Pages

Tuesday, May 22, 2012

RCSS/SSA ၏ ငြိမ်းချမ်းရေးခရီးစဉ် ဒေသခံလူထုနှင့်ချစ်ကြည်ရင်းနှီးတွေ့ဆုံ




မိုင်းလားမှအပြန် သျှမ်းပြည်တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့အား ကျိုင်းတုံနှင့် တာချီလိတ်ဒေသခံများ တခဲနက် ကြိုဆိုကာ လက်ဆုံထမင်းစားခဲ့ကြကြောင်း လိုက်ပါသူများက ပြောသည်။
mongla-1မိုင်းလားရောက် RCSS/SSA ခေါင်းဆောင် စဝ်ယွက်စစ်နှင့်အဖွဲ့

“ မိုင်းလားအပြန် ကျိုင်းတုံနဲ့ တာချီလိတ်မှာ ဒေသခံတွေနဲ့ နေ့လည်စာ ၊ ညနေစာအတူ စားကြတယ်။ ဝမ်းမြောက်ဝမ်းသာ တွေ့ဆုံစကားပြောကြတယ်။ တယောက်နဲ့တယောက် ကြောက်စရာမလိုဘဲ လက်တွဲပူးပေါင်ကြဖို့ စဝ်ယွက်စစ် က ၂ နေရာ စလုံးမှာပြောသွားပါတယ်” - ခရီးစဉ်၌လိုက်ပါသည့် သျှမ်းသံတော်ဆင့်သတင်းထောက် စိုင်းအန်းတိုင်းကပြောသည်။
mongla-2
မိုင်းလားမှ ကြိုဆိုရေးအဖွဲ့
မေလ ၂၀ ရက်မိုင်းလား၌ခေါင်းဆောင်ကြီး စဝ်စိုင်းလင်းနှင့် သျှမ်းပြည်တပ်မတော်အကြီးအကဲတို့ တွေ့ဆုံစကား ပြောကြ ပြီးနောက် ညစာလက်ဆုံစားခဲ့ကြကြောင်း၊ ၂၁ ရက်မနက်ပိုင်း မိုင်းလားဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုများ၊ တပ်ဖွဲ့၏ စိုက်ပျိုး မွေးမြူရေး၊ တည်ဆောက်ရေးလုပ်ငန်းများအပြင် တရုတ်နယ်စပ်ဂိတ်အထိ သွားရောက်လည်ပတ်ခဲ့ကြပြီးနောက် ကျိုင်းတုံ သို့ မွန်းတည့်ချိန်၌ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
chiangtung-1ကျိုင်းတုံသျှမ်းစာပေယဉ်ကျေးမှုကော်မတီမှ RCSS/SSA အား စောင့်ကြိုနေစဉ်
“ မနေ့က မိုင်းလားကနေ ကျိုင်းတုံကို မွန်းတည့်မှာပြန်ရောက်တယ်။ အဲဒီမှာ စိုင်းဆိုင်လန်းဦးဆောင်တဲ့ ကျိုင်းတုံ သျှမ်းစာ ပေယဉ်ကျေးမှုကော်မတီ၊ ရပ်မိရပ်ဖ၊ နိုင်ငံရေးသမားဟောင်းတွေ၊ လူငယ်မောင်မယ်တွေ၊ နိုင်ငံရေးပါတီတွေဖြစ်တဲ့၊ ကျားဖြူ ပါတီ၊ ကြံ့ခိုင်ရေးပါတီ၊ NLD ပါတီတွေနဲ့ တိုင်းရင်းသားမောင်မယ်တွေ အင်အား ၃၀၀ ကျော်ကျော်လောက်က ဝမ်းမြောက် ဝမ်းသာ စောင့်ကြိုကြတယ်။ တိုင်းလိယဉ်ကျေးမှုခန်းမ မှာနေ့လည်စာ အတူ စားကြတယ်။ အဲဒီမှာဒေသခံတွေ လေးစား ယုံကြည်တဲ့ စဝ်လုံးဟောင်ခမ်း (အသက် ၈၀ ကျော်) က အမှာစကားပြောတယ်။ RCSS အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ အတွက် ဝမ်းမြောက်တယ်။ ဒီခရီးစဉ်မဟုတ်ရင် ကျနော်တို့လက်ဆုံထမင်းစားခွင့်ရမှာမဟုတ်ဘူး စသဖြင့်ပေါ့။ စဝ်ယွက်စစ် ကလဲ ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားတယ်။ ခုချိန်ကစပြီး ဒေသခံတွေနဲ့ သျှမ်းပြည်တပ်မတော်နဲ့ လက်တွဲပူးပေါင်း ဖို့၊ ဒေသခံတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာဗဟုသုတတွေလေ့လာဖို့၊ မှတ်ပုံတင်ကတ်ပြား မရှိတဲ့သူတွေ အချိန်မဆွဲဘဲ သွားလုပ်ကြဖို့ တိုက်တွန်းတယ်” - ဟု စိုင်းအန်းတိုင်းကပြန်လည်ပြောပြသည်။
chiangtung-2
မိုင်းလားမှအပြန် ကျိုင်းတုံသို့ရောက်ရှိစဉ်
ထို့အပြင် အပစ်ရပ်ရခြင်းအကြောင်းရင်းပြောရာ၌ မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံရေးပြဿနာတခုဖြစ်သည့်အလျောက် ယခုတကြိမ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပြဿနာကို အဓိကထား ပြောဆိုဆွေးနွေးရခြင်းဖြစ်ကြောင်း ပြောသည်ဟုဆို၏။
chiangtung-3
ကျိုင်းတုံလူငယ်မောင်မယ်များအားနှုတ်ဆက်နေသည့် စဝ်ယွက်စစ်
အဆိုပါ လက်ဆုံစားပွဲ၌ ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ပေါင်ခေးကလည်း မေ ၂၁ သျှမ်းပြည်အမျိုးသား တော်လှန်ရေးနေ့၌တွေ့ဆုံခွင့်ရသည့်အတွက် ထူးခြားသောအမှတ်တရဖြစ်သကဲ့သို့မင်္ဂလာကောင်းဖြစ်သည်ဟုယူဆကြောင်း ပြောကြားပြီး ရပ်မိရပ်ဖများကိုကန်တော့ကာ တာချီလိတ်သို့ခရီးဆက်ခဲ့ကြသည်ဟုပြောသည်။
chiangtung-4
ကျိုင်းတုံ၌ နေ့လည်စာ လက်ဆုံစားကြစဉ်
မွန်းလွဲ ၂ နာရီ ကျိုင်းတုံမှ ထွက်ခွါရာ တာချီလိတ်သို့ ညနေ ၆ နာရီ၌ ရောက်ရှိကြကြောင်း၊ တာချီလိတ်၌လည်း သျှမ်းစာပေ ယဉ်ကျေးမှုအဖွဲ့၊ ကျားဖြူပါတီနှင့် အနုပညာရှင်များ စုစုပေါင်းအင်အား ၁၀၀ ကျော် စောင့်ကြိုကြကြောင်း၊ အလားတူ ဖင့်ခမ်း (ရွှေပျား) စားသောက်ဆိုင်၌ ညနေစာလက်ဆုံစားခဲ့ကြကြောင်း ၎င်းက ဆက်လက်ပြောပြသည်။
Tachilek-1
စဝ်ယွက်စစ်နှင့်အဖွဲ့ တာချီလိတ်သို့ရောက်ရှိ

