Pages

Wednesday, July 4, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ တွေ့ဆုံ


Wednesday, 04 July 2012 09:59
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တို့သည် ဇူလိုင်လ ၂ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် တွေ့ဆုံခဲ့ကြကြောင်း သိရှိရပါသည်။
အဆိုပါတွေ့ဆုံမှုမှာ အချိန် ၁ နာရီ မိနစ် ၃၀ခန့် ကြာမြင့်ခဲ့ပြီး ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီးနှင့် ကိုပြုံးချိုတို့ ပါဝင်ခဲ့ကြောင်း သိရပါသည်။

''ကျွန်တော်တို့ ပုံမှန်တွေ့တာပါ။ မတွေ့တာလည်း ကြာပြီဆိုတော့။ သူကလည်း သူ့အပြန်ခရီးကအကြောင်းကို ကျွန်တော်တို့ကို ပြန်ပြီးတော့ မျှဝေတာပေါ့။ ဒီကြားထဲမှာ ကျွန်တော်တို့ အလုပ်လုပ်ထားတာတွေကိုလည်း သူ့ကိုပြန်ပြီးတော့ အသိပေးတာပေါ့။ မတွေ့တာ ကြာတော့ တစ်ယောက်နဲ့ တစ်ယောက် ဖလှယ်ရမယ့်အကြောင်းအရာတွေက ရှိလာတာပေါ့။ မကြာခင်သူသွားမယ့် လွှတ်တော်တက်မယ့်ခရီးအတွက် သွားပြီးတော့ နှုတ်ဆက်ဆုတောင်းစကားပြောတာတွေလည်းပါတယ်။ ကျွန်တော်တို့ဆီလာတဲ့ ပြည်သူတွေကြားထဲက အခက် အခဲတချို့လည်း ပြောပြတယ်။ တစ်ခုချင်းစီတော့ မဟုတ်ဘူး။ ယေဘုယျ သဘောလောက်ပါပဲ။ ပြီးခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်ပြီးတော့ မျှဝေတာတွေလည်းပါတယ်။ တွေ့ဆုံထားတဲ့ ကိစ္စတွေ၊ ရှေ့ဆက်ရမယ့် အစီအစဉ်တွေ၊ ဒါတွေကိုလည်း အပြန်အလှန်ပြောတယ်။ သူကလည်း စိတ်ကောင်း စေတနာနဲ့ ကျွန်တော်တို့လုပ်ထားတဲ့အပေါ် ရှုမြင်သုံးသပ်တာတွေရှိတယ်။ သူကနိုင်ငံတကာရောက်ပြီး အောင်မြင်မှုတွေ အများကြီးရတဲ့အပေါ်မှာလည်း ကျွန်တော်တို့ ၀မ်းသာတဲ့အကြောင်းပြောတယ်။ သူကလည်း ဘ၀မှာဘယ်လိုပဲမြင့်မားပါစေ။ ကျွန်တော်တို့အပေါ် သဘောထားကတော့ အရင်လိုနွေးထွေးဆဲပါပဲ။ အဲဒါဝမ်းသာစရာ ကောင်းပါတယ်''ဟု တွေ့ဆုံခဲ့မှုအပေါ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောဆိုခဲ့ပါသည်။
၈၈ မျိုးဆက်ကျောင်းသားများနှင့် တွေ့ဆုံရာ၌ မည်သည့်ကိစ္စရပ်များ ဆွေးနွေးခဲ့သည်ဆိုခြင်းကို ဇူလိုင်လ ၃ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား သတင်းထောက်တစ်ဦးမှ မေးမြန်းခဲ့ရာ ကာယကံရှင်များကိုသာ မေးမြန်းစေလိုကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
''၈၈ မျိုးဆက်ကျောင်းသားတွေက လာတွေ့ချင်တယ်ဆိုလို့ တွေ့တာပါ။ ဆွေးနွေးတဲ့ကိစ္စတွေကလည်း ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ ကိုပြုံးချိုတို့ ဆွေးနွေးချင်တဲ့ကိစ္စတွေ ဖြစ်ပါတယ်။ အဲဒီဟာတော့ ကာယကံရှင်ကိုမေးပါ။ ကျွန်မတို့ကတော့ စည်းကမ်းအရ၊ မူအရ ကျွန်မတို့ လာတွေ့တဲ့ ဧည့်သည်တွေက ဘာပြောတယ်ဆိုတာ ထုတ်ဖော်ပြောလေ့ မရှိပါဘူး။ ဘာမှထူးထူးထွေထွေတော့ မဟုတ်ပါဘူး။ မူအရပြောတာပါ''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တို့သည် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၄ ရက်နေ့တွင် ပထမဆုံးတွေ့ဆုံခဲ့ကြောင်း သိရပါသည်။