Pages

Friday, June 15, 2012

ဇွန်လ နောက်ဆုံးပတ်တွင် ပုဂ္ဂလိကဘဏ် ခြောက်ဘဏ်မှ Debit ကတ်ဝန်ဆောင်မှု စတင်ပေးမည်

Friday, 15 June 2012 17:28         Eleven Media Group
၂၀၁၂ခုနှစ် ဇွန်လ နောက်ဆုံး ပတ်အတွင်း ပုဂ္ဂလိကဘဏ် ခြောက်ဘဏ်မှ  Debit ကတ်ဝန်ဆောင်မှု
စတင်ပေးမည်ဖြစ်ကြောင်း ဘဏ်လုပ်ငန်း တာဝန်ရှိသူများ၏ ပြောကြားချက်များအရ သိရပါသည်။

''ဇွန်လ လကုန်ပိုင်းမှာ စပြီး ထုတ်ပေးမှာပါ။ စမ်းသပ်ကာဖြစ်တဲ့အတွက် လူအားလုံးကိုတော့
ထုတ်ပေးဦးမှာ မဟုတ်ဘူး။ စမ်းသပ်ကာလက တစ်လကြာမှာပါ ''ဟု ကမ္ဘောဇဘဏ်လီမိတက်
အထွေထွေမန်နေဂျာ ဦးဇော်လင်းထွဋ်က ပြောကြားပါသည်။

အဆိုပါ  Debit Card  မှာ MPU Card(Myanmar Payment  Union Card)ဖြစ်ပြီး နောက်ပိုင်းတွင် Credit ကတ်နှင့် Smart ကတ် အဖြစ်ပါ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ဘဏ်များက ထုတ်ပေးပြီးဖြစ်သည့်
 အေတီအမ်ကတ်များကိုလည်း အဆိုပါ MPU  ကတ်နှင့် ပြန်လည်လဲ လှယ်သွားရမည်ဖြစ်ပြီး
 အေတီအမ်ကတ်နှင့်  Debit  ကတ်အဖြစ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရပါသည်။

မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းတစ်ခုလုံး ပါဝင်သည့် ငွေပေးချေမှုဆိုင်ရာ အဆင့်မြှင့်တင်ရေး
 ကော်မတီကိုလည်း ဖွဲ့စည်းပြီးဖြစ်ပြီး မြန်မာငွေပေးချေမှုအဖွဲ့(Myanmar  Payment Union)ကိုတည်ထောင်ကာ
 နိုင်ငံတကာတွင် အသုံးပြုနေသော ငွေပေးချေမှု နည်းပညာများနှင့် စနစ်များဖြစ်အောင် ပြင်ဆင်
 ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ National Switch နှင့် Data Center ပြီးပါက ဘဏ်များ၏
Own Swith  နှင့်ချိတ်ဆက် သွားမည်ဖြစ်ကြောင်း သိရပါသည်။ VISA ကတ်နှင့်
CUP ကတ် (China Union Pay)ကဲ့သို့ နိုင်ငံတကာကတ်များ ၀င်ရောက်လာပါက
MPU Network အတွင်း ၀င်ရောက် ချိတ်ဆက်သွားရမည် ဖြစ်ပါသည်။

လာမည့် ၂၀၁၃ခုနှစ်တွင် မြန်မာနိုင်ငံသားများအနေဖြင့် ပြည်တွင်းဘဏ်များတွင် ငွေစာရင်းဖွင့်လှစ်ထားပါက
 နိုင်ငံတကာသို့ ငွေကြေးကိုင်ဆောင်ခြင်းပြုရန်မလိုဘဲ ငွေပေးချေနိုင်သည်အထိ
 ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၂၀၁၃ ခုနှစ်တွင် နိုင်ငံတကာကတ်များ ၀င်ရောက်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း ဘဏ်လုပ်ငန်း တာဝန်ရှိသူများက ဆိုပါသည်။