကြားသည်။

ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုသည့် အနေဖြင့် လက်မှတ်ပေါင်း ၆၇၆၇၆၇ ခု ကောက်ခံသွားမည် ဖြစ်ပြီး ရသမျှ လက်မှတ်များကို ဇွန်လ ၁၉ ရက်နေ့တွင် ကြေငြာသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့က ဆက်လက် ပြောကြားသည်။

“တိုင်းရင်းသား အချင်းချင်း အငြင်းပွားမှုတွေကို လက်နက်စွဲကိုင် တိုက်ခိုက် ဖြေရှင်းနေတာ ချက်ချင်း ရပ်တန့်ဖို့၊ တရားမျှတပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အားလုံးလက်တွဲ တည်ဆောက်ဖို့ အရေးကြီးဆုံး လိုအပ်ချက်ပါ” ပြည်သူများထံမှ လက်မှတ် စုဆောင်း ကောက်ယူမှု ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို မျိုးဆက်သစ် လူငယ်များ အဖွဲ့ဝင် တစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။



ယင်းအခမ်းအနားသို့ တက်ရောက်လာသော စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က “ပြည်တွင်း ငြိမ်းချမ်းရေးကို အရင် အကောင်အထည် ဖော်ပေးပါ၊ ရအောင် အရင်ဆုံး ဆောင်ရွက်ပေးပါ” ဟု ငြိမ်းချမ်းရေး အမှတ်တရ စကား ပြောကြားသည်။

“စစ်ကို မုန်းတယ်၊ ငြိမ်းချမ်းရေးကို လိုချင်တယ်။ လက်နက်အားကိုးပြီး အနိုင်ကျင့်တာကို မုန်းတယ်။ နိုင်ငံတကာကနေ ဒီအဖြစ်တွေကို ကာကွယ်တားဆီး ပေးစေချင်တယ်” ဟု ယင်းလှုပ်ရှားမှုသို့ တက်ရောက်လာသူ မနွေးနွေးသိန်းက ပြောကြားသည်။

ယင်းလက်မှတ် စုဆောင်း ကောက်ယူမှုကို နိုင်ငံရေး၊ လူမှုရေး အသင်းများ၏ အကူအညီဖြင့် လူစည်ကားရာ ဈေး၊ ပန်းခြံ၊ ဈေးဝယ်စင်တာများ၊ အင်တာနက် Facebook စာမျက်နှာများမှ သတ်မှတ် အရေအတွက် ပြည့်သည်အထိ ကောက်ခံသွားမည် ဖြစ်ကြောင်း မျိုးဆက်သစ် လူငယ်များ အဖွဲ့၏ ပန်ကြားလွှာအရ သိရသည်။