Pages

Saturday, August 25, 2012

လောင်းလုံး ရေနံချက်စက်ရုံ တည်ဆောက်ရေး ဒေသခံယုံကြည်မှု ရရန်ကြိုးပမ်း

မြန်မာနိုင်ငံ တောင် ဘက်စွန်း ထားဝယ် ဒေသ၊ လောင်းလုံးမြို့နယ်၊ တောင်ဘက် သုံးမိုင်ခန့်အကွာတွင် ရေနံချက် စက်ရုံ တည်ဆောက် ရန် ပဏာမ ရွေးချယ် ထားသော မြေနေရာ ၀န်းကျင်ရှိ ရွာခြောက် ရွာမှ ဒေသခံများ ၏ ယုံကြည်မှု ရရှိရန် ကြိုးပမ်း သည့်အနေနှင့် တရုတ်နိုင်ငံ ကို လေ့လာရေး ခရီး စေလွှတ်ရန် စီစဉ် လျက်ရှိသည်။
တရုတ်နိုင်ငံ ရေနံချက် စက်ရုံများသို့ စက်တင်ဘာ လ နှောင်းပိုင်းတွင် သွားရောက် လေ့လာရန် ကျေးရွာ အုပ်ချူပ်ရေးမှုး များမှ တစ်ရွာလျှင် တစ်ဦးစီ ရွေးချယ်ပေး ရမည်ဖြစ်ပြီး ပညာ အရည်အချင်း ရှိသူ၊  လေ့လာပြီး ရလာဒ် များကို ပြန်လည် ရှင်းပြပေးနိုင် သူ၊ ရွာမှယုံကြည်ပြီး လက်ခံ ပေးနိုင် သူများကို ရွေးချယ် ပေးရမည်ဟု တီဇစ် ကျေးရွာမှ ရွာခံ ဦးထွန်းမင်းဦးက ပြောဆိုသည်။
လောင်းလုံးမြို့နယ် တီဇစ် ရေနံချက် စက်ရုံ တည်ဆောက်ရာတွင် သက်ရောက်မှု ရှိသော ဆက်စပ် ကျေးရွာများမှာ ညင်းမော်၊ ယင်းဘုတ်၊ ဂေါ့အင်း၊ စစ်ပြဲ၊ လေးသွန်းခံ၊ တီဇစ် ကျေးရွာ များဖြစ်ပြီး စက်ရုံ ဆောက်လုပ်ရေး ဒေသခံများက သဘောမတူ သေးပေ။
ယင်း အချိန်တွင် ထိုကဲ့သို့သော လေ့လာရေး ခရီးစဉ်ကို စီစဉ်ခြင်း ဖြစ်ပြီး အစီအစဉ်ကို ဒေသခံ အများစု သဘော မတူဟု  ဒေသခံ များထံမှ သိရသည်။
ရွာသူရွာသား များက မည်သူမျှ လိုက်ပါလိုခြင်း မရှိဘဲ ယင်းခရီးစဉ် သည် အပေါင်းလက္ခဏာ ပြပြီး မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ကို ဒေသခံများ၏ ပူးပေါင်း ပါဝင်မှုကို ပြမည့် ပြယုဂ် တစ်ခုသာ ဖြစ်မည့်  အလွယ်တကူ ခေါင်းညိတ်နိုင် သူများကိုရွေးချယ်နိုင် ကြောင်း အောက်ရေဖြူ ကျေးရွာမှ ဦးအေးက သုံးသပ်သည်။
အောက်ရေဖြူ ကျေးရွာမှာ စီမံကိန်းနှင့်ဆက်စပ် ကျေးရွာများအနီးရှိ ကျေးရွာ အုပ်စုကြီး တစ်ခုဖြစ်သည်။
“စက်ရုံကို ရွာသား တွေက မကြိုက်ဘူး။ တရုတ်ကို လွှတ်ပြီး ပြန်လာတဲ့ သူတွေနဲ့ လူစုခွဲ လိုက်တဲ့ မဟာဗျူဟာ ပဲထင်တယ်” ဟု ၎င်းက ရှင်းပြသည်။
ရွာသူရွာသား အများစုသည် တရုတ်သို့ လေ့လာရေး ခရီးလိုက်ရန် အခြေအနေ မရှိဘဲ လိုက်ပါ သွားလျှင်လည်း စက်ရုံကို သဘော တူသည်ဟု အထင်ခံ ရမည်ကို စိုးရိမ်သည့် အတွက် မလိုက်ချင် ကြဟု ညင်းမော်ရွာခံ ဦးဝေလင်းက ရှင်းပြသည်။
ယင်း ခရီးစဉ်နှင့် ပတ်သတ်ပြီး ညင်းမော် ကျေးရွာတွင် သြဂုတ်လ ၁၉ ရက်နေ့တွင် အစည်းအဝေး ပြုလုပ်ရာ တရုတ်နိုင်ငံ ရေနံချက် စက်ရုံ လေ့လာရေး ခရီးစဉ် လိုက်ရန် သဘောတူသူ မရှိ၍ အစည်းအဝေး ပျက်ပြယ် သွားကြောင်း ဒေသခံများ ထံမှ သိရသည်။
ယင်း စီမံကိန်းကို ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားဦးပိုင် ကုမ္ပဏီ လီမိတက် ၊ “ထူး” ကုမ္ပဏီများ အုပ်စု နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Guangdong Zhenrong Energy Co. LTD (GDZR) တို့သည် Joint – Venture ကုမ္ပဏီတစ်ခု ကို ပူးတွဲ တည်ထောင်၍ အနှစ် သုံးဆယ် တည်ဆောက်-လည်ပတ်-လွှဲပြောင်း (BOT) စနစ်ဖြင့် လုပ်ကိုင် ခွင့်ရရန်အတွက် မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြကာ အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဟု ယင်းကုမ္ပဏီ၏ စီမံကိန်း အကြောင်း ရှင်းလင်းလွှာတွင် ဖော်ပြသည်။
ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန် ဒေါ်လာ ၂ ဒဿမ ၅၂၁ ဘီလီယံ တန်ဖိုးရှိ တီဇစ် ရေနံချက် စက်ရုံ စီမံကိန်း အကောင်အထည် ဖော်ရန် ကာလမှာ လေးနှစ်ဖြစ်သည်။
Dawei Watch