Pages

Thursday, July 5, 2012

ကော့မှူးဒေသခံများ ဒေါ်အောင်ဆန်းစုကြည်ထံ လိုအပ်ချက်များ တင်ပြ



ကော့မှူး၊ ဇူလိုင်- ၅

ကော့မှူးမြို့နယ် ပြည်သူ့လွှတ် တော်အမတ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံများတွေ့ဆုံပွဲတွင် ဒေသခံလယ်သမားများ၏ အခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေးနှင့် ကျန်းမာရေးကိစ္စတို့ တင်ပြခဲ့ကြသည်။

လယ်ယာကဏ္ဍနှင့် ပတ်သက်၍ တောင်သူများချေးငွေလိုအပ်နေခြင်းနှင့် ချောင်းမြောင်းများမကောင်းသဖြင့် လယ်မြေများ ရေမြုပ်ခြင်း၊ ၀မ်းစာမရှိ၍ ဆန်ကို ၅ ကျပ်တိုးနှင့်ချေး၍ စားနေရခြင်းတို့ကို ပြောသည်။

ပညာရေးနှင့်ပတ်သက်၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲသဖြင့် အလယ်တန်း၊ အထက်တန်းကျောင်းများသို့ သွားရန် ခက်ခဲခြင်း၊  ဆင်းရဲခြင်းတို့ကြောင့် ပညာဆက်လက်မသင်ကြားနိုင်သည့် အခြေအနေကို တင်ပြခဲ့ကြသည်။

ကျန်းမာရေးတွင်လည်း ဆေးပေးခန်းမရှိခြင်းနှင့် ဆရာဝန်၊ ဆရာမ မရှိခြင်းတို့ကို တင်ပြခဲ့ကြပြီး ကျန်းမာရေးနှင့် ပတ်သက်၍ အဖွဲ့တစ်ဖွဲ့စေလွှတ်ပြီး ဆောင်ရွက်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

လယ်ယာကဏ္ဍနှင့် ပတ်သက်၍ ငွေကြေးခက်ခဲနေသူများ အားကူညီရန် အသေးစားချေးငွေပြုလုပ်နေသော အဖွဲ့တစ်ခုနှင့် တိုင်ပင်နေပြီး သုံးလေးလအတွင်း ဆောင်ရွက်ပေးနိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ကပြန် လည်ဖြေကြားခဲ့သည်။

သို့သော် လမ်းပန်းဆက်သွယ်ရေးနှင့် ရေကိစ္စနှင့် ပတ်သက်၍“မိုးကုန်တာနဲ့ တတ်နိုင်သမျှ လမ်းရော ရေရောလိုတယ်ဆိုတာ သိတယ်။ ဦးစားပေးလုပ်ပေးမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲကို ကော့မှူးမြို့နယ် ဆင်ခြံကျေးရွာ အောင်ဇမ္ဗူပရဟိတကျောင်းတွင် နံနက် ၁၁ နာရီခွဲမှ မွန်းလွဲ ၁ နာရီ ၄၀ ကျော်အထိ ၂ နာရီကျော် ကြာတွေ့ဆုံခဲ့သည်။

by 7Day News Journal