Pages

Sunday, May 6, 2012

ဘင်္ဂလား ပင်လယ်အော်တွင် မေလအတွင်း လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ် ဖြစ်လာနိုင်ကြောင်း ထုတ်ပြန်

Sunday, 06 May 2012 16:57

ဘင်္ဂလား ပင်လယ်အော်တွင် မေလအတွင်း လေဖိအားနည်း ရပ်ဝန်းမှ မုန်တိုင်းငယ် ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိပါသည်။
မေလအတွင်း ဘင်္ဂလားပင် လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ မေလအတွက် ခန့်မှန်းချက်အနေဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သည်။
ယင်းကာလအတွင်း အနောက်တောင် မုတ်သုံလေမှာမူ အားအသင့်အတင့်မှ အားကောင်းနိုင်ကြောင်းလည်း ထုတ်ပြန်ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ဘင်္ဂလားပင်လယ်အော် မုန်တိုင်းများကို သတိပြု ရသည့်ကာလမှာ မိုးကြိုကာလ ဖြစ်သော ဧပြီနှင့် မေ၊ မိုးလွန်ကာလဖြစ်သော အောက်တိုဘာနှင့် နိုဝင်ဘာလ တို့ဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် နှစ်များအတွင်း မြန်မာနိုင်ငံသည် မုန်တိုင်းသက်ရောက်မှုများကို နှစ်စဉ်လို ကြုံတွေ့ ခဲ့ရကာ ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းမှာ မြန်မာနိုင် ငံ၏ သမိုင်းတွင် အဆိုးရွားဆုံး ပျက်စီးမှုများကို ရင်ဆိုင်ခဲ့ရသည့် မုန်တိုင်းလည်းဖြစ်သည်။
၁၈၇၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ၁၃၅ နှစ်တာကာလအတွင်း ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်း ၁၃၁၂ လုံးဖြစ်ပေါ်ခဲ့ကာ မြန်မာနိုင်ငံ ကို ၈၅ လုံးဝင်ရောက်ခဲ့ ပြီး၅၁ ရာခိုင်နှုန်းသည် မိုးကြိုကာလတွင် ၀င်ရောက်ခဲ့ခြင်း ဖြစ်သည်။
ဧပြီနှင့် မေလများသည် မိုးကြိုကာလဖြစ်၍ အရေးကြီးသောကာလဖြစ်ပြီး အဓိက သတိပြုရသည့် အချက်များမှာ အပူရှိန်မြင့်တက်ခြင်း၊ မိုးတိမ်တောင်များ မကြာခဏဖြစ်ပေါ်တတ်ခြင်းနှင့် မုန်တိုင်းများ ၀င်ရောက် တတ်ခြင်းတို့ ဖြစ်သည်။