Pages

Monday, July 30, 2012

မစ္စတာကင်တားနားရဲ့ခရီးစဉ်အပေါ် အမြင်သဘောထား



ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ ကူညီမှုတွေဟာ ဘက်လိုက်မှုတွေရှိနေတယ်လို့ ဒေသခံပြည်သူတွေဘက်က
ဝေဖန်ပြောဆိုနေချိန်မှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာကင်တားနားဟာ အခြေအနေတွေကို စုံစမ်းလေ့လာဖို့ မြန်မာနိုင်ငံကိုရောက်ရှိလာတာပါ။

ဒီကနေ့ညနေပိုင်းမှာ မစ္စတာကင်တားနားနဲ့သီးသန့်တွေ့ဆုံခွင့်ရပြီး ရခိုင်ပြည်နယ်က အခြေအနေတွေကို တင်ပြခွင့်ရတဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဝင် မမီးမီးကလည်း သူတို့ကိုယ်တိုင် သွားရောက်ပြီးလေ့လာခဲ့တဲ့ဖြစ်ရပ်တွေကို အထောက်အထားတွေနဲ့ တင်ပြမှာဖြစ်တယ်လို့ တွေ့ဆုံပွဲမတိုင်ခင် အာအက်ဖ်အေကိုပြောပါတယ်။

မစ္စတာကင်တားနားဟာ မနက်ဖြန်မှာ ရခိုင်ပြည်နယ် မောင်းတောမြို့ကို အရင်ဆုံးသွားရောက်ကြည့်ရှုမှာဖြစ်ပြီး အဲဒီနောက် စစ်တွေမြို့မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့တွေ့ဆုံမှာဖြစ်ပါတယ်။

ရခိုင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့အခြေအနေ၊ ခံစားချက်တွေကို မှန်မှန်ကန်ကန် သိအောင် မစ္စတာကင်တားနားကို တင်ပြမှာဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်ကပြောပါတယ်။

မစ္စတာကင်တားနာရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်ဟာ လူသားအားလုံးကို အကျိုးပြုနိုင်တဲ့ ခရီးစဉ် အဖြစ်မျှော်လင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှုးအဖွဲ့ဝင် ဦးဥာဏ်ဝင်းကပြောပါတယ်။

အခုလို ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ရဲ့ ကိုယ်စားလှယ်တွေ ကိုယ်တိုင် စုံစမ်းလေ့လာတဲ့ခရီးစဉ်တွေဟာ မြန်မာနိုင်ငံအတွက်လည်း အရေးပါတယ်လို့ ဦးဥာဏ်ဝင်းကဆိုပါတယ်။

အကြောင်းစုံကို မအင်ကြင်းနိုင်ကတင်ပြထားပါတယ်။