Pages

Sunday, August 19, 2012

သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)၏ အချက်(၇)ချက်ပါ ပေးပို့စာအပေါ် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ သဘောထားနှင့် ဆောင်ရွက်ချက်များ အကြောင်းပြန်ကြား

ပြည်တွင်းမီဒီယာများ၏ နစ်နာမှုများအတွက် သတင်းလွတ်လပ်ခွင့် ကော်မတီ(ယာယီ)၏ သြဂုတ်လ ၃ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ခဲ့သော စာအပေါ် ပြည်သူ့လွှတ်တော် အားကစား၊ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီမှ ၎င်းတို့၏ သဘောထားနှင့် လုပ် ဆောင်နေမှုများကို အကြောင်းပြန်ကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းလွတ်လပ်ခွင့်ကော်မတီ (ယာယီ)က ပိတ်ပင်ခံထားရသော သတင်းဂျာနယ်သုံးစောင် ပြန်လည်ထုတ်ဝေခွင့်ပေးရေး အပါအ၀င် ပြည်တွင်မီဒီယာများ၏ နစ်နာနေမှုများအတွက် တောင်းဆိုချက်(၇)ချက် ပါဝင်သည့်စာကို နိုင်ငံတော်သမ္မတ အပါအ၀င် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နှင့် ပြည်သူ့လွှတ်တော်အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီသို့ ဂျာနယ်လစ် ၅၀၀ ခန့်၏ လက်မှတ်နှင့်အတူ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ ပြန်ကြားစာတွင် စာပေ၊ စာနယ်ဇင်း၊ သတင်းမီဒီယာတို့သည် နိုင်ငံနှင့် ပြည်သူတို့အတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြောင်းကို လေးနက်စွာ အသိအမှတ် ကြောင်း၊ သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် အကာအကွယ် ရရှိရေးအတွက်  ဥပဒေပြုရာတွင် ၎င်းတို့ကော်မတီမှ အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သတင်းလွတ်လပ် ခွင့်နှင့်သက်ဆိုင်သောမေးခွန်းကို ယခုကျင်းပနေသော လွှတ်တော် အစည်းအဝေးတွင် မေးမြန်းနိုင်ရေးအတွက် တင်သွင်းထားပြီးဖြစ်ကြောင်း ပါရှိသည်။ ''ထုတ်ဝေခွင့်ပိတ်ပင်ခံထားရတဲ့ လျှပ်တစ်ပြက်ဂျာနယ် အပါအ၀င် ဂျာနယ်သုံးစောင်ကိုတော့ ထုတ်ဝေခွင့် ပြန်လည်ရရှိခဲ့ပါပြီ။ တောင်းဆိုထားတဲ့ အချက် ၇ ချက်ထဲက ၂ ကနေ ၇ အထိကတော့ ရရှိခြင်း မရှိသေးပါဘူး။ အဲဒီအထဲမှာတော့ ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေလိုမျိုးတွေ ဖျက်သိမ်းပေးတာ၊ နောက်ပြီးတော့ စာပေစိစစ်ရေး ဆက်လက်ရှိနေသေးတာ၊ မီဒီယာသမားတွေကို တရားစွဲဆိုနေတာ၊ မီဒီယာသမားတွေရဲ့ သဘောထားဆန္ဒမပါဘဲ မီဒီယာဥပဒေ ရေးဆွဲနေတာ စတာတွေ ပါဝင်ပါတယ်။ဒါတွေကို ကျွန်တော်တို့ ဆက်လက်တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ နောက်ထပ်ကြေညာချက်တစ်ရပ် ထုတ်ပြန်သွားဖို့လည်း ရှိပါတယ်''ဟု သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)မှ ဦးဇော်သက်ထွေးက ပြောကြားခဲ့ပါသည်။
Eleven Media Group