Pages

Wednesday, June 20, 2012

ပြည်သူလူထု၏ တင်ပြချက်များကို လွှတ်တော်၌ တင်ပြမည်ဟု အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌဦးသိန်းညွန့် ပြောကြား

Wednesday, 20 June 2012 10:31  Eleven Media Group
ပြည်သူလူထု၏ တင်ပြချက်များနှင့် ပတ်သက်၍ လွှတ်တော်တွင်း၌ တင်ပြဆွေးနွေးသွားမည်ဟု အမျိုးသား ဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောကြားခဲ့ပါသည်။
အမျိုးသားဒီမိုကရေစီပါတီသစ်သည် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လွှတ်တော်တွင်း အတွေ့အကြုံရှင်းလင်းပွဲနှင့် ပြည်သူ့အသံနာခံပွဲ ကျင်းပပြုလုပ်နေပြီး အဆိုပါရပ်ကွက် ပြည်သူများ၏ တင်ပြချက်များမှ ပြည်သူအများစုအတွက် အကျိုးရှိနိုင်မည့် မေးခွန်းများကို လွှတ်တော်တွင်း၌ တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
''ပြည်သူတွေ တင်ပြချက်တွေနဲ့ ပတ်သက်ပြီး တစ်တိုင်းပြည်လုံး အကျိုးရှိနိုင်မယ့် မေးခွန်းတွေ၊ အဆိုတွေကို တင်ပြဆွေးနွေးသွားမှာပါ။ ဒီတင်ပြချက်တွေက လူထုနဲ့ တိုက်ရိုက်ထိတွေ့ပြီး ရလာတဲ့အကြောင်းအရာ တွေဖြစ်တာကြောင့် သေချာစိစစ်ပြီး အကျိုးရှိနိုင်တာတွေကို တင်ပြပေး သွားမှာပါ''ဟု ဦးသိန်းညွန့်က ပြောကြားခဲ့သည်။

အဆိုပါ ပြည်သူလူထုမှ တင်ပြချက်များတွင် လွှတ်တော်အသီးသီး၏ ဆောင်ရွက်မှုများကို ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည့် အစီအစဉ် ရှိပါသလား၊ ဥပဒေရေးဆွဲပြီးလျှင် နည်းဥပဒေရေးဆွဲဖို့ ရက် အကန့်အသတ် ရှိပါသလား၊ ဧည့်စာရင်းတိုင်ကြားမှု ဥပဒေဆိုသည်မှာ ဘာလဲ၊ အိမ်ခြံမြေဈေးများ မြင့်မားနေ၍ လူထု သက်သာချောင်ချိစေရန်အတွက် အစိုးရမှ ဘာလုပ်ပေးဖို့ ရှိပါသလဲအစရှိသဖြင့် မေးခွန်းများ ပါဝင်တင်ပြခဲ့ကြကြောင်း သိရသည်။