Pages

Thursday, July 26, 2012

မြန်မာ အမျိုးသမီး ဘောလုံးအသင်း ဂျပန်တွင် ၁၀ရက် ကြာ လေ့ကျင့်မည်


ရန်ကုန် ဇူလိုင် ၂၆

အာဆီယံ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ၀င်ရန် စခန်းသွင်း လေ့ကျင့်လျက် ရှိသည့် မြန်မာ အမျိုးသမီး ဘောလုံး လက်ရွေးစင် အသင်းသည် စက်တင်ဘာ လဆန်းပိုင်းတွင် ဂျပန်နိုင်ငံ၌ ၁၀ရက်ကြာ သွားရောက် လေ့ကျင့် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ မီဒီယာ တာဝန်ခံ ဦးစိုးမိုးက ပြောကြားသည်။

အဆိုပါ အမျိုးသမီး လက်ရွေးစင် အသင်းမှာ ဂျပန်နိုင်ငံ မှတစ်ဆင့် အာဆီယံ အမျိုးသမီး ဘောလုံးပြိုင်ပွဲအား လက်ခံ ကျင်းပမည့် ဗီယက်နမ် နိုင်ငံ ဟိုချီမင်းမြို့သို့ စက်တင်ဘာလ ၁၁ရက်နေ့တွင် ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း၊ ယင်းလေ့ကျင့်ရေး ခရီးစဉ်၌ ကစားသမား သမား ၂၃ဦးနှင့် အသင်း အုပ်ချုပ်သူနှင့် နည်းပြ အဖွဲ့ဝင် ၅ဦး လိုက်ပါ သွားမည်ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက် အရ သိရသည်။

“အမျိုးသမီး လက်ရွေးစင် အသင်း အနေနဲ့ ဂျပန် ခရီးစဉ် အတွင်းမှာ ခြေစမ်းပွဲ ၃ ပွဲလောက် ကစားဖို့လည်း စီစဉ် ထားပါတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာ့ လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းသည် အိမ်ရှင်ဗီယက်နမ်၊ စင်ကာပူ၊ ဖိလစ်ပိုင် အသင်းတို့နှင့် အတူ အုပ်စု(က)တွင် ပါဝင်လျက် ရှိပြီး အဖွင့်ပွဲစဉ်အဖြစ် ဖိလစ်ပိုင် အသင်းနှင့် ကစားရမည် ဖြစ်သည်။ အုပ်စု (ခ)တွင် ထိုင်း၊ လာအို၊ အင်ဒိုနီးရှား၊ မလေးရှားတို့ တစ်အုပ်စုတည်း ကျရောက်လျက် ရှိကြောင်း ၎င်း၏ ပြော ကြားချက်အရ သိရသည်။

အာဆီယံ အမျိုးသမီး ဘောလုံးပွဲကို စက်တင်ဘာလ ၁၃ရက်မှ အောက်တိုဘာလ ၂၂ ရက်နေ့ထိ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ကျင်းပမည် ဖြစ်သည်။