Pages

Thursday, July 26, 2012

မြေယာသိမ်းဆည်းမှုဆိုင်ရာ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်


နေပြည်တော်၊ဇူလိုင်-၂၆
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး စုံစမ်းရေးကော်မရှင်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရန် ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် သတ္တမမြောက်နေ့ အစည်းအဝေးက သဘောတူညီခဲ့ကြောင်း
သိရသည်။
ဇလွန်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွဋ် တင်သွင်းခဲ့သည့် လယ်ယာမြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေး တရားမျှတစွာ
ဖြေရှင်းဆောင်ရွက်ပေးရန် အဆိုကို လွှတ်တော်ကိုယ်စားလှယ် လေးဆယ့်ငါးဦးက ဆွေးနွေးခဲ့ရာ ယနေ့ အဆုံးသတ်သွားခဲ့ပြီဖြစ်ပြီး ယခုကဲ့သို့ လွှတ်တော်မှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု လွှတ်တော်ရှိ 7 Day News သတင်းထောက်က သတင်းပေးပို့သည်။
ဦးတင်ထွဋ်၏ အဆိုအား လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးမှုအပြီးတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအုန်းသန်းက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် ဦးအုန်းသန်းက ဦးတင်ထွဋ်
၏အဆိုအား မှတ်တမ်းတင်ထားရန် အဆိုပြုခဲ့သည်။ဦးတင်ထွဋ်ကလည်း ယင်း၏အဆိုအား မှတ်တမ်းတင်ရန် မဟုတ်ဘဲ လွှတ်တော်မှ အရေးယူဆောင်ရွက်မှု တစ်ခုခုပြုလုပ်ရန်ပြန်လည်အဆိုတင်သွင်းခဲ့သည်။ထို့ကြောင့် လွှတ်တော်တွင်း မဲ
ခွဲဆုံးဖြတ်ခဲ့ရာ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၆၁၃ ဦးအနက် ထောက်ခံမဲ ၃၉၅ မဲ၊ကန့်ကွက်မဲ ၁၇၆ မဲ၊ ကြားနေမဲ ၂၄ မဲ စုစုပေါင်း မဲပေးသူ ၅၉၅ ဦးဖြင့် ဦးတင်ထွဋ်မှ အနိုင်ရရှိသွားခဲ့ပြီး ယခုကဲ့သို့ စုံစမ်းရေးကော်မရှင်ဖွဲ့ရန် သဘောတူခဲ့ခြင်းဖြစ် ကြောင်း သိရသည်။