Pages

Tuesday, July 10, 2012

မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံရန် တောင်ကိုရီးယား CJ ကုမ္ပဏီအုပ်စု လာရောက် လေ့လာ



ရန်ကုန်၊ ဇူလိုင် ၉       
The Voice Weekly


ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် သွားနေသည့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြုပ်နှံရန် ပြည်ပနိုင်ငံများ တာစူနေချိန်တွင် တောင်ကိုးရီးယား CJ ကုမ္ပဏီအုပ်စုမှ လုပ်ငန်းရှင် ၁၅ ဦးကလည်း ရင်းနှီးမြုပ်နှံရန် လာရောက် လေ့လာခြင်း ဖြစ်ကြောင်း ယင်းလုပ်ရှင်များနှင့် တွေ့ဆုံမှုအရ သိရသည်။

CJ ကုမ္ပဏီအုပ်စုသည် တောင်ကိုးရီးယား နိုင်ငံတွင် စားသောက်ကုန် ထုတ်လုပ်မှုများနှင့် ဖျော်ဖြေရေး လုပ်ငန်းများတွင် နာမည်ကျော်ကြားသော ကုမ္ပဏီတစ်ခု ဖြစ်ပြီး ကုမ္ပဏီတည်ထောင်ခဲ့သည်မှာ သက်တမ်း နှစ် ၆၀ ခန့်ရှိပြီ ဖြစ်သည်။

ယင်းစီးပွားရေး လုပ်ငန်းရှင် ၁၅ ဦးတို့သည် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင် ပြောင်းလဲမှုများနှင့် လတ်တလော ဖြစ်ပေါ်နေသည့် အကြောင်းရာများ အပါအဝင် အနာဂတ် အလားအလာများနှင့် ပတ်သက်၍ သက်ဆိုင်ရာ Stateholder များနှင့် လာရောက်တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်သည်။

“အစိုးရက နောက်ပြန်လှည့် မသွားဘူး ဆိုတဲ့ ကတိတွေ မှန်ကန်ဖို့ရယ်၊ တရားဥပဒေ စိုးမိုးရေး save ဖြစ်တယ် ဆိုရင်တော့ လာရောက် ရင်းနှီးမြုပ်နှံမှာပါ။ ခုက လာလေ့လာတုန်း ဆိုတော့ ဘယ်ကဏ္ဍမှာ ရင်းနှီးမြုပ်နှံမယ် ဆိုတာတော့ ပြောဖို့ စောပါသေးတယ်” ဟု CJ ကုမ္ပဏီအုပ်စု အကြီးတန်း မန်နေဂျာ Mr. Hong Soon Ihl က ဆိုသည်။

ယခု လွှတ်တော်တွင် အတည်ပြုရန် ဆွေးနွေးမည့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေကိုလည်း ၎င်းတို့ အနေဖြင့် စိတ်ဝင်စားလျက် ရှိကြောင်း တွေ့ဆုံ ဆွေးနွေးခဲ့သူတို့က ပြောဆိုသည်။

ကမ္ဘာ့နိုင်ငံ အသီးသီးမှ ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားမှု ရေချိန် မြင့်တက်နေသော မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့် အညီ ပြင်ဆင် ရေးဆွဲထားကာ လွှတ်တော် နှစ်ရပ်စလုံး၌ ဆွေးနွေးထားပြီး ယခုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေး အတည်ပြု၍ ဇူလိုင်လကုန်တွင် ဥပဒေသစ်ကို အတည်ပြုဖွယ် ရှိကြောင်း ရင်းနှီးမြုပ်နှံမှု ကော်မရှင်မှ ဦးအောင်နိုင်ဦးက ပြောဆိုထားသည်။