Pages

Thursday, July 5, 2012

စစ်တွေတွင် ညမထွက်ရအမိန့်ကို ပြန်လည်သုံးသပ်မည်

စောမြင့်သန်း (ပေါက်တော) Yangon Media Group


ရခိုင်ပြည်နယ် စစ်တွေမြို့  တွင် ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သော ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ တွင် တစ်စိတ် တစ်ဒေသ ပါဝင်သော ညမထွက်ရအမိန့်ကို မကြာခင် ရက်ပိုင်း အတွင်း ပြန်လည် သုံးသပ်ဖွယ် ရှိနေကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်မီဒီယာဂရုပ်သို့ ပြောကြားသည်။


" ဒီနေ့ဆိုရင် စစ်တွေမြို့မဈေးကြီးကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သလို မကြာခင်ရက်ပိုင်းအတွင်းမှာ ဆိုရင်လည်းကျောင်းတွေ ကိုလည်း ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ် စစ်တွေရဲ့ အခြေအနေက အရင်ထက် ပိုပြီး တည်ငြိမ်မှုကို ရရှိလာပြီ ဖြစ်တဲ့အတွက် ဇွန်လကထုတ်ပြန်ခဲ့တဲ့ ညမထွက်ရ အမိန့်ကိုလည်း မကြာခင် ပြန်လည် သုံးသပ်ဖွယ် ရှိနေပါတယ် " ဟု ယင်းကပြောသည်။

အဆိုပါ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ကို စစ်တွေမြို့ အပါအ၀င် မြို့နယ် ငါးမြို့တွင် ထုတ်ပြန်ခဲ့ပြီး လက်ရှိ အခြေအနေအရ စစ်တွေမြို့တွင် ညမထွက်ရ အမိန့်ကို ပြန်လည်သုံးသပ်ဖွယ်ရှိနေကြာင်း ထုတ်ပြန်ထားသော ယင်းဥပဒေပုဒ်မ ၁၄၄ တွင် ညမထွက်ရအမိန့်သည် တစ်စိတ် တစ်ဒေသအဖြစ် ပါဝင်သော အမိန့်ဖြစ်ကြောင်း သိရသည်။

"ကျမတို့ဒီနေ့ ဈေးဖွင့်နေပါပြီ မြို့ပေါ်နေ ဒေသခံတွေတော့ တော်တော်များများ လာရောက်ဝယ် ယူနေကြ တာတွေ့ရ ပါတယ် နယ်ဘက်တွေကတော့ သိပ်မလာသေးပါဘူး လက်ရှိ အခြေအနေအရ မြို့မဈေးကနေ လက်က္ကား ယူပြီး စစ်တွေမြို့ ရပ်ကွက်တွေမှာ လက်လီရောင်းချမယ့် ဈေးဆိုင်တွေက ပိုပြီး ဈေးလာ ၀ယ်ကြတာ ကိုတွေ့ရ ပါတယ် မကြာခင်ရက်ပိုင်းအတွင်းမှာ ဆိုရင်လည်း နယ်တွေကပါ စည်စည်ကားကားနဲ့ အရင်လို လာဝယ်ကြ လိမ့်မယ်လို့လည်း ထင်ပါတယ် ဒီနေ့ကတော့ နေ့လည် ၂ နာရီအထိဖွင့် မယ်လို့ ကြေညာထားတဲ့ အတွက် မနက်ဖြန်ကတော့ တစ်နေကုန်ဖွင့်နိုင်မလား ဆိုတာကတော့ မသိသေးပါဘူး လက်ရှိဈေး ဖွင့်တဲ့ မြင်ကွင်းကိုလည်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က တာဝန်ရှိသူတွေ လာရောက် ကြည့်ရှုခဲ့ကြ သလို ဈေးရဲ့ အခြေအနေတွေ လည်း အေးအေးဆေးဆေးပါပဲ " ဟု မြို့မဈေးတွင် အလှကုန်ပစ္စည်းရောင်း ချနေသူ ဒေါ်သန္တာ ကပြော သည်။