Pages

Thursday, June 28, 2012

ဗန်းမော်နှင့် ကသာမြို့တို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ဝန်းကျင်သို့ ရောက်ရှိနေ


Thursday, 28 June 2012 14:26
ဧရာဝတီမြစ်ရေသည် ဗန်းမော်နှင့် ကသာမြို့တို့တွင် စိုးရိမ်ရေမှတ်ဝန်းကျင်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိပါသည်။
ဧရာဝတီမြစ်ရေသည် ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ဗန်းမော်မြို့တွင် ၁၀၉၄ စင်တီမီတာသို့ ရောက်ရှိနေပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်မှာ ၁၁၅၀ စင်တီမီတာဖြစ်သည့်အတွက် မြစ်ရေကြီးခြင်း သတိပေးချက် စတင်ထုတ်ပြန်ခဲ့သည်။
ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်၌ ၁၁၄၆ စင်တီမီတာသို့ ရောက်ရှိနေသည့်အတွက် စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် လေးစင်တီမီတာသာ လိုတော့သည်ဟု သိရှိရသည်။ 
ထို့အတူ ကသာမြို့တွင်လည်း ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် ၉၆၃ စင်တီမီတာသို့ ရောက်ရှိနေကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်ဖြစ်သော ၁၀၄၀ စင်တီမီတာသို့ ရောက်ရှိရန် နီးကပ်လာ၍ သတိပေးချက်ထုတ်ပြန်ခဲ့သည်။

''ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တိုင်းထွာချက်မှာ ကသာမှာ ၁၀၀၈  စင်တီမီတာရှိနေ ပါတယ်''ဟုမိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဧရာဝတီမြစ်ရေသည် မိုးဦးကာလအတွင်း ဇွန်လ ၂၅ ရက်နေ့ တွင် မြစ်ကြီးနားမြို့၌ စိုးရိမ်ရေမှတ်ဝန်းကျင် စတင်ရောက်ရှိခဲ့ကာ ဇွန်လ ၂၆ ရက်နေ့ ညနေပိုင်းတွင် စိုးရိမ်ရေမှတ်ဝန်းကျင်မှ ပြန်လည်ကျဆင်းခဲ့သည်။ ယခင်က မိုးလယ်ကာလ ရောက်ရှိမှသာ မြစ်ရေကြီးခြင်းကို ကြုံတွေ့ရလေ့ရှိသော ဧရာဝတီမြစ်တွင် ယခုနှစ်၌ မိုးဦးကာလတွင်ပင် မြစ်ရေကြီးခြင်းများကို ကြုံတွေ့လာရသည်။
မြန်မာနိုင်ငံတွင် မြစ်ရေကြီးခြင်းကို သတိပြုရသည့်ကာလမှာ သုံးခုရှိပြီး မိုးဦးကာလ ဇွန်လ၊ မိုး လယ်ကာလ ဇူလိုင်လနှင့် သြဂုတ်၊ မိုးနှောင်းကာလ စက်တင်ဘာလတို့ ဖြစ်ကာ ယခုနှစ်တွင် ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ်တို့၌ မြစ်ရေကြီး ခြင်းများ မိုးဦးကာလတွင် စတင်ဖြစ် ပေါ်လာခြင်းဖြစ်သည်။
ဧရာဝတီမြစ်တွင် မြစ်ကြီးနား၊ ဗန်းမော်၊ ကသာအပါဝင် မြစ်ရိုးတစ်လျှောက်ရှိ မြို့နယ်များတွင် ပျက်စီးဆုံးရှုံးမှု များပြားခဲ့သော ရေကြီးမှုကို ၂၀၀၄ ခုနှစ်က ကြုံတွေ့ခဲ့ရသည်။