Pages

Saturday, June 23, 2012

မုတ္တမ၊ တနင်္သာရီ ကမ်းလွန် လုပ်ကွက်များတွင် အီးယူနိုင်ငံများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်နိုင်ရေး စွမ်းအင်ဝန်ကြီးဌာန၌ ဆွေးနွေးမှုများပြုလုပ်


Saturday, 23 June 2012 14:50


မုတ္တမ၊ တနင်္သာရီကမ်းလွန် လုပ်ကွက်များ၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အီးယူနိုင်ငံများမှ အဆိုပြုလွှာ တင်သွင်းနိုင်ရေးအတွက် နောက်ဆုံးအဆင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။
မြန်မာနိုင်ငံရှိ ကမ်းလွန် (offshore) လုပ်ကွက်များ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လိုပါက တိုက်ရိုက် ရင်းနှီးမြှုပ် နှံနိုင်ကြောင်း၊ ကုန်းတွင်း(onshore) လုပ်ကွက်များ၌ ရေနံနှင့် သဘာဝ ဓာတ်ငွေ့တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက်မူ စွမ်းအင်ဝန်ကြီးဌာနမှ တင်ဒါခေါ်ယူဆောင်ရွက်လေ့ရှိကြောင်းလည်း သိရှိရသည်။

"Offshore ပိုင်းမှာတော့ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေပြုမယ်ဆိုရင် တိုက်ရိုက် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နိုင်ပါတယ်။ အခု မုတ္တမနဲ့ တနင်္သာကမ်း လွန်လုပ်ကွက်တွေမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် အီးယူနိုင်ငံတွေဖြစ်တဲ့ နယ်သာလန်၊ အင်္ဂလန်နဲ့ ဂျာမနီနိုင်ငံတွေက Proposal (အဆိုပြုလွှာ)တွေ တင်သွင်းဖို့အတွက် လာရောက် ဆွေးနွေးနေကြပါတယ်။   Proposal တင်ဖို့အတွက်က terms တွေ regulation တွေရှိတယ်။ ပေးချင်တိုင်း ပေးလို့မရဘူး။ အဲဒီအတွက် နောက်ဆုံးအဆင့် ဆွေးနွေးနေကြပါတယ်" ဟု စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
"Offshore ပိုင်းအတွက်  Proposal တင်ဖို့ဆိုရင် MOGE မှာ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ခွင့်ပြု ချက်နဲ့ general data view ကို အခမဲ့ ပေးကြည့်ပါတယ်။ ပြီးရင် ရေနံကုမ္ပဏီ တစ်ခုချင်းအလိုက် အသေးစိတ် ဒေတာအချက်အလက်တွေကို လုပ်ကွက်တစ်ကွက်အတွက် ဒေါ်လာ၂၅၀၀၀ နဲ့ လူ ၆ ယောက်ကို ၆နာရီပေးကြည့်တယ်။ ပြီးမှ open block တွေ အတွက် ကုမ္ပဏီရဲ့ အချက်အလက် အပြည့်အစုံနဲ့ proposal တင်ရတာပါ။ သူတို့က လုပ်ကိုင်မယ်ဆိုရင်လည်း တစ်ကွက်အတွက်ကို ဒေါ်လာသုံးသန်း တင်ရပါတယ်" ဟုလည်း ရေနံတူးဖော်ရေးလုပ်ငန်းတစ်ခုမှ ဘူမိအင်ဂျင်နီယာ တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ မုတ္တမ ကမ်းလွန်လုပ်ကွက်များတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ကိုင်နိုင်ရန်အတွက် တရုတ်နှင့် ဂျပန်ကုမ္ပဏီအချို့မှ အဆိုပြုလွှာများ တင်ထားကြောင်းလည်း သိရှိရသည်။
အလားတူ ရခိုင်ကမ်းလွန်လုပ်ကွက်များတွင်လည်း ရေနံတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် သြစတြေးလျနှင့် တရုတ်ကုမ္ပဏီအချို့မှ အဆိုပြုလွှာများ တင်ထားကြောင်းလည်း သိရှိရသည်။