“ တာချီလိတ်မှာလဲ သျှမ်းစာပေယဉ်ကျေးမှုကော်မတီ ဒု ဥက္ကဌ စိုင်းအွတ်၊ တာချီလိတ်မြို့ရဲ့ ကျားဖြူပါတီဥက္ကဌ ဆရာမ နန်းငွေမြနဲ့ အနုပညာရှင် အဆိုတော်အဖွဲ့က ကြိုဆိုတယ်။ အဲဒီမှာလဲ စဝ်ယွက်စစ်က သျှမ်းတပ်နဲ့ပြည်သူ လက်တွဲပူးပေါင်း ကြဖို့ တိုက်တွန်းတယ်။ ၁ နာရီကျော်ကျော်လောက် ညစာစားကြပြီး ပွဲသိမ်းလိုက်တယ်” ဟု ဆိုပါသည်။

တာချီလိတ်ဒေသခံများ အိုးစည်ဗုံမောင်းနှင့်ကြိုဆို

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA သည် မေလ ၁၉ ရက်၌ မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ကျိုင်းတုံ၌ ပြည်ထောင်စုအဆင့် ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး သဘောတူညီချက် ၁၂ ချက် လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါခရီးစဉ်မှ သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ မိုင်းလား ခေါင်းဆောင်အပြင် ကျိုင်းတုံ၊ တာချီလိတ်မှ ရပ်မိရပ်ဖနှင့် လူငယ်မောင်မယ်များအားတွေ့ဆုံခွင့်ရရှိခဲ့ခြင်းဖြစ်သည်။