Pages

Monday, July 23, 2012

"ဦးသိန်းစိန်၏ ထိုင်းခရီးစဉ် နှစ်နိုင်ငံဆက်ဆံရေးပိုမိုတိုးတက်လာစေမည်"

Popular Myanmar News Journal


သမ္မတကြီး ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်း၊ စီးပွားရေးလုပ်ငန်းဆိုင်ရာတို့အတွက် ကာကွယ်မှုပေးခြင်းနှင့် ပတ်သက်သော မူဝါဒဆိုင်ရာသတ်မှတ်ချက်များကို အတည်ပြုနိုင်ရန် ထိုင်းနိုင်ငံအစိုးရမှ ကြိုးပမ်းရန်လိုအပ်ကြောင်း ထိုင်းနိုင်ငံ စီးပွားရေးအသိုက်အ၀န်းထံမှ သိရသည်။
သမ္မတကြီးနှင့် ထိုင်းဝန်ကြီးချုပ်တို့ တွေ့ဆုံရာတွင် ထိုင်းနိုင်ငံ ရနောင်းတစ်ဖက်ကမ်း မြန်မာနိုင်ငံ ကော့သောင်းမြို့နယ်ထဲတွင် ဖမ်းဆီးရမိထားသော ထိုင်းနိုင်ငံသား ၉၂ ဦးအရေးကို ဆွေးနွေးကြမည်ဖြစ်သည်။ အဆိုပါ ဖမ်းဆီးထိန်းသိမ်းထားသော ထိုင်းနိုင်ငံသားများမှာ မြန်မာနိုင်ငံပိုင်နက်သို့ တရားမ၀င် ကျူးကျော်လာ ခြင်းဖြစ်ပြီး အချို့မှာ လက်နက်ခဲယမ်းနှင့်အတူ ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှ နှစ်နိုင်ငံကြား ကဏ္ဍအသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးသဘောတူညီမှု ရပြီဖြစ်၍ နားလည်မှုစာချွန်လွှာ(MoU) ရေးထိုးလိမ့်မည်ဟု ဆိုသည်။ သို့သော် အသေး စိတ် အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်နေပြီဖြစ်၍ ထိုင်းရင်းနှီးမြှုပ်နှံသူများက သမ္မတဦးသိန်းစိန်၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် အလိုရှိနေကြသည်။
“ကျွန်တော်တို့ တရားဝင် စာရွက်စာတမ်းတွေ လိုပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်လိုအကာ အကွယ်ပေးမယ်၊ မြန်မာနိုင်ငံလို ထွန်းသစ်စ ဈေးကွက်တစ်ခုမှာ စွန့်စားရင်းနှီးမှု မပြုမီ ရင်းနှီးမြှုပ်နှံသူတွေကို ဘယ်လိုအကာအကွယ်ပေးမယ်ဆိုတဲ့ ရှင်းရှင်းလင်းလင်းရေးထားတဲ့ တရားဝင်အထောက်အထားတွေ လိုပါတယ်”ဟု ထိုင်းစက်မှုလုပ်ငန်းရှင်တစ်ဦးကပြောသည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ ၉ ဒသမ ၅ ဘီလျံ ရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၂၀ ဒသမ ၃ ဘီလျံ ရှိသည်ဟု သိရသည်။
“သူ့(သမ္မတဦးသိန်းစိန်)ရဲ့ ထိုင်းနိုင်ငံခရီးစဉ်ရလဒ်ဟာ ထိုင်းနိုင်ငံအပေါ် များစွာ သက်ရောက်မှု ရှိစေမှာပါ။ မြန်မာဟာ အရင်ကလိုမဟုတ်ဘဲ စီးပွားရေး တွဲလုပ်ချင်တဲ့သူတွေ အများကြီး ရှိနေပြီဖြစ်တဲ့ ဒီနေ့ ခေတ်သစ် မြန်မာဆိုတာ ထိုင်းနိုင်ငံက သတိထားရပါမယ်”ဟု စင်ကာပူအခြေစိုက် Institute of Southeast Asian Studies ၏ ဧည့်သုတေသနပညာရှင်အဖွဲ့ဝင် (visiting research fellow)Mr Montesano က ဆိုသည်။
ထို့အတူ သမ္မတ၏ ခရီးစဉ်အတွင်း ပရာချော့၊ ကီရီခန်၊ ကန်ချနာဘူရီ၊ မယ့်ဟောင်ဆောင်နှင့် ချင်းမိုင် ဒေသများတွင် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ဖွင့်လှစ်ရန်၊ ရွှေ့ပြောင်းလုပ်သားများ စိစစ်ရေးနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတို့ကို ဆွေးနွေးကြလိမ့်မည်ဟု သိရသည်။
ထားဝယ်စီမံကိန်း ဧရိယာအတွင်း ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် အစီအစဉ် အား နေပြည်တော်မှ ငြင်းဆိုထားပြီး စီမံကိန်း၏ ပြည်တွင်းလုပ်ဖော်ကိုင်ဖက် မက်စ်မြန်မာကုမ္ပဏီ၏ ဆုတ်ခွာခြင်း တို့နှင့် ရင်ဆိုင်နေရသည်။
ထို့အတူ ပြည်ပရောက် မြန်မာ့လူ့အဖွဲ့အစည်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အသင်းအဖွဲ့ များက ထိုင်းနိုင်ငံအနေနှင့် သမ္မတဦးသိန်းစိန်နှင့် လူ့အခွင့်အရေး အကြောင်းအရာများကို ဆွေးနွေးသွားရန် တိုက်တွန်းထားသည်။

ref : bangkok post
==================================