Pages

Thursday, June 7, 2012

သျှမ်းပြည်မြောက်ပိုင်း ကျေးလက်တောရွာများ၌ ယာဘကို မုန့်ဝယ်သလို ဝယ်ယူသုံးစွဲနေကြ

4:28 AM Posted by သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း မန့်တုန့်မြို့နယ်၌လည်း ယာဘ မူးယစ်ဆေးကို ဆယ်ကျော်သက်အရွယ် လူငယ် မှအစ ဘုန်းတော်ကြီးများ အမျိုးသမီးများပါမကျန် ဖောဖောသီသီဝယ်ယူသုံးစွဲနေကြကြောင်း မန့်တုန့် ဒေသခံများကပြောသည်။

“ အခု ယာဘတွေ မှိုလိုပေါက်နေတာက မန့်တုန့်မြို့နယ် မုံးမော်အုပ်စုမှာ ပါ။ လူတွေက ယာဘကို နေကြာစေ့ ဝယ်စားသလို လွယ်လွယ်ကူကူနဲ့ဝယ်နေကြတယ်။ စိတ်မချမ်းသာစရာဗျာ ၁၂ နှစ်သား ကအစ အိုကြီးအိုမတွေလဲ သုံးကြတယ်။ ရွာသားတွေကတော့ အလုပ်ဖြစ်ဖို့အရေးဘဲ သိကြတာကိုး။ ယာဘသုံးရင် အလုပ်တွင်တယ်လို့ဘဲ သိကြတယ်လေ” မန့်တုန့်ဒေသခံ စိုင်းခမ်းကပြောသည်။

အဆိုပါယာဘများကို လားရှိုးမြို့ကောင်းခါးအခြေစိုက် KDA ပြည်သူ့စစ်က စတင်သယ်ယူရောင်းချပြီး ယခုအခါ ဒေသခံများကုန်သည်များပါမကျန် သယ်ယူရောင်းချသဖြင့် ပေါများလာကြောင်း မန့်တုန့်မြို့နယ်မှ ကျန်းမာရေး ဝန်ထမ်းတဦးကပြောသည်။


altယာဘဆေးပြားများ (ဓါတ်ပုံ-အင်တာနက်)

“အဲဒီယာဘတွေကို မိုင်းယု၊ မိုင်းဝီး၊ ကွတ်ခိုင်ဘက်ကနေ သယ်လာတယ်။ ယာဘ ၄ မျိုးရှိတယ်။ ZY စာတန်းပါ ယာဘက တပြား ၁၀၀၀ ပေးရတယ်။ WY စာတန်း ၁၂၅၀၊ WY1 က ၁၅၀၀၊ 881 က ၂၀၀၀ ကျပ်။ လူတွေက အလုပ်လုပ်နိုင်ဖို့ဘဲစဉ်းစားတယ်။ ဆိုးကျိုးက ဘယ်လိုရှိတယ်ဆိုတာ စိတ်မ ဝင်စားကြဘူး။ အမျိုးသမီးတွေ ၊ ဘုန်းကြီးတွေလဲ သုံးတယ် ” ဟု အဆိုပါ ဝန်ထမ်းက ဆက်လက်ပြောပြသည်။

ယာဘ၏ ဆိုးကျိုးကိုသိသူတချို့ မိမိသားသမီးများအား မြို့တက် ကျောင်းထားကြပြီး စီးပွါးရေး ဦးစားပေး ငွေရှာ လိုကြသည့် မိဘအများစုမှာမူ မိမိ သားသမီးများအား တရုတ်ပြည်ပို့ကာ အလုပ်လုပ်စေကြောင်း စိုင်းခမ်းက ဆက်လက်ပြောပြသည်။

မန့်တုန့်မြို့နယ်ရှိ မုံးမော်ခေါ် မန်မောက်အုပ်စုသည် မိုင်းဝီးအုပ်စုနှင့် ၄၂ မိုင်၊ မူဆယ်မြို့နယ် မိုင်းယုအုပ်စုနှင့် ၅၂ မိုင်ခန့်ဝေးသည်။ ဒေသခံအများ စုမှာ သျှမ်းလူမျိုးဖြစ်ပြီး ကချင်နှင့် ပလောင်တို့နှင့်အတူ နေထိုင်ကြသည်။