Pages

Wednesday, June 20, 2012

ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှစ၍ ကိုယ်တိုင် အခွန်ထမ်းဆောင်မှုမှတ်တမ်းကတ် စတင်ထုတ်ပေးမည် မည်မျှ အခွန်ဆောင်၍ မည်မျှ အခွန်ရှောင်ထားသည် ဆိုခြင်းကို ထင်ထင်ရှားရှား သိရှိနိုင်

Wednesday, 20 June 2012 11:01 Eleven Media Group
လူတစ်ဦးချင်း၊ ကုမ္ပဏီတစ်ခုချင်း၊ လုပ်ငန်းတစ်ခုချင်းအလိုက် လစဉ် မိမိမည်မျှ အခွန်ပေးဆောင်ထားသည်ကို သိရှိနိုင်မည့် ကိုယ်တိုင် အခွန်ထမ်းဆောင်မှု မှတ်တမ်းကတ်ကို ယခုနှစ်မှစ၍ ပြည်တွင်း အခွန်များဦးစီးဌာနမှ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးအောင်မိုးကြည်က ပြောကြားခဲ့ပါသည်။
မိုးပြာရောင်နှင့် အစိမ်းရောင်ပါဝင်သော ကိုယ်တိုင် အခွန်ထမ်းဆောင်မှု မှတ်တမ်းကတ်ကို အခွန်ထမ်းများလက်ဝယ်သို့ ပေးအပ်ထားမည်ဖြစ်ပြီး လစဉ်မည်မျှ အခွန်ဆောင်ထားသည်ဆိုခြင်းကို သိရှိနိုင်ခြင်း၊ နိုင်ငံတော်မှ အခွန်ထမ်းများအတွက် အကျိုးခံစားခွင့် ပြန်ပေးမည်ဆိုပါက လည်း အဆိုပါကတ်ဖြင့် ကိုယ်ရရှိမည့် အကျိုးခံစားခွင့်ကို ရယူနိုင်ခြင်း၊ အခွန် ပိုမိုပေးဆောင်ချင်စိတ်ကို တွန်းအားပေးနိုင်ခြင်း၊ စနစ်တကျ ကိုယ်တိုင် အခွန်ပေးဆောင်သည့်စနစ်သို့ သွားရာတွင် အထောက်အကူများစွာ ဖြစ်နိုင်ခြင်းများကြောင့် အခွန် ပေးဆောင်မှု မှတ်တမ်းကတ်ကို ထုတ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

''ကတ်က ထုတ်ပေးဖို့အတွက် အားလုံး အဆင်သင့်ဖြစ်နေပြီ။ ကတ်ထုတ်ပေးဖို့အတွက်ကတော့ အခွန်ထမ်းတွေအတွက်လည်း အဆင်ပြေမယ်၊ လစဉ်ကို အခွန်ဆောင်ထားတာ ဘယ်လောက်ဆိုတာ သိရှိနေမယ်၊ ပြီးတော့ နိုင်ငံတော်က အခွန်ထမ်းတွေကို အကျိုးခံစားခွင့် ပြန်ပေးချင် တဲ့အခါမှာတောင် အခွန်ထမ်းတွေက ဘယ်မှ လိုက်ပြန်ရှာစရာမလိုဘူး ကိုယ်မှတ်တမ်းကတ် ကြည့်လိုက်တာနဲ့ သိနေပြီ။ ဒါနဲ့ ပြန်ပြီးပြောနိုင်ပြီဖြစ်တဲ့အတွက် အရေးပါလာမယ်။  အခု ၀င်ငွေခွန်နှုန်းတွေ ပြင်ဆင်ပေးလိုက်တာကလည်း ဆောင်သာတဲ့ အနေအထားဖြစ်တော့ ဒီလို ကတ်ထုတ်ပေးထားတာဟာ အခွန်ထမ်းတွေကို အခွန်ပိုမိုပေးဆောင်ချင်စိတ်ဖြစ်အောင် တွန်းအားပေးနိုင်တဲ့ အနေအထား ဖြစ်လာမှာ။ တစ်ယောက်က အခွန်ဆောင်တဲ့ကတ်နဲ့ ငါကနိုင်ငံအတွက် အခွန် ဘယ်လောက်ထမ်းထားတာလို့ ပြောနိုင်ရင် ကျန်တဲ့သူကလည်း နိုင်သလောက် သွားဆောင်ချင်စိတ် ဖြစ်လာမယ်လေ။ နိုင်ငံအတွက် ကောင်းနိုင်သလို အခွန်ထမ်းတွေကို အကျိုးခံစားခွင့် ပြန်ပေးတဲ့အခါမှာလည်း စနစ်ကျနေဖို့အတွက် အခုလိုကတ်ကို ထုတ်ပေးတာပါ။ အခုက အခွန်ထမ်းတွေကို အကျိုးခံစားခွင့် ပြန်ပေးမယ်ဆိုရင်တောင် အလွယ်တကူ ကိုယ်ဘယ်လောက်ဆောင်ထားသလဲ မဆောင်ထားဘူးလဲ မသိနိုင်ဘူး ဖြစ်နေတယ်လေ။ ဥပမာ - လုပ်ငန်းစု၊ ကုမ္ပဏီတစ်ခုမှာ ငွေစာရင်းကနေ ကုမ္ပဏီတစ်ခုလုံးအတွက် သူတို့က စုထုတ်ပြီးတော့ အခွန်ဆောင်လေ့ရှိတယ်။ အဲဒီမှာ ပြန်ရတဲ့ အခွန်ဆောင်ထားမှု စာရင်းက တစ်ခုတည်း လုံးနေတော့ ဒီကုမ္ပဏီဆီက မောင်ဖြူ၊ မောင်နီ ဘယ်သူဆောင်တယ်ဆိုတာ ကွဲကွဲပြားပြား မသိရဘူး။ အခုလိုဆိုတော့ ဆောင်တဲ့သူနာမည်နဲ့ ကတ်ကို ထုတ်ပေးထားတော့ ကိုယ်ဘယ်လောက်ဆောင်တယ်ဆိုတာ သိနေပြီ။ အကျိုးခံစားခွင့် ပြန်ပေးတဲ့အခါမှာလည်း ကိုယ်ဆောင်ထားတဲ့ အခွန်ပမာဏအတိုင်း ပြန်ခံစားခွင့်ရပြီ။ ဒါကို စဉ်းစားမိပြီး ကတ်ထုတ်ပေးဖို့ စီစဉ်တယ်၊ ကတ်မှာ ဇယားကွက်တွေ ရေးဆွဲဖို့ ကိုယ်တိုင် စီစဉ်လုပ်ကိုင်ခဲ့တာပါ။ ကတ်မှာတော့ လစဉ်အခွန်ပေးဆောင်မှု မှတ်တမ်းပါတယ်''ဟု ညွှန်ကြားရေးမှူးချုပ် ဦးအောင်မိုးကြည်က ပြောပြခဲ့သည်။

