Pages

Thursday, May 17, 2012

အလုပ်သမား ဆန္ဒပြမှုပြဿနာ ပထမဦးဆုံးအကြိမ် အများရှေ့မှောက်ဖြေရှင်း

ရန်ကုန် ၊ မေ ၁၅၊ ၂၀၁၂ ခုနှစ်
သူရမျိုး (YPI)

လှိုင်သာယာမြို့နယ်စက်မှုဇုံ (၃) ဘုရားလမ်းပေါ်ရှိ ပုလဲအထည်ချုပ်စက်ရုံ အလုပ်သမားဆန္ဒပြမှုအား ညှိနှိုင်းပေးရာတွင် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန မှ ညွန်ကြားရေးမှုးချုပ် ဦးဝင်းရှိန်နှင့် ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးသန်းနိုင်တို့က အများပြည်သူရှေ့မှောက်၌ ပထမဦးဆုံးအကြိမ်အဖြစ် ညှိနှိုင်းပေးခဲ့သည်။

ထိုသို့အများပြည်သူရှေ့မှောက်တွင် ညှိနိုင်းရခြင်းမှာ ဆန္ဒပြ အလုပ်သမားများထဲမှ ကိုယ်စားပြု ဖြေရှင်းမည့် ကိုယ်စားလှယ် တစ်ဦးတစ်ယောက်မှ ထွက်ပေါ်လာခြင်းမရှိသည့်အတွက် ဖြစ်သည်။

 
မေလ ၁၅ ရက်နေ့ လှိုင်သာယာ စက်မှုဇုန်မှ ပုလဲ အထည်ချုပ်စက်ရုံ ဆန္ဒပြ အလုပ်သမားနှင့် အများရှေ့မှောက်တွင် ညှိနိင်းနေကြစဉ် (ဓါတ်ပုံ-သူရမျိုး YPI)

“သမီးတို့ထပြောရင် မနေနိုင်အောင် နည်းအမျိုးမျိုးနဲ့လုပ်တယ် နောက်ဆုံးအဲဒီလူက ကိုယ်သဘောနဲ့ကိုယ် ထွက်ကိုသွားရတာ”ဟု ဆန္ဒပြ အလုပ်သမ တစ်ဦးကပြောသည်။

အလုပ်သမားများဘက်မှ တစ်ထည်ချုပ်ခ ပမာဏ သိရှိရန် ၊ တနင်္ဂနွေ နှင့်အစိုးရရုံးပိတ်ရက်များ ပိတ်ရက်ရရှိရန် ၊နောက်ကျလျှင် လစာမဖြတ်ရန် ၊ခွင့်တိုင်ခွင့်ရရှိရန်၊ ရှားပါးစရိတ် သုံးသောင်းရရှိရန် တို့ပါဝင်သည့်  အချက် ၁၃ ချက် တောင်းဆိုခဲ့သည်။


ဆန္ဒပြအလုပ်သမ မသူက “လခနည်းတာရယ် တနင်္ဂနွေ အလုပ်ဆင်းရ တာရယ်ကို ပြောတာ၊  အထည်ကြေးကို အတိအကျမသိရဘူး၊  နေထိုင်မကောင်းလို့ရှိရင်လည်း လူမှုဖူလုံရေးဆေးခွင့်နဲ့ ယူလို့ရှိရင်လည်း ပိုက်ဆံ ဖြတ်တာပဲ ” ဟုပြောသည်။

ဆန္ဒပြသည့် အလုပ်သမများအား အလုပ်ရှင်က တနင်္ဂနွေပိတ်ပေးရန် ၊ ရက်မှန်ကြေးငါးထောင်တိုးပေးရန်၊ အစိုးရရုံးပိတ်ရက်များ ပိတ်ပေးရန်၊ တစ်နှစ် ၆ ရက် ရရှိစေရန်၊ တစ်ထည်ကြေး ကြေငြာပေးရန် စသည့်တောင်းဆိုထားသည့် ၁၂ ချက် သဘောတူခဲ့သော်လည်း ရှားပါးစရိတ်သုံးသောင်း ပေးရန်ကိုမူ သဘောမတူဘဲ တစ်သောင်းသာတိုးပေးခဲ့သည်။

“ညီမတို့တောင်ဆိုတာအစ်မပေးနိုင်လို့ရှိရင်ပေးပါတယ် ။ တစ်သောင်းပေးမယ်နော်”ဟု ပုလဲအထည်ချုပ်ပိုင်ရှင် ဒေါ်စန္ဒာက ညှိနှိုင်းခဲ့သည်။

တစ်နှစ်လျှင်ကိုးလ အလုပ်ကောင်းချိန် တွင် လစာ ၆သောင်းကျော်ခန့်ရရှိပြီး ကျန်သုံးလ အလုပ်မကောင်းချိန်တွင် လစာ လေးသောင်းခန့်သာ ရရှိ သည့်အတွက် အလုပ်မကောင်းချိန်တွင် အစိုးရ၀န်ထမ်း အနိမ့်ဆုံးလစာ အတိုင်းငါးသောင်းလေးထောင်ခြောက်ရာ ပေးမည်ဟု ၎င်းက ပြောသည်။

သို့သော် ဆန္ဒပြအလုပ်သမများ ရှားပါးစရိတ် သုံးသောင်းမပေးသည့်အပေါ်ကြေနပ်မှုမရှိကြ အတွက် ဆက်လက်တိုင်ကြားသွားမည်ဟု ဆန္ဒပြအလုပ်သမများက ပြောသည်။

အလုပ်သမား ရေးရာပြဿနာများညှိနှိုင်းမှုနှင့်ပတ်သက်၍ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးသန်းနိုင်က “အလုပ်သမားရေးရာမူဝါဒနဲ့ တည်ဆဲ ဥပဒေတွေအရ လုပ်ပေးနေတယ်။ အလုပ်ရှင်နဲ့အလုပ်သမားမျှတသော ပြေလည်မှု ရရှိအောင် အလုပ်သမား ဥပဒေတွေအတိုင်း လုပ်ပေးနေတယ် ”ဟု ပြောသည်။

လွန်ခဲ့သည့် ဖေဖေါ်ဝါရီလ တိုင်ရီ ဖိနပ်စက်ရုံ ဆန္ဒပြမှုအပြီး အလုပ်သမားဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်လျှက်ရှိရာ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန အနေဖြင့် အလုပ်ရှင်အလုပ်သမား ပြဿနာ ၇ ခုခန့်ဖြေရှင်းပြီးခဲ့ပြီဖြစ်သည်။

အစိုးရက ယခုနှစ်ဆန်းတွင် အလုပ်သမား အသင်းအဖွဲ့ဖွဲ့စည်းရေး ဥပဒေကို ပြဋ္ဌာန်းအတည်ပြုပြီးနောက် အလုပ်သမား သမဂ္ဂများ တရားဝင်ဖွဲ့စည်းခွင့်ရရှိလာကာ အလုပ်သမား ခံစားခွင့်ဥပဒေကိုလည်း မကြာသေးမီက အတည်ပြုပြဋ္ဌာန်းခဲ့သည်။        ။
Yangon Press International