Pages

Sunday, August 5, 2012

သတင်းလွတ်လပ်ခွင့်ကော်မတီမှ ပေးပို့မည့်စာ။


5 Aug 2012
မြန်မာနိုင်ငံသည် နှစ်ပေါင်း ၆၀ ကျော် စစ်အုပ်ချုပ်ရေး စနစ်မှ ရုန်းထွက်ကာ ဒီမိုကရေစီနိုင်ငံ တစ်ခုအဖြစ် အစိုးရအဖွဲ့ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအခန်း ကဏ္ဍတို့က ဦးဆောင်၍ အောင်မြင် စွာ ကူးပြောင်းနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း ကျွနိုပ်တို့ ယုံကြည်ပါသည်။

ယင်းသို့ အကောင်အထည်ဖော်ရာတွင် စတုတ္ထမဏ္ဍိုင်ဟု ခေါ်သော မီဒီယာများ၏ အခန်းကဏ္ဍမှာ များစွာ အရေးကြီး ကြောင်းနှင့် မီဒီယာအပေါ်တင်းကျပ်ထားမှုများကို တဖြည်းဖြည်း ဖြေလျော့ သွားမည်ဟု နိုင်ငံတော် သမ္မတကြီးက ပြောကြားထားသကဲ့သို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးက လည်း မီဒီယာလွှတ်လပ်ခွင့် အတွက် ဥပဒေပြုရေး အခန်းကဏ္ဍမှ လုပ်ဆောင်လျက်ရှိကြောင်း အထင်အရှားတွေ့မြင်ရပါသည်။ ယင်းကာလတွင် သတင်းဂျာနယ်နှစ်ခုဖြစ်သော The Voice Weekly နှင့် Envoy ဂျာနယ်တို့ကို စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန၏ သတ်မှတ် စည်းကမ်းအကြိမ်ကြိမ်ချိုးဖောက်သည် ဟုဆိုကာ ထုတ်ဝေခွင့် ယာယီရပ်နားကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့က ပြည်တွင်းမီဒီယာများ ကို ခေါ်ယူ အသိပေးခဲ့ပါသည်။

ယင်းမတိုင်မီကတည်းကလည်း အစိုးရဌာန အသီးသီး၏ မီဒီယာများအပေါ် တရားစွဲဆိုမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ယနေ့အချိန်အထိ The Voice Weekly၊ လျှပ်တစ်ပြက် ဂျာနယ်များ တရားရင်ဆိုင်နေရပါသည်။ အဆိုပါ လုပ်ရပ်များသည် ပြန်ကြားရေးဝန်ကြီးဌာန၏ ကြိုတင် စိစစ်ချက်ဖြင့် ထုတ်ဝေနေရ ဆဲဖြစ်သော ပြည်တွင်း မီဒီယာများအတွက် ကြီးစွာသော ခြိမ်းခြောက်မှုဖြစ်ပြီး မီဒီယာလွတ်လပ် ခွင့်ကို ယခင်ကာလများထက် ပိုမိုထိပါးခံ လာရသည့် သဘောဖြစ်သည်ကို တွေ့ရပါသည်။

သက်ဆိုင်ရာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး မဏ္ဍိုင်အသီးသီးက ဦးစီးဖော်ဆောင်လျက်ရှိသော ဒီမိုကရေစီအပြောင်းအလဲတွင် ထိုဖြစ်စဉ်သည် များစွာ အန္တရာယ်ကြီးမားပြီး အနုတ် လက္ခဏာ ဆောင်ကြောင်း ကျွန်ုပ်တို့ မီဒီယာသမားများက မှတ်ယူပါ သည်။ သို့ပါ၍ ဒီမိုကရေစီ၏ စံနှုန်းဖြစ်သော သတင်းမီဒီယာလွတ်လပ်ခွင့်ကို လွှတ်တော် ဥက္ကဋ္ဌကြီး အနေနှင့် စဉ်းစားပေး နိုင်ပါရန် တောင်းဆိုအပ်ပါသည်။

အထက်ပါ တောင်းဆိုချက်များကို မြန်မာနိုင်ငံသတင်းစာ ဆရာဖြစ်မြောက်ရေးအသင်း (MJA) အဖွဲ့ဝင်များ၊ မြန်မာ သတင်းသမားများ ကွန်ရက်အဖွဲ့ဝင်များ(MJN)၊ မြန်မာစာနယ်ဇင်းသမဂ္ဂအဖွဲ့ဝင်များ (MJU)၊ ကဗျာဆရာသမဂ္ဂ အဖွဲ့ဝင်များ၊ စာရေးဆရာသမဂ္ဂအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံနိုင်ငံခြားသတင်းထောက်အသင်းဝင်များ၊ အလွတ်တန်း သတင်း ထောက်များ ပါဝင်လက်မှတ် ရေးထိုးကြပါသည်။

သတင်း လွတ်လပ်ခွင့် ကော်မတီ (ယာယီ)

ဤစာကို - ---

(၁) ဦးသိန်းစိန်- သမ္မတ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်။
(၂) ဦးခင်အောင်မြင့်- နာယက၊ အမျိုးသားလွှတ်တော်။
(၃) သူရဦးရွှေမန်း- ဥက္ကဌ၊ ပြည်သူ့လွှတ်တော်။
(၄) သူရဦးအေးမြင့်- ဥက္ကဋ္ဌ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ကော်မတီ၊
ပြည်သူ့လွှတ်တော် --- တို့သို့ အမြန်ဆုံးလက်မှတ်ရေးထိုးပေးပို့သွားမည်ဖြစ်သည်။
 
Ko Myo (Facebook)