ကျွန်တော်တို့ထက် အဆပေါင်းများစွာ ချမ်းသာတဲ့ မီလျံ၊ ဘီလျံ၊ ထရီလျံအထိ ချမ်းသာတဲ့သူတွေ လုပ်ငန်းအုပ်စုကြီးတွေ၊ အများနဲ့ဆိုင်တဲ့ လုပ်ငန်းတွေ လက်ဝါးကြီး အုပ်ယူထားပြီး အစီအစဉ်တကျနဲ့ အများပြည်သူ့ဆီက ရအောင်လုပ်ထားတဲ့ ငွေနဲ့ ချမ်းသာနေတဲ့ ကုမ္ပဏီအုပ်စုကြီးတွေ ဘယ်လောက်ပဲဆောင်ပြီး ဘယ်လောက်ရှောင်နေတယ်ဆိုတာ ပေါ်လွင်မှာပဲ။ 
အခွန်ပေးဆောင်ထားမှု မှတ်တမ်းမှာ အခွန်ဆောင်သူတိုင်း လက်ဝယ်တွင် ရှိမည်ဖြစ်ရာ မည်သူက မည်မျှဆောင်ပြီး မည်သူက မည်မျှအခွန်ရှောင်နေသည်ကိုလည်း အလွယ်တကူ သိရှိနိုင်မည်ဖြစ်ရာ အခွန်ငွေ ပိုရနိုင်ဖွယ်ရှိသည်ဟုလည်း လုပ်ငန်းရှင်များက သုံးသပ်ကြပါသည်။
''ကောင်းတာပေါ့။ ကျွန်တော်တို့လို အလတ်တန်းစား လုပ်ငန်း၊ ကုမ္ပဏီတွေက နှစ်စဉ် ကျပ်သိန်းရာနဲ့ချီ ဆောင်တာတွေ ကျွန်တော်ကိုယ်တိုင် သူများကို ပြလို့ရသလို ကျွန်တော်တို့ထက် အဆပေါင်းများစွာ ချမ်းသာတဲ့ မီလျံ၊ ဘီလျံ၊ ထရီလျံအထိ ချမ်းသာတဲ့သူတွေ လုပ်ငန်းအုပ်စု ကြီးတွေ၊ အများနဲ့ဆိုင်တဲ့ လုပ်ငန်းတွေ လက်ဝါးကြီး အုပ်ယူထားပြီး အစီအစဉ်တကျနဲ့ အများပြည်သူဆီက ရအောင်လုပ်ထားတဲ့ ငွေနဲ့ချမ်းသာနေတဲ့ ကုမ္ပဏီအုပ်စုကြီးတွေ ဘယ်လောက်ပဲဆောင်ပြီး ဘယ်လောက် ရှောင်နေတယ်ဆိုတာ ပေါ်လွင်မှာပဲ။ နှစ်ချုပ်တိုင်း အဲဒီစာရင်းကိုပါ ကြေညာပေးရင် ကိုယ့်ကိုယ်ကိုယ် ရှက်တတ်တဲ့သူက ပိုပြီး လာဆောင်မှာပေါ့။ လုပ်ငန်းလတ်တွေဆီကပဲ အခွန်ရနေတဲ့အနေအထားလည်း ပြောင်းသွားနိုင်လို့ ကောင်းတယ်လို့ မြင်တယ်''ဟု လှိုင်သာယာစက်မှုဇုန်အတွင်း လူသုံးကုန် ပစ္စည်းထုတ်လုပ်သည့် စက်ရုံလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
ပြည်တွင်းအခွန်မှ နှစ်အလိုက် အခွန်ကောက်ခံရရှိမှု ပမာဏ(ကျပ်၊ သန်း)
ဘဏ္ဍာနှစ် အခွန်ရရှိမှုစုစုပေါင်း
၂၀၀၅-၂၀၀၆ ၄၄၇၉၆၄
၂၀၀၆-၂၀၀၇ ၆၇၆၇၄၂
၂၀၀၇-၂၀၀၈ ၈၃၈၂၅၇
၂၀၀၈-၂၀၀၉ ၉၅၅၃၁၅
၂၀၀၉-၂၀၁၀ ၁၀၃၆၈၀၈
၂၀၁၀-၂၀၁၁ ၁၂၂၂၈၄၈
၂၀၁၁-၂၀၁၂ ၁၅၃၈၇၆၆