Pages

Monday, May 21, 2012

၂၀၁၂ ခုနှစ် မိုးရာသီ ကာလအတွင်း မြန်မာနိုင်ငံ၌ မိုးရွာသွန်းမှု အခြေအနေများ ပုံမှန်ရှိမည် မဟုတ်ဟု သိရ



Monday, 21 May 2012 11:05
၂၀၁၂ ခုနှစ် မိုးရာသီကာလ အတွင်း မြန်မာနိုင်ငံတွင် မိုးရွာသွန်းမှု အခြေအနေများ ပုံမှန်ရှိမည် မဟုတ်ကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် International Research Institute (IRI) က ခန့်မှန်းထုတ်ပြန်ထားသည် ဟု သတင်းရရှိပါသည်။ “ခန့်မှန်းချက်အရတော့ ဇွန်လနဲ့ ဇူလိုင်လတွေမှာ မိုးမမှန်ဘဲ မိုးရွာတာ နည်းတာ၊ များတာ အတက်အကျ များနိုင်ပါတယ်”ဟု Myanmar Climate Change Watch မှ ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။
အပူချိန် ရက်ရှည်ခန့်မှန်းချက်များကိုလည်း IRI မှထုတ်ပြန်ခဲ့ရာတွင် ဇွန်လမှစတင်ကာ စက်တင်ဘာလအထိ အပူချိန်များသည် ဖြစ်မြဲထက် မပိုနိုင်ကြောင်း၊ အထူးသဖြင့် မြေလတ်ဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ၌ ဖြစ်မြဲ အပူချိန်များထက် လျော့နည်းမှုကို ပိုမိုကြုံတွေ့နိုင်ကြောင်း ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံ၏ မိုးရာသီကာလသည် အနောက်တောင်မုတ်သုံဝင် ရောက်ပြီးချိန် ဇွန်လဆန်းဝန်းကျင်မှ စ၍ တစ်နိုင်ငံလုံး လွှမ်းခြုံစတင်မည် ဖြစ်ကာ အနောက်တောင် မုတ်သုံလေ ဆုတ်ခွာချိန် စက်တင်ဘာ လကုန်ပိုင်းအထိ ကြာမြင့်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် နှစ်ရှည်ရာသီဥတု ပြောင်းလဲခြင်းများ တွေ့ကြုံလာရာတွင် မုတ်သုံဝင်ရောက်မှု နောက်ကျခြင်း၊ မုတ်သုံအထွက်စောခြင်း၊ မိုးရွာသွန်းရက် တိုတောင်းလာခြင်း စသည်တို့ပါဝင်ပြီး ယခုနှစ်သည်လည်း မုတ်သုံဝင်ရောက်မှု ပုံမှန် ထက် နောက်ကျသော နှစ်တစ်နှစ် ဖြစ်နေသည်ဟု သိရှိရသည်။
“သြဂုတ်လနဲ့ စက်တင်ဘာလ မှာတော့ မိုးဟာရွာသွန်းမြဲထက် ကျော်အောင် ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်”ဟု ဒေါက်တာ ထွန်းလွင်က ပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ်အတွင်း ကြုံတွေ့ခဲ့ ရသော ရာသီဥတု အနေအထားများ အနေဖြင့် ဆောင်းရာသီသည် ဒေသ အများစုတွင် ပုံမှန်ဆောင်းကဲ့သို့ အေးမြခြင်းမရှိခဲ့ဘဲ နွေရာသီတွင်လည်း ဒေသအများစုတွင် နေ့အပူချိန် မြင့်တက်မှုများကို ကြုံတွေ့ခဲ့ရသည်။
မိုးဦးကာလဖြစ်သော ဇွန်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင် ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုမိုပြီး မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့်ရွာသွန်း နိုင်ကာ ကျန်ဒေသများ၌ ရွာသွန်းမြဲအောက် ရွာသွန်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ဖော်ပြထားသည်။