Pages

Monday, July 30, 2012

ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရခိုင်သို့သွား၍ လေ့လာစုံစမ်းမည်


ဇော်ထိုက်
==========================================
မြန်မာနိုင်ငံသို့ရောက်ရှိနေသော လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ကွင်တားနားက မနက်ဖြန် မနက် (ဇူလိုင်လ ၃၁ ) ရက်နေ့တွင် ရခိုင်ပြည်နယ်သို့သွားရောက်ကာ မကြာမီက ဖြစ်ပွားခဲ့သည့် ပဋိပက္ခ အရေးနှင့် ပတ်သက်၍ လေ့လာစုံစမ်းမည် ဖြစ်ကြောင်း ပြောကြားသည်။

အထက်ပါ ကိစ္စရပ်အား ဇူလိုင်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနရုံး၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော် အခုချိန်မှာ ဘာထုတ်ပြန်ချက် ဘာမှတ်ချက်ကိုမှ မပေးတာက မြန်မာနိုင်ငံကိုလာတဲ့ ကျွန်တော့်လုပ်ငန်းစဉ်ရဲ့ တ၀က်တစ်ပျက် အနေအထားပဲ ဖြစ်နေသေးလို့ပါ ပြီးတာနဲ့ အားလုံးကို ရခိုင်ကိစ္စနဲ့ ပတ်သက်နဲ့ အကဲဖြတ်ချက်ကို ထုတ်ဖော်ပြောကြားသွားမှာ ဖြစ်ပါတယ် " ဟု ကွင်တားနားက ယနေ့နေ့လည်တွင်ပြောကြားသည်။

မစ္စတာ ကွင်တားနားသည် ယင်း၏ လုပ်ငန်းစဉ်များကို ယမန်နေ့ ညနေပိုင်း( ဇူလိုင် ၂၉) တွင် စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့နံနက်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ သွားရောက်တွေ့ဆုံခဲ့ပြီးဖြစ်ကာ ဆက်လက်၍ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့အပါအ၀င် အခြားသော အဖွဲ့အစည်းများနှင့်တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

ယင်းအနေဖြင့် ကချင်ပြည်နယ်သို့ သွားရောက်မည် မဟုတ်ဘဲ မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရန်လည်း မသေချာသေးကြောင်းပြောကြားခဲ့သည်
 ဇော်ထိုက်