Pages

Tuesday, July 10, 2012

အတိုက်အခံလုပ်ရန်လွှတ်တော်တက်ခြင်းမဟုတ်ဟုဒီချုပ်ဥက္ကဌလမ်းညွှန်

၁၀.၇.၂၀၁၂ ပြည်သူ့ခေတ်
 ယနေ့ည ၇နာရီခွဲတွင် နေပြည်တော်စည်ပင်ဧည့်ရိပ်သာခန်းမ၌ ပြုလုပ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် လွှတ်တော်တက်သည့်ရည်ရွယ်ချက်သည် အတိုက်အခံလုပ်ဖို့၊ တိုက်ခိုက်ဖို့ မဟုတ် ကြောင်း အဖွဲ့ချုပ်ဥက္ကဌမှ အဓိကထား၍လမ်းညွှန်မှာကြားခဲ့ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်၏ ပြောပြချက် အရသိရသည်။ တွေ့ဆုံပွဲတွင် လွှတ်တော်ရေးရာကိစများဆွေးနွေးခဲ့ကြပြီး ပြေပြေလည်လည် ပူးပေါင်း ဆောင်ရွက်၍ ဒီမိုကရေစီရေးအတွက် တွန်းကန်ကြရန် တိုက်တွန်းခဲ့သည်ဟု သိရသည်။ “သူပြောသွားတာက ဒို့လာတာက ရန်ဖြစ်ဖို့မဟုတ်ဘူး”ဟုပြောခဲ့ကြောင်း ဦးအုန်းကြိုင် ကဆိုသည်။ အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မေးခွန်းများ၊ အဆိုများ မေးမြန်းလိုပါက ပါတီအတွင်းတွင် ဥပဒေပညာရှင်များပါဝင်ဖွဲ့စည်းထားသည့် လွှတ်တော်ရေးရာကော်မတီသို့ တင်ပြညှိနှိုင်း၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဖွဲ့ချုပ်အပြင် အခြားအင်အားစုများ၊ တိုင်းရင်းသားများ အတူပူးပေါင်းဆောင်ရွက်၍ ဒီမိုကရေစီနိုင်ငံသစ်တစ်ခု ဖန်တီးသွားဖို့လိုကြောင်း ဥက္ကဌမှ ပြောခဲ့သည်ဟုသိရသည်။ “အတူပူးပေါင်းဆောင်ရွက်ဖို့ လာကြတာ အဲဒီလိုဖြစ်အောင်လို့ စကားလုံးကအစ စာသားကအစ တစ်ယောက်နဲ့ တစ်ယောက် ဒီမှာကြိုပြီးညှိပြီးတော့ တစ်ယောက်နဲ့တစ်ယောက်အလုပ်မရှုပ်အောင် လုပ်ပါ လို့ပြောသွားပါတယ်”ဟု ဦးအုန်းကြိုင်က ပြောသည်။ ထိုကဲ့သို့တွေ့ဆုံပွဲများကို တင်္နလာနေ့တိုင်း ကျင်းပသွား မည်ဖြစ်ပြီး ဆောင်ရွက်ရန်ရှိသည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။ လွှတ်တော်တွင်းဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၀င်ရောက်ဆွေးနွေးရန် ရှိကြောင်းကို “ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ပဲဆိုတော့ ပြောပိုင်ခွင့်ရှိပါတယ်။ ဒါကိုအသုံးချပြီးဆွေးနွေးမှာပါ။ အစီအစဉ်လည်းရှိပါတယ်”ဟု ဦးအုန်းကြိုင်က ပြောသည်။