Pages

Tuesday, May 29, 2012

ဆန္ဒပြအလုပ်သမားများကို စက်ရုံလုံခြုံရေးက ကြမ်းတမ်းစွာတုံ့ပြန်

 မေ ၂၉၊ ၂၀၁၂ (YPI)

လှိုင်သာယာ စက်မှုဇုန် (၁) ရှိ တော်ဝင်မြန်မာ ဇာထိုးပန်းထိုးစက်ရုံ ရှေ့တွင် ဆန္ဒပြနေသော အလုပ်သမားများထဲမှ အမျိုးသမီးသုံးဦးကို ယနေ့နံနက်ပိုင်းက စက်ရုံလုံခြုံရေးများက တွန်းထိုးခြင်း၊ ပါးရိုက်ခြင်းများ ပြုလုပ်သည်ဟု ဆန္ဒပြသူများကပြောသည်။

၎င်းစက်ရုံရှေ့တွင် အလုပ်သမားများဆန္ဒပြခဲ့ကြသည်မှာ သုံးရက်မြောက်ရှိလာပြီဖြစ်ပြီး အလုပ်သမားစုစုပေါင်း ၁,၀၀၀ ကျော်ရှိသည့်အထဲမှ ၃၀၀ ကျော်ခန့်က လုပ်ခလစာတိုးမြှင့်ရေးအတွက် တောင်းဆိုလျှက်ရှိကြသည်။

၎င်းစက်မှုဇုန်ထဲတွင်ပင်ရှိသည့် Hall Mark အထည်ချုပ်စက်ရုံရှေ့တွင်လည်း အလုပ်သမား ၂၀၀ ခန့်က လုပ်ခလစာတိုးမြှင့်ရေးနှင့်ပတ်သတ်ပြီး နှစ်ရက်မြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြလျှက်ရှိကြသည်။

တော်ဝင်မြန်မာ ဇာထိုးပန်းထိုးစက်ရုံပိုင်ရှင်မှာ မြန်မာနိုင်ငံသားဖြစ်ပြီး Hall Mark အထည်ချုပ်စက်ရုံမှာ ဂျပန်-မြန်မာ ဖက်စပ်လုပ်ကိုင်နေသော စက်ရုံဖြစ်သည်။ ။

Yangon Press International