Pages

Monday, June 18, 2012

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်ထားသည်ဟု ဆိုသော်လည်း မြန်မာနိုင်ငံအနေဖြင့် လက်ရှိ အနေအထားအရ ကုန်သွယ်မှု မပြုနိုင်သေးကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန တာဝန်ရှိသူ ပြောကြား

Monday, 18 June 2012 14:34  Eleven Media Group

င်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံဖြင့် နယ်စပ်ကုန်သွယ်ရေးကို ပြန်လည် ဖွင့်လှစ်ထားသည်ဟု ဆိုသော်လည်း မြန်မာနိုင်ငံအနေဖြင့်မူ လက်ရှိ ကုန်သွယ်ရေးလမ်းကြောင်း အနေအထားများအရ ကုန်သွယ်မှု မပြုနိုင်သေးကြောင်း ဇွန်လ ၁၈ ရက်နေ့က စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ဖြစ်စဉ်များစတင်သည်မှ ယနေ့(ဇွန်လ ၁၈ ရက်ထိ)အထိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်ရေးစခန်းဖြစ်သော စစ်တွေ၊ မောင်တော နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုများအား ခေတ္တရပ်ဆိုင်းထားရကြောင်း သိရသည်။


မြန်မာနိုင်ငံအနေဖြင့် တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံများဖြင့် နယ်စပ်ကုန်သွယ်ရာတွင် တရုတ်၊ ထိုင်းနိုင်ငံများဖြင့်သာ အလုံးအရင်းဖြင့် ကုန်သွယ်မှုပြုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြင့် နယ်စပ်ကုန်သွယ်မှုမှာ မပြောပလောက်သည့် ပမာဏဖြင့်သာ ကုန်သွယ်လျက်ရှိကြောင်း ထုတ်ပြန်ထားချက်များအရ သိရသည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၃ သန်းကျော်သာ ရှိခဲ့ကြောင်းလည်း သိရသည်။
''သူတို့ဖက်က ဖွင့်တာကတော့ ဖွင့်တာပဲလေ။ လက်ရှိ ကျွန်တော်တို့ ကုန်သွယ်မှုပြုတဲ့ လမ်းကြောင်း အနေအထားအရတော့ မြန်မာနိုင်ငံဘက်က ကုန်သွယ်မှု မပြုနိုင်သေးပါဘူး''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဇွန်လ ၁၈ ရက်နေ့က ပြောကြားခဲ့ပါသည်။


ယခု ရပ်နားထားရမှုကြောင့် နိုင်ငံ၏ နယ်စပ်ကုန်သွယ်နိုင်မှု ပမာဏအား ထိခိုက်မည်မဟုတ်ကြောင်း၊ အဓိကအားဖြင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ကုန်သွယ်နိုင်မှုပမာဏမှာ အခြားတရုတ်၊ ထိုင်းနယ်စပ်များကဲ့သို့ အလုံးအရင်းဖြင့် ကုန်သွယ်သည့်အခြေအနေမရှိကြောင်းလည်း သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်အလိုက် ကုန်သွယ်မှုပမာဏ(အမေရိကန်ဒေါ်လာ၊ သန်း)
ခုနှစ် ပုံမှန် နယ်စပ် စုစုပေါင်း
၂၀၀၇-၂၀၀၈ ၉၅ .၅၀ ၃၂ .၅၄ ၁၂၈ .၀၄
၂၀၀၈-၂၀၀၉ ၉၂ .၈၂ ၂၄ .၆၅ ၁၁၇ .၄၇
၂၀၀၉-၂၀၁၀ ၆၂ .၂၉ ၁၈ .၄၈ ၈၀ .၇၇
၂၀၁၀-၂၀၁၁ ၁၁၈ .၆၈ ၁၈ .၁၂ ၁၃၆ .၈၀
၂၀၁၁-၂၀၁၂ ၆၀ .၉၄ ၂၃ .၈၆ ၈၄ .၈၀