Pages

Wednesday, June 6, 2012

အလုပ်သမားကိစ္စရပ်များ ဆောင်ရွက်ပေးနေသည့် အဖွဲ့ ခုနှစ်ဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တွေ့ဆုံ

Wednesday, 06 June 2012 17:08 အလုပ်သမားရေးရာကိစ္စများ ဆောင်ရွက်ပေးနေသည့် အဖွဲ့ခုနှစ်ဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ မေလ ၆ ရက်နေ့က ပထမဆုံး အကြိမ်တွေ့ဆုံခဲ့ကြောင်း သတင်းရ ရှိသည်။

ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့အလုပ်သမားများ သွေးစည်းညီညွတ်ရေးအဖွဲ့ချုပ်မှ ဦးဇော်ညွန့်၊ (၁၉၇၄)ခုနှစ် အလုပ်သမား အရေးအခင်းခေါင်းဆောင် ဦးကျော်အောင်၊ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများအဖွဲ့မှ ဦးညီညီဇော်၊ လွတ်လပ်သော အလုပ်သ မားသမဂ္ဂများ ပေါ်ပေါက်ရေးကော်မတီမှ ဒေါ်အိရွှေစင်ညွန့်၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှေက်ရေးအဖွဲ့မှ ဦးကံမြင့်၊ Together Capacity Building မှ ဒေါ်ခင်စောယုနှင့် အလုပ်သမားအရေး အတိုင်ပင်ခံနှင့် ဥပဒေပညာရှင် ဦးဌေးတို့ ပါဝင်ကြောင်း သိရသည်။
ဒီနေ့ တွေ့ဆုံတဲ့ပွဲမှာ အဓိကအားဖြင့်တော့ မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂတွေ ပေါ်ပေါက်ဖို့နဲ့ ဒီအဖွဲ့တွေကလည်း နိုင်ငံရေးပါတီတွေရဲ့
လက်ကိုင်တုတ်မဖြစ်ဖို့ကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒီအလုပ်သမားတွေက လွတ်လွတ်လပ်လပ် ရှိရမယ်။ ကိုယ်ပိုင် အဖွဲ့အစည်းတွေကို ဖွဲ့စည်းနိုင်ရမယ်။ နောက်ပြီး ဒီအဖွဲ့တွေကို သင်တန်းပေးဖို့ ဒါတွေကို ပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြောကြားခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။ အခု အလုပ်သမားအရေးတွေကို လိုက်လံဆောင်ရွက်ပေးနေပေမယ့် တချို့ကိစ္စတွေမှာ အလုပ်ရှင်နဲ့ တိုက်ရိုက်တွေ့ဆုံခွင့်မရတာတွေ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ကျွန်တော်တို့ထက် အများကြီး လုပ်ဆောင်ပေးနိုင်တယ်။ ဒီ့အတွက် တွေ့ဆုံပြောကြားခွင့်ရလို့ အများကြီး ၀မ်းသာပါတယ်။ တွေ့ဆုံချိန်ကတော့ ၁ နာရီကြာမြင့်ခဲ့ပါတယ်'' ဟု အလုပ်သမား အခွင့်အရေး လှုပ်ရှားသူများအဖွဲ့မှ ကိုညီညီဇော်က ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဇွန်လတွင် ဂျနီဖာ၌ ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO- Internatinonal Labour Organization) အစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရာက်မည်ဖြစ်ပြီး ယင်းအခမ်းအနား၌ မြန်မာနိုင်ငံမှ အလုပ်သမားများ ကြုံတွေ့နေရသည့် အခြေအနေ၊ လုပ်ကိုင်ဆောင်ရွက်နေရမှုများနှင့် ပတ်သက်၍ နိုင်ငံတကာသို့ တင်ပြလိုသည့် အချက်များအား အဆိုပါအဖွဲ့ခုနှစ်ဖွဲမှ ဒေါ်အောင်ဆန်းစုကြည်သို့ စုဆောင်းတင်ပြပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။