Pages

Monday, June 25, 2012

မြန်မာနိုင်ငံကနေ လှေနဲ့ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင် ၅ ရာလောက် ထိုင်းနိုင်ငံ Trang ခရိုင်ဘက်ကို ဦးတည်လာ

RFA Burmese


(ဓာတ်ပုံ- အေအက်ဖ်ပီ- ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် ထိုင်းနိုင်ငံရောက် ရိုဟင်ဂျာ မွတ်ဆလင်များ ဇွန်လ ၁၂ ရက်နေ့က ဆန္ဒပြနေကြစဉ်)

မြန်မာနိုင်ငံကနေ လှေနဲ့ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင် ၅ ရာလောက် ထိုင်းနိုင်ငံ Trang ခရိုင်ဘက်ကို ဦးတည်လာနေတဲ့ သတင်း ရရှိထားတဲ့အတွက် လုံခြုံရေး တပ်ဖွဲ့တွေ ချထားတယ်လို့ ထိုင်းသတင်းဌာန TNA က ဒီကနေ့ ရေးသားပါတယ်။

ထိုင်း ထောက်လှမ်းရေး သတင်းရပ်ကွက်က ဒေသခံ အာဏာပိုင်တွေကို အခုလို သတိပေးထားတာပါ။

ထိုင်းနိုင်ငံ Trang ခရိုင်ဟာ ထိုင်းပင်လယ်ကွေ့နဲ့ မုတ္တမ ပင်လယ်ကွေ့ အဝနားမှာ ကပ်လျက်ရှိတဲ့ ခရိုင်ဖြစ်ပြီး ရခိုင်ပြည်နယ်ဘက်ကနေ လှေစီး ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ ဆိုက်ရောက်လေ့ရှိတဲ့
ဒေသလို့ သိရပါတယ်။

တကယ်လို့ ရိုဟင်ဂျာ မွတ်ဆလင်တွေ ရောက်လာရင် ဒေသတွင်းမှာ အလုပ်လုပ်နေကြတဲ့ မြန်မာ နိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတွေက လက်ခံ ကူညီထားမှာကို စိုးရိမ်တဲ့အတွက် ထိုင်းလုံခြုံရေး တပ်တွေနဲ့ ဒေသခံ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ ပူးတွဲ ကင်းလှည့်နေကြတယ်လို့ ဆိုပါတယ်။

လောလောဆယ် ဒီကနေ့အထိ သံသယဖြစ်စရာ လှေတွေ ဆိုက်ရောက်တာ မတွေ့ရသေးပေမယ့် တကယ်လို့ ရောက်လာခဲ့ရင် ပင်လယ်ပြင်ဘက်ကို
ပြန်ပြီး နှင်ထုတ်မှာ ဖြစ်တယ်လို့ ထိုင်းသတင်းဌာန TNA က ရေးသားထား
ပါတယ်။