ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်၌
ကြိုဆိုနိုင်မည့်နေ့ကို မျှော်လင့်စောင့်စားနေကြောင်း အမေရိကန်
အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက မေလ ၈ ရက်နေ့က ပြောကြားခဲ့ သည်ဟု
အေအက်ဖ်ပီသတင်းတွင် ဖော်ပြချက်အရ သိရသည်။
အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ဒေါ်အောင်ဆန်းစုကြည် နိုင်ငံကူးလက်မှတ် ရရှိပြီးနောက် ပြောကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏
နိုင်ငံကူးလက်မှတ်ကို ရရှိပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ
တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကိုကိုးကားပြီး အေအက်ဖ်ပီ အခြား
သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်အား ၂၀၀၈
ခုနှစ်တွင် ပေးအပ်ခဲ့သည့် အမေရိကန်ပြည်ထောင်စု၏ အမြင့်ဆုံး
အရပ်သားဆုဖြစ်သည့် ကွန်ဂရက်ရွှေတံဆိပ်ဆုကို လက်ခံရယူရန်
ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်ပြည်ထောင်စုသို့ လာရောက်လည်ပတ်ရန် အမေရိကန်
လွှတ်တော်အမတ်များက ဖိတ်ခေါ်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၄
နှစ်အတွင်း ပထမဆုံးအကြိမ် နိုင်ငံခြားခရီးစဉ်အဖြစ် လာမည့်ဇွန်လတွင်
နော်ဝေနိုင်ငံနှင့် ဗြိတိန်နိုင်ငံများသို့ သွားရောက်ရန် စီစဉ်ထားကြောင်း
သိရပြီး ဒေါ်အောင်ဆန်းစုကြည်အား ငြိမ်းချမ်းရေး နိုဘယ်ဆုချီးမြှင့်ထားသည့်
နော်ဝေနိုင်ငံက လာရောက်လည်ပတ်ရန် ဖိတ်ကြားထားရာ ဒေါ်အောင်ဆန်းစုကြည်က
အခြေအနေပေး၍ ပြည်ပခရီးထွက်ဖြစ်လျှင် နော်ဝေနိုင်ငံကို ဦးစွာလာရောက်မည်ဟု
ကတိပေးထားခဲ့ဖူးကြောင်း သိရသည်။ ဗြိတိန်နိုင်ငံသည် ၁၉၈၈ ခုနှစ်
နှစ်ဆန်းပိုင်းအထိ ဒေါ်အောင်ဆန်းစုကြည်နေထိုင် ခဲ့ဖူးသည့် နိုင်ငံဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည်
၁၉၈၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် နာမကျန်းဖြစ်နေသော မိခင်ကြီးဒေါ်ခင်ကြည်အား
ပြုစုရန် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ
အရေးတော်ပုံတွင် လူထုခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပြီးနောက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖွဲ့စည်းထူ ထောင်ကာ ဒီမိုကရေစီရရှိရေး
ဦးဆောင်ကြိုးပမ်းခဲ့သည်။ အဆိုပါအချိန်မှစ၍ လက်ရှိအချိန်အထိ
ပြည်ပခရီးစဉ်များ ထွက်ခွာခြင်း မရှိခဲ့ပေ။ |